အပိုင်း (၄၃)
ချန်းမိသားစုထံမှ စပါးလှေ့သည့်ဇကောကို ငှားရမ်းခြင်းမှာ ပြဿနာမရှိပေ။ ချန်းမိသားစုတွင်ရှိသော အကြီးနှစ်ခုသည် အခုလို အချိန်တွင် အားနေသည်။ အခြောက်ခံရန် လိုအပ်သော ဟင်းသီးဟင်းရွက်အနည်းငယ်ကို ခြံဝင်းထဲတွင်သာ ရိုးရိုးရှင်းရှင်း ထုတ်လှန်းထားသည်။
ရှန်းနဉ်သည် ငယ်လွန်းသဖြင့် ရှန်းအန်းအတွက် ထမင်းသွားပို့ပေးရန် တာဝန်ယူလိုက်၏။ ချင်ဖန်းညန်သည် နောက်ထပ် ဇကောတစ်ချပ်ကို စန်းလော့အိမ်သို့ ယူလာပေးလိုက်သည်။ ညစာစားပြီးနောက် အနားယူချိန်တွင် သူတို့၏အိမ်ရှေ့၌ စကားစမြည်ပြောနေသောသူများမှာ သတိထားမိသွားပြီး သူမက အဘယ်ကြောင့် ဇကောများကို လိုပါနည်းဟု အသံထွက်ကာ စဉ်းစားကြလေသည်။
စန်းလော့သည် ပြုံးကာ မရင်းနှီးလှသည့်အမျိုးသမီးကို ထူးထူးခြားခြား တုံ့ပြန်လိုက်၏။
"ဒရင်ကောက်ရွက်တွေကို အခြောက်ခံပြီးသိုလှောင်ထားရမယ် အဲ့လိုမှမဟုတ်ရင် ဆောင်းရာသီမှာ ကျွန်မတို့ စားစရာအသီးအရွက်ရှိမှာ မဟုတ်ဘူးလေ"
ရွာသားများ : "အို၊ အဲ့တာက မှန်တာပေါ့။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စန်းလော့က အများကြီးသိပုံမပေါ်ဘူး။ သိုလှောင်ဖို့အတွက်က တောဟင်းရွက်အချို့ကိုပဲ အခြောက်ခံထားလို့ရမှာ"
"ဟင်းရွက်တွေ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သိဖို့လိုသေးတာပဲ။ ဒီနှစ်မှာတော့ ပိုလို့တောင် စိုက်လို့နိုင်တယ်။ မင်း မသိဘူးဆိုရင် ဖန်းညန်ဆီကနေ အကြံညဏ် အမြဲတမ်းတောင်းလို့ရတာပဲ"
ဤသည်မှာ စေတနာကောင်းသည့် ကြင်နာသောအကြံပြုချက်ဖြစ်ပြီး စန်းလော့သည် ပြုံးကာ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။
ယခင်က ရွာသူရွာသားများနှင့် ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါ သူမသည် လူမှုအသိုင်းအဝိုင်းထဲသို့ တဖြည်းဖြည်း ဝင်ဆံ့လာပုံရ၏။
ချင်ဖန်းညန်သည် အပြုံးဖြင့်ကြည့်ကာ စန်းလော့၏ ပစ္စည်းများကို ကူညီခဲ့သော်လည်း အိမ်ထဲသို့ မဝင်သလို ထပ်လည်းမမေးချေ။ စန်းလော့၏ အိမ်အနောက်ဘက်ရှိ ဟင်းရွက်စိုက်ခင်းအား လှမ်းကြည့်ပြီးနောက် မြေကွက်နေရာတော်တော်များများဟာ အခုတော့ အသုံးပြုလို့ရနိုင်ပြီဖြစ်ကြောင်း မှတ်ထားလိုက်ပြီး အိမ်သို့ ပြန်သွားလေသည်။
......
