1.1 _
Background color
Font
Font size
Line height
-UNICODE-
ချစ်ခြင်းမေတ္တာဟာ ဘာလဲဟု မေးခွန်းထုတ်လာလျှင် ဆောင်းဟွန်းကတော့ ယန်းဂျောင်ဝန်းဆိုသည့် လူသားဟုသာ တွေဝေခြင်းမရှိ အဖြေပေးလိမ့်မည်။ သူ့အတွက် ချစ်ခြင်းမေတ္တာသည် ယန်းဂျောင်ဝန်းဖြစ်ပြီး၊ ဂျောင်ဝန်း၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ... စသည့် စိတ်ခံစားမှုတို့သည် သူ့ထံသို့ ရာနှုန်းပြည့် သက်ရောက်၏။
အိပ်မောကျနေတဲ့ လူသားက အသက်ရှူသံတိုးတိုးညင်းညင်းကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်၊ ရှူသွင်းလိုက်ဖြင့် အလုပ်များနေပုံရသည်။ အေးချမ်းနေသည့် အနှီလူသားအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရခြင်းသည် ဆောင်းဟွန်း၏ရင်ကိုလည်း ထပ်တူအေးချမ်းစေသည်။ ပူပင်စရာတွေ သိပ်များလွန်းသည့် ဂျောင်ဝန်းသည် အိပ်စက်ခြင်း နယ်မြေ၌ ခဏတာ ရောက်သွားလျှင်တော့ အလုံးစုံ အေးချမ်းသွားသည့်နှယ်။ အပြစ်ကင်းစင်သည့် မျက်နှာလေးကို လက်ချောင်းသွယ်သွယ်ရှည်ရှည်တွေဖြင့် ဖွဖွလေး ထိတွေ့နေမိသည်။
ချစ်ရတာဟာ ပင်ပန်းသည်။ မုန်းရတာကလည်း ပင်ပန်းသည်။ ဂျောင်ဝန်းနဲ့ ပတ်သက်ပြီး ဖြစ်တည်လာသည့် စိတ်ခံစားချက်တွေသည် အနည်းနဲ့အများတော့ စိတ်ပင်ပန်းစေကြောင်း ဝန်မခံချင်သော်လည်း ဝန်ခံရလိမ့်မည်ထင်သည်။
Ting !
ဖုန်းကို အသာထုတ်ကြည့်လိုက်ရင်း အခန်းထဲမှ ခြေသံဖွဖွဖြင့် ထွက်လာမိသည်။ တစ်ဖက်က ပို့လာသည့် မက်ဆေ့ခ်ျကို ခေတ္တ စူးစိုက်ကြည့်နေမိသည်။ ဖုန်းကို မလှမ်းမကမ်းက ဆိုဖာပေါ်သို့ ပစ်တင်လိုက်ရင်း ရေခဲသေတ္တာထဲ၌ သောက်စရာတစ်ခုခုကို ရှာနေမိသည်။ လောလောဆယ်တော့ ရင်ထဲ၌ ပူဆင်းသွားမည့် သောက်စရာတစ်ခုခုနဲ့ သူ့စိတ်ကို ဖြေချင်သည်။ သူ့ခေါင်းထဲကို ဝင်လာတာကလည်း ထိုနည်းလမ်းပင် ဖြစ်သည်။
" ဟွန်း ~ "
မျက်ခွံတွေကို လက်နဲ့ဆက်တိုက် ပွတ်တိုက်နေသည့် ဂျောင်ဝန်းက ညအိပ်ဝတ်စုံ အဖြူရောင်လေးနဲ့ မြတ်နိုးဖွယ်ရာ။ အနည်းငယ် ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေက ရှုပ်ယှက်ခတ်ပြီး ပုံပျက်နေတာမျိုး မဟုတ်။ ကြည့်လိုက်ရုံနဲ့တင် နမ်းရှိုက်ချင်စရာ။ နှုတ်ခမ်းပါးလေးက အိပ်ရာနိုးခါစမို့ မသိမသာလေး ဖူးနေသည်။ အစားလျှော့နေတာကြောင့် ပိန်သွားတဲ့ ပါးလေးတွေဆီ အကြည့်ရောက်သွားတော့ ဆောင်းဟွန်းသည် အလိုမကျဖြစ်မိသည်။
ဂျောင်ဝန်း၏ပါးဖောင်းဖောင်းလေးတွေကို သူ တစ်ဝကြီး နမ်းရှုံ့ချင်တာ။ အရင်ကလိုမျိုး သေချာဂရုစိုက်ပေးဖို့ တွေးလိုက်မိသည်။ သူသာ အနားမှာ ရှိနေလျှင် ဂျောင်ဝန်းက လိမ္မာလာမှာပါ။ အခုတောင် ဂျောင်ဝန်းသည် အရင်လို မဆိုးတော့ဘူးလေ။
" စောစောစီးစီးတော့ မသောက်ပါနဲ့လား။ "
