Chapter - [17]

Background color
Font
Font size
Line height

"ဗျူး ခဏ။"

ဗျူးဘာကိုမှပြန်မမေးနိုင်ခင်မှာပဲ အစ်မမစ်ခ်က နှစ်ယောက်စလုံးရဲ့အလည်ကို ဝင်ရပ်လာတယ်။ ပြီးတော့ ဗျူးကိုလက်ကာပြပြီးတော့ အစ်မအေမီရဲ့ကော်လံပေါ်က လက်တွေကို ခပ်ဖြည်းဖြည်းဖြုတ်ချတယ်။ ပြီးတော့ အစ်မအေမီဘက်ကို လှည့်ကြည့်တယ်။

"အေမီ ဂျွန်အဆင်ပြေရဲ့လား။"

အစ်မမစ်ခ်က အစ်မအေမီရဲ့ပုခုံးတွေကို လက်နှစ်ဖက်နဲ့ကိုင်ထားရင်း မေးတယ်။ ခင်လာခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးမှာ အစ်မမစ်ခ်အနေနဲ့ ဒီလောက်ထိ တည်ကြည်လေးနက်နေတဲ့ပုံစံမျိုးကို ဗျူးမမြင်ဖူးပါ။ အမြဲတမ်းပြုံးရွှင်နေတတ်တဲ့အစ်မကို အခုလိုမြင်ရတာ ဗျူးအတွက် ဆန်းကြယ်နေပြီး ဒီခံစားချက်ကြီးကို ဗျူးမကြိုက်ပါ။ မကောင်းတဲ့အငွေ့အသက်တွေ ရနေသလိုပဲ။

ဗျူးလိုပဲ အစ်မအေမီလည်း ရုတ်တရက်ပေါ်လာတဲ့ အစ်မမစ်ခ်ကြောင့် အနည်းငယ်ထူးဆန်းသွားပုံပါပဲ။ အစ်မအေမီက ပြန်မဖြေသေးဘဲ အစ်မမစ်ခ်ကို တွေတွေကြီး စိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေထဲမှာ တိမ်ညိုညိုတွေလိုအရိပ်အယောင်တွေဖြတ်ပြေးနေပြီး တစ်ခုခုကို စဥ်းစားနေခဲ့တဲ့ပုံပဲ။ မိနစ်ပိုင်းလောက်တိတ်ဆိတ်နေပြီးမှ အစ်မမစ်ခ်က သူ့အဖြေစကားကို စိတ်ရှည်လက်ရှည်စောင့်နေတာကိုမြင်တော့မှ သက်ပြင်းချပြီးတော့ ခပ်တိုးတိုးပြန်ဖြေတယ်။

"အင်း။ အခုတော့ အိပ်ပျော်သွားပြီ။"

"ကျေးဇူးပဲ အေမီ။ ငါလည်း အခုမှသိလို့။ သိသိချင်းလိုက်လာတာ။"

အစ်မမစ်ခ်လေသံက အဖျားခတ်တုန်ယင်နေတယ်။ မထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုခုကို သိလိုက်ရလို့ ထိတ်လန့်နေတာမျိုးပဲ။ မဟုတ်မှလွဲရော အစ်မများ တစ်ခုခုဖြစ်တာလား။ ဒီအတွေးက ဗျူးကိုတပ်လှန့်ပေးလိုက်တယ်။ ဗျူးဟာ အခန်းတံခါးရှေ့ မတ်တပ်ရပ်နေရင်းနဲ့ အတွေးတွေက အစ်မဆီကို ရောက်နေခဲ့ရပြီ။ တိတ်ဆိတ်နေတဲ့သူတို့နှစ်ယောက်ကို တစ်ချက်ပြန်ကြည့်ပြီး ဗျူးဟာ တံခါးဆီကို ခြေလှမ်းပြင်တယ်။ ဒါပေမဲ့ အစ်မမစ်ခ်က ဗျူးလက်ကောက်ဝတ်ကို လှမ်းဆွဲလာခဲ့တယ်။

"ဗျူး...အစ်မပြောရတာတော့ အားနာတယ်။ ဒီနေ့တော့ ဂျွန့်ကို မနှောင့်ယှက်ပါနဲ့တော့။"