လသည် ညကောင်းကင်၌ ငွေရောင်ဓာတ်ပြားကို ချိတ်ဆွဲထားသကဲ့သို့ပင်။ လရောင်က ဆီးနှင်းဆဲတစ်ခုပေါ်တွင် ဖြာကျနေသည်မှာ သူ၏တည်ရှိမှုကို ပိုပြီးထင်သာမြင်သာ ရှိစေသည်။
တဲအိမ်တံခါးကို ပိတထားပြီး အတွင်းတွင် မီးဖိုတစ်ခု ဖိုကာ အလင်းရောင်က တောက်တောက်ပပ လင်းဖြာနေသည်။ အပြင်ရှိ ငွေနှင်းခဲများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မီးလောင်နေသောသစ်သားမှ ရံဖန်ရံခါတွင် တကျက်ကျက်မြည်သံ ထွက်ပေါ်လာပြီး လေထုအား နွေးထွေးသောအငွေ့အသက်ကို ဖြည့်တင်းပေးထားသည်။
ဤမီး၏အနွေးဓာတ်ထဲတွင် စန်းလော့နှင့် ကလေးနှစ်ယောက်သည် စွံပလွန်မုန့်ကို စတင်ပြုလုပ်ကြသည်။
သူတို့လမ်းလျှောက်နိုင်၊ ပြေးနိုင်စဥ်ထဲက ရင်းနှီးနေသည့် သည်အသီးသည် ရိုးရှင်းသော လုပ်ဆောင်မှုအောက်တွင် သူတို့၏လက်ထဲ၌ လုံးဝကွဲပြားသည့် အရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ သကြားနှင့်ရောပီးနောက် စန်းလော့သည်ပြုံးကာ
"အခု စမ်းကြည့်လို့ရပြီ။ တစ်တို့လောက်ယူပြီး အရသာခံကြည့်လိုက်။ ဒါက နောက်ဆုံး အခြောက်ခံထားတဲ့အဆင့်နဲ့မတူဘဲ ကွဲပြားလိမ့်မယ်"
စွံပလွန်မုန့်ကို သကြားနှင့်ရောထားသည်ဟူသော အတွေးသည် ထိုအရာကို မမြည်းစမ်းခင်ကပင် သွားရည်ကျစေ၏။
ရုပ်လုံးမပေါ်သေးသော စွံပလွန်မုန့်များသည် နူးညံ့၏။ တစ်တို့မျှ မြည်းကြည့်ပြီးနောက် သကြားညိုအပြည့်အမောက်ပါသော ချိုချဉ်အရသာသည် မောင်နှမနှစ်ယောက်အား အပြည့်အဝကြည် နူးစေသည်။
"ဒါက အရမ်းအရသာရှိတယ်။ သေချာပေါက် ဒါကို လူတွေ ဝယ်ကြလိမ့်မယ်"
"အဲ့တာသာ ခြောက်သွားရင်ရော ဘယ်လိုပုံဖြစ်သွားမှာလဲ"
စန်းလော့သည် ပြုံးလိုက်ပြီး ဇကောများကို နေရာချပြီးနောက် ကလေးများ၏ရှေ့၌ပင် စွံပလွန်မုန့်များကို နည်းလမ်းတကျ ပုံဖော်လိုက်သည်။ အပြင်ဘက်ရှိသစ်ပင်နှစ်ပင်၏သစ်ကိုင်းပေါ်တွင် ခြင်းတောင်းနှစ်ခုကို နေရာချပြီးနောက် သူမသည် ကလေးများကို သန့်ရှင်းရေးလုပ်ခိုင်းပြီး အိပ်ယာဝင်ခိုင်းလိုက်သည်။
တောင်ပေါ်ညများသည် အပူလျော့နည်း၏။ စန်းလော့သည် ရိုးရိုးရှင်းရှင်း ပြင်ဆင်ပြီးနောက် အိပ်ယာမဝင်မီတွင် နတ်သမီးတို့ဟူးကိုလည်း ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။
ကလေးနှစ်ယောက်သည် အိပ်ယာထဲတွင် ပူးကပ်နေကြပြီး အပြင်မှာရှိသောသူမအတွက် နေရာချန်ထားပေးကြသည်။ အလယ်တွင်အိပ်နေသော ရှန်းနဉ်သည် တစ်ဖက်သို့လှည့်လိုက်၏။ စန်းလော့သည် သူမအား အစွန်ဘက်သို့ အနည်းငယ်မျှ ငြင်သာစွာရွှေ့လိုက်ပြီးနောက် အိပ်ယာဝင်ရန် သူမ ဘေးသို့ ဝင်လှဲလိုက်လေသည်။
......
