အခန်း ၁၁၉: လောင်ယွီရဲ့ အကျဉ်းခန်း

Background color
Font
Font size
Line height

အခန်း ၁၁၉: လောင်ယွီရဲ့ အကျဉ်းခန်း

အတွင်းဘက်အကျဆုံး အကျဉ်းခန်းတွင် 922 သည် စကားပြောရန် အခက်တွေ့နေ၏။

သူက တွန့်ဆုတ်တွန့်ဆုတ်နှင့် တံခါးလက်ကိုင်ကို ကိုင်ကာ ခဏချင်းဆိုသလို ချင်ကျိုးကို ပြန်ပြန်လှည့်ကြည့်နေ၏။

"ပြောစရာရှိရင် အကျဉ်းခန်းအကျိုးသက်ရောက်မှုတွေ မဖြစ်လာခင် အခုပြော" ချင်ကျိုးသည် သူ့မျက်နှာကို ပွတ်သပ်နေသည်။

သူက အိပ်ချင်နေဆဲဖြစ်ပြီး အတော်လေး ပင်ပန်းနေပုံရ၏။

922 သည် သူ့ကို ဤပုံစံနှင့် တွေ့ရခဲသည်။ သူက ပြောမည့်စကားလုံးများကို မြန်မြန် ပြန်မြိုချလိုက်ပြီး ပြောသည်။ "ဘာမှမရှိပါဘူး"

"ဘာမှမရှိဘူးလား" ချင်ကျိုးသည် နားလည်သွားသလို အသံပြုလိုက်သည်။ "ဒါဆို ငါ့မှာပြောစရာရှိတယ်"

"ဟမ် ဘာလဲ"

"ဒီစာမေးပွဲမှာ တစ်ခုခုမူမမှန်တာ ရှိလား" ချင်ကျိုးက မေးသည်။

922 သည် စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည် : မူမမှန်ဆုံးက ခင်ဗျားတို့တွေ မဟုတ်ဘူးလားဗျ???

"ငါတို့ကလွဲရင်ပြောတာ"

ချင်ကျိုးသည် သူ၏ စိတ်ထဲမှမှတ်ချက်များကို မှန်းဆနိုင်ပုံရပြီး ထပ်ဖြည့်ပြောလာသည်။ "ဒီမှာ အသိမိတ်ဆွေဟောင်းတွေ အကုန်လုံးစုနေကြတာ၊ သေချာပေါက် ပုံမှန်ပြန်လည်တွေ့ဆုံပွဲသက်သက်တော့ မဟုတ်လောက်ဘူး"

922 သည် ခေါင်းညိတ်လိုက်ပြီး သဘောတူလာသည်။ "1006 လည်း အဲဒီလိုပြောတယ်"

ချင်ကျိုးသည် ခဏလောက် ရှုပ်ထွေးသွားပြီးနောက် မကြာမီ 1006 သည် ကောင်းချီကိုပြောမှန်း သတိရသွားသည်။

"ဒါက ဒီလောက်ကြီး တိုက်ဆိုင်တာမျိုး မဟုတ်လောက်ဘူးဆိုတာရယ်၊ တစ်ခုခု ဖြစ်လာနိုင်တယ်လို့တော့ ခံစားမိပေမဲ့ ဒီပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဘာမှအထွေအထူး မဖြစ်ခဲ့ဘူး"

922 သည် မပြောချင်ပြောချင်ဖြင့် ထပ်ပြောလာသည်။ "မူမမှန်တာဆိုရင်တော့...."

ချင်ကျိုးသည် မျက်ခုံးပင့်လိုက်ကာ သူဆက်ပြောလာမည့် စကားလုံးတို့ကို စောင့်နေခဲ့သည်။

922 က ဆိုသည်။ "ကျွန်တော်တို့ ဒီနေ့ ညစာစားနေရင်း ကျွန်တော်တို့စားပွဲကလူတွေအကုန်လုံးက ထူးဆန်းနေကြတယ်"

ယင်းမှာ သူ ချင်ကျိုးကို ပြောပြချင်နေသောအရာဖြစ်သည်။ သူက အစက ပြောပြလိိုစိတ်မရှိခဲ့ပေမဲ့ မမျှော်လင့်ပဲ ဒီဘူတာပဲ တစ်ပတ်လည်စိုက်လာပြန်သည်။

"မင်းရဲ့စားပွဲလား" ထိုစကားကို ကြားလိုက်ရာ ချင်ကျိုးသည် အံ့အားသင့်သွား၏။ "ဘယ်လို ထူးဆန်းနေတာလဲ"

"ပြောပြရခက်တယ်"

"..............."

မရည်ရွယ်ဘဲ လျှို့ဝှက်ချက်အကြီးကြီးကို ဖွင့်ပြောမိသွားသည့် 922 သည် ကျန်လူများ၏ တုံ့ပြန်မှုများကို တွေ့လိုက်ရာ အံ့အားသင့်သွားခဲ့သည်။ သူတို့ပုံမှာ ထိုအကြောင်းကို သိတာ ကြာမြင့်နေသည့်ပုံပင်။

ကောင်းချီနှင့်ကျောက်ကျားထုံကတော့ ဖြစ်နိုင်သည်။ ပြောရမည်ဆိုလျှင် သူတို့သည် တစ်ချိန်က စာမေးပွဲခန်းစောင့် A ၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။

021 သည်လည်း နားလည်ပေးလို့ရသည်။ ပြောရလျှင် သူသည်လည်း တစ်ချိန်က သူ့လက်အောက်မှလူ ဖြစ်လာလုနီးနီး ဖြစ်ခဲ့သည်လေ။

သို့ရာတွင် 154 ကမူ....

