Chapter - [13]

Background color
Font
Font size
Line height

"စားလေ...ပုဇွန်တွေကျက်နေပြီကို။"

အငွေ့တထောင်းထောင်းထနေတဲ့ အကင်အိုးကို သူငေးနေတာ ဘယ်လောက်ကြာသွားလဲမသိ။ နမ်တန်ပြောလာမှ အသိဝင်လာရတယ်။ ထိတ်ထိတ်ပြာပြာနဲ့ တူလိုက်ရှာတော့ သူ့ဘက်ခြမ်းက အသားတွေကိုလှန်နေတဲ့ နမ်တန်ကရယ်ပြီးတော့ မစ်ခ်ရဲ့ပန်းကန်ထဲကို ပုဇွန်တွေထည့်ပေးလာတယ်။

ရေစိုနေဆဲဆံပင်တွေ၊ အိုဗာဆိုဒ်တီရှပ်အနက်ရောင်နဲ့ နမ်တန်က နှစ်နာရီလောက် ရေကူးအပြီးမှာလန်းဆန်းနေပေမဲ့ မစ်ခ်ကတော့ ခန္ဓာကိုယ်ထဲက အားတွေကုန်သွားသလိုပဲ။ သိသိသာသာနွမ်းနယ်နေတဲ့ခန္ဓာကိုယ်နဲ့ မူကထအိုးရှေ့မှာ ငုတ်တုတ်မေ့နေခဲ့ရတယ်။ အသားစားလို့မရတဲ့သူ့အတွက်ကတော့ ထုံးစံအတိုင်းပင်လယ်စာနဲ့ ကြက်သားတွေပါပဲ။ နမ်တန်က အကြောတစ်ချက်ဆန့်ပြီးတော့ သူ့မျက်မှန်မှာရိုက်သွားတဲ့ အငွေ့တွေကို အင်္ကျီနဲ့ သုတ်နေတယ်။

"နမ်..."

"အေး..."

"ဂျွန်နဲ့ စကားပြောဖြစ်လား။"

နမ်တန်က မျက်ခုံးပင့်သွားတယ်။ ပြီးတော့ မျက်မှန်ကိုပြန်တပ်ပြီး မစ်ခ်ကိုပြန်ကြည့်တယ်။ မစ်ခ်နဲ့ 96 Linerတူသူငယ်ချင်းက အပေါင်းအသင်းများတဲ့သူမို့ သူ့ဆီမှာ သတင်းစုံလေ့ရှိတယ်။ ပြီးတော့ ပလူတိုက ရိုက်ကူးရေးတွေရှိနေတုန်းဆိုတော့ ကုမ္ပဏီကလူတွေနဲ့ စကားပြောဖြစ်နေမှာပဲ။

"မပြောဖြစ်ဘူး။ သူ့ကို ကုမ္ပဏီမှာတောင် မတွေ့တာကြာပြီ။"

"ဗျူးနဲ့ရော။"

"တစ်ခါတွေ့သေးတယ်။"

နမ်တန်က စကားရပ်ပြီးတော့ အအေးပိုက်ကိုကိုက်ပြီး တစ်ခုခုကို စဥ်းစားနေတယ်။ အထူးအဆန်းပဲ။ ပုံမှန်ဆို မစဥ်းစားဘဲ စိတ်ထဲရှိတာကိုပြောချတတ်တဲ့ နမ်တန်က ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်စဥ်းစားနေတယ်။ မစ်ခ်ဟာ ပြည်ကြီးငါးကင်ကို ဝါးရင်း သူ့ကိုမေးဆတ်ပြလိုက်တော့ နမ်တန်က သက်ပြင်းပူပူကို မှုတ်ထုတ်တယ်။

"သူ အရင်နဲ့မတူဘူး။ စိတ်နဲ့လူနဲ့သိပ်မကပ်သလိုပဲ။"

"ဟုတ်လား။ ငါနဲ့က ပြိုင်ပွဲပြီးကတည်းက မတွေ့ဖြစ်တာ။"

"ငါလည်း သေချာမသိပါဘူး။ ဖင်မ်တောင် သတိထားမိတာဆိုတော့ နည်းနည်းထူးဆန်းလို့။"

