အပိုင်း (၉)
ဝူလီနဲ့ ယွင်ယွီက ငယ်သူငယ်ချင်း ကစားဖော်ကစားဖက်တွေ တစ်ယောက်နဲ့တစ်ယောက်လည်း ဖုန်းနံပါတ်တွေကိုယ်စီ ရှိပြီးသား။ တစ်ခါတလေကျရင် စကားပြောကြတယ်လေ။ သူတို့က ပုံမှန်ဆို တရုတ်နှစ်ကူးမှ တွေ့ကြလေ့ရှိတယ်လေ။ သူက ယွင်ယွီကိုမြင်တော့ တအားပျော်သွားပြီး ဘတ္ထရီစက်ဘီးကို ရပ်လိုက်ပြီး သူ့အဖေကို ပြောလိုက်တယ်။ "အဖေ့ဘာသာ မောင်းပြန်သွားလို့ရတယ်မလား သားယွင်ယွီ့နဲ့ စကားခဏပြောဦးမယ်"
ဝူလီက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ ခန့်ညားတယ်လေ။ သူက အဝေးမှုန်နေတော့ မျက်မှန်ကိုပါ တပ်ထားရတယ်။ သူ့မှာက ကျန်းမာချမ်းသာမှုတွေ ပြည့်နေတဲ့ မျက်နှာမျိုး ရှိတာပဲ။
ယွင်ယွီက သူမနားကို ထိလိုက်မိတယ်။ သူမမှာ လူမြင်တာနဲ့ မျက်နှာဖတ်တတ်တဲ့ အကျင့်ဆိုးရှိနေတာပဲ။ ဝူတာ့ရှန်က ဘာမှမပြောပေမဲ့ ယွင်ယွီကိုကြည့်ပြီး သူ့စက်ဘီးကို စက်နိုးပြီး မောင်းထွက်သွားတော့တယ်။
ဝူလီက ယွင်ယွီဆီကို ရယ်ရင်း လမ်းလျောက်လာတယ်။ "အဖေ ဘယ်လိုလုပ် ခေါင်းပေါက်လာမှန်း မသိဘူးဟာ။ ငါမြို့က ဆေးရုံကိုသွားပြီး ပြန်ချုပ်ပေးခဲ့ရရော မင်းဘွဲ့ရပြီမလား အလုပ်ရောရပြီလား" ယွင်ယွီနဲ့ သူက ကွာခြားတယ်လေ။ သူမက မြို့တော်က ကောလိပ်ကျောင်းသူဖြစ်ပြီး အနာဂတ်က တောက်ပနေတယ်လေ။ ယွင်ယွီက ပြုံးရင်းပြ န်ဖြေလိုက်တယ်။
"ငါအမေ့ကို ပြန်လာကြည့်တာလေ။ အလုပ်ရဖို့ မလောပါဘူးဟယ်"
"ငါ တောင်းပန်ပါတယ်။ ယွင်ယွီ့ရယ်" ဝူလီပုံစံက နည်းနည်းရှက်နေတဲ့ပုံ ပေါက်နေတယ်။ "ငါ့အဖေအပြစ်တွေပါ။ အမေယွင်ရော ဘယ်လိုနေသေးလဲ။ အမေရောငါရော အဖေ့ကို ဖျောင်းဖျနေပါတယ်ဟာ မင်းတို့မြေကို မလုစေရပါဘူး"
ယွင်ယွီက သူမရဲ့ ရတနာမြေကို ဝူတာ့ရှန်လက်ဖဲ မထည့်လိုက်ချင်ဘူးလေ။ "ဝူလီ ငါမြေကို သွားကြည့်ပြီးပြီ၊ အဲမြေကို တကယ်ကြိုက်လို့ ငါတို့မြေနဲ့လဲဖို့ ဦးလေးကို ပြောပြီးပြီ၊ အခုအမေ့ကို ပြန်သွားပြောတော့မှာ" သူမပြောပြီးတဲ့အချိန် လေပြေတတစ်သုတ်က ဖြတ်တိုက်သွားတော့ သူမရဲ့ဆံပင်တွေလွှင့်ကုန်ပြီး နူးညုံတဲ့ပါးလေးကို ပေါ်လာစေတယ်။ မြင်လိုက်ရတဲ့ ဝူလီခမျာ မျက်နှာတောင် ရဲသွားပါရော။ သူ့အတွေးထဲမှာတော့ ယွင်ယွီက ဒီတစ်ခေါက်ပိုလှလာတယ်လို့ ထင်လာတယ်လေ။ သူတို့က ဝါးရုံတောဘေးမှာရပ်ရင်း အသံခပ်နှိမ့်နှိမ့်နဲ့ စကားပြောနေကြတယ်။