အဆုံးတွင် 922 သည် 154 နှင့်ပတ်သက်၍ စိတ်အထင့်ဆုံး ဖြစ်ခဲ့သည်။

သူက သိနေတာလား?

ဘယ်တုန်းက သိသွားတာလဲ?

အဲဒီကောင်စုတ်က သိထားလျက်နဲ့ ငါ့ကို မပြောဘူးပေါ့!

၎င်းတို့မှာ ထိုအချိန်က 922 ၏ ခေါင်းထဲ ဝင်လာသောအတွေးများဖြစ်သော်လည်း ခဏလောက် ထပ်စဉ်းစားကြည့်ပြီးသော် သူသည်လည်း 154 ကို မပြောပြခဲ့ဘူးဆိုတာကို သတိရသွားသည်။ အတိုင်းအတာတစ်ခုအထိတော့ သူ့တွင် အပြစ်ပြောခွင့်မရှိပေ။

သို့သော် 154 သည် အမြဲလိုလို အလွန်လေးနက်သောလူမျိုးဖြစ်မှန်း သူသိသည်။ ကိစ္စမှန်သမျှကို သူသည် ပြတ်ပြတ်သားသား ကိုင်တွယ်တတ်သည်။

စည်းကမ်းကို မမှတ်မိဘူးလား။ 154 ကို မေး။

အချက်အလက်နဲ့ မရင်းနှီးဘူးလား။ 154 ကိုမေး။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ကုတ်နာမည်ကို မမှတ်မိဘူးလား။ 154 ကိုပဲမေး။

ထို့သို့ဖြစ်သည်မှာ 922 တစ်ယောက်တည်းတင်မဟုတ်ပေ။ ချင်ကျိုးအတွက်လည်း အတူတူပင်ဖြစ်သည်။

သူတို့ထဲတွင် 154 သည် အမြဲလိုလို သတိအထားဆုံးနှင့် အလုပ်ကို အလေးနက်အထားဆုံးသူတစ်ဦး ဖြစ်ခဲ့သည်။ 922 သည် တစ်ခါက သူက ကိုယ်ရေးအရာရှိတစ်ဦးနှင့်တူသည်ဟု နောက်ခဲ့ဖူး၍ အပြန်အလှန်အနေနှင့် ကြောက်စရာ မျက်ဖြူလှန်ပြခြင်းနှင့် ကြုံခဲ့ဖူးသည်။

ထိုမျက်ဖြူလှန်ပြသည့်မြင်ကွင်းကို စဉ်းစားကြည့်ရုံနှင့်ပင် 922 ကို ရယ်ချင်စိတ်ဖြစ်စေသည်။

သို့သော် သူ အသိပြန်ဝင်လာသောအခါ ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ချင်ကျိုး၏ စူးစိုက်အကြည့်နှင့် ကြုံသွား၏။

922 သည် လည်ချောင်းရှင်းလိုက်ပြီးနောက် သူက ဘာမှမဟုတ်တာလေးကို ဇာချဲ့နေမိသလို ခံစားလိုက်ရသည်။

"နောက်နေတာပါ၊ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ 021 က စာမေးပွဲခန်းစောင့် A ရဲ့လူလို့ ခံစားရရုံလေးပါ"

ထိုသို့ပြောပြီးနောက် သူ့စကားလုံးများသည် အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရပုံရသောကြောင့် ထပ်ဖြည့်ပြောလိုက်သည်။ "ကျွန်တော်ဆိုလိုတာက သူတို့မှာ အချိတ်အဆက်တစ်ခု ရှိသလိုပဲ။ သူတို့က မရင်းနှီးပုံပေါက်နေပေမဲ့ တကယ်တမ်း တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးတာတော့ မဟုတ်ဘူးလို့ ခံစားမိလို့ပါ"

ချင်ကျိုးသည် 'ဪ' ဟု အသံပြုလိုက်သည်။ သူက မအံ့ဩပါ။

"သိထားတာလား ဘော့စ်" 922 သည် အားတက်လာ၏။ "ဒါဆို ကွာဟချက်က အကြီးကြီးဖြစ်သွားပြီပဲ၊ A ရဲ့ဘက်မှာ ဘယ်သူရှိလဲ ကြည့်လိုက်ဦး 021 တဲ့၊ ဂဏန်းနှစ်လုံးပါတဲ့ နံပါတ် ဖြစ်တဲ့အပြင် ရှေ့ကိုလည်း အရမ်းကပ်တယ်။ ကျွန်တော်တို့ဘက်ကကျ ပိုတောင် ကံမကောင်းဘူး။ 154 က အပေါ်ဘက် အလယ်နားကျတဲ့အဆင့်ဖြစ်ပြီး အတော်လေး စိတ်ကျေနပ်စရာကောင်းပေမဲ့ ကျွန်တော်ကျတော့.... ဟားး"

အမှန်စင်စစ် ချင်ကျိုးလက်အောက်တွင် စာမေးပွဲခန်းစောင့်များ အများကြီးရှိပြီး အဆင့်ကောင်းသူများလည်း ပါသော်ငြား သူနှင့်အတူ တစ်ချိန်လုံးခေါ်သွားတတ်သည့်နှစ်ယောက်မှာ သာမန်အဆင့်ရှိသော ဒီနှစ်ယောက်သာဖြစ်သည်။

