အခန်း၉။ ဘယ်သူက အောက်ဆုံးမှာလဲ
ဤအဖြစ်အပျက်ကြောင့် လူတိုင်း ကြောင်ကြည့်နေကြသည်။ သူတို့အကုန်လုံး တကယ့်ကို တုန်လှုပ်သွားကြသည်။
ဘယ်သူပဲကြည့်ကြည့် ကျောက်ယွမ်သည် ချီကျင့်ကြံခြင်း အဆင့်ငါး စွမ်းအားများကို ထုတ်လွှတ်နေလေသည်။
ထိုအရာက အတုလုပ်၍မရချေ။
သူက အဆင့်တစ်မှာ မဟုတ်တော့ဘူးလား..!
အဆင့်သုံးနှင့် အဆင့်လေးမှာပဲရှိကြသေးသည့် တပည့်များအကုန် ရှုံ့မဲ့သွားလြေသည်။
ကျောက်ယွမ်က အကုန်လုံး၏အောက်မှာ မဟုတ်တော့လျှင် အောက်ဆုံးက ဘယ်သူလဲ။ သူတို့လား..။
အားလုံးမှာ ဘာမှမပြောနိုင်တော့သည့်အထိ တုန်လှုပ်နေကြသည်။ ထိုအခိုက်အတန့်မှာတော့ သူတို့စိတ်ထဲ ဗလာကျင်းသွားလေသည်။
စုဝမ်ရီလည်း အံဩသွားခဲ့ပြီး သူမ၏ပါးစပ်သည်ပင် အနည်းငယ်ဟသွားခဲ့သည်။ ကျောက်ယွမ်ကို ကြည့်လိုက်မိချိန်၌ သူမ၏လှပသောမျက်လုံးထဲတွင် ထူးဆန်းမှုတို့ ဖြတ်ပြေးသွားလေသည်။
သူမလည်း မယုံကြည်နိုင်ဖြစ်နေသည်။ ဤသည်က စိတ်ဝိညာဉ်တောင်ကြားထဲတွင် ပျံ့နှံ့နေသည့် ကျောက်ယွမ်၏ ဂုဏ်သတင်းကြောင့်ဖြစ်လေသည်။
သူမသည် သူက အခုမှအဆင့်တစ်မှာသာရှိသေးသည်ဟု ကြားထားခဲ့သည်။ မူလက သူမလည်း သေချာသတိမထားခဲ့မိပေ။ ယခု ရှောင်အာပြောလိုက်မှသာ သူမ သေချာပြန်ကြည့်လိုက်မိသည်။
"ငါမှတ်မိသလောက်ကတော့ လွန်ခဲ့တဲ့ သုံးလလောက်တုန်းက သူက အဆင့်တစ်မှာပဲ ရှိနေခဲ့သေးတာပါ။ အဆင့်တက်သွားမဲ့ပုံလည်း မပေါ်ပါဘူး။"
စုဝမ်ရီက သူမကိုယ်သူမ ပြောလိုက်မိသည်။
သူမ၏ လှပသောမျက်လုံးများသည် ကျောက်ယွမ်ကို မယုံကြည်နိုင်စွာကြည့်လိုက်မိသည်။
*ပြီးခဲ့တဲ့သုံးလလောက်တုန်းက သူ့ကျင့်ကြံခြင်းက အဆင့်တစ်မှာပဲ ရှိနေသေးတာကို။ အခုကျတော့ အဆင့်ငါးကိုရောက်နေတာတဲ့လား*
*သူက အရင်ကတည်းက သူ့ကိုယ်သူဖုံးကွယ်ထားတာလား ဒါမှမဟုတ် တကယ်ပဲ သူ့ပါရမီက မြင့်မားနေတာများလား*
စုဝမ်ရီက ဤကိစ္စနှင့်ပတ်သတ်ပြီး တွေးနေမိသော်လည်း အဖြေနှစ်ခုလုံးက အံ့အားသင့်စရာကောင်းနေလေသည်။ သူမ ဆက်တွေးမနေတော့ဘဲ ကျောက်ယွမ်ကိုသာ စိတ်ဝင်စားမှုတစ်ချို့ဖြင့် ကြည့်လိုက်ပြန်သည်။
သူက ဘယ်လိုလူများလဲ။
သူမ အနည်းငယ်သိချင်လာမိသည်။
"လူတိုင်း တဖြည်းဖြည်း တိုးတက်လာကြတာပဲလေ။ အဲ့တာပုံမှန်ပဲမလား။"
ကျောက်ယွမ်သည် ရှောင်အာ၏ ခေါင်းလေးကို ပုတ်လိုက်ပြီး ဘာမှမထူးဆန်းသလိုပြောလိုက်သည်။
သူ့အပြုအမူက လုအုပ်ကြီးကို စိတ်ခံစားချက် အမျိုးမျိုးဖြစ်သွားစေသည်။ ကျောက်ယွမ်သည် သူတို့ကိုလုံးဝစိတ်ထဲပင်မထားချေ။
