အခန်း ၁၂၀: ဆေးရုံခုတင်ပေါ်မှ အမျိုးသမီး

Background color
Font
Font size
Line height

အခန်း ၁၂၀: ဆေးရုံခုတင်ပေါ်မှ အမျိုးသမီး

ယိုဟော့သည် ပြတင်းပေါက်နားရှိ ခုံတစ်လုံးတွင် ထိုင်ချလိုက်သည်။

တကယ်တမ်း သူနှင့်မျက်နှာချင်းဆိုင်တွင် ခုံတစ်လုံးရှိသော်လည်း ချင်ကျိုးသည် ထိုနေရာတွင် မထိုင်ခဲ့ပေ။ သူက ယိုဟော့ထိုင်ခုံ၏ ကျောမှီကို မှီကာ မေးလာသည်။ "ဘာကို ဒီလောက် အသည်းအသန် ကြည့်နေတာလဲ"

"ဓာတ်ပုံ" ယိုဟော့သည် ဘာကိုမျှ ဖုံးကွယ်ထားခြင်းမရှိပေ။ သူ့ဖုန်းကိုမြှောက်ကာ ချင်ကျိုးကို ပြလိုက်သည်။

"မင်း တစ်ယောက်ယောက်ဆီက ရထားတဲ့ဟာလား" ချင်ကျိုးက သူ့ကို သတိပေးလာသည်။ "အွန်လိုင်းပေါ် မတက်လိုက်ဘူးမလား"

"ဟင့်အင်း" ယိုဟော့သည် သူ့ကို စောင်းငဲ့ကြည့်နေသည်။ "ဘယ်ကရလဲဆိုတာ မမေးတော့ဘူးလား"

"မှန်းကြည့်လို့ရပါတယ်"

"အဲဒီ 001 ဆိုတဲ့ အဆင့်က အလကားမဟုတ်ဘူးပဲ၊ မင်းရဲ့ ပတ်ဝန်းကျင်ကို လေ့လာရှုမြင်နိုင်စွမ်းက သိပ်မဆိုးဘူး"

ယိုဟော့သည် ချင်ကျိုးလည်း မြင်ရစေရန် ဖုန်းကို ညာဘက်လက်သို့ ပြောင်းကိုင်လိုက်၏။

ချင်ကျိုးသည် "အိုး" ဟု အသံပြုကာ "ဒါဆို A နှင့်ယှဉ်ရင်ရော"

ယိုဟော့သည် နောက်လှည့်မကြည့်လာဘဲ ပြောသည်။ "မီခါနီးပါပြီ"

ထိုသို့ပြောလိုက်ပြီးနောက် သူ့ဆံပင်သည် အဖွခံလိုက်ရ၏။

ယိုဟော့သည် ခပ်တိုးတိုး နှာမှုတ်လိုက်ကာ ဓာတ်ပုံကို ဖွင့်လိုက်သည်။

ထိုဓာတ်ပုံသည် သိပ်ပြတ်သားမှုမရှိဘဲ ပုံထက်တွင် စခရင်ပေါ်မှဓာတ်ပုံကို တဆင့်ပြန်ရိုက်ယူလျှင် ပေါ်တတ်သည့် အစင်းကြောင်းများ ပေါ်နေသေးသည်။ 021 သည် ဓာတ်ပုံများရိုက်ယူချိန်က စိတ်လှုပ်ရှားနေသောကြောင့် ပထမပုံသည် ဝါးနေ၏။

သို့သော် ချင်ကျိုးက ထိုပုံသည် စောင့်ကြည့်စခရင်ကပုံမှန်း ပြောနိုင်သည်။ ယင်းမှာ တစ်ယောက်ယောက်၏ အကျဉ်းခန်းပုံဖြစ်သည်။