922 သည် သူက သိပ်မတော်ဘူးဟု မကြာခဏခံစားရတတ်ပြီး 154 ကိုပင် ထိုနည်းတူ ခံစားရအောင် လုပ်တတ်သည်။

သို့ပေမဲ့ ချင်ကျိုးကမူ ဂရုမစိုက်ပေ။

922 က တစ်ခါက ချင်ကျိုးကို အဘယ့်ကြောင့် သူနှင့် 154 ကို ရွေးရသလဲဟု မေးဖူးသည်။ ချင်ကျိုး၏ အဖြေမှာ သူတို့က မျက်စိပသာဒဖြစ်စေသောကြောင့်ဟူ၍သာ။

၎င်းသည် အလွန်ချင်ကျိုးဆန်သည့် အဖြေမျိုးဖြစ်သည်။ ငြင်းဆန်စရာမရှိ။

သို့သော် ထိုသို့ဖြစ်လာတော့လည်း သူတို့သည် အလွန်လိုက်ဖက်ညီကြသည်။

922 သည် တစ်ခါတရံ တွေးမိသည်... အကယ်၍ သူတို့သည် စာမေးပွဲခန်းစောင့်များ မဟုတ်ဘဲ ဒီရာထူးမျိုး မရှိခဲ့ဘဲ အလုပ်တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဖို့ အတူတူရှိနေရသည့် သည်လိုပတ်ဝန်းကျင်မျိုးတွင် မဟုတ်ခဲ့လျှင်တောင် သူတို့သည် မိတ်ဆွေကောင်းများ ဖြစ်နေလောက်သည်။

"ဘာဖြစ်လို့လဲ မင်းအဆင့်က အောက်ခြေမှာလား" ချင်ကျိုးသည် သူ့ကို အနည်းငယ် ရယ်ချင်နေမိသည်။

922 က ခဏလောက်စဉ်းစားလိုက်သည်။ "မဟုတ်သေးဘူး 1006 ရှိသေးတယ်"

သူက ရုတ်တရက် စိတ်အားပြန်တက်ကြွသွားသည်။

အကျဉ်းခန်း၏တစ်ဝက်သည် စတင်ပြောင်းလဲနေသည်ကို တွေ့လိုက်ရာ ချင်ကျိုးက ဆိုသည်။ "ကောင်းပြီ အခုအပြင်ထွက်တော့။ နောက်လာမယ့်ရက်တွေကိုလည်း နည်းနည်းစောင့်ကြည့်ထားပေး"

"ဟုတ် တစ်ခုခုပုံမမှန်တာရှိရင် အသိပေးမယ်"

922 ထွက်သွားသည်နှင့် အပျက်အစီးပြင်ကြီးသည် အကျဉ်းခန်းတစ်ခုလုံးကို ဖြန့်ကျက်သွားသည်။

ချင်ကျိုး၏အုပ်စုသည် မော်နီတာကို ကြည့်တတ်သည့်အကျင့် မရှိသလို သူတို့နှင့်အတော်ကြာအောင် အတူရှိခဲ့သည့် 021 သည်လည်း သူတို့၏လွှမ်းမိုးခြင်းခံလိုက်ရသည်။ သို့သော် သည်တစ်ခေါက်တွင်မူ သူက စိတ်ပြောင်းသွားသည်။

ယင်းမှာ ယိုဟော့၏ မေးခွန်းကြောင့်သာဖြစ်သည်။

စောင့်ကြည့်ခန်းတွင် တာဝန်ကျစာမေးပွဲခန်းစောင့်အချို့သည် မော်နီတာများကို ကြည့်နေကြသည်။ သူတို့က စခရင်ရှေ့တွင် ပျင်းရိစွာ ထိုင်နေကြ၏။

021 သည် သူတို့ကို အလေးပင်မစိုက်။ အခန်းထဲသို့ဝင်လာသည်နှင့် ထိုင်ခုံတစ်ခုံကိုဆွဲယူ၍ ထိုင်လိုက်သည်။

"အနားမယူဘူးလား" အနားမှ စာမေးပွဲခန်းစောင့်တစ်ဦးက သူ့ကို မေးသည်။

"ဘာမှလည်း လုပ်စရာမှမရှိတာ၊ အဲဒါကြောင့် ဒီလာကြည့်တာ" 021 က ဖြေသည်။

"စာမေးပွဲပြီးသွားရင် ဒီဖြေဆိုသူတွေကို နားစရာနေရာတစ်နေရာ ပေးရဦးမှာမလား"

"ဟုတ်တယ် အခြားဖြေဆိုသူတွေ စာမေးပွဲမပြီးခင် နောက်တစ်ညလောက် လိုသေးတယ်။ သူတို့တွေ ဒီမှာ တစ်ည နေမှရမယ်" 021 သည် အမှုမဲ့အမှတ်မဲ့ ဖြေလာသည်။

"သူတို့ ဘယ်မှာအိပ်ကြမှာလဲ"

"အိပ်တာလား...."

