Chapter - [19]

Background color
Font
Font size
Line height

"ကတ် ကတ်!!!"

ဒါရိုက်တာဆီက ကတ်အော်သံက ရိုက်ကွင်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေတယ်။ ဗျူးလက်ထဲက ပုလင်းကိုချလိုက်ပြီး လှည့်ကြည့်လိုက်တော့ ဒါရိုက်တာအစ်မက ဗျူးရှိနေရာကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာခဲ့တယ်။

"ဘန်ရာပါ ဒီဆင်းမ်က အလှုပ်လေ။ မင်းအခုလို မျက်လုံးကြီးသေနေလို့ ဘယ်ဖြစ်မလဲ။"

မျက်မှန်ကိုပင့်တင်ပြီးပြောတဲ့ ဒါရိုက်တာအစ်မက ဒေါသကို မျိုသိပ်ထားရပုံပဲ။ နာမည်အရင်းကို ခေါ်ခံလိုက်ရတာကြောင့် ဗျူးဟာ ခေါင်းငုံ့ထားရင်း ကုတ်အင်္ကျီစကို လက်တွေနဲ့ဆုတ်ခြေညှစ်နေမိတယ်။ 10 years Ticket ကတည်းက အတူတူတွဲလုပ်လာတဲ့တစ်လျှောက်လုံး အစ်မဖွန်န်ဆီကနေ ပထမဆုံးအဆူခံရခြင်းပဲ။

ဒါပေမဲ့လည်း ဗျူးမှာအထွန့်တက်ပိုင်ခွင့်မရှိ။ ဒီဆင်းမ်တစ်ခုထဲကိုပဲ ပြန်ပြန်ရိုက်ကူးနေရတာ ဘယ်နှခေါက်တောင် ရှိနေပြီလဲ။ ရိုက်ကူးရေးဝန်ထမ်းတွေဆီကနေ ညည်းညူသံတွေတောင် တစ်စတစ်စကြားနေရပြီ။ နဂိုကတည်းက ဗျူးကို မကြည်ကြတဲ့ဝန်ထမ်းတွေက အခုလည်း မကျေနပ်တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေကြဆဲ။ ဗျူးဟာ လည်ချောင်းထဲကတက်လာတဲ့ခါးသီးမှုကို ဘာမှမဖြစ်သလို ပြန်မျိုချလိုက်ရတယ်။ ကိုယ့်ဘက်က လိုအပ်ချက်ရှိနေခဲ့တာမလား။ သက်ပြင်းကိုမှုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းကိုပြတ်ထွက်လုမတတ် ဖိကိုက်ထားရင်း တောင်းပန်စကားဆိုရတယ်။

"တောင်းပန်ပါတယ် အစ်မ ဖွန်န်။"

"မင်းတော့.....ပြန်ပြီးလေ့ကျင့်ထား။ နောက်နာရီဝက်နေရင် ပြန်စမယ်။"

အစ်မဖွန်န်က ဗျူးကြောင့် အရမ်းဒေါသထွက်နေပေမဲ့လည်း အရှည်အရှည်မဖြစ်ချင်လို့ စိတ်ကိုပြန်ထိန်းလိုက်ပုံပါပဲ။ ဗျူးကို လက်ကာပြတယ်။ ပြီးတော့ ရိုက်ကူးရေးအဖွဲ့သားတွေဘက် လှည့်ပြောတယ်။

"ဟေး ရှုတင်ခဏဘရိတ်မယ်။"

ဗျူးဟာ စိတ်ဓာတ်ကျသွားပေမဲ့လည်း ဘာမှပြန်မပြောနိုင်။ ခေါင်းငိုက်စိုက်နဲ့ ဒါရိုက်တာအစ်မကိုအရိုအသေပေးပြီး ကိုယ့်ခုံရှိရာကို ခပ်သုတ်သုတ်ပြန်လာခဲ့တယ်။

"သူ့ကိုယ်သူ အထင်ကြီးနေတာပါ။ အလကား...ဂျွန်မရှိတော့ ဘာများလုပ်နိုင်လို့လဲ။"