ပြောလာတဲ့အစ်မမစ်ခ်က မျက်နှာသိပ်မကောင်းပါ။ နဂိုကတည်းက အစ်မကိုသတိရနေခဲ့တဲ့ ဗျူးဟာ အလိုလိုဝမ်းနည်းသွားရတယ်။ ဗျူးအခုလိုရောက်လာတာက အစ်မကိုနှောင့်ယှက်ချင်လို့မဟုတ်တာ သူတို့သိရဲ့လား။ အစ်မရဲ့နေ့စဥ်ဘဝလေးထဲ ဗျူးကအနှောင့်အယှက်တစ်ခုသာသာပဲလား။ ဗျူးဟာ အစ်မမစ်ခ်ရဲ့ဂျာကင်အင်္ကျီစကို ဖြည်းဖြည်းချင်းဆွဲပြီး ပြန်မေးမိပါရဲ့။

"ဗျူး မနှောင့်ယှက်ပါဘူး။ အစ်မနဲ့ စကားပြောချင်ရုံပါ။ ဘာလို့ ဗျူးကို အစ်မကိုနှောင့်ယှက်တယ်လို့ ပြောနေကြတာလဲ။"

"အစ်မ သိပါတယ်။ ဒါပေမဲ့လေ ဂျွန်က အခု အရမ်းပင်ပန်းနေတယ်။ သူအနားယူပါစေအုံး...နော်။"

အစ်မမစ်ခ်က နားလည်တဲ့အကြည့်တွေနဲ့ ဗျူးရဲ့လက်ကိုခပ်ဖွဖွကိုင်ပြီးတော့ ပြေရာပြေကြောင်းပြောလာတယ်။ ဗျူးဟာ ပုံမှန်စိတ်အခြေအနေမှာရှိမနေတာ ကိုယ့်ကိုယ်ကိုသိပေမဲ့လည်း ဗျူး အစ်မကိုအရမ်းတွေ့ချင်နေတယ်။ အစ်မကရော ဘာလို့အရမ်းပင်ပန်းနေရတာလဲ။ အစ်မရော ဗျူးလိုမျိုး ဗျူးကိုလွမ်းနေလို့၊ တွေ့ချင်နေလို့များလား။

ဒါပေမဲ့လည်း အစ်မပင်ပန်းပြီးအိပ်ပျော်သွားတာကို အစ်မအေမီက ဘာလို့သိနေရတာလဲ။ အစ်မအေမီကရော ဘာလို့အစ်မအိမ်ကို ရောက်နေရတာလဲ။ သူက ပင်ပန်းနေတဲ့အစ်မနားမှာ ရှိနေခွင့်ရှိပြီး ဗျူးကဘာလို့မရှိရတာလဲ။ ဘာလို့ဗျူးကိုပဲ အိမ်ပြန်ခိုင်းနေတာလဲ။ အစ်မကပင်ပန်းပြီးအိပ်ပျော်နေတယ်ဆိုရင် ဗျူး အစ်မအနားမှာ ရှိနေပေးမှဖြစ်မှာပေါ့။ ဗျူးဟာ ထိုအတွေးနဲ့အတူ ဒေါသထွက်လာခဲ့ရတယ်။ မျက်လုံးထဲမှာ ဘာမှမမြင်တော့။ ဒေါသအခိုးအငွေ့တွေနဲ့အတူ အစ်မအေမီဘက်ကို လှည့်လိုက်တယ်။

"သူကျတော့ အစ်မနားကိုကပ်လို့ရပြီး ဗျူးကျဘာလို့မရတာလဲ။ သူက ဘာလို့ အစ်မအိပ်ပျော်သွားတာကိုသိနေရတာလဲ။"

"မင်း ပါးစပ်ကိုပိတ်ထား ဗျူး။ မင်းကြောင့်သာမဟုတ်ရင် ဂျွန်အခုလိုဖြစ်စရာ အကြောင်းကိုမရှိတာ။''

အစ်မအေမီက ဗျူးစကားကြောင့်နာသွားတဲ့ပုံစံမျိုးနဲ့ ဝုန်းခနဲရှေ့တိုးလာပြီး ဗျူးရဲ့ကော်လံစကိုလာဆွဲတယ်။ မျက်ခမ်းစပ်တွေပါရဲနေတဲ့အထိ ဒေါသထွက်သွားပုံပါပဲ။ ဘာလဲ။ ဗျူးက သူ့ရဲ့ခြေလှမ်းတွေကို သိနေလို့ ရှက်ရမ်းရမ်းနေတာလား။ လည်ပင်းပေါ်ကကော်လံစဟာ ဆုတ်ဆုတ်မွမွညှစ်ကိုင်ခံထားရပေမဲ့ ဗျူးဟာ မာမာထန်ထန်ပဲ သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။

