Chapter - [22]

Background color
Font
Font size
Line height

"ကျွီ...."

ခုံရွှေ့သံကြောင့် ဗျူးမော့ကြည့်လိုက်တော့ မင်မ်က ဗျူးဘေးကခုံမှာ ဝင်ထိုင်လာတယ်။ ပုံမှန်ဆိုရင် မင်မ်က တခြားသရုပ်ဆောင်တွေနဲ့သွားစားတတ်တာကို ဘာကြောင့် ဒီနေ့မှ ဗျူးဘေးကိုရောက်လာတာလဲ။ ကိစ္စတော့မရှိပါဘူး။ ရိုက်ကွင်းကခုံတွေက ဗျူးဝယ်ထားတာမှမဟုတ်တာ။ ထိုင်ချင်ထိုင်ပေါ့။ ရှုတင်ဘရိတ်နေတာပဲကို။

အဲ့တာကြောင့် ဗျူးဂရုမစိုက်ဖြစ်။ အဲ့ဒီအစား စားလက်စဆင်းဒဝစ်ကိို ဆက်စားနေခဲ့တယ်။ ပါးစပ်ပျက်နေလို့ထင်ပါရဲ့။ ဘာစားစားအရသာမရှိ။ မရိုးနစ်စ်ဆမ်းထားတဲ့ တူနာအရသာက ဝါးလိုက်တိုင်း အေးစက်စက်၊ ချွဲကျိကျိ။

"အစ်မဗျူး IGမှာ ဘာတွေတင်နေတာလဲ။"

"ဘာတင်လို့လဲ။"

ဗျူးတစ်ချက် မျက်လုံးလှန်ကြည့်ပြီး ပြန်မေးလိုက်တော့ မင်မ်က သူ့ကို ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ကို တွေ့နေရသလို မျက်လုံးမျိုးနဲ့ ပြန်ကြည့်တယ်။ ပြီးတော့ အလိုမကျသလို လက်နှစ်ဖက်ကိုပိုက်ရင်း ခုံကိုကျောမှီတယ်။ ပြီးတော့ စားပွဲပေါ်က သူ့ရဲ့ရေခဲတွေအပြည့်နဲ့အမေရီကာနိုခွက်ကို အကြည့်တွေလွှဲသွားတယ်။

"အစ်မတင်တာကြည့်အုံးလေ။ မနေ့က အစ်မတို့စတန်းတွေ ပွဲဆူကုန်ကြပြီ။ ဘာလို့ အဲ့လိုကြီးတင်တာလဲ။ အစ်မက လွမ်းနေတာလား။"

"ငါ့အကောင့်မှာ ငါ့ဘာသာတင်ချင်တာတင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ။"

ပါးစပ်နားရောက်လုလု ဆင်းဒဝစ်ကိုပြန်ချလိုက်ပြီးတော့ သူ့အမေးကို ခပ်တင်းတင်းပဲ ဗျူးပြန်တုံ့ပြန်လိုက်တယ်။ ရိုက်ကူးရေးကလည်း မနက်ဆင်းမ်ပြီးရုံနဲ့တင် မပြန်ရသေး။ ညနက်အထိ ဒီမှာနေရအုံးမှာ။ လူက ပင်ပန်းနေပြီ။ ညက အိပ်ရေးမဝလို့ ခေါင်းကြည်မနေတာကို သူက ဘာတွေအာရုံလာစားပြန်တာလဲ။ ကိုယ့်အကောင့်ပဲ တင်ချင်တာတင်မှာပေါ့။ အဲ့လောက်ထိ လိုက်ကြည့်နေစရာမလိုဘူး ထင်တာပါပဲ။

အစ်မကိုလွမ်းနေတော့ရော ဘာဖြစ်လို့လဲ။ အလုပ်ချိန်ပြင်ပမှာဆိုရင် သူနဲ့မင်မ်က ပါတနာမှမဟုတ်တာ။ ဗျူးရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဗျူးဘာလုပ်လုပ် သူနဲ့မဆိုင်။ အစ်မတုန်းကလည်း ဗျူးဘာလုပ်လုပ် ပြုံးပြုံးပဲကြည့်နေခဲ့တာ။ ပရိသတ်တွေ ဗျူးကိုပြောကြရင်လည်း အစ်မကပဲ ကာကွယ်ပေးခဲ့တာ။ အခုတော့ မင်မ်က ဗျူးကိုလာပြီးတော့ အပြစ်တင်နေတာမလား။ သူမကျေနပ်ရင် အစ်မတုန်းကလို ဖန်ဆားဗစ်တစ်ခုခုလုပ်လိုက်ပေါ့ ဘာများခက်နေလို့လဲ။ ဘာတင်တင် အပြောခံရမှာပဲကို။

