အခန်း ၉: ခေါင်းဖြတ် ဂုဏ်ပြုခြင်း

Background color
Font
Font size
Line height

အခန်း : ခေါင်းဖြတ် ဂုဏ်ပြုခြင်း

အမိုးအောက်ရှိထပ်ခိုးမှာ သိပ်မမြင့်ချေ။ အလည်တွင် ဒေါင်လိုက်ထောက်ထားသော သစ်သားတိုင်တစ်တိုင်က ခေါင်မိုးကို ထီးတစ်ချောင်းသဖွယ် ထောက်ကန်ပေးထားသည်။

ဤနေရာကျဉ်းကျဉ်းလေးတွင် ကုတင်တစ်လုံးကို သွတ်ထည့်ထားသည်။ အိပ်ရာခင်းများမှာ လွန်ခဲ့သော နှစ်ရာချီကတည်းက အသုံးမပြုထားသည့်နှယ် မှိုစွဲ၍ နံဟောင်နေ၏။

ချင်ကျိုးက အခန်းကို လှည့်ပတ်ကြည့်ရှုရင်း သူ့လက်အိတ်ဖြင့် နှာခေါင်းကိုကာထားသည်။

"ကြည့်ရအောင် မင်းကိုဘယ်မှာထားရင်ကောင်းမလဲ" သူက ညင်ညင်သာသာ ပြောလိုက်သည်။

သူက ယိုဟော့ထက် အနည်းငယ် အရပ်ပိုရှည်သည်ဖြစ်ရာ မတ်မတ်ရပ်လိုက်လျှင် ခေါင်မိုးဖြင့်ပင် တိုက်မိနိုင်သည်။ သူက မတ်တပ်ရပ်နေသည့်အချိန် ခေါင်းကိုငုံ့ထားရန်သာ တတ်နိုင်သည်။

"ကုတင်ပေါ်ဆိုရင်ရော၊ ကုတင်မှာတော့ ကြိုးချည်ဖို့ ကုတင်တိုင်ရှိတယ်၊ သူ့အကျယ်က တကယ်အနေတော်ပဲ ဒါပေမယ့် နည်းနည်းတိုနေသေးတယ်"

ချင်ကျိုးက ခိုင်မခိုင် စမ်းသပ်ရန် ကုတင်ဘောင်တန်းကို လှုပ်ယမ်းလိုက်သည်။ သူတစ်ဖက်ပြန်လှည့်လာသောအခါ "အတူတူသေကြတာပေါ့" ဟူသော မျက်နှာပေးနှင့် ယိုဟော့ကို တွေ့လိုက်ရသည်။

ယွီဝမ် သို့မဟုတ် လောင်ယွီသာ ယိုဟော့၏ မျက်နှာထားကို မြင်လျှင် ချက်ချင်း ထွက်ပြေးမိမှာဖြစ်သော်လည်း ချင်ကျိုးကတော့ ထရယ်လိုက်သည်။

သူ၏ ရယ်သံခပ်အုပ်အုပ်မှာ လည်ချောင်းအတွင်းမှ တက်လာပြီး သူက ပြောလိုက်သည် "အိုကေ ရတယ်။ ကုတင်က တကယ်ကိုပဲ သိပ်မသန့်ရှင်းတဲ့အပြင် ဘောင်တန်းတွေကလည်း နည်းနည်းပါးတော့ သိပ်ခံမှာမဟုတ်လောက်ဘူး... ဒီနေရာကလည်း အကျယ်ကြီးမဟုတ်ဘူး။ မင်းဘယ်လိုလုပ်ချင်လဲ"

ယိုဟော့က အေးစက်စက်အမူအရာကို ဆက်ထိန်းထားပြီး သူ့ကို နည်းနည်းလေးမျှ အာရုံစိုက်မည့်ဟန်မရှိ။

ချင်ကျိုးကလည်း အလျင်လိုခြင်းမရှိပေ။ ဆက်ပြီး စောင့်ဆိုင်းနေလိုက်သည်။

ယိုဟော့က တဒင်္ဂခန့် အကြည့်ခံလိုက်ရပြီးနောက် နောက်ဆုံးတွင် စိတ်မရှည်စွာပြောလိုက်သည်။ "မင်း အဲဒီမွှေးပျံ့နေတဲ့ ကုတင်ပေါ်မှာလှဲလိုက်၊ ပြီးရင် လည်ပင်းမှာ ကြိုးတစ်ချောင်းကို ပတ်လိုက်၊ ကျန်တဲ့ကြိုးအစွန်းတစ်ဖက်ကို ငါ့ကိုပေးထားလိုက်။ အဲဒါမှ ငါလှုပ်ရှားလိုက်တာနဲ့ အားလုံးကိစ္စပြတ် တိတ်ဆိတ်သွားရော။ ဘယ်လိုလဲ လုပ်ပေးနိုင်လား"

ချင်ကျိုးက မျက်လုံးများကို ကျဉ်းမြောင်းပြီးကြည့်လိုက်သည်။

ခဏလောက်တော့ ယိုဟော့က သူစိတ်မပျော်ဖြစ်သွားသည်ဟု ထင်လိုက်သည်။

ချင်ကျိုးက ရယ်လိုက်ပြီး ဤကဲ့သို့ ပြောလိမ့်မယ်လို့ သူကမျှော်လင့်မထားချေ။ "စိတ်တော့မကောင်းပါဘူး ငါမလုပ်နိုင်ဘူး။ ငါ အဲဒီလိုမျိုး ဝါသနာမပါဘူး" *

ယိုဟော့: "............"

