Chapter - [1]

Background color
Font
Font size
Line height

"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ....."

"Shit!"

စိတ်တိုတိုနဲ့ သူ ဖုန်းကို အိပ်ယာပေါ်ပစ်တင်လိုက်တယ်။ ဖုန်းခေါ်နေတာ အကြိမ်ပေါင်းများစွာရှိနေပြီ။ အခုချိန်အထိ တစ်ဖက်က ကိုင်မလာ။ အင်ဘောက်စ်ထဲက မက်ဆေ့ဂျ်တွေဆိုရင်လည်း ဆက်တိုက်ပို့ထားပေမဲ့ တစ်ခုမှ ဆင်းန်ပြမလာ။ အရာရာဟာ ဘာတစ်ခုမှ အဆင်မပြေ။

ရိုက်ကွင်းကနေပြန်လာပြီးကတည်းက တောက်လျှောက် ဖုန်းခေါ်နေပေမဲ့ သူ့ဖုန်းဟာမဝင်၊ နိုင်ငံများခြားနေလို့လားဆိုပြီး အင်စတာကနေပြောင်းခေါ်တော့လည်း ဆင်းန်တောင်မပြ။ အစ်မဟာ သူ့ကို ဒီလိုလျစ်လျူရှုထားတာ။

စိတ်ပျက်လက်ပျက်နဲ့ မွေ့ယာပေါ်မှာပစ်လှဲရင်း ဗျူး မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တယ်။ ဒီခံစားချက်က သိပ်ဆိုးရွားတာပဲ။ အစ်မဟာ အခုအချိန်ထိ ဗျူး စိတ်ကို လွှမ်းမိုးနေတုန်းပဲ။ ဗျူး အနေနဲ့ အစ်မကိုလွမ်းနေတယ်ဆိုတာကို လက်သင့်မခံချင်ရင်တောင်မှ နဘေးမှာ သူမရှိတာကြောင့် ဟာတာတာဖြစ်နေတယ်ဆိုတာကို လက်ခံထားရပါတယ်။

မျက်ဝန်းတွေကိုမှိတ်ထားတော့ မျက်လုံးထဲမှာ ရယ်နေတဲ့ အစ်မမျက်နှာလေးကို မြင်ရတယ်။ ဒါပေမဲ့လည်း အဲ့ဒီအပြုံးတွေဟာ ​ဗျူးကိုမမြင်ခင်အထိပဲ။ ဗျူးကို မြင်သွားတဲ့အစ်မဟာ အရယ်အပြုံးပျောက်သွားပြီး နေရာကနေ ချာကနဲ လှည့်ထွက်သွားခဲ့တယ်။ ဝေးသွားတဲ့ကျောရိပ်ကလေးကိုတောင်မှ ဗျူးဟာ ထိတွေ့ခွင့်မရှိတော့။

သိပ်ခက်လွန်းတဲ့အစ်မရယ်။ အစ်မကိုနားမလည်နိုင်တဲ့ ဗျူးရယ်။ ပရိသတ်တွေကတော့ ဗျူးဟာ အစ်မကို ဘယ်တုန်းကမှ နားလည်နိုင်ဖို့ မကြိုးစားခဲ့တာလို့ ပြောကြပေမဲ့လည်း အဲ့ဒီအချက်ဟာ လုံးဝကြီးမှားနေတယ်လို့လည်း ဗျူး ပြန်မငြင်းနိုင်ပါ။ အစ်မနဲ့ပတ်သက်လာရင် ဗျူးဘက်ကနေ အားစိုက်ထုတ်တာ သိပ်နည်းလွန်းတယ်။ ဗျူးက အဲ့တာတွေကို မလိုအပ်ဘူးလို့ ထင်ခဲ့တာလေ။ အစ်မက ဗျူးအနားမှာ ဘယ်လိုပဲဖြစ်ဖြစ်ရှိနေမှာပဲလို့ ထင်ခဲ့မိတာ။

ဒါပေမဲ့လည်း အဲ့ဒီအချိန်တုန်းက ဒီလိုတွေဖြစ်လာနိုင်တယ်ဆိုတာကို ဗျူးအနေနဲ့ သိခဲ့သင့်တယ်။ တဲတဲလေးဖြစ်နေတဲ့ ကြိုးတွေဟာ ပြတ်တတ်ကြောင်း၊ နှစ်ပေါင်းများစွာ ချည်နှောင်လာသမျှ သံယောဇဥ်တွေဟာ တစ်ကြိမ်တည်းမှာ လွတ်ကျသွားနိုင်ကြောင်းကို ဗျူးသိသွားတဲ့အချိန်မှာ တော်​တော်လေး နောက်ကျသွားပြီ။

