111
Background color
Font
Font size
Line height
-UNICODE-
" ငြိမ်ငြိမ်လေး နေပေးပါ။ "
" အာ ... ဟုတ်။ "
သူ့အသံကို ကြားတော့ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ မူလပုံစံအတိုင်း ပြန်နေ,နေတယ်။ ဒါတောင် မျက်လုံးဝိုင်းဝိုင်းတွေက တစ်နေရာဆီမှ မလွတ်ချင်သေး။ ဂျော်က ကောင်မလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့သူကို တစ်ချက်ကြည့်ပြီး ပန်းချီဆီ ပြန်အာရုံစိုက်လိုက်တယ်။
ဘယ်လ်လာဆိုသည့် အမျိုးသမီးငယ်ဟာ တကယ်ကို လှပါပေတယ်။ မျက်နှာသေးသေးသွယ်သွယ်၊ နဖူးပြေပြေ၊ နှာတံစင်းစင်း၊ မျက်လုံးဝိုင်းဝိုင်းနဲ့ နှုတ်ခမ်းဖူးဖူးတို့၏ ပေါင်းစပ်မှုက အပြစ်ဆိုစရာတောင်မရှိ။ ဤကဲ့သို့သော အမျိုးသမီးအား ပိုင်ဆိုင်ရသူအဖို့ကတော့ ကံကောင်းခြင်းတစ်ခုပေါ့။
ထိုကံကောင်းခြင်းကို ယောက်ျားအများစုက တပ်မက်ကောင်း တပ်မက်ကြလိမ့်မယ်။ ထိုယောက်ျားအများစုထဲတွင် ဘန်ဂျမင်ကတော့ ပါလိမ့်မည်မဟုတ်။ ဘန်ဟာ မိဘတွေကြောင့် လွန်ခဲ့တဲ့တစ်နှစ်ကမှ ဘယ်လ်လာနဲ့ စတင် သိကျွမ်းခဲ့ရသလို၊ ရည်းစားမဟုတ်၊ မိတ်ဆွေလည်း မဟုတ်ပြန်တဲ့ ဆက်ဆံရေးကို တစ်နှစ်ကြာတဲ့အထိ မပြိုပျက်အောင် ထိန်းသိမ်းနိုင်ခဲ့တယ်။
ဘယ်လ်လာ့နှုတ်ကနေ သူ့အား သဘောကျကြောင်း၊ ချစ်ကြောင်း တရားဝင် ထုတ်ပြောထားသော်ငြား၊ ဘန်ကတော့ မလှုပ်မယှက်သာ နေခဲ့တယ်။ ငြင်းဖို့ရာကျ မိဘတွေ၏မျက်နှာကို ထောက်ထားသည်က တစ်ကြောင်း၊ ငယ်ရွယ်သည့် မိန်းမပျိုအား ညှာတာမိသည်က တစ်ကြောင်းကြောင့် ကြန့်ကြာနေခဲ့တာ ဖြစ်တယ်။ ပြီးတော့ ငြင်းရအောင်လည်း ဘန့်မှာ သဘောကျတဲ့သူ,မရှိခဲ့ဘူး။ ရှင်းရှင်းပြောရလျှင် ဘယ်လ်လာက ဘန်နဲ့ အနေအနီးဆုံး သူစိမ်းလို့တောင် ပြောလို့ရနိုင်၏။
သို့သော် ယခုတွင်တော့ ဘန့်ခံစားချက်တို့သည် စတင်ပြောင်းလဲလာခဲ့ပြီ။ ဘယ်လ်လာ့ကို ကြည့်လိုက်၊ canvas ကို ကြည့်လိုက်၊ လက်တွေကို လှုပ်ရှားလိုက်နဲ့ မအားမလပ်ဖြစ်နေသူသည် ထိုသို့နေ,နေရုံလေးနဲ့တင် ဘန့်စိတ်တွေကို မတည်ငြိမ်အောင်အထိ ပြုလုပ်နိုင်တယ်။ အနှီပန်းချီဆရာလေးသည် သူရေးဆွဲနေတဲ့ ပန်းချီကားချပ်တွေထက် မယှဉ်နိုင်လောက်အောင်အထိ လှပလွန်း၏။
" ဒီအတိုင်းကြီး ထိုင်နေမလို့လား ? "
အရှေ့ခန်းကနေ အနောက်ဘက်မှာရှိတဲ့ သူ့အခန်းဆီကို ရောက်လာတဲ့ နီရယ်က ဘန်ဂျမင့်ကို မေးခွန်းထုတ်တယ်။ ဤပုံတူပန်းချီအတွက် လိုအပ်တဲ့သူဆိုလို့ ပန်းချီဆရာရယ်၊ ဘယ်လ်လာဆိုသည့် ကောင်မလေးရယ်သာ။ ကောင်မလေးနဲ့ မလှမ်းမကမ်းမှာ ခြေချိတ်ထိုင်နေတဲ့ ဘန်ဂျမင်ဆိုတဲ့သူ,မပါ။ သည်အတိုင်းကြီး မလှုပ်မယှက်နဲ့ ထိုင်နေသည်မှာ ရောက်လာကတည်းက ဖြစ်တယ်။ အခု ပန်းချီဆွဲတော့လည်း ထိုင်ကောင်းတုန်း။ ဂျော်ကတော့ ဘာတစ်ခွန်းမှ မပြော။
" ဂျော်နီ "
