0.7 _
Background color
Font
Font size
Line height
-UNICODE-
ဂျောင်ဝန်း သူ့အရှေ့က သူကို မယုံနိုင်စွာသာ ကြည့်နေမိသည်။ တကယ်ကို မယုံနိုင်တာပင်။ ဘယ်အချိန်ကတည်းက သူ့အခန်းလျှို့ဝှက်နံပါတ်ကို သိသွားသလဲမသိပါ။
" ခင်ဗျား အဲ့တာ ဘာလုပ်နေတာလဲ ? "
" အာ ... ဂျောင်ဝန်း ဘယ်အချိန်ကတည်းက ပြန်ရောက်လာတာလဲ ? "
သူမေးတာကို မဖြေဘဲ မေးခွန်းနဲ့သာ တုံ့ပြန်လာသည့် ထိုသူ့ကြောင့် ဂျောင်ဝန်း သူ့ဆံပင်တွေသူ ဆွဲဖွပြီး ကျစ်ခနဲသာ စုပ်သပ်မိသည်။ အလုပ်က ပင်ပန်းလာတာတစ်မျိုး၊ မထင်မှတ်ထားတဲ့သူက သူ့တိုက်ခန်းကို ရောက်လာတာတစ်မျိုးကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ဆိုဖာမှာ ထိုင်ချလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားပစ်လိုက်၏။
" လန်းသွားအောင် ရေသွားချိုးလိုက်။ ချွေးနံ့တွေက အိုက်ဂူးးး ! "
ရုတ်ချည်းဆိုသလို ပါးပေါ်သို့ ရောက်လာသည့် အေးစက်စက်အထိအတွေ့ကြောင့် မျက်မှောင်အလိုလိုကြုတ်သွားမိပြီး မှိတ်ထားတဲ့ မျက်လုံးတွေကလည်း ချက်ချင်း ပွင့်လာသည်။ ပတ်ခ်ဂျုံဆောင်း၏လက်တွေက သူ့ပါးပေါ်ကနေ မခွာသေး။ ဘာတွေ ကိုင်ထားလို့ သည်လောက်ထိ အေးစက်နေတာလဲဆိုတာတော့ သူလည်းမသိပေ။
" ညနေစာ ချက်ထားတယ်။ ရေမြန်မြန် သွားချိုးပါဆို။ "
လက်မြန်တဲ့သူက ဂျောင်ဝန်းကို ချိုင်းအောက်ကနေ လက်လျှိုသွင်းကာ မ,ပြီးနေပြီ။ ဂျောင်ဝန်းအဖြစ်က ကလေးသူငယ်လည်း မဟုတ်တော့တဲ့အချိန်ကျမှ သူစိမ်းတစ်ယောက်ဆီမှာ လွယ်လင့်တကူ အချီခံနေသည့်အဖြစ်။ သူ့လက်တွေက ဂျုံဆောင်း၏လည်ပင်းကို အလိုလို ရစ်ပတ်လိုက်သည်မှာ ဂျုံဆောင်း ဘယ်တော့မှ မရုန်းနိုင်မဲ့ နွယ်ပင်အမြစ်တွေလိုမျိုး။ ထိုအမြစ်တွေကိုမှ သူကိုယ်တိုင်ကိုက သဘောကျနေရတာ။
ပတ်ခ်ဂျုံဆောင်းက သူ့အား မ,ချီထားလျက် ထိုနေရာကနေ မရွေ့သေး။ မျက်နှာချင်းဆိုင်ဖြစ်နေတာကြောင့် သူ့မျက်လုံးတွေကိုလည်း အလွတ်မပေးချေ။ ပတ်ခ်ဂျုံဆောင်း၏မျက်လုံးတွေက စိတ်ရှုပ်စရာကောင်းလောက်အောင်အထိ အကြည့်ချင်း မစုံ,စုံအောင် အသည်းအသန် လိုက်ကြည့်နေ၏။
" ရေတူတူချိုးကြမလား ? "
သူ့မျက်လုံးတွေကို အကြာကြီး ကြည့်ပြီးမှ ပြောလာတဲ့စကားက ရေအတူချိုးဖို့တဲ့လား။ ဂျောင်ဝန်း ဒေါသထွက်ပြီး မျက်နှာက တဖြည်းဖြည်း နီရဲလာရသည်။ ပတ်ခ်ဂျုံဆောင်းက သူ့ကို ဘယ်လိုသတ်မှတ်ထားတာလဲ။
" ခုချက်ချင်း ချပေးတော့ ! "
ဂျုံဆောင်းလည်ပင်းမှာ သူ့လက်တွေ မရှိတော့။ အသည်းအသန် ရုန်းကန်နေပြီး အော်ဟစ်နေသည်။ ဂျုံဆောင်းကလည်း အားကုန်သုံးပြီး ချီထားမြဲ။ တစ်ခါတလေကျတော့လည်း ဂျုံဆောင်း၏အားကို တစ်ခါလေးမှ မယှဉ်နိုင်တာကြောင့် ဂျောင်ဝန်း သူ့ကိုယ်သူ စိတ်ပျက်မိသည်။
" ကလေးလေးလားကွာ ~ "
