Chapter 23
Background color
Font
Font size
Line height
(Unicode)
Playlist - ချန်ခဲ့ (Raymond)
[သီချင်းတင်ပေးထားပါတယ်။ နားထောင်ရင်း ဖတ်နိုင်ပါတယ်]
Interpol Thailand အရှေ့မှာ ဟန်နွေးတစ်ယောက်တည်း ရစ်သီရစ်သီလုပ်နေသည်။ မနက်ဖြန်ဆို မြန်မာကိုပြန်ရတော့မည်။ မပြန်ခင် ချမ်းထက်ခေါင်ကို တွေ့သွားချင်သေးတာကြောင့် မြင်လိုမြင်ငြား တိတ်တဆိတ်လာရစ်သီနေသည်။
တကယ်က အလုပ်အထိတော့ လိုက်လာဖို့စိတ်ကူးမရှိခဲ့။ သို့ပေမယ့် ချမ်းထက်ခေါင်နေတဲ့တိုက်ခန်းကိုသွားကြည့်တော့ ညတိုင်းမီးပိတ်ထားတာ ၃ရက်ရှိပြီဖြစ်ပြီး တိုက်ခန်းကလူတွေကိုမေးကြည့်တော့ ချမ်းထက်ခေါင်မရှိဟုပြောသည်။ ဘယ်သွားလဲဆိုတဲ့မေးခွန်းအတွက် ဘယ်သူ့မှာမှအဖြေမရှိတော့ Interpol နားအထိကို ဟန်နွေးရောက်လာခဲ့ရလေပြီ။
"ဝင်သွားလို့လည်းမရဘူး"
Interpol ဆိုတာ လူတိုင်းဝင်ထွက်ခွင့်ရှိတာမဟုတ်။ တစ်ချိန်က ဟန်နွေးက ယာယီဝန်ထမ်းဖြစ်ခဲ့လို့သာ အချိန်မရွေးဝင်ထွက်လို့ရခဲ့ပေမယ့် အခုက ထိုသို့မဟုတ်တော့။ ဒါ့ကြောင့် အနီးဝန်းကျင်တစ်ဝိုက်မှာသာ ယောင်ပေပေဖြစ်နေရသည်။
ထိုစဉ် ကံကောင်းစွာဖြင့် ချမ်းထက်ခေါင်ရဲ့အဖွဲ့သားတစ်ယောက် တစ်ဖက်လမ်းကြောကနေ ဆိုင်ကယ်စီးလာတာကိုမြင်လိုက်ရသည်။ ဟန်နွေးက ဝမ်းသာအားရဖြင့် လက်တားတော့ သူလည်း ရပ်ပေးရှာသည်။
"ဆရာဟန်နွေး...ဘာများဖြစ်လို့လဲ"
ထိုသူ့ဘက်က အလောတကြီးမေးတဲ့အပေါ် ဟန်နွေးအနေနဲ့ အားတုံ့အားနာဖြစ်မိသွားသည်။
"ဟိုဟာလေ မေးချင်တာလေးရှိလို့ပါ"
"ဟုတ်ကဲ့ မေးပါ"
"ဟို Khun Chan လေ အလုပ်လာလား"
"ဘာဖြစ်လို့မေးတာလဲဗျ...တစ်ခုခုဖြစ်လို့လား"
"မဟုတ်ပါဘူး၊ ကျွန်တော် သူ့အိမ်ကိုသွားတာလဲမရှိလို့၊ အလုပ်ရောလာလားသိချင်လို့ပါ"
"ဪ...ခေါင်းဆောင်မရှိဘူးဗျ၊ အလုပ်ကိစ္စနဲ့ Oversea သွားတယ်"
"Oversea...ဘယ်ကိုလဲ"
"အာ...အားတော့နာတယ်ဗျာ၊ ဒါက အလုပ်ကိစ္စမို့လို့ ပြောလို့မရလို့ပါ"
"ရပါတယ် ရပါတယ်...ဟို ဘယ်တော့လောက်ပြန်လာမလဲရော ပြောပြလို့ရမလား"
"အဲ့တာတော့ ကျွန်တော်လည်းမသိဘူး၊ ကြာတော့ကြာနိုင်တယ်...နှစ်နဲ့ချီ..."
"နှစ်နဲ့ချီ!"
ဟန်နွေးအော်လိုက်တဲ့အပေါ် ထိုသူက မျက်ခုံးပင့်ကာ အံ့ဩတဲ့ပုံစံဖြစ်သွားသည်။ ထိုအခါမှ ဟန်နွေးလည်း နှုတ်ခမ်းသပ်လိုက်ပြီး...