စန်းလော့ မသိလိုက်သည်က သူမ၏အလုပ်များသည့် ရက်များပြီးသည့်နောက်မှစ၍ သူမသည် ရှီနှင့်လီ မိသားစု၏ အိပ်ရာမဝင်မှီ စကားစမြည်ပြောခြင်း၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။
အိမ်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အစားအစာများ၊ သူမ၏စရိုက်လက္ခဏာနှင့် ယနေ့တွင် ကလေးများအတွက် သယ်ယူလာခဲ့သော ဟူကိတ်မုန့်များသည် ဟူကျီနှင့်အားနျိုတို့အား သူတို့၏ မွေးချင်းများကို မနာလိုဆုံး ဖြစ်စေခဲ့သည်။
နောက်တစ်နေ့တွင်တော့ ကလေးလုပ်သားများသည် ကိုးယောက်မှ ဆယ့်နှစ်ယောက်အထိတိုးလာပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့အား ကြက်သေသေသွားစေတော့သည်။
ရှန်းအန်းသည် ဟူကျီနှင့်အားနျိုတို့အား ဘေးသို့ဆွဲလိုက်ကာ
"ဘာတွေဖြစ်နေတာလဲ"
သူငယ်ချင်း နှစ်ယောက်သည် အီလည်လည်ဖြင့် ခေါင်းကုပ်လိုက်ကြ၏။
"ဟိုလေ...ဒီနေ့ ငါတို့အတွက် ဟူကိတ်မုန့်ဝယ်တဲ့ မင်းရဲ့မကြီးအကြောင်းကို ငါတို့မိသားစုတွေကို ပြောပြလိုက်တယ်"
ရှန်းအန်း : "ဒါပေမယ့် ဒီမှာ အလုပ်လုပ်နေရင်း စားဖို့ ဟူကိတ်မုန့်မရှိတော့ဘူးနော်၊ အဲဒါ ငါတို့မကြီးက တစ်ခါပဲ ကျွေးတာလေ"
ကိတ်မုန့်အတွက်ကြောင့် ဒီကိုရောက်နေတာဆိုရင် သူတို့ကို အိမ်ပြန်ခိုင်းလိုက်တာ ပိုကောင်းမယ်။ သူလည်း ကူညီပေးမယ့်သူ အများကြီးကို တစ်ကယ်မလိုအပ်ဘူးလေ။ ဟုတ်တယ်မလား။
ဟူကျီသည် လျင်မြန်စွာပင် ရှင်းပြလိုက်၏။
"မဟုတ်ဘူး၊ ဘာဆုမှ မရှိဘူးဆိုတာကို သူတို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ။ အဘိုးကတောင် ငါ့ကို ဆူနေတာ"
မဟုတ်လျှင် ကလေးအသစ်သုံးယောက်တောင် မဟုတ်ဘူး။ တခြားကလေးတွေက အလုပ်လုပ်ဖို့ အရမ်းငယ်သေးလို့ သူတို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေက မလိုက်ဖို့ ပြန်ဆွဲထားကြလို့။ ပိုအရွယ်ကြီးတဲ့သူတွေကလည်း စိတ်ရင်းနဲ့ လာကူညီကြတာပါ။
ထို့အပြင် ချန်းအာ့ရှန်ကဲ့သို့ ဟူကျီနှင့်အားနျိုတို့၏ မွေးချင်းအကြီးများသည် အလယ်အလတ်အရွယ် ကလေးများဖြစ်ကြပြီး ဤနေရာတွင် မြေကွက်များရှင်းလင်းရန်မဟုတ်ဘဲ ချန်းအာ့ရှန်နှင့်တွဲ၍ အုတ်ခဲအတွက် ရွှံ့သယ်ရာတွင် ကူညီပေးရန်ဖြစ်လေသည်။
တစ်ဖက်တွင်တော့ ရှီအာ့လန်သည် ချန်းလောင်ဟန်အား ရှင်းပြနေသည်။
"ဟူကျီနဲ့အားနျိုတို့ ဟူကိတ်မုန့်စားတဲ့အကြောင်းကို ကျွန်တော်တို့ ကလေးတွေနဲ့ လုမိသားစုက ကလေးတွေကကြားတော့ သူတို့အားလုံး ဒီနေ့ လာချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့တာကို တားလိုက်ပြီး စားစရာမပေးဘူးလို့ သဘာတူထားပြီးမှ အသက်ကြီးတဲ့သုံးယောက်ကိုပဲ လာခွင့်ပြုလိုက်တာ။ ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် မနက်ခင်း ရွှံ့တူးတဲ့နေရာမှာ ကူညီဖို့ သူတို့တွေက တစ်နာရီလောက် စောရောက်လာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့တွေက စိုက်ပျိုးရာသီမရောက်ခင် ရက်အနည်းငယ်လောက် အနားယူလို့ရနိုင်တာပေါ့"