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ဂျောင်ဝန်းက ငြိမ်ကျသွားသည်။ ဂျုံဆောင်းက မတ်တပ်ရပ်နေရာမှ ဆိုဖာနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး ထိုင်ချလိုက်သည်။ သူ့ကိုလည်း ဆိုဖာပေါ်ကို တင်ပေးမယ်လို့ ထင်လိုက်ပေမဲ့ တကယ်တမ်း သူထိုင်လိုက်ရသည်က ဂျုံဆောင်း၏ပေါင်ပေါ်မှာ။ နေရခက်လားလို့မေးလျှင် ' ဟင့်အင်း ' လို့သာ ဖြေဖြစ်မည်ထင်၏။
" ကိုယ့်ကို မင်းက ဂရုမစိုက်သလိုလုပ်နေတော့ ဒေါသဖြစ်သွားအောင်လို့ ပြောမှရမယ်လေ။ အခု ဒေါသထွက်သွားတာလေးကို မြင်တော့မှ စိတ်အေးသွားတယ်။ ကြည့်ပါဦး၊ မတွေ့ရတဲ့ ရက်အတွင်း ပါးလေးတွေတောင် ပိန်သွားသလိုပဲ။ "
မျက်လုံးနားတစ်ဝိုက် ဝေ့ဝဲကျနေတဲ့ ရှေ့ဆံပင်တွေကို ဖွဖွလေး သပ်တင်ပေးလာသည်။ သူပြုမူချင်သလို ပြုမူနေတာက ဂျောင်ဝန်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပေမဲ့ ဘယ်တုန်းကမှ မတွန်းထုတ်နိုင်ခဲ့။ သူ့မျက်ဝန်းတွေဆီ ရောက်လာတဲ့ ဂျုံဆောင်း၏မျက်ဝန်းတွေက နူးညံ့လွန်းနေသည်။ ဂျောင်ဝန်း ဘယ်လိုတုံ့ပြန်ရမလဲမသိပါ။
" မင်းဘက်က နေနိုင်ပေမဲ့ ကိုယ်ကတော့ သေလောက်အောင် လွမ်းနေတာ။ ရက်ပိုင်းလေးဆိုပေမဲ့လည်း သတိရလွန်းလို့ ရူးသွားတော့မယ်တောင်ထင်တာ။ "
တစ်ဖက်လူဘက်က ဟန်ဆောင်လိမ်ညာပြောနေတာ မဟုတ်မှန်း မျက်ဝန်းတွေကနေတစ်ဆင့် ဂျောင်ဝန်းသည် ကောင်းကောင်းကြီး သိသည်။ နဖူးထက်သို့ ရောက်လာသည့် နှုတ်ခမ်းတစ်စုံကြောင့် ဂျောင်ဝန်း သူ့မျက်လုံးတွေကို ခပ်မြန်မြန် မှိတ်ချလိုက်မိသည်။ နှစ်မိနစ်လောက်ကြာအောင်အထိ သူ့နဖူးပေါ်က နွေးထွေးမှုသည် မပျောက်ကွယ်သွားခဲ့ပါ။
" ကိုယ့်ဘက်က လိမ္မာမှာမို့ လမ်းမခွဲဘဲ ဒီလိုလေးပဲ ဆက်နေကြရအောင်နော်။ ဂျောင်ဝန်း ကိုယ့်ကို မချစ်လည်းရတယ်။ ချစ်တယ်လို့ မပြောချင်လည်း ရတယ်။ ဒီလိုလေးပဲ နားထောင်ပေး။ ကိုယ့်ဘက်က ပြောမဲ့ ချစ်ကြောင်းတွေကိုသာ သေချာလေး နားထောင်ပေးပြီး၊ ကိုယ့်အနားမှာ အမြဲရှိနေပေးပါနော်။ "
ယန်းဂျောင်ဝန်းက သေစေနိုင်တဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်နေလျှင်တောင်မှ ပတ်ခ်ဂျုံဆောင်းဆိုတဲ့သူက ကျေကျေနပ်နပ်ကြီး သုံးစွဲရစ်မူးနေဦးမှာ။
--
" ဂျောင်ဝန်းကို အားကျလိုက်တာကွာ။ ဘာလုပ်လုပ် ပတ်ခ်ဆောင်းဟွန်းက ဘေးမှာ အဆင်သင့်ရှိပြီးသား။ အဖိုးတန် သူငယ်ချင်းကို ရထားတာပဲ။ "
" ဟုတ်ပါ့၊ ဟုတ်ပါ့ "
အားကျတဲ့အကြည့်တွေကြောင့် ဂျောင်ဝန်း မအီမသာဖြင့်သာ ပြုံးပြလိုက်မိသည်။ တကယ်တော့ သူပြုံးတောင် မပြုံးချင်။ သည်နေရာကိုလည်း လိုက်လာချင်တာမဟုတ်။ သူ,မလိုက်လျှင် ဆောင်းဟွန်းတစ်ယောက်တည်း သွားရမှာကြောင့်သာ။
ဆောင်းဟွန်းပါးစပ်ထဲ ဆိုဂျူ သုံးခွက်လောက်က အသာလေး ဝင်သွားပြီ။ သူကတော့ မသောက်ဖြစ်။
" ဒါနဲ့ မင်းတို့နှစ်ယောက်ကို တွဲနေပြီတောင် ထင်နေတာ။ လုပ်ပါဦး၊ ငါတို့ဘယ်တော့စားရမှာလဲ ? "
ခပ်နောက်နောက် စကားဆုံးတာနဲ့ ဂျောင်ဝန်းမျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။ ဒါကို မြင်လိုက်တဲ့ ဆောင်းဟွန်းက ပြုံးတယ်ဆိုရုံမျှ ပြုံးလိုက်ပြီး မူးမူးနဲ့ ပြောချင်ရာ လျှောက်ပြောနေသည့် ကျောင်းတုန်းက သူငယ်ချင်းကို ဝင်တားဖို့ ပြင်၏။