အနားကဖြတ်သွားတဲ့ဝန်ထမ်းတွေဆီက မကြားတကြားပြောသွားတဲ့ စကား။ ထောင်းခနဲဒေါသထွက်သွားပေမဲ့လည်း ဗျူးဟာ လှည့်မကြည့်ဖြစ်။ တကယ်လို့ ဖက်ပြိုင်ရန်ဖြစ်ပြန်ရင်လည်း ဗျူးအတွက် အခြေအနေမကောင်း။  ဘယ်လောက်ပဲ သူတို့ဘက်ကအရင်စစ၊ အဆုံးကျ ဗျူးဟာ အောက်ခြေဝန်ထမ်းတွေကို အနိုင်ကျင့်တတ်သူလို့ပဲ သတင်းထွက်လာမှာသေချာတယ်။

အဲ့ဒီအစား သွေးကြောတွေပါထောင်တဲ့အထိ လက်သီးကိုကျစ်နေအောင် ဆုပ်ထားခဲ့မိပါတယ်။ ရှက်စိတ်နဲ့ဒေါသစိတ်ကြောင့် ပုခုံးတွေကပါ တဆတ်ဆတ်တုန်ယင်လို့။







•

လွန်ခဲ့တဲ့နှစ်ရဲ့ နှစ်ဆယ့်သုံးဒဿမငါးဒီဂရီ ရိုက်ကူးရေး။

"အစ်မ ရတယ်။ မပြောပါနဲ့တော့။"

အရှေ့ကနေ ခြေလှမ်းကျဲကျဲနဲ့ထွက်သွားတဲ့ အစ်မရဲ့လက်ကို အနောက်ကနေ ကမန်းကတန်း လိုက်ဆွဲနေရတဲ့ဗျူး။ အစ်မက ဗျူးကိုလှည့်မကြည့်ဘဲ အဝတ်လဲခန်းတွေရှိရာကို ဆက်လျှောက်သွားတယ်။

"ဘာကို မပြောရမှာလဲ။ ဒီလောက်အဆင်မပြေနေတာကို။"

ယာယီအဝတ်လဲခန်းတွေရဲ့ဖျင်စကိုဆွဲဖယ်ပြီး အစ်မဝင်သွားတော့ ဗျူးဟာလည်း အစ်မအနောက်ကနေ ကပ်ပါလာခဲ့ရတယ်။ အစ်မက ဘယ်သူ့ကိုမှမကြည့်ဘဲ အဓိကစတိုင်လစ်အစ်မရဲ့စားပွဲရှိရာဆီကို လျှောက်သွားခဲ့တယ်။ ဗျူးဟာ ဝန်ထမ်းတွေရဲ့အကြည့်တွေကြား နေရခက်လာသလိုပဲ။ အဲ့တာကြောင့်ပဲ ဗျူးဟာ အစ်မရဲ့ကျောပြင်လေးကိုကြည့်ပြီး အရုပ်တစ်ရုပ်လို နေရာမှာ ရပ်နေခဲ့မိတယ်။

"အစ်မ ဂျွန်ပြောစရာရှိလို့။"

"ပြောလေ ဂျွန်။"

အဓိကစတိုင်လစ်အစ်မက တိုင်းလက်စပေကြိုးကိုခေါင်းပေါ်ကနေ လွှားလိုက်ပြီးတော့ ပြုံးပြီး အစ်မကိုပြန်ကြည့်တယ်။ အစ်မက ဗျူးအတွက်တော့ တစ်ခါတစ်ခါ ထူးဆန်းနေတုန်းပဲ။ အစ်မက သရုပ်ဆောင်တွေထက် ဝန်ထမ်းတွေနဲ့ ပိုပြီး ရင်းနှီးလွယ်တယ်။ ရိုက်ကူးရေးပြီးတိုင်း အခြားသူတွေက တန်းပြန်သွားတတ်ပေမဲ့ အစ်မကတော့ တစ်ယောက်ချင်းစီကိုလိုက်နှုတ်ဆက်ပြီးမှ ပြန်တတ်တဲ့သူမျိုး။ တကယ်ဆို ရိုက်ကူးရေးဝန်ထမ်းတွေက အဲ့လောက်ထိအရေးပါနေစရာမှမလိုတာကို။

"ဗျူးကို ဒီအခန်းအတွက် စီစဥ်ပေးထားတဲ့ဝတ်စုံက အရမ်းကလေးဆန်နေတယ်။ ဗျူးကာရိုက်တာက Anti-socialပဲ ဖြစ်တာ။ အဲ့လိုကြီးဆင်ပေးလိုက်ရင် ဆင်းမ်နဲ့လည်းမလိုက်သလို၊ ကြောင်ကြောင်ကျားကျားကြီးလည်းဖြစ်နေမှာပေါ့။ တခြားဝတ်စုံမရှိဘူးလား။"