မင်မ်က ဗျူးစကားကြောင့် စိတ်ဆိုးသွားတဲ့ပုံပဲ။ ကိုယ်ကိုလှည့်ပြီးတော့ ဗျူးကိုစေ့စေ့ကြည့်တယ်။ မျက်နှာမှာ အပြုံးအရယ်မရှိတော့။

"အစ်မ အဲ့လိုပြောလို့မရဘူးလေ။ အစ်မကPublic Figure ဆိုတာလည်း မေ့မနေနဲ့အုံး။"

"ဘာထူးဆန်းလို့လဲ။ ဖန်တွေက နင့်ကို တင်တယ်လို့ ထင်ချင်လည်းထင်ကြမှာပဲ။"

ဗျူးရဲ့မျက်ခုံးတစ်ဖက်ပင့်ပြီးဖြေတဲ့ ဖြစ်သလိုအဖြေကို မင်မ်ကကျေနပ်ပုံမရ။ ပြောမရလို့ ခေါင်းကိုက်လာတဲ့ပုံစံမျိုးနဲ့ နားထင်ကို လက်ချောင်းတွေနဲ့ ဖိတယ်။ ပြီးတော့ မျက်ဝန်းတွေကိုမှိတ်ပြီး အသက်ကိုပြင်းပြင်းရှုတယ်။ ဗျူးဟာ ခံစားချက်မရှိတဲ့အကြည့်တွေနဲ့ သူ့ကိုမမှိတ်မသုန်ကြည့်နေမိဆဲ။ ဖားဖိုဆွဲနေသလို နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်။ ပြီးတော့ အနောက်အရပ်ကနေ ထွက်လာတာကိုမြင်လိုက်ရတဲ့အမူအယာမျိုးနဲ့ ဗျူးကိုပြန်မေးတယ်။

"ရှေ့ရက်ကမှ အစ်မဗျူးနဲ့ မင်မ်နဲ့တွေ့ထားတာလေ။ အဲ့တာကြီးကို ဘယ်သူက ယုံမှာလဲလို့။ အစ်မဗျူးတွစ်တာက ပို့စ်တွေလည်း ကြည့်အုံး။"

"ငါ့အကောင့်ပဲကို။ ထူးဆန်းလို့လား။"

သိသိသာသာ မာဆတ်နေတဲ့ဗျူးလေသံကြောင့် မင်မ်က မျက်နှာတစ်ချက်ပျက်သွားတယ်။ ပြီးတော့ စားပွဲကို ဝုန်းခနဲလက်ဝါးနဲ့ရိုက်ရင်း ထရပ်တယ်။

"အစ်မဗျူး..."

"ကုမ္ပဏီက ငါ့နေ့စဥ်ဘဝထိ လိုက်ထိန်းချုပ်တာမျိုး ငါခံမှာမဟုတ်ဘူး။"

စားလက်စဆင်းဒဝစ်ဘူးကို အမှိုက်ပုံးထဲပစ်ထည့်ရင်း ဗျူးထိုင်ရာကနေ ထရပ်လိုက်တယ်။ ခပ်ပါးပါးရှသွားတဲ့မာနနဲ့ မီးတောက်လို ဟုန်းခနဲထတောက်တဲ့ဒေါသ။ တင်းတင်းဆုပ်ထားတဲ့လက်ခုံပေါ်မှာ သွေးကြောစိမ်းတွေက တလှုပ်လှုပ်။ သူနဲ့မင်မ်ကြားက ကွာဟမှုတွေက တစ်နေ့တခြားကြီးလာတယ်။

သူတို့အလုပ်က လူတွေရှေ့မှာ ရည်းစားထားပြရတဲ့အလုပ်ဆိုပေမဲ့ မျက်နှာချင်းဆိုင်ရတဲ့ပုံစံက စစ်မြေပြင်က ရန်သူနှစ်ယောက်လိုပါပဲ။