" ဟွန်းနဲ့ ငါက တွဲစရာလား။ ရယ်စရာအကောင်းဆုံးဟာသပဲ။ တွဲချင်းတွဲ၊ ငါ့အလုပ်က မင်းသမီးချောချောလေးတွေနဲ့ပဲ တွဲမှာပေါ့။ "
သူဘာမှမပြောလိုက်ရသေးခင်မှာပဲ ဂျောင်ဝန်းက လုပ်ရယ်သံ တဟားဟားဖြင့် ဝင်ပြောသည်။ သူ့ကို တစ်ချက်တောင် မကြည့်ဘဲ ဆက်တိုက်ပြောနေတဲ့ ဂျောင်ဝန်းကို သူကတော့ စိုက်ကြည့်ရင်း ခပ်သော့သော့ ရယ်လိုက်မိသည်။
" ငါကတော့ ဝန်းသာ လက်ခံရင် တရားဝင်တွဲပြလိုက်မှာ။ ဝန်းလိုလူကို ဘယ်သူက မတွဲချင်မှာလဲ၊ ဟုတ်တယ်မလား ? "
သည်လိုပြောဖို့ သူ့မှာအတွေးမရှိပေမဲ့ ဂျောင်ဝန်းမျက်နှာ ဘယ်လောက်ထိ ပျက်သွားမလဲဆိုတာကို သူသိပ်သိချင်မိသည်။ သူငယ်ချင်းတွေကတော့ အထွေအထူး အံ့သြသွားကြတာမျိုးမရှိ။ မအံ့သြဆိုသလို ဆောင်းဟွန်းရင်ထဲမှာ ဘယ်သူရှိလဲဆိုတာ တကူးတက စဉ်းစားခန့်မှန်းစရာမလိုလောက်အောင်အထိ သိသာလွန်းလှသည် မဟုတ်လား။
သူတို့ကတော့ တစ်ယောက်တစ်ပေါက်နဲ့ အားကျစကားတွေ ပြောနေကြတုန်း ဆောင်းဟွန်းသည် သူထင်ထားတဲ့အတိုင်း ဟန်မဆောင်နိုင်လောက်အောင် ပျက်သွားတဲ့သူ၏မျက်နှာလှလှကို မေးထောက်လျက် တစိမ့်စိမ့် ငေးကြည့်ရင်း ဆိုဂျူ နောက်ထပ်တစ်ခွက်ကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြန်သည်။ သူ့ရင်ထဲ ပူနေတာကို ဂျောင်ဝန်း သိလောက်မယ်လို့ မျှော်လင့်မိပါသည်။
" မိုက်တယ်ကွာ၊ ယန်းဂျောင်ဝန်းဖြစ်ရတာကိုက ကံကောင်းချက်ပဲ။ ဂျောင်ဝန်းရေ ဆောင်းဟွန်းကို တန်ဖိုးထားနော်။ သူ့ကြောင့် မင်းဘဝက သာယာနေတာ။ "
ငမူးသမားက လက်မတထောင်ထောင်ဖြင့် ပြောချင်ရာ စွတ်စပ်ပြောနေ၏။ ဂျောင်ဝန်း ထိုင်နေရာမှ ကောက်ခနဲ ထ,ရပ်လိုက်ပြီး စကားကောင်းနေကြဆဲဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို အားနာဟန်ဖြင့် ...
" မနက်ဖြန် ရိုက်ကူးရေး စောစောသွားစရာရှိလို့ ငါပြန်နှင့်တော့မယ်။ "
" ဟ ! နေဦးလေ၊ သြော် ... ခြေကလည်း သွက်ချက်။ "
" ထားလိုက်ပါကွာ။ မင်းသားဆိုတော့ အသွားအလာလည်း ဂရုစိုက်ရမယ်။ မင်းဘာသာ သောက်စရာရှိတာ သောက်။ "
အနောက်တောင် လှည့်မကြည့်ဘဲ ထွက်သွားသည့် ဂျောင်ဝန်းကြောင့် ဆာင်းဟွန်း မရယ်ဘဲ မနေနိုင်။ သူ့မျက်လုံးတွေကလည်း ရီဝေဝေဖြစ်နေပြီး၊ အနည်းငယ် ရဲလာပြီဖြစ်သည်။ အရင်က အရက်သောက်ရတာ မကြိုက်သလောက် အခုနောက်ပိုင်းတော့ တော်တော်လေး သဘောကျလာသည်။
အပူကို အပူနဲ့ချေတယ်လို့ပဲ ပြောရမလား။ သို့ပေမဲ့လည်း အရက်က ဘယ်လောက်ပူနေပါစေ။ သူ့ရင်ထဲက အပူတွေကိုတော့ ဘယ်မီပါ့မလဲ။
" ဟျောင့် ဆောင်းဟွန်း ထပ်သောက်ဦးမလို့လား ? "
" အင်း "
သူဘယ်လောက်ထိ သောက်နေမိမှန်းမသိပေမဲ့ ဆက်တိုက်သာ သောက်နေမိသည်။ ကြိုက်လို့လေ၊ အရက်သောက်ရတာ သိပ်ကြိုက်လို့။
" ဂျောင်ဝန်းက မင်းအပေါ် အရင်လို အနိုင်ကျင့်နေတုန်းပဲလား ဆောင်းဟွန်း ? "
