Unicode
ဦးခေါင်းတစ်ခုလုံး၏ထုံကျင်ကိုက်ခဲမှုကြောင့် မင်းခွန်မှိုင်းမျက်ခုံးများတွန့်ကွေးရင်း နိုးလာလေသည်။ နားထင်နှစ်ဖက်ကို လက်ချောင်းများဖြင့် ဖိနှိပ်ရင်း ထထိုင်ကာ အခန်းတွင်းကို မျက်လုံးဝေ့ကာ စူးစမ်းမိတော့ မင်းခွန်မှိုင်း၏ညဝတ်အင်္ကျီဝမ်းဆက်လေးကို ဝတ်ဆင်ထားသည့် Kiteကိုမြင်သည်။ ထို့ကြောင့် ဝေဝါးနေသည့်မျက်လုံးများပင် ပြူးသွားမိသည်။
တစ်ချိန်လုံးအမည်းရောင်ကိုဝတ်နေကျKiteသည် သည်လိုဝတ်ထားတော့ တကယ့်လူသားတစ်ယောက်သဖွယ်ပင်။ Kiteသည် ခုတင်ဘေးမှ ခွေးခြေသစ်သားခုံအမြင့်လေးအား ကားလျားခွရင်း လက်နှစ်ဖက်ကိုခုံအဖျား၌ ထောက်လျက် မင်းခွန်မှိုင်းကိုမျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူကအဘယ်ကြောင့် မိမိအင်္ကျီကိုဝတ်ထားရပါသနည်း။
"နိုးလာပြီလား အမူးသမားလေး"
"နိုးလို့ ငုတ်တုတ်ထိုင်နေတာလေ။ မနိုးရင် အိပ်ရာပေါ်လှဲနေမှာပေါ့။"
စကားကိုနည်းနည်းမျှ ချိုချိုသာသာ မပြောတတ်ဘူးလားမသိ။ အကောင်းမေးလည်းအမြဲကန့်လန့်သာဖြေသည်။ မင်းခွန်မှိုင်းဆိုသည့်လူက မွေးကတည်းကပင် အမေ့ဗိုက်ထဲမှ ကန့်လန့်ထွက်ချင်ထွက်မှာဆိုတော့ မပြောလိုတော့ပေ။
"နေစမ်းပါဦး...မင်းဝတ်ထားတာ ငါ့အင်္ကျီမလား"
Kiteကခေါင်းသာညိတ်၏။
"ဘာကိစ္စဝတ်ထားတာလဲ။ ဘယ်သူကပေးဝတ်လို့လဲ"
Kiteကပခုံးလေးအနည်းငယ်တွန့်လေပြီး....
"မင်းမေမေက ယူဝတ်လိုက်ဆိုလို့ ဝတ်ထားတာ"
"ဪ...."
မင်းခွန်မှိုင်း ဪဟုသာဆို၍ ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ မျက်ပြူးဆံပျာဖြစ်သွားရသည်။
"မေမေက ဘယ်လိုလုပ်မင်းကိုဝတ်ခိုင်းတာလဲ။ မင်းကိုမမြင်ရဘူးမဟုတ်ဘူးလား"
Kiteသည် သက်ပြင်းလေးချကာ မတ်တပ်ထရပ်ပြီး မင်းခွန်မှိုင်းအနားသို့ လျှောက်လာသည်။ ထို့နောက် ခုတင်စွန်း၌ ဒူးတစ်ဖက်ချိတ်ထိုင်လေသည်။
"မင်း မနေ့ကခေါင်းတောင်မထောင်နိုင်ဘဲ မူးနေတော့ ငါမင်းကိုကျောပိုးပြီးပြန်လာရတယ်လေ။ အဲ့တော့ လူအသွင်မျိုးဟန်ဆောင်ပြောင်းလိုက်ရတယ်။ အစကတော့ ညှို့စက်ကွင်းသုံးမလို့ပါပဲ။ မင်းကတအားမူးနေတော့ သုံးလည်းအလကားပဲဖြစ်မှာလေ။ မင်းပုံစံနဲ့လေးဘက်ထောက်ပြီး အိမ်ပြန်တဲ့ပုံပဲ လူတွေမြင်မှာ"
"ငါအဲ့လောက်မူးသွားတာလား"
"အဲ့လောက်ကိုမူးသွားတာပါ..."
