Chapter 24
Background color
Font
Font size
Line height
(Unicode)
Air-Con ဆီမှ အေးစိမ့်သောလေသည် အခန်းတစ်ဝိုက် လွှမ်းခြုံပျံ့လွင့်နေသည်။ ဆောင်းရာသီရောက်နေပေမယ့် ဆောင်းမမြည်သောရာသီဥတုကြောင့် Air-Con ရဲ့အကူအညီမပါဘဲ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ ဟန်နွေးအတွက် ခက်ခဲသည်။
ဟန်နွေးဟာ ခါးတစ်ဝက်စာအရွယ်ရှိတဲ့ကျွန်းကုတင်ကြီးပေါ်မှ တံတောင်ခန့်မြင့်တဲ့မွေ့ယာထူထူပေါ်တွင် သိုးမွေးစောင်ကိုခြုံကာ အိပ်မောကျနေသည်။ ဖြူဝင်းသန့်ရှင်းနေတဲ့လိုက်ကာရှည်ကြီးများက တောက်ပြောင်နေသောမှန်ပြတင်းချပ်များကို လုံခြုံအောင်ကာကွယ်ပေးထားသောကြောင့် ပြင်ပမှနေအလင်းရောင်ဟာ အခန်းတွင်းသို့မဝင်။ အရာရာဟာ ပကတိဆိတ်ငြိမ်စွာဖြင့် ဖြစ်တည်နေသည်။ ဟန်နွေးရဲ့ အင့်ခနဲညီးတွားပြီး နိုးထမလာခင်အထိ...။
အိပ်ယာပေါ်ငုတ်တုပ်ထထိုင်ကာ တစ်ချက်လောက် သမ်းဝေနေသေးသည်။ ပြီးနောက် မျက်နှာပေါ်ကျနေတဲ့ဆံပင်ရှည်တွေကို နောက်သို့လှန်တင်ကာ အညောင်းအညာဆန့်သည်။ စောင်ဖယ်ပြီး ကုတင်ပေါ်မှ ဟန်နွေးဆင်းတော့ အိမ်စီးအဖြူရောင်ကွင်းထိုးဖိနပ်ကိုစီး၍ ဖုန်တစ်စက်မရှိဘဲ ဝင်းသန့်နေတဲ့ကိုရီးယားပါကေးပြားတွေပေါ် နင်းလျှောက်သွားသည်။
ဟန်နွေးရဲ့အခန်းမှာ ကိုယ်ပိုင်ဝရန်တာလေးရှိသည်။ တံခါးဖွင့်လိုက်တော့ အပင်တွေစုံစုံလင်လင်စိုက်ထားတဲ့ ဝရန်တာလေးကဆီးကြိုသည်။ တစ်ယောက်ထိုင်ခုံနဲ့ စားပွဲဝိုင်းပုလေးဟာလည်း ဝရန်တာထောင့်မှာ ပုံရုံ့စွာတည်ရှိသည်။ ဝရန်တာမှာနေရင်း ဟန်နွေး လေရှူလိုက်၏။
ဟန်နွေးနေတဲ့နေရာဟာ တစ်ချိန်က ဝင်ဒါမီယာလို့နာမည်ကြီးတဲ့ ရန်ကင်းမြို့က သံလွင်လမ်းပေါ်တွင်ဖြစ်သည်။ ထိုလမ်းဟာ ရန်ကုန်မြို့ပြရဲ့အထင်ကရသူဌေးတွေသာနေတဲ့နေရာဖြစ်ပြီး ကြီးကျယ်ခမ်းနားသည်။ အနိမ့်အမြင့်ရှိတဲ့သံလွင်လမ်းနဲ့ သူ့ရဲ့လမ်းချိုးတွေမှာတည်ဆောက်ထားတဲ့အိမ်တွေဟာ နန်းတော်တမျှထည်ဝါပြီး လူကုံထံသက်သက် နေထိုင်ကြတဲ့နေရာလည်းဖြစ်သည်။
ဒီနေရာဟာ တိတ်ဆိတ်သည်။ ငြိမ်သက်သည်။ လှပသည်။ ဂုဏ်ရှိသည်။ ဒီနေရာဟာ ဟန်နွေးမွေးဖွားကြီးပြင်းလာရာ၊ နေထိုင်ဖြတ်သန်းရာနေရာ။ ဟန်နွေးဟာ ဒီလိုနေရာရဲ့အရှင်သခင်မင်းသားလေးတစ်ပါးဖြစ်သည်။ လိုတိုင်းရပြီး တောင်းတိုင်းပြည့်သည်။ ဘဝမှာ ဖြစ်ချင်တာတွေအကုန်လုံး ဖြစ်ခွင့်ရသောလူသားတစ်ဦးအဖြစ် ထို့အပြင် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းသေချာမသိသောလူသားတစ်ဦးအဖြစ် မွေးဖွားလာရသည်။ ဟန်နွေးဟာ ကုသိုလ်ကံထူးသူဖြစ်ပြီး အဘက်ဘက်မှာပြည့်စုံသောလူတစ်ယောက်ဖြစ်သည်။