အနှောင့်အယှက် မပေးသင့်ဘူးဆိုတာကို သိပေမဲ့ နီရယ့်ခြေထောက်တွေကတော့ ဂျော့်ဘေးကို ရောက်သွားပြီ။ Canvas ကို မျက်လုံးစွေကြည့်လိုက်တော့ ဆေးစက်တွေတောင် နေရာတကျ မဖြစ်သေး။ သူ ကြည့်နေတာအား သတိထားမိသွားတော့ ပန်းချီကို အာရုံစိုက်နေတာကြောင့် မျက်ခုံးတွေကို စုထားပြီး၊ မသိမသာ စူနေတဲ့ နှုတ်ခမ်းပိစိနဲ့ ပန်းချီဆရာလေးက မော့ကြည့်ကာ မျက်စောင်းထိုးလာတယ်။ ဒန်နီရယ်ဖြင့် အနှီ ပန်းချီဆရာလေးအား အသည်းယားလိုက်တာ။
ပန်းချီဆရာလေး၏နား,နားသို့ ကပ်လိုက်ရင်း မျက်လုံးလည်း ဂနာမငြိမ်တဲ့ နီရယ်က ပြောတယ်။
" ဟိုလူက ဘာလုပ်နေတာလဲ ? "
" သူ့ကောင်မလေးကို စိတ်မချလို့ ဖြစ်မှာပေါ့။ အိမ်မှာကလည်း ယောက်ျားသားက နှစ်ယောက်ဆိုတော့။ "
ထိုမျှသာ ခပ်တိုးတိုး ပြန်ဖြေပြီး၊ ဂျော်က သူ့ကို အမူအရာနဲ့ ထွက်သွားဖို့ ပြောတယ်။ နီရယ်လည်း မိန့်မိန့်ကြီး ထိုင်နေတဲ့ ဘန့်ကို တစ်ချက်ကြည့်ကာ ထွက်လာ၏။ ဂျော်ကတော့ နှုတ်ခမ်းပါးတို့ လှုပ်ရုံမျှသာ ပြုံးပြီး၊ ကောင်မလေးကို သေချာပြန်ကြည့်လိုက်၏။
ပန်းချီဆရာ၏စိတ်ထဲ မည်သို့တွေးသည်မသိသော်ငြား၊ တစ်ယောက်သောသူကတော့ စိတ်ထဲ၌ ဂနာမငြိမ်ဖြစ်လို့နေတယ်။ ဘယ်လ်လာ့ကို ကြည့်နေတဲ့ ပန်းချီဆရာ၏အကြည့်တွေကို သူသည် မကြိုက်။ ဒါဟာ ဘယ်လ်လာ့အပေါ်မှာ ဖြစ်တည်တဲ့ သဝန်တိုစိတ်လား၊ ဒါမှမဟုတ် ပန်းချီဆရာလေးကြောင့်လားဆိုတာ ဘန်ဂျမင်သည်သာ အသိဆုံး။
--
" ကျေးဇူးတင်ပါတယ်နော်၊ ဆရာ။ "
" ဆရာလို့ ခေါ်စရာမလိုပါဘူး။ ဂျော်လို့ပဲ ခေါ်နိုင်ပါတယ်။ "
ဘယ်လ်လာက ပြုံးလျက် ခေါင်းညိတ်ပြတယ်။ သည်နေ့နဲ့ဆို သူ့ပုံတူကို ဆွဲတာ နှစ်ခါရှိပြီ။ နေ့တိုင်းတော့ မဟုတ်ပေမဲ့ ဂျော် ဖုန်းလှမ်းဆက်တဲ့အခါတိုင်း သူ(မ)က မအားလျှင်တောင်မှ ရအောင် သွားတတ်၏။ ဘန်ဂျမင်ကတော့ မပါမဖြစ်ပေါ့။
အခုလိုကျတော့လည်း ဘယ်လ်လာက ကြိတ်၍ ဝမ်းသာမိတယ်။ ဘန်က အေးတိအေးစက်နိုင်ပေမဲ့၊ သူ(မ)ကိုတော့ ဂရုစိုက်ပါလားဆိုတဲ့အသိက တကယ်ကို ကြည်နူးစရာအတိ။ သည်နေ့ဆိုလျှင် အစည်းအဝေးနဲ့ တိုက်နေတာကြောင့် မလိုက်ခဲ့လည်းရကြောင်း ပြောသော်လည်း၊ ဘန်သည် လက်မခံခဲ့ပေလေ။
" ကြည့်ချင်လိုက်တာနော်။ "
မပြီးပြတ်သေးတဲ့ ပန်းချီကားချပ်နောက်ကျောအား အရောင်တွေတောက်နေတဲ့ မျက်လုံးဝိုင်းတွေနဲ့ ကြည့်ကာ သူ(မ)က အသံဖျော့ဖျော့ဖြင့် ရေရွတ်တယ်။ ထိုအခါတွင်တော့ ဂျော်က ခပ်သော့သော့ ရယ်၏။ သူ(မ)ပုံစံက သည်အတိုင်း ချစ်ဖို့ကောင်းနေတာကြောင့်ပင်။
ဂျော့်တွင် စည်းကမ်းတစ်ခုရှိတယ်။ ထိုစည်းကမ်းက ပန်းချီဆွဲနေလျှင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြလေ့မရှိ။ အချောသပ်ပြီးမှသာ ပြလေ့ရှိတယ်။ အပျော်တမ်းဆွဲတဲ့အခါမျိုးဆိုလျှင်တောင်မှ စိတ်မလိုလျှင် နီရယ့်ကိုတောင် မပြတတ်။ ဘယ်လ်လာကလည်း သိပ်ကြည့်ချင်နေတယ်။ သို့သော်လည်း သူ(မ)က ဂျော့်စည်းကမ်းကိုတော့ မကျော်လွန်ရဲ။