021 သည် လောင်ယွီ၏ စခရင်ကို စိုက်ကြည့်နေ၏။

၎င်းမှာ ဘာမှထူးဆန်းသောအရာမဟုတ်ပေ။ ဆေးရုံတစ်ရုံနှင့်တူသည်။ နေမကောင်းပုံရသည့်မိန်းမတစ်ဦးသည် သူ့လက်ကို ကိုင်ထားပြီး သူက ထိုအမျိုးသမီးစကားပြောတာကို ခေါင်းငုံ့လျက် နားထောင်နေသည်။

ထိုအမျိုးသမီး၏မျက်နှာသည် အလွန်အမင်းဖြူဖျော့နေပြီး အလွန်တရာပိန်လွန်းသောကြောင့် လက်ကောက်ဝတ်မှအရိုးတို့ပင် ငေါထွက်နေလေသည်။ သူ့လက်တို့မှာ အားအနည်းငယ်သုံးလိုက်ပါက ဖျောက်ခနဲ ကျိုးသွားတော့မည့်ပုံပေါက်နေ၏။

အမျိုးသမီးသည် အားနည်းနေ၍ဖြစ်မည်၊ စကားကို အလွန်နှေးကွေးစွာ ပြောနေသည်။ သူက အတော်လေး တည်ငြိမ်ပုံရ... မဟုတ်သေး အလွန်တရာအေးစက်၍ အမှုမထားဟန်ရှိသည်။

021 သည် သူ၏ တိုးဖွ၍ အနိမ့်အမြင့်မရှိသောအသံကို မှန်းဆ၍ပင်ရသည်။

သူနှင့်ပြောင်းပြန် လောင်ယွီကမူ အလွန်စိတ်လှုပ်ရှားနေပုံရ၏။

တစ်ကြိမ်တွင် သူသည် အလွန်တုန်လှုပ်သွားသည့်ပုံရသည်။ သူက ခေါင်းကို ခပ်ဆတ်ဆတ်မော့ကြည့်လာကာ *နှာခေါင်းမှာလည်း ပွတက်လာ၏ (*ဒေါသထွက်တာပါ)။

021 သည် သူက ကိုင်ထားသောလက်ကို လွှတ်ချလိုက်ပြီး စတင်အငြင်းပွားတော့မည်ဟု ထင်လိုက်သော်လည်း အဆုံးတွင်တော့ သူက ခေါင်းကိုသာ စိတ်ရှုပ်စွာ ကုတ်နေခဲ့ပြီး ခေါင်းပြန်ငုံ့သွားလေသည်။

....

021 သည် အတန်ကြာအောင် ကြည့်နေခဲ့ပြီးနောက် သည်အဖြစ်က ဘာကြောင့် ကြောက်စရာကောင်းရသလဲဟု စိတ်ထဲမှ တွေးနေမိသည်။

ကြောက်စရာမကောင်းနိုင်ပေ။ ၎င်းသည် ဘေးချင်းကပ်အခန်းမှ အမျိုးသမီး ရှုးရွှယ်နှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။

ပို၍ တိတိကျကျပြောရလျှင် ဖြေဆိုသူ ၈ ဦးစလုံးသည် အလွန်ထူးဆန်းသည်။

ယွီဝမ်သည် စာမေးပွဲအဖြေလွှာပုံကြီးအောက်တွင် ရုန်းကန်နေရသည်။ သူ့ခေါင်းမှ ဆံပင်အထွေးလိုက်ကြီးသည် ကျွတ်ကျလာပြီး အလွန်သနားစရာကောင်းအောင် ငိုကြွေးနေ၏။

ယန်ရှုးကမူ ကြီးမားသောဓာတ်ခွဲခန်းတစ်ခုမှာဖြစ်သည်။ သူသည် ဓာတ်ခွဲခန်းတွင် တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရင်း အလုပ်ရှုပ်နေခဲ့သည်။

ဝူလိကမူ အစက ဓာတ်ခွဲခန်းတစ်ခုတွင်ဖြစ်သည်။ သို့သော် မကြာခင် 'သရဲအိမ်' တစ်အိမ်အသွင်သို့ ပြောင်းသွား၏။ သူက မှတ်စုစာအုပ်တွင် တစ်ခုခုကို မှတ်နေပြီး သူ့ကို ဗဟိုပြု၍ မျက်နှာမပါသော လူရိပ်ကြီးများသည် သူ့ဘေးတွင် ပတ်လည်ဝိုင်းနေကြ၏။

ချူယွဲ့ကမူ လုံးဝ ဗလာဟင်းလင်းပြင်ကြီးဖြစ်သည်။ ထိုဘာဆိုဘာမှမရှိသောပကတိကမ္ဘာလောကကြီးထဲတွင် သူသည် တိတ်တဆိတ်ထိုင်နေခဲ့၏။

ရှုးရွှယ်တစ်ယောက်သည်သာ ကြောက်မက်ဖွယ်ဇာတ်ကားတစ်ကားနှင့် ယှဉ်၍ရသည်။ သူ့နောက်မှ ဓားများဝှေ့ယမ်းနေသော လက်များက လိုက်နေပြီး စခရင်အပါအဝင်နေရာတကာတွင် သွေးများ ပြန့်ကျဲနေ၏။ သူ့ဗိုက်ထဲမှ တစ်စုံတစ်ခု တိုးထွက်လာသည့်မြင်ကွင်းပင် ပါသေးသည်။

021 သည် ဆက်မကြည့်နိုင်တော့ပေ။

သူ့အကြည့် လောင်ယွီ၏ စခရင်ပေါ်သို့ ပြန်ရောက်သွားသောအခါ မြင်ကွင်းသည် ပြောင်းသွားသည်ကို မြင်လိုက်ရ၏။