အေးချမ်းတဲ့ဖင်မ်။ လူတွေကို သိပ်စိတ်မဝင်စားတဲ့ဖင်မ်။ အဲ့ဒီလိုဖင်မ်ကတောင် သတိထားမိတဲ့အထိ ဗျူးဟာ ဘယ်လိုတွေဖြစ်နေခဲ့တာလဲ။ ပြိုင်ပွဲတုန်းကတော့ ဂျွန့်ကိုလည်တဆန့်ဆန့်နဲ့ လိုက်ကြည့်နေတာကို မစ်ခ်သတိထားမိပါတယ်။ မစ်ခ်နဲ့အသင်းတူတဲ့ ဂျွန့်ရဲ့ပါတနာအသစ်ကိုလည်း မီးတွေတောက်နေတဲ့အကြည့်တွေနဲ့ လိုက်ကြည့်နေခဲ့သေးတာ။

မြူးနစ်က မဆိုး။ စကားပြောတာ သွက်လက်ပြီးတော့ ဖော်ဖော်ရွေရွေရှိတယ်။ လူချစ်အောင်နေတတ်တယ်လို့ ပြောရမှာပဲ။ ရိုက်ကွင်းမှာကတည်းက မစ်ခ်နဲ့တောင် အပြန်အလှန်ဖောလိုးကြသေးတယ်။ ဗျူးနဲ့တော့ အဖြူနဲ့အမည်းလို ဆန့်ကျင်ဘက်။ သူနဲ့သတင်းထွက်နေတဲ့ပါတနာအများကြီးကြားက မြူးနစ်ကိုဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာကိုတော့ မစ်ခ်မတွေးတတ်။

"ဒါနဲ့ ဂျွန်က Therapistနဲ့ ပြထားတာဆိုတော့ ရိုက်ကွင်းမှာ နည်းနည်းဂရုစိုက်လိုက်အုံး။ ဗျူးကြောင့် သူတော်တော်စိတ်ထိခိုက်သွားပုံရတယ်။"

နမ်တန့်ဆီက ကြားရတဲ့သတင်းအသစ်မှာ မစ်ခ်ဟာ ဆတ်ခနဲ ခေါင်းထောင်သွားတယ်။ တစ်ဆက်ထဲမှာပဲ ချွမ်ခနဲမြည်သံနဲ့အတူ လက်ထဲကတူဟာ စားပွဲပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ ဒါပေမဲ့လည်း မစ်ခ်မှာ ပြန်ကောက်ဖို့ စိတ်ကူးရှိမနေ။ အဲ့ဒီအစား သိချင်တာကို အလျင်အမြန်မေးလိုက်မိတယ်။

"နေအုံး ဂျွန်က စိတ်ရောဂါအထူးကုနဲ့ပြတယ်လို့ပြောလိုက်တာလား။"

"နင် အဲ့အကြောင်း မသိသေးဘူးလား။"

နမ်တန်က မစ်ခ်ကို ခပ်တွေတွေစိုက်ကြည့်တယ်။ မစ်ခ်ဟာ မျက်ခုံးတွေကိုတွန့်ချိုးထားမိရင်း သူ့ကိုနားမလည်သလို ပြန်ကြည့်မိခဲ့တယ်။ အခုတော့ မူကထကိုဆက်စားချင်စိတ်လည်း မစ်ခ်မှာမရှိတော့။ ဂျွန့်ကိုတွေ့တုန်းက သိသိသာသာဖျော့တော့နေတာကို သတိထားမိပေမဲ့ အခုလောက်ကြီး ထိခိုက်သွားလိမ့်မယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းပဲမို့ မစ်ခ်ဟာ စိတ်ရင်းနဲ့စိတ်ပူမိပါတယ်။ ဗျူးသူ့အပေါ်လုပ်လိုက်တဲ့လုပ်ရပ်က သူ့စိတ်ကို ဒီလောက်ထိ ထိခိုက်သွားစေတာလား။ ကုမ္ပဏီအတွင်းမှာ တိုးတိုးတိတ်တိတ်ပျံ့နေတဲ့သတင်းကို ကြားခဲ့တုန်းက ဆိုးရွားတာကိုသိပေမဲ့ အပြည့်အစုံကိုတော့ မစ်ခ်မသိခဲ့ရသေးပါ။ အခုအခြေအနေက ထင်ထားတာထက်တောင် ပိုပြီး ဆိုးရွားနေတာပဲ။