ချန်းလောင်ဟန်သည် သဘောတူခေါင်းညိတ်လိုက်ကာ
"ဒါက အဓိပ္ပာယ်ရှိပါတယ်။ ငါတို့လဲ အချိန်ကြပ်နေတာ"
စိုက်ပျိုးခြင်း၏ပင်ပန်းမှုဒဏ်ကို သိသော သူက ပြောလိုက်၏။
"မင်းရဲ့ကလေးတွေသာ အလုပ်ကြိုးစားဖို့ဆန္ဒရှိမယ်ဆိုရင် ထမင်းစားချိန်မှာ ပြန်ဖို့မလိုပါဘူး။ သူတို့ကို ရှီအာ့လန်လိုပဲ ကူညီဖို့ နေခဲ့ခိုင်းပြီး ငါတို့နဲ့ အတူစားခိုင်းလိုက်။ ဒါကိုတော့ ငါ ဆုံးဖြတ်နိုင်ပါတယ်။ စန်းလော့လည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကျေနပ်မှာပါ"
စန်းလော့နှင့်ခင်မင်လာပြီးနောက် ချန်းလောင်ဟန်သည် သူမ၏စရိုက်ကို နားလည်သွားလေသည်။ အစပိုင်းတွင် သူတို့သည် အကူအညီများအတွက် အာရုံစူးစိုက်မှုကိုမရှောင်ရှားဘဲ ထပ်မံဖိတ်ကြားရန် စီစဉ်ခဲ့သော်လည်း ရှီ နှင့် လု မိသားစုများဖြင့်သာ အဆုံးသတ်ခဲ့၏။ ယခုတော့ သူတို့၏ကလေးများပင် ကူညီဖို့လာရောက်နေကြသေးသည်။ ငယ်ရွယ်သော်လည်း သူတို့သည် တန်ဖိုးရှိသည့်လုပ်သားများဖြစ်ကြပြီး အရွယ်ရောက်သူများအား အခြေခံအလုပ်များအတွက် အားလပ်စေကာ ရွှံ့တူးခြင်းနှင့် အုတ်ခဲပြုလုပ်ခြင်းကဲ့သို့ တာဝန်များကို ပင်လက်လွှဲယူနိုင်ကြ၏။
ရှီအာ့လန်နှင့်လုသလန်တို့သည်လည်း မည်သို့လုပ်ရမည်ကို မသိသောကြောင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရွာ၌ အိမ်ဆောက်ရာတွင် ကူညီခြင်းသည် ပုံမှန်ဖြစ်သော်လည်း ငယ်ရွယ်သည့် ယောက်ျားလေးများပါ၀င်သည့် ဤအခြေအနေမျိုးမှာ မကြုံစဖူးပင်။ သူတို့သည် အရွယ်ရောက်ပြီးသူများကဲ့သို့ ပင်စားနိုင်ကြသည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းသည် အနည်းငယ် မသင့်တော်သလို ခံစားရ၏။
စန်းလော့အတွက် စေတနာသဘောဖြင့် ကောင်လေးများကို ကူညီရန် လွှတ်ပေးခဲ့သည့် ဖခင်၏ နံနက်ခင်းက အကြံဉာဏ်အား တွေးတောရင်း လုသလန်သည် အခွင့်ကောင်းယူသလိုဖြစ်မည်ကို စိုးရိမ်ပြီး ချီတုံချတုံဖြစ်နေလေသည်။
"ဦးလေး၊ ကျွန်တော်တို့ မလုပ်သင့်ဘူး ထင်တယ်နော်။ ကျွန်တော်တို့ ကလေးတွေက တစ်နာရီကျော်ကြာအောင် တူးနိုင်တယ်။ အဲ့တာက ကျွန်တော်တို့အချိန်ကို လုံလောက်စေပါတယ်"
လုသလန်၏ငြင်းဆိုမှုကို ကြည့်ပြီး ရှီအာ့လန်သည်လည်း ငြင်းဆိုလိုက်သည်။
ချန်းလောင်ဟန်သည် သူတို့၏ဆုံးဖြတ်ချက်ကို လက်ခံပေးလိုက်ကာ ပြောလိုက်၏။
"အခုတော့ အလုပ်မှာပဲ အာရုံစိုက်ရအောင်။ ဒါကို နောက်မှ ဆွေးနွေးကြမယ်"
သူသည် စန်းလော့ နေ့လည်ပြန်ရောက်လာသောအခါတွင် တိုင်ပင်ရန် စဉ်းစားထားလိုက်လေသည်။
......
