Chapter - [15]

Background color
Font
Font size
Line height

တစ်ခွက်၊ နှစ်ခွက်၊ သုံးလေးခွက်ဆက်သွားတော့ ကောင်တာက ဘားမန်းအစ်ကိုက တစ်ချိန်လုံးစောင့်ကြည့်နေရာကနေ ဗျူးကို ဟန့်တယ်။ ထပ်မ​ရောင်းနိုင်တော့ဘူးဆိုတော့လည်း ဗျူးလည်း ဘာတတ်နိုင်မှာလဲ။ ကျသင့်ငွေရှင်းပြီး ပြန်ရုံပဲပေါ့။

ကားဆီလျှောက်လာတဲ့တစ်လျှောက်လုံး ဗျူးခြေလှမ်းတွေက အဲ့လောက်မယိုင်နေပါ။ ဒီလိုတွေသောက်ဖြစ်တာကလည်း တစ်ခါ၊ နှစ်ခါမကတော့မှတော့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိနေပြီ။ ဒါပေမဲ့ တထောင်းထောင်းထနေတဲ့အရက်နံ့ကြောင့် ဘေးလူတွေကတော့ ကွက်ကြည့်ကွက်ကြည့်။ သူငယ်ချင်းတွေနဲ့လာနေကျဘားမို့ သတင်းတွေအပြင်ပြန်ထွက်မှာတော့ စိတ်ပူစရာမလို။

ဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်ပြီး ဘေးခုံပေါ်ပစ်တင်လိုက်တယ်။ ချောနေတဲ့ခုံကြောင့် ကြမ်းပြင်ပေါ်ကိုပဲ ဖြစ်သလိုပြုတ်ကျသွားပေမဲ့ ပြန်မကောက်ဖြစ်။ အစ်မသာဆိုရင် အင်္ကျီအကောင်းစားတွေကို အဲ့လိုမလုပ်ရဘူးလို့ ခပ်တိုးတိုးပြောရင်း ပြန်ခေါက်ပေးနေအုံးမှာ။ ကားပေါ်မှာလည်း ဖုန်နံ့၊ အရက်နံ့တွေချည်းပဲ။ ခပ်စူးစူးကားရေမွှေးနံ့က ဗျူးကို ခေါင်းပိုကိုက်စေတယ်။

မေမေလဲပေးထားတာ ထင်တာပဲ။ ဘယ်လိုအနံ့ကြီးများလဲ။ ဒီအနံ့ကို ရလေလေ၊ ဗျူးဟာ ဇောချွေးတွေပြန်လာလေလေ။ ဗျူးဟာ ကားမမောင်းနိုင်သေးဘဲ တဆစ်ဆစ်ကိုက်နေတဲ့ နားထင်ကိုဖိရင်း ရေမွှေးပုလင်းကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်။

ဒါတောင် ဗျူးရဲ့သွေးသားတွေက မတည်ငြိမ်သေး။ အသက်ရှုရတာမွန်းကြပ်နေပြီး အလာဂျီကြောင့် ဖြူဆွတ်နေတဲ့အသားအရေပေါ်မှာ အနီရောင်အကွက်အကွက်တွေပေါ်လို့။ အနံ့တွေကို sensitive ဖြစ်တဲ့ဗျူးအကြောင်းကို သိတာက အစ်မပဲဖြစ်ပြီး အစ်မမရှိတော့ ဗျူးနဲ့တည့်တဲ့ ကားရေမွှေးကိုအမြဲလဲပေးမဲ့သူလည်း မရှိတော့။

အုံခဲနေတဲ့ခေါင်းကိုလျစ်လျူရှုပြီး ကားကိုထိန်းမောင်းရင်း လမ်းမပေါ်ကို ရောက်လာခဲ့တယ်။ သွေးထဲကအယ်လ်ကိုဟောပမာဏအရ အခုနေများ ယာဥ်ထိန်းရဲကဖမ်းရင် ဗျူးတော့ဒုက္ခရောက်ရအုံးမယ်။