သူက အနည်းငယ် အံ့ဩသွား၏။

"ဘယ်သူ့ဟာလဲ" ချင်ကျိုးသည် လိုရင်းတိုရှင်းမေးလာ၏။

"လောင်ယွီ" ယိုဟော့သည် ပုံကို အကြီးချဲ့လိုက်ကာ လူပုံတစ်ခုကို ညွှန်ပြလိုက်သည်။ "ဒီမှာ"

မျက်နှာသည် ကွန်ပြူတာမျက်နှာပြင်ပေါ်တွင်ဖြစ်သောကြောင့် ပုံရိပ်အစက်အပြောက်များဖြစ်နေသောလည်း လောင်ယွီ၏ ထူးခြားသောကိုယ်ဟန်နှင့် ကွေးနေသောလည်ပင်းတို့ကို အလွယ်တကူ သိနိုင်သည်။

ဖြူဖွေးနေသောအိပ်ရာနှင့် ပန်းခြင်းတစ်ခြင်းမှာလည်း မပီပြင်သော်ငြား သိသာထင်ရှားသောအင်္ဂါရပ်များဖြစ်၏။ ယိုဟော့သည် ချက်ချင်း သိလိုက်၏။ "ဆေးရုံဖြစ်လိမ့်မယ်"

ချင်ကျိုးသည် လက်ညှိုးကို အောက်ရွှေ့ကာ ဓာတ်ပုံကို ညာဘက်သို့တိုးလိုက်လေရာ ခုတင်ပေါ်တွင် နောက်ထပ် ကွန်ပြူတာပုံရိပ် လူတစ်ယောက်ပုံပေါ်လာသည်။ "ဒါက ဘယ်သူလဲ"

ယိုဟော့သည် အနည်းငယ် တွန့်ဆုတ်သွားသည်။

ဤဓာတ်ပုံထဲတွင် ထိုအပိုင်းသည်သာလျှင် သူနှင့်မရင်းနှီးသောအရာ ဖြစ်ပုံရ၏။

ချင်ကျိုးသည် ဝါးတားတားပုံကို စေ့စေ့စပ်စပ်ကြည့်ကာ 021 ၏ ပုံပြရခြင်းရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေသေးသည်။ "တခြားပုံတွေရှိသေးလား၊ သူတို့မျက်နှာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတဲ့ပုံဖြစ်ဖြစ်"

ယိုဟော့သည် တွေဝေမိန်းမောနေဆဲ ဖြစ်သည်။

သူက စက္ကန့်အနည်းငယ်ကြာမှ တုံ့ပြန်ကာ နောက်ပုံတစ်ပုံကို ရွှေ့လိုက်၏။

ဒီတစ်ခေါက်ပုံမှာ ပြတ်သားသည်။ အနီးမှုန်သူတစ်ယောက်က နောက်ဆုံးတွင် မျက်မှန်တပ်လိုက်သည့်အလားပင်။

အကြီးချဲ့စရာမလိုဘဲ ခုတင်ပေါ်မှလူ၏ မျက်နှာကို မြင်နိုင်ပေသည်။

"သူ့ကို သိလား" ချင်ကျိုးက မေးသည်။

သူက ယိုဟော့ကို ငဲ့ကြည့်လိုက်ရာ တစ်ဖက်လူသည် နေကောင်းချင်ယောင်ဆောင်ကာ အနည်းငယ်မိန်းမောတွေဝေနေပုံရသည့် ခပ်ယဲ့ယဲ့အမျိုးသမီးကို စိုက်ကြည့်နေရင်း မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်ကို မြင်လိုက်ရသည်။

တစ်ခဏကြာသော် ယိုဟော့၏ မျက်ခုံးများပြေလျော့သွားသည်ကို မြင်လိုက်သည်။ သူ့မျက်နှာထက်တွင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေသော မဝံ့မရဲအပြုံးတစ်ခု ပေါ်လာ၏။ "ငါ့အမေ"

ချင်ကျိုးသည် လုံးဝ ကြောင်အသွား၏။

တဒင်္ဂခန့် သူဘာပြောရမှန်းမသိဖြစ်သွားသည်။

သူက ယိုဟော့၏ တော်စပ်မှုဝေးသော အမျိုးတစ်ယောက်ယောက် သို့မဟုတ် လုံးဝသွေးသားမတော်စပ်သော သူစိမ်းတစ်ယောက်ပင် ဖြစ်နိုင်သည်ဟု တွေးထားခဲ့သည်....