"ကျေးဇူးပါ"
ဟုပြောကာ အရင်ထွက်လာခဲ့သည်။ အနောက်မှာ ထိုသူ ဘယ်လိုအနေအထားနဲ့ကျန်ခဲ့မလဲဆိုတာ ဟန်နွေးမသိချင်။ သိချင်တာက ချမ်းထက်ခေါင် ဘယ်ပျောက်သွားတာလဲ...။ ဘယ်ကိုထွက်သွားတာလဲ...။ သူနဲ့ဘယ်လောက်ထိဝေးလဲ...။ နှလုံးသားချင်းနီးဖို့တောင် အခွင့်အရေးတွေဆုံးရှူံးပြီးရင်း ဆုံးရှူံးနေရတာ အခု လူချင်းပါဝေးတော့ ဟန်နွေးရဲ့စိတ်တွေ ယိုင်လဲချင်သွားပြန်သည်။
လွန်ခဲ့တဲ့၈နှစ်ကလိုမျိုး သူ့ကို ပြုစားချင်တိုင်း ပြုစားပြီး ရုတ်တရက်ပျောက်ကွယ်သွားပြန်သည်... သူ့အနားကနေ...။
ဒီလိုပုံစံနဲ့ဆို ဟန်နွေးတစ်ယောက် Healing အောင်ပါဦးမလား...။
🥀🥀
ဟန်နွေး ဗီရိုကိုဖွင့်လိုက်သည်။ အထဲမှာတော့ ချိတ်နဲ့ချိတ်ကာ ပလက်စတစ်အိတ်အကြည်ဖြင့်စွပ်ထားတဲ့အင်္ကျီနဲ့ဘောင်းဘီရှိသည်။ ထိုဝတ်စုံကို ဟန်နွေးထုတ်ယူလိုက်သည်။
တစ်ခါတုန်းက ရေချိုးပြီးရင်ဝတ်ဖို့ဆိုပြီး ချမ်းထက်ခေါင်ချန်ခဲ့ပေးတဲ့ဝတ်စုံ။ ဟန်နွေးက အမှတ်တရအနေနဲ့ ပင်မင်းမှာသေချာအပ်ပြီး ဗီရိုထဲမှာသေချာသိမ်းထားသည်။ ချမ်းထက်ခေါင်ဘက်ကလည်း ပြန်မတောင်းခဲ့သလို သူကလည်း ပြန်မပေးခဲ့။ အခု မြန်မာပြန်တဲ့အခါ အမှတ်တရယူသွားဖို့ ဗီရိုထဲကနေထုတ်ခြင်းဖြစ်သည်။
"အစ်ကိုနဲ့ပတ်သက်တာဆိုလို့ ဒါပဲရှိတာ...အစ်ကိုနဲ့ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်ဆိုတဲ့အထောက်အထားဆိုလို့ ဒါပဲရှိတာ"
ဟန်နွေးက တိုးဖွဖွလေးရေရွတ်သည်။ Social Media မှာလည်း Friend မဖြစ်၊ ဖုန်းနံပါတ်လည်း အပြန်အလှန်လဲမထား... တစ်ယောက်ပျောက်သွားရင် ကျန်တစ်ယောက်က လိုက်ရှာဖို့ လွယ်ကူစေတဲ့အချက်အလက်ရယ်လို့ ဘာမှမရှိ။ တစ်ယောက်ကပြန်မလာမချင်း ကျန်တစ်ယောက်က ငုပ်တုပ်ထိုင်စောင့်နေရုံမှတစ်ပါး အခြားမရှိ။
"ကျွန်တော်တို့ရေစက်က ဒီလောက်နဲ့ကုန်သွားပြီလားဗျာ...လွမ်းလိုက်တာ...ကျစ် ရူးတော့မှာပဲ"
သက်ပြင်းတွေအကြိမ်ကြိမ်ရှိူက်ပြီး နှုတ်ခမ်းကိုပါဖိကိုက်နေတဲ့ဟန်နွေး။
One Night Stand လို့ ပြောခဲ့တာတောင် ဗွေမယူခဲ့တဲ့ဟန်နွေး။ ရင့်သီးစွာပြောဆိုနှင်ထုတ်တာကိုခံခဲ့ရတာတောင် စိတ်မဆိုးခဲ့တဲ့ဟန်နွေး။ မုန်းတယ်လို့ အလီလီဖြေပေးခဲ့တာတောင် အပြုံးမပျက်ခဲ့တဲ့ဟန်နွေး။
လူတွေဟာ ချစ်မိရင် ဘယ်နည်းဘယ်ပုံနဲ့ ရူးတတ်ကြသလဲ...။ ဟန်နွေးကတော့ ချမ်းထက်ခေါင်ကို နှလုံးသားထဲမှာထည့်ပိုက်ပြီး ဒီလိုပဲ အိုမင်းသွားတော့မယ့်ပုံ...။
အတန်ကြာအောင် ဟန်နွေးအတွေးတွေဆက်နေသည်။ ချမ်းထက်ခေါင်သာလျှင် သူ့ဦးနှောက်ထဲမှာ အပြည့်အဝစိုးမိုးထားသည်။ လွမ်းတာတွေ၊ ဆွေးတာတွေ ပြီးတော့ ချစ်တာတွေပါ ဆက်တိုက်ဆက်တိုက်နဲ့ မပျက်မကွက်ဖြစ်ပျက်နေတဲ့ခံစားချက်တွေနောက် ဟန်နွေးလည်း စိတ်လိုလက်ရလိုက်မိသည်။
ညနေ၄နာရီထိုးနေပြီ။ မကြာခင် ပြည့်ရည်ဖူးက အခန်းတံခါးကို အတွင်တွင်လာခေါက်တော့မည်။ ဒီနေ့က နိုဝင်ဘာ ၁ရက်နေ့။ ညနေ၆နာရီမှာ လေယာဉ်စီးကာ မြန်မာကိုပြန်ရတော့မည်။ ဟန်နွေးအဆင်သင့်မဖြစ်သေး။
"တစ်ခေါက်လောက်ဖြစ်ဖြစ်တွေ့သွားချင်တာကိုကွာ!"