" ဘယ်လ်လာ ပြန်မယ်လေ။ "
ငြိမ်နေတဲ့ ဘန်က ရုတ်တရက်ဆိုသလို ပြန်ဖို့ စကားဟ,လာတယ်။ ဘယ်လ်လာကတော့ အားနာနာနဲ့ ချက်ချင်း မတ်တပ်ထ,ရပ်လိုက်တယ်။ သူ(မ)ခမျာ ဂျော့်ကိုလည်း အားနာရ၊ ဘန့်ကိုလည်း အားနာရဖြင့်။ ဘန်ကလည်း အစည်းအဝေးကိုတောင် အချိန်ရွှေ့ပြီး လိုက်လာတာမလို့ အားနာရပြန်၏။ မျက်နှာလည်း မကောင်းတော့တဲ့ ဘန့်ကြောင့် အားနာစိတ်က ပို၍တိုးလာရုံသာ။
" နောက်နှစ်လလောက်ဆိုရင်တော့ ပြီးမှာပါ။ "
ပန်းချီဆီ စိတ်ရောက်နေသေးတဲ့ ဘယ်လ်လာ့ကို ဂျော်က ပြီးနိုင်လောက်မဲ့အချိန်ပါ တစ်ခါတည်း တွက်ပေးလိုက်တယ်။
" ဟယ် ... အဲ့လောက်ကြာတာလားဟင် ? တကယ်မသိလို့ မေးတာပါနော်။ "
တကယ်မသိတာကြောင့် မည်သည့်စိတ်မှမရှိဘဲ မေးမိခြင်း ဖြစ်တယ်။ ဂျော်ကတော့ ခပ်ပြုံးပြုံး။ သူတစ်ခါပြုံးတိုင်း သွားစွယ်တွေနဲ့သူက တစ်ခါမဲ့တယ်။ မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိပေမဲ့လည်းပေါ့။ ကာယကံရှင်ကိုယ်တိုင်မှလွဲ၍။
" တခြားပန်းချီတွေအတွက်လည်း အချိန်ပေးရလို့ပါ။ မုဒ်ဝင်တုန်း ဆွဲရတာလေ။ "
" စကားမှားသွားရင် တောင်းပန်ပါရစေရှင်။ ဘယ်လောက်ကြာကြာ စောင့်ပါ့မယ်နော်။ အခုတော့ ပြန်ခွင့်ပြုပါဦး။ "
" ဂရုစိုက်ပြန်ပါ။ "
ပန်းချီကားချပ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဘယ်လ်လာက ပြုံးပြကာ ထွက်သွား၏။ သူ(မ)နောက်သို့ ဘန်က ဖြည်းဖြည်းချင်း လိုက်သွားတယ်။ နှစ်ယောက်စလုံးအတွက် ပြောလိုက်တဲ့ စကားဖြစ်သော်ငြား၊ ဘန်ကတော့ သူ့အတွက် မပါဘူးလို့ ကြံဖန်တွေးကာ စိတ်မကောင်းဖြစ်ဖို့ တာဆူနေတယ်။
-
" အဲ့လူက တစ်မျိုးပဲ။ "
" မင်းက နှစ်မျိုးပေါ့။ "
" ဂျော်၊ မင်းဟာလေ ... စကားအကောင်းကို ပြောလို့မရဘူး။ "
ဘယ်လာတို့ ထွက်သွားတာ သိပ်တောင်မကြာသေး။ စာရေးဆရာက စတင်၍ ပေါက်ပေါက်ဖောက်ဖို့ ဟန်ပြင်နေပြီ။ ပန်းသီးကို အလုံးလိုက် ဟိုကိုက်သည်ကိုက်နဲ့ တကျွတ်ကျွတ် မြည်အောင် ဝါးနေရင်းနဲ့မှ သူ့အား မျက်စောင်းလှမ်းထိုးလာတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က ကျန်တာသာ မတူတယ်။ မျက်စောင်းထိုးရတာကိုတော့ တော်တော်သဘောကျကြတဲ့ပုံ။
" ကောင်မလေးက အလှလေးနော်၊ ဟိဟိ။ "
အချောအလှလေးတွေဆို သဘောကျတဲ့ ဒန်နီရယ်က အခုလည်း ဟိုကောင်မလေးကို ရအောင် ငမ်းလိုက်တဲ့ပုံ။ ဂျော်ဖြင့် မနိုင်လို့ ခေါင်းသာခါမိတယ်။
ဂျော်ကတော့ တစ်လနဲ့ ပြတ်မဲ့ ပန်းချီကို ဘာကြောင့် နှစ်လအထိ အချိန်ဆွဲချင်မိလဲဆိုတာကိုသာ အဖြေရှာလို့နေတယ်။ ဂျော်က ပန်းချီနဲ့ ပတ်သက်လျှင် မွေးရာပါ,ပါရမီရှင်ဖြစ်တယ်။ အခုလို ပုံတူဆိုလျှင် ဂျော်သည် တစ်လတောင် မယူလည်း ဖြစ်သည်အထိ။ ထိုမျှလောက်ထိကို သူ့အတွက်က လွယ်ကူတယ်။ ဤစကားဟာ အပိုပြောဆိုခြင်း မဟုတ်။
