*ဒေါက် ဒေါက်..*
"တောင်းပန်ပါတယ် ဒယ်ဒီ၊ ပြီးတော့ ကိုမင်းစေရာ..။ လမ်းမှာ ကားအရမ်းကြပ်နေလို့ပါ..."
"ခန့်..."
ကျွန်တော့်ရှေ့တွင်ပေါ်လာသည့် ကောင်လေးသည်ကား ခန့်..။ ကျွန်တော့်အမြင်တို့မမှားခဲ့ပါ..။ ကျွန်တော် မမြင်ခဲ့ဖူးသော..၊ ကျွန်တော်မတွေ့ခဲ့ဖူးသော.. အရောင်အဝါတစ်ခုနဲ့အတူ ပေါ်ထွက်လာသော ခန့်...
ဟုတ်တယ်..၊ အခု ခန့် ဆီမှာ ကျွန်တော် ရှင်းမပြတတ်တဲ့ အရောင်အဝါတစ်ခု ရှိနေတယ်..။ စေ လောက်တော့ သိသိသာသာကြီးမဟုတ်ပေမယ့် စေ နဲ့တူတဲ့ အရောင်အဝါသေးသေးလေးတစ်ခု...
အရင်က ခန့် နားရောက်ရင် ခံစားရတာက နွေးထွေးမှု။ အမြဲ အပြုံးလေးတစ်ပွင့်နဲ့ လူတိုင်းအပေါ် စေတနာ ထားတတ်တဲ့ ခန့်ကိုမြင်လိုက်ရရင် ရင်ထဲ အေးမြသွားတာ...။ပြီးတော့ ခန့်က ခံစားချက်အတိုင်း ပွင့်ပွင်းလင်းလင်း ပြောဆိုတတ်တဲ့ သူတစ်ယောက်...။
အခု ကျွန်တော့်ရှေ့က ခန့် ကျတော့ ပုံမှန်ထက် ပိုတည်ငြိမ်နေတယ်။ပြုံးလိုက်ရင်လည်း အဲ့အပြုံးရဲ့ နောက်ကွယ်မှာ တစ်ခုခု သိုဝှက်ထားသလိုပဲ..။ အရာရာကို အပြုံးတစ်ခုဆောင်ပြီး အကဲခတ်နေတတ်တယ်...
စကားပြောလိုက်ရင်လည်း အပိုအလိုမရှိ ထိန်းထိန်းသိမ်းသိမ်းပြောနေသလို အမြဲ နွေးထွေးနေတတ်တဲ့ မျက်ဝန်းကလည်း အေးစက်နေသလိုပဲ...
စေ နဲ့တွေ့လိုက်တိုင်း အမြဲ အနေမတတ်ခဲ့တဲ့ ခန့်က အခုတော့ စေ နဲ့ မျက်လုံးချင်းဆုံပြီးတော့ကို အေးအေးလူလူစကားပြောနေတာ။ ဒါပေမယ့် စေ ကတော့ ဒီအချက်ကို အံသြမနေသလိုပဲ...
ဒါ ကျွန်တော့်ရှေ့မှာ တီတီတာတာ ချွဲတတ်တဲ့ ခန့် မှဟုတ်ရဲ့လား....
{"ကိုထွဋ် မသိခဲ့ဘူး..။ ကျွန်တော့်ကိုရော..၊ ကျွန်တော့် စိတ်ကိုရောပေါ့.."
"ကိုထွဋ်က fantastic Ent ရဲ့ ဒါရိုက်တာ မင်းခန့်သာ ကိုပဲ သိခဲ့တာ..."}
ကိုယ်တစ်ကယ်ပဲ မသိခဲ့တာလား ခန့်..။ ကိုယ့် ရှေ့က မင်းကမှ တစ်ကယ့် မင်းခန့်သာ ရဲ့ပုံစံအမှန်လား...
ဒါမှမဟုတ် မင်းကပဲ သိုဝှက်နိုင်လွန်းခဲ့တာလား..။ ဒါဆို ခန့် မင်းတော်တာပေါ့။ ဒီလို စရိုက်ချင်း လုံးဝကွဲထွက်သွားတဲ့ မင်းကို အခုထိ အခြားသူတစ်ယောက်လို့ ထင်နေတုန်းပဲ..
"ကောင်းပြီ။ ဒါဆို ကျန်တာ ကိုထွဋ်နဲ့ပဲ ဆက်လုပ်လိုက်တော့..."