"ဆက်ပြောပါဦး ဘာတွေဖြစ်သေးလဲဆိုတာကို"
ထမ်းခေါ်လာရသည့်လူကို ကျေးဇူးမတင်သည့်အပြင် စစ်လားဆေးလားဖြင့် ဆရာကြီးအထာဖမ်းနေလေသည်။ ကျေးဇူးမသိတတ်လေခြင်း။ ခွေးစားစား၊ ကျီးထိုးထိုးဆိုပြီး ပစ်ထားခဲ့တာမှဟုတ်ဦးမည်။
"ငါမင်းကိုခေါ်လာတော့ မင်းမေမေနဲ့တွေ့တယ်။ အဲ့မှာ မင်းကငါ့အပေါ်အန်ချထားတော့ မင်းမေမေက ငါ့ကိုရေချိုးအင်္ကျီလဲခိုင်းပြီး မင်းအခန်းထဲထားခဲ့တယ်။ ဖြစ်ခဲ့တာကတော့ ဒါပဲ"
"ငါမင်းအပေါ်အန်မိသွားတာလား"
"နည်းနည်းနောနောမဟုတ်ဘူး....။ ပြီးတော့ နံစော်နေတာပဲ"
မင်းခွန်မှိုင်း နည်းနည်းရှက်သွားမိတော့ ခေါင်းလေးကုတ်ရင်း သွားစိကာရယ်လိုက်မိသည်။ လူကြီးရှက်တော့ရယ်သည်ဆိုတာ ဒါမျိုးထင်ပါ့။ ဘာလိုလိုနှင့် မင်းခွန်မှိုင်းဆိုသည့်ကောင်လေးပင် အရွယ်ရောက်လို့ လူကြီးတောင်ဖြစ်နေပါပေါ့လား။ ကိုယ့်အတွေးနှင့်ကိုယ် မာန်ပင်နည်းနည်းတက်ချင်သွားသည်။
ထိုစဉ် Kiteသည် လက်ဖျောက်လေးတစ်ချက်တီးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် Kite၏ကိုယ်ပေါ်မှ အဝတ်အစားများသည် သူပုံမှန်ဝတ်နေကျအတိုင်း ဖြစ်သွားလေသည်။ မင်းခွန်မှိုင်းလည်း ဤသည်ကိုမြင်တော့ အားကျမိသလိုဖြစ်သွား၏။ မိမိလည်းလက်ဖျောက်လေးတီးလိုက်ရုံနှင့် အင်္ကျီလဲပြီးသား ဖြစ်ချင်သည်မဟုတ်လား။ ထိုကဲ့သို့အစွမ်းမျိုးကို မင်းခွန်မှိုင်းလိုငပျင်းတိုင်း လိုချင်မည်မှာအမှန်။
"မင်းအင်္ကျီတွေကလျှော်လိုက်တာလား။ ဘာမှလည်းမပေတော့ဘူး"
စပ်စုကြည့်မိတော့ Kiteသည် မွေ့ရာပေါ်လက်တစ်ဖက်ထောက်ရင်း မင်းခွန်မှိုင်းအား လည်စောင်းလျက်ကြည့်လာပြန်သည်။ အကြည့်နှင့်ပင်ခံစားမိပါသည်။ မင်းခွန်မှိုင်း အမေးအမြန်းထူလွန်း၍ Kiteစိတ်မရှည်ဖြစ်နေသည်။ သို့ပေမဲ့လည်း Kiteကဖြေပေးရှာသည်။
"လူ့ဘုံက အရာတွေကငါ့အပေါ်သက်ရောက်မှုမရှိဘူး။ ထိတွေ့လို့ရပေမဲ့ အမှန်တကယ်ထိတွေ့တာမဟုတ်ဘူး။"
"ဟမ်..."
မင်းခွန်မှိုင်းမျက်မှောင်ကြုတ်မိသည်အထိ Kiteစကားကနားလည်ရခက်၏။ ထိတွေ့လို့ရပေမဲ့ အမှန်တကယ် ထိတွေ့တာမဟုတ်ဆိုသည်မှာ ဘယ်လိုမျိုးဖြစ်မည်နည်း။
မင်းခွန်မှိုင်း၏စပ်စုချင်စိတ်အား တလက်လက်ထနေသည့် မျက်ဝန်းများမှတစ်ဆင့် Kiteသတိထားမိသွားပုံရသည်။ မမေးဘဲ ဖြေပေးလေသည်။
"ဥပမာပေးရရင်...ငါအခုအစားတစ်ခုစားလိုက်ပြီဆိုပါစို့၊ စားလိုက်တာမှန်တယ်။ ဒါပေမဲ့ ငါ့ဆီမှာဘာသက်ရောက်မှုမှမရှိဘူး။ ငါ့ခံတွင်းထဲမှာတင် ပျောက်သွားတာမျိုးပေါ့။ မင်းအန်တော့လည်းအဲ့လိုပါပဲ။ အန်လိုက်တာမှန်ပေမဲ့ ငါ့ဆီသက်ရောက်မှုမရှိဘူး။ ဒါပေမဲ့ လူလိုဟန်ဆောင်ထားချိန်ဆိုတော့ ဓာတ်ပြယ်မှုနဲ့နတ်ဆိုးစွမ်းအင်က အားနည်းသွားပြီး အချိန်နည်းနည်းကြာသွားတာ။ လူဘုံ့က အရာတွေက ငါ့အပေါ်သက်ရောက်မှုရှိနေတယ်ဆိုရင် သေချာပြီ၊ အဲ့တာငါအားနည်းလာလို့ပဲ။"
Kiteကအသေအချာရှင်းပြနေသော်ငြားလည်း မင်းခွန်မှိုင်းဆီမှ မည်သို့မျှခွန်းတုံ့ပြန်မလာတော့ချေ။ မျက်လုံးကြီးလည်းပွင့်နေသည်ဆိုတော့ ပြန်အိပ်ပျော်သွားတာတော့ မဖြစ်နိုင်။
"မင်းခွန်မှိုင်း...."
ပခုံးကိုကိုင်လှုပ်ကြည့်တော့မှ ဆတ်ခနဲတုန်သွားပြီး...
"ဟမ်...ဟမ်...ဘာပြောလိုက်တာလဲ"
Kite စိတ်ပျက်လက်ပျက်ဖြင့်သာ သက်ပြင်းချလိုက်မိတော့သည်။ မျက်လုံးကြီးဖွင့်ပြီး အိုက်ငိုက်နေခြင်းဖြစ်သည်။ မင်းခွန်မှိုင်းမေမေနားထောင်နေကျ စိုးစန္ဒာထွန်းသီချင်းထဲမှ စာသားတစ်ခုဖြစ်သည့် 'မျက်လုံးဖွင့်ပြီး ....အိပ်ကြည့်စမ်းပါ အချစ်ရယ်'ဆိုသည်မှာ ဒါမျိုးဖြစ်မည်။
"ဒါနဲ့ ငါအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ။ ငါမှတ်မိတာဆိုလို့ ကိုဘုန်းကျော်စွာနဲ့ငါဆိုင်ထဲမှာ နောက်ဆုံးကျန်ခဲ့တာပဲ သိတော့တယ်။ ကိုဘုန်းကျော်စွာက ဘယ်ရောက်သွားတာလဲ"
Kiteသည် မင်းခွန်မှိုင်းကိုကြည့်နေရာကနေ အကြည့်ကိုလွှဲသွားပြီး ဟန်ပါပါဖြင့်လက်ကလေးပိုက်သည်။
"အဲ့လူက မင်းကိုမဟုတ်တာလုပ်ဖို့ကြံလို့ ငါပညာနည်းနည်းပေးပြီး မင်းကိုပြန်ခေါ်လာတာ"
"ဘယ်လို...ငါ့ကိုမဟုတ်တာလုပ်တယ်..."