ူသို့သော်လည်း ဘာကြောင့် အချိန်နှစ်လ ယူချင်မိသလဲဆိုတာ ဂျော်ကိုယ်တောင် အဖြေရှာဖို့ ခက်ခဲနေတယ်။ ဖြစ်နိုင်ပါက နှစ်လထက်ပိုပြီးတော့ကို အချိန်ဆွဲချင်မိ၏။ သည်လို အချိန်ဆွဲခြင်းဟာ ဂျော့်ဘဝမှာ ပထမဆုံးဖြစ်ဖူးခြင်းဆိုလည်း မမှား။ ဂျော်တစ်ယောက် တကယ်ကို ဘာဖြစ်နေမှန်းမသိတာပါ။
" အလှလေးဆိုပေမဲ့ ပိုင်ရှင်ကြီးနဲ့ဆိုတော့ သွားပါပြီ။ "
ဂျော် သူ့ဘေးမှာ ပေါက်ပေါက်ဖောက်လို့ မကုန်နိုင်သေးတဲ့ နီရယ့်ခေါင်းကို ထုချလိုက်တယ်။ မနာအောင် ထုခါမှ၊ တမင်အော်လာတဲ့သူက တကယ်ကို မလွယ်ကြော။ မူယာမာယာလည်း များပါဘိ။
" ဒါမဲ့ မင်းသိလား၊ ဂျော်။ "
ဂျော်က ဘာမှပြန်မပြောဘဲ ကြည့်သာကြည့်နေလိုက်တယ်။ စပ်ဖြီးဖြီး မျက်နှာပေးနဲ့ ဒန်နီရယ်က မျက်နှာပိုးကို သတ်ရင်း ပြောလာတယ်။
" မင်းက ပိုလှတယ်။ "
ဂျော်က မျက်ခုံးတွေကို ပင့်ပစ်လိုက်တယ်။ နီရယ့်ကို ပြန်ပြောမဲ့စကားက ခြံရှေ့ကို ရပ်လာတဲ့ ကားတစ်စီးကြောင့် လေထဲမှာတင် ပျောက်ရှကုန်တယ်။ ထိုင်နေတဲ့ သကောင့်သားကတော့ ပြေးထွက်သွားတာမှ လှစ်ခနဲ။ သူကတော့ အိမ်ထဲကနေပဲ ရပ်ကြည့်နေမိတယ်။
ကြည့်နေစဉ်မှာပဲ ကားထဲက ထွက်လာတဲ့သူကြောင့် ဂျော့်မျက်လုံးတွေက မဆိုသလောက် ဝိုင်းစက်သွားတယ်။ အစောကလေးတင် ဘယ်လ်လာနဲ့အတူ ပြန်သွားတဲ့ ဘန်ဂျမင်က ဘာလို့ပြန်ရောက်လာတာပါလိမ့်။ ကားကလည်း စီးလာနေကျ ကားမဟုတ်ဘဲ တခြားကားတစ်စီးလားလို့ ဂျော်တွေးမိတယ်။ ဒါမှမဟုတ် ဂျော်ကိုယ်တိုင်ကိုက ဘန်ဂျမင်တို့ ဘာကားနဲ့ လာတယ်၊ ပြန်တယ်ဆိုတာကို သတိမထားမိတာလည်း ဖြစ်မယ်။
" ဟိုလေ ... "
သူတစ်ယောက်တည်း ဟိုလိုဖြစ်မယ်၊ သည်လိုဖြစ်လောက်မယ်ဆိုပြီး တွေးလို့ကောင်းနေတုန်းမှာပင် ဘန်ဂျမင်က သူ့ရှေ့ကို ရောက်လို့လာတယ်။ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းတွေက သွေးရောင်လွှမ်းလို့။ ဂျော်သည် အခုချိန်ထိ ဘန်ဂျမင့်ကို သေချာမကြည့်ဖြစ်။ သေချာကြည့်ဖြစ်တော့လည်း ထိုနှုတ်ခမ်းတွေတဲ့လား။ ဘယ်လောက်တောင်မှ ရယ်ချင်စရာကောင်းလိုက်လေသလဲ။
" ကျွန်တော့်မျက်နှာက ရယ်စရာကောင်းနေလို့ထင်တယ်။ "
" အာ ... မဟုတ်ပါဘူး။ "
အတွေးနဲ့ထပ်တူကျစွာ အသံထွက်ရယ်မိသွားတယ်ထင်တယ်။ မျက်တောင်ရှည်တို့ကို ခတ်ရင်း မေးလာတာမို့ ဂျော့်မျက်နှာက ရဲခနဲ။ လက်ကာပြပြီး၊ မဟုတ်ကြောင်း အသည်းအသန် ငြင်းမိတော့ ထိုနှုတ်ခမ်းတွေက ပြုံးပြန်တယ်။ ဂျော်တော့ မကြည့်မိအောင်နေခါမှ ဆက်တိုက် ကြည့်နေမိတော့တာပါပဲ။
" ကျွန်တော့်ဖုန်း ကျန်ခဲ့လို့ပါ။ "
" အာ ... "
ပြန်ရောက်လာတဲ့အကြောင်းကို မေးဖို့ ကြောင်တောင်တောင်နဲ့ ကြည့်နေမိတဲ့ သူ့အဖြစ်ကို ရယ်စရာလို့ ထင်သွားလောက်မယ်။
" အနှောင့်အယှက်ပေးမိသလို ဖြစ်သွားပြီ ထင်တယ်။ "