အိမ်သို့ပြန်ရောက်လာချိန်မှာ ဟန်နွေးဟာ အေးချမ်းနွေးထွေးနေခဲ့သည်။ အိမ်ဆိုတဲ့ဖြစ်တည်မှုက ဘာနဲ့မှမတူ တမူထူးခြားစွာ ဟန်နွေးကို အားအင်တွေပေးသည်။ အိမ်ပြန်ရောက်တာနဲ့ သက်သောင့်သက်သာရှိတဲ့ခံစားချက်ကိုရရှိသည်။ ဟန်နွေးဟာ တစ်စုံတစ်ယောက်အတွက် အိမ်လိုမျိုးဖြစ်တည်မှုကို ပေးစွမ်းချင်သည်။ လုံခြုံပျော်ရွှင်စေချင်သည်။ သို့ပေမယ့် ထိုတစ်စုံတစ်ယောက်က သူနဲ့ဝေးရာနေရာမှာ... ကမ္ဘာကြီးရဲ့မည့်သည့်အရပ်မှာမှန်းမသိတဲ့နေရာမှာ... ဘယ်ဆီကိုရော်ရမ်းလို့ ဘယ်ဆီကိုမျှော်မှန်းလို့နေရမှန်းမသိဖြစ်နေရသည်။
ဟန်နွေးဆီမှာ စိတ်ဖိစီးမှုတွေပြည့်နေသည်။ ဘယ်လောက်ပဲ လိုတရတဲ့ဘဝကိုပိုင်ဆိုင်ထားပါစေ... ပုထုဇဉ်လူသားတစ်ဦးဖြစ်တဲ့အတွက် အခက်အခဲဆိုတာကတော့ တစ်ခုမဟုတ်တစ်ခုရှိသည်။ ဟန်နွေးအတွက် အခက်အခဲက အချစ်ရေးပင်ဖြစ်လေ၏။
ထို့ကြောင့် ဒီလိုခံစားချက်တွေကို လျှော့ချဖို့ ဟန်နွေးလုပ်ရတော့မည်။ စိတ်နာကျင်မှုဆိုတာ ကြိုးရှည်ရှည်နဲ့လှန်ထားလို့မကောင်းတဲ့အရာဆိုတာ Therapist ဖြစ်တဲ့ဟန်နွေး အသိဆုံးပင်ဖြစ်သည်။ ဒါ့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ကုစားရတော့မည်သာဖြစ်သည်။
"ဘယ်သူမှန်းလည်းမသိ၊ ဘယ်ကမှန်းလည်းမသိ၊ ခေါင်ဆိုတဲ့နာမည်တစ်လုံးပဲသိပြီး ဒီဘဝမှာပြန်ဆုံမှာလားမသေချာတဲ့အခြေအနေနဲ့တောင် ၈နှစ်တိတိနေထိုင်လာခဲ့ပြီးပြီပဲ...နောက်ထပ်ဘယ်လောက်ကြာကြာ ကျွန်တော် အစ်ကို့ကိုစောင့်နိုင်ပါတယ်၊ နောက်ထပ်တစ်ကြိမ် အချစ်ဦးနဲ့ ပုခုံးစွန်းချင်းတိုက်မိနိုင်ဖို့ ကျွန်တော်မျှော်လင့်နေပါ့မယ်၊ ကျန်တာကတော့ ကံပဲပေါ့ဗျာ၊ ကျွန်တော်တို့ရေစက်မကုန်သေးဖို့ပဲ ဆုတောင်းရမှာပေါ့..."
ဆောင်းဆန်တဲ့လေနုအေးတချို့ ဟန်နွေးဆီတိုက်ခတ်လာသည်။ အေးမြသွားတဲ့ခံစားချက်နဲ့အတူ အသက်ကိုဝဝရှူလိုက်သည်။ အာရုံတွေကြည်လင်သည်အထိ အသက်ရှူလေ့ကျင့်ခန်းလုပ်လိုက်သည်။ ဝင်သက်ထွက်သက်တစ်ခုချင်းစီတိုင်းမှာ စိတ်ကို တစ်ထစ်ချင်း၊ တစ်ထစ်ချင်း လျှော့ချထားသည်။ အပင်တွေကိုကြည့်သည်။ ပန်းပင်လေးတွေကိုရေလောင်းသည်။ ကျေးငှက်သံတွေကို နားထောင်သည်။ ခြံထဲကရေပန်းဆီမှ ရေစက်ကျသံကို နားစွင့်သည်။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကို သဘာဝတရားကြီးရဲ့လက်ထဲမှာအပ်နှံထားသည်။ ကောင်းကင်ကိုကြည့်သည်။ တိမ်တွေကိုကြည့်သည်။ နေရောင်ခြည်ခံယူသည်။ ၄၅မိနစ်တိတိကြာပြီးနောက်မှာတော့ ဟန်နွေးဟာ အခန်းထဲပြန်ဝင်သွားသည်။ သူ့စိတ်ကတော့ ထိုက်သင့်သလောက် ပေါ့ပါးလန်းဆန်းသွားခဲ့ပါပြီ။