သူသည် အခန်းထဲက အချိန်မှတ်နာရီကိုကြည့်လိုက်ပြီး နာရီဝက်ကုန်သွားမှန်းတွေ့လိုက်ရသည်။ သူ့အတွက် အချိန်က အဖိုးတန်ပြီး ဖြုန်းစရာ တစ်စက္ကန့်ပင်မရှိချေ။
အချိန်ကငွေပဲလေ။
ကျောက်ယွမ်သည် ရှောင်အာနှင့် စုဝမ်ရီတို့ကို နှုတ်ဆက်လိုက်ပြီး ဆေးဖော်ရန် ပြင်တော့သည်။
"စီနီယာအမစု ကျွန်တော်ဆေးစဖော်တော့မယ်။ အချိန်မရှိတော့ဘူး။"
စုဝမ်ရီသည် အခန်းထဲက အချိန်မှတ်နာရီကို ကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်လေသည်။
ရှောင်အာက နှုတ်ခမ်းလေးဆူလိုက်ပြီး ကျောက်ယွမ်ကို စိတ်မပါသည့်အမူအရာနှင့် ကြည့်လိုက်လေသည်။ သူမ၏ သနားစရာအမူအရာလေးက လူတိုင်းကို စာနာသွားစေလေသည်။
သူတို့က ရှောင်အာကိုသွားနှစ်သိမ့်ချင်နေကြသည်။ သို့သော်လည်း စီနီယာအမစု၏ အကြည့်ကြောင့် ရှေ့သို့ ဆက်မတိုးရဲကြချေ။
ကျောက်ယွမ်သည် မိန်းမပျိုနှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး
လူတိုင်းက ဤအရာကိုမြင်လိုက်ရချိန်မှာတော့ ကျောက်ယွမ်ကို အတော်မနာလိုသွားလေသည်။ စီနီယာအမစုရော ရှောင်အာရောက မိန်းမလှလေးများဖြစ်ကြသည်။ အကယ်၍ သူတို့သာကျောက်ယွမ်ဆိုပါက ထိုမိန်းမလှလေးနှစ်ယောက်နှင့် စကားပြောရဖို့ကိုပျော်ရွှင်နေကြမည်ဖြစ်သည်။
ဤသည်က သူတို့အတွက် နတ်ဘုရားမလေးနှစ်ပါးနှင့် ရင်းနှီးနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ သို့သော် ကျောက်ယွမ်ကတော့ သူတို့ကပင် သူ့ကိုနှောင့်ယှက်နေသကဲ့သို့ဖြစ်နေလေသည်။ *ဒီအချိန်က ဆေးသန့်စင်ဖို့ အချိန်ကောင်းရော ဟုတ်ရဲ့လား။ *
*ဒီကောင်က ယောက်ျားရောဟုတ်ရဲ့လား။*
*သူဘယ်လောက် ကံကောင်းလဲဆိုတာကို မသိတာလား။ *
ဂျိဟာသည် ဖြစ်သမျှအကုန် အစကနေအဆုံးအထိ မြင်နေခဲ့သည်။ သူသည် အသံလွှင့်ကျောက်တုံးကို ယူကာ ချင်ရှုဆီသို့ သတင်းပို့လိုက်သည်။
ဤကြားထဲ သူက သုံးခါလောက်ခေါ်နေခဲ့သည်။ ချင်ရှုတစ်ယောက် ဘာလုပ်နေမှန်းမသိပေ။ သူသ် အခုထိမလာသေးချေ။
ဂျိဟာသည် ချင်ရှုက ရှောင်အာကို ကြိုက်နေမှန်းသိလေသည်။ ယခုကြည့်ရသလောက်ဆိုရင် ရှောင်အာက ကျောက်ယွမ်နှင့် အတော်လေးရင်းနှီးသည့်ပုံပေါက်လေသည်။
"ဘာလို့မလာသေးတာလဲ"
ဂျိဟာက အသံလွှင့်ကျောက်တုံးကို စိုးရိမ်မှုအပြည့်နှင့် ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။ သို့သော်လည်း မည်သည့် တုံ့ပြန်မှုမှ ရောက်မလာသေးချေ။
တစ်ဖက်တွင်မူ စိတ်ဝိညာဉ်တောင်ကြား၏ အကြီးအကဲဂူထဲ၌ ချင်ရှုက ဒူးထောက်နေလေသည်။ အနက်ရောင် ဝတ်ရုံနှင့် လူကြီးတစ်ယောက်က သူ့ရှေ့တွင် ထိုင်နေသည်။