အခန်းထဲက ပြန်ထွက်လာတဲ့ ဂျော်က ဖုန်းကိုကိုင်လျက် အဆင်ပြေကြောင်း ပြုံးလို့ပြတယ်။ တကယ်ကြီး ဖုန်းကို မေ့ကျန်ခဲ့တာပဲ။ ဒါပေမဲ့လည်း အနှောင့်အယှက်ဖြစ်တယ်လို့ သူ,မထင်ပါ။ ပြန်လာယူရတဲ့သူပဲ အလုပ်များရတာ မဟုတ်လား။ သူက အဆင်ပြေပါတယ်။
" အားနာလိုက်တာဗျာ။ "
ဂျော့်အသိအာရုံတွေက ထိုစကားဆီမှာ ရှိမနေဘူး။ သူ့လက်ကို ဆုပ်ကိုင်လာတဲ့ လက်ဖွေးဖွေးတွေဆီမှာသာ ရောက်လို့နေတယ်။ သူပေးတာ ဖုန်းကိုပဲလေ။ လက်ကိုပါ လာထိမိရအောင် ဖုန်းက သေးသေးလေးမှ မဟုတ်တာ။ ပြီးတော့လည်း ထိုလူ့လက်တွေဟာ သိပ်ကို နွေးထွေးလှတယ်။
" လက်ကို ... "
" ဘယ်လ်လာက ကျွန်တော့်ကောင်မလေး မဟုတ်ပါဘူး။ "
သူက ဂျော်ပြောမဲ့စကားကိုကျ နားမထောင်ဘူး။ သူပြောချင်တာကို ပြောပစ်တယ်။ ပြီးတော့ ဂျော့်မျက်လုံးတွေကိုလည်း ရဲတင်းစွာ စေ့စေ့ကြည့်နေသေးတယ်။ သောင်းကျန်းစပြုနေတဲ့ ဂျော့်နှလုံးခုန်သံတွေကိုတော့ သူ,မကြားနိုင်လောက်ဖို့ မျှော်လင့်တယ်။ ဂျော်တော့ ဆေးခန်းပြဖို့ လိုအပ်နေပြီ။ ဘာလို့ အဲ့လောက်ထိ အသက်ရှူ တွေမြန်နေတာပါလိမ့်။
" ဘာလုပ်နေကြတာလဲ ? "
" ဖုန်းကျန်ခဲ့လို့တဲ့လေ။ "
နီရယ်က ဂျော့်အတွက် ကယ်တင်ရှင်ဆိုလျှင် ဘန့်အတွက်တော့ အချိန်ကိုက် အနှောင့်အယှက်ပေးဖို့ ရောက်လာတဲ့သူနဲ့ တူတယ်။ အနောက်ခန်းထဲသို့ လှစ်ခနဲ ဝင်သွားတဲ့ ပန်းချီဆရာရဲ့နောက်ကျောလေးကို ကြည့်ပြီး ဘန်က အောက်နှုတ်ခမ်းကို အရှေ့သွားတွေနဲ့ နာနာလေး ဖိကိုက်လိုက်မိတယ်။ ဤပန်းချီဆရာလေးထံ၌ ဘန်သည် တကယ်ကို နစ်မြောနေမိပြီ။
--
" ဘယ်လိုပျော်စရာတွေကများ အခုလို ပြုံးပျော်အောင် လုပ်နိုင်တာပါလိမ့်။ "
တွေးတွေးဆဆပြောလာတဲ့ စကားသံက သူ့နားထဲသို့ ဝင်လာသည့်တိုင် သူသည် မကြားဟန်ပြုနေဆဲ။ နှုတ်ခမ်းထက်မှာ ချိတ်ဆွဲထားတဲ့ အပြုံးတွေကတော့ အခုထိ အရှိန်မသေသေးနိုင်သလို။
" ဘန်ဂျမင် "
" ဟုတ်ကဲ့ "
ပြန်ထူးတဲ့တိုင် ဘန်က ဘာကိုတွေးလို့ ပြုံးတုံ့တုံ့ဖြစ်နေတာပါလိမ့်။ ဦးလေးဖြစ်သူခမျာ တွေးတောလို့တောင် မရနိုင်။ ပုံမှန်မဟုတ်တဲ့ ဘန်က သည်ရက်ပိုင်း ပိုလို့တောင် ထူးဆန်းနေတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးတတ်နေပြီး၊ တစ်ခါတစ်ခါကျ သူ့လက်ဖဝါးသူကိုင်ကြည့်ကာ သွားစွယ်တွေ ပေါ်သည်အထိ ရယ်နေတတ်ပြန်ရော။
" ဘယ်လ်လာ့အဖေက မေးနေတယ်။ မင်းတို့နှစ်ယောက် ဘယ်အနေအထားအထိ ရောက်ကြပြီလဲတဲ့။ သူက မင်းတို့ကို ဒီနှစ်ထဲမှာပဲ လက်ထပ်ပေးချင်နေတဲ့ပုံပဲ။ "
မဖုံးဖိနိုင်အောင် ပြုံးနေတဲ့ နှုတ်ခမ်းတွေက ထိုစကားအနောက်တွင်တော့ မဲ့ကျသွားတော့မယောင်။ ကြည်နူးမှုတွေဟာ လေဟာနယ်ထဲ၌ အလွင့်လွင့်။ အလုပ်စားပွဲမှာ ထိုင်နေတဲ့ ဘန်က ဆိုဖာမှာ ထိုင်နေသော သူ့ဦးလေးကို လှမ်းကြည့်လိုက်တယ်။ သူ့စကားကို စောင့်နေပုံရတဲ့ ဦးလေးကလည်း သူ့ကို ကြည့်လျက်သား။ ဘန့်အနေနဲ့ တစ်ခုခုကို ပြောလိုက်ချင်ပေမဲ့၊ ဘယ်လိုပြောရမှန်းမသိတာက ပို၍ ခက်ခဲလှ၏။