ထိုအမျိုးသမီးသည် စကားပြောလို့ ပြီးသွားသည့်ပုံရသည်။ လောင်ယွီသည် လက်နှစ်ဖက်စလုံးဖြင့် သူ့မျက်နှာနှင့်ခေါင်းကို အုပ်ကိုင်ထား၍ စိတ်ပျက်လက်ပျက် ခုတင်ဘေးတွင် ရပ်နေခဲ့၏။

ခဏကြာသော် သူက အသက်မဲ့စွာ လက်ကို ပြန်ချလိုက်ကာ ခေါင်းညိတ်ပြလာသည်။ သူက ခုတင်ပေါ်မှ အမျိုးသမီးကို တစ်ခုခုပြောလိုက်ပြီးနောက် ပြန်၍ တစ်ဖက်သို့ လှည့်သွားသည်။

သို့ရာတွင် သူတစ်ဖက်သို့လှည့်လိုက်ချိန်တွင် တံခါး၌ လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုသူမှာ အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။

ကင်မရာ၏ရှုထောင့်မှကြည့်လျှင် ဆံပင်အနက်နှင့်မျက်နှာအောက်တစ်ပိုင်းကိုသာ မြင်နေရသည်။

021 ၏ နှလုံးခုန်သံသည် လွဲသွားသည်။

မျက်နှာကို သေသေချာချာ မမြင်ရဘဲနှင့်ပင် ထိုသူ မည်သူဆိုသည်ကို သူပြောနိုင်သည်။

၎င်းမှာ ကလေးဘဝက ယိုဟော့ဖြစ်သည်။

တံခါးတွင်ရပ်နေသောသူကို မျက်နှာချင်းဆိုင်လျက် အကြောင်းရင်းအချို့ကြောင့် လောင်ယွီ၏မျက်နှာပေါ်မှ သွေးရောင်အားလုံးမှာ ပျောက်ကွယ်သွားတော့သည်။

021 သည် ဘာတွေဖြစ်နေမှန်း မသိသလို လောင်ယွီသည် ဘာတွေတွေးနေမှန်းလည်း မသိသော်လည်း သူ၏ အလိုလိုသိစိတ်မှ ပြောနေသည်မှာ ၎င်းသည် အရေးကြီးသောအရာတစ်ခုဖြစ်နိုင်သည်ဟုပင်။

တခြားစခရင်တစ်ခုကို ကြည့်နေသော ကျန်စာမေးပွဲခန်းစောင့်များသည် ရုတ်တရက် မှတ်ချက်အချို့ကို တအံ့တဩ တီးတိုးဆိုလာကြ၏။

021 သည် အသိပြန်ဝင်လာပြီးနောက် သည်အခွင့်အရေးကိုသုံးကာ အလျှင်အမြန် စခရင်ကို ဓာတ်ပုံအချို့ရိုက်လိုက်သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါကို ပထမဆုံး မြင်ဖူးတာပဲ..."

021 ၏ နှလုံးခုန်သံ တဖြည်းဖြည်း ပြန်တည်ငြိမ်သွားသော် အနီးနားမှ စာမေးပွဲခန်းစောင့်များ တိုးတိုး ဆွေးနွေးနေသံများကို ကြားလိုက်ရ၏။

"ဘာတွေ ကြည့်နေကြတာလဲ" သူက မေးလိုက်သည်။

စာမေးပွဲခန်းစောင့်များသည် စခရင်နှစ်ခုရှေ့တွင် စုဝေးနေကြ၏။ သူတို့က သူ့ကို လက်ယပ်ခေါ်လိုက်ကာ "ကြည့်စမ်း! စာမေးပွဲခန်းစောင့် A နဲ့ 001 ရဲ့ အကျဉ်းခန်းတွေကို မြင်ဖူးလား"

021 သည် လျှောက်လာရင်း ပြန်ဖြေလိုက်သည်။ "ငါမြင်ဖူးတယ်၊ တစ်ယောက်က အမှောင်ထုထဲမှာ အိပ်နေပြီး နောက်တစ်ယောက်က အပျက်အစီးပုံကြီးကို နေ့လယ်နေ့ခင်း လက်ဖက်__"

သူ့နှုတ်ဖျားမှ 'လက်ဖက်ရည်' ဟူသောစကားလုံး ထွက်မလာနိုင်ခင်မှာပဲ သူ ကြောင်အသွားလေသည်။

အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့မှ စခရင်နှစ်ခုမှာ သူပြောနေသည်နှင့် မတူသောကြောင့်ပင်။

ပို၍အရေးကြီးသည်မှာ ယိုဟော့၏စခရင်သည် ပြောင်းသွားပြီဖြစ်သည်။

မသိလိုက်သောအချိန်မှာပဲ ယိုဟော့၏ အကျဉ်းခန်းသည်လည်း အပျက်အစီးနေရာတစ်ခုအသွင် ပြောင်းသွားပြီဖြစ်သည်။ ၎င်းမှာ ချင်ကျိုးနှင့် ထပ်တူကျသည်။

"A ရဲ့ အကျဉ်းခန်းက ဒီလိုပုံကြီးလား???"

"ငါ ပထမဆုံး မြင်ဖူးတာပဲ"

"ငါရောပဲ..."