အလိုမကျမှုကြောင့် မျက်ခုံးတန်းလေးတွေက စုကြုတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ဘီယာဘူးကို ဆွဲယူပြီး၊ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်မှာ တွ့န့်ဆုတ်ခြင်း အလျှင်း။
" သောက်နေတာလေကွာ။ "
" မကျေနပ်တာလား ? "
ဆောင်းဟွန်းသည် ဟက်ခနဲ ရယ်မိသည်။ ရွဲ့ပြီး ရယ်ခြင်း မဟုတ်။ သူ့အရှေ့က လူသားအား သဘောကျလွန်း၍ ဖြစ်သည်။ မျက်မှောင်ကြုတ်ထားသည့်သူကတော့ လက်နှစ်ဖက်ကိုပါ တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း ကြောက်စရာကောင်းတဲ့ အကြည့်တွေအား အဆက်မပြတ် ထုတ်လွှတ်နေ၏။ သို့သော်လည်း ကြောက်ဖို့ မဆိုထားနဲ့။ ချစ်စရာကောင်းလွန်းလို့ ပွေ့ချီပြီးသာ လေထဲ၌ မွှေ့ယမ်းပစ်လိုက်ချင်မိသည်။
မျက်နှာလှလှလေးအား အနီးကပ်ဆုံး ကြည့်ချင်မိတော့ ရှေ့သုံးလှမ်းလောက် တိုးသွားမိ၏။ ဂျောင်ဝန်းဆီ ရောက်ဖို့အတွက် ဘယ်နှလမ်း လှမ်းရပါစေ။ စိတ်ပျက်ခြင်း မရှိဘဲ၊ ရပ်နားခြင်း မရှိဘဲ လျှောက်လှမ်းနေမိမှာ။ ဂျောင်ဝန်းဘက်က မရွေ့လည်း အပြစ်မဆိုပါ။ ရောက်လာမည့် သူ့ကိုသာ စောင့်နေပေးရုံ။ ထိုမျှလောက်ဆို သေမတတ် မောပန်းရလည်း သူ ကျေနပ်သည်။
" အများကြီး တွေးနေပြန်ပြီလား ? "
သူ့ဆံပင်တွေကို လက်လှမ်းမီသလောက် ဖွပေးလာတဲ့ ဂျောင်ဝန်းက ခပ်တိုးတိုး ရေရွတ်နေသလား၊ မေးခွန်းထုတ်နေသလား မသဲကွဲသော်လည်း၊ မျက်ဝန်းတွေကတော့ ဆောင်းဟွန်း၏မျက်လုံးတွေထံ ပြေးလွှားနေသည်။
" ကျေနပ်နေတာလေ။ ကျေနပ်ပီတိဖြာရလွန်းလို့ ရူးတော့မယ်တောင် ထင်နေတာ။ "
ပြောင်ချော်ချော်လို့ ထင်ကောင်းထင်နိုင်သည့် သူ့စကားက ရင်ထဲကနေ လာကြောင်းကိုတော့ တကူးတက ထုတ်ပြောရန် လိုမည်မထင်။ ကြည့်တတ်လျှင်တော့ သေချာပေါက် မြင်လိမ့်မည်။ မြင်အောင် ကြိုးစားပြီး ကြည့်စရာလည်း မလိုပါဘူး။ ထို့အတွက် သူ့ဘက်ကလည်း ကြိုးစားလိမ့်မည် မဟုတ်။
" ဗိုက်ဆာတယ်။ "
ထိုင်ခုံမှာ နေရာယူလိုက်တဲ့ လူသားအတွက် သူသည် မနက်စာ မပြင်ဆင်ပေးရသေးချေ။ ယမန်နေ့များထက် တစ်နာရီလောက် စောပြီး နိုးလာကြသည့် သူက ဆောင်းဟွန်းကို ကြည့်နေသည်။ မနက်စာ ဘယ်မှာလဲ ဆိုသည့် အကြည့်ကြောင့် ဆောင်းဟွန်းမှာ ဟိုကြည့်သည်ကြည့်လုပ်ကာ အကြည့်လွှဲနေရသည်။
" ပတ်ခ်ဆောင်းဟွန်းရှီ "
" ဟုတ်ကဲ့ ? "
" အဟင်းဟင်း "
မျက်နှာလေးနဲ့ မလိုက်အောင် ထွက်လာသော လုပ်ရယ်သံကြီးကို ကြားတော့ ဆောင်းဟွန်းသည် သဘောကျပြီးရင်း ကျရပြန်သည်။ ဆွဲဆောင်မှုရှိတဲ့ သွားစွယ်တွေ ပေါ်သည်အထိ ရယ်ပစ်လိုက်တော့ ဆူပုတ်ပုတ်လူသားက ငေါက်သည်။
" ရယ်မနေနဲ့။ အပြင်မှာပဲ ထွက်စားကြမယ်။ "
" ခေါက်ဆွဲပဲ ပြုတ်ပေးမယ်။ ငါက အဆင်ပြေတယ်။ "
မယုံသလို ကြည့်လာတာမို့ နှာခေါင်းထိပ်နား ဆွဲညှစ်လိုက်တော့ လက်ကို ရိုက်ချပစ်သည်။ ပြီးမှ ခေါင်းညိတ်ပြပြီး ရေချိုးခန်းရှိရာသို့ သွားဖို့ ပြင်နေတဲ့ ဂျောင်ဝန်း၏လက်ကို လှမ်းဆွဲလိုက်ပြီး ...