ဆောင်းဟွန်း နှုတ်ကနေ ပြန်မဖြေမိ။ အပြုံးနုနုဖြင့်သာ အဖြေပေးမိသည်။ သူတို့ထဲမှာ မမူးတာဆိုလို့ ဘောမ်ဂယူတစ်ယောက်သာရှိသည်။ ဘောမ်ဂယူက မသောက်တတ်တဲ့သူပီပီ ချထားတဲ့ စားစရာတွေကို တို့ခနဲဆိတ်ခနဲသာ စား၏။
" ချင့်ချိန်ပေါ့ ဆောင်းဟွန်းရာ။ "
ဘောမ်ဂယူက ထိုမျှသာ ပြောသည်။ အနေအေးတဲ့ ဘောမ်ဂယူက သူတို့စကားဝိုင်းထဲ ပါလေ့သိပ်မရှိပေမဲ့ ဆောင်းဟွန်း ဘယ်လိုခံစားနေရသလဲဆိုတာကိုတော့ အနည်းနဲ့အများ သူရိပ်မိသည်။ သွေးအေးတဲ့ ဂျောင်ဝန်းကတော့ အရင်အတိုင်း မပြောင်းမလဲဘဲ ရှိနေသော်ငြား၊ ဆောင်းဟွန်းက အနည်းငယ် ပြောင်းလဲသွားတယ်ဆိုတာကိုလည်း သူသိသေးသည်။
အရက်တစ်ခါမှ မသောက်တဲ့သူက သည်နေ့လိုမျိုး မှောက်ခါနီးအထိ တစ်ခွက်ပြီးတစ်ခွက် သောက်နေတာလိုမျိုး။ အမြဲတမ်း သွက်သွက်လက်လက် ရှိခဲ့တဲ့သူက စကားတွေ အများကြီး မပြောတော့ဘဲ ဂျောင်ဝန်းကိုပဲ ငေးကြည့်နေတာမျိုး။
--
" နိုးပြီလား ? ဘယ်လောက်တောင် သောက်လာတာလဲ ? အခုထိလည်း အရက်နံ့က မွှန်ထူလို့။ ပတ်ခ်ဆောင်းဟွန်းကတော့ အကျင့်ကို ပျက်နေတာ။ ဒီလိုကြီး ငုတ်တုတ်ထိုင်မနေနဲ့လေ။ သံပုရာရည် သောက်၊ ပျားရည်တော့ မပါဘူး။ ကုန်သွားတာ မဝယ်ရသေးဘူး။ "
မျက်လုံးနှစ်လုံးအလိုလို ပွင့်သွားကတည်းက ဆက်တိုက်ကြားနေရတဲ့ စကားသံတွေ၏ပိုင်ရှင်ဟာ တခြားတစ်ယောက်သာဆိုလျှင် သူ့အနားတောင် ကပ်လို့ရနိုင်တော့မှာ မဟုတ်ဘူး။ နှစ်ယောက်မရှိတဲ့ ယန်းဂျောင်ဝန်း ဖြစ်နေတော့လည်း ဆောင်းဟွန်း မျက်နှာချိုသွေးပြလိုက်ပြီး Nightstandပေါ်၌ အဆင်သင့် တင်ထားပေးတဲ့ သံပုရာရည်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။
" ဘာဖြစ်တာလဲ ဟွန်း ?! အမူးမပြေသေးလို့လား ? "
ဆက်မသောက်နိုင်တော့ဘဲ ဝေါ့ခနဲ ဖြစ်မိသွားတော့ ဂျောင်ဝန်းက ပြာပြာသလဲ မေးသည်။
တကယ်တော့ အမူးပြေလို့ ဟိုဘက်ကမ်းတောင် လွန်သွားပြီ။ သံပုရာရည် ဖျော်တတ်လွန်းတဲ့ ဂျောင်ဝန်းကို ဆောင်းဟွန်း နာနာကျင်ကျင်နဲ့သာ ပြုံးလျက် ကြည့်နေမိသည်။ သည်တစ်ခါတော့ ရင်ဘတ်ထဲက နာတာမဟုတ်ဘဲ ပါးစောင်တွေထဲက ကျဉ်တက်ပြီး နာနေတာ။ ငန်လည်း ငန်နေသေးသည်။ ဘာတွေ ထည့်ဖျော်လာတာလဲလို့လည်း မေးဖို့ အင်အားမရှိတော့။ သူ့ပါးစောင်တွေ တော်တော်နာကျင်လို့နေရပြီ။
" လန်းသွားအောင် ရေတစ်ခါတည်း ချိုးလိုက်။ ငါ မနက်စာ ပြင်ထားပေးတယ်သိလား။ "
ချစ်စရာကောင်းအောင် ရယ်ပြသွားတဲ့ ဂျောင်ဝန်းက မနက်စာသာ မပြင်ထားဘူးဆိုလျှင် သည့်ထက် လေး၊ ငါး၊ ဆယ်ဆလောက် ပိုချစ်ဖို့ကောင်းနေမလား။
--
" ငါ့ဆီမလာဘဲ ပျောက်နေရတဲ့အကြောင်းလေး လုပ်ပါဦး။ "
ဆိုင်ကို ရောက်ကတည်းက လူကျနေတာကြောင့် အင်ဟာနဲ့ အခုမှ စကားပြောရသည်။ စကားအခုမှ ပြောရပေမဲ့ သူကတော့ ရောက်ကတည်းက သူ(မ)ကို ခိုးပြီး အကဲခတ်နေမိ၏။ စကားလာပြောတော့လည်း ပုံမှန်ပဲမို့ ကြိတ်၍ သက်ပြင်းချမိသည်။