သူ ဤအဖြေကို မမျှော်လင့်ထားခဲ့ပေ။

ယိုဟော့သည် ဓာတ်ပုံကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့၏။ ထိုသို့ဖြစ်နေခဲ့သည်မှာ လူတစ်ယောက်က သူ့မျက်နှာပြင်တစ်လျှောက် နှစ်သိမ့်လိုသည့်နှယ် လက်ချောင်းဖြင့် ပွတ်သပ်လိုက်သည့်အချိန်အထိပင်။

သူအသိပြန်ဝင်လာကာ ချင်ကျိုးကို ကြည့်လာ၏။ "နည်းနည်း အံ့ဩသွားလား"

ချင်ကျိုး "အင်း နည်းနည်းပါ"

"သူက___" ယိုဟော့၏အကြည့်တို့သည် ဓာတ်ပုံဆီသို့ ပြန်ရွှေ့သွားသည်။ သူက အသံနိမ့်နိမ့်ဖြင့် ဆက်ပြောသည်။ "သူက တော်တော်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားခဲ့တာ။ သူ နေမကောင်းမဖြစ်ခင်က ဘယ်လိုပုံလဲဆိုတာ မှတ်မိသေးတယ်ဆိုပေမဲ့ အရမ်းကြာခဲ့ပြီဆိုတော့ ငါ့မှတ်ဉာဏ်က သိပ်မရှင်းလင်းတော့သလို ဓာတ်ပုံကလည်း နည်းနည်းပုံပျက်နေသေးတော့..."

သူက ခေတ္တခဏ အသံတိတ်သွား၏။ "စောစော မမှတ်မိလိုက်တာ။ သူ့အတွက် နည်းနည်း စိိတ်မကောင်းဖြစ်မိတယ်"

အခန်းထဲရှိ အလင်းရောင်မှာ အရောင်တစ်ရောင်တည်းဖြစ်သည်။ တပြေးတည်းသော အရောင်က သူ့ကို... ဓာတ်ပုံထဲတွင် ရုတ်တရက်ပေါ်လာသော ဤလူနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေသည့်ပုံပေါက်နေစေသည်။

"ဒီအချိန်လောက်ပဲ ထင်တယ်" ယိုဟော့၏ အသံသည် တည်ငြိမ်နေသေးသော်လည်း အလွန်တိုးဖျ၏။ သူက ဓာတ်ပုံကို ညွှန်ပြကာ "လောင်ယွီနဲ့ သူ့ကြားက ဆက်ဆံရေးက တော်တော်လေးကောင်းတယ်။ သူမသေခင် ကိစ္စအဝဝကို လောင်ယွီကပဲ ဂရုစိုက်ပေးခဲ့တာဖြစ်မယ်။ ငါ့အဖေက အနုပညာသမားတစ်ယောက်ဖြစ်မလားလို့ သံသယဝင်မိတယ်၊ ခြေသလုံးအိမ်တိုင်တစ်ယောက်ဖြစ်ပုံပဲ။ ခြေရာလက်ရာဘာမှ မချန်ခဲ့ဘဲ ထွက်သွားတတ်တဲ့လူမျိုးပေါ့။ သူ့ကို အရင်ကတစ်ခါမှမတွေ့ဖူးသလို ဘယ်သူကမှ သူ့အကြောင်း မပြောဖူးဘူး...."