"အခြားဝတ်စုံလား။"

စတိုင်လစ်အစ်မက မျက်နှာတည်တည်နဲ့ရှင်းပြနေတဲ့ အစ်မကိုတစ်လှည့်၊ အစ်မနောက်မှာ ကွယ်ပြီးရပ်နေတဲ့ဗျူးကိုယ်ပေါ်ကဝတ်စုံကို တစ်လှည့်ကြည့်တယ်။ တကယ်တမ်းကျတော့ အစ်မပြောတဲ့အတိုင်းပဲ ဝတ်စုံကြီးက ကြောင်ကြောင်ကျားကျားနိုင်လွန်းတယ်။ ဗျူးလည်းမကြိုက်။ ဒါပေမဲ့လည်း ​ဗျူးကဘာပြောနိုင်မှာလဲ။ ဆင်ပေးတာဝတ်ရုံပဲပေါ့။ ဒါကိုအစ်မမြင်တော့ တုံ့ပြန်မှုက ဗျူးလိုမဟုတ်။ သွားလဲမှဖြစ်မယ်ဆိုပြီး ဆွဲခေါ်လာခဲ့တာ။ ဗျူးကတော့ အားနာလို့မျက်နှာတွေပူနေပေမဲ့ အစ်မကတော့ တည်တည်ငြိမ်ငြိမ်ပဲ။

"ဟုတ်တယ်။ အမြင်အေးတာပဲဖြစ်ဖြစ်လေ။ အခုကအဝါရောင်ကြီးဆိုတော့ ဗျူးနဲ့လည်း တခြားစီဖြစ်နေတာ။ နည်းနည်း​ငြိမ်တာလေး လဲပေးပါလား။"

"အိုခေ...အစ်မနားလည်ပြီ။ လုပ်ပေးမယ်နော် ဂျွန်။"

စတိုင်လစ်အစ်မက အစ်မကိုပြုံးပြပြီးတော့ အဝတ်အစားသိုလှောင်တဲ့ဘက်ကို လျှောက်သွားခဲ့တယ်။ အဆုံးသတ်ကျတော့ ဗျူးတို့နှစ်ယောက်တည်း ခေါင်မိုးပေါ်မှာ ကြယ်တွေကြည့်မဲ့အခန်းမှာ ဗျူးဟာ ပိုပြီးကြည့်ကောင်းပြီး သက်သောင့်သက်သာဖြစ်တဲ့ဝတ်စုံတစ်စုံကို ဝတ်ခွင့်ရသွားတာပဲ။

တဖြူးဖြူးတိုက်နေတဲ့လေကိုခံစားရင်း အစ်မက ကြယ်တွေဆီကို မော့ကြည့်နေခဲ့တယ်။ အရိပ်ကျနေတဲ့အလင်းဖျော့ဖျော့အောက်မှာတောင် အစ်မမျက်ဝန်းလေးတွေက လရောင်လို ကြည်လင်ငြိမ်းချမ်းနေတုန်းပဲ။ ဗျူးအပေါ်မှာ ဘယ်သူက အနိုင်ကျင့်ဗိုလ်ကျတာကိုမှ လက်မခံတဲ့ အစ်မ၊ ဗျူးသရုပ်ဆောင်ဖို့ခက်နေတဲ့အချိန်မျိုးဆို အမြဲကူညီပေးတတ်တဲ့ အစ်မ၊ ဗျူးအတွက်အဆင်မပြေဘူးဆိုရင် အချိန်မရွေးပြောပေးဖို့ဝန်မလေးတဲ့ အစ်မ။ အစ်မရဲ့ကျောပြင်လေးကိုကြည့်ရင်း ဗျူးဟာ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိပါတယ်။

လူကောင်သေးသေးလေးနဲ့အစ်မက ဗျူးကို ဘယ်အချိန်မဆို၊ ဘယ်သူ့ဆီကနေမဆို နှစ်ခါပြန်မစဥ်းစားဘဲ ကာကွယ်ပေးခဲ့တယ်။ အန္တရာယ်များတဲ့ဒီကမ္ဘာကြီးထဲ အစ်မရဲ့ကျောပြင်သေးသေးလေးဟာ ဗျူးအတွက် လုံခြုံနားခိုစရာ အကာအရံလေးဖြစ်ခဲ့တာ။