"Ah.. ဟုတ်ကဲ့..။ ကုမ္ပဏီက လက်ထောက်ကို သေချာလွှဲခဲ့လိုက်ပါ့မယ်။ အရေးကြီးတာတွေအားလုံး ပြီးသွားပြီဆိုတော့.."
ကိုထွဋ် သတိပြန်ကပ်လိုက်မိသော အချိန်တွင်မူ စေ နဲ့ ခန့်တို့ကား အရေးကိစ္စအားလုံး ဆွေးနွေးပြီးသွားခဲ့လေပြီ။ နောက်ဆုံး ကျွန်တော် သေချာကြားလိုက်မိသည်ကား ခန့်ရဲ့ အငြင်းမဆိုသာသော အငြင်းစကားလေးတစ်ခွန်း...
"မင်း လုပ်လိုက်လို့မရဘူးလား ခန့်.."
ကျွန်တော် အလိုမကျစွာ ဆိုမိတော့ ခန့် ကျွန်တော့်ဘက်လှည့်လာသည်။ ဤသည်ကား ခန့် အခန်းထဲဝင်လာပြီးသည့်အချိန်မှ စ၍ ကျွန်တော့်အား ပထမဆုံးအကြိမ် စေ့စေ့ကြည့်လိုက်ခြင်းပင်...
တည်ငြိမ်စွာ လှည့်လာသော်ငြား ကျွန်တော်နဲ့မျက်လုံးခြင်းဆုံသည့်ခဏ အပြုံးလေးတစ်ခု ချိတ်ဆွဲလိုက်ပြီး...
"ကျွန်တော်က သုံးရက်အတွင်း French ကို ပြန်တော့မှာမလို့ပါ..."
"French ကိုပြန်မယ်...?"
"ဟုတ်ကဲ့..."
"ဘာလို့လဲ..."
"တစ်ကယ်တော့ French ကရော Japan ကရော ကျွန်တော့်ကို ခေါ်နေခဲ့တာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးပြပြီး မပြန်ဖြစ်ခဲ့တာ..
ဆက်ငြင်းနေမယ်ဆို ကျွန်တော် တော်တော်လေး ရိုင်းပျနေသလိုဖြစ်နေပြီ.."
"ဒါကိုသာ ကြည့်ပါတော့ ကိုထွဋ်ရာ..။ အန်ကယ်ဘယ်လို တားတား တားလို့ကို မရဘူး.."
"တစ်ကယ် မရလို့ ဒယ်ဒီရ..။ Japan ရော၊ French ရော ကျွန်တော် ပစ်ထားတာ တော်တော်ကြာနေပြီ။ဒီအချိန် ဒီအခြေအနေထိ သူတို့ထိန်းထားပေးတာပဲ ကျေးဇူးတင်စရာကောင်းနေပြီ ...။
သူတို့မလို့ စိတ်ရှည်ရှည်နဲ့ ထိန်းထားတာ။ပြီးတော့ ကျွန်တော့်ကိုအသေအလဲ ဖြောင်းဖြပြီး ပြန်ခေါ်နေတာ..။ မဟုတ်ရင် ရှိသမျှ အကုန် ပိတ်လိုက်ရလောက်ပြီ.."
"အဲ့တော့လည်း ကောင်းတာပေါ့။ ကုမ္ပဏီကလွဲပြီး ဝင်စရာမရှိတော့ဘူး.."
"ဒယ်ဒီ..!!"
"အေးပါကွာ..။ ငါသိပါတယ်။ မင်းအပေါ်မှာ တာဝန်တွေ အများကြီးရှိနေတယ်။မင်း ခေါင်းရှောင်လိုက်လို့မရဘူး..။ ဟုတ်တယ်မလား..၊ ငါသိတယ်.. ငါသိတယ်.."
သားအဖနှစ်ယောက် ငြင်းခုန်နေသည်အား ကြည့်၍ ဘာတွေဘယ်လို ဖြစ်နေမှန်း လိုက်လို့မမှီဖြစ်နေသည်ကား ကျွန်တော် တစ်ယောက်တည်းသာ..။
စေ ကမူ ထိုအငြင်းအခုန်အား အေးအေးလူလူနားထောင်ရင်း တစ်ချက် ပြုံး၏။
ဒါဆို စေ က သိနေတာလား...~~
°°°°°°
ဒါမှမဟုတ် ကျွန်တော် တစ်ကယ်ပဲ ခန့်ကိုမသိခဲ့တာလား..။
ထွက်စာတင်ပြီးသည့်နေ့မှစပြီး ယနေ့တိုင် ခန့်နှင့် ကောင်းကောင်းမွန်မွန်စကားမပြောခဲ့ရသေးပါ။ ဤအတောအတွင်း ကျွန်တော့်အတွေးထဲ၌ ခန့် အကြောင်းသာ သပွတ်အူလည်သလို လည်ကာနေမိသည်။
သုံးရက်အကြာ...