သူက ထိုသို့ပြောနေစဉ် ပုံမှန်ခပ်လှောင်လှောင်လေသံသည် ထွက်လာသော်လည်း အလျှင်အမြင် ပြန်သိမ်းလိုက်၏။

သူက "ဖြစ်မယ်" နှင့် "ဖြစ်ပုံရတယ်" ဟူသော စကားလုံးများကို သုံးသွားခဲ့သည်။ ထိုသူများနှင့် ထိုစဉ်အခါက အဖြစ်အပျက်များနှင့် ပတ်သက်သည့် ယိုဟော့၏မှတ်ဉာဏ်သည် မသဲမကွဲ၊ မရေမရာဖြစ်နေသည်ကို ချင်ကျိုးသေချာသိနေ၏။

ထိုအချိန်က သူက ငယ်သေး၍လည်း ဖြစ်နိုင်သည်။ သို့ရာတွင်...

ယိုဟော့သည် သူ့အတွေးတို့ကို ဖတ်မိပုံရသည်။

ခဏတိတ်ဆိတ်နေပြီးနောက်တွင် ရှင်းပြလာ၏။ "ငါက အမြဲတမ်း ကျောင်းအိပ်ကျောင်းစား လက်ခံတဲ့ကျောင်းတွေမှာပဲ စာသင်ခဲ့ရတယ် - မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ နောက်ပိုင်း စစ်သင်တန်းကျောင်းအထိပဲ။ ဘာလို့လဲဆိုတော့ ငါ့ကို ဂရုစိုက်ပေးမဲ့သူတစ်ယောက်မှ မရှိခဲ့လို့__"

သူက ဓာတ်ပုံထဲမှ အမျိုးသမီးကို ကြည့်လိုက်၏။ "သူက အရမ်းအလုပ်များတယ်၊ ငါ သူ့ကို စနေတနင်္ဂနွေတွေနဲ့ ပိတ်ရက်တွေမှသာ တွေ့ရတယ်... နောက်ပြီး အဲဒီအချိန်တွေမှာတောင် မဖြစ်မနေတွေ့တာတော့ မဟုတ်ဘူး"

သူ့မှတ်ဉာဏ်ထဲမှသူ(မ)သည် အမြဲလိုလို အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ အိမ်ကနေထွက်ခွာကာစ သို့မဟုတ် အိမ်သို့ပြန်ရောက်ကာစပုံရိပ်သာဖြစ်သည်။

သူတို့ကြားတွင် ပြောဆိုဆက်ဆံရေးသိပ်မရှိခဲ့ပေ။ ယင်းမှာ အမေနှင့်သားသည် အလွန်တူလွန်းပြီး နှစ်ဦးစလုံးက သိပ်စကားမပြောသည့်လူများဖြစ်သောကြောင့် ဖြစ်နိုင်သည်။

ယိုဟော့သည် ကလေးငယ်ဘဝက ပြဿနာတစ်ခုခုကြုံရလျှင် သူ့(မ)အကူအညီကို မကြာခဏတောင်းတတ်သည်။

သူ(မ)က ထက်မြက်ပြီး ဩဇာရှိသောသူတစ်ဦးဖြစ်၍ သူ့ကို အမြဲတမ်း တိကျသောအဖြေများပေးတတ်သော်ငြား သူ့အဖြေများမှာ အမြဲလိုလို ကလေးတစ်ယောက်အဖို့ အလွန်ရှုပ်ထွေးလွန်းကာ နားလည်ရန် ခက်ခဲလွန်းသည်။ ထို့နောက် သူ(မ)သည် အစောပိုင်းကဖြေထားသည့်အဖြေကို ရှင်းလင်းချက်ပေးရန် ပို၍ပင်ရှုပ်ထွေးသော ရှင်းပြချက်များကို သုံးလေ့ရှိသည်။

သူက ကလေးတစ်ယောက်နှင့် ပြောဆိုဆက်ဆံနေသည်နှင့်မတူဘဲ ပညာရှင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ပြောဆိုနေသည့်အလားပင်။