ဟန်နွေးလည်း ချမ်းထက်ခေါင်ရဲ့ဝတ်စုံကိုလက်နဲ့ပိုက်ကာ အင်္ကျီကြားထည့်ခေါင်းထည့်ပြီး အသားကုန်အော်နေမိသည်။
အသက်အရွယ်အရ ရင့်ကျက်နေပုံပေါက်ပေမယ့် အချစ်နဲ့ပတ်သက်လာရင်တော့ ဟန်နွေးက ငိုဆိုငို၊ ရယ်ဆိုရယ်... အချစ်ကစေခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာမယ့်ကလေး။
🥀🥀
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရဲ့ ဆိပ်ကမ်းတစ်နေရာတွင်ဖြစ်သည်။
ချမ်းထက်ခေါင်က All Black နဲ့ ဝတ်စုံပြည့်ဖြစ်ပြီး ဦးထုတ်ဆောင်းကာ မျက်မှန်နဲ့ Mask ကိုလည်းတပ်ထားသည်။ ဒီနေ့ညမှာ TH Group ရဲ့ CEO ကိုယ်တိုင် သံတွေလာစစ်မယ့်ကိစ္စအတွက် ချမ်းထက်ခေါင် စုံစမ်းဖို့ရောက်နေခြင်းဖြစ်သည်။
TH Group ရဲ့ CEO... ဓာတ်ပုံထဲကနေ အကြိမ်ကြိမ်ကျက်မိတဲ့မျက်နှာ။ အပြင်မှာတစ်ခါမှမမြင်ဖူးတာကြောင့် စိတ်လှုပ်ရှားသည်။ တကယ်က ဒီလိုကိုယ်တိုင်လာမစုံစမ်းလည်းဖြစ်သည်။ ကိုယ်တိုင်က CEO မျက်နှာကြည့်ဖို့ မဝံ့မရဲဖြစ်နေသေးတာကြောင့် မလာဘဲနေလို့ရသည်။ ဒါပေမယ့် ချမ်းထက်ခေါင်က တစ်စုံတစ်ရာကိုရှောင်ဖယ်ချင်သည်။ မတော်မဆ မျက်နှာချင်းဆိုင်တိုးမိမှာကိုကြောက်သည်။ ဒါ့ကြောင့် ဘယ်လိုနည်းနဲ့မဆို ထွက်ပြေးချင်ခဲ့သည်။ နည်းလမ်းက ဒီအမှုစုံစမ်းရေးသာဖြစ်ပြီး ဒါကိုပဲအသုံးချခဲ့လိုက်သည်။ ချမ်းထက်ခေါင် အရမ်းကိုအလုပ်များနေချင်သည်။ အလုပ်များနေရရင် သတိမရချင်တာကို သတိမရနိုင်မည်ဖြစ်သောကြောင့်တည်း...။
ထိုစဉ် ကားသံကြားလိုက်ရသည်။ ဆိပ်ကမ်းရဲ့ကွန်တိန်နာတွေကြားထဲမှာ ပုန်းကွယ်နေတဲ့ချမ်းထက်ခေါင်က လှစ်ခနဲ လှစ်ခနဲ မြန်ဆန်စွာပင် ထိုကားနဲ့နီးတဲ့နေရာအထိ လိုက်သွားနိုင်သည်။ နောက်ယောင်ခံလိုက်တာ၊ ပုန်းလျှိုးသတင်းယူတာတွေမှာ ချမ်းထက်ခေါင်က ဆရာကျကာ ကျွမ်းကျင်သည်။
ကမ်းနားရောက်တော့ ကားတွေရပ်သွားသည်။ အင်မတန်ကို လုံခြုံရေးပြည့်ပြည့်ဝဝဖြင့် CEO ရဲ့လမ်းကြောင်းကိုကာကွယ်ပေးထားသည်။ ချမ်းထက်ခေါင်က မျက်ခြည်မပျက်ကြည့်နေဆဲ။
CEO ကားပေါ်ကဆင်းလာသည်။ ခံ့ညားလိုက်တာမှ ဓာတ်ပုံထဲကထက် အများကြီးသာသည်။ မီးခိုးရောင်ရှပ်ကိုမှ အနက်ရောင်စတိုင်ဘောင်းဘီနဲ့အတူ Leather ဂျာကင်ရှည်ကိုဝတ်ဆင်ထားတဲ့လူ။ ဆံပင်တွေက ငွေရောင်ဘက်သို့အနည်းငယ်သန်းနေပြီး အနောက်သို့ လှန်တင်ထားသည်။ မျက်နှာကတော့ မာထန်နေပြီး ဒါကလည်း သူ့ရဲ့မူလပုံသဏ္ဌာန်ဆိုတာကို ချမ်းထက်ခေါင်သိသည်။ ကားပေါ်ကနေ သူဆင်းလာတာနဲ့ အတွင်းရေးမှူးနဲ့ Bodyguard များစွာက သူ့အနားမှာ ခြံရံထားပေးရသည်။ သူလျှောက်လှမ်းလိုက်တဲ့ခြေတစ်လှမ်းတိုင်းက စီးထားတဲ့ဖိနပ်ကြောင့် သန်းတစ်ရာလောက်တန်နေချိန် သူ့အနားကလူတွေကတော့ သူ့အရိပ်ကိုတောင်မနင်းမိအောင် သတိထားပြီးနေနေရတဲ့အချိန်ဖြစ်သည်။