ဆက်ရန်မရှိသော သို့မဟုတ် ဆက်ရန်ရှိဖို့စောင့်ဆိုင်းသောကာလ... ဟန်နွေးဟာ နောက်ထပ်အပြောင်းအလဲတစ်ခုအတွက် စိတ်ကိုအဆင်သင့်ပြင်နေခဲ့ပါ၏။
🥀🥀
"ထင်တဲ့အတိုင်းပဲ"
မလေးရှားကနေ မပြန်နိုင်သေးသူ ချမ်းထက်ခေါင်။ TH Group CEO ဟာ မြန်မာနိုင်ငံပြန်သွားပြီဆိုတဲ့သတင်းကို သင်္ကာမကင်းဖြစ်နေသေးတာနဲ့ သူတည်းခိုရာဟိုတယ်တစ်ဝိုက်မှာ မသိမသာထောက်လှမ်းနေခဲ့တာ ၃ရက်လောက်ရှိလေပြီ။ ဒီနေ့မှာတော့ CEO ဟာ တည်းခိုနေတဲ့၂၂ထပ်ကအခန်းထဲမှာရှိနေတယ်ဆိုတာကို အဝေးကြည့်မှန်ပြောင်းနဲ့ စောင့်ကြည့်နေတဲ့ချမ်းထက်ခေါင်က မြင်သွားခဲ့သည်။
ပြင်ပကနေအထဲကို မှန်တွေအားဖောက်ထွင်းပြီးမမြင်ရအောင် ဟိုတယ်ဘက်က စနစ်တကျတပ်ဆင်ထားပေမယ့် ချမ်းထက်ခေါင်တို့ Interpol ဘက်မှာတော့ ဒါမျိုးတွေကိုမြင်နိုင်တဲ့အထူးထုတ်မှန်ပြောင်းတွေ ရှိနှင့်ပြီးသားဖြစ်သည်။ ၃ရက်တိတိ ထိုမှန်ပြောင်းနဲ့ပစ္စတိုတစ်လက်ကိုယူကာ ဟိုတယ်နဲ့ ၂ကီလိုမီတာအကွာမှာရှိတဲ့တိုက်ခန်းဟောင်းတစ်ခုရဲ့ခေါင်မိုးထပ်ကနေ ထောက်လှမ်းနေခဲ့သည်။ ဒီနေ့တော့ ဝိုင်ခွက်တစ်ခွက်ကိုလှုပ်ရမ်းကာသောက်နေတဲ့ CEO ကို ချမ်းထက်ခေါင်မြင်လိုက်ရသည်။
"မြန်မာပြန်ပြီလို့သတင်းလွှင့်ပြီး ဒီမှာဆက်ရှိနေသေးပုံထောက်ရင် သူတစ်ခုခုသိထားလောက်တယ်၊ သူ့နောက်ကိုတစ်ယောက်ယောက်လိုက်နေတယ်ဆိုတာ သူသိထားလောက်တယ်၊ ငါ့အပြင် ဘယ်သူရှိသေးတာလဲ...ဒါမှမဟုတ် ငါလိုက်နေတာကို သိသွားတာလား"
ချမ်းထက်ခေါင်က ဖြစ်နိုင်ချေတွေကိုတွေးသည်။ ချမ်းထက်ခေါင်က ကျွမ်းကျင်သူဖြစ်တာကြောင့် ပိရိသေသပ်စွာ နောက်ယောင်ခံနိုင်သည်။ သိသွားဖို့ဆိုတာ မဖြစ်နိုင်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်ဘူးလို့တော့ အပိုင်တွက်ထားလို့မရ။ TH Group ရဲ့ CEO က သာမန်မဟုတ်။ ဘယ်လောက်အထိလုပ်နိုင်လဲဆိုတာ ချမ်းထက်ခေါင်မျက်မြင်ပင်။ ဘာပဲဖြစ်ဖြစ် သတိထားရမယ့်အနေအထားတော့ရှိလာလေပြီ။
ဆက်ပြီးကြည့်နေသေးတာအရ ဖုန်းပြောနေတာမြင်ရသည်။ ဒေါသတကြီးအော်ဟစ်နေပုံရသည်။ ရုတ်တရက် ဝိုင်ခွက်ကိုရိုက်ခွဲလိုက်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် အနားကလူတစ်ယောက်ကို ခွပ်ခနဲပိတ်ထိုးလိုက်သည်။ ဒေါသတွေအပြည့်နဲ့ စိတ်ဆိုးလွယ်တဲ့ CEO က ဘာတွေဖြစ်နေတာလဲ။
ချမ်းထက်ခေါင် စိတ်လှုပ်ရှားလာသည်။ မှန်ပြောင်းနဲ့အာရုံစိုက်ပြီးဆက်ကြည့်နေဆဲမှာပင် အနောက်ကနေ ခြေသံသိပ်သိပ်ကို ကြားလိုက်ရသည်။ ခြေသံက တစ်လှမ်းချင်း၊ တစ်လှမ်းချင်းနဲ့ ချမ်းထက်ခေါင်အနား တိုးကပ်လာသည်။ လေထုက သိပ်သည်းစပြုလာပြီး မကြာခင် တစ်စုံတစ်ခုဖြစ်တော့မည့်နှယ် ခပ်သွေ့သွေ့လှုပ်ရှားနေသည်။