မင်းခွန်မှိုင်းတွေးကြည့်ရုံဖြင့် ကြက်သီးများထလာတာကြောင့် ကိုယ့်အင်္ကျီရင်ဘတ်ကလေးကို ဆွဲစိလိုက်မိတော့ Kiteကကြိတ်၍ပြုံးလေသည်။
"သူ...သူငါ့ကို ဘာ...ဘာလုပ်သွားသေးလဲဟင် Kite....ငါမြန်မာကားတွေထဲကလို နှင်းဆီပန်းလေးပြုတ်ကျသွားပြီလား..."
စကားတွေထစ်ရင်း လန့်နေသည့်မင်းခွန်မှိုင်းကိုကြည့်ကာ Kiteရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရယ်မိတော့သည်။ Kiteကရယ်လိုက်တော့လည်း တစ်မျိုးလေးပင်။ Kiteသည်လိုအားရပါးရရယ်သည်ကို မင်းခွန်မှိုင်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူကအမြဲမျက်နှာသေနှင့် အသေကောင်ရုပ်မဟုတ်လား။ ရယ်တော့လည်း မဆိုးလှပါလေ။ ကြည့်ကောင်းသားပင်။ သို့ပေမဲ့လည်း မင်းခွန်မှိုင်းဆိုသည့် မိမိကိုမမီဘူး မဟုတ်လား။
Kiteက "ဟား..."ခနဲသံရှည်လေးဆွဲရင်းရယ်ခြင်းကို အတောသတ်လိုက်လေပြီး အသေကောင်ရုပ်ပြန်ဖြစ်သွားပြန်သည်။
"ငါမေးတာဖြေတော့။ သူငါ့ကိုဘာလုပ်သွားလဲလို့..."
နှင်းဆီပန်းပြုတ်ကျမှာတော့ကြောက်သားပင်။ သို့ပေမဲ့ Kiteတစ်ယောက်လုံးရှိနေပါလျက် မင်းခွန်မှိုင်းအား မည်သူထိ၍ရပါမည်နည်း။
"သူကမင်းကိုဆံပင်သပ်ပေးတယ်။ ပြီးတော့ နမ်းဖို့လုပ်တယ်..."
"အဲ့...အဲ့တာ ပြီးတော့..."
မျက်လုံးအပြူးသားလေးဖြင့် မေးလာပုံက အမြင်ကပ်စရာလေးပင်။
"အဲ့တာနဲ့ မင်းကိုဆံပင်သပ်ပေးတဲ့ သူ့ညာလက်ကို ချိုးပစ်တယ်၊ နမ်းဖို့လုပ်တဲ့ပါးစပ်ကို လက်သီးနဲ့ထိုးခဲ့တယ်"
မင်းခွန်မှိုင်းသည် ကျေနပ်မှုအပေါင်းဖြာဝေသော မျက်လုံးများဖြင့် Kiteအားကြည့်လာပြီး နောက်ကျောကို သုံးချက်ဆင့်ပုတ်ပေးလေသည်။ Kiteကတော့ သူ့အားပေစောင်းစောင်းသာ ပြန်ကြည့်သည်။
"အဟဲ...အဲ့တာကြောင့် မင်းကချစ်ဖို့ကောင်းပါတယ်ဆို..."
"အဲ့တာဆို ချစ်တာလား..."
"ဟင်..."
"ငါ့ကိုချစ်လားလို့..."
မင်းခွန်မှိုင်း မည်သို့မျှမဖြေနိုင်လောက်အောင် ဆွံ့အသွားမိသည်။ ရုတ်တရက်ကြီး ပေါက်ကရများထမေးပြန်ပါသည်။ ထို့ကြောင့် ကျောကိုပုတ်ပေးနေရာကနေ နောက်စိကို ဖျတ်ခနဲတစ်ချက်ရိုက်ပေးသည်။
"စဉ်းစားလေ ဆုတောင်း"
"ဆုတောင်းတိုင်းသာပြည့်ရင် မင်းငါ့ကိုချစ်တာကြာလောက်ပေါ့..."
မင်းခွန်မှိုင်းဆက်မပြောတော့ဘဲ ခေါင်းတယမ်းယမ်းလုပ်ကာ ရေချိုးရန်ဆုံးဖြတ်ပြီး အိပ်ရာပေါ်ကအဆင်း ဖုန်းဝင်လာပြန်သည်။
ဆက်သည့်နံပါတ်ကိုကြည့်မိတော့ ကျော်ကြီးဖြစ်နေသည်။ ဖုန်းနာရီကိုတစ်ချက်ပြန်ကြည့်မိတော့ ဆယ်နာရီခွဲနေချေပြီ။ ဆဲခံရတော့မှာပင်။ ကိုယ့်အပြစ်ကိုယ်သိသောကြောင့် လေသံလေးလျှော့ပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို သူငယ်ချင်း"
"လေပြေအေးလာမသွေးနဲ့ ငမှိုင်း။"
"မင်းကလည်းကွာ...။ ငါညက နည်းနည်းဒုက္ခရောက်သွားလို့ပါ"
"အဲ့ဒုက္ခကမင်းပဲရှာတာမဟုတ်ဘူးလား။ ဘယ်လောက်တောင် သောက်နေလို့ အလုပ်တောင်မလာနိုင်ရတာလဲ။ မင်းဒီနေ့ဒိတ်လုပ်ဖို့ရှိတာသိရဲ့သားနဲ့။"
"ငါ ခဏနေလာခဲ့ပါ့မယ်ကွာ။ ပြီးမှ အကြောင်းစုံရှင်းပြမယ်"
"လာမနေနဲ့တော့။ မင်းအစား ငစိုင်းကိုလွှတ်လိုက်ပြီ။ ဘီယာနာကျနေလည်း အိမ်မှာပဲနားတော့။ မနက်ဖြန်တော့ အဲ့ကောင်အစားမင်းပြန်ဝင်ပေးလိုက်...ကြားလား"
"အေးပါကွာ..."