အစ်မဟာ သူ့ကိုကြည့်မလာတော့။ အစ်မဟာ သူလှမ်းမမိတဲ့ မီးခိုးငွေ့တွေလိုမျိုး ဗျူးဘဝထဲကနေ ကျောခိုင်းသွားခဲ့ပြီ။ ဗျူးဟာ ဒီနေရာမှာ ရပ်ကျန်ခဲ့ရဆဲ။ ဘယ်အရာတွေမှားတယ်၊ မှန်တယ်ဆိုတာထက် အစ်မက ဗျူးနဲ့ပတ်သက်လာရင် လုံးလုံးဂရုမစိုက်တော့တာက အမှန်တရားဖြစ်နေခဲ့တာ။

မျက်နှာကြက်ဖြူဖြူကိုမော့ကြည့်လိုက်မိတော့ ဒီအခန်းထဲမှာ ပိတ်လှောင်ခံထားရသလို ခံစားရတယ်။ ဒီလပိုင်းအတွင်းမှာ ဒီအခန်းထဲမှာပဲ ပိတ်မိနေခဲ့တာ ဘယ်လောက်တောင်မှ ကြာနေပြီလဲ။ နေ့တိုင်းနေ့တိုင်း အိပ်ယာထ၊ အလုပ်သွား၊ အလုပ်ပြန်၊ အနားယူအိပ်စက်၊ ခေါက်ရိုးကျိုးနေတဲ့ သမားရိုးကျနေ့ရက်တွေ။

မေမေအသစ်လဲပေးထားတဲ့ အိပ်ယာခင်းတို့ကြား ခေါင်းမှောက်လိုက်ပေမဲ့ အရင်လို အစ်မရဲ့အိပ်ယာခင်းမွှေးမွှေးတွေကြား တိုးဝှေ့ရတဲ့ ခံစားချက်ကိုမရ။ အစ်မအိမ်မှာညနက်သွားလို့ အိမ်မပြန်ဖြစ်တော့တဲ့ရက်တွေဆို ဗျူးက ပေပေတေတေပဲ အစ်မရဲ့အိပ်ယာခင်းအသစ်တွေကြား တိုးဝှေ့အိပ်လေ့ရှိတယ်။ ကုမ္ပဏီပါတီတွေမှာ အသောက်လွန်သွားလို့မှောက်သွားတဲ့နေ့တွေဆိုလည်း အစ်မကပဲ ဗျူးကို အိမ်ပြန်ခေါ်လာခဲ့ရတာ။

ဗျူးက မိသားစုနဲ့ အတူနေတယ်ဆိုပေမဲ့ ရိုက်ကူးရေးကိုအကြောင်းပြပြီး တစ်လမှာ လတစ်ဝက်လောက်က အစ်မရဲ့တိုက်ခန်းကျဥ်းကျဥ်းလေးထဲမှာပဲ သွားသွားနေဖြစ်တယ်။ လူစိမ်းဆိုရင် စိတ်ရှုပ်တတ်တဲ့ဗျူးကြောင့် အစ်မက သူ့သူငယ်ချင်းတွေကိုတောင် အိမ်ကိုမခေါ်တော့။ ကြာတော့ အစ်မတစ်ယောက်တည်းနေတဲ့တိုက်ခန်းလေးက နှစ်ဦးစလုံးရဲ့ နိဗ္ဗာန်ဘုံကလေးဖြစ်လာခဲ့တယ်။

ဗျူးသုံးနေကျ မျက်နှာသစ်ဆေးနဲ့ ရှန်ပူက အစ်မရဲ့ရေချိုးခန်းက စင်ပေါ်မှာ အဆင်သင့်။ မှန်တင်ခုံပေါ်က အစ်မသုံးတတ်တဲ့ ခပ်သင်းသင်းရနံ့တွေကြားမှာ ကွဲထွက်နေတဲ့ ဗျူးရဲ့ ခပ်မှိုင်းမှိုင်းရနံ့နဲ့ ရေမွှေးပုလင်း။ ထိုအရာတွေဟာ ဘယ်ကတည်းကနေ စနေခဲ့တယ်ဆိုတာကိုမသိပေမဲ့ အစ်မက ဗျူးသုံးနေကျအရာတွေကို ဗျူးအတွက်ဆိုပြီး ဝယ်ထားပေးခဲ့တာ။ ဒါပေမဲ့လည်း ဘာရယ်၊ ဘယ်လိုရယ်လို့ ခေါင်းစဥ်တပ်မထားတဲ့ ဆက်ဆံရေး။