ဒါပေမဲ့လည်း ကိုယ်တိုင်မှမမောင်းရင် ဘယ်သူ့ကိုခေါ်ရပါ့မလဲ။ အရက်သောက်ထားတဲ့အရှိန်ရယ်၊ ရေမွှေးကြောင့်ဖြစ်တဲ့အလာဂျီရယ်နဲ့ ဗျူးဟာ ကားကို ဘယ်လိုမှကောင်းကောင်း အာရုံစိုက်မောင်းလို့မရ။ တစ်ကိုယ်လုံးယားယံနေပြီး ပူလောင်လွန်းလှတာမို့ ကားအဲကွန်းကို အဆုံးထိတင်လိုက်ပေမဲ့ ရင်ကပူနေတုန်းပဲ။

နဖူးကိုပြန်ကိုင်ကြည့်မိတော့ လက်ပေါ်မှာ သိသိသာသာရွှဲလာတဲ့ ချွေးစေးတွေ။ လမ်းမီးတွေလင်းနေတာတောင်မှ အမြင်အာရုံတွေ ဝါးလာသလိုပဲ။ မနက်ခင်းမြူတွေဖုံးနေတဲ့လမ်းမကြီးကို ကြည့်နေရသလိုမျိုး ခံစားနေရတာ။ ဗျူးစိတ်တွေထဲ ဘာတွေဖြစ်နေမှန်းကိုလည်း ဗျူးမသိတော့။ စိတ်ကိုတင်းထားပြီးကားဆက်မောင်းဖို့ကြိုးစားလည်း ခန္ဓာကိုယ်က ပိုပိုပြီးအားနည်းလာသလိုပဲ။

ချွေးပြန်လာတာက တော်တော်ဆိုးလာပြီး တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနေပြီ။ ရှေ့မှန်က မြင်ကွင်းဟာလည်း မျက်လုံးထဲမှာ မရှင်းလင်းတော့။ ဝေဒနာကိုသည်းခံပြီးဆက်မောင်းနေပေမဲ့ ဗိုက်တွင်းကပါ စူးအောင့်လာတဲ့နောက်တော့ ဗျူးဟာ ဘယ်လိုမှ ဆက်မရပ်တည်နိုင်တော့။ ကားကို မီးပြပြီး လမ်းဘေးချရပ်လိုက်ရတယ်။ ရုတ်တရက်လမ်းကြောင်းပြောင်းသွားတဲ့ကားကြောင့် နောက်ကားတွေက ဆဲသွားပြီး အရှိန်နဲ့ဘေးက ဖြတ်သွားကြတယ်။

ပါကင်ဂီယာထိုးထိုးပြီးချင်းမှာပဲ ခါးပတ်ကိုဆွဲဖြုတ်ပြီးတော့ ဗျူးဟာ ခုံကိုနောက်လှန်ချပြီး လူးလွန့်ထွက်လိုက်ရတယ်။ ဗိုက်က တော်တော်လေးကိုအောင့်နေတာ။ အစာအိမ်ထပ်နာပြန်ပြီ။ ညနေစာမစားဘဲ အရက်ပြင်းတွေပဲ လှိမ့်သောက်တဲ့အကျိုးဆက်ဟာ အရင်က ဝေဒနာဟောင်းကို ပြန်ကြွစေပြန်ပြီထင်တယ်။ ဒါဆိုရင် ကားကိုဆက်မောင်းလို့မဖြစ်။ ဆေး၊ ဆေးသောက်မှဖြစ်မယ်။

ဗျူးဟာ အစာအိမ်ဆေးကိုသတိရသွားတဲ့အခါ လက်ကိုင်အိတ်ကို ကမန်းကတန်း ဖွင့်ရှာရတယ်။ ဖုန်း၊ ပိုက်ဆံအိတ်၊ အခြားအရာတွေ၊ ထွက်လာသမျှပစ္စည်းတွေဟာ ဖရိုဖရဲ။ ဒါပေမဲ့လည်း ရှာနေတဲ့ဆေးကတ်ကတော့ထွက်မလာ။ ဗျူးခန္ဓာကိုယ်ထဲကအားအင်တွေ ကုန်ခမ်းသွားသလိုမျိုး တစ်ကိုယ်လုံးဟာ နုံးချည့်နေပြီး အာခေါင်တွေလည်းခြောက်လာတယ်။