•

အေးစိမ့်၊ မွှေးပျံ့နေတဲ့ခန်းမထဲမှာ သီချင်းသံတိုးတိုးလေးကပျံ့နေတယ်။ Fabrique X Kos ရဲ့ Collaboration Eventက ထင်ထားတာထက်ပိုပြီးတော့ သားနားနေတယ်။ 14ရက်နေ့ကျရောက်မဲ့ Valentine's Themeကိုယူထားတဲ့ Love Soirée ဆိုတာ ကြည်နူးဖွယ်ရာအပြင်အဆင်မျိုးနဲ့ ညနေခင်းပါတီတစ်မျိုးပါပဲ။ အရမ်းမစူးတဲ့မီးရောင်ဖျော့ဖျော့အောက်မှာ မိန်းမလှလေးတွေ အများကြီးပဲ။

ဒါပေမဲ့ မရှက်တမ်းဝန်ခံရရင် အားလုံးထဲမှာ မမကအလှဆုံးပါပဲ။ မိတ်ကပ်နဲ့အဝတ်အစားကို ရိုးရိုးလေးပဲစီစဥ်ထားပေမဲ့ မြူးနစ်ဟာ မြင်မြင်ချင်း မမဆီကနေ အကြည့်တွေမလွှဲနိုင်။ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး မမတစ်ယောက်ထဲ သက်ဝင်လှုပ်ရှားနေသလို ခံစားချက်မျိုး။ မြူးနစ်ဟာ အဲ့ဒီလို မမခြေရင်းမှာ ဝပ်တွားခဲ့ရတယ်။

နွေရာသီရဲ့ညနေခင်းမှာ မမအပြုံးလှလှလေးတွေက ရင်အေးစေတဲ့ နွေစာလေးတွေလိုပဲ။ မြူးနစ်ရဲ့လက်ကိုဆုပ်ကိုင်ပြီး မမခန်းမထဲဝင်လာတဲ့ခဏမှာ လူတွေအကုန်လုံးရဲ့အကြည့်တွေက မမဆီကို ရောက်လာခဲ့တယ်။ မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးတွေကြားက မမက တုပြိုင်စရာမရှိတဲ့ လမင်းလေးဖြစ်နေခဲ့တာပဲ။

ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်လာတဲ့ကိုယ့်အတွက် ဒီလိုပွဲမျိုးတွေကိုတက်ရတာ မဆန်းတော့ပေမဲ့လည်း မမနဲ့ယှဥ်လာတဲ့အခါ မြူးနစ်ဟာ မမလုပ်နေတာတွေကိုပဲ မျက်တောင်မခတ်တမ်းလိုက်ကြည့်နေမိတယ်။ မမထက်ပိုပြီး ဘာတွေကများ စိတ်ဝင်စားစရာကောင်းမှာတဲ့လဲ။

ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့မမက မြူးနစ်လက်ကိုဆွဲပြီးတော့ ပွဲစီစဥ်သူတွေကို နှုတ်ဆက်တယ်။ တာဝန်ရှိသူတွေကို ကျေးဇူးတင်စကားပြောတယ်။ ပြီးတော့ အခြားကုမ္ပဏီက အနုပညာရှင်တွေနဲ့ ရင်းရင်းနှီးနှီးစကားစမြည်ပြောတယ်။ အဲ့ဒီလိုဆိုလို့လည်း ကိုယ့်ပါတနာကို ပယ်ထားတာလားဆိုတော့လည်း မဟုတ်။ မြူးနစ်ကို လူတွေနဲ့မိတ်ဆက်ပေးတယ်၊ ချီးကျူးစကားပြောတယ်၊ သက်သောင့်သက်သာရှိအောင် စကားဝိုင်းတွေမှာ ဆွဲခေါ်ပေးတယ်။ ဇာတ်ကားအတွက် ပါတနာတွေဆိုပေမဲ့ မမကမြူးနစ်ကို တကယ့်ပါတနာတစ်ယောက်လို ဆက်ဆံတာ။ မြင်ဖူးတဲ့အခြားမင်းသမီးတွေနဲ့ တော်တော်လေးကို မတူတာပါ။