"ကိုထွဋ် ပန်းချီပြပွဲ က ဒီနေ့နော်.."
"အော်.. အင်း.."
"သွားမှာလား.."
"သွားရမှာပေါ့.."
ပန်းချီပြပွဲသည်ကား ကျွန်တော်တို့ Ent ၏ ရှယ်ယာရှင်တစ်ဉီး ဖြစ်သူက ဖိတ်ကြားထားခြင်းဖြစ်၏။ ရှယ်ယာရှင်တစ်ဉီးဖြစ်သည့်အပြင် အတော်အတန် ရင်းနှီးသူလည်းဖြစ်၏။ ထို့ကြောင့် မသွားမဖြစ် သွားရပေလိမ့်မည်။
သို့နှင့် ဖိတ်ကြားထားသော ပန်းချီပြပွဲထံ ရောက်ရှိလာခဲ့သည်။
"ဟာ.. ကိုထွဋ် ၊ တစ်ကယ်လာတာပဲ.."
"လာရမှာပေါ့ဗျာ..."
"ကျွန်တော် ဒီနေ့ ပန်းချီဆရာတွေ အတော်များများ ဖိတ်ထားတယ်။ ကိုထွဋ်နဲ့လည်း မိတ်ဆက်ပေးမယ်။
Ent အတွက် လိုအပ်လာခဲ့ရင် ဆက်သွယ်နိုင်တာပေါ့။ သေချာ မိတ်ဆက်သွားနော်.."
"ကောင်းပါပြီဗျာ.."
"ကျွန်တ်ာက Ent ကိုသာ မလာတာ၊ တစ်ခုခုဆို Ent အတွက်ဆိုပြီး အရင်စဉ်းစားပေးတာနော်.."
"Haha ဟုတ်ပါပြီ။ ကျေးဇူးတင်ပါတယ်.."
"ကျွန်တော်ကဗျာ..၊ အနုပညာကို ဝါသနာပါလို့သာ အချိန်လေးတွေ ဖဲ့ဖဲ့ပြီး နိုင်သလောက်လိုက်လုပ်နေတာ...
ကုမ္ပဏီကလည်း အချိန်ကရတာမဟုတ်ဘူးဗျ..။ တာဝန်မကျေနိုင်ခဲ့ရင် စိတ်မဆိုးပါနဲ့ဗျာ..၊ နော်..."
"မဆိုးပါဘူးဗျာ..။ ကျွန်တော်တို့ Ent ကို ဒီလေါက် ဖြည့်ဆည်းပေးနေတာပဲ ကျေးဇူးတင်လှပြီ.."
"အမယ်လေးဗျာ...၊ Royal ကြီးတစ်ခုလုံး ရှေ့ချပြီး ကျွန်တော့်မြှောက်ပြောနေတယ်။ ကျွန်တော်က fantastic ရဲ့ ရှယ်ယာရှင်တစ်ယောက်သာသာရယ်ပါဗျာ...
ခင်ဗျားနဲ့ ကိုမင်းစေရာ လောက်ကလွဲပြီး ဘယ်သူမှ ကျွန်တော့်ကို မြင်ဖူး၊ သိဖူးတာ မဟုတ်ဘူး.."
"haha ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ.."
"ဒါတွေ ထားပါဉီး..။ အခုကျွန်တော်ပြောမယ်..
အခု ကျွန်တော် မရမက ခေါ်ထားရတဲ့ ပန်းချီဆရာ လေးယောက်လောက်ရှိတယ်။ နိုင်ငံအသီးသီးကပဲ...
အဲ့ဒီထဲက တစ်ယောက်က မြန်မာနိုင်ငံသားပဲ..။ ဒါပေမယ့် ဒီနေ့ ပြန်တော့မယ်ပြောတယ်။ လေယာဉ်ချိန်နဲ့ ညှိပြီး မရမက ခေါ်ထားရတာ...