ဝူတာ့ရှန်က အိမ်ကိုရောက်တောါ အန်တီထျန်းက ဆီးမေးတော့တယ် "ဒဏ်ရာက ဘယ်လိုနေလဲ ဝူလီကရော ဘယ်ရောက်သွားတာလဲ"
ဝူတာ့ရှန်က စက်ဘီးကို နေရာတကျထားရင်း "မင်းရဲ့သားက ယွင်ယွီ့ကိုတွေ့တော့ ဆင်းပြီး စကားပြောနေတယ်"
"ဒါဆိုရှင့်ဒဏ်ရာကရော ဒီအသက်အရွယ်မှာတောင် ရန်ဖြစ်နေတုန်းလား၊ ဟိုနေ့က ရှုကျန်းကို တွန်းပြီး ဒီနေ့ကျ ရန်ထပ်ဖြစ်တယ်၊ ကျွန်မသိပ်ရှက်တာပဲ။ သူများလယ်နေရာကို အတင်းလုလို့ မရဘူးလေ" အန်တီထျန်းက ပွစိပွစိရွတ်ရင်း "ရှင်သွေးဆုံးရှုံးတာများတယ်မလား၊ ကျွန်မ ဝက်သဲစွပ် ချက်ပေးမယ်"
"ယွင်မိသားစုက ကလေးမက ထူးဆန်းနေတယ်"
အန်တီထျန်းက ရုတိတရက်ဆိုတော့ နားမလည်ဘူး။ "ဘာပြောတာလဲ" ဝူတာ့ရှန်ကတော့ ခေါင်းဆတ်ပြပြီး ဘာမှဆက်မပြောတော့ဘူး။
ယွင်ယွီနဲ့ ဝူလီက ခဏလောက် စကားဆက်ပြောပြီးမှ လမ်းခွဲခဲ့ကြတယ်။ ယွင်ယွီက အိမ်ကို တန်းနေအောင် ပြန်သွားပြီး ခြံထဲဝင်တာနဲ့ ကြက်စွပ်ပြုတ်အနံ့ကို ရလိုက်တယ်လေ။ အဖွားယွင်ကတော့ ဆူးဟင်းရွက်တွေကို ဆေးနေတယ်။ အဲ့ဆူးဟင်းရွက်တွေက ရာသီစာဖြစ်ပြီး နောက်လနည်းနည်းအထိပဲ စားလို့ရတာ။ အရသာက ကျွတ်ရွရွလေးနဲ့ ချိုတယ်လေ။ မြို့ပေါ်ဆို ယွမ်ဒါဇင်နဲ့ချီ ပေးဝယ်ရလောကိတယ်။ လူတွေက အဲ့အရွက်တွေကို တော်တော်ခူးကြတော့ အဖွားယွင်က လက်တစ်ဆုပ်စာရဖို့ တော်တော် အချိန်ယူလိုက်ရမှာပဲ။
"ရှောင်ယွီအာ ပြန်လာရင် သွားနားတော့။ အဖွားက ညနေကျရင် ဒီအရွက်တွေ နမ်းဆီနဲ့ သုပ်ကျွေးမယ်"
ယွင်ယွီက ပြောလိုက်တယ်။ "အဖွား ကျွန်မမြေတွေသွားကြည့်တော့ တောင်နားကဟာက ကောင်းသားပဲကို ဘာလို့မယူတာလဲ"
အဖွားယွင်က ဆေးလက်စတွေချထားရင်း အကူအညီမဲ့စွာပြောလိုက်တယ်။ "ကျောက်ခဲတွေပြည့်နေတော့ ဘာအပင်မှစိုက်လို့ရမှာ မဟုတ်ဘူးလေ"
ယွင်ယွီကလည်း လက်မလျော့ပါဘူး။