စန်းလော့သည် ပုံမှန်အားဖြင့် အကြံဉာဏ်များကို သဘောတူပြီးသားပင်။ သူမသည် လာကူညီပေးမည့် ရွာသားအများအပြား ဖြစ်နေမည်ကိုလဲ မလိုလာချေ။ အကြောင်းမှာ သူတို့ အိမ်တွင် လုပ်သည့် အစားအသောက်အတွက် သူမက ဆက်ပြီး လျှို့ဝှက်ထားမှသာ ပိုအဆင်ပြေမည်ဖြစ်သောကြောင့်ပင်။
သို့သော် ကူညီနေပြီဖြစ်သည့် ရှီနှင့်လု မိသားစု၏ ကလေးများသာဆိုလျှင် အရွယ်ရောက်ပြီးသား ယောက်ျားလေးများမှာ မည်သို့သောအန္တရာယ်များ ရှိလာနိုင်ပါမည်နည်း။
ချန်းလောင်ဟန်သည် ပြုံးလိုက်ပြီး
"မင်း အဆင်ပြေမယ်လို့ ငါ ခန့်မှန်းထားတာ။ အလယ်လတ်အရွယ် ယောက်ျားလေးတွေက လုပ်အားအပြည့်အဝ မရှိပေမယ့် အရွယ်ရောက်သူတွေနီးနီး စားနိုင်တာကြောင့် အခွင့်ကောင်း ယူသလိုဖြစ်လို့ သူတို့ အပြစ်ရှိသလိုခံစားရတာ ဖြစ်နိုင်တယ်"
စန်းလော့၏ မျက်လုံးများသည် ရွှင်မြူးစွာဖြင့် ကွေးညွတ်သွားသည်။ ချန်းမိသားစုနှင့် ကောင်းစွာ ပေါင်းသင်းဆက်ဆံသူများသည် အမှန်တကယ်ပင် အကျင့်စားရိုက်များ ကောင်းမွန်ပေသည်။
သူမသည် ပြုံးလိုက်ပြီး
"ရှီအာ့ရှူး (ရှီဦးလေး) နှင့် လုတရှူး (လုဦးကြီး) တို့နဲ့ စကားပြောလိုက်ပါမယ်။ ကျွန်မတို့မိသားစုရဲ့ နာမည်ကြီးဆင်းရဲခြင်းက အိမ်ဆောက်တဲ့နေရာမှာ သူတို့ရဲ့အကူအညီကပဲ စေတနာလို့ သတ်မှတ်လို့ရနေပါပြီ။ ကျွန်မတို့အားလုံးက ရွာသူရွာသားတွေပါ။ ဒီလိုအသေးစိတ်တွက်ချက်မှုတွေ မလိုအပ်ပါဘူး"
ချန်းလောင်ဟန်သည် ရယ်မောကာ ထောက်ခံလိုက်၏။
"သေချာပေါက်ပဲပေါ့"
အရာရာတိုင်းကို တိုင်းတာတွက်ချက်မည်ဆိုပါက ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန် ခက်ခဲပေမည်။
အခြားသူများနှင့်အနည်းငယ်လှမ်းလှမ်းတွင် ရှိနေသည့် သူတို့၏စကားဝိုင်းကို စန်လော့သည် ရှီအာ့လန်နှင့်ချီတလန်တို့နှင့် စကားပြောလိုက်ပြီး အဆုံးသတ်လိုက်၏။ အမြဲတမ်းပြုံးရွှင်ပြီးစစ်မှန်သော သူမ၏အပြုအမူများဖြင့် ရှီအာ့လန်သည် ဆွဲဆောင်ရန် အနည်းငယ်လွယ်ကူသော်လည်း ချန်းယိုထျန်းနှင့်စိတ်ချင်းတူသော လုသလန်ကတော့ သူမ၏ဘဝင်ကျစေသောစကားများကို မခုခံနိုင်ခဲ့ပေ။
သိပ်မကြာခင်မှာပဲ ဤကိစ္စသည် ပြေလည်သွားလေ၏။
သူမထွက်သွားသည်နှင့် အနည်းငယ်တွေဝေနေသော လုသလန်အား သစ်သားဖြတ်နေသည့် ချန်းယိုထျန်းက သတိပေးလိုက်၏။
"ဘာတွေတွေဝေနေတာလဲ။ ဟူကျီကို ပြန်ခေါ် ပြီး ကောင်လေးတွေကိုပါ ခေါ်လိုက်လေ"
လုသလန်သည် တွေဝေနေရာမှ ဆတ်ကနဲဖြစ်ကာ ဟူကျီအား မြန်မြန်လှမ်းခေါ်လိုက်သည်။
ထပ်တိုးလာသော ယောက်ျားလေးအနည်းငယ်သည် ရွှံ့တူးခြင်းနှင့် အုတ်ပြုလုပ်ခြင်း စသောတာဝန်များကို လက်လွှဲယူကြသည်။ အလုပ်များနေသော ချန်းယိုထျန်းမှလွဲ၍ လူငါးဦးသည် အုတ်မြစ်တူးဖော်ရန် အာရုံစိုက်ကာ အခြေအနေတိုးတက်လာစေရန် သိသိသာသာ အရှိန်မြှင့်လိုက်ကြသည်။