CEO ကို ချမ်းထက်ခေါင်ငေးကြည့်နေခဲ့သည်။ တွန့်ချိုးထားတဲ့ CEO ရဲ့မျက်ခုံးတွေက ချမ်းထက်ခေါင်အတွက် မှန်တစ်ချပ်လိုဖြစ်နေပြီး သူ့ရဲ့မူပိုင်လို့သတ်မှတ်ထားခဲ့တဲ့အရာဟာ တကယ်တော့ လက်ဆင့်ကမ်းလာခြင်းဖြစ်နေသည်။ ချမ်းထက်ခေါင်ရဲ့မျက်ဝန်းတွေဟာ ထို CEO ကို တစ်စိုက်မတ်မတ်ငေးကြည့်နေခဲ့သည်။ ထူးဆန်းစွာ မျက်ရည်ဝဲလာခြင်းအပေါ် နာကြည်းစွာနဲ့ တစ်ဖက်သို့လှည့်ပစ်လိုက်သည်။ အလုပ်အတွက်ရောက်နေတာ အလုပ်ကိုပဲအာရုံစိုက်ထားချင်သည်။
"သံတန်ချိန် ၃၀၀အတွက် ဈေးညှိဖို့ မင်းတို့သူဌေးနဲ့ တိုက်ရိုက်တွေ့ချင်တယ်"
အတွင်းရေးမှူးရဲ့အသံ။
"ရတယ်...ငါတို့နဲ့ပဲကိစ္စဖြတ်လိုက်ရင်ပြီးပြီ"
တစ်ဖက်ကငြင်းသံ။
"မင်းတို့သူဌေးနဲ့တိုက်ရိုက်တွေ့ချင်တယ်...စီစဉ်လိုက်"
"ဟေး...ဒီမှာ ဒီနေရာမှာ ငါတို့ပြီးရင်ပြီးတယ်၊ မဝယ်ချင်ရင် ပြန်"
CEO က ခနဲ့စွာ တစ်ချက်ရယ်သည်။ အတွင်းရေးမှူးက ရှေ့ထွက်ပြီး တစ်ဖက်ကလူတွေနဲ့ အချေအတင်ဖြစ်နေသည်။ ထိုမြင်ကွင်းတွေအားလုံးကို ချမ်းထက်ခေါင်က မလှမ်းမကမ်းကနေ ဆက်လက်စောင့်ကြည့်နေသည်။
ညှိနှိုင်းလို့မရတော့ CEO က စိတ်မရှည်ဟန်နဲ့ လက်ဝါးဖြန့်ကာ အနောက်ကလူဆီကနေ တစ်ခုခုကိုတောင်းလိုက်သည်။ ချက်ချင်းပင် ထိုလက်ဖဝါးပေါ် အသံတိတ်ပစ္စတိုတစ်လက်ရောက်လာသည်။ CEO က လက်ကိုဆန့်ထုတ်ပြီး ပစ်ရန်အသင့်ပြင်လိုက်တော့မှ တစ်ဖက်ကလူတွေ ရှိုးတိုးရှန့်တန့်နဲ့ လန့်သွားသည်။
"ရွေးချယ်စရာနှစ်ခုရှိတယ်...အသေခံမလား မင်းတို့သူဌေးကိုခေါ်ပေးမလား"
တစ်ဖက်ကလူတွေ တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ပြီး အကြပ်ရိုက်လျက်ရှိသည်။ တကယ်ဆို ဒီလူတွေက တဆင့်ခံကိုယ်စားလှယ်တွေဖြစ်ပြီး သူဌေးရောင်းခိုင်းတဲ့ဈေးထက် ပိုရောင်းကာ မြတ်သမျှကို ဖြတ်ယူနေကြသူတွေဖြစ်သည်။ ဒါတွေကို သူဌေးဘက်က လုံးဝမသိလောက်အောင် သူတို့တွေပိရိခဲ့ကြပြီး မလေးရှားနိုင်ငံထဲကရော အခြားနိုင်ငံက Construction Customer တွေကပါ မရိပ်မိခဲ့ကြပေ။ သို့သော်လည်း TH Group ဘက်က သူတို့ရဲ့ခြေလှမ်းတွေကို သိနေခဲ့သည်။
CEO ဘက်ကပေးတဲ့ကမ်းလှမ်းချက်အတွက် အဖြေမပေးနိုင်ခင်လေးမှာ သူတို့ထဲကတစ်ယောက်က ဝူးဝူးဝါးဝါးနဲ့ ရန်လုပ်သည်။
"မင်းကဘာကောင်မို့လို့လဲ...ငါတို့တွေကိုအချဉ်ထင်နေလား၊ ဒါမျိုးလုပ်စားနေတာကြာပြီ၊ ဘယ်သူ့မှမကြောက်ဘူး..."