ရူးနှမ်းနေတဲ့ လူယုတ်မာ။

* (T/N ယိုဟော့ပြောတဲ့ပုံက S&M practice နဲ့ ဆင်နေလို့ သူကအဲလိုပြောလိုက်တာပါ)

·

ထိုရူးနှမ်းနေတဲ့ လူယုတ်မာက အနည်းဆုံးတော့ လူမှုရေးကျင့်ဝတ်အနည်းအပါးတော့ နားလည်သေးသဖြင့် ယိုဟော့ကို မုဆိုး A ၏ ကုတင်ပေါ်မှာ တကယ်တမ်း မထားခဲ့ချေ။

ယိုဟော့က လက်နောက်ပြန်ပေးပြီး ကြမ်းပေါ်တွင် ထိုင်နေသည်။ သူ့ကို ခေါင်မိုးထောက်တိုင်တွင် ချည်နှောင်ထားလေသည်။

ချင်ကျိုးက ပြတင်းပေါက်ဖွင့်ပေးရန် သူ့ကိုပတ်ပြီး လျှောက်သွားလိုက်သည်။

ထပ်ခိုးရှိ ပြတင်းပေါက်မှာ အလွန်သေးငယ်လေသည်။ သူ့လက်ဖဝါးထက်ပင် မကြီးသောအရွယ်ဖြစ်သော်လည်း ဝင်လာသော လေများမှာ ထပ်ခိုးရှိ ချဉ်စုပ်စုပ်အနံ့ ပျယ်သွားအောင်တော့ လုပ်နိုင်သည်။

ချင်ကျိုး : "အေးနေလား"

ယင်းစကားလုံးများမှာ လုံးဝအရေးမပါသော စကားများဖြစ်သည်။ ဒီလို နှင်းထူထပ်စွာကျနေသောနေ့မျိုးမှာ တီရှပ်တစ်ထည်ပဲ ဝတ်ထားမှတော့ မအေးဘဲနေပါ့မလား။

သို့သော်လည်း ယိုဟော့က အေးတာထက်စာလျှင် အနံ့အသက်များကို ပို၍ သည်းမခံနိုင်ပါ။

သူက ချင်ကျိုး၏ မေးခွန်းကို လျစ်လျူရှုလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည် "ငါမတ်တပ်ရပ်လို့ရမလား"

"မရဘူး"

"............."

ယိုဟော့က သူ့ကို အေးတိအေးစက်ဖြင့် စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

ချင်ကျိုးက ကုတင်ဘေးကို ပြန်လာပြီး သစ်သားစားပွဲဝိုင်းငယ်လေးတွင် ထိုင်လိုက်သည်။ ယိုဟော့ကို မျက်နှာမူလျက်ပြောလိုက်သည်။ "မင်းခြေထောက်တွေက အရမ်းရှည်တော့ မတော်တဆ ငါ့ကို ကန်မိနိုင်တယ်။ ထိုင်နေတာက ပိုတည်ငြိမ်တာပေါ့"

ယိုဟော့: "........."

မင်းအမေတဲ့မှ တည်ငြိမ်နေလိုက်။

စိတ်အနှောင့်အယှက်ဖြစ်စရာ နှစ်ကြိမ်ဆက်တိုက် ကြုံပြီးနောက် ယိုဟော့က ညာဘက်သို့ လှည့်သွားပြီး သူ့ကို နောက်ထပ် အာရုံမစိုက်တော့ချေ။

ညာဘက်ရှိ နံရံမှာ မှန်နံရံ ဖြစ်နေသည်။ ယိုဟော့နေရာမှကြည့်လျှင် အောက်ထပ်ရှိ ဧည့်ခန်း၏တစ်ဝက်ခန့်ကို မြင်ရသည်။ ဖြေဆိုသူများမှာ လက်ရှိ မတ်တပ်ရပ်၍သော်လည်းကောင်း၊ ထိုင်လျက်သော်လည်းကောင်း မင်တက်နေကြသည်။

ယိုဟော့မရှိလျှင် လူအို၊ လူပျော့၊ လူမမာနှင့် ကိုယ်ဝန်ဆောင်သည်တို့မှာ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ပင် ဖြစ်နေသည်။ သူတို့က ရောက်တတ်ရာရာသို့ ချာလပတ်လည်နေပြီး ဦးတည်ရာမဲ့နေကြလေသည်။