" တူတူချိုးကြမယ်လေ။ "
" နှာဘူး ! "
" အားပါးပါး ! ... ခြေထောက်မှာ အားတွေစုနေတာပဲ ! "
ထွက်သွားပြီဖြစ်တဲ့သူ ကြားအောင် တမင် အော်ပြောလိုက်ပြီး သူ့ဘာသာ အော်ရယ်နေသည့် ဆောင်းဟွန်းပင်။ ဂျောင်ဝန်းနဲ့ အခုလိုလေး အတူရှိရမည်ဆို သူ ဘာကိုမှ မတွေးရလျှင်တောင် အဆင်ပြေသည်။ ဂျောင်ဝန်းသာ သည်လောက်လေး ဂရုစိုက်ပေးမည်ဆိုလျှင် ရှင်သန်ရခြင်းသည် သူ့အတွက် ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဆုတောင်းခွင့်ရမယ်ဆိုလျှင် ဂျောင်ဝန်းမြင်ကွင်းထဲမှာ သူရှိနေရန် တောင်းဆုပြုချင်မိသည်။ လောဘတက်ပြီး နောက်တစ်ခု ထပ်တောင်းခွင့်ရဦးမည်ဆိုပါက ဂျောင်ဝန်း၏စိတ်ထဲမှာ သူရှိနေဖို့။ နေရာသေးသေးလေးမှာ ရှိခွင့်ရလျှင်တောင် သူ့အတွက် အဆင်ပြေတာမို့။
--
" အစ်ကို မဟုတ်တာတွေ လုပ်နေတာတော့ မဟုတ်ပါဘူးနော် ? "
နက်ခ်တိုင်ကို တပ်ပေးနေရင်း အန်းမင်းဆီက မဝံ့မရဲ မေးခွန်းတစ်ခုက ထွက်ကျလာသည်။ သူ့ကို မကြည့်ရဲ။ သူ့အကြည့်တွေကိုလည်း အန်းမင်းက ရှောင်ဖယ်နေသည်။ ယွန်ဆောင်း စိတ်မရှည်စွာနဲ့ပဲ သူ့လက်ဖဝါးတစ်ဖဝါးစာတောင် မရှိတဲ့ အန်းမင်း၏ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ ဆွဲညှစ်လိုက်ပြီး အကြည့်ချင်း စုံစေသည်။ ထိုအထိတောင် အန်းမင်းက အကြည့်ချင်း စုံချင်သည့် ပုံမပေါ်တာကြောင့် သူ့ဒေါသတွေက ပိုမြင့်တက်လာသည်။
" တောက်ခ် !! "
တောက်ခေါက်သံကျယ်ကျယ်ကြောင့် အန်းမင်း၏ကိုယ်က တုန်တက်သွားသည်။ ယွန်ဆောင်းဒေါသထွက်လျှင် အန်မင်း မနေတတ်။ ယွန်ဆောင်းအကြည့်တွေကို ချက်ချင်း ရင်ဆိုင်ဖို့ ကြိုးစားရပြန်သည်။
အကြည့်ချင်း စုံပေးလိုက်တော့မှပဲ ယွန်ဆောင်းက အနည်းငယ် ငြိမ်ကျသွားသည်။ သူ့ပါးနှစ်ဖက်ကို ညှစ်ထားတာကိုတော့ မလွှတ်ပေးသေး။ အကြည့်စူးစူးတွေက အန်းမင်း၏မျက်လုံးတွေထဲသို့ ထိုးဖောက်မွှေနှောက်နေချင်နေသည်ဆိုတာ အန်းမင်း သိ၏။
" ကိုယ့်ကို ပြောချင်တာ တည့်ပြော။ ဘာသိချင်တာလဲ ? "
အန်းမင်း ခေါင်းခါမိသည်။ ဘာကို သိချင်ပါတယ်၊ ဘာကိုတော့ သံသယ ဝင်နေပါတယ်ဆိုပြီး ဖွင့်ဟပြောဖို့ သူ့မှာ သတ္တိမရှိ။ အစ်ကို့ဆီက အမုန်းခံရမှာကိုလည်း သူကြောက်သည်။ သူတကယ်ကို လမ်းပျောက်မတတ် ဖြစ်နေရချေ ပြီ။
" ကိုယ့်ကိုကြည့် ! "
နည်းနည်းလေး အကြည့်လွှဲမိတာနဲ့ အသံက ပြန်မာလာတာမို့ အန်းမင်း အလန့်တကြားနဲ့ပဲ ယွန်ဆောင်းကို ကြည့်မိပြန်သည်။ အန်းမင်းက သူ့ပုံစံကို ကြည့်ပြီး ကျစ်ခနဲ စုပ်သပ်သည်။ မအူမလည်ဖြစ်နေတဲ့ သူ့ကြောင့် ယွန်ဆောင်း စိတ်ကို တတ်နိုင်သလောက် လျှော့ချလိုက်ရသည်။ ပါးနှစ်ဖက်ကို လွှတ်ပေးလိုက်တော့ မျက်နှာငယ်လေးနဲ့ ကြည့်လာသူကြောင့် သူ့ဒေါသကို ကျိန်ဆဲလိုက်မိသည်။
ညှိုးငယ်နေတဲ့ ကောင်လေး၏ပခုံးနှစ်ဖက်ကို ခပ်ဖွဖွလေး ကိုင်လိုက်ရင်း ...