" ပြောလေ ဘန်ဂျမင်၊ ပြောစရာရှိတယ်မလား ? "
ဘန့်အနေနဲ့ ပြောစရာက သိပ်ရှိတာပေါ့။ သို့သော်လည်း မည်သူမျှ ဝင်လာခြင်း၊ ထွက်သွားခြင်း မရှိတဲ့ တံခါးကို ကြည့်လျက် ဘန်က လေးပင်စွာဖြင့် ခေါင်းခါပြလာတယ်။ ပြောစရာက တစ်ခွန်းတည်းဖြစ်သော်ငြား၊ ပြောချင်သလို ပြောချလိုက်လို့ အားလုံးအတွက် ထိခိုက်နစ်နာသွားလေမလားဆိုတဲ့ အတွေးက သူ့ကို တားဆီးနေတယ်။
ဘန်က မိုက်ရူးရဲဆန်တတ်တဲ့ အရွယ်ကို ကျော်လွန်လာတာဖြင့် ကြာပြီ။ ထိုအရွယ်တုန်းကလည်း သူက လုပ်ချင်ရာ စွတ်လုပ်တတ်တဲ့သူ,မဟုတ်။ အရာအားလုံးကို သေချာချင့်ချိန်နိုင်တဲ့ ယခုအရွယ်တွင်တော့ ဘန်က ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်နေပြီ။ မည်သူမျှ တစ်စုံတစ်ရာ နစ်နာမှု မရှိရလေအောင် ပြုမူတတ်ဖို့ ကောင်းစွာသင်ယူခဲ့ပြီးပြီဖြစ်တယ်။
--
" ဘယ်လ်လာက ဒီနေ့တစ်ရက်တော့ နေမကောင်းလို့ပါ။ "
" ကျွန်တော် မနေ့က ဖုန်းဆက်တော့ လာလို့အဆင်ပြေတယ်လို့ ပြောပါတယ်။ တစ်ရက်တည်းနဲ့ ဘယ်လိုဖြစ်သွားတာပါလိမ့်။ "
ဘန်ဂျမင်က ဘာမှဆက်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေတာကြောင့် ဂျော့်ခမျာ ဘာဆက်ပြောရမှန်းတောင် မသိတော့။ ' ပြန်တော့လေ။ ' ဆိုပြီး ပြောဖို့ကျတော့လည်း ရိုင်းရာကျနေမယ်ဆိုတာ သူသိတယ်။ ဒါ့ကြောင့် ဘယ်လိုစကားစ,ရမလဲမသိပါ။ သူ့ရှေ့တည့်တည့်မှာ ရပ်နေတဲ့သူကလည်း တုပ်တုပ်တောင် မလှုပ်ဘဲ သူ့အား စိုက်သာ ကြည့်လို့နေလေရဲ့။
ဒန်နီရယ်ကလည်း စာမူကိစ္စနဲ့ စာအုပ်တိုက်ကို ရောက်နေတာကြောင့် လောလောဆယ် အိမ်မှာ သူနဲ့ ဘန်ဂျမင်နှစ်ယောက်တည်းသာ။ အနေခက်ရမှုကြီးကလည်း သူ့အတွက် ဆိုး၏။
" ဂျော် "
" ဗျာ ? "
ပန်းချီဆရာလေးအား ဘန် ဘယ်လိုမှ ကြည့်မဝပါ။ မရိုးအီနိုင်လောက်တဲ့ ဤအလှအပလေးအား သူသည် ဘဝတစ်သက်တာအတွက် ထာဝရ ကြည့်ရှုချင်မိတယ်။ သူ့ဘေး၌ တစ်သက်လုံး နေစေ၍ပင်။ ပန်းချီဆရာလေးနဲ့ အတူရှိတဲ့အချိန်တိုင်း သူဟာ အရာအားလုံးကိုတောင် မေ့တေ့တေ့။ ထိုမျှလောက်ထိကို ပြုစားနိုင်တဲ့ သူပါလေ။
" ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ပေးလို့ရမလားဟင် ? "
မျှော်လင့်ချက်တွေအပြည့်နဲ့ မျက်လုံးနက်နက်တွေက ဂျော်နီဘရန်ဒို့အတွက် အဖြေတစ်ခုတည်းကိုသာ ယူဆောင်ပေးလာတယ်။ ဂျော်ဟာ အားမနာတတ်တဲ့သူပီပီ ဤကိစ္စတွင်လည်း အားနာနေဖို့ အတွေးမရှိ။ သူ့စိတ်ထဲ၌ ဖြစ်ချင်တာကိုသာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောမဲ့သူမျိုး ဖြစ်တယ်။
" ဖြစ်ခွင့်ရှိတာပေါ့။ "
ဒါဟာ ဂျော့်စိတ်ရင်းဆိုတာကို သူသိလောက်မယ်လို့ မျှော်လင့်မိပါတယ်။
--
" ကျွန်တော့်ကို တစ်ခုခု ပြောစရာမရှိဘူးလား၊ ဘန် ? "
ဘန့်မျက်ခုံးတို့ ပင့်သွားမိလျက်သား။ သူ့ကို ကြည့်နေတဲ့ ပန်းချီဆရာလေးက ပုံမှန်အတိုင်း မပြုံးတပြုံးအနေအထားဖြင့် ခပ်အေးအေး။ အဲ့လိုနေတာလေးကိုက ဘန့်အတွက် မြတ်နိုးရာလေးဖြစ်နေရတာ။