နှစ်ယောက်သားအတူလက်တွဲပြီးပွဲတက်ရတဲ့ ပထမဆုံး Eventက ဒီလိုကြည်နူးစရာအမှတ်တရကောင်းလေးဖြစ်နေတာ တိုက်ဆိုင်မှုပဲလား။ မြင်မြင်သမျှဟာ နှင်းဆီပန်းတွေ၊ ဘောလုံးတွေနဲ့ ပန်းပွားတွေ။ အရာရာဟာ အချစ်သင်္ကေတတွေပဲမလား။ မြူးနစ်ဟာ မမရဲ့နောက်ကျောရိပ်ကလေးကိုကြည့်ရင်း ရင်ထဲမှာ တသိမ့်သိမ့်ခုန်ရတယ်။ နှစ်ယောက်အတူ ဓာတ်ပုံရိုက်ကြ၊ စနောက်ကျီစယ်ကြရင်း မမကို ခဏလောက်ပိုင်ခွင့်ရထားတဲ့ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ နားလည်ရတယ်။ ကိုယ်တော့ လောဘကြီးမိတော့မှာပဲ။

"ညီမလေး ဘာဖြစ်လို့မျက်မှောင်ကြုတ်ထားတာလဲ။"

ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေမိတာ ဘယ်လောက်ကြာသွားလဲမသိ။ မမဆီက မေးသံထွက်လာမှအသိဝင်လာရတယ်။ ခရင်မ်ညှစ်တဲ့ Pastry bagကိုကိုင်ထားရင်း ဘာရေးရမလဲစဥ်းစားနေတဲ့မြူးနစ်ဟာ မမကို အရှက်ပြေပြုံးပြလိုက်မိပါတယ်။

"ဘာရေးရမလဲ မသိလို့။"

မမက ခပ်တိုးတိုးရယ်တယ်။ မြူးနစ်ကတော့ မမရှေ့မှာ တကယ့်ကို မလုပ်တတ်၊ မကိုင်တတ် ကလေးတစ်ယောက်လို ဖြစ်နေမိပြန်ပြီ။ ဒါပေမဲ့လည်း မမက ငြိုငြင်မှာမဟုတ်ပါဘူးလေ။ မမက မြူးနစ်လက်ထဲက Pastry bagကိုလှမ်းယူပြီးတော့ ကိတ်နီနီပေါ်မှာ တစ်ခုခုရေးတယ်။

"JMN"

အံ့သြမှင်သက်သွားတဲ့မျက်ဝန်းတွေနဲ့မမကို ပြန်ကြည့်မိတော့ မမက သွားတန်းဖြူဖြူလေးတွေပေါ်အောင် နှစ်လိုဖွယ်ပြုံးရယ်ပါတယ်။

"ဖြည့်ချင်တာ တစ်ခုခုဖြည့်လိုက်။"

မမလက်ထဲက Pastry bagကိုလှမ်းယူပြီးတော့ မြူးနစ်ဟာ ခပ်သွက်သွက်ပဲ တစ်ခုခုကို ဖြည့်လိုက်တယ်။ တုန်ယင်နေတဲ့လက်တွေကြောင့် ပုံပန်းမကျ။ ဒါပေမဲ့ ဘာမှန်းဖတ်လို့ရတဲ့အထိတော့ ရုပ်လုံးပေါ်ပါတယ်။

"မမ"

"ရှင်..."

"ဝါဘီဆာဘီဆိုတာကို သိလား။"

စိတ်လှုပ်ရှားမှုကြောင့် လေသံတွေတောင်တုန်လို့။ မမက ခေါင်းလေးစောင်းရင်း မြူးနစ်ကိုပြန်ကြည့်တယ်။ ပြီးတော့ ခေါင်းလေးကို နှစ်လိုဖွယ်ခါယမ်းတယ်။

"မပြည့်စုံခြင်းတွေကို ထွေးပွေ့ထားတဲ့အလှတရားတဲ့။"

မမမျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း မြူးနစ်ပြောလိုက်တယ်။ မြူးနစ်လက်တွေဖယ်သွားတော့ နှစ်ယောက်သားရဲ့နာမည်ဘေးမှာကျန်ခဲ့တာ အနားစွန်းတွေမသေသပ်တဲ့ အသည်းပုံတစ်ခု။







•

"ဆိုက်ဇီ။"