သူ့မှတ်ဉာဏ်သည် အလွန်မတိကျသည့်အပြင် နည်းပါးလွန်းသောကြောင့် သူ့(မ)ကို မှတ်မိရန် ကြိုးစားသည့်အခါတိုင်း သူ့(မ)အသွင်အပြင်အင်္ဂါရပ်တို့သည် အားလုံး မှုန်တိမှုန်ဝါးဖြစ်နေလိမ့်မည်ဖြစ်ပြီး ထိုအဖြူရောင်ကုတ်အင်္ကျီကိုသာ မှတ်မိနိုင်လေသည်။

ယိုဟော့သည် အသိပြန်ဝင်လာကာ ချင်ကျိုးကို ပြောလိုက်သည်။ "ငါမှတ်မိတာ ဒါအကုန်ပဲ... ဒါတောင် ဒီမှတ်ဉာဏ်တွေကလည်း ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်"

သူတို့သည် နောက်ဆုံးအခေါက်က ချူယွဲ့၏ စကားတို့ကို အသေအချာမှတ်မိနေဆဲပင်။

ချူယွဲ့က ယိုဟော့၏ကလေးဘဝသည် စနစ်နှင့်အတူတူ ချည်နှောင်ထားခြင်းခံရပြီး စနစ်၏အဆင့်မြှင့်တင်မှုသည် သူ့မျက်လုံးတို့အပေါ် မှီခိုနေသည်ဟု ပြောခဲ့ဖူးသည်။ သူမြင်တွေ့ရသမျှ၊ ကြုံတွေ့ရသမျှအရာတိုင်းကို စနစ်သည်လည်း မြင်ဖူး၊ ကြုံတွေ့ဖူးသည်။ သူက သိပ်မမှတ်မိ၊ အမြင်မကျန်ခဲ့ဘူးဆိုလျှင် သူ့မှတ်ဉာဏ်ကို ပြင်ဆင်ထားတာ ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

ပြင်ဆင်ထားသည်က ကိစ္စတစ်ခုဖြစ်သော်လည်း ချင်ကျိုးကတော့ အနည်းဆုံး ယိုဟော့၏ သူ့မိဘနှင့်ပတ်သက်သည့်မှတ်ဉာဏ်တို့ကို စစ်မှန်နေဖို့ မျှော်လင့်သည်။

သို့သော် သူ ခံစားနေရသည်မှာ....

အကယ်၍ ယခုမှတ်ဉာဏ်များကပင် နှောင့်ယှက်ခံထားရသည်ဆိုလျှင် အမှန်တရားသည် ယိုဟော့ကို ပိုလို့ပင် စိတ်မပျော်မရွှင်ဖြစ်စေနိုင်သည်။

ချင်ကျိုးသည် ဓာတ်ပုံကို ကြည့်နေရင်း အတွေးထဲမျောနေ၏။

ထိုအမျိုးသမီးသည် ခုတင်ခေါင်းရင်းကို မှီ၍ အနားယူနေ၏။ သူက လောင်ယွီ၏လက်ကို ကိုင်ထားလျက် တစ်ခုခုပြောနေပုံရသည်။

အတန်ကြာသည်အထိ စူးစိုက်ကြည့်ပြီနောက် သူ့တွင် ရင်းနှီးသော သုံးချက်ရှိသည်ဟု အမှန်ပင် ပြောနိုင်သွားသည်။ အထူးသဖြင့် သူ့မျက်လုံးများဖြစ်သည်။ ချင်ကျိုးသည် မျက်လုံးများထဲမှ နောင်တ သို့မဟုတ် နက်ရှိုင်းသော စိတ်ခံစားမှုအချို့ကို တွေ့လိုတွေ့ငြား အလွန်သေသေချာချာ ကြည့်လိုက်ပါသော်လည်း အကျိုးမရှိပေ။