" ကိုယ့်ကို သေချာကြည့်။ "
စကားနားထောင်သည့်သူက ချက်ချင်း ကြည့်လာသည်။ နူးနူးညံ့ညံ့လေသံကြောင့် စိတ်သက်သာသွားတာလည်း ဖြစ်မည်။
" ကိုယ်လုပ်သမျှက ဟွန်းလေးနဲ့ အန်းမင်းအတွက်ပဲ။ ကိုယ် ဘာလုပ်လုပ်၊ ကိုယ့်ခေါင်းထဲမှာ မင်းတို့က အမြဲရှိတယ်။ တခြားသူအတွက် တွေးပေးဖို့ဘာညာ လာမပြောနဲ့။ ကိုယ်သိတာ ကိုယ့်ညီလေးနဲ့ မင်းကိုပဲ။ "
" ဂျောင်ဝန်းက ဆောင်းဟွန်းနဲ့ သက်ဆိုင်နေတဲ့သူနော်။ ဆောင်းဟွန်းအတွက် တကယ် ကြည့်တယ်ဆိုရင် ဂျောင်ဝန်းကို မထိခိုက်စေပါနဲ့။ ဂျောင်ဝန်းကို ထိရင် ကျွန်တော်လည်း ငြိမ်နေမှာ မဟုတ်လို့။ "
သူ့လက်တွေကြားထဲကနေ ရုန်းထွက်သွားတဲ့ အန်းမင်း။ သူ့စိတ်တွေကို အန်းမင်းကတော့ နားလည်နိုင်မှာ မဟုတ်ဘူး။ သူကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ ဆောင်းဟွန်းကိုသာ ပထမ ဦးစားပေးဖြစ်လိမ့်မည်။ ဆောင်းဟွန်း တောင်းဆိုလာတာမှန်သမျှကို ငြင်းဆိုဖို့ရာ သူ့မှာ အားအင်မရှိချေ။
--
" ဘာဖြစ်လို့လဲ ? "
ခေါင်းခါပြလာပေမဲ့ ဂနာမငြိမ်ဖြစ်သွားတဲ့ ဂျောင်ဝန်းပုံစံက ဘယ်သူနဲ့မှ ဖြစ်တည်လာသလဲဆိုတာ အရိပ်တကြည့်ကြည့်,ကြည့်နေကျဖြစ်တဲ့ ဆောင်းဟွန်းက အသိဆုံး ဖြစ်သည်။ ဒါပေမဲ့ သူ,မသိချင်ယောင်သာ ဆောင်ထားပေးလိုက်ပါသည်။ သူ့ကြောင့် ဂျောင်ဝန်း စိတ်ရှုပ်သွားမှာကို နည်းနည်းလေးတောင် မလိုလားပါ။
" အပြင်ခဏ သွားလိုက်ဦးမယ်။ "
" ဖြစ်ပါ့လား ? "
စကားလုံးတွေနဲ့တောင် တုံ့ပြန်ဖို့ မအားတော့တဲ့သူက ခေါင်းတော့ ညိတ်ပြသွားရှာပါသည်။ ကမန်းကတန်း ပြေးထွက်သွားသူကို ကြည့်ပြီး တတ်နိုင်တာဆိုလို့ ပြုံးမိရုံသာ။ တစ်ဖက်လူဘက်က မဆိုသလောက် လှုပ်လိုက်တာနဲ့ ဂျောင်ဝန်းမှာ အိ​န္ဒြေတောင် မရနိုင်လောက်အောင်အထိ။
နစ်သထက်နစ်နေတဲ့ နွံထဲကို နစ်ပါစေတော့လားဆိုပြီး ရူးမိုက်စွာ၊ အသုံးမကျစွာ တိုးဝင်နေမိသူမှာ မိမိကိုယ်တိုင်မို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်တင်လိုစိတ် မရှိပေ။
" ဟွန်းလေး "
တစ်ဖက်က ဖုန်းကို ချက်ချင်း ကိုင်လာတာမို့ ဆောင်းဟွန်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ ယွန်ဆောင်းအသံထဲတွင် သူ့အား စိတ်ပူနေတယ်ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်နေ၏။
" ကျွန်တော်တို့ တူတူ သောက်ကြရအောင်။ "
" ညနေဘက်ကြီးလား ? "