"ခင်ဗျားကရော ဘာလို့ ဒီစကားမျိုးပြောနေရတာလဲ။ အစ်မက ခင်ဗျားနဲ့ဘာဆိုင်နေလို့လဲ။ "

"ငါက ဂျွန့်ရဲ့သူငယ်ချင်း။"

အစ်မအေမီက ဗျူးကိုစူးစူးစိုက်စိုက်ကြည့်ရင်း အံကြိတ်ပြီးတော့ပြောတယ်။ ဗျူးဟာ ဟက်ခနဲရယ်လိုက်မိပါရဲ့။ သူငယ်ချင်းတဲ့လား။ ဘယ်သူငယ်ချင်းက ညကြီးအချိန်မတော် သူ့သူငယ်ချင်းဆိုတဲ့လူအိမ်ထဲက ထွက်လာမှာတဲ့လဲ။ သူ့ပါတနာကြီးငုတ်တုတ်ရှိနေတာကို ဘာလို့များ အစ်မနားမှာပဲလာကပ်နေတာလဲ။ တကယ့်ကို အစ်မနားကလူတွေအကုန်လုံးက အစ်မကိုလိုချင်နေကြတာ။

"ဘာသူငယ်ချင်းလဲ။ ငါတို့ဇာတ်ကားပရိုမိုးရှင်းဆင်းတုန်းက အင်တာဗျူးမှာ ခင်ဗျား အစ်မကိုဘယ်လိုအကြည့်တွေနဲ့ကြည့်နေလဲဆိုတာကို ငါမသိဘူးထင်နေတာလား။ ငါနဲ့အစ်မ အဆင်မ​ပြေတိုင်း အစ်မကိုခေါ်ပြီး အပြင်သွားတာကရော။"

"မင်း!!!"

အစ်မအေမီရဲ့အကြည့်တွေဟာ ချက်ချင်းပြောင်းသွားတယ်။ ဒဏ်ရာကိုအဆွခံလိုက်ရတဲ့ ကျားရဲတစ်ကောင်လို ဖြစ်သွားတဲ့အစ်မအေမီက တည်​ငြိမ်မှုကို လုံးဝမထိန်းနိုင်တော့သလိုပဲ။ ဗျူးလည်ပင်းပေါ်ကအင်္ကျီစကို ခပ်တင်းတင်းဆောင့်ဆွဲတယ်။ တင်းကြပ်လွန်းတဲ့ခံစားချက်ကြောင့် ဗျူးဟာ လည်ပင်းအစ်လာခဲ့ရပြီး မျက်လုံးတွေပြာလာခဲ့ရတယ်။ ဒါပေမဲ့ မာနကြောင့် အံကိုကြိတ်ပြီး တောင့်ခံထားဆဲ။ အစ်မမစ်ခ်ဟာ နှစ်ယောက်ကြားကို နောက်တစ်ခေါက်ထပ်ရောက်လာတယ်။ ပြီးတော့ နှစ်ယောက်လုံးရဲ့ရင်ဘတ်ကိုအားနဲ့တွန်းပြီးတော့ နောက်ဆုတ်စေတယ်။

"အေမီ တော်တော့။ ဗျူးလည်းတော်တော့။ ရန်မဖြစ်ကြနဲ့တော့။"

"ဘာဖြစ်နေကြတာလဲ။"

အခန်းတံခါးဖွင့်သံကြောင့် ဗျူးဟာ ရန်စောင်နေရာကနေ ဖြတ်ခနဲလှည့်ကြည့်လိုက်မိတယ်။ အစ်မများလားလို့ ရင်ထဲမှာ လှုပ်ရှားသွားပေမဲ့ အစ်မမဟုတ်ခဲ့ပါ။ အဲ့ဒီအစား ဒီမှာတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှမထင်မှတ်ထားတဲ့သူ ဖြစ်နေခဲ့တယ်။

"ဘာမှမဖြစ်ဘူး မေ။ ဒီတိုင်းစကားပြောနေကြတာ။ အခုပဲပြန်ကြတော့မလို့။"

အစ်မအေမီက ခဏငြိမ်နေပြီးမှ တံခါးဝမှာရပ်နေတဲ့သူ့ကို အားနာပြုံးပြုံးပြီး ပြန်ဖြေတယ်။ ဗျူးဟာ ဘယ်လိုမှမထင်မှတ်ထားတာမို့ ဘာစကားမှတောင်မဆိုနိုင်။ နေရာမှာတင် ကြက်သေသေလျက်။