ကတိပေးထားတဲ့အတိုင်း ယောန်ဂျွန်းက သူ့အကြောင်း တိုလီမုတ်စတွေကို သူ(မ)အား ဖော်ကောင် မလုပ်ထားတာကြောင့် သူတော်တော်လေး စိတ်အေးသွားရသည်။ အင်ဟာသိလျှင် လွယ်မည်မဟုတ်။ ဘာပဲလုပ်လုပ်၊ သူ(မ)ကို အမြဲတိုင်ပင်နေကျဖြစ်သော်ငြား၊ သည်တစ်ခါတော့ အချိန်အတိုင်းအတာတစ်ခုထိ ဖုံးကွယ်ထားဖို့ တွေးမိသည်။
ယန်းဂျောင်ဝန်းကို သူတစ်ယောက်တည်း အပြီးတိုင် ပိုင်ဆိုင်ရတဲ့ အချိန်ရောက်လာလျှင်တော့ အောင်နိုင်သူအပြုံးနဲ့ သူ(မ)ကို အရင်ဆုံး ကြွားပစ်မှာ။
" ဟဲ့ ! ဘာဖြစ်နေတာလဲလို့ ? "
သူ့ကိုယ်သူ ပြုံးနေမိမှန်းတောင် သတိမထားမိလိုက်ဘူး။ ဂုတ်ကို လက်နဲ့ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်း တိုင်ပင်စရာရှိတာကို တိုင်ပင်ဖို့ ဦးဆုံး တွေးလိုက်မိသည်။
" အင်ဟာ "
" အေး၊ ပြောလို့ ! "
ယွန်းအင်ဟာက တကယ့်ကို စိတ်လည်း မရှည်တာပါ။ မပြောဘဲ ထပ်ငြိမ်နေလျှင် သူ(မ)လက်ပျံတွေက သူ့ကျောနဲ့ ခေါင်းဆီသို့ အဟုန်ဖြင့် ရောက်လာကြတော့မှာ။
" ငါ သေချာစဉ်းစားပြီးသွားပြီ။ ပန်းချီကို သေချာဆွဲပြီး ပြခန်းမှာ ထားနိုင်အောင် ကြိုးစားတော့မယ်။ နောက်လကျရင် ပန်းချီပြပွဲရှိတယ်။ အဲ့ပြခန်းပိုင်ရှင်က ငါနဲ့သိပြီးသားဆိုတော့ ငါ့ပန်းချီကို ပြပေးဖို့ ကြိုးစားကြည့်ရမလား ? "
" သေချာတာပေါ့ ... သေချာပေါက်ကို ကြိုးစားကြည့်ရမှာပေါ့ ! ငါဘယ်လောက်တောင် မျှော်လင့်နေခဲ့ရသလဲ။ လုပ်ချင်တာတွေကို လုပ်ပစ် ဂျုံဆောင်းရာ။ ဘဝမှာ ရှင်သန်နေရတာ အလကား မဖြစ်အောင် လုပ်ချင်တာကို ဘာမှတွေဝေမနေနဲ့ ကြိုးစားပစ်လိုက်စမ်းပါ။ "
တကယ်ပါ အင်ဟာရှိနေလို့လည်း သည်လောက်ထိ အားတင်းထားနိုင်တာ။ အဖေ လက်မခံပေးနိုင်ခဲ့တဲ့ သည်ပုံစံကို သူကိုယ်တိုင် စွန့်လွှတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်။ သူ(မ)ကြောင့် ပန်းချီကို ဆက်ဆွဲနိုင်ခဲ့တာ။ သည်အခြေအနေအထိ ကျော်လွှားနိုင်ခဲ့တာ အင်ဟာ့ကျေးဇူးတွေလည်း ပါတာပေါ့။
" နင့်ကျေးဇူးတွေ ငါ့မှာအများကြီးပဲ။ နင် ယောက်ျားယူရင် ရှယ်လက်ဖွဲ့ပေးမယ်။ "
" လောလောဆယ် နင်ပဲ မိန်းမအရင်ရမှာ မြင်ယောင်သေးတယ်။ နင့်ကောင်မလေးအကြောင်း ပြောပြဦးလေ။ မေးလိုက်တိုင်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ပတ်ပြေးနေတာ မသိရင် ခက်မယ်။ ယွန်းအင်ဟာက အချဉ်မဟုတ်ဘူးနော် ပတ်ခ်ဂျုံဆောင်း။ "
အကြောင်းအမျိုးမျိုးပြပြီး လှည့်ထွက်လာခဲ့သမျှ ဂျုံဆောင်းသည် အခုတော့ ဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပတ်နေရပြီ။ သည်နေ့မှ မပြောလျှင်လည်း ယွန်းအင်ဟာက သူ့နည်းသူ့ဟန်နဲ့ သိအောင် လုပ်တော့မယ်ဆိုတာ နောကြေနေပြီးသား။
" အဆင်သင့်မဖြစ်သေးလို့ စောင့်ဦး။ သူ့ဘက်က ကိစ္စလေးတွေရှိနေသေးတဲ့ပုံမှာ။ သူ့ဘက်က တချို့အနှောင့်တွေ ပြေလည်သွားတဲ့အခါကျ ငါကိုယ်တိုင် နင်တို့နှစ်ယောက်ကို မိတ်ဆက်ပေးမယ်။ အဲ့အချိန်အထိပဲ စောင့်ပေး ... နော်။ "