" ဘာကို ပြောတာလဲ ၊ ဂျော် ? "
ပန်းချီဆရာလေး၏ဆိုလိုရင်းကို ဘန်သည် တကယ်မသိတာပင်။ ပန်းချီဆရာလေး၏နှုတ်ခမ်းထောင့်စွန်းတွေက သိသိသာသာ ကွေးတက်သွားတယ်။
" ဟိုတစ်နေ့က ဘယ်လ်လာ နေမကောင်းဘူးဆိုပြီး ပြောတဲ့အကြောင်းလေ။ မနေ့က ဘယ်လ်လာက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ဂျော် နေကောင်းပြီလားတဲ့။ "
မလုံမလဲဖြစ်သွားတဲ့ ဘန့်မျက်နှာချောချောကို ကြည့်ရတာဟာ ဂျော့်အတွက် အရသာရှိတယ်လို့ ခံစားမိတယ်။ ပျော်ဖို့လည်းကောင်းတယ်။ ဘန်က သူ့အမြင်မှာ မလိမ်တတ်တဲ့ ကလေးလေးက အလိမ်မိသွားတော့ လန့်သွားသလိုလေး ဖြစ်နေတာကြောင့် သူ့မှာ သဘောတကျဖြစ်ရပြန်တယ်။
ဒါပေမဲ့လည်း သူသိချင်မိပါရဲ့။ ဘန်က ဘာကြောင့် အဲ့လိုလိမ်ရတာလဲဆိုတာကိုလေ။
" အကြောင်းပြချက်ကတော့ သေချာပေါက် ရှိမှာပါနော်။ ဟုတ်တယ်မလား။ "
ငြိမ်သက်နေတဲ့ ဘန်က သူ့မျက်လုံးတွေကိုတော့ အနားမပေးဘဲ လှုပ်ရှားနေတယ်။ သို့ပေမဲ့ ဂျော့်မျက်လုံးတွေနဲ့တော့ ထိပ်တိုက်မတွေ့မိအောင် ရှောင်တိမ်းနေ၏။ ဂျော်ကတော့ မရယ်မိအောင် ထိန်းနေရတာ မလွယ်ကူလှ။ မျက်နှာတည်ကို ပြန်တည်လိုက်ကာ ချောင်းဟန့်လိုက်ပြီး ...
" အကြောင်းပြချက် ပေးစရာမရှိဘူးဆိုရင်လည်း ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ထွက်လာတာလည်း ကြာပြီဆိုတော့။ "
တကယ်လည်း ထွက်လာတာ နည်းနည်းကြာပြီ။ တော်ရုံဆိုလျှင် ပြခန်းကို သွားတဲ့အချိန်ကလွဲပြီး သူသည် ဘယ်မှသိပ်မသွားဖြစ်။ ဒန်နီရယ်တောင်မှ ပြောမရတဲ့အဆုံး နေချင်သလိုသာနေ ဆိုပြီး လွှတ်ပေးရသည်အထိကို သီးသန်နေလွန်းတဲ့ ဂျော်သည် ဘာကြောင့်မှန်းမသိ အအေးတိုက်ပါရစေဆိုတဲ့ ဘန့်တောင်းဆိုမှုကိုတော့ နှစ်ခါတောင် ပြန်မစဉ်းစားဘဲ လက်ခံခဲ့၏။ အအေး မသောက်ဖူးတာလည်း မဟုတ်ဘဲနဲ့ ဂျော်က ချက်ချင်း ခေါင်းညိတ်ခဲ့မိတယ်။ ပြန်တွေးကြည့်တော့လည်း ဂျော့်မှာ ရယ်ချင်မိတာပါပဲ။
" ဂျော် "
" ပြောလေ၊ ဘန်။ "
ပြန်တော့မဲ့သူ့ကို ဘန်က မဝံ့မရဲ ကြည့်လာတယ်။
" ကိုယ် မကြိုက်လို့ပါ။ "
တစ်လျှောက်လုံး ' ကျွန်တော် ' ဆိုတဲ့ နာမ်စားကိုပဲ သုံးလာခဲ့တဲ့ ဘန်ဂျမင်က သူ့မျက်လုံးတွေကို စိုက်ကြည့်ကာ ဆိုလာလေရဲ့။ ' ကိုယ် ' တဲ့လေ။ ပြီးတော့လည်း ဘန်ဂျမင်က မကြိုက်ဘူးတဲ့။
ဂျော်က သူနားလည်သလို အဓိပ္ပါယ်ကောက်လိုက်တယ်။ နှုတ်ခမ်းပါးတို့ကို ကွေးညွှန့်လိုက်ရင်း ဘန့်ကို စိတ်မပူရန် ပြောဖို့ ပြင်လိုက်တယ်။ သူ စိတ်မဆိုးပါဘူး။ နားလည်ပေးနိုင်ပါတယ်။
" စိတ်မပူပါနဲ့၊ ဘန်။ ကျွန်တော်က ပိုင်ရှင်ရှိပြီးသား မိန်းကလေးကို စိတ်နဲ့တောင် မပစ်မှားပါဘူး။ ဘန်နဲ့သူက တစ်ချိန်ကျ သက်ဆိုင်ကြမဲ့သူတွေဆိုတာ ကျွန်တော် သိနေတာပဲ။ အဲ့တာကြောင့် စိတ်မပူလည်း ဖြစ်ပါတယ်။ ပန်းချီဆွဲပြီးတာနဲ့ အားလုံးက သူ့နေရာသူ ပြန်ဖြစ်သွားမှာပါ။ "