သုံးစက္ကန့်လောက် ငြိမ်သွားတဲ့သူက မသောက်စေချင်သော်လည်း ကန့်ကွက်မည့်ပုံမရ။ ဆောင်းဟွန်းသည် သူတစ်ယောက်တည်းလည်း အဆင်ပြေတာကြောင့် အတင်းခေါ်ဖို့တော့ အတွေးမရှိချေ ။
" အစ်ကို မသောက်ချင်လည်း ... "
" အစ်ကို လာခဲ့မယ်။ သောက်မဲ့ဆိုင်နေရာသာ ပြောလိုက်။ "
သူ့အစ်ကိုက သူဘာပဲဖြစ်ဖြစ် ဘေးမှာရှိနေပေးမဲ့ တစ်ဦးတည်းသော ဖြစ်တည်မှု။
--
" ပတ်ခ်ဂျုံဆောင်း  "
ပန်းချီထဲကို စိတ်နှစ်ထားတဲ့ ဂျုံဆောင်းက သူ့အသံကိုတော့ ချက်ချင်း လှည့်ကြည့်လာသည်။ ဘယ်လောက်ထိ ပျော်သွားသလဲဆိုတာ မေးခွန်းထုတ်စရာလိုမည်မထင်။ သူ့မျက်လုံးတွေ၊ နှုတ်ခမ်းတွေကနေတစ်ဆင့် ကောင်းကောင်းကြီး သိနိုင်သည်။ သူက ပျော်နေပေမဲ့ ဂျောင်ဝန်းကတော့ မပျော်နိုင်။ ပြုံးပြနေတဲ့ ဂျုံဆောင်းအား အတန်ကြာသည်အထိ ငေးကြည့်နေမိသည်။
" ဘာလုပ်မလို့ စာပို့ပြီး ခေါ်နေရတာလဲ ? မဆက်သွယ်ပါနဲ့လို့ ပြောထားတာ မမှတ်ထားဘူးလား ? စကားကို အရေးမလုပ်တာလား ? ပြီးတော့ လိမ်ခေါ်တယ် ! "
ဒေါသထွက်နေတဲ့ ကောင်လေးကို ဂျုံဆောင်း နားမလည်ပါ။ သူက ဘာကို လိမ်ရမှာလဲ။
" ဂျောင်ဝန်း ဘာဖြစ်လာတာလဲ ? ဂျောင်ဝန်းစကားကို ကိုယ်နားထောင်တယ်လေ။ အခုက သိပ်ကို တွေ့ချင်နေလို့ပါ။ လိမ်ခေါ်တာမဟုတ်ပါဘူး။ ဒီပန်းချီကားလေး လက်စသတ်ပြီး ဂျောင်ဝန်းကို ကိုယ်တိုင်ပေးချင်လို့ပါ။ "
ဂျုံဆောင်းသည် ဘယ်သူ့စကားမှ နားမထောင်လျှင်တောင် ဂျောင်ဝန်းစကားတွေကိုတော့ သူ့ခေါင်းထဲ၊ နှလုံးသားထဲမှာ အမြဲ သိမ်းထား၏။ ဂျောင်ဝန်းက ဘယ်လိုနေတာ မကြိုက်ဘူးဆိုလျှင် သူပြင်သည်။ ဘယ်အရာကိုတော့ သဘောကျတယ်ဆိုလျှင် သူမှတ်ထားသည်။ လာမတွေ့နဲ့လို့ ပြောထားတာမို့ သတိရလွန်းနေတဲ့ စိတ်တွေကို ချုပ်တည်းပြီး ဓာတ်ပုံလေးတွေနဲ့တင် ဖြေသိမ့်နေခဲ့သည်။
တစ်စုံတစ်ယောက်ထက် ဂျောင်ဝန်း၏ဘေးကို နောက်ကျမှ ရောက်လာခဲ့ရသူ ဖြစ်သော်ငြား သူသည် သူတတ်နိုင်တာထက်ပိုပြီး ဂရုစိုက်ပေးနိုင်၊ ချစ်ပေးနိုင်ရန် အမြဲ ကြိုးစားနေသည်။
သို့သော်လည်း အလိုမကျမှုတွေကြားထဲကနေ ရုန်းမထွက်နိုင်သေးသည့် ဂျောင်ဝန်းကတော့ ဆံပင်တွေကို သုံးခါတိတိ ဆက်တိုက်ဆွဲဖွပစ်သည်။ ဂျောင်ဝန်း ဘာဖြစ်နေသလဲဆိုတာကို ဂျုံဆောင်း တကယ်မသိပါ။ သို့သော် စိတ်ပူသည်။ ဂျောင်ဝန်းမျက်နှာညှိုးနေလျှင်တောင် သူ့မှာ မနေတတ်။