သူ(မ)သိပ်သိချင်နေပေမဲ့လည်း အောင့်အီးကာဖြင့် လက်ခံပေးလိုက်သည်။ ဂျုံဆောင်းသည် သူ့အတွေးနဲ့သူ ကျေနပ်နေ၏။ အနှောင့်အယှက်တစ်စုံတစ်ရာ ပြေပျောက်သွားတာနဲ့ ဂျောင်ဝန်းက သေချာပေါက် သူ့အပိုင်ဖြစ်လာမယ်လို့ သူယုံကြည်နေမိသည်။
ကြယ်ပေါင်းမြောက်မြားစွာ ခိုအောင်းနေတဲ့ မျက်ဝန်းတွေက မလိမ်တတ်ဘူးဟု ဂျုံဆောင်းက တစ်ထစ်ချ ယုံကြည်ထားသည်။ နှုတ်ခမ်းပါးကနေ ဂျစ်ကန်ကန်နိုင်တဲ့ စကားတွေ ပြောနေပေမဲ့၊ အပြုအမူတွေက ကြမ်းတမ်းနေပေမဲ့၊ မျက်ဝန်းနက်တွေထဲမှာ သူ့အတွက် ချစ်ခြင်းတရားတစ်ကန့်စာလောက် ရှိနေမှန်း ခံစားမိသည်။
ဘယ်လောက်စောင့်ရစောင့်ရ စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေမှာ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ သူ့ချစ်ခြင်းတရားတွေကို တစ်ဖက်လူ မြင်လာပါလိမ့်မည်။ ဥပေက္ခာမပြုနိုင်ဘူးဆိုတာကိုလည်း သိနေသေး၏။
--
" ဟွန်း ထဦးလို့ ! "
နားရက်မို့ သူရော ဆောင်းဟွန်းရော သူ့တိုက်ခန်းမှာပဲ အချိန်ကုန်ဖြစ်ကြသည်။ တစ်ခါမှ မအိပ်စဖူး နေ့လယ်ဘက်မှာ အိပ်မောကျနေတဲ့ ဆောင်းဟွန်း။ အိပ်တာကို ဘာမှမပြောလိုပေမဲ့ နေ့လယ် ဆယ့်နှစ်နာရီကတည်းက အိပ်နေတာ ခု ညနေဘက်ကို ကူးခါနီးဖြစ်နေတာကြောင့် သည်တိုင်းလွှတ်ထားလျှင် နေမကောင်းဖြစ်မှာ စိုးရသည်။ ဆောင်းဟွန်း တစ်ခါနေမကောင်းဖြစ်လျှင် ရက်ရှည်ကြာတတ်သည်မို့ မဖြစ်အောင် ဂျောင်ဝန်းကပဲ ဂရုစိုက်ပေးရ၏။
" ပတ်ခ်ဆောင်းဟွန်း ! မင်း အခု မထရင် မင်းနဲ့ငါ ပြတ် ... "
" နိုးပြီ ... နိုးပြီလို့ ! "
အခုမှပဲ အသည်းအသန်အော်ပြီး မျက်လုံးပွင့်လာသည့်သူကြောင့် ဂျောင်ဝန်း သဘောတကျဖြင့် ပြုံးလိုက်မိသည်။ နိုင်လို့ရတော့လည်း နိုင်စားချင်မိတာပေါ့။
" ငါတို့လျှောက်လည်ရအောင် ဟွန်း။ လိုက်မှာလား ? "
" နှစ်ခါတောင် မေးစရာမလိုဘူး။ "
ဂျောင်ဝန်း၏ပါးကို ဖွဖွလေး ဆွဲညှစ်ပြီး ဆောင်းဟွန်းက ရေချိုးခန်းထဲသို့ လေအလျင်ဖြင့် ဝင်သွားသည်။ သူပြောနေကျအတိုင်း ဂျောင်ဝန်းက အနာလည်း ကောင်းကောင်းပေးတတ်သလို၊ ဆေးပေးတဲ့နေရာမှာလည်း ထူးချွန်လှ၏။
သည်ရက်ပိုင်း သူ့ကို ဂရုစိုက်ပေးလာတယ်လို့ ခံစားရသည်။ အရင်ကဆို အပြင်သွားဖို့ ဆယ်ခါပြောလျှင် နှစ်ခါလောက်သာ လက်ခံသည့်သူက အခုတော့ အပြင်သွားချင်ပါတယ်တဲ့လေ။ ဘယ်လိုကြောင့် ဂရုစိုက်ပေးလာတယ်ဆိုတာကို မသိပေမဲ့ ဆောင်းဟွန်း သိပ်သဘောကျတယ်ဆိုတာကိုပဲ သိသည်။ ဟိုးအရင်က ဂျောင်ဝန်းကို ပြန်မြင်နေရသလိုပဲ။
မှန်ထဲကနေတစ်ဆင့် ပါးချိုင့်ရေးတေးတေး ပေါ်သည်အထိ ပြုံးမိသွားတဲ့ သူ့ကိုယ်သူ ကြည့်နေရင်း ဆောင်းဟွန်း ထပ်ခါတလဲလဲ ပြုံးနေမိတာ ဘယ်နှကြိမ်မြောက်မှန်းမသိတော့။ ယဉ်ယဉ်လေး ရူးနေတဲ့ အရူးဆိုတာ ပတ်ခ်ဆောင်းဟွန်းဖြစ်မည်ထင်ပါရဲ့။
--
" ဒီဆိုင်ကို မကြိုက်လို့လား ? "
" ဟင့်အင်း၊ ကြိုက်ပါတယ်။ "