·

ယွီဝမ်က ဓားကိုဆွဲယူပြီး နံရံပေါ်တွင် စကားလုံးများ အသည်းအသန် စတင်ထွင်းတော့သည်။

သူက အလင်းပညာဖြင့် ဆိုင်ဆိုင်မဆိုင်ဆိုင် သူသိသမျှ ရူပဗေဒပုံသေနည်းများကို အကုန်ချရေးရန် ကြံစည်ထားသည်။ သူက ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် သူသိသမျှအရာအားလုံးကို ချရေးရန် ငါးမိနစ်မျှပင် မကြာကြောင်း သိလိုက်ရသည်။

အသိပညာကို အသုံးချရမည့် အချိန်ရောက်မှသာ လုံလုံလောက်လောက် မလေ့လာခဲ့ရခြင်းအတွက် နောင်တရတတ်ကြသည်။

ယွီဝမ်၏ အသက်ဆယ့်ရှစ်နှစ်တာကာလတွင် ဤစာကြောင်းကို စဉ်းစားမိ၍ ရင်နာမိသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

"ဘာကျန်သေးလဲ။ တစ်ယောက်ယောက်များ အခြားတစ်ခုခုမှတ်မိတာများ ရှိသေးလား" သူကအခြားသူများထံမှ အကူအညီတောင်းရန် လှည့်လာသည်။

ယွီယောက်က မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် "ငါက အထက်တန်းကျောင်းတုန်းကတော့ ရူပဗေဒနဲ့ ဓာတုဗေဒ လေ့လာခဲ့ပေမဲ့ တက္ကသိုလ်ရောက်တော့ စာပေပညာဘက်ကို ပြောင်းလိုက်တာ။ လုပ်ငန်းခွင်ထဲရောက်တာလည်း ကြာလှပြီဆိုတော့... နံရံပေါ်ကစာတွေ မင်းသာမရေးထားဘူးဆို ငါမှတ်မိမှာတောင်မဟုတ်ဘူး"

ယွီဝမ်က သူမကို ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည် "အစ်မ နည်းနည်းလောက် ထပ်စဉ်းစားပေးပါဦး။ ဘာပဲ စဉ်းစားလို့ရရ ထပ်သာထည့်လိုက်"

ယွီဝမ်၏ မျက်နှာမှာ ကံကောင်း၍ သူ့အမေနှင့်တူ၏။ ယိုဟော့နှင့် ယှဉ်၍မရသော်လည်း အထက်တန်းကျောင်းတွင် တော်တော်လေး ကြည့်ကောင်းသည်ဟု သတ်မှတ်လို့ရသည်။

ယွီယောက်၏ မိခင်မေတ္တာစိတ်များမှာ တဖွားဖွားပေါ်လာလေသည်။ သူမက တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။ "ငါ အလင်းယိုင်ခြင်း သရုပ်ဖော်ပုံကိုတော့ မှတ်မိသေးတယ်။ လုံးဝ လုံးဝ လုံးဝ အခြေခံပုံစံနော်။ ငါဆွဲတာကြည့်ပြီး မရယ်နဲ့"

"မရယ်ပါဘူး။ တစ်ယောက်ယောက်ရယ်လိုက်တာနဲ့ ကျွန်တော် ဓားနဲ့လှီးပစ်လိုက်မယ်၊ တကယ်ပြောတာ"

သူမကို ယွီဝမ်က အဓိပ္ပါယ်မရှိစွာ ကတိပေးပြီးနောက် ယွီယောက်က သူ့ဗိုက်ကိုကိုင်၍ ရွှေ့လာသည်။ ဓားကိုသုံးပြီး သူမက စက်ဝန်းပြတ်တစ်ခုနှင့် ယိုင်နေသော အလင်းတန်းနှစ်တန်းပုံ ဆွဲလိုက်သည်။

ယွီဝမ်က "အိုး" ဟုရေရွတ်လိုက်ပြီး စိတ်ထဲက တွေးလိုက်သည်။ဒါက တကယ့်ရိုးရှင်းသောပုံ ဖြစ်သော်လည်း သူကိုယ်တိုင်တောင် မေ့နေခဲ့ခြင်းဖြစ်သည်။

"တခြားသူတွေရော"

ယွီဝမ်က စိတ်အားထက်သန်သော အရောင်းသမားတစ်ယောက်ကဲ့သို့ပင် သူ့အကြည့်များက ကျန်သောလူများထံသို့ ရောက်သွားသည်။

အဘွားအိုနှစ်ယောက်... ထားလိုက်ပါတော့။ သူတို့က ရူပဗေဒအကြောင်း ဘာမှသိမှာမဟုတ်ဘူး။

လူမိုက်နှင့် လူမမာကတော့ ရှက်စိတ်ကြောင့် သူတို့ခေါင်းများကို ငုံ့ထားကြလေသည်။

ထိပ်ပြောင်နှင့်လူက မင်တက်နေသည်။ ရူးမသွားတာပင် ကံကောင်းဟုပြောရမည်။

ထို့နောက် အဘိုးအိုတစ်ယောက်နှင့် မြေးအမြွှာပူးနှစ်ယောက်လည်း ရှိသေးသည်။ အဘိုးအိုက ဦးနှောက်ထိခိုက်ထား၍ အနည်းငယ် စိတ်ဝေဒနာခံစားနေရပုံရပြီး မြေးနှစ်ယောက်မှာ မူလတန်းအရွယ်လေးတွေ ဖြစ်လေရာ... ကလေးများကို ရူပဗေဒ အကြောင်းမေး၍ နှိပ်စက်ရန်မှာ ယွီဝမ်မတတ်နိုင်သောအရာဖြစ်သည်။