"အဖွား သမီးဖုန်းရွှေကို စစ်ကြည့်တော့ အဲ့ဒီနေရာက အပင်စိုက်ဖို့ မဖြစ်နိုင်ပေမဲ့ တခြားဟာတော့ လုပ်လို့ရတယ်လေ"
"မပူနဲ့ ရှောင်ယွီအာ အဖွားတို့မြေကို လဲမှာ မဟုတ်ဘူး။ ယွင်မိသားစုကိုများ ဘာမှတ်နေကြလဲ" အဖွားယွင်ကတော့ ခေါင်းမာဆဲပါပဲ။
ယွင်ယွီက မတတ်သာဘဲ အမှန်ကို ထုတ်ပြောရတော့တယ်။ "အဖွား ဟယ်ချင်းတောင်အောက်မြေက အကွေ့အကောက်တွေနဲ့ ဟယ်ချင်းကန်ကို မြင်နေရတယ်။ အဲ့ဒါက ဖုန်းရွှေအရ တအားကောင်းတဲ့နေရာပဲလေ" အဖွားယွင်က အလုပ်ကိုရပ်ပြီး သူမရဲ့ မြေးမကို အကြောင်သား ငေးကြည့်လာတယ်။
"အဖွား" ယွင်ယွီ့မှာ ဖုံးထားဖို့ စိတ်ကူးမရှိဘူး။ "တကယ်တော့ သမီး အဘိုးဟူဆီကနေ ငယ်ငယ်က သွားသင်လာတာ ဖုန်းရွှေနဲ့ ရှေ့ဖြစ်ဟောတာ သမီးတတ်တယ်" သူမမဖုံးဘူးဆိူပေမဲ့ သူမရဲ့အကြောင်းပြချက်ကတော့ အဘိုးဟူဖြစ်နေဦးမှာပဲလေ။ သူက ဗေဒင်ဟောစားတဲ့ တစ်ကောင်ကြွက်အဘိုးကြီး။ ကလေးဘဝက သူမသူ့ဆီ သွားကစားနေကျဆိုတော့ သူမပြောတာက အကျိုးအကြောင်း ညီညွတ်တယ်လေ။
အဖွားယွင်က ဘာမှမပြောဘူး။ သူမအဘိုးကြီးဟူကို ကောင်းကောင်းသိတာပေါ့။ ဒါပေမဲ့ ဖုန်းရွှေတို့ ရုပ်လွန်ပညာတို့နဲ့ ပတ်သက်ရင်တော့ သူမသူ့ဆီက အဟောတွေကို မယုံဘူးလေ။
ရွာထဲက ကလေးတွေက အဲ့အဘိုးကြီးဟူရဲ့အိမ်မှာ သွားပြီးကစားတတ်ကြတယ်။ သူကလည်း ကလေးတွေကို ပြောင်းလဲမှုနဲ့ တည်မြဲမှုကင်းခြင်း လိုစာအုပ်တွေ ဖတ်ပြတတ်တယ်လေ။ ရွာထဲကလူတွေက ရေးကြီးခွင်ကျယ် မလုပ်ပေမဲ့ သူမမြေးမက အဲ့ဒါကို နားလည်တယ်ပြောလာတဲ့အခါ အဖွားယွင် ဘာဆက်ပြောရမလဲ မသိတော့ဘူး။ ယွင်ယွီက သူမကို လာနောက်နေတယ်လို့တောင် ထင်လိုက်မိသေးတယ်။
တကယ်တန်းကျတော့ မြေက အဲ့လောက် အရေးမပါဘူး။ မိသားစုပိုင်လယ်က ဆယ်ဧကကျော်ရှိပြီး မြေကောင်းရေကောင်းတဲ့ လယ်တွေ ရှစ်ဧကလောက် ပါသေးတယ်။ ဒါပေမဲ့ လူက လေရှုနေရုံနဲ့ အသက်ဆက်မရှင်နိုင်ဘူးလေ။