" စိတ်ညစ်စရာတွေရှိလို့လား ဂျောင်ဝန်း ? ကိုယ်ဘာလုပ်ပေးရမလဲဟင်။ ကိုယ့်ကို ရင်ဖွင့်ချင်လား ? "
ဂျောင်ဝန်း၏အနားသို့ တိုးကပ်သွားလိုက်သည်။ နီးကပ်လာတာနဲ့အမျှ ဂျောင်ဝန်း၏အသက်ရှူသံပြင်းပြင်းတို့က သူ့နားထဲသို့ ကျယ်လောင်ပြီးရင်း ကျယ်လောင်စွာ တိုးဝှေ့ဝင်ရောက်လာကြသည်။ ထို့ကြောင့် ပိုမို၍ စိတ်ပူမိသည်။
လက်ဖမိုးဖွေးဖွေးလေးအား အုပ်ကိုင်လိုက်ပြီး လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေကို ဆုပ်ကိုင်လိုက်တော့ တစ်ဖက်ကောင်လေး သူ့လက်တွေကြားက ရုန်းထွက်သည်။ အသေးအမွှားအပြုအမူလေးဖြစ်သော်ငြား၊ ဂျုံဆောင်းအတွက်တော့ နာကျင်ရသည်ဆိုတာကို အနှီလူသားသည် မသိတာလည်း မဟုတ်ဘဲ တမင်ပြုမူနေပါလော။
" ကျွန်တော့်စကားကို နားထောင်တဲ့အတွက် တကယ်ကျေးဇူးတင်တယ်။ "
ဂျုံဆောင်းက နှုတ်ခမ်းထောင့်စွန်းတွေ သိသိသာသာ ကွေးတက်သွားသည်အထိ သဘောတကျနဲ့ ပြုံးသည်။ သူ့ပုံစံက ဆရာဆီက ချီးကျူးခံလိုက်ရသည့် တပည့်တစ်ယောက်လိုမျိုး။ ရှက်စရာလို့တော့ ဂျုံဆောင်း မမြင်။ ဂျောင်ဝန်းနဲ့ ပတ်သက်ပြီး သူဘာကိုမှ အတွေးမလွန်မိအောင် ကြိုးစားနေသည်။ အားလုံး ... အရာအားလုံးကိုပင်။
ဂျောင်ဝန်းက သူ့စကားကို ဆက်ပြောဖို့ ပြင်နေတာကြောင့် ဂျုံဆောင်း မပြောသေးဘဲ ငြိမ်ငြိမ်လေး စောင့်၍ နားစွင့်နေသည်။
" သိပြီးပြီမလား ? "
" ဘာကိုပြောတာလဲ ဂျောင်ဝန်း ? "
ဂျောင်ဝန်း စိတ်ပျက်မိသည်။ သူ့ပါးစပ်ကနေ ထုတ်မပြောချင်တာကြောင့် ကွေ့ဝိုက်ပြီး ပြောလိုက်ပေမဲ့ ဂျုံဆောင်းသည် တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား သူ နားမလည်နိုင်ပါ။
" ဟွန်းနဲ့ ကျွန်တော့် Dating ။ ကြားပြီးပြီလို့ ထင်တယ်။ "
" အာ ... "
ဂျုံဆောင်းဆီက တုံ့ပြန်မှုသည် ထိုမျှလောက်သာ။ မည်သည့်စကားများ ထပ်မံ၍ ထွက်ကျလာဦးမလဲဟူ၍ ဂျောင်ဝန်းမှာ စောင့်ဆိုင်းနေသော်လည်း မိနစ်အနည်းငယ် ကြာသည်အထိ သူ့အား ကြည့်သာကြည့်လို့နေသည်။ ဘာမှမဖြစ်သလိုမျိုး၊ အထွေအထူးကိစ္စ မဟုတ်သလိုမျိုး။
" ပြောစရာမရှိတော့တာလား ? "
ဂျောင်ဝန်းဘက်က ဘာကိုမျှော်လင့်နေတာလဲဆိုတာ ဂျုံဆောင်း မေးလိုက်ချင်သည်။ သူက စကားနားထောင်နေတာလေ။ ထိုသတင်းထွက်ကတည်းက ဂျုံဆောင်း သိပြီးသား။ သောင်းကျန်းရအောင်လည်း သူက နောက်ကျမှ ရောက်လာခဲ့ရတဲ့သူ။ ဘာလုပ်နိုင်မှာတဲ့လဲ။