•

နေ့လည်စာအတွက် တန်းစီရချိန်ဟာ ထင်ထားတာထက် ပိုပြီးတော့ကြာတယ်။ လူကျနေတော့ ကွေ့တီယိုပွဲပြင်နေတဲ့ ဝန်ထမ်းတွေတောင် လက်မလည်။ ပန်းကန်တွေပိုက်ပြီး စားပွဲဆီ သူပြန်ရောက်လာတော့ ဘွန်နီက ကော်ခက်ရင်းကိုကိုက်ပြီး တစ်နေရာရာကို ငေးနေတယ်။

"ဘာစဥ်းစားနေတာလဲ ဘွန်နီ။"

သူ့အသံကြောင့် ဘွန်နီက သူ့ကိုပြန်မော့ကြည့်တယ်။ ပြီးတော့ သူ့လက်ထဲကပန်းကန်တွေကို စားပွဲပေါ်ကူချပေးတယ်။

"အစ်မဗျူးကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ။"

အေမီခုံကိုဆွဲယူပြီးထိုင်ရင်း ဘွန်နီမေးဆတ်ပြတဲ့နေရာကို လှည့်ကြည့်လိုက်တော့ ထောင့်က စားပွဲတစ်လုံးမှာ တစ်ယောက်ထဲထိုင်နေတဲ့ ဗျူး။ သူ့ရှေ့က ထမင်းဘူးက ပွင့်နေပေမဲ့ ဗျူးက အစားကို စိတ်ဝင်စားနေပုံမရ။ အဲ့ဒီအစား မာချာလတ်တေးကို ပိုက်နဲ့စုပ်သောက်ရင်း မျက်ဝန်းတွေက ​ငြိမ်သက်နေခဲ့တယ်။

"ဘွန်နီ ဘယ်လိုထင်လို့လဲ။"

"သူ့ကြည့်ရတာ အစ်မဂျွန်ကို သတိရနေတာထင်တယ်။"

ဘွန်နီ့ဆီကထွက်လာတဲ့အဖြေစကားကြောင့် ကွေ့တီယိုနယ်နေတဲ့ လက်ထဲကတူဟာ ရပ်သွားခဲ့တယ်။ နေပါအုံး။ ဘွန်နီက ဒီအကြောင်းတွေကို သိနေတာလား။ အေမီခေါင်းပြန်မော့ကြည့်တော့ ဘွန်နီက သက်ပြင်းချပြီးခေါင်းညိတ်ပြတယ်။

"HSF ရိုက်တုန်းက အစ်မဗျူးက အစ်မဂျွန်နဲ့တူတူစားနေကြလေ။ Fan supportတွေပို့ပေးတုန်းကဆို နှစ်ယောက်သား ရိုက်ကွင်းမှာ လိုက်ဝေနေကြတာ ပျော်ဖို့ကောင်းတယ်။ ညီမတို့ဆို သူတို့နှစ်ယောက်ကို တစ်ချိန်လုံးလိုက်စနေတာ။"

ဘွန်နီ့အဖြေကိုကြားမှ အေမီဟာ အော်ဆိုပြီးနားလည်သွားခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ် HSFမှာတုန်းက ဘွန်နီက သူတို့နဲ့အတူတူပဲဆိုတာ အေမီတစ်ချက် သတိလစ်သွားတာပဲ။ အနားမှာရှိတဲ့လူတိုင်းကို အေးချမ်းစေတဲ့ ဂျွန့်ရဲ့ Energy အကြောင်းကို သိနေတာမို့ ဘွန်နီ့ဆီက  ဒီလိုကြားရတာကို အေမီသိပ်အံ့သြမနေပါ။

အေမီရဲ့ညီမလေး ဂျွန်က Introvertဆိုပေမဲ့ လုံးဝကြီးငြိမ်ကုပ်နေတာမျိုးလည်း မဟုတ်ဘူး။ သူ့ဆီက ထွက်တဲ့အငွေ့အသက်က နေကနေထွက်တဲ့ ခပ်စူးစူးအငွေ့တွေလို မဟုတ်ဘူး။ လရောင်လို ဖျော့ဖျော့လေးနဲ့ အေးချမ်းစေတာ။ ဗျူးလည်း ဂျွန့်အနားမှာနေရတာကို အထိုက်အလျောက်တော့ ပျော်ခဲ့၊ နှစ်ခြိုက်ခဲ့မှာပါပဲ။