စကားလည်းအဆုံး CEO က သူ့လက်ထဲက အသံတိတ်သေနတ်နဲ့ ထိုလူ့ရဲ့နဖူးတည့်တည့်ကိုပစ်လိုက်သည်။ ထိုလူ ပက်လက်လန်ကျသွားတော့ တစ်ဖက်ကအားလုံးထပ်လန့်သွားကြသည်။
"ဘယ်သူသေချင်သေးလဲ"
ဩဇာရှိတဲ့အသံဟာ တိတ်ဆိတ်သွားတဲ့ဆိပ်ကမ်းဝန်းကျင်မှာ ပြတ်သားစူးရှစွာပေါ်ထွက်လာသည်။ အားလုံးငြိမ်နေကြသည်။ ချမ်းထက်ခေါင်အတွက်က ဒါမျိုးမဆန်းလို့ မလန့်ပေမယ့် ပစ်လိုက်တဲ့လူရဲ့ သူ့အတွက်ဖြစ်တည်နေတဲ့အနေအထားကြောင့် တုန်လှုပ်ရသည်။
"သူဌေးနဲ့တွေ့ဖို့ခေါ်သွားပေးပါ့မယ်"
အားလုံးကိုယ်စီ ကားပေါ်ပြန်တက်သွားကြသည်။ အလောင်းရှင်းပစ်ဖို့အတွက် လူနှစ်ယောက်သာကျန်ရစ်ခဲ့သည်။ ချမ်းထက်ခေါင်လည်း သူယူထားတဲ့ Record ကို ပိတ်လိုက်သည်။ ထို့နောက် ကားတန်းရှည်ကြီးကို လှမ်းမျှော်ကြည့်နေမိ၏။
"ခင်ဗျားအတွက် ကျွန်တော်တို့ဘဝတွေက ဘယ်တုန်းကမှမရှိခဲ့ဘူး၊ ခင်ဗျားမသိတဲ့ဖြစ်တည်မှုကိုလည်း ကျွန်တော်စက်ဆုပ်တယ်"
ချမ်းထက်ခေါင်က တစ်ကိုယ်စာကြားရုံမျှသာရေရွတ်လိုက်သည်။ အဲ့လိုမျိုး အဓိပ္ပာယ်မဲ့တဲ့ဖြစ်တည်မှုက သူမွေးကတည်းကစခဲ့ပြီး ဒီအရွယ်ထိ ဆက်လက်ဖြစ်တည်နေဆဲဖြစ်သည်။ ရှေ့လျှောက်လည်း သူက အဲ့လိုမျိုးပဲဖြစ်နေဦးမှာဆိုပြီး မြဲမြဲယုံကြည်နေမိသည်။
အတိတ်ရဲ့ရောင်ပြန်ဟပ်မှုတွေဆိုတာ ဘယ်လောက်ထိသက်ရောက်တတ်ပြီး နက်ရှိူင်းတတ်သလဲဆိုရင် ကိုယ့်ကိုလူတွေက မလိုချင်တဲ့အခါ ကိုယ်ကလည်း လူတွေကို ရှောင်ဖယ်တတ်လာသည်။ ကိုယ့်ကိုလူတွေက သစ္စာဖောက်တဲ့အခါ ကိုယ်ကလည်း လူတွေကို အယုံအကြည်မဲ့လာသည်။ ကိုယ်တိုင်ဒဏ်ရာရဖူးတဲ့သူက လူတွေကိုလည်းဒဏ်ရာပေးတတ်ပြီး ဒါဟာလည်း တန်ပြန်သက်ရောက်မှုရဲ့သဘောတရားတွေပင်ဖြစ်သည်။
ညမနက်ခင် ချမ်းထက်ခေါင်က ထိုနေရာကနေ ထွက်ဖို့လုပ်သည်။ အလောင်းရှင်းတဲ့ကိစ္စတွေကို မသိကျိုးကျွန်ပြုကာထွက်လာခဲ့လိုက်သည်။ တစ်ခါတစ်လေတော့ ဒီလိုအကျင့်တွေကြောင့် စုံထောက်မပီသဘူးလို့ Interpol က ဆူတာမျိုးတွေရှိတတ်သည်။ အဲ့လိုအခါတိုင်း ချမ်းထက်ခေါင်ဟာ ဒေါသငယ်ထိပ်ရောက်တတ်ပြီး လက်တွေ့မှာတော့ လုပ်မြဲတိုင်းသာလုပ်နေဆဲဖြစ်သည်။
"Local ပဲဖြစ်ဖြစ်၊ Interpol Malaysia ပဲဖြစ်ဖြစ် ရှင်းပါစေ"
မျက်ခုံးတွေတွန့်ချိုးပြီးပြောဆိုကာ လှည့်ထွက်လာခဲ့သည်။ သူများမြေပေါ်ကကိစ္စမို့လို့ထွက်လာတာလား ဒါမှမဟုတ် ဒီကိစ္စကိုလုပ်တဲ့သူကြောင့် ထွက်လာတာလားဆိုတာကိုတော့ ချမ်းထက်ခေါင်ကိုယ်တိုင်တောင် ကွဲကွဲပြားပြားသိလိမ့်မည်မထင်။
🥀🥀
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
လေယာဉ်ပျံကြီးဟာ တိမ်တွေကြားထဲကနေ မြေပြင်ပေါ်သို့ လျှောခနဲဆင်းချလာသည်။ ဟန်နွေးလိုက်ပါလာတဲ့လေယာဉ်ပျံကြီးဟာ မိခင်မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်သည်။