နိုင်ငံခြားသား 'မိုက်' ကတော့ "နိဟောင်" နှင့် "နိရှောရှမော" ဟူသော စကားနှစ်ခွန်းသာ ပြောနိုင်သည်။ လုံးဝ အသုံးမဝင်ပါချေ။

လောင်ယွီကမူ... အရက်အကြောင်း တစ်မျိုးသာ သိသူဖြစ်သည်။

ယွီဝမ်က နောက်ဆုံးတော့ သူ့အစ်ကို၏ စိတ်ပျက်လက်ပျက်ဖြစ်သော ခံစားချက်ကို ခံစားဖူးသွားပြီဖြစ်သည်။

(T/N အဟိ သူကိုယ်ချင်းစာတတ်သွားပြီ)

·

922 က သူ့ခရီးဆောင်အိတ်ကို အထဲသွင်းနေရင်း ယွီဝမ် မီးဖိုရှေ့တွင် မတ်တပ် ကြက်သေသေနေသည်ကို တွေ့လိုက်သည်။ သူကပြောသည်။ "မင်း မီးနဲ့ဝေးဝေးမှာ နေတာကောင်းလိမ့်မယ်။ မေးခွန်းတောင် မဖြေရသေးခင် မီးလောင်ပြီး မသေစေနဲ့" ယွီဝမ်က ဖန်ပုလင်းအကွဲများကို ကလိနေရင်းက တွေးလိုက်သည်: ထားလိုက်၊ တူးသွားရုံကလွဲပြီး ဘာရှိဦးမှာလဲ။

သူက ထပ်ခိုးပေါ်ကို မော့ကြည့်လိုက်သည်။

မှန်နံရံမှာ အချိန်ကြာမြင့်မှုကြောင့် အိုဟောင်းစုတ်ချာနေပြီဖြစ်ရာ အလွန်မှုန်ဝါးနေသည်။ ထပ်ခိုးပေါ်ရှိ မီးအိမ်များမှာလည်း မှောင်နေသည်။ ယွီဝမ်က စာမေးပွဲခန်းစောင့် 001 သူ့အစ်ကိုကို ဘာများလုပ်နေမလဲဟု တွေးနေမိသည်။ သူ့အစ်ကိုက ဒီအောက်ကို လှမ်းကြည့်နေပြီး သူတို့ မျှော်လင့်ချက်မဲ့စွာ လျှောက်လုပ်နေသည်တို့ကို တွေ့၍များ စိတ်ပျက်သွားလေမလား.....။

"အချိန် ၅ မိနစ်ကျန်ပါသေးတယ်" 922 က သူ့ကို သတိပေးလိုက်သည်။

အားလုံးက ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသည်။

·

ဤသစ်သားအိမ်အိုထဲတွင် လူတစ်ယောက်နေလို့ရမည့်နေရာမှာ အကန့်အသတ်ရှိ၍ လူအများထိုင်၍ရသော နေရာများမှာလည်း နည်းပါးလှသည်။

ထမင်းစားစားပွဲတွင် ပန်းကန်ခွက်ယောက်များ နေရာချထားသော်လည်း ခုံနေရာတစ်နေရာမှာ သေဆုံးခြင်းကို ကိုယ်စားပြုသည်ဖြစ်ရာ တွေ့ကရာ ထိုင်ခုံတွင်လည်း မထိုင်ရဲကြချေ။

922 က ခရီးဆောင်အိတ်များကို ယူလာပြီး လှည့်ပတ်နေရာမှ နောက်ဆုံးတွင် 154 ထိုင်နေသော ဆိုဖာတွင် ကပ်သပ်၍ အတူထိုင်လိုက်သည်။

154 က မကျေမနပ်ပြောလိုက်သည် "ခေါင်းဆောင်က ထပ်ခိုးပေါ်မှာမဟုတ်ဘူးလား"

922: "ငါသိတယ်"

154: "အဲဒါဆို ခရီးဆောင်အိတ်ကို ဘာဖြစ်လို့ဒီမှာ ထားထားတာလဲ။ သူကိုယ်တိုင်လာယူတာကို စောင့်နေတာလား"

922: "အပေါ်မှာ လူဆိုးနှစ်ယောက်တောင်ရှိနေတာ၊ ငါအပေါ်မတက်ချင်သေးဘူး"

154: "..........."