"မတွေ့တာကြာပြီနော် ဂျွန်။"

သူငယ်ချင်းဖြစ်သူကို အသာပွေ့ဖက်ရင်း ဆိုက်ဇီပြုံးပြီးနှုတ်ဆက်လိုက်တယ်။ ဂျွန်က သိသိသာသာပိန်ကျသွားတာပဲ။ အရင်တုန်းက ပါးဖောင်းဖောင်းလေးနဲ့မို့ ဆိုက်ဇီက သူ့ကို ပန်ဒါလေးလို့ခေါ်ပြီးစနေကျ။ အခုတော့ Cardioတွေဆော့ပြီး ပါးလေးတွေကပ်သွားတယ်ထင်တယ်။ ဒါပေမဲ့ ဂျွန်ကပိုပြီး လှလာတာ။

"ဟုတ်တယ်။ အဆင်ပြေတယ်မလား။"

"ပြေပါတယ်။ ငါက နင့်ကိုမေးရမှာကို။ နင့်ဆီ ငါမရောက်ဖြစ်တာလေ။"

ဂျွန့်နဖူးကို လက်ညှိုးနဲ့အသာတွန်းရင်း ဆိုက်ဇီခပ်ဖွဖွရယ်မိပါတယ်။ ဘယ့်နှယ့် ထိခိုက်ထားတဲ့လူနာကတစ်ပြန်ကြီး ကိုယ့်ကို ပြန်မေးနေရတယ်လို့။ ဆိုက်ဇီရဲ့သူငယ်ချင်းဖြစ်သူကတော့ ရှားမှရှားပါပဲ။ ဆိုက်ဇီလည်း ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ရှုပ်နေလို့ သူငယ်ချင်းဖြစ်သူကိုသွားမတွေ့ဖြစ်တာကြာပြီ။ ဆိုက်ဇီအားတဲ့ရက်တွေတုန်းကလည်း ဂျွန်က ခရီးသွားနေခဲ့တာ။

"အဆင်ပြေပါတယ်။ အစ်မအေမီနဲ့ အစ်မ မေက ငါ့ကိုတစ်လှည့်စီ လာကြည့်ပေးကြတယ်။ အစ်မနမ်တန်ကလည်း မကြာမကြာစာပို့တယ်။"

ဂျွန်က သူ့အကျင့်အတိုင်း မျက်ဝန်းတွေမှိတ်သွားတဲ့အထိ ပြုံးပြပြီးပြန်ဖြေတယ်။ June Protection Squadလို့ တရားဝင်အမည်မတပ်ထားပေမဲ့ ဂျွန့်ကို ကာကွယ်ပေးချင်ကြတဲ့ သူငယ်ချင်းတွေထဲမှာ ဆိုက်ဇီလည်း တစ်ယောက်အပါအဝင်ပါပဲ။

"ဟုတ်တယ်။ သူအလုပ်တွေရှုပ်နေတာ။ ဖင်မ်က သူ့ကိုမီးစိမ်းပြလိုက်တာကိုး။"

သိပ်ချေတဲ့သူ့ကြောင်နက်လေးနားမှာ စူပါဂလူးနဲ့ကပ်ထားသလိုကပ်နေမဲ့ အစ်မနမ်တန်အကြောင်းကိုတွေးရင်း နှစ်ယောက်သား ရယ်မိကြသေးတယ်။ ဖင်မ်ပြောဖူးသလို အစ်မနမ်တန်က တကယ့်ကို ကိုယ်ကျိုးအတွက် အလုပ်ကိုအသုံးချနေတာပဲ။ ဆိုက်ဇီဆိုလည်း ဇာတ်ကားပရိုမိုးရှင်းတွေဆင်းရင်း သူတို့နှစ်ယောက်ကျွေးတဲ့ခွေးစာတွေ မစားချင်မှအဆုံး။ တော်သေးတာပေါ့ အစ်မကာပု့က်နဲ့ အန်းသာမရှိရင် မျက်နှာငယ်လိုက်မယ်ဖြစ်ခြင်း။

"ဒါနဲ့..."