သူ့ပုံက အသေးအဖွဲကိစ္စတစ်ခုခုကို ပြောနေသည့်ပုံနှင့်တူနေသည်။

ချင်ကျိုးကဆိုသည်။ "မှတ်ဉာဏ်ကိုပြင်ဆင်ရင် စနစ်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကိုပဲ လုပ်လောက်တယ်၊ ဒီမှတ်ဉာဏ်တွေကတော့ မပါလောက်ဘူးမလား"

"အဲဒီလိုတော့လည်း မဟုတ်လောက်ဘူး" ယိုဟော့သည် စခရင်တစ်လျှောက် လက်ဖြင့် ပွတ်သပ်နေရင်း ချင်ကျိုးထံသို့ လှည့်ကြည့်လာ၏။ "သူ့ရဲ့ နာမကျန်းဖြစ်တာက အရမ်းမြန်မြန် ဖြစ်လာတာ..သူ ဆေးရုံတက်နေတဲ့အတောအတွင်း ငါ အဲဒီကို တစ်ခါမှတောင် မသွားခဲ့ဘူး။ ငါ့မှတ်ဉာဏ်အရဆိုရင် ဒါက ငါမမြင်ဖူးခဲ့တဲ့ အရာပဲ ဒါပေမဲ့..."

"လောင်းမလား" ယိုဟော့သည် အချိန်ဖြုန်းရန်အတွက် ဂိမ်းလေးတစ်ခုကို အကြံပြုနေသည့်အလား ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

သူ့လက်ချောင်းသည် စခရင်ပေါ် ပြေးလွှားသွားရင် ဓာတ်ပုံပြောင်းလိုက်သည်။

အမျိုးသမီးသည် လောင်ယွီနှင့် စကားပြောနေဆဲဖြစ်သော်လည်း သည်တစ်ခေါက်တွင်တော့ လောင်ယွီသည် အလွန် တုန်လှုပ်နေပုံရသည်။

နောက်ထပ် လက်ဖြင့် ဆွဲရွှေ့လိုက်၏။

အမျိုးသမီးက အမှုမထားသည့်ပုံရှိဆဲပင်။ လောင်ယွီကမူ ခေါင်းကို ကိုင်လျက် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခု ချနေပုံရသည်။

နောက်တစ်ဖန် ဆွဲရွှေ့လိုက်ပြန်သည်။

နောက်တစ်ပုံတွင် တတိယလူသည် နောက်ဆုံး ပေါ်လာပြီ။

၎င်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ယိုဟော့ဖြစ်သည်။ သူ့မှတ်ဉာဏ်အရဆိုလျှင် သူက ဤလူနာဆောင်တွင် မပေါ်လာသင့်ပေ။

သူဤပုံကို မြင်လိုက်သည့်အခိုက်အတံ့ ရုတ်တရက် တစ်ခုခုကို ပြန်မှတ််မိသွားပုံရ၏။

သူ ပိုးသတ်ဆေးနံ့ခပ်ပြင်းပြင်းကို မှတ်မိလိုက်သလိုပင်။ ၎င်းမှာ ဆေးရုံများတွင်သာ ရတတ်သောအနံ့ဖြစ်၏။

ထို့နောက်တွင် လောင်ယွီ၏ အံ့အားသင့်နေသော မျက်နှာရှိသေးသည်။

ခဏကြာသော် ယိုဟော့သည် တိုးဖွစွာ ရယ်လိုက်သည်။

"ကြည့်လေ ငါနိုင်သွားပြီ"

သူက ဖုန်းကို မြှောက်ပြလာ၏။

သူ့လက်သည် ရုတ်တရက် ဗလာဖြစ်သွား၏။ တစ်ယောက်ယောက်က ဖုန်းကို ဆွဲယူသွားခြင်းဖြစ်သည်။

"မဟုတ်သေးဘူး" ချင်ကျိုး၏ လက်တို့သည် သူ့ကို ယှက်သိုင်းလာ၏။ သူ့ကြွက်သားတို့မှာ နွေးထွေးပြီး မြဲမြံလှသည်။ "ဒါက အကျဉ်းခန်းတစ်ခုသက်သက်ပဲ၊ အမှန်တရားကို ကိုယ်စားပြုတယ်လို့ မဆိုလိုဘူး"