နှစ်ရက်အတွင်း မီတာဝက်နက်သောအုတ်မြစ်ကို တူးဖော်ခဲ့ပြီး စီရင်စုမှ စန်းလော့ ပြန်လည်ရောက်ရှိလာချိန်တွင် ရှီတလန်နှင့်အတူပါသည့် အခြားသူများနှင့် ချန်းလောင်ဟန်သည် နံရံများကို စတင်တည်ဆောက်နေပြီဖြစ်သည်။
စန်းလော့သည် ရွှံ့စေးဖြင့်အိမ် ဆောက်လုပ်ခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။
အခြေခံအုတ်မြစ်တွင် လေးထောင့်ဘောင်အဖြစ် သစ်သားပြားများကို အပေါ်သို့တပ်ဆင်ထားသည်။ ရောနှောထားသည့် စေးကပ်သော အဝါရောင်မြေဆီလွှာအား ဖြည့်ပြီးနောက် အလွန်လေးလံသော ကိရိယာကို အသုံးပြု၍ သိပ်သည်းကျစ်လျစ်စေသည်။ သန်မာသော အလုပ်သမားလေးဦးသည် ဘောင်အတွင်းရှိ မြေသားကျစ်လစ်သွားသည်အထိ ထိုအရာကို ကြိမ်ဖန်များစွာ မလိုက် ချလိုက် လုပ်ကြရသည်။ ဘောင်ကို ဖယ်ရှားပြီးသည်နှင့် မြေဆီလွှာခိုင်မာလာပြီး နောက်နံရံအတွက် ဤလုပ်ငန်းစဉ်ကိုသာ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။ ဤလုပ်ငန်းစဥ်ကို ဖိသိပ်ခြင်းဟု ခေါ်သည်။
"ဒီတော့ မြေသားကို ဒီလိုနည်းနဲ့ ဖိသိပ်တာပေါ့"
ချန်းလောင်းဟန်ဆီမှ စန်းလော့လေ့လာခဲ့ရသော ဤနည်းလမ်းကို "ပန်းကျူ(နံရံဆောက်တဲ့ပုံစံ)" ဟု ခေါ်သည်။
နောက်ထပ်နှစ်ရက်ကြာပြီးနောက် မီးဖိုချောင်၊ ရေချိုးခန်းနှင့် အိမ်ရှေ့ ခြံနံရံများ၏ အခြေခံဖွဲ့စည်းပုံမှာ သိသာလာသည်။ အလယ်အလတ် ယောက်ျားလေးများ၏ ပြင်ဆင်ထားပေသည့် ရွှံ့အုတ်များကို အသုံးပြုရန် ထားခဲ့သည်။ ရက်အနည်းငယ်အတွင်း မီးဖိုချောင်နှင့် ရေချိုးခန်းနံရံများကို ဆောက်လုပ်ခဲ့ပြီး တံခါးနှင့် ပြတင်းပေါက်ဘောင်များ တပ်ဆင်ထားကာ အမိုးနှင့် ဓနိခင်းခြင်းများသာ ကျန်ရစ်လေ၏။
စီရင်စုမှ ကျူဖျာအနည်းငယ် ဝယ်ခြင်းမှလွဲ၍ စန်းလော့အတွက်တော့ အခြားအရာများနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုပေ။ ဩဂုတ်လ ၂၂ ရက်နေ့တွင် ရိုးရိုးအခန်းနှစ်ခန်း၊ အိမ်ရှေ့နှင့် နောက် ခြံနံရံများ ပြီးစီးပြီး နံရံများကိုတော့ ဖွဲနု၊ရွှံ့ဖြင့် ပြုလုပ်ထားသည်။
ရွှံ့အုတ်အိမ်အသစ်သည် ကျေးလက်ရှိ ရွှံ့အိမ်များနှင့်ပတ်သက်၍ စန်းလော့၏ခံယူချက်ကို လုံးဝပြောင်းလဲသွားစေခဲ့သည်။ လုံးဝ ကြည့်ရမဆိုးပေ။ အမှန်မှာ တောင်များမှ ချန်းလောင်ဟန် ရွေးချယ်ထားသည့် အရည်အသွေးမြင့် အဝါရောင် စေးကပ်သည့်မြေဆီလွှာကြောင့် သူ၏အနီအရောင်အသွေးနှင့် အတော်လေး ဆွဲဆောင်မှုရှိ၏။
ဤအချက်နှင့်နှိုင်းယှဉ်ပါက အိမ်မပြောင်းမီ အနည်းငယ်မျှသာ ပြုပြင်ထားသော ပင်မအိမ်သည် တော်တော်လေး အကြမ်းထည်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ရွာသူရွာသားများ၏ မတူကွဲပြားသော အတတ်ပညာများကို ပြသရင်းဖြင့်ပင် နေအိမ်သည် အောင်မြင်စွာ ပြီးစီးခဲ့၏။ သူတို့သည် သူမအတွက် မီးဖိုကိုပင် ပြုလုပ်ပေးခဲ့ကြသည်။