စကားစလိုက်ပေမဲ့ နောက်ဆက်တွဲကိုဆက်မပြောဖြစ်။ မျက်ခုံးတွေကိုကျုံ့ရင်း စဥ်းစားနေတဲ့သူ့ကို ဂျွန်က ဘာမှမဖြစ်ဘူး ဆက်ပြောဆိုတဲ့အမူအယာနဲ့ မေးဆတ်ပြတယ်။ တကယ်တော့ ဒီအကြောင်းအရာက ဂျွန့်အတွက် အထိမခံနိုင်တဲ့ခေါင်းစဥ်နဲ့တော့လည်း မဟုတ်ပါဘူး။ ထုတ်ပြောဖို့ပြဿနာဖြစ်နေတာ ဆိုက်ဇီကိုယ်တိုင်ပါ။

"မစ်ခ်က နင်တို့ကိုစိတ်ပူနေတယ်ထင်တယ်။"

ဒီရက်ပိုင်းအတွင်း မေ့ထားဖြစ်တဲ့နာမည်ကိုထုတ်ပြောပြီးတဲ့နောက်မှာ သူငယ်ချင်းဖြစ်သူနဲ့အကြည့်ချင်းမဆုံနိုင်ဘဲ အကြည့်တွေကို လွှဲလိုက်မိတယ်။ မရပါဘူး။ ဂျွန်က သူ့အပေါ်ဆို အကဲခတ်မိတာမြန်လွန်းတယ်။ ပုခုံးပေါ်ရောက်လာတဲ့ ဂျွန့်ရဲ့လက်။ လက်မောင်းကိုခပ်ဖွဖွပုတ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ စကားလုံးတွေမလိုတဲ့နှစ်သိမ့်မှုမှာ ဆိုက်ဇီဟာ မျက်ရည်လည်ချင်လာတယ်။

"အဲ့ဒီကိစ္စကို အစ်မနမ်တန် ငါ့ကိုပြောပါတယ်။"

ဂျွန်က မျက်နှာလွှဲထားတဲ့ဆိုက်ဇီကို ကြည့်မလာပါ။ အဲ့ဒီအစား မျက်ဝန်းလက်လက်တွေက အခန်းထောင့်ကနေလွင့်နေတဲ့ ရေငွေ့ထုတ်စက်က ရေငွေ့ပါးပါးတွေကို ငေးနေတယ်။ နှစ်ယောက်ရဲ့ကြားထဲမှာ သိသိသာသာတိတ်ဆိတ်သွားကြပြီး ဘေးဆီက ခပ်ဆူဆူစကားသံတွေကြားမှာ ဆိုက်ဇီရဲ့စိတ်ဟာ ရေဆူဆေးပြားတစ်ပြားလို ပျော်ဝင်သွားတယ်။

ပြည်ဖုံးကာမချသေးတဲ့ဇာတ်လမ်းမှာ
သေချာအနည်မကျသေးတဲ့ မျှော်လင့်ချက်တွေနဲ့ ကန့်လန့်ကာကြိုးကို ကိုင်ပြီး ဆိုက်ဇီဟာ ငြိမ်နေမိဆဲ။

"အစ်မမစ်ခ်က ငါတို့ကိုပဲ စိတ်ပူနေတာတော့ မဟုတ်လောက်ဘူး။"

ရုတ်တရက်ထွက်လာတဲ့ ဂျွန့်ရဲ့လေသံတိုးတိုး။ ဆိုက်ဇီသူ့ကို ဖြတ်ခနဲပြန်ကြည့်မိတော့  ဂျွန်က မေးထောက်နေရာကနေ ဆိုက်ဇီကို မျက်ဝန်းတွေကို ခပ်မှေးမှေးလုပ်ပြီး ပြန်ကြည့်တယ်။

"နင့်ကိုလည်း စိတ်ပူနေတာဖြစ်နိုင်တယ်ထင်တာပဲ။"

ဆိုက်ဇီရဲ့စိတ်ဟာ တိတိရိရိဖြတ်ချလိုက်တဲ့ ကြိုးမဲ့စွန်လို ဒီနေရာကနေ လွင့်စင်သွားခဲ့ရတယ်။

_________________________________

#tobecontinued

လက်ရှိဖြစ်နေတဲ့ငလျင်နဲ့ပတ်သက်ပြီး ဂရုစိုက်ကြပါအုံးနော်။ အားလုံးဘေးကင်းကြပါစေ။

Charm || 29 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net