အသုံးမကျတဲ့ကောင်။

922 က စူပုပ်ပုပ်ဖြင့်ပြောသည်။ "ဘာဖြစ်လို့ ငါ့ကို မျက်ဖြူလှန်ပြနေတာလဲ။ မင်းရော ဘာဖြစ်လို့မသွားတာလဲ"

154 က ဖြေဆိုသူများကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လျက်ထိုင်နေသည်။ "ငါက သူတို့ကို စောင့်ကြည့်နေတာလေ"

"မင်းကို သူတို့က စောင့်ကြည့်ပေးပါလို့ ပြောထားလို့လား။ ကြီးကြပ်ဖို့လိုနေတဲ့သူက အပေါ်မှာလေ"

"ခေါင်းဆောင်တစ်ယောက်နဲ့တင် လုံလောက်နေပြီ"

922: ".............."

154: ".............."

စာမေးပွဲခန်းစောင့် နှစ်ယောက်မှာ နောက်ထပ်ပြောစရာ စကားမရှိတော့ချေ။

အဆုံးတွင် 922 က သက်ပြင်းချလိုက်သည်။ "ငါ စာမေးပွဲခန်းစောင့်ဖြစ်လာတာ သုံးနှစ်တောင်ရှိပြီ... မဟုတ်ဘူး အခန်းစောင့်ဘဝတင်မကဘူး ငါဖြေဆိုသူဘဝတုန်းက အချိန်ကိုထည့်တွက်ရင်တောင်မှပဲ ဒီလိုမျိုး စည်းကမ်းမလိုက်နာတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

သူက 154 က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိမ့်မယ်လို့ ထင်ထားခဲ့သော်လည်း တစ်ဖက်လူက ခဏစဉ်းစားလိုက်ပြီး ဆို၏။ "မင်း တစ်ယောက်တော့ တွေ့ဖူးပါတယ်"

922 က အံ့အားသင့်သွားသည်။ "အမ်... ဘယ်သူလဲ... ဘယ်တုန်းကလဲ"

154 က ထပ်ခိုးထပ်ကို မေးထိုးပြလိုက်သည်။

922 က အဲဒီတော့မှ တုံ့ပြန်လိုက်သည်... ဟုတ်သားပဲ။ ဘယ်လိုလုပ် သူမေ့သွားရတာလဲ။ ကိုင်တွယ်ရခက်တဲ့ ဖြေဆိုသူ နောက်တစ်ယောက်ရှိခဲ့တာပဲ။ အဲဒီဖြေဆိုသူက နောက်တော့ စာမေးပွဲခန်းစောင့် 001 ဖြစ်လာခဲ့တာလေ။

ချင်ကျိုးက အဲဒီတုန်းက ဘယ်လောက်တောင်မှ ကိုင်တွယ်ရခက်ခဲလိုက်သလဲ။ ယုံတမ်းစကားတွေအရဆိုရင် သူက စာမေးပွဲစနစ်ကိုတောင် ဖျက်ဆီးမိတော့မလို့ဟု ဆိုသည်။

"ဒါနဲ့ ငါက အမြဲတမ်း အားမွေးပြီး အခွင့်ရရင် ခေါင်းဆောင်ကို သူ့ရဲ့အရင်တုန်းက စွမ်းဆောင်မှုတွေအကြောင်း မေးချင်နေတာ" 922 က ပြောသည်။ "ပြောရမယ်ဆိုရင် ငါက နှစ်ခါပဲ မြင်ဖူးတယ်"

154 က သူ့ကိုအလျင်အမြန် တားလိုက်သည်။ "မင်းနောက်နေတာလား၊ အဲဒီအကြောင်း သွားမထိစမ်းနဲ့"

922 က ဇဝေဇဝါဖြစ်သွား၏။ "ဘာဖြစ်လို့လဲ။ မေးလို့တောင်မရဘူးလား။ ငါခေါင်းဆောင်အကြောင်း စကားထဲထည့်ပြောတိုင်း မင်းငါ့ကို လိုက်နှောင့်ယှက်နေတာ ငါသတိထားမိတယ်"

"မင်းအချိန်မတိုင်ခင် မြန်မြန်သေသွားမှာ စိုးရိမ်လို့ပြောနေတာ" 154 က မျက်နှာသေဖြင့် ပြောသည်။

"ခေါင်းဆောင်က သူ့အတိတ်အကြောင်းကို သိပ်မမှတ်မိဘူး။ စာမေးပွဲစနစ်က ပြဿနာအချို့ကြုံပြီး သူ မတော်တဆထိခိုက်မိရာက အချို့အရာတွေ မေ့သွားတယ်လို့ ပြောကြတာပဲ"

922 က ကြောင်တက်သွားသည်။ "အဲဒီလိုအဖြစ်မျိုး ရှိခဲ့တာလား၊ ငါက ဘာဖြစ်လို့မသိရတာလဲ"

154 က ခံစားချက်ကင်းမဲ့စွာဖြေသည်။ "မင်းက အစားတစ်မျိုးပဲ သိတာကိုး"