ယိုဟော့သည် သဘောတူသလို အသံပြုလိုက်သည်။

ပြတင်းပေါက်အပြင်မှ ကောင်းကင်သည် လုံးဝ မဲမှောင်နေ၏။ သူနှင့်ချင်ကျိုး၏ ပုံရိပ်တို့သည် ပြတင်းမှန်ပေါ်တွင် ပြတ်သားစွာ ထင်ဟပ်နေသည်။ ၎င်းသည် ပုံရိပ်တစ်ခုသက်သက်သာ ဖြစ်သော်လည်း မှတ်ဉာဏ်အားလုံးထက် ပို၍ စစ်မှန်သည်။

ရုတ်တရက် ဒါက အရေးမကြီးဟု သူခံစားလိုက်ရသည်။

"ဒီကိစ္စ လောင်ယွီကို သေချာ မေးကြည့်မှရမယ်။ သူ့မှာလည်း ပြောစရာရှိနေတဲ့ပုံပဲ" ယိုဟော့သည် ဆုံးဖြတ်လိုက်သည်။

မျက်စိတ်တစ်မှိတ်အတွင်းတွင် သူ့လေသံသည် ပိုကောင်းမွန်လာသည်။

ချင်ကျိုးက သဘောတူလိုက်၏။ "အချိန်ကောင်းတစ်ခု ရွေးလိုက်"

"ဝူလိက ပြီးခဲ့တဲ့အခေါက်က ငါတို့ကို ပြောစရာရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါတို့ အခွင့်အရေးမရလိုက်ဘူး" ထို့နောက် ယိုဟော့က ဆိုသည်။

"အဲဒါဆို အဲဒီအတွက်လည်း သင့်တော်တဲ့အချိန် ရွေးလိုက်"

"ဒီကိစ္စနှစ်ခုက ဆက်စပ်နေမလားလို့ သံသယဝင်မိတယ်"

"ပိုကောင်းတာပေါ့၊ ဟာကွက်တွေကို ဖြည့်လို့ရသွားနိုင်တယ်"

ယိုဟော့သည် ခေါင်းညိတ်လိုက်၏။ သူက ချင်ကျိုး၏ရင်ဘတ်ကို သူ့ခေါင်းနောက်ဘက်ဖြင့် ပွတ်သပ်နေ၏။

"ဒါပေမဲ့ လောင်ယွီက အမှန်အတိုင်း မပြောလောက်ဘူး"

"မင်းရဲ့ ငတုံးညီလေးကို မမေ့ထားနဲ့ဦး၊ အဆိုးတကာ့အဆိုးဆုံးတွေ ဖြစ်လာခဲ့ရင် သူ့ကို ခြောက်ပြီး ဖြီးဖြန်းလို့ရတာပဲ"

"အဓိပ္ပါယ်ရှိတယ်"

"ကိုယ်ကရော" ချင်ကျိုးက မေးသည်။

ယိုဟော့သည် ခေါင်းလှည့်ကာ သူ့ကို မော့ကြည့်လာ၏။ "မင်းက ဘာဖြစ်လို့လဲ"

"ဒီက စာမေးပွဲခန်းစောင့်လူကြီးမင်းက အတိတ်ကအကြွေးစာရင်းတွေ ရှင်းလင်းနေပေမဲ့ ဒီကမင်းရဲ့အကြီးမားဆုံးရန်သူကြီးကို လွတ်သွားတယ်လေ။ ကိုယ်က အရမ်းကို လျစ်လျူရှုခံလိုက်ရသလို ခံစားနေရတယ်" ချင်ကျိုးက ရွှင်မြူးစွာ နောက်တောက်တောက် ပြောသည်။

ယိုဟော့သည် သူ့ကို မှေးကျဉ်းနေသော မျက်လုံးစင်းလေးများမှတဆင့် ကြည့်ကာ ရုတ်တရက် သူ့လည်တိုင်နှင့် လည်ချောင်းကို လှမ်းကာ ပွတ်သပ်လိုက်သည်။ "စာမေးပွဲခန်းစောင့် GI အတွက် အပြစ်ဒဏ်က.... ဒီက စာမေးပွဲခန်းစောင့်ချုပ်ကို ပျော်ရွှင်အောင် ထားဖို့ပဲ"

.........