"အေး အဲ့တာဆို ဒါပဲ"
လူကိုပိတ်ဟောက်ချင်တိုင်းဟောက်ပြီး ဖုန်းချသွားသည့် ကျော်ကြီးအား မင်းခွန်မှိုင်းစိတ်ထဲ၌ ကျိန်ဆဲမိသားပင်။ သင်းတို့အကြောင်းတွေးရသည်က ခေါင်းစားပါသည်လေ။ ရေမိုးချိုးပြီး အားသည့်ရက်လေး အပြင်လျှောက်လည်ဦးမည်။
ကိုယ့်အတွေးနှင့်ကိုယ် ရေမြန်မြန်ချိုး၊ အဝတ်အစားလဲ ရှိုးထုတ်လို့ဝသည်နှင့် အောက်ထပ်သို့ဆင်းလာစဉ် မီးဖိုချောင်ထဲမှ မိခင်၏ဆင့်ခေါ်ခြင်းကိုခံရလေသည်။
"အမလေး ကိုယ်တော်ချော...။ သေများနေပြီလားလို့။ တစ်မနက်လုံးနှိုးနေတာ နှိုးမရဘူး။ မင်းအစ်ကိုနဲ့မင်းဖေကြီးက အိပ်ပါစေဆိုလို့ ထားထားလိုက်တာ။ တော်ပါသေးရဲ့ နိုးလာသေးလို့။"
မေမေတို့က ကိုယ့်သားကိုမြင်သည်နှင့် အကောင်းပြောမည်ဆိုတာမရှိ။ အမြဲတမ်း လူကိုဆူပြီးရွဲ့တဲ့တဲ့သာ ပြောတတ်သည်။ မင်းခွန်မှိုင်း၏ ရွဲ့တဲ့တဲ့ပြောတတ်သည့်အကျင့်သည်လည်း မေမေ့ဆီမှပါလာခြင်းဖြစ်မည်။ ကိုသာကတော့ ဖေဖေနှင့်တူတော့ ခပ်အေးအေး အပြုံးချိုချိုပုံစံသာဖြစ်သည်။ မိခင်ကတော့ အလွန်တရာမှ ပစိပစပ်များသည်။ ထို့ကြောင့်လည်း ဖေကြီးက မိန်းမမယူရန်ပြောခြင်းဖြစ်မည်။
"ဟိုကောင်လေး....ငါပြောကြားလား။ အလုပ်မသွားခင် နေ့လယ်စာစားသွားလို့..."
မေမေသည် ထမင်းပန်းကန်ပြင်ရင်း မင်းခွန်မှိုင်းအား ထမင်းဝိုင်းသို့လာခိုင်းပြန်သည်။ သို့ပေမဲ့ မင်းခွန်မှိုင်းစား၍မဖြစ်။ ထမင်းစားရသည်ကနည်းနည်း မေမေဖောက်သည့်ပေါက်ပေါက်စားရသည်က များများဖြစ်မည်ကိုသိသည်။ ရင်ပြည့်စာများမကြိုက်တတ်သူမို့ ရှောင်ကွင်းရန်သာဆုံးဖြတ်လိုက်သည်။
"သား...သားနောက်ကျနေလို့ သွားတော့မယ် မေမေ။ ညနေကျလည်း နောက်ကျရင်နောက်ကျမှာနော်..."
"မင်းခွန်မှိုင်း...မင်းဘယ်တွေ သဝေထိုးဦးမလို့လဲ။ ငါတကယ်ပဲ ဘယ်လိုဟာကိုမွေးထားမိမှန်းမသိပါဘူး။ မနေ့ညကလည်း မူးရူးပြီးသူများကမင်းကိုအိမ်ပြန်လာပို့ရတယ်။ သားရယ်...မင်းအသက်ငယ်ငယ်လေးရှိသေးတာကို...။"
မိခင်သည် မင်းခွန်မှိုင်းအား အလွတ်မပေးဘဲ ပြဿနာအား အစပျိုးလေပြီ။
"လူငယ်ဆိုတာက သွက်လတ်တက်ကြွနေရမှာမှန်ပေမဲ့ မဟုတ်တဲ့နေရာမှာတော့ သွားပြီးမတက်ကြွနဲ့ပေါ့။ မင်းကိုမေမေက ဆူနေတာမဟုတ်ဘူး။ ဆုံးမနေတာ..."
ဆူတာကဆူတာပါပင်။ မင်းခွန်မှိုင်းမဲ့ရွဲ့ပြီး စိတ်ထဲ၌ ပြန်ပြောနေသည်ကို ဒေါ်မေမီသာချက်ချင်း သဘောပေါက်သဖြင့် အနားရောက်လာပြီး ခေါင်းကိုခေါက်ပစ်လိုက်သည်။ မင်းခွန်မှိုင်းလည်း ကိုယ့်ငယ်ထိပ်ကိုယ်ပြန်ပွတ်ရင်း....
"နာလိုက်တာ မေမေရာ။ မေမေကဆူလည်းဆူသေးတယ်။ လက်လည်းပါသေးတယ် မမိုက်ပါဘူး။ တစ်ခုဆိုတစ်ခုပဲလုပ်ပေါ့။ အခုကလွန်လွန်းပါတယ်။"
"အောင်မာ...ငါ့ကိုပြန်ပြောနေတယ်။ နင်ကအမေလား ၊ ငါကအမေလား။"
"ဟ...အမေကတော့ အမေပေါ့ဗျ။ ဒါပေမဲ့ အမေဆိုတာနဲ့ပဲ သားသမီးကိုလုပ်ချင်ရာ လုပ်လို့မှမရတာဗျ။ လူတစ်ကိုယ်စိတ်တစ်မျိုးတဲ့။ လူဆိုတာက ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒနဲ့ကိုယ်ရှင်သန်မှ ပျော်မှာပေါ့။ သူများစိတ်တိုင်းကျချည်းပဲ လိုက်နေရမယ်ဆိုရင် သူများသာပျော်လိမ့်မယ် ၊ ကျွန်တော်ကိုယ်တိုင်ကတော့ စိတ်ဆင်းရဲနေရမှာ။ မေမေစဉ်းစားကြည့် ၊ အဲ့တာတရားလား"
မင်းခွန်မှိုင်းစကားများကို ဒေါ်မေမီသာလက်ဖျားခါရလေသည်။ စကားတတ်ချက်ကတော့ လက်လန်ပါ၏။
"ဟုတ်ပါတယ် အဖေမင်းခွန်မှိုင်းရယ်။ ကျွန်မမှားတာပါ။ ကျွန်မက အဖေ့ကိုနေရာတကာလိုက်ပြောမိနေတာပါ။ အဖေတော်တော်များစိတ်ဆင်းရဲနေသလား မသိဘူး"
"မေမေနော်...သားကိုငရဲကြီးအောင်မလုပ်နဲ့။ ဖေကြီးနဲ့ညနေကျရင် တိုင်ပြောလိုက်မှာ..."