ချမ်းထက်ခေါင်က မျက်လုံးထောင့်ကနေကပ်ကြည့်ကာ သူ့ဂျာကင်အတွင်းဘက်ထဲကနေ ပစ္စတိုကို အသာလေးနှိုက်ယူသည်။ သူ့အနောက်ကခြေသံပိုင်ရှင်ဟာ ချက်ချင်းဆိုသလို သူ့ကိုရိုက်ဖို့ပြင်လိုက်ချိန် သူကလည်း လျင်မြန်သောအရှိန်ဖြင့် ရှောင်တိမ်းလိုက်နိုင်သည်။ တစ်ဖက်လူက ထိအောင်ရိုက်နိုင်မယ်လို့ ထင်ထားလို့လားမပြောတတ်။ ကပျာကယာနဲ့ ခြေတစ်လှမ်းနောက်ဆုတ်သွားပြီး ကိုင်လာတဲ့တုတ်လည်း ဘေးဘက်ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားသည်။
ပုံစံကတော့ တစ်ကိုယ်လုံးကိုဖုံးကွယ်ထားသည်။ မျက်လုံးပဲပေါ်တဲ့ခေါင်းစွပ်ဦးထုပ်ကိုဝတ်ထားပြီး လက်အိတ်အပြည့်ဖြင့်ဖြစ်သည်။
"မင်းဘယ်သူလဲ"
ချမ်းထက်ခေါင်က အင်္ဂလိပ်လိုမေးလိုက်သည်။ သို့သော် တစ်ဖက်က ဘာမှပြန်မဖြေဘဲ ချမ်းထက်ခေါင်ကို ပြေးထိုးသည်။ ချမ်းထက်ခေါင်က လွယ်လင့်တကူပင်ရှောင်လိုက်နိုင်သည်။ တစ်ဖက်က လက်လျှော့မယ့်ပုံမပေါ်ဘဲ ချမ်းထက်ခေါင်ကိုသာ အန္တရာယ်ပြုဖို့တာစူနေသည်။
"မင်းဘယ်သူလဲ...ဘယ်သူလွှတ်လိုက်တာလဲ"
ထိုအမေးတွေကိုမဖြေဘဲ ထိုးဖို့တာစိတ်စောနေတဲ့ထိုလူက ချမ်းထက်ခေါင်အတွက်တော့ တကယ့်ကိုပေါ့သေးလွန်းသည်။ ဒါ့ကြောင့် ပစ္စတိုကို ဂျာကင်ထဲပြန်ထည့်ကာ လက်ဗလာနဲ့သာတိုက်ခိုက်ဖို့ ရည်ရွယ်လိုက်သည်။ တစ်ဆက်တည်းတွေးမိတာက တိုက်ရည်ခိုက်ရည်မှာ ညံ့ဖျင်းတဲ့အဆင့်ရှိနေတဲ့လူကို သူ့ဆီဘယ်သူကလွှတ်လိုက်တာလဲ။
တစ်ဖက်လူက ထိုးမြဲသာဆက်ထိုးနေပေမယ့် လက်သီးချက်တွေဟာ လေထဲမှာတင်ရပ်တန့်ပြီးဆုံးသွားရသည်။ ချမ်းထက်ခေါင်လည်း ရှောင်ပဲရှောင်နေရတာစိတ်ပျက်လာတော့ သူ့ဆီဦးတည်လာတဲ့လက်ကိုဆောင့်ဆွဲလိုက်ကာ အားပြင်းသောလက်သီးချက်ဖြင့် မေးရိုးကိုဆောင့်ထိုးလိုက်သည်။ ထိုလူ့ပါးစပ်ထဲကနေ သွေးတွေဖွါခနဲကျလာပြီး ခန္ဓာကိုယ်ကလည်း ယိုင်တိယိုင်တိုင်ဖြစ်သွားသည်။ ထို့နောက် ချမ်းထက်ခေါင်က တစ်ချက်ဆောင့်ကန်လိုက်သည်။ ထိုလူဟာ ကြမ်းပြင်ပေါ်သို့လဲကျသွားချိန်မှာ ချမ်းထက်ခေါင်က ထိုလူ့ပေါ်တက်ခွ၍ လက်နှစ်ဖက်ကိုချုပ်ထားပြီး ဒူးခေါင်းနဲ့ လည်ပင်းကိုညှစ်မထားရုံတမယ် ဖိထားသည်။
"ဘယ်သူလွှတ်လိုက်တာလဲ...ဖြေစမ်း!"
ထိုလူက မောလည်းမော၊ နာလည်းနာတာကြောင့် ချက်ချင်းအဖြေမပေးနိုင်ဘဲ အသက်ကိုလုရှူနေသည်။ ချမ်းထက်ခေါင်က စိတ်မရှည်စွာနဲ့ တစ်ချက်ထိုးပစ်လိုက်သည်။ နှာခေါင်းကိုထိသွား၍ နှာခေါင်းဝကနေသွေးတွေစီးကျလာသည်။
"ဖြေစမ်း! ဘယ်သူခိုင်းတာလဲ! ဖြေစမ်း"
ချမ်းထက်ခေါင်က မတ်တပ်ထရပ်ရင်း ထိုလူ့ကိုပါ လည်ကုပ်ကနေဆောင့်ဆွဲထူပြီး ဆက်တိုက်မေးသည်။
"ဘယ်သူလဲ! ဖြေစမ်း မင်း!..."
ဒိုင်း!