ရှန်းအန်းကို ကတိပေးထားသည့် မပြီးသေးသည့် အိပ်ယာမှလွဲ၍ တံခါးများ၊ ပြတင်းပေါက်များ၊ စားပွဲများ၊ ခုံတန်းလျားများနှင့် သိုလှောင်ရန်အတွက် သစ်သားသေတ္တာများသည် အဆင်သင့် ဖြစ်နေပေသည်။
မီးဖိုချောင်တွင် တို့ဟူးပြုလုပ်ရန်နှင့် ပဲနို့စစ်ထုတ်ရန်အတွက် လိုအပ်သော သစ်သားဘောင်ကို ချန်းယိုထျန်းမှ ပြင်ဆင်ထားပြီး ထုတ်တန်းတွင် ချိတ်ဆွဲပေးထားသည်။
တို့ဟူးပုံစံခွက်များနှင့် တို့ဟူးတင်သေတ္တာများအတွက် စန်းလော့သည် သူတို့၏ ဒီဇိုင်းကို ချန်းယိုထျန်းအား ဖော်ပြခဲ့သည်။ ရည်ရွယ်ချက်ကို မသိသော်လည်း အိမ်ဆောက်ရာမှကျန်ရှိသော သစ်သားများကို အသုံးပြု၍ ဖန်တီးပေးလိုက်၏။
သူမ ရရှိသောငွေများနှင့်အတူ စန်းလော့သည် သူမ၏အိမ်ကို လိုအပ်သော မီးဖိုချောင်နှင့်အိမ်သုံးပစ္စည်းများကို တဖြည်းဖြည်း ဝယ်ထည့်လိုက်သည်။
သူမ၏ကျေးဇူးတင်ခြင်းကိုဖော်ပြရန်နှင့် အိမ်ကိုနွေးထွေးစေရန် စန်းလော့သည် စားသောက်ပွဲကိုစီစဉ်လိုက်သည်။
သူမသည် ချန်းဘွားဘွား၏အိမ်မှ ပြက္ခဒိန်ကို ငှားကာ မင်္ဂလာရှိသောနေ့ကို ရွေးလိုက်ပြီး မိသားစုသုံးစုအား ထမင်းစားရန် ဖိတ်ကြားခဲ့သည်။
ချီယန်စီရင်စု၏ကျေးလက်ဒေသတွင် ပေါ့ပေါ့ပါးပါး နေထိုင်မှု အခြေအနေကြောင့် ဥယျာဉ်တိုင်ထောင်ခြင်းနှင့် အိမ်တက်မင်္ဂလာပွဲများကို သီးခြားစီကျင်းပသည်မှာ ရှားပါးသည်။ အများအားဖြင့် ထုပ်တန်းတင်ခြင်းကို တိုင်ထောင်သည့်နေ့တွင် ပြုလုပ်ကြ၏။ ထို့နောက် ပြီးစီးသောအိမ်သို့ ပြောင်းရွှေ့သောအခါ စုပေါင်းပွဲတစ်ခု ကျင်းပကြသည်။
၈လပိုင်း ၂၅ရက်နေ့ကို နေ့ကောင်းရက်မြတ်အဖြစ် သတ်မှတ်လိုက်၏။
ထိုနေ့တွင် ရွာသူရွာသားများသည် သူတို့၏ ဆောင်းဦးရာသီ စပါးရိတ်သိမ်းခြင်းကို စတင်ကြသည်။ စန်းလော့သည် သူတို့အား ပြင်ဆင်ခြင်းအတွက် ကူညီရန်မလိုအပ်ကြောင်းနှင့် သူတို့၏လယ်အလုပ်များပြီးပါက လာရောက်စားသောက်ရန်သာ လိုအပ်ကြောင်းကို သေချာမှာလိုက်သည်။
မိသားစုများသည် တက်ရောက်ရန်သဘောတူသော်လဲ လူတိုင်းလာမည် မဟုတ်ပေ။ ပုံမှန်အားဖြင့် မိသားစုတစ်ခုစီ၏ အကြီးဆုံးမိသားစုဝင်များသည် အလုပ်တွင် ပါဝင်ကူညီခဲ့ကြသူများနှင့်အတူ လာပေမည်။ ကလေးနှစ်ယောက်လောက်လည်း သူတို့နှင့်အတူ ခေါ်လာကောင်း ခေါ်လာလိမ့်မည်။ ထိုနေ့တွင် ချက်ပြုတ်ခြင်းနှင့် သိမ်းဆည်းခြင်းအတွက် ကူညီရန် မိသားစုတစ်စုဆီမှ အမျိုးသမီးတစ်ယောက်ဆီ လွှတ်ပေးလိမ့်မည်။
ဤအစီအစဥ်သည် သက်ဝင်လှုပ်ရှားသည့် စုဝေးပွဲတစ်ခုကို သေချာပေါက် ဖြစ်စေပေမည်။