အဲ့ဒီစီးရီးက ဗျူးဂျွန်ရဲ့နောက်ဆုံးစီးရီးဖြစ်ခဲ့မယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ။ ကုမ္ပဏီအတွင်းမှာ သူတို့အတွက် အစီအစဥ်တွေရှိနေခဲ့တာကို အကုန်လုံး သိထားခဲ့ကြတာပဲလေ။

"ထားပါ။ ရော့...ဒါစား။"

ဘွန်နီ့ရှေ့ကို နယ်ပြီးသားကွေ့တီယိုပန်းကန်တွန်းပို့တော့ အေမီ့ထက် ငါးနှစ်ကျော်လောက်ငယ်တဲ့ညီမလေးက မျက်ဝန်းလက်လက်ကလေးတွေနဲ့ မော့ကြည့်တယ်။ ချစ်စရာကောင်းလိုက်တာလို့ စိတ်တွင်းကနေကြိတ်ပြီး မှတ်ချက်ပေးရင်း မသိချင်ယောင်ဆောင်ပြီး ကော်ဖီအေးကိုစုပ်သောက်နေမိတယ်။ ပါးပြင်တွေနွေးတက်သွားပုံရတဲ့ညီမလေးက မျက်နှာနီနီလေးနဲ့ပဲ သူ့နေ့လည်စာကို စားတယ်။

"မင်မ်။"

"ဟုတ် အစ်မအေမီ။"

မုန့်ဘူးတွေကိုင်ပြီးအနားကဖြတ်သွားတဲ့မင့်မ်ကို သူလှမ်းခေါ်တော့ မင်မ်က လှည့်ကြည့်လာခဲ့တယ်။ သူ့ကို မေးရတာ အားနာပေမဲ့ ဗျူးကိုတစ်ယောက်တည်းလည်း မဖြစ်နေစေချင်။ ကိုယ်တိုင်သွားရင်လည်း မကောင်းဘူးမလား။ မျက်ဝန်းထောင့်ကနေ ဘွန်နီ့ကို တစ်ချက်ပြန်ကြည့်တော့ ဘွန်နီကလည်း သူပြောချင်တာကို နားလည်ပုံပါပဲ။

"ဗျူးနဲ့အတူ သွားမစားဘူးလား။ သူတစ်ယောက်တည်းဖြစ်နေတာ။"

"ဟင့်အင်း ပျင်းစရာကြီး။ ဟိုနေ့က Fan support တောင် ဓာတ်ပုံရိုက်ရအောင်ဆိုတာကို မရိုက်ဘူးလေ။ ညီမစကားပြောလည်း ပြန်ပြောမှာမှ မဟုတ်တာ။"

မင်မ်က စိတ်ပျက်မှုကိုထိန်းထားရတဲ့ အောင့်သက်သက်လေသံနဲ့ ပြန်ဖြေတယ်။ ပြီးတော့ စကားပြန်ကိုမစောင့်ဘဲ အခြားခုံတစ်ခုံရှိရာကို လျှောက်သွားခဲ့တယ်။ မင်မ်ပြန်ဖြေလာတဲ့အဖြေကိုနားထောင်ပြီးတော့ အေမီနဲ့ဘွန်နီဟာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိခဲ့ကြတယ်။

ဘဝဆိုတာ ရွေးချယ်မှုဆိုတဲ့သံကွင်းလေးတွေ
တွဲချိတ်ထားတဲ့ သံကြိုးတစ်ခုပဲ။ တစ်ခုမှားသွားတဲ့အခါ အရာရာကို လွှတ်ချဆုံးရှုံးလိုက်ရတာ။

_________________________________

#tobecontinued

တကယ်ပဲပြတ်နိုင်သလိုလိုနဲ့ IGမှာ မမနဲ့ပို့စ်တွေကို အကုန်ဖျက်။ အိမ်မှာ နှစ်ယောက်တွဲဓာတ်ပုံတွေသိမ်းထားပြီး တိတ်တိတ်လေးကြိတ်ငိုနေတဲ့ ကောင်မလေးတစ်ယောက်ကို မသိချင်ယောင်ဆောင်ပေးကြရအောင်။

Charm || 25 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net