922 က နေရာတွင် ကြက်သေသေလျက် ထိုင်နေသည်။

154 က ထပ်ပြောလိုက်သည်။ "ခေါင်းဆောင်က အတိတ်အကြောင်း နည်းနည်းလေးမှ မပြောတာကို သတိမထားမိဘူးလား။ ငါ စစချင်း စာမေးပွဲခန်းစောင့် ဖြစ်တုန်းက အဲဒီအကြောင်း မေးမိတာ သေတော့မလို့... ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲဒီလိုမျိုး ထပ်ပြီးတော့မကြုံချင်တော့ဘူး။ မင်းလည်းကြုံချင်မှာ မဟုတ်ဘူး ဒီတော့ ကိုယ့်ဘာသာကိုယ် သတိထားပြီးတော့သာနေ"

·

ထပ်ခိုးပေါ်ရှိ တစ်ခုတည်းသော မီးအိမ်မှာ မီးမထွန်းရသေးပေ။

နေရာမှာ သိပ်မကျယ်ဘဲ အောက်ထပ်က ထိုးထွက်လာသော မီးအလင်းရောင်ဖြင့်သာ အရာဝတ္ထုများ၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေးမှန်းဆကြည့်နေရသည်။

အပြင်ဘက်တွင် နှင်းများသည်းထန်စွာကျနေဆဲဖြစ်ပြီး လေအသုတ်တွင် အဆောက်အဦးကို နှင်းမှုန်များ လာစဉ်တတ်သည်။

ယိုဟော့က အောက်ထပ်သို့ ဆက်လက်ကြည့်နေဆဲဖြစ်၏။ သူ့ပုံစံမှာ ခိုကိုးရာမဲ့ဖြစ်မှုကြောင့် တိတ်ဆိတ်နေသည်နှင့် တူသော်လည်း စိုးရိမ်ကြောင့်ကျဟန်လည်း မရှိချေ။ သူ့မျက်လုံးတွင် အလင်းရောင်မှိန်ပျပျ ရောင်ပြန်ဟပ်နေပြီး သူ့နားကပ်မှာ အချို့ရှုထောင့်တွင် ရံဖန်ရံခါ ခပ်မှိန်မှိန်လက်နေတတ်သည်။

ချင်ကျိုးက သူ့ကို ခဏလောက်ကြည့်နေပြီးနောက် ရုတ်တရက် ထပြောလိုက်သည်။ သူက ပျင်းတွဲစွာ မေးလိုက်သည် "ငါ မင်းကို အရင်ကတွေ့ဖူးလား"

ခဏအကြာတွင် ယိုဟော့က သူ့ကိုလှည့်ကြည့်လိုက်သည်။ သူ၏ အညိုဖျော့ရောင် မျက်လုံးများမှာ ဆောင်းညများကဲ့သို့ပင် အေးစက်နေလေသည်။

"မတွေ့ဖူးဘူး။ တကယ်လို့ ငါတို့နှစ်ယောက် အရင်ကတွေ့ဖူးတယ်ဆိုရင် အခုနှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်လျက်ရှိလိမ့်မယ်"

ယိုဟော့၏ ဆွဲဆောင်မှုရှိသောအသံတွင် လှောင်ပြောင်ဟန်စွက်နေလေသည်။

"ဟုတ်လား" ချင်ကျိုးက မေးထောက်လိုက်၍ တစ်ခုခုကို စဉ်းစားနေပုံရသည်။ ထို့နောက် သူလက်ခံလိုက်သည်။ "နည်းနည်းစိတ်မကောင်းစရာကောင်းပေမဲ့ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်"

သူတို့စကားပြောနေစဉ် သစ်သားလှေကားမှ တကျွီကျွီမြည်သံများ ထွက်ပေါ်လာသည်။

154 ၏ အသံက အထက်သို့ တက်လာသည်။ "ခေါင်းဆောင် အချိန်ပြည့်တော့မယ်"

922 ၏ အသံတိုးတိုးကိုလည်း ကြားနေရသည်။ သူက 154 အနောက်တွင် ဖြစ်ဟန်တူသည်။ "အပေါ်မှာ အဆင်ပြေရဲ့လား။ ဘာဖြစ်လို့ ငါဒီလောက်ထိ ထိတ်လန့်နေပါလိမ့်"

154 က တိုးတိုးပြောသည်။ "မင်းပါးစပ် ပိတ်ထား"

"ခေါင်းဆောင်" 154 ၏ ခေါင်းမှာပြူထွက်လာသည်။ "အောက်ဆင်းလာတော့မလား။ အခု အဖြေကောက်ရမယ့် အချိန်ကျပြီ"

ချင်ကျိုးက မေးလိုက်သည်။ "သူတို့ ဘယ်လိုဖြေထားလဲ။ ဟိုကောင်စုတ်လေး ဝတ္ထုတစ်ပုဒ် မရပ်မနား ရေးနေတာတွေ့လိုက်တယ်"

922 က လူအပေါ်မရောက်သေးဘဲ သူ့အသံက အရင်ရောက်လာသည် "အသုံးမဝင်ပါဘူး။ ကျွန်တော် သေချာတော့ မကြည့်လိုက်ပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ ပြောလို့ရတယ်။ အဲဒီလိုအဖြေမျိုးကသာ အမှတ်ရနိုင်တယ်ဆိုရင် ဂုဏ်ပြုတဲ့အနေနဲ့ ကိုယ့်ကိုကိုယ် ခေါင်းဖြတ်ပြလိုက်မယ်"

154: ".........."