လွန်ခဲ့သည့်ရက်များအတွင်းက မြေယာရှင်းလင်းရေးတွင် ပါဝင်ကူညီခဲ့ကြသော ကလေးများဖြစ်သည့် ဧည့်သည်လူငယ်အဖွဲ့လည်း ရှိမည်။ ရှန်းအန်းသည် ထိုနေရာတွင် အလုပ်လုပ်သော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် အိမ်နောက်ဖေးတွင် စတင်စိုက်ပျိုးနိုင်ခဲ့သည်။ ကူညီပေးခဲ့သည့် ကလေးများအားလည်း ဂုဏ်ပြုထိုက်ပေ၏။ ထို့ကြောင့် သူတို့သည်လည်း ဖိတ်ကြားမှုတွင်ပါဝင်ခဲ့လေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်၏ သူငယ်ချင်းများဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသော မောင်နှမနှစ်ယောက်အား ပွဲစီစဉ်သည့် တာဝန်ကို အပ်နှင်းခဲ့သည်။
"ပွဲတက်ဖို့ လူတွေကို သားတို့က ဖိတ်လို့ရလား"
ပြီးတော့ ဧည့်သည်များသည် ကလေးအုပ်စုဖြစ်မည်။
"ဘာလို့မရရမှာလဲ"
စန်းလော့သည် နွေးထွေးစွာပြုံးလိုက်၏။
"ဒါလဲ နင်တို့ရဲ့အိမ်ပဲလေ။ ပြီးတော့ နှစ်ယောက်လုံးက အစ်မတို့ အိမ်ကြီးဖြစ်အောင် အရမ်းကြိုးစားခဲ့ကြတယ် မဟုတ်လား။ ကူညီခဲ့တဲ့သူငယ်ချင်းတွေကို ဖိတ်ကြားနိုင်သလို တစ်ခြားရင်းနှီးတဲ့ သူငယ်ချင်းတွေရှိရင်လည်း ဖိတ်လိုက်ပါ။ အဆင်ပြေပါတယ်။ အနီးစပ်ဆုံးအရေအတွက်ပဲ သိရအောင်ပြောပေး၊ ဒါဆိုရင် အစ်မ ပြင်ဆင်လို့ရတယ်"
အရွယ်ရောက်ပြီးသူကဲ့သို့ ချုပ်တည်းပြီး ကြိုးစားပြီး ရင့်ကျက်ဟန် ကြိုးစားနေသည့် ရှန်းအန်းပင်လျှင် စန်းလော့၏ စကားကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ သူ့မျက်လုံးများသည် ရွှင်မြူးနေ၏။
"မရီး၊ ကူညီခဲ့တဲ့သူတွေကို ဖိတ်တာပဲ လုံလောက်ပါတယ်။ ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းတွေပဲ လာကူညီသွားတာ"
"ကောင်းပြီလေ"
ထို့နောက် ရှန်းနဉ်ဘက်သို့လှည့်ကာ ပြောလိုက်၏။
"ညီမလေးရော ဖိတ်ချင်တဲ့သူငယ်ချင်း ရှိသေးလား၊ အားနဉ်"
ရှန်းနဉ်သည် မျက်တောင်ခတ်လိုက်ပြီးပြောလိုက်၏။
"ရှောင်ယာကိုပဲ ဖိတ်မယ်"
သူမသည် သူ့အစ်ကိုနောက်သို့ လိုက်လေ့ရှိပြီး သူမ၏ရင်းနှီးသော သူငယ်ချင်းများသည်လည်း သူ့အကို၏သူငယ်ချင်းများ ဖြစ်ကြ၏။ ရှောင်ယာ့အပြင် သူမတွင် ဖိတ်ကြားရန် အခြား အထူးရင်းနှီးသော မိန်းကလေးသူငယ်ချင်းများ မရှိပေ။
စန်းလော့သည် ပြုံးကာ ပြောလိုက်၏။
"ကောင်းပြီ၊ အစ်မ သိပါပြီ။ နင်တို့နှစ်ယောက်လုံး သူငယ်ချင်းတွေကို ကြိုပြောထားလိုက်တော့နော်"
ရှန်းအန်းသည် သူ၏စိတ်လှုပ်ရှားမှုကို ကြာကြာမထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
"မရီး၊ ဒါဆို အားနဉ်နဲ့သား အခုပဲသွားလိုက်တော့မယ်"
စန်းလော့၏ သဘောတူခေါင်းညိတ်မှုနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့် ရှန်းနဉ်၏လက်ကို ဆွဲကာ လေကဲ့သို့ လျင်မြင်စွာပင် နှစ်ယောက်လုံးက ပြေးထွက်သွားကြလေတော့သည်။
...
Zawgyi
အပိုင်း (၄၃)
......
......
You are reading the story above: TeenFic.Net