ယွင်ယွီက သူမအဖွား မယုံတာကို သတိထားမိတော့ ထပြောလိုက်တယ်။ "အဖွားတစ်သက်တာမှာ အသက်ေဘးအန္တရာယ် နှစ်ခုကြုံရတယ်။ တစ်ခုက အသက်ငါးနှစ်တုန်းက ရေဘေး၊ ပြီးရင် အသက်ခြောက်ဆယ့်နှစ်မှာ ရောဂါဘေး နှစ်ခုလုံး ကျော်ဖြတ်နိုင်တာနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရပြီ"
လူ့ဘဝမှာ ဘေးအန္တာရယ်အမျိုးမျိုး ကြုံရနိုင်တယ်လေ။ ကွာတာက ကြီးတာသေးတာပဲပေါ့။ ဘေးအန္တရာယ်ကြီးတွေက အသက်ဘေးထိခိုက်ပြီး ဝူတာ့ရှန်ရဲ့ သွေးစွန်းဒဏ်ရာလိုပေါ့။ အဲ့မှာ ဝူတာ့ရှန်က ယွင်ယွီရဲ့စကားနားထောင်ရင် သူ့မျက်နှာပေါ်က အမည်းက လျော့သွားနိုင်တယိလေ။ အဖွားယွင်က သူမမြေးမကို အမြင်သစ်တစ်မျိုးနဲ့ ကြည့်လိုက်မိတယ်။
သူမငါးနှစ်သမီးမှာ ရေနှစ်ပေမဲ့ လူတစ်ယောက်ကကယ်ပြီး ရှေးဦးသူနာပြုနည်းနဲ့ ပြုစုသွားလို့ အသက်ရှင်ခဲ့တယ်။ လူကြီးတွေဆီက အဆူခံရမှာ ကြောက်တာရော အဲ့အဖြစ်က သူမကို တော်တော်ကြောက်စေတာရောကြောင့် သူမရဲ့ဆုံးသွားတဲ့ ခင်ပွန်းအပါအဝင် ဘယ်သူ့ကိုမှ မပြောထားဖူးဘူး။ ဒါကို သူမမြေးမဆီက ကြားရတာလောက် အံ့ဩစရာကောင်းဦးမလား။ ရောဂါကိစ္စဆို သူမခြောက်ဆယ့်နှစ်နှစ်တုန်းက နှစ်ဝက်လောက် ဆေးရုံတက်လိုက်ရတာတော့ ရှိတယ်လေ။ အဖွားယွင်က သူမမြေးမ ဒါကို တကယ်ကြီးနားလည်လိမ့်မယ် မထင်ထားဘူး။ သိလိုက်ရတော့ သူမက အဲဖက်ပါရမီတော်တော်ပါတာပဲ။ သူမ ထူးဆန်းသလိုခံစားမိပေမဲ့ သိပ်ဂရုမစိုက်မိဘူး။
နည်းနည်းစဉ်းစားပြီးတော့ သူမက "ရတယ်လေ မြေးအမေကို အဖွား ဖျောင်းဖျလိုက်မယ်"
"ကျေးဇူးတင်ပါတယ် အဖွား" ယွင်ယွီက အဖွားယွင်ကို ဖက်လိုက်မိတယ်။ အဖွားယွင်က ဆေးလက်စပန်းကန်တွေကို ချပြီး ဖုန့်ရှုကျန်းဆီမှာ ယွင်ယွီ့ ရှေ့ဖြစ်ဟောကိစ္စကို တိုင်ပင်ဖို့ သွားတော့တယ်။
ဖုန့်ရှုကျန်းက လုံးဝဆွံ့အနေတယ်။ အဖွားယွင်ကသူမကို ဖျောင်းဖျဖို့ကြိုးသားတယ်။ "ယွီအာက ငါတို့ကို အစကမပြောတာ ငါတို့ အတွေးလွန်နေမှာစိုးလို့ဖြစ်မယ်။ ငါတို့တွေ အဲ့ဒါကို သူ့ဝါသနာလို့ပဲ မှတ်လိုက်ရင်ရော အမှတ်တွေလည်း ကောင်းနေတာပဲဟာ။ ဒါက သူပညာရေးလမ်း မပိတ်တဲ့အပြင် ဘွဲ့တောင်ရသွားပြီ။ မိဘဘိုးဘွားအနေနဲ့ သူ့ကို အားပေးသင့်တယ်လေ။ အဲ့ဒါက လယ်မြေနည်းနည်း ထပ်ရမရထက် ယွီအာကို အားပေးတယ်ပဲ မှတ်လိုက်ပေါ့။ မျိုးစေ့နည်းနည်း ကျဲပေးလိုက်။ အပင် ပေါက်ပေါက်မပေါက်ပေါက် ငါတို့အိမ်က ကလေး စိတ်ချမ်းသာပါစေတော့ပေါ့"