စာမေးပွဲခန်းစောင့်တစ်ယောက်က ထပြောသည်။ "A က အကျဉ်းခန်းထဲ ရောက်ဖူးလို့လား၊ မရောက်ဖူးလောက်ဘူးမလား။ ငါမှတ်မိသလောက် အကျဉ်းခန်းက A နဲ့ Z အပေါ် သက်ရောက်မှုမရှိဘူးလို့ ပြောတာ ကြားဖူးတယ်၊ ဒါပေမဲ့ ဟုတ်တာပေါ့ အခုတော့ ပြောင်းသွားလောက်ပြီ"

"A ရဲ့အကျဉ်းခန်းကိုတော့ မမြင်ဖူးပေမဲ့ 001 အကြောင်းတော့ ကောလာဟလတွေ ကြားဖူးတယ်။ သူက အကျဉ်းခန်းကို လုံးဝ မကြောက်ဘူးတဲ့"

"ဒါက ဘယ်နေရာလဲ၊ ဘာလို့ ဒီနေရာကို အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ"

".....ဒါ စနစ်ရဲ့ချို့ယွင်းမှု ဖြစ်တဲ့နေရာများလား"

စာမေးပွဲခန်းစောင့်များ ဆွေးနွေးရင်းဆွေးနွေးရင်း သူတို့စကားဝိုင်းသည် တစ်နည်းနည်းဖြင့် စနစ်ချို့ယွင်းမှု အကြောင်းအရာပေါ်သို့ ရောက်သွားသည်။ သူတို့သည် ထိုနေ့က ဖြစ်နိုင်ခြေရှိသော အဖြစ်အပျက်များကို ဆွေးနွေးရင်း ဈာန်ဝင်နေကြ၏။

021 တစ်ယောက်တည်းသာလျှင် မလှုပ်မယှက် ကျန်နေခဲ့၏။

မည်သို့ပင်ဖြစ်စေ သူက ဝင်လည်း မဆွေးနွေးသလို bug နှင့်ပတ်သက်သည့် ကိစ္စကိုလည်း နားမလည်ပေ။

သူက အဆိုပါစခရင်နှစ်ခုသည် စုံတွဲများသုံးတတ်သည့် display ပုံ အစုံလိုက်နှင့် အလွန်တူသည်ဟု ခံစားလိုက်ရရုံသာ။

***

သုံးနာရီ ကြာသော် ဖြေဆိုသူများသည် အကျဉ်းခန်းများမှ လွတ်မြောက်လာပြီဖြစ်သည်။

အခြားသူများသည် အကုန်လုံး သိသိသာသာ ဝေဒနာခံစားခဲ့ရသည့်ပုံပေါက်နေကြပြီး အထူးသဖြင့် လောင်ယွီသည် အဆိုးဆုံးဖြစ်သည်။ သူ့နဖူးနှင့် လည်ပင်းတို့သည် လုံးဝ ချွေးအေးများဖြင့် ဖုံးနေပြီး အနည်းငယ် တွေဝေမိန်းမောနေပုံရသည်။ ယွီဝမ်သည် သူ့ဆံပင်ကို စစ်ဆေးရင်း အလုပ်များနေပြီး ကျန်သောအမျိုးသမီးတို့သည်လည်း အနည်းငယ် ချောက်ချားနေကြ၏။

ချူယွဲ့ကမူ အဆင်ပြေသေးသည်။

တစ်ဖက်တွင် ယိုဟော့သည် ထူးဆန်းနေသည်။

သူက အနှိုးခံလိုက်ရ၍ စိတ်အခြေအနေမကောင်းသည့်ပုံမဟုတ်သလို သမ်းဝေနေခြင်းမဟုတ်။ ထို့ပြင် အရင်လို စိတ်မရှည်ဘဲ မောက်မာသည့်ပုံလည်း ပေါက်မနေခဲ့ပေ။

သူက တံခါးတွင်ရပ်နေလျက် အတွေးနွံနစ်နေရင်း သူ့နားကပ်ကို ကလိနေခဲ့သည်။

"ဘာတွေတွေးနေတာလဲ"

သူ့ပါးပြင်သည် အတို့ခံလိုက်ရ၏။ ၎င်းမှာ ချင်ကျိုး၏ လက်ချောင်းဖြစ်သည်။

တစ်ဖက်လူသည် ဘေးအခန်းမှ အခုလေးတင် ထွက်လာခြင်းဖြစ်၏။

အပျက်အစီးနေရာမှာ သေချာပေါက် အိပ်စက်ရန်နေရာတစ်ခုမဟုတ်ခဲ့ပေ။ သူ့အသံမှာ အနည်းငယ် ပင်ပန်းနေသည့်ဟန်စွက်နေ၏။

ယိုဟော့သည် လက်ချောင်းကို စိုက်ကြည့်နေရင်း ရုတ်တရက် သူ ချင်ကျိုးကို ပထမဆုံးတွေ့သော အခိုက်အတန့်ကို ပြန်သတိရသွားသည်။ တစ်ဖက်လူသည် တောအုပ်ထဲတွင် လည်စီးကို ပြင်နေရင်း ရပ်နေခဲ့သည်။ လက်ချောင်းများသည် လည်စီးအစွန်းတစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကုတ်အင်္ကျီကော်လာအောက်သို့ ထိုးသွင်းနေခဲ့သည်....