ဖိနပ်ချွတ်တိုင်း စင်ပေါ်ကိုမရောက်တဲ့ ဗျူး။ ခြေအိတ်တွေကို ဘယ်နားထားလဲ ဘယ်တော့မှမမှတ်မိတဲ့ ဗျူး။ တီရှပ်တစ်ထည်တောင် ဘယ်လိုမီးပူတိုက်ရမှန်းမသိတဲ့ ဗျူး။ ကြက်ဥကြော်ကလွဲပြီး ဘာမှမလုပ်တတ်တဲ့ ဗျူး။ အဲ့ဒီလိုဗျူးက အစ်မရဲ့ဂရုစိုက်မှုတွေကြား ကလေးတစ်ယောက်လို ဂျီကျခဲ့တယ်။ အစ်မကို ဖက်ထားရင်း ခပ်တိုးတိုးဆူသံတွေကြား အစ်မပုခုံးသေးသေးလေးမယ် မျက်နှာအပ်ခဲ့တယ်။

ဗျူးလုပ်ထားတဲ့အရှုပ်ထုပ်တွေကိုမြင်တိုင်း သက်ပြင်းမောချပြီး ခေါင်းယမ်းတတ်တဲ့အစ်မသေးသေးလေးကို ဗျူးက မျက်ဝန်းတွေပိတ်သွားတဲ့အထိလည်း ရယ်ပြတတ်သေးတယ်။ ဗျူးရဲ့ဂျာကင်တွေကို စိတ်ရှည်လက်ရှည် မီးပူတိုက်ပေးနေတိုင်း အနောက်ကနေ အစ်မရဲ့ဆံစလေးတွေကိုလည်း ခိုးနမ်းမိတတ်သေးတယ်။ ပြောရရင် လွမ်းစရာတွေချည်းပဲ။

အခါးမကြိုက်တဲ့အစ်မက ဗျူးအကြိုက် ဘလက်ကော်ဖီတစ်ခွက်ကို အရက်နာကျတဲ့နေ့တိုင်း အသင့်ဖျော်ထားတတ်တယ်။ ပုံမှန်ဆိုရင်တော့ သောက်နေကျ မာချာလတ်တေး။ ပြီးတော့ အိပ်ရာနိုးတိုင်း နှာခေါင်းထဲတန်းဝင်လာတတ်တဲ့ အစ်မကြော်ပေးနေကျ ပုစွန်များများနဲ့ ထမင်းကြော်နံ့မွှေးမွှေး။ နောက်ဆုံး ခေါက်ဆွဲပြုတ်စားတာတောင် အစ်မပြုတ်ပေးတဲ့ မာမားခေါက်ဆွဲက ပိုအရသာရှိခဲ့တာ။ အဲ့ဒီလောက်ထိကို ဗျူးက အစ်မဆီမှာ ဆိုးနွဲ့ရတာကြိုက်တဲ့ ကလေးတစ်ယောက်လိုဖြစ်ခဲ့တာ။

ဗျူး စိတ်ညစ်တဲ့အခါတိုင်း အစ်မရဲ့ပေါင်ပေါ်မှာ ခေါင်းတိုးအိပ်နေကြပဲ။ အဲ့ဒီအချိန်ဆို အစ်မက ခပ်ဖွဖွရယ်ရင်း ဗျူးရဲ့ ဆံနွယ်တွေကို ဖြည်းဖြည်းပွတ်ပေးတတ်တယ်။ ဗျူးက ညစ်ပြီး သီချင်းဆိုပြခိုင်းတဲ့အခါတိုင်း အစ်မက ဗျူးနှာခေါင်းလုံးလုံးလေးကို ဖွဖွဆွဲရင်း ခေါင်းညိတ်ပြတတ်ပါတယ်။ အစ်မက အဆိုတော်အဖြစ် လေ့ကျင့်ခဲ့တာမဟုတ်၊ စင်ပေါ်မှာဆိုသလို မိုက်တွေနဲ့ အရမ်းမိုက်နေတဲ့စပီကာတွေလည်းမပါ။ ဒါပေမဲ့လည်း ပေါ့ပေါ့ပါးပါးဆိုနေတဲ့ အစ်မရဲ့သီချင်းသံက ဗျူးအတွက် အနှစ်သက်ရဆုံးပဲ။