"ဗျူးနဲ့ပရောဂျက်ပြီးကတည်းက ဂျွန်က ဒီ 2024 ဒုတိယပိုင်းကို Acting Breakယူထားတာလေ။ ကုမ္ပဏီကသူ့ကို Main Roleတစ်ခုစီစဥ်ပေးဖို့ လုပ်နေပေမဲ့ Mental Health Issueမို့ ခွင့်ပြုလိုက်ရတာ။"

ခဏလောက် မစ်ခ်ကိုစိုက်ကြည့်နေပြီးမှ နမ်တန်က ခပ်ဖြည်းဖြည်းပြန်ဖြေလာတယ်။ အမြဲတမ်းပြုံးနေတတ်တဲ့ နမ်တန်ရဲ့မျက်နှာအမူအယာကိုကြည့်ရပုံအရ သူဟာ ဒီအကြောင်းကို မစ်ခ်ကိုပြောရခက်နေပုံပဲ။

နမ်တန်က အကြည့်တွေလွှဲသွားတယ်။ အခုများတော့ မူကထအိုးပေါ်မှာ တပေါက်ပေါက်ပေါက်နေတဲ့ သုံးထပ်သားတွေဆီက အသံကပဲ နှစ်ယောက်ကြားမှာ ခြားထားတယ်။ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မေးစရာတွေ ရှိနေခဲ့ကြတာ။ မိနစ်ပိုင်းခန့်အကြာမှာတော့ လေးလံနေတဲ့လျှာကိုအားယူပြီး မစ်ခ်ပြန်မေးမိတယ်။

"နမ် နင်အဲ့ဒီအကြောင်းကို ဘယ်ကနေသိတာလဲ။"

"ဆိုက်ဇီ နင့်ကို မပြောဘူးလား။ အဲ့ဒီ Therapistက ဆိုက်ဇီရဲ့ အသိပဲလေ။"

နမ်တန့်လေသံက စိတ်ရှုပ်မှုကြောင့် အနည်းငယ်မာထန်နေတယ်။ ဒါပေမဲ့လည်း လုံးဝကို အဆက်အစပ်မရှိဖြစ်နေတဲ့မစ်ခ်ကိုကြည့်ရင်း နမ်တန်ဟာ မျက်မှောင်သိသိသာသာကြုတ်သွားတယ်။

"ဟင့်အင်း ငါမသိဘူး။"

မစ်ခ်ဟာ ခေါင်းကိုက်ချင်လာတာကြောင့် နားထင်ကို လက်ညှိုးလက်မနဲ့ အသာဖိလိုက်ရတယ်။ နမ်တန်ဟာ မစ်ခ်ကို မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်နေဆဲ။

"ဆိုက်ဇီနဲ့ငါ ရှေ့အပတ်တုန်းက တွေ့ခဲ့သေးတယ်။ ငါသူ့ကိုဂျွန့်အကြောင်းမေးပေမဲ့ သူငါ့ကိုဘာမှမပြောဘူး။"

မစ်ခ်ရဲ့စကားအဆုံးမှာ နမ်တန့်မျက်လုံးတွေထဲ တစ်စုံတစ်ရာကို နားလည်သွားတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။ ကြုတ်ထားတဲ့မျက်မှောင်တွေ ပြေလျော့သွားတယ်။ မစ်ခ်ဟာ ကိုယ့်သူငယ်ချင်းကိုယ် ပြန်ကြည့်ပြီး ဇဝေဇဝါဖြစ်နေဆဲ။

"စကားမစပ်မိလို့ ထင်တယ်။"

မစ်ခ်ဆက်မေးချင်သေးပေမဲ့ နမ်တန်က စကားကို လျှောချပြီး ပိတ်လိုက်တယ်။ မယုံနိုင်စရာ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ထပ်မေးဖို့ မစ်ခ်ပါးစပ်ဟလိုက်ပေမဲ့လည်း နမ်တန်က အကြည့်လွှဲသွားပြီးတော့ သပ်သပ်မှာထားတဲ့ သူ့ရှေ့က ဆာဘားငါးကို ရောက်တတ်ရာရာ တူနဲ့မွှေတယ်။ ပြီးတော့ ဆက်ပြောလာခဲ့တယ်။