ထိုသို့ပြောတော့ ခေါင်းထပ်ခေါက်ခံရပြန်သည်။ မေမေတို့ လက်သံပြောင်ချက်က စိန်ဗေဒါ့သမီးလာမှတ်ရသည်။ ညကအရှိန်ကြောင့် ရိပ်တိပ်တိပ်ဖြစ်နေတာများပင် ကြည်ထွက်သွားသည်။
"မင်းအဖေကို ငါကကြောက်ရမှာလား။ မေမီသာတဲ့...တစ်မေမီသာပဲရှိတယ်။"
"သားကလည်း တစ်မင်းခွန်မှိုင်းပဲရှိတာပါနော်"
"တော်တန်တိတ်..."
မင်းခွန်မှိုင်းကိုယ့်ပါးစပ်ကိုပိတ်လိုက်ရသည်။ မေမေနှင့်ဆက်စကားများနေလျှင် လျှောက်လည်ဖို့မဆိုထားနှင့်၊ အိမ်ဝပင်ရောက်မည်မဟုတ်ချေ။
"ဒါနဲ့ သားငယ်။ မင်းကိုမနေ့ညက လိုက်ပို့တဲ့ကောင်လေးက သားငယ်ရဲ့သူငယ်ချင်းလား။ မေမေတစ်ခါမှ မမြင်ဖူးဘူး"
Kiteကိုမေးခြင်းဖြစ်သည်။ မင်းခွန်မှိုင်းလည်း ခေါင်းသာညိတ်လိုက်ပြီး....
"ဟုတ်တယ် မေမေ။ သူလည်းသားတို့လို Cosplayerပဲ။ ခင်တာမကြာသေးဘူး"
"အေး...ဟုတ်မယ်။ ဟုတ်မယ်။ မျက်ကပ်မှန်အနီရောင်လေးနဲ့ဆိုတော့ မေမေလည်း အဲ့လိုထင်တော့ထင်လိုက်မိသား။ ညက သားကိုလိုက်ပို့တော့ သူ့ကိုဒီမှာအိပ်ခိုင်းလိုက်တာ။ ဒါပေမဲ့ ညကသားကိုမေမေထပ်လာကြည့်တော့ သူမရှိတော့ဘူး။ ဘယ်အချိန်ပြန်သွားလဲမသိဘူး"
"သားလည်းမသိဘူးလေ"
"မင်းကဘယ်သိမလဲ သားငယ်ရဲ့။ မျက်လုံးတောင်မဖွင့်နိုင်ဘဲနဲ့များ။ ဟိုကောင်လေးက သားငယ်ကို သန့်ရှင်းရေးတွေလုပ်ပေး ၊ အဝတ်အစားတွေလဲပေး ၊ အကုန်လုပ်ပေးသွားတာ"
"ဗျာ...သားကို.... သူက...."
"အေးလေ။"
မင်းခွန်မှိုင်း သူ့နောက်တွင်ရပ်နေသည့်Kiteအား မျက်စောင်းတစ်ချက်လှမ်းခဲမိတော့ Kiteကမျက်နှာလေးလွှဲကာ မသိချင်ယောင်ဆောင်နေလေသည်။
"သားသွားတော့မယ် မေမေ"
"ကြွ ကြွ"
မင်းခွန်မှိုင်းအိမ်အပြင်ရောက်ကာမှ Kiteအားပြဿနာပြန်ရှာမိတော့သည်။
"မင်းငါ့ကိုအင်္ကျီလဲပေးတယ်ဆိုတာ တကယ်ပဲလား..."
မင်းခွန်မှိုင်းအမေးကို Kiteရိသဲ့သဲ့ပြုံးပုံက ဆွဲထိုးချင်စရာပင်။
"ငါမေးနေတယ်လေ။ ငါ့ကိုသန့်ရှင်းရေးလုပ်ပေးတာလည်း မင်းဆို..."
Kiteကခေါင်းလေးအသာယမ်းကာ ရယ်လျက် မင်းခွန်မှိုင်းဦးခေါင်းကို ခပ်သာသာလှမ်းပုတ်သည်။
"မပူပါနဲ့။ မင်းကိုနှင်းဆီပန်းပြုတ်ကျအောင် မလုပ်ခဲ့ပါဘူး..."
ရယ်သံနှော၍ပြောပုံကို မကျေနပ်သဖြင့် Kite၏ဝမ်းဗိုက်ဆီသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်မိတော့ Kiteနာသွားပုံရသည်။ သူ့ပြောချက်အရဆိုလျှင် လူ့ဘုံကအရာများသည် သူ့အပေါ်သက်ရောက်မှုမရှိရမည်မဟုတ်လား။
"Kite မင်းတကယ်နာသွားတာလား..."
Kiteကသူ့ဗိုက်ကလေးသူနှိပ်လေပြီး...