သူသည် အပျက်အစီးပုံများကြားမှ သွေးနံ့ကို ပြန်ရလိုက်သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ချင်ကျိုး၏ လက်ချောင်းကို ဆွဲယူ၍ သူ့ကို သူ၏အကျဉ်းခန်းအတွင်းသို့ ပြန်ဆွဲသွင်းသွားလေသည်။

တံခါးသည် လုံးလုံးပိတ်မသွားသေးဘဲ ကြားသေးသေးလေး'ဟနေလေသည်။

အပြင်ဘက်ကော်ရစ်ဒါမှ အလင်းများသည် ကြားအဟလေးမှတဆင့် စိမ့်ဝင်နေ၏။ အဝေးတစ်နေရာတွင် ရပ်နေသော စာမေးပွဲခန်းစောင့်များသည် ဖြေဆိုသူများအတွက် အခန်းစီစဉ်ရန် ဆွေးနွေးနေကြသောကြောင့် သူတို့၏အသံ သိုးသိုးသဲ့သဲ့ကို ကြားနေရ၏။

သူတို့နှစ်ယောက်သည် အတော်နီးနီးကပ်ကပ် ရပ်နေခဲ့သည်။ ချင်ကျိုးသည် တံခါးကြားမှတဆင့် စောင်းငဲ့ကြည့်လိုက်သည်။

ထို့နောက် ခေါင်းကိုငုံ့ကာ ယိုဟော့၏ မေးစေ့ကို အနမ်းပေးလိုက်သည်။ "ဘာဖြစ်လို့လဲ အကျဉ်းကျရတာ မဝသေးဘူးလား"

"မဟုတ်ဘူး" ယိုဟော့က ဆိုသည်။

သူက ချင်ကျိုး၏လက်ကို ဆက်ကိုင်ထားသည်။ သူက အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် ပါးလျသောလက်ဆစ်များမှာ ထင်ရှားစွာ တိုးထွက်နေ၏။

ချင်ကျိုးသည် သူ၏ ထူးဆန်းနေသောအဖြစ်ကို သိသိသာသာ ခံစားသိလိုက်၏။ သူက အသံကိုနှိမ့်လိုက်ကာ တည်ငြိမ်စွာ မေးလာသည်။

"......တစ်ခုခုကို သတိရလို့လား"

"အင်း" ယိုဟော့က ဖြေသည်။

သူ့အသံအတိုင်း နားထောင်ကြည့်လျှင် သူက အဆင်ပြေနေပုံပင်။

သို့သော် ဖြေလိုက်ပြီးနောက်တွင် သူက ချင်ကျိုး၏လက်ကို မြှောက်လိုက်ပြီးနောက် ခေါင်းငုံ့ကာ လက်ကောက်ဝတ်သို့ နမ်းရှိုက်လာ၏။

သူ့လက်ကောက်ဝတ်မှ သွေးခုန်နှုန်းသည် တစ်ချက်ပြီးတစ်ချက် သူ့ပါးလျသောနှုတ်ခမ်းပါးတို့ကို ခပ်ပြင်းပြင်း တိုးဝှေ့ရိုက်ခတ်နေသည်။

အပြင်ဘက်မှမီးရောင်သည် ယိုဟော့၏ မျက်နှာဘေးခြမ်းသို့ ထင်ဟပ်နေရာ သူ၏ ဖြောင့်တန်းမြင့်မားသောနှာတံကို မီးထိုးပြနေ၏။

ချင်ကျိုးသည် ယိုဟော့ကို ခပ်မှေးမှေးကြည့်နေရင်း သူ့လည်ပင်းမှဇလုပ်သည် လှုပ်ရှားသွား၏။

သူက တစ်ဖက်လူသည် ဆိုးဆိုးရွားရွားတစ်ခုခုကို သတိရလိုက်တာ ဖြစ်နိုင်သည်ဟု ခံစားသိလိုက်၏.... သွေးသံတရဲရဲနှင့် သေဆုံးခြင်းနှင့်ပတ်သက်သောအရာတစ်ခုခု ဖြစ်နိုင်သည်။ သူက ရုတ်တရက် စိတ်လောသွားသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် စာမေးပွဲခန်းစောင့်တစ်ဦးအဖြစ် သူ့သရုပ်နှင့်ပတ်သက်ပြီး စိတ်သောကရောက်မိခြင်းဖြစ်သည်။

သူသည် ချက်ချင်းပင် ထိုအထူးစင်တာသို့ဝင်ရောက်ကာ စနစ်၏ မှတ်ဉာဏ်ဖျက်သည့်အမိန့်ကို ပြန်ရုတ်သိမ်း၍ သူ့မှတ်ဉာဏ်အားလုံးကို ပြန်ယူလိုက်ချင်ခဲ့သည်။

သူတို့နှစ်ဦးနှင့်ပတ်သက်နေသည့်အရာကို တစ်ဦးတည်းကသာ သတိရနေသည့်အဖြစ်သည် အလွန်အမင်း အထီးကျန်စရာကောင်းသောအရာတစ်ခု ဖြစ်၏။

"ဒါဆို ကောင်းပြီ ကျွန်တော်တို့ ခင်ဗျားတို့အတွက် အခန်းအချို့ မရမက ရှာထုတ်လိုက်မယ်" စာမေးပွဲခန်းစောင့်တစ်ဦး၏ အသံသည် လွင့်ပျံလာသည်။ "ဖြေဆိုသူတွေ ဘယ်မှာလဲ၊ သူတို့ကို အပေါ်ထပ်ကို ခေါ်ခဲ့လိုက်"

021 နှင့် ထိုအစီအစဉ်တွေလုပ်ရန် တာဝန်ကျသော တခြားစာမေးပွဲခန်းစောင့်များသည် ထောင့်ချိုးတစ်နေရာတွင် ပေါ်လာကြသည်။