သဘောကျတယ်လို့ အပြောခံရရုံနဲ့တင် ဂျောင်ဝန်းကို သူ,မထိန်းချုပ်နိုင်ပါ။ ထိန်းချုပ်ဖို့လည်း အစီအစဉ်မရှိ။ သူ့အနားမှာ နေရရုံလေးနဲ့တင် ဂျုံဆောင်းသည် တင်းတိမ်ရောင့်ရဲနိုင်အောင် လေ့လာကြိုးစားသင်ယူနေပြီ ဖြစ်သည်။ ထိုလူသားကတော့ ဒါတွေကို ဘယ်သိပါ့မလဲ။ သိလျှင်ရော အသိအမှတ်ပြုမှာတဲ့လား။ အတွေးတွေ ... ပေါပေါလောလော အတွေးတွေက နာကျင်စရာကောင်းသည်။
" အတည်အလင်း ကြေညာတော့မှာ။ ဟွန်းနဲ့ ကျွန်တော် တွဲနေကြတယ်ဆိုတဲ့အကြောင်းကို လူသိရှင်ကြား ကြေညာတော့မလို့။ "
ဤစကား၏ဆိုလိုရင်းကို ဂျုံဆောင်းသည် နားမလည်ပါ။ နားလည်လျှင်တောင်မှ နားမလည်ဘူးလို့သာ ပြောမိလိမ့်မည်။
သိသိသာသာ ပျက်ယွင်းသွားတဲ့ သူ့မျက်နှာကို ကြည့်နေသည့်သူကတော့ ဘာမှမဖြစ်သည့်နှယ်။ ပုံစံသည် တစ်ချက်တောင် မယိမ်းယိုင်သွားပေ။ ဂျုံဆောင်းသည် မယုံကြည်နိုင်သေးတာကို ဘေးသို့ ခဏပို့ထားကာ လေသံကို လျော့နိုင်သလောက် လျော့လိုက်ရင်း ...
" သူ့ကို တကယ်ချစ်သွားတာလား ? "
" အဖြေမရှိဘူး။ "
အဖြေက ယတိပြတ်။ သူဘယ်လိုမေးမေး ဖြေလာမှာ မဟုတ်တာကို သိသော်လည်း အရှက်မရှိသည့်သူသည် ထိုမေးခွန်းကိုသာ ဆက်တိုက် မေးချင်နေမိသည်။
" ရပါတယ်၊ ဂျောင်ဝန်း သဘောလေ။ လူသိရှင်ကြား တွဲတာ၊ မတွဲတာက အရေးမကြီးပါဘူး။ ဂျောင်ဝန်းအနားမှာ နေခွင့်ရရုံနဲ့တင် ကိုယ်က ကျေနပ်နိုင်ဖို့ ကြိုးစားနေတာပါ။ "
တစ်ခွန်းပြောပြီးတိုင်း နောက်တစ်ခွန်းကို ဆက်ပြောဖို့ အားယူနေသည့် ဂျုံဆောင်းက အသံတွေ တုန်ရီနေတာကိုပါ မသိစေချင်လိုတာကြောင့် အပြုံးတွေနဲ့ ဖုံးကွယ်ထားသည်။
" ခင်ဗျားရယ် "
ဂျောင်ဝန်းက သူ့အစား အားမရဖြစ်ကာ ရေရွတ်သည်။ ဂျုံဆောင်းနှုတ်ခမ်းတွေက ပြုံးပြနေပေမဲ့ မျက်လုံးတွေကတော့ ငြိမ်နေတာ ဂျောင်ဝန်း သိတာပေါ့။ မျက်ရည်တွေ ရစ်သီနေတဲ့ မျက်လုံးတွေကို ဂျောင်ဝန်း မကြည့်ချင်။ ကြည့်ဖို့ အားအင်လည်း မရှိပါ။
" ကျွန်တော့်ကို မချစ်ပါနဲ့လား။ "
အမိန့်တွေနဲ့ ပြည့်နှက်နေတတ်တဲ့ လူသားငယ်၏စကားတွေထဲ ဤစကားကတော့ အမိန့်အာဏာတွေ တစိုးတစိတောင် မပါ,ပါလာခဲ့။ လူတစ်ယောက်အား ချစ်ခြင်း၊ မုန်းခြင်း၊ နာကျည်းခြင်း၊ သနားဂရုဏာသက်ခြင်း၊ ... အစရှိသည်တို့သည် လုပ်ယူ၍ ရသည့်ကိစ္စတွေမှ မဟုတ်ပေဘဲ။ ထို့အတွက် နာကျင်ရပေမဲ့လည်း နောင်တဆိုသော စကားလုံးနှစ်လုံးအား ဘယ်သောအခါမှ ယူဆောင်လာမည် မဟုတ်ချေ ။