သူက အတော် တော်တယ်ပြောရမယ်။ ပြခန်း နှစ်ခုတောင်ပိုင်တာ..။ ပန်းချီဆရာတော်တော်များများကလည်း သူ့ကိုဆို အတော်ချီးမွမ်းကြတာ...။ ပန်းချီလောကမှာလည်း အတော်နာမည်ကြီးတယ်...
နာမည်အကြီးဆုံးကတော့ ငှါးရခက်တာပဲတဲ့။ သူ့ပြခန်းတွေမှာပဲ သူ့လက်ရာတွေ စုပြလေ့ရှိတယ်ပြောတယ်..။ ဒီနေ့တော့ ရှိသမျှ နတ်ကောင်းနတ်မြတ်တွေ ကျွန်တာ့်ကို မ စ တယ်ထင်ပါရဲ့။ သူ့ကို ခဏခေါ်နိုင်ခဲ့တယ်။ သူ့လက်ရာလည်း ပြသခွင့်ရခဲ့တယ်။
ခင်ဗျားကို သူနဲ့မိတ်ဆက်ပေးမယ်။ ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ဗျာ..ညှိရနှိုင်းရတာတွေ၊ တောင်းဆိုရတာတွေ မှာ ပြောရဆိုရ အဆင်ပြေတာပေါ့..."
"ကောင်းပါပြီ။ ကျေးဇူးပါ..။ ကျွန်တော်လည်း သူ့အကြောင်း ကြားဖူးတယ်။ Windy မလား..။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ်လို့ပြောကြတယ်။ သူနဲ့ တွေ့နိုင်ဖို့မလွယ်ဘူးဆို..."
"ဟုတ်တယ်။ သူက ပျောက်ပျောက်သွားတတ်တာ။ သူပေါ်ချင်တဲ့အချိန်မှ ပေါ်ပေါ်လာတတ်တာ.."
"ဥက္ကဌကြီး Mr.Windy လာပါပြီ..၊ Mr.Steve လည်း သူနဲ့အတူပါလာပါတယ်.."
"ဟမ်..အော် အေး..၊ မြန်မြန်..၊ သူ့ကို မြန်မြန် ကြိုလိုက်။ အမှားအယွင်းမဖြစ်စေနဲ့နော်။ စိတ်မခုသွားစေနဲ့.."
"ဟုတ်ကဲ့.."
ထို့နောက် ခဏက အလောသုံးဆယ် လာအကြောင်းကြားသော ကောင်လေးနဲ့အတူ လူငယ်တစ်ယောက် ကျွန်တော်တို့ဆီ လျှောက်လှမ်းလာခဲ့သည်။
ဘေးတွင်တော့ ကျွန်တော်နှင့် မတိမ်းမယိမ်း လူကြီးတစ်ယောက်က ထိုလူငယ်လေးအား ပြုံးရွှင်စွာစကားတွေဆိုကာ လိုက်ပါလာခဲ့သည်။
အဝေးကလှမ်းမြင်ရသည်မို့ သဲကွဲစွာမမြင်ရ။ သို့သော် ထိုလူငယ်လေး၏ ခြေလှမ်းများမှာ ယုံကြည်မှု အားမာန်များ ပြည့်ဝလှသည်။ သူတစ်လှမ်းလှမ်းသည်နှင့် သူ၏ အရှိန်အဝါတစ်ခုသည်ကား ရှင်းလင်းစွာ ထွက်ပေါ်လာလျက်ရှိ၏။
အနောက်တိုင်းဝတ်စုံအား အပြည့်အစုံဝတ်ဆင်ထားပါသော ထိုလူငယ်လေးသည် အပေါ်ကုတ်မှ ကြယ်သီးအား လမ်းလျှောက်ရင်းနှင့်ပင် တပ်နေလေ၏။
ထို့နောက် ခေါင်းလေးငဲ့ကာ တစ်ဖက်မှ လူ၏ စကားများအား အပြုံးတစ်ခုနှင့်အတူ တုံ့ပြန်လျက်ရှိသည်။သူ၏ ပေါ့ပါးသွက်လက်သော ခြေလှမ်းများအား ဘေးမှ လူက အမှီလိုက်ကာနေ၏။
"လာပြီ၊ လာပြီ ကိုထွဋ်..။ သူပဲ.. သူပဲ.."
"အော်.."
အတည်ပြုသံအဆုံး ကျွန်တော့်ကိုယ်ကျွန်တော် အဆင်သင့်ပြင်ထားလိုက်မိသည်။
"လာတာမြင်ရုံနဲ့ကို ရှိန်စရာကြီးနော်။ ကျွန်တော်တို့ထက် ငယ်ပေလို့သာပဲ.."