အခြေအနေမကောင်းသော ဖြေဆိုသူအချို့သည် ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း အနားယူနေကြသည်။ သူတို့သည် ဆေးရုံတွင်ရောက်နေသကဲ့သို့ပင်။

"ခြောက်ယောက်၊ နှစ်ယောက်လိုသေးတယ်"

"ဟုတ်တယ် A နဲ့ 001 ဘယ်မှာလဲ"

သူတို့ပြောနေရင်း အကျဉ်းခန်းတံခါးသည် ပွင့်လာ၏။ ယိုဟော့သည် အထဲမှ ထွက်လာသည်။

စာမေးပွဲခန်းစောင့်တစ်ဦးသည် ရှုပ်သွားသည်။ "စာမေးပွဲခန်းစောင့်ချုပ် ဘာလို့ အထဲပြန်ဝင်သွားတာလဲ"

သူက ကောင်းချီလောက် ယိုဟော့နှင့် မရင်းနှီးသောကြောင့် တိုက်ရိုက် A ဟု မခေါ်ဘဲ အကျင့်အရ စာမေးပွဲခန်းစောင့်ချုပ်ဟုသာ ခေါ်ခဲ့သည်။

သူက 001 ဘယ်မှာလဲဟု မေးတော့မည့်ဆဲဆဲ တူညီသော အကျဉ်းခန်းထဲမှ 001 ထွက်လာသည်ကို တွေ့လိုက်ရ၏။

စာမေးပွဲခန်းစောင့်: "?????"

သူ့အမူအရာသည် ခဏလောက် ထူးဆန်းသွားသော်လည်း ခဏနေသော် သူက အတွေးလွန်နေတာဖြစ်မှာပါဟု ခံစားလိုက်ရသည်။ ထို့နောက် ပြန်အဆင်ပြေသွားကာ ပြောလိုက်သည်။ "သွားစို့ ကျွန်တော် ခင်ဗျားတို့ကို အခန်းတွေဆီ ခေါ်သွားပေးမယ်။ ကျွန်တော်တို့ ခင်ဗျားတို့အားလုံး ခဏတဖြုတ်နေလို့ရအောင် အခန်းအချို့ မရရအောင် ရှာထားပေးတယ်။ စိတ်မပူပါနဲ့ ကုတင်က ကြီးတယ်ဆိုတော့ နှစ်ယောက်ဆန့်ပါတယ်"

သူရည်ရွယ်ခဲ့သည်မှာ ဤသို့ပင်:

ယွီသားအဖက တစ်ခန်းမျှသုံးရန်၊ မိန်းကလေးလေးယောက်က သူတို့ထဲမှ အခန်းနှစ်ခန်းကို မျှသုံးပြီး ကျန်နှစ်ယောက်ကမူ...

သူတို့၏ အရင်ကဘော့စ်အပေါ် အနည်းငယ် ဘက်လိုက်ချင်သောကြောင့် သူတစ်ယောက်တည်းနေဖို့အတွက် အလွန်သက်သောင့်သက်သာရှိသည့် တစ်ယောက်ခန်းတစ်ခန်းကို စီစဉ်ပေးထားခဲ့သည်။

ချင်ကျိုးအတွက်မူ 922 သည် 154 နှင့် အခန်းမျှသုံးမည်ဟု လိုလိုလားလား ပြောလာသောကြောင့် သူ့အခန်းကို ချင်ကျိုးအတွက် ထားပေးခဲ့သည်။

ထိုအစီအစဉ်အပေါ် 021 ၏ ပထမတုံ့ပြန်မှုမှာ နှာမှုတ်လိုက်ခြင်းဖြစ်သည်။ စာမေးပွဲခန်းစောင့်များသည် သူ့တုံ့ပြန်မှုနောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်ပေ။

သို့သော် သူတို့သည် အလွန်မြန်မြန်ဆန်ဆန် သဘောပေါက်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့မျက်လုံးရှေ့တည့်တည့်တွင် စာမေးပွဲခန်းစောင့် A နှင့် 001 သည် အခန်းတစ်ခန်းတည်းသို့ ပေါ့ပေါ့ပါးပါး အတူတူ ဝင်သွားသောကြောင့်ဖြစ်သည်။

နေရာတွင်ရှိနေသော စာမေးပွဲခန်းစောင့်များသည် နေရာတွင်ပဲ အေးခဲသွားကြ၏။

ယိုဟော့သည် သူတို့ကို နည်းနည်းမှ ဂရုမစိုက်။ သူက တံခါးကို ကျောပေး၍ ပိတ်လိုက်ကာ ဖုန်းကို ထုတ်လိုက်သည်။

အကျဉ်းခန်းအပြီးတွင် 021 သည် ရုတ်တရက် သူ့ဖုန်းကိုငှား၍ သူ့ဖုန်းစခရင်မှ ပုံအချို့ကို ရိုက်၍ သူ့ကို ပြန်ပေးခဲ့သည်။ "ရှင့်ဦးလေးရဲ့ အကျဉ်းခန်းကို တွေ့လိုက်တယ်။ အသုံးဝင်မဝင်မသိပေမဲ့ အခွင့်ကြုံရင် တစ်ချက်ကြည့်လိုက်ပါ"

.................xxx..................

Aki - ဒီနေ့ အလုပ်မသွားလို့ Double update ပေးလိုက်တယ်.. အားရှိအောင် Vote ပေးသွားနော် ^^ 


You are reading the story above: TeenFic.Net