"အင်း...ငါအားနည်းနေတဲ့အချိန်ဆိုရင် သက်ရောက်တယ်လို့ ပြောတယ်မဟုတ်လား"
"မင်းကဘာလို့အားနည်းနေတာလဲ"
"နတ်ဆိုးတွေ ဝိဉာဉ်တွေဆိုတာက လူတွေမမြင်နိုင်တဲ့အရာတွေ။ ဒါပေမဲ့ မြင်အောင်ပြနိုင်ဖို့ဆိုရင် သူတို့ကိုမြင်နိုင်လောက်တဲ့ အားအင်၊ တစ်နည်းပြောရရင် စွမ်းအင်ပေါ့။ အဲ့လိုမျိုးထုတ်သုံးရတယ်။ အဲ့လိုလုပ်ပြီးရင်လည်း သူတို့အားနည်းသွားတတ်ကြတယ်။ ငါလည်းအဲ့လိုပဲ။ မနေ့က မင်းကိုဒီကိုခေါ်လာဖို့ ခွန်အားအများကြီးထုတ်သုံးလိုက်ရတယ်။ ကိုယ်နဲ့မသက်ဆိုင်တဲ့ဘုံတစ်ခုမှာ ကိုယ့်ကိုမြင်အောင်ပြဖို့ဆိုတာက တကယ်ခက်ခဲတဲ့အရာလေ။"
"ဆောရီးကွာ...မင်းငါ့ကြောင့်အမြဲဒုက္ခများရတယ်"
မင်းခွန်မှိုင်းက လူ့ခွစာဆိုပေမဲ့ အားတော့နာတတ်ပါသေးသည်။ လူကိုအမြဲတမ်းအကျင့်ပုတ်ဟု မထင်စေလို။
"ဒါဆိုလည်း နောက်ဆိုအဲ့လိုအရူးအနှမ်းတွေနဲ့ ရန်ပြိုင်မဖြစ်နဲ့ ကောင်လေး။ မင်းက သူတို့နဲ့ယှဉ်ရင်ကလေးသာသာပဲ။ ငါစိတ်မပူချင်ဘူး။ စိတ်လည်းမတိုချင်ဘူး။ ကြာရင် လူသတ်ပွဲတွေဖြစ်ကုန်လိမ့်မယ်"
"စဉ်းစားကြည့်တော့ မင်းကငါ့ကိုတော်တော်ဂရုစိုက်တာပဲနော်။ ဘာလို့လဲ...ငါ့ကိုဂရုစိုက်ရင် ရာထူးတွေဘာတွေ တိုးမှာမလို့လား"
တွေးမှတွေးတတ်ပါပေသည်။ ရာထူးတွေဘာတွေတိုးဖို့မဆိုနှင့်၊ ယခုပင်သူ့ကြောင့် အားနည်းနေရပြီမဟုတ်လား။
"ထားပါတော့ အဲ့ကိစ္စတွေ။ ငါအခုပြောမှာကိုသေချာနားထောင်"
မင်းခွန်မှိုင်းသည် အူတူတူမျက်ဝန်းများဖြင့် Kiteအားကြည့်လာလေသည်။
"ငါအခု နတ်ဆိုးတိုင်းပြည်ကို ခဏပြန်ရမယ်။ မင်းကငါမရှိတဲ့အချိန်အတွင်း ခဏလောက်ဂရုစိုက်နေပေး။ ငါညနေမတိုင်ခင်ပြန်လာမယ်"
"နတ်ဆိုးတိုင်းပြည်...။ ငါလည်းလိုက်ချင်တယ်။"
စပ်စုစိန်ဇာတ်လမ်းစလာပြန်ပါသည်။
"ဘာလိုက်လုပ်မှာလဲ။ ငါက အခုအားနည်းနေလို့ ခဏလောက်သွားမှာ။ နတ်ဆိုးတိုင်းပြည်မှာဆိုရင် ငါရဲ့ဖွဲ့စည်းပုံမြန်မြန်ပြန်ကောင်းမှာမို့လို့ ခဏပဲသွားမှာ။ မင်းက မင်းဘာသာမင်းလျှောက်လည်လေ။ အမြုတေကိုသာဂရုစိုက်။ ငါညနေအမီပြန်ရောက်မှာ"
"လုပ်စမ်းပါ Kiteရာ။ ပြင်ဦးလွင်မြို့ဆိုတာက ငါမွေးကတည်းကနေလာတာ။ ပြီးတော့ ငါကချောင်ကြိုချောင်ကြားမကျန်အကုန်ရောက်ပြီးသား။ အခုကပျင်းလို့သာ ထွက်လာတာ။"
"အဲ့တာဆိုလည်း ထပ်သွားပါလား"
"ငါလိုက်ချင်လို့ပါ Kiteရ။ ငါလည်းမင်းတို့နတ်ဆိုးတိုင်းပြည်ဆိုတာ ဘယ်လိုမျိုးလဲသိချင်တာပေါ့"
မင်းခွန်မှိုင်း၏စပ်စုတတ်သည့်ဉာဉ်ကို Kiteမနိုင်ပါလေ။ ခက်ပါချေ၏။ မည်သို့ပင်ဖြစ်စေ ခေါ်သွားခြင်းက အန္တရာယ်ကိုဖိတ်ခေါ်တာနှင့် တူတူပင်။
"ဘာမှမရှိပါဘူး မင်းခွန်မှိုင်းရာ။ ဒီအတိုင်း မျက်စိလည်နေတဲ့ပရလောကသားတွေ ၊ အခိုင်းအစေတွေ ၊ နတ်ဆိုးတွေနဲ့ နတ်ဆိုးခွေးတွေပဲရှိတာ။ ပြီးတော့ တိုင်းပြည်တစ်ခုလုံးက အမှောင်ကျနေတာ။ မင်းကိုခေါ်သွားမိပြီးမှ တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ။"
"မင်းရှိတယ်လေ။ မင်းကငါ့ကိုကာကွယ်ပေးမှာပဲ မဟုတ်ဘူးလား။"
"ပြောရခက်လိုက်တာ မင်းခွန်မှိုင်းရယ်။ အန္တရာယ်များလွန်းလို့ ၊ ကိုယ့်ဘာသာလျှောက်လည်စမ်းပါ"
"မခေါ်လည်းနေတော့ကွာ။ ငါလည်းမင်းကို ဘယ်တော့မှစကားမပြောတော့ဘူး"
စိတ်ဆိုးသွားသည့်ပုံဖြင့် ဘောက်ဆတ်ဆတ်ထွက်သွားလေတော့ သက်ပြင်းချရင်း Kiteကပင်စိတ်လျှော့လိုက်ရတော့သည်။ အမြဲတမ်းလိုလို သူ့စိတ်ချည်းပါပင်။ အနှောက်အယှက်မရှိဖို့သာ မျှော်လင့်ရတော့မည်။
"ခေါ်မယ်ကွာ"
Kiteဆီမှအဖြေကိုကြားသည်နှင့် မှိုရသည့်အပြုံးမျိုးကိုပန်ဆင်လေသည်။ ထို့နောက် ချက်ချင်းလှည့်ကြည့်လာပြီး ခြေလှမ်းခပ်သုတ်သုတ်ဖြင့် အနားပြန်ရောက်လာလေသည်။ ထို့နောက် Kiteမျက်လုံးကိုထိုးမိမတတ် လက်ညှိုးကြီးထိုးလေပြီး...