မေယာဒါ။ အတိအကျပြောရရင် IDFက အစ်မရဲ့ငယ်သူငယ်ချင်း မေ။ ဗျူးအနေနဲ့ အစ်မအကြောင်းကို အရမ်းကြီးစိတ်မဝင်စားပေမဲ့လည်း အစ်မက အရင်တုန်းက သူ့သူငယ်ချင်းတွေအကြောင်းကို ပြောပြဖူးတာမို့ နားယဥ်နေခဲ့တယ်။ အထူးသဖြင့် မေနဲ့ဂျွန်လို့ကြားရတိုင်း ဘာလို့နာမည်နှစ်ခုက တွဲလျက်ဖြစ်နေတာလဲဆိုပြီး အစ်မကို စိတ်ကောက်ခဲ့ဖူးတယ်။

ဒါပေမဲ့လည်း အစ်မက မေ့မှာ သူ့ပါတနာရှိနေသလို ဗျူးပြောတဲ့အတိုင်းသာ အဓိပ္ပါယ်ကောက်မယ်ဆိုရင် ဇွန်လမှာမွေးတဲ့ ဗျူးကရော အစ်မနဲ့သက်ဆိုင်နေတာမလားလို့ ပြုံးပြုံးလေးပြန်ဖြေရှင်းခဲ့ဖူးတယ်။ အဲ့တော့လည်း ဗျူးဟာ မျက်နှာနီနီလေးကို အစ်မရဲ့ပုခုံးသေးသေးလေးတွေမယ်အပ်ရင်း အရှက်သည်းခဲ့ရပြန်ရဲ့။ လွမ်းစရာကောင်းတဲ့အမှတ်တရတွေကို ပြန်သတိရတော့လည်း ဗျူးဟာ မျက်ရည်ဝိုင်းရတယ်။

အစ်မမေရဲ့ပုံစံက ဒီအချိန်ကြီးထိ အဝတ်အစားမလဲရသေး။ မသိရင် ရိုက်ကွင်းကတန်းလာခဲ့သလိုပဲ။ အစ်မမေက ငြိမ်နေရင်းနဲ့ပဲ ဗျူးတို့သုံးယောက်ကို တစ်ချက်အကဲခတ်တယ်။ ဗျူးဆီကို အကြည့်တွေရောက်လာချိန်မှာတော့ မျက်ဝန်းတွေက သိသိသာသာကျဥ်းမြောင်းသွားတယ်။ ဗျူးဟာ အင်္ကျီစကိုဆုပ်ကိုင်ထားရင်း နေရခက်လာရတယ်။ သူ့မှာ ဗျူးကိုပြောစရာတွေ ရှိနေတဲ့ပုံပဲ။ အစ်မရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် အနေနဲ့လား။ ဗျူးဟာ ကိုယ်ကိုမတ်အောင်တောင် မနည်းအားကန်ရပ်နေခဲ့ရတာပါ။

"အိုခေ ညနက်နေပြီ။ ဂရုစိုက်ပြန်အုံးနော် အေမီ။"

ဗျူးကို မရှိသလိုသဘောထားလိုက်ပုံရတဲ့ အစ်မမေက အစ်မမစ်ခ်ကိုခေါင်းညိတ်နှုတ်ဆက်ပြီးတော့ အစ်မအေမီကို ပြန်ပြောတယ်။ အစ်မအေမီက သက်ပြင်းချပြီးတော့ လက်မှာပတ်ထားတဲ့နာရီကို တစ်ချက်ငုံ့ကြည့်တယ်။

"ဂျွန်နိုးလာရင် ငါ့ကိုဖုန်းတစ်ချက်ဆက်ပေးနော် မေ။"

"ဟုတ်ပြီ။ ငါဆက်လိုက်မယ်။"