ချမ်းထက်ခေါင်ရဲ့စကားမဆုံးလိုက်။ သူ့ရှေ့ကလူရဲ့နားထင်ထဲသို့ ကျည်ဆန်တစ်ခုဖောက်ဝင်သွားသည်။ ဖြေတော့မယောင်ယောင်ဖြစ်နေတဲ့ထိုလူ့ပါးစပ်က ဟောင်းလောင်းဖြစ်လျက် မျက်လုံးတွေပြူးကာ ခေါင်းစောင်းကျသွားသည်။ ခန္ဓာကိုယ်ကတော့ ချမ်းထက်ခေါင်တွဲထားတုန်းဖြစ်တာကြောင့် ပျော့ခွေသွားပေမယ့် လဲမကျသေး။
ချမ်းထက်ခေါင်က ဘေးဘီဝဲယာကိုကြည့်လိုက်သည်။ ပတ်ပတ်လည်မှာ တိုက်အမြင့်တွေရှိသည်။ ဝရန်တာတွေ၊ ပြတင်းပေါက်တွေအများကြီးရှိသည်။ မျက်လုံးတွေစူးစူးရှရှနဲ့ အကုန်လိုက်ကြည့်ပေမယ့် သံသယဖြစ်စရာအရိပ်အယောင်မတွေ့ခဲ့။ ချမ်းထက်ခေါင်က အံ့ဩစွာဖြင့် သေနေပြီဖြစ်တဲ့ထိုလူကို တစ်ချက်ပြန်ကြည့်လိုက်၏။
ကြည့်ရတာ စနိုက်ပါကိုသုံးသွားခဲ့ပုံရသည်။ အသံက မပြင်းထန်ဘဲ အိစက်ညက်ညောသည်။ ပတ်ဝန်းကျင်ကလူတွေကြားရင်တောင် သဲ့သဲ့လောက်သာဖြစ်လိမ့်မည်။ သို့ပေမယ့် သူအဖြေမရခင် လူတစ်ယောက်က ဘာအကြောင်းပြချက်နဲ့မှန်းမသိ အသတ်ခံလိုက်ရပြီ။
"Shit"
ချမ်းထက်ခေါင်က ထိုလူ့ကို ကြမ်းပြင်ပေါ်ကို ဒီတိုင်းပစ်ချလိုက်သည်။ သူအသုံးပြုလက်စမှန်ပြောင်းနဲ့ ပစ္စည်းကိရိယာတွေကို ခပ်မြန်မြန် သိမ်းဆည်းလိုက်သည်။ ပြီးနောက် သေနေပြီဖြစ်တဲ့ထိုလူ့ဆီကနေ သဲလွန်စရှာသည်။ ဖုန်းတို့၊ စာရွက်တို့ စသဖြင့် ဘာမှမတွေ့။ ဒါပေမယ့် ထိုလူ့အနားကနေ ထူးဆန်းတဲ့အနံ့တစ်ခုရသည်။ မွှေးရနံ့ဆိုပေမယ့် ရေမွှေးရနံ့မဟုတ်။ ဘာရနံ့လည်းဆိုတာ သူသေချာမသိပေမယ့် အနံ့ကိုတော့ စွဲနေအောင်မှတ်မိသွားသည်။ ဒါဟာလည်း တစ်ချိန်က လာဗင်ဒါရနံ့ကနေအစပြုဖူးတဲ့အတွေ့အကြုံပင်ဖြစ်လိမ့်မည်။
ထွက်မသွားခင် နောက်တစ်ခေါက် ဘေးဝန်းကျင်ကို လှမ်းကြည့်စစ်ဆေးလိုက်သေးသည်။ ပြီးမှ ခပ်သွက်သွက်ပင် တိုက်အောက်ကိုပြန်ဆင်းလာပြီး တည်းခိုရာအိမ်ဆီ လျင်မြန်စွာပင် ပြန်လာခဲ့လိုက်သည်။ လျှို့ဝှက်ချက်တစ်ခုက သူ့ကိုအန္တရာယ်ပေးဖို့လုပ်ခဲ့သည်။ အဲ့ဒီလျှို့ဝှက်ချက်ကိုလည်း သူစုံစမ်းရပေဦးမည်။
"ခင်ဗျားနဲ့ပတ်သက်မနေပါစေနဲ့...မဟုတ်ရင် ကျွန်တော့်လက်နဲ့ ခင်ဗျားကို အပြစ်ပေးမှာ"
TH Group ရဲ့ CEO ကို ချမ်းထက်ခေါင်တစ်ယောက်တည်းကြုံးဝါးပြောဆိုနေသည်။ ဒီအရှုပ်အထွေးတွေကြားထဲမှာ သူရော CEO ရော နောက်တစ်ကြိမ်ပတ်သက်ဖို့ ကံကြမ္မာတစ်ပတ်လည်လာဦးမည်လားတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ပေ။
🥀🥀
ကမ်းခြေမှတိုက်ခတ်လာတဲ့လေဟာ သဲနံ့သင်းပြီး နူးညံ့သည်။ ပင်လယ်ရဲ့အရှိန်ကြောင့် အေးမြနေပြီး စိုစွတ်တဲ့ရာသီဥတုရဲ့အတွင်းမှာမို့ လတ်ဆတ်နေသည်။ လေထုဟာ လှပစွာဖြစ်တည်နေပါ၏။ ထိုသို့ ပြည့်စုံတဲ့လေထုထဲမှာ လေညင်းပေါက်လေးတွေဟာ Dew ရဲ့အိပ်ခန်းအတွင်းသို့ ဝင်ရောက်လာပြီး အခန်းတစ်ခုလုံးကို လှုပ်ရှားအောင်ပြုလုပ်လိုက်သည်။
Dew... အိပ်ယာပေါ်မှာတစောင်းလှဲနေရင်း ဖုန်းထုတ်ကာ ဓာတ်ပုံအချို့ကိုကြည့်နေသည်။
"လွမ်းလိုက်တာ Chan ရယ်"
Dew ရဲ့ဖုန်းထဲမှာ ချမ်းထက်ခေါင်ရဲ့ဓာတ်ပုံတွေ လေး၊ ငါးပုံလောက်ရှိသည်။ စတိုင်ကျကျ Pose ပေးထားတဲ့ပုံတွေတော့မဟုတ်။ ဓာတ်ပုံရိုက်ရတာမကြိုက်တဲ့ချမ်းထက်ခေါင်က Dew နဲ့ပတ်သက်ခဲ့တဲ့၁နှစ်ကျော်အတွင်း ဘာပုံမှ အတူတွဲမရိုက်ခဲ့။