"မင်းစကားနဲ့မင်းနော်....။ ယောက်ျားစကားနော်..."
Kiteလည်းမင်းခွန်မှိုင်း လက်ကိုပုတ်ထုတ်ပစ်လိုက်သည်။
"ခေါ်မယ်ဆို အရစ်မတက်နဲ့ မင်းခွန်မှိုင်း။ တကယ် မင်းကိုငါတစ်ခါတလေအံ့သြတယ်။ ဘာလို့များ ဒီလောက်ထိ လက်ပေါက်ကပ်တဲ့ကောင်ဖြစ်လာမှန်းမသိဘူး။"
မင်းခွန်မှိုင်းသည် ပခုံးလေးနှစ်ဖက်ကိုတွန့်လေပြီး မထုံတတ်သေးပုံဖြင့် ပြန်ဖြေလိုက်သည်။
"ငါကအစကတည်းက ဒီလိုပုံပဲကို...။ ကဲ...ကဲ...အခုတော့ စကားမများနဲ့တော့ သွားရအောင်"
Kiteကိုမစောင့်ဘဲရှေ့ကနေ ဟန်ချီချီဖြင့်လျှောက်သွားလေသည်။ ပြီးမှ ဖျတ်ခနဲလှည့်ကြည့်လေပြီး...
"ငါတို့ကဘယ်လိုသွားရမှာလဲ Kite" ဟုမေးသည်။
"မင်းပဲသိလို့ရှေ့ကသွားနေတာ မဟုတ်ဘူးလား။ ဆက်သွားလေ..."
"Kite....မင်းကတော်တော်အကျင့်ပုတ်တာပဲ"
"မင်းနဲ့တူလို့လို့ ပြောပြီးပြီလေ"
Kiteနှင့်ဆက်စကားမများတော့ဘဲ သူသွားသည့်အတိုင်းသာ လိုက်သွားပါတော့သည်။ ထွေထွေထူးထူးရယ်တော့မဟုတ် ၊ လူပြတ်သည့်လမ်းကြားတစ်နေရာပင်ဖြစ်သည်။ Kiteပြောချက်အရ မှောင်မိုက်သည့်လမ်းကျဉ်းများ၏အဆုံးတွင် တစ်ဖက်ကမ္ဘာနှင့် ဆက်သွယ်ထားသည့် အပေါက်ဝများရှိတတ်သည်။ ထို့ကြောင့်လည်း ဝိဉာဉ်များ၊ တစ္ဆေသရဲများသည် သည်လိုနေရာများတွင် ပိုမြူးပါသည်တဲ့။ ကြက်သီးတော့ထစရာကြီးပင်။ သို့သော် ကြောက်စိတ်ကိုစပ်စုချင်စိတ်က အနိုင်ယူသွားခဲ့သောကြောင့် လိုက်လာမိခဲ့သည်။
လမ်းဆုံးတစ်နေရာရောက်တော့ Kiteသည်တည့်တည့်လျှောက်နေရာကနေ ရုတ်တရက်သူ့အားလှည့်ကြည့်လာသဖြင့် ဟိုကြည့်သည်ကြည့် ကုပ်ချောင်းချောင်းဖြင့် လျှောက်နေသော မင်းခွန်မှိုင်းနှင့်တိုက်မိလေသည်။ ထိုအချိန်လေးအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အမှောင်ဖုံးသွားပြီး Kiteပြောသည့် နတ်ဆိုးတိုင်းပြည်ဆိုသော နေရာသို့ရောက်လာတော့သည်။
တော်တော်လေးမြန်တာပင်။ နေရာကအတော်လေးပင် မှောင်မိုက်နေသည်။ နောက်ပြီး ချမ်းစိမ့်စိမ့်နှင့်မို့ ကြက်သီးများပင် ဖြန်းခနဲထမိသည်။ ထို့နောက် အဝေးကနေလား ၊ အနီးကနေလားမသိ လွင့်ပျံလာသော ညည်းညူသံများနှင့် တဂီးဂီးအသံများသည် မင်းခွန်မှိုင်းအား အကြိမ်ကြိမ်တံတွေးမျိုချမိစေသည်။
သွေးမရှိတော့သောမျက်နှာဖြင့် တောင့်တောင့်ကြီးရပ်နေသော မင်းခွန်မှိုင်းကိုကြည့်လျက် Kiteခိုး၍သာပြုံးမိသည်။ မဟုတ်လျှင် သူ့အားလှောင်ပါသည်ဆိုပြီး အထုအထောင်းခံရမည်လေ။
"ငါ့လက်ကိုဆွဲထား..."
Kiteသည် သူ့လက်တစ်ဖက်ကိုဖြန့်ပေးရင်း မင်းခွန်မှိုင်းကို သူနှင့်လက်တွဲခိုင်းလေသည်။ အကြောတင်းမင်းခွန်မှိုင်းကတော့ သူ့အားမသင်္ကာစွာကြည့်ပြန်တော့ Kiteက...
"ငါနဲ့တွဲမထားရင် မင်းဘာကိုမြင်ရမှာမဟုတ်ဘူး။ တခြားဝိဉာဉ်တွေ ၊ နတ်ဆိုးတွေ မင်းကိုငါမသိခင်ဖမ်းခေါ်သွားမှဖြင့်..."