ဖုန့်ရှုပ်ကျန်းက ရယ်တော့တယ်။ "အမေရယ် လယ်က အရေးမကြီးပါဘူး။ ကျွန်မ အံ့ဩလွန်းလို့ပါ" အဖွားယွင်လဲ ဘာမှမပြောဘူး သူလည်း တအားအံ့ဩတဲ့လူတွေထဲ အပါအဝင်ပဲလေ။
နောက်ဆုံးမှာတော့ သူတို့က မြေကို ဝူမိသာစုနဲ့ လဲဖို့ သဘောတူလိုက်ကြတယ်။ ဖုန့်ရှုကျန်းက မလှုပ်နိုင်တဲ့အတွက် အဖွားယွင်ကပဲ ဝူတာ့ရှန်ကိုခေါ်ပြီး အုပ်ချုပ်ရေးရုံး သွားလို့ မြေယာလဲလှယ်တဲ့ စာချုပ်ကို လက်မှတ်ထိုး လက်ဗွေ နှိပ်လိုက်ကြတယ်။
အိမ်မှာကတော့ ယွင်ယွီက အသီးအရွက်တွေအကုန် လှီးချွတ်ဆေးကြောပြီး ထိုင်စောင့်နေတော့တယ်။ သူမကိုယ်တိုင်ချက်ချင်ပေမဲ့ ပထမဆုံးချက်လို့ အမှားပါရင် ဘယ်လိုလုပ်မလဲလေ။ အဲတော့ ချက်ရမဲ့တာဝန်က အဖွားယွင်ခေါင်းပေါ် ကျရောပေါ့
ညစာက ကြက်မြေအိုးစွပ်၊ ဆူးရွက်သုပ်၊ ဝက်ငရုပ်ပွမွှေကြော်၊ ခရမ်းသီးနှပ် နဲ့ ကြက်ဥသပွတ်သီးကြော်။ ကြက်ရော ဥရောအိမ်မှာ မွေးထားတဲ့ထဲက ပဲလေ။ အဖွားယွင်က သန့်ရှင်းတာ ကြိုက်တော့ အိမ်မွေးကြက်တွေပဲ စားဖြစ်ကြတယ်။ ဓာတ်မြေဩဇာ မပါတဲ့ အသီးအရွက်တွေက အမြင်ဆိုးပေမဲ့ အရသာက ပိုကောင်းတတ်တယ်လေ။
ယွင်ယွီက နှစ်ပန်းကန်တောင် စားတယ်။ သူမကျင့်စဉ်က စွမ်းအင်များများ စုပ်ယူရမှာဆိုတော့ သူမပိုစားတာက မထူးဆန်းဘူးလေ။ စားပြီးတော့ သူမက စားပွဲသိမ်းပြီး ပန်းကန်အပေတွေကို မီးဖိုထဲယူ သွားဆေးတော့တယ်။ အဖွားယွင် သတိမထားမိတဲ့အချိန် သုမက ဝိဉာဉ်စမ်းရေနည်းနည်းကို ရေတွင်းထဲ သွန်ချလိုက်တယ်။
ညမှောင်သွားတော့ ဟယ်ချင်းရွာတစ်ရွာလုံးက တအားတိတ်ဆိတ်ပြီး ငြိမ်းချမ်းသွားတယ်။ ယွင်ယွီက သူမအဲ့လိုအခြေအနေမျိုးကို တကယ်သဘောကျမှန်း သတိထားမိလိုက်တယ်။ သူမက အပြင်မှာ ခဿနေပြီးမှ ဘေစင်က ရေတစ်ဇဇလုံခပ် ဝိဉာဉ်စမ်းရေနည်းနည်းထည့်ပြီး ဖုန့်ရှုကျန်းကို ရေပတ်တိုက်ပေးဖို့ လုပ်တော့တယ်။
"အမေ သမီး နှိပ်ပေးမယ်လေ။ ဆရာဝန်က ခြေထောက်ကို နှိပ်ပေးတာ ကောင်းတယ်တဲ့"