"လက်ဗ်ကို မေးကြည့်ပါလား။"

"နမ် နင်ကတော့ လုပ်ပြီ။ လက်ဗ်ကို ဘာလို့ ဂျွန့်အကြောင်းမေးရမှာလဲ။ သူက ဗျူးသူငယ်ချင်းကို။"

နမ်တန့်အပြောကြောင့် တစ်ချိန်လုံးတင်းကြပ်နေခဲ့တဲ့မစ်ခ်ဟာ ဒီတစ်နေ့အတွင်း ပထမဆုံးအကြိမ်အဖြစ် စိတ်ပါလက်ပါ ရယ်လိုက်မိပါတယ်။ အချစ်ဆုံး သူငယ်ချင်းတွေရဲ့ကြားက Bondဆိုတာ သွားရှုပ်လို့မရတဲ့ နယ်မြေတစ်ခုမလား။ သူငယ်ချင်းကိုပြောတဲ့ ကိုယ့်ပါတနာအကြောင်းဆိုတာလည်း ကောင်းတာတွေချည်းပဲတော့ ဖြစ်နေမှာမဟုတ်။ မစ်ခ်တောင်မှ လက်ဗ်နဲ့သူ့စကွက်ကြားဝင်ပြီးတော့ မပြောနိုင်ဘူးလေ။

ဒါပေမဲ့ နမ်တန်ကလိုက်မရယ်ပါ။ အဲ့ဒီအစား သူ့အအေးပိုက်ကို မွှေနေရင်း ဝေ့ဝဲနေတဲ့ ရေခဲတုံးတွေကို ခပ်တွေတွေကြည့်နေတယ်။ သူငယ်ချင်းဖြစ်လာတဲ့တစ်လျှောက်လုံး နမ်တန့်မျက်လုံးတွေထဲက အရိပ်အယောင်တွေကို မစ်ခ်မဖတ်တတ်တာ ဒါပထမဆုံးပဲ။

"လက်ဗ်သိချင်သိမှာပေါ့။ သူလည်း 2024နှစ်ကုန်ပိုင်းအတွက် ဘာကားမှ လက်မခံထားဘူးမလား။"

လက်ဗ်နာမည်ကြားပြီး ပြုံးမိသလိုဖြစ်သွားပြီးမှ မစ်ခ်မျက်မှောင်ကြုတ်ပြီး သေချာပြန်စဥ်းစားမိတယ်။ ဟုတ်သားပဲ။ လက်ဗ်က 23.5ပြီးကတည်းက ကြော်ငြာတွေကလွဲရင် ဒီနှစ်နှစ်ကုန်ပိုင်းအတွက် ဘာရုပ်ရှင်မှမရိုက်ထားဘူးပဲ။ အခုနောက်ပိုင်း တစ်ချိန်လုံးတူတူရှိပြီး မစ်ခ်နဲ့တူတူ ဖန်မီတင်တွေ လိုက်လုပ်နေရလို့ သတိမထားမိတာ။

လက်ဗ်ကလေးက ပင်ပန်းနေလို့ အနားယူနေတာများလား။ လက်ဗ်က အမြဲတမ်း သူ့စိတ်ကိုသိမ်းထားတတ်တဲ့ သနားစရာကောင်မလေးရယ်ပါ။ ဒီအသက်အရွယ်လေးနဲ့ တစ်အိမ်လုံးရဲ့တာဝန်ကိုထမ်းထားရတဲ့ CEOပေါက်စလေးအကြောင်းကို တွေးမိတော့ မစ်ခ်မှာ စိတ်မကောင်းဖြစ်ရပြန်တယ်။

"လူနှစ်ယောက်က လူတွေရှေ့မှာ စကားမပြောတာနဲ့ပဲ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူးလို့ ပြောလို့မှမရတာ။ သူတို့တွေ တစ်ယောက်အကြောင်းကိုတစ်ယောက် ကောင်းကောင်းသိနေလို့ ပြောဖို့မလိုအပ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။"

စကားလုံးတွေက သူ့အတွေးတွေထဲကို မြှားတစ်စင်းလို ဖောက်ဝင်သွားတယ်။ နမ်တန်ကတော့  သူ့ကို ခပ်တွေတွေကြည့်နေဆဲ။

_________________________________

#tobecontinued

Charm || 18 Mar,2025

Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net