Kiteစကားမဆုံးခင်မှာပင် မင်းခွန်မှိုင်းသည် မျက်နှာတည်ကြီးဖြင့် Kiteလက်ဖဝါးပေါ် သူ့လက်ကိုမှောက်လျက်လေးတင်လိုက်တော့ Kiteကရယ်ရင်း နူးညံ့စွာဆုပ်ကိုင်လေသည်။
"ငါ့လက်ကိုသေချာတွဲထားနော် မင်းခွန်မှိုင်း။"
"အေ...အေးပါ။ တွဲထားတာပဲကို"
ဘုဆတ်ဆတ်ဖြင့်မျက်နှာလွှဲရင်း ဖြေလေသည်။ သူရှက်နေခြင်းများလား။ Kiteဆက်ကြည့်နေလျှင် မင်းခွန်မှိုင်းမျက်နှာအလွှဲလွန်ပြီး လည်ပင်းကြီးစောင်းသွားမည်စိုးသောကြောင့် သူ့လက်ကိုဆွဲရင်း ရှေ့ကနေလျှောက်သွားလိုက်သည်။ မင်းခွန်မှိုင်းလည်း နောက်ကနေတရွေ့ရွေ့လိုက်လာရင်း ရုတ်တရက်ကြက်သီးထဖွယ်ကောင်းသော ခွေးအူသံကြီးကြောင့် ဆတ်ခနဲတုန်ကာ ခြေလှမ်းများရပ်သွားမိသည်။ လိုက်လာချင်တာလည်း တစ်ပိုင်းသေ၊ ကြောက်တာကလည်း လွန်ပါရောလား။
ကြောက်စိတ်လေးနည်းနည်းလျော့သွားစေရန် Kiteသည် မင်းခွန်မှိုင်းလက်ကလေးအား ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး နောက်ကနေလျှောက်နေသောသူ့ကို ဘေးချင်းယှဉ်မိသည်အထိ ဆွဲတိုးရင် အနားကပ်လိုက်တော့ ဘာလုပ်တာလဲဆိုသည့်စကားလုံးများပါသော မျက်ဝန်းများဖြင့် အကြည့်ခံရသည်။
"မကြောက်ပါနဲ့။ ငါရှိတယ်လေ။ တစ်ခုခုဖြစ်လာရင် ငါကာကွယ်ပေးမှာပေါ့။ ငါ့လက်ကိုသာမလွှတ်လိုက်နဲ့"
Kiteစကားများသည် မင်းခွန်မှိုင်းအား စိတ်လုံခြုံမှုအတိုင်းအတာတစ်ခုထိ ပေးနိုင်လေသည်။ သို့ပေမဲ့ ယောက်ျားလေးဖြစ်ပြီး ကြောက်တတ်သည်ထင်မှာစိုးတာကြောင့်....
Kiteကမျက်ခုံးလေးတစ်ဖက်မြင့်တက်သွားလေပြီး...
"မကြောက်ဘူးပေါ့..."
"မကြောက်ဘူး"
Kiteသည် ခေါင်းလေးတစ်ချက်အောက်စိုက်ရင်း ရယ်ပြန်သည်။ ထို့နောက် ရှေ့မှဆက်သွားရင်း မင်းခွန်မှိုင်းမကြားအောင် တိုးသက်သက်စကားတစ်ခုကို ဆိုလိုက်သည်။
"အကြောတင်းလေး"
မင်းခွန်မှိုင်း Kiteနှင့်အတူယှဉ်သွားရင်း အကြောင်းတစ်ခုကို စိတ်ထဲထင့်နေမိသည်။ စောစောက Kiteသူ့လက်ကိုဆွဲရင်း ပြောလိုက်သည့်စကားသည် သူတစ်ခါကကြားခဲ့ဖူးသလိုမျိုး...။
"Kite"
"ပြော"
Kiteကမေးလေးဆတ်ရင်းခပ်တိုတိုပြန်ထူးသည်။
"မင်းစောစောက ငါ့ကိုပြောလိုက်တဲ့ဟာလေ...
မကြောက်နဲ့။ ငါရှိတယ်လေဆိုတဲ့စကားကို ငါကြားဖူးနေသလိုပဲ"
Kiteသည် မည်သည့်စကားမျှပြန်မပြောသေးဘဲ ငြိမ်၍နားထောင်နေလေသည်။
"စိတ်ထဲထင်တာမျိုးမဟုတ်ဘူးကွာ။ ငါရင်းရင်းနှီးနှီးကြီးကို သိနေတဲ့ခံစားချက်မျိုးရနေတာ။ မင်းငါ့ကိုအဲ့လိုပြောဖူးသေးလား..."
"စိတ်ထင်တာနေမှာပါ"
Kiteသည် လေတိုးသံသာသာဖြင့် အားလျော့စွာပြန်ဖြေသည်။ မင်းခွန်မှိုင်းကခေါင်းကိုဆက်တိုက်ခါယမ်းလေပြီး...
"ငါ့ကိုတစ်ယောက်ယောက်ပြောဖူးတာ သေချာတယ်။"
"အဲ့တာဆို တစ်ယောက်ယောက်နေမှာပေါ့"
ခပ်အေးအေးဖြင့်သာဖြေနေသော်လည်း မင်းခွန်မှိုင်းလက်ကို Kiteပို၍ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။ သို့ပေမဲ့ မင်းခွန်မှိုင်းအားတစ်စက်မှမကြည့်။ ရှေ့တည့်တည့်ကိုသာ ရှုစားနေသည့် သူ့မျက်ဝန်းတွေသည် အရောင်တွေပြောင်းနေသယောင်ယောင်...။
"မင်းငါ့ကိုပြောဖူးတယ်လို့ ငါထင်နေတာ...မင်းတကယ် မပြောဖူးဘူးလား..."
Kiteသည် မင်းခွန်မှိုင်းမရှိသည့်တစ်ဖက်ကို မျက်နှာလွှဲရင်း သက်ပြင်းခပ်သာသာချလေသည်။
You are reading the story above: TeenFic.Net