"Welcome home my son"
လေဆိပ်ထဲကနေထွက်တော့ ဟန်နွေးရဲ့အမေက ဝမ်းသာအားရစွာနဲ့ ကြိုဆိုပွေ့ဖက်သည်။
"How was your life in Thailand"
အမေက ဟန်နွေးရဲ့ဆံပင်ရှည်တွေကို သပ်တင်ရင်းမေးသည်။
"Everything okay"
ဟန်နွေးက ပြုံးရွှင်စွာပြန်ဖြေသည်။
"Everything ထဲမှာ သမီးဖူးရောပါလားသား"
"ဟာ မားကတော့လုပ်ပြီဗျာ"
အမေဖြစ်သူက လေဆိပ်မှာတင်ပဲ ဒီမေးခွန်းမျိုးမေးလာသည်။ ဘာကိုဆိုလိုချင်မှန်းသိတဲ့အတွက် စိတ်မပေါ့မပါးတော့ဖြစ်သွားရသည်။
"ကဲပါ သီရယ်...သားလည်းပင်ပန်းလာမှာပေါ့၊ အိမ်ကျမှဆက်ပြောရအောင်"
အကင်းပါးတဲ့အဖေက စကားစကိုဖြတ်ချပေးပြီး ဟန်နွေးကိုအရင်ခေါ်ထုတ်သွားသည်။ မာမားကတော့ ပြည့်ရည်ဖူးတို့မိသားစုနဲ့ကျန်ရစ်ကာ စကားလက်ဆုံဆက်ကျနေလေသည်။
"ဟန်နွေးနဲ့သမီးက သူငယ်ချင်းတွေပါဆို...မားကလည်း ဘာမှန်းလဲမသိဘူး"
ပြည့်ရည်ဖူးက နှုတ်ခမ်းစူပြီး ခြေဆောင့်ကာ ကားပေါ်ကိုဦးအောင်တက်နှင့်ပြီ။ ခရီးရောက်မဆိုက် မင်္ဂလာကိစ္စအတွက် စိတ်အားထက်သန်နေတဲ့မိခင်တွေအပေါ် သားသမီးတွေက ကိုယ်စီစိတ်ကောက်သွားကြပြီ။
"လင်းကတော့လုပ်ပြီကွာ"
ပြည့်ရည်ဖူးရဲ့အဖေကတောင် သူ့သမီးစိတ်ညစ်သွားရခြင်းအပေါ် မိန်းမကိုဘဝင်မကျဖြစ်သွားရသည်။
"တွေ့လား...အဲ့ဒီအဖေနဲ့အဲ့ဒီသမီးက Team တစ်ခု၊ ဒီကကောင်းတယ်ထင်လို့စီစဉ်တာလေ"
"ဪ မမလင်းရယ်...ကောင်းတယ်လို့ထင်ရုံပဲလား၊ သီ့အတွက်ကတော့ ကလေးနှစ်ယောက်က နေနဲ့လ ရွှေနဲ့မြပဲ"
အမေနှစ်ယောက်ကတော့ သဘောထားချင်းတူညီတာကြောင့် မင်္ဂလာကိစ္စကို အမြန်ဆုံးပင် စီစဉ်ချင်နေပြီ။ ငယ်သူငယ်ချင်းနှစ်ယောက်က ခမည်းခမက်တော်ဖို့ကို အတော်ပင် စိတ်အားထက်သန်နေကြသည်။
တကယ်တော့ အမေနှစ်ယောက်လုံးက ခေတ်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိသည်။ ကလေးတွေကိုအလိုလိုက်ပေမယ့် စည်းတွေ၊ ဘောင်တွေနဲ့တော့ ကာရံထားသေးသည်။ လွတ်လပ်ခွင့်တော့ပေးပေမယ့် လွတ်ထွက်ခွင့်တော့မပေး။ ကလေးတွေကို သူတို့ရဲ့အုပ်ထိန်းမှုအောက်မှာပဲ အပြည့်အဝထားရှိဆဲသာဖြစ်သည်။
လက်ထပ်ဖို့ကိစ္စကိုတော့ အတင်းအကျပ်ဖိအားပေးနေတာတော့မဟုတ်ပေမယ့် နားပူအောင်တော့ တိုက်တွန်းနေသည်ချည်းသာဖြစ်သည်။ အပြင်ကဘယ်သူကြည့်ကြည့် ဒီနှစ်ယောက်ကတပူးပူးတတွဲတွဲနဲ့ အားလုံးအမြင်မှာ သမီးရည်းစားတွေလိုပင်ဖြစ်နေပြီ။ အမေတွေကလည်း အနှစ်၂၀လောက် ကလေးတွေကို တွဲမြင်လာရတော့ ပေးစားချင်ကြတာလည်း သဘာဝတော့ကျသည်။
ကတောင်! ကားပေါ်မှာ ဟန်နွေးထံ Message ရောက်လာသည်။ ပြည့်ရည်ဖူးဆီကဆိုတော့ အလျင်အမြန်ပင်ဖွင့်ကြည့်လိုက်သည်။
'ငါတို့ကိစ္စကိုဘယ်တော့ပြောကြမလဲ'
လေယာဉ်ခရီးစဉ်တစ်လျှောက်လုံးတိတ်ဆိတ်လာတဲ့သူ့ကို ဘာမှမမေးဘဲ အလိုက်သိခဲ့တဲ့ပြည့်ရည်ဖူးက အခု နောက်နေ့ကိုမစောင့်နိုင်တော့ဘဲ Message လှမ်းပို့သည်။