သည်ဆိုင်ကို ဘယ်သူ့ဆိုင်မှန်း ဂျောင်ဝန်း မသိတာလား၊ သိသိရဲ့နဲ့ တမင် ခေါ်လာတာလားဆိုတာကိုတော့ အထူးတလည် မတွေးချင်တော့။ ကာယကံရှင်ကိုယ်တိုင်သာ သိပါလိမ့်မည်။
သူကတော့ သည်ဆိုင်ကို လုံးဝ မကြိုက်။ Classicဆန်တဲ့ ဆိုင်တွင်းအပြင်အဆင်ကိုလည်း ဘဝင်မကျပါ။ အရသာကောင်းတဲ့ ဆိုင်၏အစားအစာတွေကိုလည်း သဘောမကျ ။ သည်ဆိုင်နဲ့ပတ်သက်တာမှန်သမျှ သူ,မကြိုက်။ အထူးသဖြင့် ဆိုင်ပိုင်ရှင်၏သူငယ်ချင်းဖြစ်တဲ့ ပတ်ခ်ဂျုံဆောင်းကိုတော့ သဘောမကျဆုံးပင်။
တစ်ခါတလေတော့လည်း သူဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့ ဂျောင်ဝန်း၏အတွေးတွေကို နားလည်နိုင်အောင် ကြိုးစားဖို့က သိပ်ပင်ပန်းရတာသည်။ မကြိုးစားဘဲ တစ်ခါလောက်ဖြစ်ဖြစ် နေကြည့်တာက ပိုကောင်းမည်ထင်၏။
" ဟိုလေ ယန်းဂျောင်ဝန်းလားဟင် ? ယန်းဂျောင်ဝန်းဟုတ်ပါတယ်။ ဟုတ်တယ်မလားဟင် ? "
တခြားသူတွေ ကြားသွားမှာစိုးလို့ အင်ဟာက တိုးတိုးလေး ကပ်မေးသည်။ ချောင်အကျဆုံး ဝိုင်းမှာ ထိုင်နေတဲ့ ကောင်လေးက Maskတပ်ထားပြီး မျက်မှန်အမည်းကိုလည်း တပ်ထားသည်။ မျက်မှန်ချွတ်လိုက်တာနဲ ကောင်လေးက ဘယ်သူမှန်း သူ(မ)ရင်းရင်းနှီးနှီး သိနေသလို ခံစားမိသည်။ စိတ်ထဲမှာလည်း သူ့မောင်လေးလို့သာ ထင်နေ၏။
ခေါင်းလုံးလုံးလေးက ဖြည်းဖြည်းချင်း ညိတ်ပြလာတာနဲ့အညီ သူ(မ) မအော်မိအောင် ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ ဆောင်းဟွန်းကတော့ စမတ်ကျသလိုလိုနဲ့ မသိမသာ ဗရုတ်နိုင်လှသော ပတ်ခ်ဂျုံဆောင်း၏သူငယ်ချင်းမကို မျက်လုံးစွေကြည့်ကာ နှာခေါင်းရှုံ့မိသည်။
" အစ်မက မောင်လေးကို တအားသဘောကျတာ။ အစ်မမှာသာ မောင်လေးလို မောင်လေးမျိုးရှိရင် သိပ်ကောင်းမှာပဲ။ လက်ဆွဲနှုတ်ဆက်လို့ရမလားဟင် ? လက်မှတ်လေးလည်း လိုချင်လို့။ "
တစက်မှ ချစ်စရာမကောင်းတဲ့ အမူအရာနဲ့ ချစ်စရာကောင်းအောင် လုပ်ပြနေသော ယွန်းအင်ဟာကို ဂျုံဆောင်းသာမြင်လျှင် တွေ့တဲ့ပစ္စည်းနဲ့ ကောက်ပေါက်လေမလား မပြောတတ်။ သူ(မ)ကတော့ ဘယ်သူဘာပဲပြောပြော၊ ယန်းဂျောင်ဝန်းမျက်လုံးထဲ ချစ်ဖို့ကောင်းနေလျှင် ကျေနပ်ပြီဆိုသည့် လူမျိုး။
" လက်ကလေးက ကလေးလက်လေးကျနေတာပဲ။ ကျေးဇူးပါ ငါ့မောင်ရေ။ "
လက်မှတ်လည်း ယူပြီး၊ လက်ဆွဲလည်း နှုတ်ဆက်ပြီးတော့ ကော့တော့ကော့တော့ဖြင့် ကောင်တာမှာ သွားထိုင်နေသည့် အင်ဟာ့ကို တစ်ချက်ကြည့်လိုက်ရင်း ဂျောင်ဝန်း ခပ်သဲ့သဲ့ ပြုံးလိုက်မိသည်။ တခြားသူတွေလို အနေခက်တာမျိုး မရှိတဲ့အပြင်၊ ရှက်ကြောက်ဖို့မပြောနဲ့။ သူ့မောင်အရင်းလိုမျိုး တရင်းတနှီး ပြောသွားတာက ဘာကြောင့်မှန်းမသိပေမဲ့ သူ့အတွက်လည်း အနေမခက်မိပေ။
အင်ဟာကတော့ လက်မှတ်ကိုကြည့်ရင်း တခိခိဖြင့်။
-
" ယွန်းအင်ဟာ နင့်မိတ်ကပ်ပစ္စည်းတွေကို ငါ့အိတ်ထဲ လာလာမထည့်နဲ့ဟာ ! "
ဟိုတစ်ခေါက် လာတုန်းက သူ့အိတ်ထဲ ပါလာတဲ့ ပေါင်ဒါဘူးကို ပစ်ပေးရင်း ဂျုံဆောင်းက လေသံမာမာဖြင့် ပြောသည်။
" ဟဲ့ ... လျှောက်အော်မနေနဲ့ ! ဟိုမှာကြည့်လိုက်စမ်း။ အဲ့တာဘယ်သူလေးလဲသိလား ? "