အစ်မမေက ခပ်ပါးပါးတစ်ချက်ပြုံးပြပြီး အစ်မအခန်းထဲကို ပြန်ဝင်သွားတယ်။ ပိတ်သွားတဲ့တံခါးကိုကြည့်ရင်း ဗျူးဟာ လေဟာနယ်ထဲကို မြောလွင့်သွားတဲ့အမှုန်တစ်စလို ခံစားလိုက်ရတယ်။ ဒီလောက်အသံတွေဆူညံပြီးရန်ဖြစ်နေတာတောင် အစ်မထွက်မလာတာကရော အိပ်ပျော်နေလို့လား။ မဖြစ်နိုင်တာ။ အစ်မက ဒီလောက်အအိပ်ဆတ်တဲ့သူ။ သူ့အခန်းကို ဗျူးညဘက်ရောက်ရောက်လာတိုင်း အစ်မက ဗျူးခြေသံကြားတာနဲ့ နိုးသွားတတ်တာကို။

ဒါပေမဲ့ ဘာလို့ အစ်မမေက အစ်မအိမ်ကိုရောက်နေရတာလဲ။ ပြီးတော့လည်း အစ်မအေမီနဲ့အတူရောက်နေခဲ့တာ။ ကြည့်ရတာ အစ်မမေက ဒီည အစ်မအိမ်မှာပဲ အိပ်မဲ့ပုံပဲ။ ဘယ်တုန်းကစပြီး အစ်မအိမ်မှာ Sleepover လုပ်နေကြတာလဲ။ ဒီလို ကိုယ့်ကိုယ်ကိုပြန်မေးမိလည်း တကယ်တမ်းကျ ဗျူးမှာ အဖြေရှိမနေ။

"ဗျူး အခုသောက်ထားတယ်မလား။ ဂျွန်က ပင်ပန်းနေတာ။ အဲ့ဒါကြောင့် ဗျူးနဲ့စကားပြောရင် ဂျွန်က ပိုစိတ်ဆိုးသွားလောက်တယ်။ ညလည်းနက်နေပြီဆိုတော့ ဒီနေ့တော့ ပြန်လိုက်တော့။ နောက်မှလာ ဟုတ်ပြီလား။"

အစ်မမစ်ခ်က ဗျူးပုခုံးကိုခပ်ဖွဖွပုတ်ရင်း လေသံပျော့ပျော့နဲ့ပြောလာတော့ ဗျူးဟာ အလဟဿစိတ်တိုဒေါသထွက်မိလိုက်တဲ့လုပ်ရပ်ကို နည်းနည်းတော့ အရှက်ရသွားရတယ်။ အစ်မအေမီ အစ်မအိမ်ထဲကနေထွက်လာတာမြင်လို့ ထပြီးပေါက်ကွဲသွားမိပေမဲ့ အစ်မမစ်ခ်က မဟုတ်တာပြောမဲ့သူမျိုးမဟုတ်တာကို ဗျူးယုံတယ်။ ထားပါ။ အစ်မအရမ်းပင်ပန်းနေတယ်ဆိုရင်လည်း နားပါစေတော့။ ဗျူးမှာ အစ်မနဲ့စကားပြောဖို့ အချိန်တွေရှိနေသေးတာကို။

ပြီးတော့ ဗျူးအခုလို ရီဝေဝေဖြစ်နေပုံမျိုးနဲ့ဆို အစ်မက စိတ်ဆိုးမပြေတဲ့အပြင် ပိုပြီးစိတ်ဆိုးသွားနိုင်တယ်။ စကားလည်း မယ်မယ်ရရထွက်လာမှာမှ မဟုတ်တာ။ ဗျူးဟာ ခေါင်းငိုက်စိုက်ကျသွားတယ်။ အစ်မအေမီက နောက်ဆုံးအနေနဲ့ အစ်မမစ်ခ်ကို တစ်ချက်ပြန်ကြည့်ပြီးတော့ ခေါင်းဆတ်ပြတယ်။ ပြီးတော့ ဗျူးကိုလှည့်မကြည့်ဘဲ ဓာတ်လှေကားရှိရာကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားခဲ့တယ်။

အစ်မမစ်ခ်က ဗျူးပုခုံးကိုဆွဲဖက်ရင်း သူနဲ့အတူတွဲခေါ်သွားတဲ့အတွက် ပိတ်ထားတဲ့အစ်မရဲ့အခန်းတံခါးကို လှည့်ကြည့်၊ လှည့်ကြည့်ရင်းနဲ့ပဲ ဗျူးဟာ တပ်​ခေါက်ပြန်လာခဲ့ရပါတယ်။

_________________________________

#tobecontinued

Fun Fact: The Marvellous Dream is Youရိုက်တဲ့ FayMayက Mayက Juneနဲ့ ခင်လာတာ နှစ်တော်တော်ကြာပါပြီ။

Charm || 23 Mar,2025

Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net