'အခြေအနေကြည့်တာပေါ့'
ဟန်နွေးက စာပြန်ပို့လိုက်ပြီး ခေါင်းမှီကာ မျက်လုံးတွေမှိတ်ထားလိုက်သည်။ သူ့အာရုံထဲမှာ ချမ်းထက်ခေါင်ရှိသည်။ ဟိုးအရင်ကတည်းက အခုထိ သူ့စိတ်၊ သူ့နှလုံးသားနဲ့ သူ့ဦးနှောက်ထဲမှာ ချမ်းထက်ခေါင်တစ်ယောက်ပဲရှိခဲ့သည်။ ဒါကို မာမားနားလည်နိုင်ရင်ကောင်းမည်။
ရန်ကုန်မြို့ရဲ့ညပိုင်းက မီးပွိုင့်မိပြီး ကားပိတ်တာများလို့ အိမ်ကိုတော်ရုံနဲ့မရောက်နိုင်ဘဲ လမ်းမှာတင်အချိန်ကုန်ရသည်။ ဘန်ကောက်နဲ့ရန်ကုန် နီးနီးလေးဆိုပေမယ့် ဟန်နွေးကတော့ စိတ်ပန်းတာကြောင့် လူပါပန်းသလိုဖြစ်ကာ ကားပေါ်မှာတင် အိပ်ပျော်နေပြီ။ ကားက မင်္ဂလာဒုံလေဆိပ်ကနေ ဟန်နွေးနေတဲ့ရန်ကင်းကို ဘယ်လိုဘယ်ပုံရောက်လာလိုက်သလဲဆိုတာ ဟန်နွေးမသိခဲ့။
အိပ်ပျော်နေတဲ့ဟန်နွေးရဲ့အိပ်မက်ထဲမှာ လူတစ်ယောက်ပဲရှိတယ်...သူခေါ်ချင်ပေမယ့် မခေါ်ဖြစ်တဲ့နာမည်ပိုင်ရှင်...။
ခေါင်
🥀🥀
ချမ်းထက်ခေါင်ဟာ တိတ်တိတ်လေးရိုက်ကူးလာခဲ့တဲ့ Video Record ကိုပြန်ကြည့်ပြီး စိတ်ရှုပ်စွာသက်ပြင်းချလိုက်သည်။ Video ထဲမှာ CEO ကျူးလွန်နေတဲ့ပြစ်မှုဟာ ထင်ထင်ရှားရှားနဲ့ အလွန်ပင်ခိုင်မာတိကျတဲ့သက်သေဖြစ်သည်။
မနေ့ညက CEO တို့အားလုံး ကားကိုယ်စီနဲ့ထွက်သွားတော့ ချမ်းထက်ခေါင်လည်း ပုန်းလျှိုးနေရာကနေ လျှင်မြန်စွာထွက်သွားပြီး CEO တို့နောက်သို့လိုက်ရန်ပြင်ရသည်။ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ်၊ ကားနဲ့ပဲဖြစ်ဖြစ် အနောက်ကနေတိုက်ရိုက်လိုက်ရင် သိသာမှာစိုးတာကြောင့် မသိသာစေတဲ့အတွင်းလမ်းတွေထဲကနေ မျက်ခြည်မပြတ်အောင် ကျွမ်းကျင်စွာလိုက်ခဲ့သည်။
CEO တို့ဟာ ကွာလာလမ်ပူမြို့ရဲ့လုံခြုံရေးတင်းကျပ်တဲ့ဟိုတယ်တစ်ခုထဲဝင်သွားပြီး ထိုဟိုတယ်မှာပင် သံကုန်သည်သူဌေးနဲ့တွေ့လိမ့်မယ်ထင်သည်။ ဒါ့ကြောင့် ချမ်းထက်ခေါင်က ဆိုင်ကယ်ကို ခပ်လှမ်းလှမ်းတစ်နေရာမှာရပ်ခဲ့ပြီး ကိုယ်တိုင်က တိတ်တဆိတ်လမ်းလျှောက်ဟာ ဟိုတယ်အရှေ့က ခပ်ဆိုင်းဆိုင်းအပင်တွေကြားထဲ၌ ပုန်းကာစောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း မိုးသောက်ကျသည်ထိတိုင်အောင် ဘယ်သူမှအဝင်အထွက်မရှိဘဲ ဟိုတယ်ကိုပိတ်ထားသည်မှာ ထူးဆန်းနေသည်။
ချမ်းထက်ခေါင်လည်း တစ်ညလုံး CEO တို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေရပြီး မနက်မိုးလင်းမှပင် တည်းခိုရာအိမ်ကိုပြန်ရောက်လာသည်။ အခုအထိ ချမ်းထက်ခေါင်သိရသမျှက CEO ဟာ ဒီမနက်လေယာဉ်နဲ့ပဲ မြန်မာနိုင်ငံကိုပြန်ဖို့ လေဆိပ်သွားပြီဆိုတာပင်ဖြစ်သည်။