"မင်းနဲ့ငါက ဓာတ်ပုံတွဲရိုက်ရမယ့်ပတ်သက်မှုမျိုးမဟုတ်ဘူး" လို့ ထိုဆက်ဆံရေးရဲ့ပထမဆုံးနေ့ကတည်းက ပြတ်ပြတ်သားသားပြောပြီးသားဖြစ်တာကြောင့် ချစ်နေရတဲ့ Dew ဟာ ချမ်းထက်ခေါင်အိပ်ပျော်နေချိန်မှာ ဓာတ်ပုံလေးတွေခိုးရိုက်ထားခဲ့သည်။ ပုံတွေအားလုံးဟာ ချမ်းထက်ခေါင်ရဲ့အိပ်ပျော်နေတဲ့မျက်နှာမျှသာဖြစ်ပေမယ့် Dew အတွက်ကတော့ ပျော်ရွှင်စရာအမှတ်တရပင်ဖြစ်သည်။
တကယ်တော့ Dew ဟာ ရှောင်ပြေးခဲ့တာဖြစ်သည်။ ချမ်းထက်ခေါင်နဲ့ FWB ဆက်ဆံရေးရပ်ထားတာဟာ သူစိမ်းရန်သူဖြစ်သွားတာမဟုတ်ဘဲ သာမန်လုပ်ဖော်ကိုင်ဖက်အဆင့်သို့ ပြန်သွားလို့ရရုံဖြစ်သည်။ ဒါပေမယ့် ချစ်နေသူက Dew ဖြစ်တာကြောင့် မျက်နှာချင်းဆိုင်ဖို့အင်အားမရှိခဲ့။ ဒါ့ကြောင့် ဘယ်သူ့ကိုမှအသိမပေးဘဲ ထွက်စာတင်ပြီး မွေးရပ်မြေကိုပြန်လာခဲ့လိုက်သည်။
"Dew...Dew ရေ...သား Dew"
"ဟုတ်"
"အောက်ခဏဆင်းခဲ့ပါဦး"
Dew လည်း ဖုန်းကိုပစ်ချကာ အောက်ထပ်ကိုပြေးဆင်းသွားသည်။
"ဗျာ မေမေ"
"မူကထလုပ်စားမလို့၊ အပ်မှိုနဲ့ကြာစွယ်လည်းကင်ရအောင် စျေးလေးပြေးပေးပါဦး"
"ဪ ရတယ်လေမေမေ"
"အမလေး ငါ့သားလေးကလိမ္မာလိုက်တာ"
အမေက Dew ကို ချစ်ခင်စွာဖြင့် ပါးလေးနမ်းလိုက်သည်။ Dew က တကယ့်ကိုသားအလိမ္မာလေးပင်ဖြစ်သည်။ ငယ်ငယ်ကတည်းက လူကြီးတွေစကားကို အမြဲနားထောင်လေ့ရှိပြီး စာတော်တဲ့ကောင်လေးအဖြစ် ဆွေမျိုးအသိုင်းအဝိုင်းတွေကြားထဲမှာ နာမည်ရသည်။ အထက်တန်းပြီးတော့ ဆေးကျောင်းတက်နိုင်တဲ့သူက Dew တစ်ယောက်ပင်ရှိပြီး Interpol လိုနေရာမျိုးမှာ အလုပ်ဝင်နိုင်ခဲ့တာကလည်း Dew အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။ ဒါပေမယ့် ထိုအလုပ်ကိုပစ်ပြီး ဘန်ကောက်မြို့ကိုထားခဲ့ကာ ဆုံခလာကိုပြန်ရောက်လာရခြင်းအပေါ်ကိုတော့ အမေဖြစ်သူက ဘာမှမမေးမြန်းသေး။ Dew အနေနဲ့ ပြောပြဖို့အဆင်သင့်ဖြစ်မယ့်အချိန်ကိုသာ စောင့်ဆိုင်းနေဆဲဖြစ်သည်။
အခုလည်း အလုပ်မသွားရတဲ့ပိတ်ရက်လေးမှာ တစ်နေကုန်အခန်းအောင်းနေလို့ အပြင်ထွက်ဖြစ်အောင် အိမ်အကူကောင်မလေးကိုမခိုင်းဘဲ Dew ကိုပဲ စျေးသို့သွားခိုင်းခဲ့သည်။
"သား...အပ်မှိုနဲ့ကြာစွယ်ကင်ဖို့အရေးမကြီးသေးဘူး၊ သားအပြင်မှာ အေးအေးဆေးဆေး လေရှူခဲ့ဦး၊ ရော့ သားကြိုက်တာတွေဝယ်စားခဲ့"
အမေက Dew ကို မုန့်ဖိုးပေးပြီး ကလေးလိုမျိုး ကြိုက်တာဝယ်စားခိုင်းသည်။
"ဟာ မေမေကလည်း...သားမှာပိုက်ဆံရှိပါတယ်"
"သားမှာရှိတာသိပါတယ်၊ မေမေက သားကို မုန့်ဖိုးပေးတာ...သွား ကြိုက်တာစားခဲ့နော်"
Dew လည်း မငြင်းတော့ဘဲ မုန့်ဖိုးယူကာ အပြင်ထွက်လာခဲ့သည်။ ရပ်ကွက်ကတော့ တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ အရိပ်ရတဲ့အပင်ကြီးတွေအများအပြားရှိတာကြောင့် ကလေးအချို့ စက်ဘီးစီးလိုက်၊ ကစားလိုက်တော့ တစ်ခါတစ်ရံရှိတတ်သည်။
အိမ်နဲ့စျေးကသိပ်မဝေးတာကြောင့် Dew က လမ်းလျှောက်ပြီးပဲ လာခဲ့သည်။ အိပ်ယာပေါ်ကနေထလာတာဆိုတော့ ဆံပင်တွေအနည်းငယ်ပွယောင်းနေပြီး ဝတ်ထားတဲ့တီရှပ်အပွနဲ့ ဘောင်းဘီတိုကလည်း မဆိုသလောက်လေး ကြေနေသည်။ Dew က သူ့ရပ်သူ့မြေဖြစ်တာကြောင့် ဘာမှမပြင်ဆင်ဘဲ ပေါ့ပေါ့ပါးပါးပင် သွားလာနေသည်။