·

ဗီရိုထက်တွင် ရှေးဟောင်းနာရီတစ်လုံး ချိတ်ဆွဲထားသည်။ နာရီမှ မိနစ်လက်တံ ရွေ့လျားသွားသည့် အချိန်တိုင်း အသံတိုးတိုးတစ်ချက် ပြုလေ့ရှိသည်။ ပုံမှန်အားဖြင့် မည်သူမျှ ယင်းအသံကို သတိမပြုမိသော်လည်း ယခုအချိန်တွင်မူ ယင်းအသံမှာ အလွန်ကျယ်လောင်ပြီး နှလုံးရပ်တန့်သွားနိုင်သည်။

နာရီသံ အကြိမ်အနည်းငယ် အနောက်တွင် ကြက်ဖ အော်မြည်တော့သည်။

ဆိုးရွားလှသော အသံက ဖြေဆိုသူများကို တုန်ယင်သွားစေသည်။ တစ်ချိန်တည်းမှာပဲ စာမေးပွဲခန်းစောင့် သုံးဦး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နောက်ထပ် စည်းကမ်းချိုးဖောက်မှု မဖြစ်ရန် ကာကွယ်သည့်အနေဖြင့် ကြက်ဖ ကိုးကြိမ်အော်မြည်ပြီးသည်အထိ စောင့်ပြီးမှ ယိုဟော့ကို ကြိုးဖြည်ပေးလေသည်။

အားလုံးက လှောင်အိမ်ထဲရှိ ပေါက်ကာစ ကြက်ပေါက်စများနှင့်ပင် တူနေ၏။ သူတို့က တံခါးနှင့်အဝေးဆုံး ထောင့်တစ်ထောင့်ကို ရွေးလိုက်ပြီး အချင်းချင်း ပူးကပ်နေကြသည်။ ထိုသို့မလုပ်လျှင် စာမေးပွဲခန်းမှ ဆွဲထုတ်ခံရမည့်နှယ် ပြုမူနေကြသည်။

သူတို့အားလုံးနီးပါးက မျက်လုံးများမှိတ်လျက် စစ်ဆေးချက်အဖြေကို စောင့်မျှော်နေကြသည်။

စောင့်မျှော်ရင်းဖြင့် တစ်မိနစ်တိတိ ပြည့်သွား၏။

922: "........ စကားလုံးတွေ များလွန်းလို့ စနစ်က ကြောင်သွားတာလား"

စာမေးပွဲခန်းစောင့် ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ အဖြေနံရံတွင် ပြောင်းလဲမှုအချို့ ဖြစ်သွားသည်။ ရှည်လျား၍ အလွန်ဖွဲ့နွဲ့ထားသော အဖြေပေါ်တွင် အနီရောင် စက်ဝိုင်းနှစ်ဝိုင်း ပေါ်လာသည်။

ယွီဝမ်က သူ့လက်ချောင်းများကြားမှ ဖြဲကြည့်နေသည်။

စက်ဝိုင်းတစ်ခုမှ သူရေးသားခဲ့သော စကားစုတစ်ခုကို ဝိုင်းထားသည် : အလင်းယိုင်ညွှန်းကိန်း (Refractive index)

ထို့နောက် နောက်စက်ဝိုင်းတစ်ခုမှာ ယွီယောက် နောက်ဆုံးအချိန်ကမှ ဆွဲခဲ့သောပုံကိုဝိုင်းထားသည်: အလွန်ရိုးရှင်းအခြေခံကျသော အလင်းယိုင်ခြင်း သရုပ်ဖော်ပုံ။

စက်ဝိုင်းနှစ်ဝိုင်း၏ ဘေးတွင် အနီရောင် နံပါတ်နှစ်ခု ပေါ်လာသည်

၁ မှတ်

၂ မှတ်

သူတို့က နံပါတ်များကို မြင်သော်လည်း မတုံ့ပြန်ကြချေ။

ထို့နောက် အဖြေနံရံမှာ ထပ်မံပြောင်းလဲသွားပြီး အမှတ်တစ်မှတ်မှမရသော အခြားအသုံးမဝင်သည့်အဖြေများအားလုံး ပျောက်သွားလေသည်။ အနီရောင်စာသားအချို့ ပေါ်လာပြန်သည် :

ဘောနပ်စ်အမှတ်: လူ ၁၃ ယောက်ထဲက တစ်ယောက်သေဆုံးသွားသောကြောင့် မေးခွန်း၏ လိုအပ်ချက်ကို ပြည့်မီပါသည် : ၆ မှတ်

အပိုဆောင်းအမှတ်: ဖြေဆိုသူအားလုံး အသက်ဘေးမှ လွတ်မြောက်ကြသည်: ၂ မှတ်

ဤအပိုင်းအတွက် စုစုပေါင်းအမှတ်: ၁၁ မှတ်

သစ်သားအိမ်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ယွီဝမ်၏ အော်သံ က နောက်ကထွက်လာသည် : "ချီးပဲ.. ၁၁ မှတ်တောင်မှပဲ။ ငါတို့တွေအားလုံးတော့ သေပြီလို့ မှတ်ထားတာ အဲဒီအစား ၁၁ မှတ်တောင် ရလိုက်သေးတယ်"