အခုတော့ ချမ်းထက်ခေါင်ရဲ့လက်ထဲမှာ CEO ကို အမိအရချုပ်ကိုင်နိုင်မယ့်သက်သေရှိနေပြီ။ ချမ်းထက်ခေါင်အနေနဲ့က ဒီသက်သေကို သုံးရောသုံးဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့တော့ ရင်မောနေရသေးသည်။ အခန့်မသင့်ရင် ဒီသက်သေကို သူကိုယ်တိုင်ဖျောက်ပစ်လိုက်နိုင်သည်။ CEO ကိုကာကွယ်ပေးရမယ့်အကြောင်းအရင်းကလည်း သူ့မှာအတိအကျရှိတယ်လို့မဟုတ်။
စီးကရက်တစ်လိပ်။ သောက်နေကျတံဆိပ်ကိုပဲ နှစ်ဘူးလောက်ယူလာခဲ့ပြီး မနက်စောစော ဖွါနေသည်။ ချမ်းထက်ခေါင်က အင်္ကျီဝတ်မထား။ ဘောင်းဘီရှည်ရဲ့အိပ်ကပ်ထဲကို လက်တစ်ဖက်ကထည့်ထားပြီး ကျန်လက်တစ်ဖက်က စီးကရက်ကိုဖွါလျက်ရှိသည်။ ကိုယ်ကိုတော့ ပြတင်းပေါက်ဘောင်ကိုမှီထားကာ ပြင်ပသို့ငေးကြည့်နေလေသည်။
လူကသာ တည်ငြိမ်နေပုံပေါက်ပေမယ့် သူ့အတွေးတွေကတော့ ကစဉ့်ကလျားပြေးလွှားနေသည်။ ထိုသို့အပြေးအလွှားအတွေးတွေကြားထဲမှာ ဆံပင်ရှည်ပိုင်ရှင်တစ်ယောက်ကတော့ ပါဖြစ်အောင်ပါသည်။ လက်တွေ့မှာ စီးကရက်ငွေ့တွေကိုရှူရှိူက်နေရပေမယ့် စိတ်ထဲမှာတော့ လာဗင်ဒါနံ့သင်းသင်းကိုရနေသလို ခံစားနေမိသည်။
"ကျစ်...စိတ်ရှုပ်လိုက်တာ"
သောက်လက်စစီးကရက်ကိုချိုးချေကာ အပြင်သို့ပစ်ချလိုက်သည်။ ပြီးနောက် အိပ်ယာပေါ်သို့ ပက်လက်လှန်လှဲချလိုက်သည်။ ချမ်းထက်ခေါင်က ဒီလိုတွေးမိရင်မကြိုက်။ သူ့အတွေးတွေကို ဟန်နွေးက အုပ်စိုးထားရင်မကြိုက်။ သူဖိတ်မခေါ်ဘဲ သူ့အတွေးထဲရောက်ရောက်လာတတ်တာကို အလွန်ပင်စိတ်ပျက်တတ်သည်။ ဒါပေမယ့် ဖယ်ထုတ်လို့မရအောင် ရောက်လာမြဲဖြစ်တဲ့ဟန်နွေးကို တစ်ခါတစ်လေတော့ သတိရမိသည်။
နှင်ထုတ်ပစ်ခဲ့တဲ့နေ့ကဆို မုန်းတယ်လို့အော်ဟစ်ပြောဆိုခဲ့ပေမယ့် ကိုယ့်ဝေဒနာနဲ့ကိုယ်မို့လို့ ဟန်နွေးပြုတ်ပေးခဲ့တဲ့ဆန်ပြုတ်တွေနဲ့သာ ထိုတစ်နေ့ကို အသက်ဆက်ခဲ့ရသည်။ ဒီလိုကျေးဇူးကိုတော့ ချမ်းထက်ခေါင်က အတင်းမေ့ပျောက်ထားပစ်သည်။
"ကျေးဇူးပြုပြီး ငါ့အတွေးထဲမှာပေါ်မလာပါနဲ့ဟန်နွေး...ငါ့ဆီကနေပျောက်သွားပေးပါ၊ အရိပ်လိုမျိုး ဆက်ရှိမနေပါနဲ့တော့..."
ချမ်းထက်ခေါင်ဟာ သူ့ခေါင်းကိုဆုပ်ကိုင်ပြီးရေရွတ်နေလေသည်။ ကိစ္စတွေများရတဲ့အထဲ ဒီအကြောင်းကို ခေါင်းထဲကမထုတ်နိုင်တာ ချမ်းထက်ခေါင်ရဲ့အားနည်းချက်တစ်ခုလိုဖြစ်သွားရပြီ။
အရိပ်လိုမျိုးတဲ့...။ ရေမြေတွေဘယ်လောက်ပဲခြားခြား အရိပ်လိုမျိုး ကိုယ့်ကိုစိုးမိုးနိုင်တဲ့သူဟာ ကိုယ်မုန်းတယ်လို့ ငြင်းဆိုပစ်ခဲ့တဲ့ ကိုယ့်ကိုချစ်နေသူ...။
ဟန်နွေး
🥀🥀
အပြုံးပန်း
[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]
#################################################
(Zawgyi)
Playlist - ခ်န္ခဲ့ (Raymond)
"ဟုတ်ကဲ့ မေးပါ"
"Oversea...ဘယ်ကိုလဲ"
"နှစ်နဲ့ချီ!"
"ကျေးဇူးပါ"
🥀🥀
သက်ပြင်းတွေအကြိမ်ကြိမ်ရှိုက်ပြီး နှုတ်ခမ်းကိုပါဖိကိုက်နေတဲ့ဟန်နွေး။
You are reading the story above: TeenFic.Net