ဖုန့်ရှုကျန်းက ပြုံးရင်းနဲ့ "ကျေးဇူးနော် မေ့သမီးလေး"
ဖုန့်ရှုကျန်းရဲ့ခြေသလုံးကြွက်သားတွေက ကျုံ့တောင်နေပြီ။ ကားတိုက်တုန်းက ကံကောငိးတော့ ခြေထောက်က ဖြတ်စရာ မလိုခဲ့ဘူးလေ။ ကားသမားကလည်း ဆင်းရဲတော့ ဆေးဖိုးဝါးခ သိပ်မပေးနိုင်ခဲ့ဘူး။ ဝူတာ့ရှန်တွန်းတာကြောင့် ညာဖက်ခြေထောက်က ထိသွားပြီး ကျောက်ပတ်တီး စီးထားရတယ်လေ။ သူမက ရေစိုနေတဲ့ပုဝါနဲ့ ခြေထောက်ကိုသုတ်လို့ ရေတွေအေးသွားတဲ့အထိ ဖြေးဖြေးချင်း နှိပ်ပေးနေခဲ့တယ်။
ယွင်ယွီမော့ကြည့်လိုက်တော့ ဖုန့်ရှုကျန်း မျက်လုံးတွေရဲနေတာ မြင်လိုက်ရတယ်။
"မေ့သမီးငယ်လေးက ဒီလောက် ကြီးလာပြီပဲ" ဖုန့်ရှုကျန်းက ရေရွတ်လိုက်တော့တယ်။
ယွင်ယွီက သူမ အမေနဲ့ညအဖွားကို အဖော်လုပ် တီဗီကြည့်ပေးပြီးမှ သူမအခန်းကို ပြန်လာနားတော့တယ်။
သူမအခန်းက သန့်ရှင်းထားပြီး အိပ်ယာက နူးညံ့နေတယ်။ ဝိဉာဉ်စမ်းရေသောက်ပြီးတော့ လရောင်ဖျာကျနေတဲ့ ပြတင်းပေါက်ဘေးက အိပ်ယာပေါ်မှာ သူမ အိပ်ပျော်သွားတော့တယ်။
ယွင်ယွီပြန်သွားပြီးတော့ အိပ်ဆောင်မှာ ကောချင်တစ်ယောက်ထဲ ကျန်ခဲ့တယ်။ တကယ်တန်းကျ သူမအိပ်ဆောင်က ထွက်လို့ရပေမဲ့ သူမက ချန်ရှီအန်းကြောင့် နေခဲ့တာလေ။ သူက မဟာတန်းကျောင်းသားစီနီယာဖြစ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ မိန်းကလေး တော်တော်များများက သူ့ကို သဘောကျကြတယ်လေ။ ကောချင်လဲပါတာပေါ့။ သူမကဆိုရင် ပထမနှစ်ကတည်းက သဘောကျပေမဲ့ သူကတော့ သူမကို သတိတောင် မထားမိဘူးလေ။ ဒါပေမဲ့ သူ သဘောကျတဲ့လူ ပေါ်လာတယ် ယွင်ယွီပေါ့။
ကောချင်အမြင်အရ ယွင်ယွီနဲ့စကားပြောရင် နူးနူးညံ့ညံ့ပြောတာတွေ အကြည့်တွေက လိမ်လို့မရအောင်ကို သူ ယွင်ယွီကို သဘောကျနေတာ သိသာတယ်လေ။
ယွင်ယွီက မသိတာလား ဂရုမစိုက်တာလား သူမမသိဘူး။ ကြည့်လိုက်ရင် အတန်းထဲ စာကြည့်တိုက်ထဲနဲ့ အချိန်ပိုင်းအလုပ်နားပဲ။