မည်သည့်အလင်းသည်မျှ ထူပိန်းသောလိုက်ကာတို့ကို ဖြတ်သန်းမဝင်ရောက်နိုင်ပေ။

သို့သော် အပြင်ဘက်ညယံ၏ အအေးဓာတ်ကမူ ပြတင်းနှင့် လိုက်ကာမှတဆင့် အခန်းထဲသို့ ဖြတ်သန်းဝင်ရောက်နိုင်ပါသော်ငြား ရေချိုးခန်းအတွင်းကမူ လုံးလုံး မခံစားရပေ။

သွယ်လျ၍ ပီပြင်ပြတ်သားသော လက်တစ်ဖက်သည် ရေခိုးရေငွေ့တို့ ဖုံးလွှမ်းနေသည့် ဖန်သားပြင်ထက်တွင် ဖိကပ်ထား၏။ အငွေ့တခြောင်းခြောင်းထွက်နေသောအပူနှင့် ရေစက်လွင့်စင်သံတို့ကြားတွင် ထိုလက်သည် အဖန်တလဲလဲ တင်းမာသွားလိုက် ပြေလျော့သွားလိုက် ဖြစ်နေတော့သည်။

ရေစက်လေးများသည် ယိုဟော့၏ လည်တိုင်မှတဆင့် လိမ့်ဆင်းသွားပြီးနောက် သူ၏ပိန်သွယ်သောပခုံး၊ ထိုမှတဆင့် ခါးတစ်ဝိုက်နှင့် ဝမ်းဗိုက်ရှိ ရေသူကောက်ကြောင်းနှင့် တင်ရိုးတို့ထံသို့ ပြေးဆင်းသွားလေသည်။

ချင်ကျိုး၏အနမ်းတို့သည် ယိုဟော့၏ပခုံးပေါ်သို့ ကျဆင်းလာသည်နှင့်အတူ တစ်ဖက်လူသည်လည်း တုံ့ပြန်သည့်အနေဖြင့် လည်တိုင်ကို ဆန့်ထုတ်ပေးလာ၏။ ထို့နောက် သူ့ကို မျက်လုံးများ မှေးစင်းလျက် လည်ပြန်လှည့်ကြည့်လာသည်။

သူသိထားသည်။ သူ၏ စာမေးပွဲခန်းစောင့်ကြီးသည် အလွန်ကြံ့ကြံ့ခံနိုင်သောသူတစ်ဦးဖြစ်သည်။ သူက မည်သည်ကိုမြင်ရ၊ တွေ့ကြုံရ၍ မှတ်မိလာသည်ဖြစ်စေ၊ သူ့ကိုယ်သူ အမြဲလိုလို အချိန်တိုအတွင်း ပြန်တည်ငြိမ်အောင် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။

သူတို့နှစ်ဦးကြားတွင် တစ်ဖက်သက်နှစ်သိမ့်ခြင်း၊ သနားခြင်းတို့ မလိုအပ်ပေ။

ကိုယ်က ဒီမှာ မင်းကိုကယ်တင်ဖို့ ရှိနေတာမဟုတ်ဘူး၊ မင်းကို ချစ်ဖို့ ရှိနေတာပါ။

.................xxx...............

Akira - ချင်ကောလို supportive bf ကြီး တစ်ယောက်လောက် TT


You are reading the story above: TeenFic.Net