ဗျူးက လွဲပြီး ဘယ်သူ့ကိုမှ အနားကပ်မခံတဲ့အစ်မ၊ ဘယ်ယောကျာ်းလေးသရုပ်ဆောင်ကိုမှ ဖုန်းနံပါတ်မပေးတဲ့ အစ်မ၊ ကုမ္ပဏီပါတီတွေမှာ ဗျူးအနောက်ကိုပဲ လမ်းပျောက်နေတဲ့ခွေးပေါက်လေးတစ်ကောင်လို တကောက်ကောက်လိုက်နေတတ်တဲ့ အစ်မ၊ တစ်ခုခုဝယ်တိုင်း ဗျူးအတွက်ဆိုပြီး သီးသန့်ထပ်ဝယ်တတ်တဲ့ အစ်မ၊ အပြင်မှာ ဘာစားစား၊ ဘာဝယ်ဝယ် ဗျူးကိုမပေးခိုင်းဘဲ သူ့ပိုက်ဆံကိုပဲ သုံးခိုင်းတဲ့အစ်မ။ အစ်မဟာ ဗျူးအတွက် အဲ့ဒီလိုသီးသန့်ဖြစ်တည်ခဲ့တယ်။

ဗျူးကို မြင်တိုင်းအရောင်လက်သွားတဲ့ အစ်မမျက်ဝန်းတွေကို မြင်ရတိုင်း ၊ ဗျူး စလိုက်တိုင်း ရဲသွားတဲ့ အစ်မရဲ့ပါးမို့မို့လေးတွေကို မြင်ရတိုင်း၊ ဗျူး လက်တွေကြားမှာ ကွက်တိဖြစ်နေတဲ့ အစ်မရဲ့လက်ချောင်းလှလှလေးတွေကို မြင်ရတိုင်း ဗျူးဟာ ကျေနပ်တဲ့စိတ်နဲ့ ပြုံးမိနေတတ်တာ။ ဗျူးဘာလုပ်လုပ်၊ ဘာပြောပြော အစ်မက သည်းခံမယ်ဆိုတာကိုလည်း သိလို့ပေါ့။

ဒါပေမဲ့လည်း ဒီအရာတွေက အတိုင်းအတာတစ်ခုလောက်အတွက်ပဲ ကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့လို့ အစ်မကိုထားခဲ့တဲ့အခါတိုင်း၊ အစ်မလက်ကို လွှတ်ချတဲ့အခါတိုင်း၊ ကုမ္ပဏီရဲ့အသုံးမကျမှုတွေအပေါ် စိတ်တိုလို့ အစ်မအပေါ် ပုံချပစ်မိတဲ့အခါတိုင်း၊ အစ်မကို စကားလုံးကြမ်းကြမ်းတွေ ပြောမိတဲ့အခါတိုင်း ဦးနှောက်မရှိတဲ့ဗျူးဟာ အစ်မစိတ်ထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုတာကို တွေးကြည့်ခဲ့ဖို့ ကောင်းရဲ့။

တစ်စက်ချင်းတစ်စက်ချင်း ကျနေတဲ့ကျောက်ပန်းဆွဲကရေစက်တွေလို ဒဏ်ရာတွေဟာ အစ်မရဲ့စိတ်ဝိညာဥ်ထဲမှာ ပြည့်နေပြီဆိုတာကို ဗျူး မသိခဲ့။ သိအောင်လည်း မကြိုးစားခဲ့။ အစ်မအဆင်မပြေဘူးဆိုတာကို ပြုံးနေတတ်တဲ့ မျက်ဝန်းနက်နက်တွေ မှိန်ဖျော့သွားတော့မှ ရိပ်စားမိခဲ့ရတယ်။ အခုများတော့ အရာရာဟာ နောက်ကျသွားခဲ့ပြီ။

ဗျူးရဲ့လရိပ်ကလေးဟာ ဗျူးအနားမှာ မရှိတော့ဘူး။ ဝေးသွားတဲ့လရောင်နောက်ကို ပြေးလိုက်နေလည်း ကိုယ့်အပေါ်ကို ထပ်ဖြာကျမလာတော့။ လကလေးဟာ အရိပ်နေနေအခက်ချိုးချိုး ဂြိုဟ်သားတွေကို ဝင်ခွင့်ပိတ်လိုက်ပါပြီ။

အစ်မဘက်က ခြေလှမ်း၁၀၀လှမ်းတာတောင်
ဗျူးဘက်ကနေ ခြေတစ်လှမ်းမစမိခဲ့။

အသိဝင်လာတဲ့အချိန်ကျ အရာရာဟာပြောင်းလဲသွားပြီ။ ဗျူးရဲ့ အိမ်ကလေးဟာ သူ့နေရာမှာ မရှိတော့ပါ။

_________________________________

#tobecontinued

Charm || 28 Feb,2025
Copyright 2025,Charm,All rights reserved
License - CC-BY-NC-SA


You are reading the story above: TeenFic.Net