ဆိုးရွားလွန်းတဲ့အခြေအနေကြောင့် ဗျူးဟာ တဖြည်းဖြည်းနဲ့ဇောချွေးတွေ ပိုပြန်လာရတယ်။ ခေါင်းကလည်း တဆစ်ဆစ်ကိုက်နေတုန်း။ ဖုန်းဆက်ရအောင် ဘယ်နေရာကို ရောက်နေမှန်းလည်း ဗျူးမသိ။ တစ်ယောက်ယောက်ကို အကူအညီတောင်းရအောင်လည်း သူတို့မလာခင်မှာ ဗျူးတစ်ခုခုဖြစ်သွားနိုင်တယ်။ အရင်တုန်းကဆို ဗျူးအရက်သောက်ထားတိုင်း အစ်မကပဲကားမောင်းပြီး သူ့အိမ်ကိုခေါ်သွားခဲ့တာ။ အစာအိမ်နာတိုင်းလည်း အစ်မပဲ ဆေးတိုက်နေကြ။ အစ်မရဲ့မျက်နှာကိုပြန်မြင်ယောင်မိတော့ အောင့်နေတဲ့ ဝမ်းဗိုက်ကိုလက်နဲ့ဖိထားရင်း ဗျူးဟာ ငိုချင်လာခဲ့တယ်။

အစ်မမရှိတဲ့နေ့ရက်တွေက ခါးသီးပြီးပင်ပန်းရတယ်။ အရင်လို အစ်မအသံလေးကြားချင်တယ်။ အစ်မရဲ့စိုးရိမ်နေတဲ့မျက်ဝန်းလှလှလေးတွေကို ပြန်ငေးကြည့်ချင်တယ်။ အစ်မဆီက ဂရုစိုက်တာလေး ခံချင်တယ်။ အစ်မသာ ဗျူးအနားမှာရှိနေရင် ဗျူးအခုလိုဖြစ်နေမှာမဟုတ်။ အခုတော့ အစ်မက အနားမှာမရှိ။ ဗျူးဟာ သတ်မှတ်ချက်မရှိတဲ့နေရာကြီးမှာ တစ်ယောက်ထဲရယ်။

နားထင်ကချွေးစေးတွေက ရေစက်တွေလို ခုံပေါ်ကို တတောက်တောက်ကျလို့။ ဗျူးဟာ လက်နဲ့ပဲ ဖြစ်သလိုသုတ်လိုက်ပြီးတော့ နားရွက်တွေကိုအုပ်ထားမိတယ်။ ဗိုက်ထဲကနာကျင်မှုက မသက်သာတဲ့အပြင် နားထဲမှာ လေတွေထွက်ပြီးတော့ အသံတွေဆူဝေနေတယ်။ ပိုပိုပြီးပြာလာတဲ့မျက်ဝန်းတွေကြား ဘယ်လိုလုပ်ရမှန်း ဗျူးတကယ်ကိုမသိ။

"အစာအိမ်ဆေးက လက်တင်ခုံအောက်မှာ။"

နားထဲမှာ ပီပီသသကြီးကြားလိုက်ရတဲ့အစ်မအသံ။ အစ်မ၊ အစ်မ ဗျူးဆီကိုရောက်လာတာလား။ ဗျူးဟာ နားရွက်တွေကိုအုပ်ထားရာကနေ အနောက်ခုံကို ဖြတ်ခနဲ လှည့်ကြည့်မိတယ်။ နောက်ခန်းမှာ ဘယ်သူမှရှိမနေပါ။ တိတ်ဆိတ်အေးစက်နေတဲ့ကားထဲမှာ ဗျူးဟာ တစ်ယောက်ထဲ။