ထိုစကားသံကြားတော့ ကျွန်တော် ပြုံးမိသည်။ သို့သော် မတုံ့ပြန်ဖြစ်...။ သို့သော် အနှီလူသားက ပွစိပွစိ ရွတ်လာပြန်လေ၏။
"ဒါပေမယ့် မောင်မင်းစေရာကိုတော့ မှီဖို့လိုသေးတယ်..."
ဒီတစ်ခါတော့ ကျွန်တော်ရယ်လိုက်မိသည်။
~~ စေ ကိုမှီဖို့မပြောနဲ့ အဖျားစွတ်ရုံလေးတောင် လိုက်နိုင်ဖို့ မဖြစ်နိုင်ဘူး...~~
ဟိုက တစ်ခါခါ လူသတ်ငွေ့တွေပါ ထွက်လာတာ....~~
ထို့နောက် ထိုလူငယ်လေးကျွန်တော့်ရှေ့အရောက် ခေါင်းငုံ့ကာရယ်နေရင်းမှ မော့ကာ ကြည့်လိုက်မိတော့...
"မင်္ဂလာပါ အန်ကယ်။ Windy ပါ.."
ကျွန်တော် ဆွံ့အသွားပြီး မှင်သက်နေမိသည်ကား မိနစ်ပိုင်းမျှ ကြာလောက်မည်ထင်သည်။ ထို မှင်သက်မှုသည်ကား ဘေးမှ ပျူငှါစွာ ကြိုဆိုသံကြားမှ နှုတ်ဆက်ရကောင်းမှန်း မှတ်မိတော့၏။
သို့သော် စိတ်နဲ့လူသည်ကား ကပ်လျက်ရှိမနေသေးပေ...
"မင်္ဂလာပါ..။ အချိန်မရတဲ့ကြားထဲက လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်.."
"ရပါတယ်.."
"Hi..Steve ပါ.."
"ဟုတ်ကဲ့..၊ မင်္ဂလာပါ..။ ပျော်စရာတစ်ခုခုများရှိလို့လား Mr.steve"
"ရှိတာပေါ့။ ကျွန်တော့် ပါတနာကြီး ပြန်လာပြီလေ.."
"အော်..ဒီလိုကိုး...။ ကျွန်တော်တို့ကတော့ ပြန်သွားလို့ နှမြောနေတာ.."
"Haha.. စိတ်မကောင်းပါဘူး။ ဒီကောင်လေးကအရှောင်အပုန်းတော်တယ်။ ကျွန်တော်တောင် မနည်းဖမ်းထားရတာ.."
"ဒီလိုလား...။ ဒါနဲ့ မိတ်ဆက်ပေးရဉီးမယ်။ ဒါက Fantastic Ent က ဒုဥက္ကဌ ကိုထွဋ်ပါ..။ အနုပညာလောကသား အချင်းချင်းဆိုတော့ အကူအညီ ရတာပေါ့..."
"မင်္ဂလာပါ ၊ ထပ်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ Windy ပါ.."
"ကျွန်တော်က Steve ပါ။ မြန်မာစကားကျွမ်းတဲ့ နိုင်ငံခြားသားလေးပေါ့.."
Steve စကားသံအဆုံး အနီးရှိလူများအားလုံးရယ်မောကြပေမယ့် မရယ်မောနိုင်ပဲ ဆွံ့အနေဆဲဖြစ်နေသည်ကား ကိုထွဋ်....
ဘေးမှ သတိပေးခါမှ...
"အော်.. မင်္ဂလာပါ။ ကိုထွဋ်လို့ခေါ်ပါတယ်..။ နောက်ပိုင်း အကူအညီလိုအပ်ရင် ဆက်သွယ်ခွင့်ရဖို့ မျှော်လင့်ပါတယ်..."
"ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သမျှ ကူညီနိုင်ဖို့မျှော်လင့်ပါတယ်.."
ထို့နောက် ပြခန်းထဲ ခဏမျှ လှည့်ပတ်ကြည့်ကြ၏။ ထိုလှည့်ပတ်ကြည့်နေစဉ် ထိုလူငယ်လေး၏ ပန်းချီများကို ကြည့်သည့်အကြည့်သည်ကား ပညာရှင်တစ်ယောက်ဟု ပြောစရာပင် မလိုပါချေ။
"ပန်းချီတွေက များသားပဲ။ ဒီအတောအတွင်း အတော်စုခဲ့ရမှာပဲ.."