ဖြေဆိုသူများ၏ နားကွဲလုမတတ်သော အသံများကြားတွင် 922 က 154 ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။ "စနစ်က ရူးသွားပြီထင်တယ်။ သူတို့က အဓိကလူကို သတ်လိုက်တာတောင်မှ အပိုဆောင်းအမှတ်တောင် ရနေသေးတယ်လား"

ထိုအဖြစ်အပျက်ကို မြင်လိုက်သော 154 သည်လည်း အံ့အားသင့်နေသည်။ သူက ယိုဟော့ကို လှည့်ကြည့်လိုက်သည်။

လွန်ခဲ့သော မိနစ် ၂၀ လုံးလုံး ကြိုးချည်ခံထားရသော ဤကြီးမြတ်လှသော ဆရာလေးက သူ့ခြေထောက်လေးတင် သုံးပြီး ၈ မှတ်တောင် ရအောင်ယူလိုက်နိုင်သည်။

ယိုဟော့က သူ့အမူအရာကို အေးတိအေးစက်ဖြင့် အသိအမှတ်ပြုလိုက်ပြီးနောက် သူ၏ ကြည့်ကောင်းလှသော လက်ကို ဆန့်ထုတ်လိုက်သည် : "ဂုဏ်ပြုတဲ့အနေနဲ့ မင်းခေါင်း ငါ့ကိုပေးတော့"

922: ".........."

စနစ်သည်လည်း စုစုပေါင်းအမှတ်ကို ကြေညာပြီးနောက် ရူးသွားပြီဟု ခံစားမိပုံရသည်။

ခဏကြာပြီးနောက် နောက်ထပ် စကားလုံးအချို့ ထပ်မံထွက်ပေါ်လာသည်:

ရှင်းလင်းပီသမှု : -၂ (အနုတ် ၂)

စုစုပေါင်းအမှတ်မှာ ၁၁ မှတ်မှ ၉ မှတ်သို့ လျော့ကျသွားသည်။

စာအုပ်တစ်အုပ်လုံး ချရေးခဲ့သော စိတ်အားထက်သန်လှသည့် ကျောင်းသားလေး ယွီဝမ်ခမျာ တစ်မှတ်ရပြီး နှစ်မှတ် အနုတ်ခံလိုက်ရကာ အားလုံးပေါင်းလျှင် -၁ (အနုတ် ၁) ရသွားသည်။

ဂုဏ်ပြုပါတယ်။

သစ်သားအိမ်လေးထဲတွင် ဖြေဆိုသူများသာမက စာမေးပွဲခန်းစောင့်များပါ ရူးသွပ်နေကြချိန်မှာပဲ အဖြေနံရံမှ အကြောင်းအရာများမှာ ပြောင်းလဲသွားသည်။

မေးခွန်း: မုဆိုး A ရဲ့ သစ်သားအိမ်ထဲမှာ ဧည့်သည် ၁၂ ယောက်ရှိပြီး ပန်းကန်ခွက်ယောက် ၁၂ စုံရှိရာ အားလုံးအတွက် အလုံအလောက်ရှိပါတယ်။ သို့သော်လည်း ပန်းကန်နှင့် ခွက်တွေမှာ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားပြီး အဲဒါကို အလင်းရောင်အောက်မှာ ဖွက်ထားတယ်။ အဲဒီရွေးချယ်ခံရတဲ့နေရာမှာ ထိုင်မိတဲ့သူက ကျိန်စာသင့်မှာဖြစ်ပြီး အဲဒီလူက သင်ဖြစ်လာမလား။

လိုအပ်ချက်: အဲဒီထူးခြားတဲ့ ပန်းကန်ခွက်ယောက်ကို ရှာဖွေပါ။ (ဒါပေမယ့် မပျက်ဆီးစေရ)

စစ်မေးလိုသော အသိပညာ: အလင်းပညာ

........................................xxxx......................................

Translated by Akira ❣️

Akira has something to say:

ယွီဝမ်လေးခမျာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလိုပဲ၊ တစ်မှတ်ပေးပြီး နှစ်မှတ်ပြန်နုတ်သွားတယ် :P ။ သနားပါတယ် ငိုရမလို ရယ်ရမလိုနဲ့။ ဆရာကြီး ယိုဟော့ကို မမှီပေမယ့် အကောင်းဆုံးဖြေခဲ့ပါတယ်နော်။ <3 <3

နံရံမှာ ယွီယောက် ဆွဲပြတဲ့ အလင်းယိုင်ခြင်း အခြေခံပုံက ဒါမျိုးကို ပြောချင်တာပါ။ မျက်စိထဲမမြင်မှာစိုးလို့ ပုံထည့်ပေးလိုက်ပါတယ်။



You are reading the story above: TeenFic.Net