ဒီအချိန်မှာ ဘာရယ်လို့ ရှည်ရှည်ဝေးဝေးတွေ မတွေးနိုင်။ ဗျူးဟာ ခပ်မြန်မြန်ပဲ လက်တင်ခုံကိုလှန်တင်လိုက်ပြီးတော့ အစာအိမ်ဆေးကတ်ကို ရှာရတယ်။ အံ့အားသင့်စရာကောင်းစွာနဲ့ပဲ အစ်မထားပေးခဲ့တုန်းကအတိုင်း ဆေးကတ်ဟာ ရှိနေတုန်းပဲ။ နှစ်လုံးလောက် တစ်ပြိုင်နက်မော့ချလိုက်ပြီးတော့ ဗျူးဟာ ရေဘူးကိုပိုက်ပြီးတော့ ခုံပေါ်မှာအရုပ်ကြိုးပြတ်။

မျက်ဝန်းတွေကိုမှိတ်ပြီး သက်သောင့်သက်သာ ငြိမ်နေလိုက်တော့မှ တဖြည်းဖြည်း​ငြိမ်လာတဲ့သွေးသားတွေနဲ့ လျော့လာတဲ့ဝေဒနာတွေ။ မီးလုံးကြီးကိုမျိုချထားရသလို ရင်ထဲကဒဏ်ရာတွေဟာ တဖြည်းဖြည်းသက်သာလာခဲ့တယ်။ ဗျူးဟာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီးတော့ အုံခဲနေတဲ့ခေါင်းကို ပိုပြီးရှင်းအောင် ငြိမ်နေလိုက်မိတယ်။ ဒါပေမဲ့လည်း အာရုံထဲမှာ အစ်မမျက်နှာကလွဲပြီး ဘာမှပေါ်မလာ။

အစ်မက အရင်တုန်းကအတိုင်းပဲ။ ဗျူးကိုလှည့်ကြည့်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလို့။ အဲ့ဒီနှုတ်ခမ်းကွေးကွေးလေးတွေကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ။ နွေးထွေးလွန်းတဲ့ဒီအပြုံးမှာ ဗျူးဟာ ငိုချင်လာရတယ်။ အစ်မကို သူမလွမ်းဘူးလို့ သူ့ကိုယ်သူ ဘယ်လောက်လိမ်လိမ် မျက်လုံးနှစ်လုံးပွင့်တာနဲ့ အစ်မနာမည်ကိုပဲ အရင်ဆုံး ခေါ်ခေါ်မိနေတာမလား။ ကိုယ့်အိပ်ယာထက် အစ်မရဲ့အိပ်ယာခင်းတွေကြား တိုးဝှေ့ရတဲ့နေ့တွေကိုပဲ တောင့်တခဲ့ရတာ။

မျက်ခမ်းစပ်တို့ဟာ တဖြည်းဖြည်းနဲ့စိုစွတ်လာပြီးတော့ တကယ်ကြီး ဝေးသွားကြပြီလားဆိုတာကိုတွေးမိတော့ ဗျူးဟာ အရူးတစ်ယောက်လို ကားစတီယာတိုင်ကို လက်တွေနဲ့ကယောင်ကတမ်း ရိုက်ချလိုက်တယ်။ တီခနဲ အသံရှည်ကြီးဆွဲပြီးမြည်သွားတဲ့ ဟွန်း။ ထုံကျင်သွားတဲ့လက်ဖဝါးပြင်တွေ။ ပြီးတော့ ပါးပြင်ပေါ်ကို စီးကျလာတဲ့မျက်ရည်စတွေ။ လမ်းမပေါ်မှာ ဖြစ်သလိုရပ်ထားတဲ့ကားတစ်စီးထဲမှာ ဗျူးဟာ အချိန်အတော်ကြာအောင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုချမိခဲ့တာ။

လေတိုးသံတွေကြားတဲ့အခါ အစ်မများလားလို့
လှည့်ကြည့်မိပေမဲ့ အရာရာဟာ ဗလာပါပဲ။

ဗျူးရဲ့လရိပ်ကလေးဟာ နောက်ပြန်မကြည့်ဘဲ
ဗျူးဘဝထဲက တကယ်ထွက်သွားတာ။

_________________________________

#tobecontinued

Charm || 21 Mar,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net