"ဟုတ်တယ်။ တော်တော်ကို ပင်ပင်ပန်းပန်းစုခဲ့ရတာ။ ဘယ်တတ်နိုင်မလဲ ..၊ ဝါသနာကိုး.."
ထိုစကားသံကြောင့် ထိုလူငယ်လေးသည်ကား အားရကျေနပ်ဟန် ပြုံးချေ၏။
ထိုစဉ် အလောတကြီး ပြေးလာသံနှင့်အတူ...
"ခန့်... လေယာဉ်နောက်ကျတော့မယ်။ စထွက်သင့်နေပြီ...။
ဟင်... ကို ကိုထွဋ်.."
"မင်္ဂလာပါ အာကာ.."
"ဟုတ်.. ဟုတ်ကဲ့။ ဘယ်လိုလုပ်မလဲ..။ခန့် ကအခုသွားမှရတော့မှာ..."
"......"
ကျွန်တော် ခန့်ထံ အကြည့်တို့ပို့မိတော့ အပြုံးတစ်ခုနှင့်အတူ ဆိုလာသည်ကား...
"ကံမကုန်ခဲ့ရင် ပြန်ဆုံတွေ့ကြတာပေါ့။
အဲ့ဒီအခါ ကိုထွဋ် ကျွန်တော့်ကို သိလောက်ပြီလို့မျှော်လင့်ပါတယ်..."
"....."
"ကျွန်တော်တို့ကို ခွင့်ပြုပါဉီး။ အခွင့်အရေးကြုံရင် ကူညီခွင့် ရချင်ပါသေးတယ်.."
"ဘယ်လိုများပြောလိုက်တာလဲ..။ ဒီလိုသာဆို ကျွန်တော်တို့ဘက်က ဝမ်းပန်းတသာ လက်ခံချင်တာပေါ့ဗျာ..။ ခရီးလမ်း အဆင်ပြေပါစေ.."
"ကျေးဇူးပါ.."
ထို့နောက် နောက်ဆုံးအကြိမ် ခန့် ကျွန်တော့်ကို ပြုံးပြသွားခဲ့သည်။ ပြီးနောက် သွက်လက်သော ခြေလှမ်းတို့နှင့်အတူ အာကာ လာကြိုသည့် ကားပေါ်သို့ အေးအေးလူလူ တက်သွားလေ၏။
ကြောင်အ စွာကျန်ရစ်နေခဲ့သည်ကား ကျွန်တော်။ အဖြစ်အပျက်တွေအား လိုက်မမှီနိုင်ဖြစ်နေသည်မှာလည်း ကျွန်တော်။ ထို့ပြင် သတိဝင်လာခိုက် ဘေးတွင် မည်သူ့မှ မရှိတော့ပဲ ဗလာနတ္ထိနှယ် ခံစားနေခဲ့ရသည်မှာလည်း ကျွန်တော်သာ....
~~ကိုယ် သိလိုက်ရတဲ့ အမှားတစ်ခုက မင်းရဲ့ ဖုံးကွယ်ထားတဲ့ Side ကို ကိုယ် မြင်အောင်မကြည့်နိုင်ခဲ့တာပဲ...
ကိုယ်တုံးအနေခဲ့တာ..။ ကိုယ့်ရှေ့က မင်းကိုပဲ မင်းလို့ ယုံကြည်ခဲ့ပြီး ဘာမှမစုံစမ်းခဲ့မိဘူး..
တစ်ချက်ကလေးတောင် သိနိုင်ဖို့ မကြိုးစားမိခဲ့ဘူး..။ ကိုယ့် အသိတွေကမှားယွင်းနေခဲ့တာဆိုရင်....
ဒါဆိုရင်..ကိုယ့်စိတ်တွေလည်း တစ်နေရာရာမှာ မှားယွင်းနေနိုင်လား ခန့်....
မင်း ဒါကိုလည်း ပဟေဠိဖွက်ခဲ့တာပဲလား...~~
°°°°°°°°°°°°°°
#A/N
ပြီးတော့မယ်။ ဒီတိုင်းဆိုရင် သုံး၊ လေးပိုင်းလောက်ပဲ ကျန်မယ်ထင်တယ်။ အပိုင်းများသွားအောင် တစ်ပိုင်းကို နည်းနည်းစီနဲ့ တိုတိုလေးပဲ ရေးလိုက်ရမလား...😝😝
You are reading the story above: TeenFic.Net