ချန်ရှီအန်းကို ကောချင်သဘောကျလေလေ ယွင်ယွီကိုမုန်းလေလေ နောက်ဆုံး ယွင်ယွီ့ဘဝကို ဖျက်ဆီးတဲ့အဆင့်အထိ ဖြစ်လာတာပဲ။ အဲ့ကိစ္စဆိုရင် သူမ နောင်တမရဘူး။ သူမက အဲ့ကိစ္စကို ချန်ရှီအန်းကိုတောင် သိစေချငိသေး။ ယွင်ယွီ ယောက်ျားတစ်ယောက်အောက်မှာ ရှိနေတဲ့ပုံတွေ ရလာရင် ပို့မယ်တေးပြီး မျှော်နေပေမဲ့ ပုံတွေက ရောက်မလာခဲ့ဘူးလေ။
သူမက အိပ်ဆောင်မှာနေရင်း အိပ်မက်ဆိုးတွေ မက်လို့ စိတ်အခြေအနေ အကျဖက်ရောက်ပြီး ဘယ်အင်တာဗျူးဖြေဖြေ မအောင်နေဘူးလေ။ သူမက အိပ်ဆောင်က တစ်ခုခု မှားနေပြီလို့တော့ ထင်လာတယ်။ ဘာလို့ဆို အိပ်မက်ဆိုးတွေပဲ ဆက်တိုက်မက်နေတာကိုး။
သူမအိပ်ဆောင်မှာ နေခဲ့ရတဲ့အကြောင်းကလည်း ချန်ရှီအန်းကို လိုက်ချောင်းဖို့ပဲလေ။ အိပ်ဆောင်တွေ ပိတ်တဲ့အချိန်ကျတော့ သူမက အိမ်ကို ပြန်ရတော့တယ်။ သူမအိမ်က မြို့တော်မှာပဲဆိုပေမဲ့ မြို့ပြင်ဖက်ကျပြီး အိမ်အိုလေးနဲ့ ပင်စင်ယူပြီးသားအမေရယ် အလုပ်လုပ်နေဆဲအဖေရယ် မောင်အငယ်တစ်ယောက်ရယ် ရှိတယ်လေ။
ပေကျင်းက အိမ်ဈေးက မြင့်လွန်းတယ်ဆိုပေမဲ့ ဒီနေရာကို အဖေကောက ပိုင်တယ်လေ။ နေရာက ကျဉ်းပေမဲ့ လူလေးယောက်စာတော့ ကောင်းကောင်း နေလို့ရတယ်လေ။ ကောချင် အထုတ်ဆွဲ ပြီးအိမ်ပြန်ရောက်လာတဲ့အခါ အမေကောက သတိလက်လွတ် မေးမိတော့တယ်။
"ချင်ချင် သမီး တအားပိန်သွားတာရော ဘယ်လိုဖြစ်ရတာလဲ" အထူးသဖြင့် မျက်နှာက တအားချောင်ကျသွားတယ်လေ။
"အမေရယ် သမီးအခုလေးတင်မှ ပြန်ရောက်တာ တအားပင်ပန်းနေလို့ နားတော့မယ်။ မေးစရာရှိလည်း နောက်မှမေးတော့" သူမက စိတ်မရှည်တဲ့လေသံနဲ့ ပြောပြီး တက်သွားအိပ်တော့တယ်။ သူမ ကောင်းကောင်း မအိပ်ရတာ လဝက်လောက်ရှိပြီလေ။
သူမက ပစ္စည်းတွေကို ဖြစ်သလိုပစ်ထားပြီး တံခါးကို ဒုန်းကနဲဆွဲပိတ်လို့ အိပ်လိုက်တော့တယ်။ သူမ အိပ်ပျော်သွားတဲ့အခါ ကြောက်စရာပုံရိပ်တစ်ခုက တွဲလောင်းကျလာတာကို အိပ်မက်ထဲ တွေ့လိုက်ရတယ်။ သူမက ငယ်သံပါအောင် အော်လိုက်မိတော့ အမေကောလည်း ပြေးတက်လာပြီး "ချင်ချင် ချင်ချင် ဘာဖြစ်လို့လဲ" ကောချင်က ငိုချမိတော့တယ်။ ဘာဖြစ်လို့လဲ သူမလည်း တကယ်သိချင်မိတယ်လေ။
9 04