"ဝက်သားကင်ပဲ...မွှေးလိုက်တာ"
စျေးထဲဝင်ဝင်ချင်း တွန်းလှည်းသည်ရောင်းတဲ့ဝက်သားကင်ကို မျက်စိကျသွားသည်။ ဒါ့ကြောင့် သုံးချောင်းဝယ်ပြီး စျေးကိုဆက်ပတ်ကြည့်သည်။
"Bubble Tea ပဲ...သောက်ရမလား၊ ကယ်လိုရီတက်နေဦးမယ်...ဒါပေမယ့် သောက်ချင်စရာလေးပဲနော်...ထားလိုက်ပါတော့...သောက်လိုက်တော့မယ်"
တစ်ယောက်တည်းမငြင်းခုန်နိုင်တော့သောကြောင့် Bubble Tea တစ်ခွက်လည်းဝယ်လိုက်သေးသည်။ တစ်ချက်လောက်စုပ်သောက်ပြီးနောက် အေးမြသွားတဲ့ခံစားချက်နဲ့အတူ ရင်ဘတ်တစ်ခုလုံး လန်းဆန်းသွားရသည်။
"အာ! သရက်သီးကောက်ညှင်း"
ဘန်ကောက်မှာမစားဖြစ်ခဲ့တဲ့သရက်သီးကောက်ညှင်းဟာ Dew ကြိုက်တဲ့အစားအစာတစ်ခုဖြစ်သည်။ ဘန်ကောက်မှာနေတုန်းက Dew က ခန္ဓာကိုယ်ကို အလွန်ဂရု့စိုက်သည်။ Weight ကိုလည်း Limit ထားရှိပြီး အဲ့ထက်လျော့မသွား၊ ပိုမသွားစေရန် အစားအစာတွေကို စနစ်တကျစီမံပြီးစားသည်။ Dew က သူ့စိတ်ကြိုက်အစားအစာတွေကို ကန့်သတ်ထားရတာကလည်း ချမ်းထက်ခေါင်ရဲ့အမြင်မှာ သူ့ခန္ဓာကိုယ်ပုံပန်းလေး လှပနေစေရန်ဖြစ်သည်။ ချမ်းထက်ခေါင်စိတ်ပျက်သွားမှာကြောက်တာကြောင့် မစားခဲ့ရတာတွေကို အခုတော့ တန်းစီပြီးစားဖို့ပြင်နေပြီ။
"တစ်ပွဲပေးပါ"
သရက်သီးက မွှေးမြနေပြီး ချိုအီမယ့်ပုံပေါ်သည်။ ကောက်ညှင်းကတော့ အိအိလေးနဲ့စီးစီးလေးဖြစ်ပုံပေါက်ပြီး အုန်းရည်စမ်းလိုက်တဲ့အချိန် Dew အရည်ပျော်ရသည်။
"နှစ်ပွဲပေးနော်"
Dew က လက်လေးနှစ်ချောင်းထောင်ပြီး ပြုံးစစလုပ်တာ နောက်တစ်ပွဲထပ်မှာသည်။ စားချင်တာတွေကိုစားရတော့ Dew ဟာ ကလေးသဖွယ် ပျော်ရွှင်နေပါ၏။
အမေမှာတဲ့အပ်မှိုနဲ့ကြာစွယ်ကို စျေးထဲမှာရှာဝယ်နေရင်း ဝက်သားကင်စားလိုက်၊ Bubble Tea သောက်လိုက်နဲ့ ဟန်ကျနေသည်။ သရက်သီးကောက်ညှင်းကိုတော့ ကမ်းနားမှာလေညှင်းခံရင်းစားဖို့စိတ်ကူးထားသည်။
အပြန်မှာတော့ Dew ရဲ့လက်ထဲမှာ အထုပ်တွေများနေသည်။ စားစရာတွေရော၊ အမေမှာတာတွေရော လက်နှစ်ဖက်အပြည့်ဖြစ်နေသည်။ လမ်းလျှောက်ရင်းနဲ့လည်း မုန့်စားရသေးတာကြောင့် Dew ဟာ တစ်ယောက်တည်း အထုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေရှာသည်။ ထိုစဉ် Dew က တစ်ခုခုကိုသတိရသွားဟန်နဲ့ အပ်မှိုထည့်ထားတဲ့အိတ်ကိုဖွင့်ကြည့်လိုက်သည်။
"မေမေမှာတာ အကြီးသုံးထုပ်...မေ့ပြီး အသေးသုံးထုပ်ဝယ်လာမိတာပဲ...သွားပြန်ဝယ်ရတော့မယ်၊ စျေးနဲ့လည်း ဝေးလာပြီဟာကို ပြန်လျှောက်ရတော့မယ်"
Dew က သူ့အာရုံနဲ့သူ တစ်ယောက်တည်းအတွေးတွေနဲ့ ရေရွတ်နေသည်။ သူလျှောက်လာရာလမ်းမှာ 'တီတီတီ' ဆိုတဲ့ဟွန်းတီးသံညံနေသည်။ Dew က လမ်းဘေးမှာမဟုတ်ဘဲ လမ်းမအလယ်မှာရောက်နေပြီး အာရုံမမိလို့ ကိုယ့်ကိုကိုယ်ဘယ်ရောက်နေမှန်းမသိသလို ဟွန်းတီးသံလည်း သူမကြား။ အပ်မှိုအိတ်ကိုသာ သေချာကြည့်နေချိန် ရုတ်တရက်...။
ရုတ်တရက် သူ့လက်မောင်းဟာ အားပြင်းပြင်းတစ်ခုရဲ့ ဆောင့်ဆွဲခြင်းကိုခံလိုက်ရသည်။ ထိုအခါမှ သတိဝင်သလို Dew ဟာ မျက်လုံးပြူးလျက် ထိုပြင်းအားနောက်ကိုပါသွားသည်။
"သေချင်လို့လား!"