သူ(မ)ဘက်လှည့်ထားတဲ့ သူ့ခန္ဓာကိုယ်ကို လက်မောင်းကနေ ကိုင်ပြီး ဆိုင်၏ထောင့်ကျကျနေရာသို့ အသည်းအသန် ကြည့်ခိုင်းနေသည်။ ဂျုံဆောင်းသည် သူ(မ)ကို မျက်စောင်းတစ်ချက်ခဲရင်း ပေကုတ်ကုတ် မျက်နှာဘေးနဲ့ ကြည့်လိုက်၏။
" ငါ့မောင်လေးလေ ဟီးးး ။ တိုးတိုး၊ သူများတွေ ကြာသွားရင် ငါ့မောင်လေး စိတ်အနှောင့်အယှက် ဖြစ်သွားမယ်။ "
ပတ်ခ်ဆောင်းဟွန်းနဲ့ ပြုံးရယ်နေတဲ့သူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် စုထားသည့် မျက်ခုံးတွေက ထိကပ်သွားရသည်။ ဂျုံဆောင်း၏မျက်ခုံးတွေသာ အသက်ရှိလျှင် ကြုတ်ရလွန်းလို့ ပင်ပန်းနေပြီဖြစ်ကြောင်း တဖွဖွ ပြောကြမှာ။
" ဟဲ့ ! ဘယ်သွားမလို့လဲ ? "
အနောက်ကနေ လိုက်လာပြီး မတိုးမကျယ်လေသံဖြင့် ခပ်ကြိတ်ကြိတ် မေးနေသည့် အင်ဟာ့ကို လျစ်လျူရှုလိုက်ရင်း ဂျုံဆောင်း ထိုနေရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ ယန်းဂျောင်ဝန်းကို တခြားသူတွေနဲ့ အတူ ပြုံးရယ်နေတာမြင်ရတိုင်း သူ့ရင်ဘတ်က တဆစ်ဆစ်နဲ့ နာလာတတ်သည်။
" ဟဲ့ ! "
ဆောင်းဟွန်းနဲ့ ဟိုဟိုသည်သည် ပြောရင်း ရယ်မောနေတဲ့ ဂျောင်ဝန်းက သူတို့အနားကို ရောက်လာသည့်သူကို မော့ကြည့်လိုက်သည်။ သူ့နည်းတူ ဆောင်းဟွန်းလည်း စကားစ,ပြတ်သွားပြီး ဂျုံဆောင်းနဲ့ အနောက်ကနေ ပါလာသည့် အင်ဟာ့ကိုပါ ကြည့်နေ၏။ အင်ဟာကတော့ ဂျုံဆောင်းကို လက်ကုပ်ပြီး ခေါ်နေပေမဲ့ ကာယကံရှင်ကတော့ ဂရုတောင် မစိုက်ချေ ။
" ဂျောင်ဝန်း "
ဂျုံဆောင်း၏အသံက တကယ်ကို တိုးတိုးလေး။ စိတ်ထဲမှာ စကားတွေ အများကြီး ပြောနေပေမဲ့ ကောင်လေးအရှေ့ကို ရောက်သွားတော့ ပြောစရာတွေက လည်ချောင်းထဲမှာတင် ပျောက်ရှသွားပုံရသည်။
ဂျောင်ဝန်းက သူ့ကို ကြည့်သည်။ ထို့နောက် သူစိမ်းတစ်ယောက်လို ခပ်စိမ်းစိမ်းကြည့်ကာ မျက်မှန်နဲ့ maskကို ကောက်တပ်လိုက်ပြီး ပတ်ခ်ဆောင်းဟွန်းဘက်သို့ လှည့်၏။
" ပြန်ရအောင်။ "
" အင်း "
နှစ်ခါတောင် ပြောစရာမလိုဘဲ ဆောင်းဟွန်းက ချက်ချင်း မတ်တပ်ထ,ရပ်လိုက်သည်။ ဂျောင်ဝန်းသည် သူ့ကို တစ်ချက်တောင် မကြည့်တော့ဘဲ ဘေးကနေ ဖြတ်ကာ ထွက်သွားပြီဖြစ်သည်။ ပတ်ခ်ဆောင်းဟွန်းက သူ့နောက်ကနေ လိုက်သည်။
" ပတ်ခ်ဂျုံဆောင်း ဘာဖြစ်နေတာလဲ ? "
ဂျုံဆောင်း ထိုနေရာမှာပဲ ငူငူငိုင်ငိုင်ဖြင့် ရပ်ကျန်နေခဲ့ရသည်။ ထူပူလာတဲ့ခေါင်းထဲ၌ အတွေးတွေကလည်း ဟိုတစ်စ၊ သည်တစ်စ။ သူကတော့ သူ့ပန်းချီတွေ ပြခန်းမှာ တင်ပြခွင့်ရသွားပြီဆိုတဲ့အကြောင်းကို ပြောပြချင်လွန်းလို့ ဘယ်အချိန်အားမလဲဆိုပြီး စောင့်နေခဲ့ရတာ။ အမြဲအဲ့လိုပါပဲ။ ဂျောင်ဝန်းက သူနဲ့ပတ်ခ်ဆောင်းဟွန်းကို ယှဉ်လိုက်တိုင်း သူ့ကိုသာ အမြဲထားခဲ့စမြဲ။ အခုလည်း အထားခံခဲ့ရပြန်ပြီ။
--
25,3,2022
♡
--
-ZAWGYI-
" ရေတူတူချိုးကြမလား ? "
" ကလေးလေးလားကွာ ~ "
You are reading the story above: TeenFic.Net