ယွင်ယွီက နောက်နေ့မှာ စောစောနိုးလာတယ်။ မြို့ပေါ်လို ဆူဆူညံညံအသံတွေ မရှိတော့ တအားစိတ်ချမ်းသာခဲ့ရတယ်လေ။ သူမက လျှပ်စစ်ပစ္စည်းတွေလညိး မကြိုက်ဘူး သူမနှလုံးသားထဲမှာ အဲ့ဒါတွေကို သဘောမကျတဲ့ စိတ်ရှိနေတယ်လေ။ အဲ့ဖုန်းအသေးလေးထဲမှာ လူတွေရွေ့နေတာကို ကြည့်ရတာ သူမအတွက် တအား ထူးဆန်းနေသေးတယ်။
သူမ စောစောနိုးပေမဲ့ အဖွားယွင်က ပိုစောတယ်။ မနက်စာတောင် ပြင်လို့ပြီးနေပြီ။ ဆေးကြောပြီးတော့ ယွင်ယွီ သွားကူတော့တယ်။ "အဖွား ဒီနေ့မနက်စာက ဘာလဲဟင်" အဖွားယွင်က သူမအမေးကို ပြုံးရင်း ပြန်ဖြေလာတယ်။ "ကြက်သွန်မြိတ်ကြက်ဥပြုတ်နဖြ့ ခေါက်ဆွဲလေ ဆန်ပြုတ်ဖြူလည်း လုပ်ထားသေးတယ်။ ဥအငန်နဲ့ တွဲစားရင်စား။ သွားစား သွား သွား"
ယွင်ယွီက မသွားသေးပဲ ရပ်နေရင်း ပြောလိုက်တယ်။ "မနက်စာပြီးရင် ဘာမှလုပ်စရာ မရှိတော့ သမီးအဖွားကို ကူမယ်လေနော်"
သူမက လယ်အလုပ်နဲ့ မရင်းနှီးပေမဲ့ အခုလိုရိတ်သိမ်းရာသီမှာဆို အလုပ်ရှုပ်တာ သိတယ်လေ။ သူမအမေက နေမကောင်းတော့ အဖွားတစ်ယောက်ထဲ လုပ်နေရလိမ့်မယ်။
"အဖွားက လယ်ထဲဆင်းမလို့ မြေးရဲ့။ ပြီးရင် သမီးအဖိုးအကြီးဆုံးရဲ့ မက်မွန်ခြံကိုပါ။ သွားကြည့်ရဦးမှာ" အကြီးဆုံးအဖိုးက အဖိုးယွင်ရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး သူ့ညီနဲ့အတူ ဒီရွာကို ပြောင်းလာခဲ့တာ သူ့ဇနီးက ကလေးမမွေးနိုင်တဲ့အပြင် လွန်ခဲ့တဲ့ဆယ်နှစ်က ဆုံးသွားတယ်လေ။ ဒါပေမဲ့ သူက နောက်ဇနီးထပ်မယူပဲ လယ်မြေတွေနဲ့ မက်မွန်ခြံတွေနဲ့အေးအေးဆေးဆေးနေခဲ့တယ်လေ။ သူမဆုံးခင်မှာ အဲ့ဒါတွေကို ယွင်မိသားစုကို ပေးခဲ့တော့ မက်မွန်ပင် နှစ်ဧကစာနဲ့ သုံးဧကစာ လယ်တွေက ယွင်ယွီတို့မိသားစုအပိုင် ဖြစ်လာတာပေါ့။
အကြီးဆုံးအဖိုး နေမကောင်းတုန်းက သူ့ကို ပြုစုခဲ့တာ ဖုန့်ရှုကျန်းပဲလေ။ သူက ကလေးမရှိတော့ ယွင်ယွီတို့မောင်နှမတစ်စုကို သူ့မြေးတွေလို့ပဲ သူမှတ်ယူခဲ့တာ
******
တယ်လီဂရမ်ဂရုလေးမှာ အပိုင်း (64) ရောက်နေပါပြီနော်။Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel
You are reading the story above: TeenFic.Net