တစ်ယောက်ကတော့ အဓိပ္ပါယ်တလွဲကောက်လိုက်ပြီ။ ဖြေရှင်းဖို့အတွက် တွန့်ဆုတ်နေတဲ့ ဘန့်အတွက် ဖြေရှင်းချက်တွေဟာ လည်ချောင်းထဲမှာတင် တစ်နေဆဲ။ ဦးနှောက်က မြန်မြန်ဖြေရှင်းချက်ပေးဖို့ တွေးနေပေမဲ့ စကားလုံးတွေက ထွက်မလာခဲ့။
" အဲ့တာဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ဘန်လိုက်မပို့နဲ့တော့နော်။ ကိုယ့်ဘာသာ ပြန်လိုက်ပါတော့မယ်။ "
" ဘယ်လ်လာ့ကို မဟုတ်ဘူး။ "
သူတို့နှစ်ယောက်သာ နီးကပ်နေပါက ချွေးစို့နေတဲ့ ဘန်ဂျမင့်နားထင်စတွေကို မြင်ပါလိမ့်မယ်။ လက်ဖဝါးနှစ်ဖက်ကို အဆက်မပြတ် ပွတ်သပ်နေတဲ့ဘန်က အတော်လေး စိတ်လှုပ်ရှားနေတယ်ဆိုတာ ဘေးက သူတိုင်း ရိပ်မိနိုင်တဲ့အနေအထားပင်။ ဂျော်ကတော့ နားမရှင်းစွာဖြင့် ဆက်ပြောလာမည့် စကားတို့ကို နားစွင့်နေ၏။
ဘန်ဂျမင်က သည်တစ်ခါတော့ သူ့ကို စိုက်မကြည့်တော့ဘူး။ မဟုတ်သေးဘူး၊ စိုက်မကြည့်နိုင်တာဆို ပိုမှန်လိမ့်မယ်။ နားမလည်ခြင်းတွေ ပါနေတဲ့ သူ့မျက်လုံးတွေက ဘန့်စကားတွေ ရှေ့ဆက်ဖို့အတွက် အတားအဆီးတွေဖြစ်နေသလိုမျိုး။ တခြားဘက် တစ်နေရာဆီသို့ ဘန်က မျက်လုံးကစားလိုက်ရင်း အသက်ပြင်းပြင်းရှူ ချကာ ပြောလာတယ်။
" ကိုယ် ဂျော့်ကို သူနဲ့ မနီးစပ်စေချင်တာ။ အဲ့တာက သူ့ကို သဘောကျလို့ပဲ မဟုတ်ဘဲ၊ ဂျော့်ကို သဘောကျလို့။ ပန်းချီဆရာလေးကို မြင်မြင်ချင်းကတည်းက ချစ်မိသွားလို့ အသေးအဖွဲကအစ သဝန်တိုရပါတယ်။ ဘယ်သူ့အတွက်မှ မလှုပ်ရှားခဲ့တဲ့ ကိုယ့်ရင်ထဲကို ဝင်လာခဲ့တယ်။ တဖြည်းဖြည်းချင်း နေရာယူပြီးရင် ယူလာတယ်။ အချိန်က ခဏလေးပါပဲ။ ကိုယ်ကတော့ ပိုပိုပြီး မြတ်နိုးလာရတယ်။ "
ဘန်က မပြောတတ်ပေလို့ပဲ။ ပြောများပြောတတ်ပါက ကဗျာဆရာ ဘန်ဂျမင်ဆိုပြီး ကဗျာတွေ၊ စာတွေတောင် ရေးစားလို့ရနေလောက်ပြီ။
ရင်တွေ အဆက်မပြတ်ခုန်နေတဲ့ ဘန်က သူ့နှုတ်ခမ်းပါးဆီမှ ထွက်လာမဲ့စကားတွေအတွက် စိတ်လှုပ်ရှားနေသည်မှာ မဖုံးမဖိနိုင်လောက်အောင်အထိ။ သို့သော်ငြား ဂျော်သည် သူမျှော်လင့်ထားသလိုမဟုတ်ဘဲ ငြိမ်သက်နေတယ်။ တည်ငြိမ်လွန်းတာကြောင့် သူ့မှာ တကယ်ကို လန့်လာမိ၏။
" ပြန်လိုက်ပါဦးမယ်။ "
သည်တစ်ကြိမ်တွင်တော့ ဘန့်မှာ သတ္တိတွေ မရှိတော့။ အေးဆေးတည်ငြိမ်စွာ ထွက်သွားပြီဖြစ်တဲ့ ဂျော့်ကိုလည်း သည်အတိုင်းသာ ရပ်ကြည့်နေမိတော့တယ်။
--
16,5,2022
💟
- One shotကို အပိုင်းတိုအနေနဲ့ ဖြန့်ချထားတာမို့ သုံး၊ လေးပိုင်းလောက်နဲ့ ပြီးမှာပါ။ တချို့နေရာတွေ မြန်နေခဲ့ရင် အတိုအနေနဲ့ ရေးထားတာဖြစ်လို့ မြန်လိုက်ရတာဖြစ်ကြောင်း နားလည်ပေးစေချင်ပါတယ်။ ပျင်းစရာကောင်းနေမှန်းလည်း သိပါတယ်။ (╯︵╰,) -
--
-ZAWGYI-
" အာ ... ဟုတ်။ "
" ဂျော်နီ "
You are reading the story above: TeenFic.Net