"ချင်ရှု မင်းက ချိုးဖောက်နိုင်တော့မယ်။ နောက်သုံးလလောက် လျှောက်သွားမနေနဲ့တော့။ အာရုံစိုက်ပြီး ကျင့်ကြံ။ နောက်သုံးလနေရင် ကျင်းပမယ့် အကဲဖြတ်ပွဲအတွက် ပြင်ဆင်ထား။ နားလည်လား။"
ချင်ရှုက ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။
"နားလည်ပါတယ်ဆရာ"
သူ့ရှေ့ရှိ လူကြီးသည် သူ့ဆရာပင်ဖြစ်လေသည်။ ထို့အပြင် သူ့ဆရာသည် စိတ်ဝိညာဉ်တောင်ကြားတွင် ရာထူးနှင့်အဆင့်အတန်းမြင့်မားသော အကြီးအကဲတစ်ယောက်ဖြစ်လေသည်။
သူသည် သူ့ဆရာစကားတော့ နားထောင်ရလေသည်။
"ထတော့"
ချင်ရှုက ထလိုက်ပြီး သူ့ဆရာကိုကြည့်လိုက်သည်။
သူ့ဆရာက အကြံပေးလိုက်သည်။
" မင်းအနေနဲ့ နောက်သုံးလလုံး အပြင်းအထန်လေ့ကျင့်ပြီးတော့ အခြေခံတည်ထောင်ခြင်းအဆင့်ကို ရောက်အောင်လုပ်ရမယ်။ အဲ့တာမှ နောက်လာမယ့် အကဲဖြတ်ပွဲမှာ ထိပ်ဆုံးအဆင့်ဖို့ သေချာနိုင်မှာ"
"ထိပ်ဆုံးနေရာတွေကိုရနိုင်မှ မင်းမှာ သူများတွေနဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်မဲ့ အခွင့်အရေးရလိမ့်မယ်။ မင်းကျရှုံးရင်တော့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ နားလည်လား"
"နားလည်ပါတယ် ဆရာ"
ချင်ရှုက နားလည်ဟန် ခေါင်းညိတ်လိုက်လေသည်။
သူ့တပည့်ကိုကြည့်ရင်း လူကြီးက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး သက်ဝင်ဆေးပုလင်းတစ်ခုထုတ်လိုက်ကာ ချင်ရှုဆီကိုပေးလိုက်လေသည်။
"ကောင်းကောင်းကျင့်ကြံ"
ချင်ရှုသည် ဆေးပုလင်းကိုကြည့်လိုက်ပြီးတော့ စိတ်လှုပ်ရှားသွားလေသည်။
သူ့အနေနှင့် သူ့ဆရာက အကဲဖြတ်ပွဲကို ထိုမျှလောက်အလေးထားမည်ဟု မထင်ခဲ့ပေ။ သူ့ကို သက်ဝင်ဆေးလုံးများပါ ပေးလိုက်သေးသည်။
သက်ဝင်ဆေးလုံးများသည် အခြေခံတည်ထောင်ခြင်းအဆင့်အောက် ကျင့်ကြံသူများအတွက် အကောင်းဆုံးဆေးဖြစ်ပေသည်။
ချီကျင့်ကြံခြင်းအဆင့်ကျင့်ကြံသူတို့အတွက် အလွန်အသုံးဝင်လေသည်။ စိတ်ဝိညာဉ်ချီများကို ပိုပြည့်ဝကာ အခြေခံကို ခိုင်မာစေသည်။
ထိုဆေးတွင် နောက်ထပ် သက်ရောက်မှုတစ်ခုရှိသေးသည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်ချီများကို သန့်စင်ပေးနိုင်ခြင်းဖြစ်သည်။
ထိုအရာက ကျင့်ကြံသူတစ်ယောက်၏ အခြေတည်ထောင်ခြင်းအဆင့်ကို ချိုးဖောက်ရာ၌ အခွင့်အရေးကို တိုးစေနိုင်သည်။
ကျင့်ကြံသူတစ်ယောက်၏ ချီမှာ သန့်စင်လေ အခြေခံတည်ထောင်ခြင်းအဆင့်ကို ချိုးဖောက်နိုင်ဖို့ အခွင့်အရေးများလေဖြစ်သည်။