"Sorry"
ကားသမားရဲ့အော်ငေါက်သံနဲ့အတူ Dew မဟုတ်တဲ့ အခြားလူတစ်ယောက်ရဲ့တောင်းပန်သံဟာ ရှေ့ဆင့်နောက်ဆင့်ပေါ်ထွက်လာသည်။
Dew က မျက်လုံးပြူးထားဆဲ။ ဆိုလိုတာက အခုထိ အဖြစ်အပျက်တွေအပေါ်မှာ ကြောင်နေဆဲဖြစ်သည်။
"Khun...အသက်အပိုပါသလား"
စိုးရိမ်တာနဲ့စိတ်ဆိုးတာနဲ့ရောယှက်တဲ့အသံကို Dew သေချာကြားလိုက်ရသည်။ လူတစ်ယောက်ပဲ။ Dew ကိုကယ်လိုက်တဲ့လူလို့ပြောရင် ပိုမှန်လိမ့်မည်။
ထိုလူက Dew ကိုဖက်ထားဆဲ။ လက်တစ်ဖက်က Dew လက်မောင်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က Dew ရဲ့ခါးတစ်ဝိုက်ကိုပွေ့ထားသည်။ Dew ကတော့ လက်နှစ်ဖက်က လေပေါ်မြှောက်နေပြီး အထုပ်တွေက တွဲလောင်းကျလျက်ရှိသည်။
"လမ်းသွားရင်ဂရု့စိုက်မှပေါ့...ကျွန်တော်သာမရှိရင် ဘယ်လိုလုပ်မလဲ"
လေယူလေသိမ်းကိုဖမ်းကြည့်ရသလောက် ပိုင်စိုးပိုင်နင်းနည်းနည်းဆန်သည်။ Dew က အသိစိတ်အပြည့်အဝကပ်ပြီး သူ့ကိုကယ်တဲ့လူကိုကြည့်မိတော့ တစ်နေနေရာမှာ မြင်ဖူးနေသလိုရှိသည်။ မျက်နှာကိုသေချာမမြင်ရအောင်လုပ်ထားပေမယ့် ပြင်ဆင်လာပုံတူညီတာကြောင့် Dew သိသလိုလိုရှိသည်။
"Khun...ကျွန်တော်ပြောတာကြားရဲ့လား"
Dew က ကြားသလိုလို၊ မကြားသလိုလိုနဲ့ မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူ့ရှေ့က Mask လည်းတပ်ထားပြီး မျက်မှန်ပါတပ်ထားတဲ့လူကိုသာ သေချာစိုက်ကြည့်လျက်ရှိနေသည်။
"အာ...ဟို...ဘုန်းကြီးကျောင်းမှာတွေ့တဲ့တစ်ယောက်မလား"
"....."
"ဟုတ်လား...ကြာပန်းခိုင်ပြုတ်ကျတဲ့တစ်ယောက်လား..."
တစ်ဖက်ကဘာမှပြန်မဖြေသေး။ Dew လည်း ဒီတိုင်းသာ ရပ်နေခဲ့သည်။ အထုပ်တွေအပြည့်ကိုင်ထားတဲ့လက်နှစ်ဖက်က လေပေါ်မှာမြှောက်ထားဆဲ။ သူ့လက်မောင်းနဲ့သူ့ခါးမှာလည်း လူတစ်ယောက်ရဲ့လက်တွေရှိနေဆဲ။
လေပြည်တွေဟာ ကမ်းခြေကနေ ဆော်သွေးတိုက်ခတ်လာပြန်သည်။ အုန်းပင်တွေဆီက အရွက်တွေရဲ့ အချင်းချင်းပွတ်တိုက်မှုအသံတွေထွက်နေသည်။ ထိုအရာတွေမှတစ်ပါး Dew နဲ့ ထိုလူဟာ ငြိမ်သက်တိတ်ဆိတ်နေဆဲ...။
🥀🥀
အပြုံးပန်း
[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]
#################################################
(Zawgyi)
You are reading the story above: TeenFic.Net