အပြင်ကမ္ဘာတွင်မူ ဤဆေးလုံးများသည် အခြေခံတည်ထောင်ခြင်းအောက်က ကျင့်ကြံသူတိုင်း အသည်းအသန် လိုချင်နေကြသည့် ဆေးများဖြစ်လေသည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ချင်ရှုသည် သူ့လက်ထဲက ဆေးလုံးများကိုကြည့်လိုက်ပြီး လူကြီးကို ဒူးထောက်ဦးညွှတ်လိုက်ကာ ကျေးဇူးတင်ကြောင်းပြလိုက်သည်။
"အင်း သွားတော့"
လူကြီးက သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
သူ့ဆရာက တွေးလိုက်သည်။ "ငါ့မျှော်လင့်ချက်တွေ အကုန်လုံးကဆော့ မင်းအပေါ်မှာပဲ။ အဲ့တော့ ငါ့ကိုစိတ်မပျက်ရစေနဲ့။"
ချင်ရှုသည် ဂူထဲကနေ ထွက်လာပြီးနောက် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။
ဤသက်ဝင်ဆေးလုံးများဖြင့်ဆို သူသည် အခြေခံတည်ထောင်ခြင်းအဆင့်ကို ချိုးဖောက်ဖို့ရန် စိတ်ပူစရာမလိုတော့ချေ။
သူစိတ်ကောင်းဝင်နေချိန်၌ သူ၏ အသံလွှင့်ကျောက်တုံးမှ တုန်ခါလာခဲ့သည်။ သူ ထုတ်ကြည့်လိုက်သည့်အခါမှာတော့ ဂျိဟာ၏အသံ ထွက်ပေါ်လာလေသည်။
"အကို၊ ကျောက်ယွမ်က ဆေးလုံးတွေသန့်စင်နေတယ်။ လာပြီးတော့ ကြည့်ချင်လား။ ဟားဟား ကျွန်တော်တော့ ရယ်ရလို့သေတော့မယ်။"
"အကို၊ မလာသေးဘူးလား။ ကျောက်ယွမ်ကို လွတ်သွားလိမ့်မယ်နော်။ မြန်မြန်လေး"
ချင်ရှုက ဂျိဟာ၏စကားများကို ကြားပြီး မပြုံးဘဲ မနေနိုင်ချေ။
လူတိုင်းက ဆေးဖော်နိုင်ကြသည်မဟုတ်ပေ။
"အကို ရှောင်အာက ဆေးဖော်ခန်းကိုရောက်လာပြီး ကျောက်ယွမ်နဲ့ အတူရှိနေတယ်။ စီနီယာအမစုရော။"
ဘာ...
ချင်ရှုက ကျောက်ယွမ်ကို ရယ်နေရာကနေ ရှောင်အာက ကျောက်ယွမ်နှင့် အတူရှိနေသည်ဆိုတာကို ကြားလိုက်ရချိန်မှာတော့ သူ့အပြုံးများက ပျောက်ကွယ်သွားလေတော့သည်။
ဂျိဟာ ပို့ထားသည်က မပြီးသေးပေ။
"ဘာလို့ မလာသေးတာလဲ။ ရှောင်အာနဲ့ကျောက်ယွမ်တို့က ရယ်လိုက်မောလိုက်နဲ့။ ဘာတွေဖြစ်နေလဲမသိဘူး။ မြန်မြန်လေး"
ဂျိဟာ၏အသံသည် ပိုပိုလောလာပြီး ချင်ရှု၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲကာ မည်းမှောင်သွားလေသည်။
ကျောက်ယွမ်နှင့် သူချစ်နေရသော ရှောင်အာက တူတူရှိနေသည်ဆိုတာကို ကြားလိုက်ရသည့်အခါ သူကချက်ချင်းပဲ ဒေါသထွက်သွားလေသည်။
သူကကျောက်ယွမ်ကို ကျိန်ဆဲလိုက်ကာ "ကျောက်ယွမ် မင်းကသေချင်နေတာပဲ"
အဂ္ဂိရက်ခန်းမဆီကို သွားနေရင်း သူ့မျက်နှာမှာ ပိုအေးစက်လာလေသည်။
ဒေါသထွက်ပြီး သူ့ဆရာပြောထားသော စကားများကိုပင် မလိုက်နာနိုင်တော့ချေ။
You are reading the story above: TeenFic.Net