ဂျောင်ဝန်းကို ချစ်ရတာဟာ သေမတတ် ပင်ပန်းရပေမဲ့ သူသည် ကျေနပ်မိပါသည်။ တစ်ဦးတစ်ယောက်အား ချစ်ဖို့အတွက် ရွေးချယ်ခွင့်ရခဲ့လျှင် ယန်းဂျောင်ဝန်းဆိုသည့် လူသားကိုသာ အမြဲတစေ ရွေးချယ်ပြီး၊ အဆုံးအဆမဲ့သော ချစ်ခြင်းတရားတွေနဲ့ ထွေးပွေ့ဖို့သာ ဆုံးဖြတ်မည်။
" ကြိုက်တဲ့စကားလုံးတွေနဲ့ ကိုယ့်သိက္ခာတွေကိုပါ ချိုးနှိမ်ပစ်လိုက်စမ်းပါ ဂျောင်ဝန်းရယ်။ ကြိုက်သလိုလုပ်။ မင်းစိတ်ကြိုက် ကိုယ့်ကို ခြယ်လှယ်လိုက်။ မချစ်ပါနဲ့လားဆိုတဲ့ စကားကိုတော့ ဘယ်တော့မှ မဆိုပါနဲ့။ အဲ့စကားတစ်ခွန်းလေးနဲ့တင် ကိုယ့်ရင်ဘတ်တစ်ခုလုံးကို ကြေမွသွားအောင် နင်းခြေပစ်နိုင်တယ်ဆိုတာ သိရဲ့လားဟင်။ "
လောင်မြိုက်အက်ကွဲနေသူ၏ဆွေးတေးတေး မျက်ဝန်းအိမ်တွေသည် ဂျောင်ဝန်းအတွက် မီးစတွေနှယ်။ ပူလောင်လွန်းရသည်။ ရစ်သီနေတဲ့ မျက်ရည်စတွေကို တဖန် မြင်ရပြန်တော့ ရင်ဘတ်တစ်နေရာက သိသိသာသာ အောင့်တက်လို့လာသည်။ သူဟာ ဝဋ်လည်ပြီထင်ပါရဲ့။
ဆက်ပြောစရာစကားတွေလည်း မရှိချေတော့။ ပတ်ခ်ဂျုံဆောင်း၏အခုလိုပုံစံကို ဘာမှမဖြစ်သလို ဟန်ဆောင်ရပ်ကြည့်နိုင်ဖို့အတွက် သူသည် မပြင်ဆင်ရသေး။ သရုပ်ဆောင်ကောင်းလွန်းပါတယ်ဆိုတဲ့သူသည် ဝဲတက်လာတဲ့ မျက်ရည်တွေအား တစ်ဖက်လူ မမြင်နိုင်အောင် အသည်းအသန် ဝှက်ထားရသည်။
ဂျောင်ဝန်းသည် မည်သည့်စကားမှ မဆိုတော့ဘဲ ထိုနေရာမှ ထွက်သွားသည်။ ဂျုံဆောင်းမှာ မသွားပါနဲ့လို့ တားဖို့ရာ အင်အားမရှိ။ လည်ချောင်းတစ်လျှောက်ကနေ ရင်ဘတ်အထိ မွန်းကြပ်နေပြီး အသက်ရှူဖို့အတွက်တောင် ခဲယဉ်းလုနီးပါးဖြစ်နေသည်။ စကားလုံးတွေ ထွက်ကျလာဖို့ဆိုသည်မှာ ဝေလာဝေးပေ။ ဂျောင်ဝန်း၏ပုံရိပ်လေး သူ့မြင်ကွင်းထဲက ပျောက်သွားတော့ သူပါ ဤနေရာမှ ထွက်လာမိသည်။
ပစ်ပယ်ခံလိုက်ရတဲ့ ပန်းချီကားချပ်လေးက မပြီးပြတ်သေးချေ။ သူ့မှာ ဘာတစ်ခွန်းမှ မပြောနိုင်တော့ ထွက်သွားတဲ့ ဂျုံဆောင်းကိုသာ ညှိုးငယ်စွာဖြင့် ငေးကြည့်နေမိသည်။ ဂျုံဆောင်းသည် သူ့အနုပညာလက်ရာတွေအား တစ်ခါမှ ပစ်စလက်ခတ် ပစ်မထားခဲ့ဘူးပါ။ ထိုသို့အတွေးတောင် မရှိဖူးခဲ့။ ယခုတွင်တော့ ပိုင်ရှင်၏ပစ်ပယ်ထားခြင်းသာမက ရည်ရွယ်ခံရသူ၏ပစ်ပယ်ခြင်းပါ ခံလိုက်ရသည့် ပန်းချီကားချပ်လေးမှာ အဖော်မဲ့ရချေပြီ။
--
" ဒီစာရွက်တွေကို ဘယ်အချိန်ထိ ဖုံးကွယ်ထားမှာလဲ ပတ်ခ်ဆောင်းဟွန်း ?! "
မနေ့ညက အစ်ကိုဖြစ်သူနဲ့အတူ ညဉ့်နက်တဲ့အထိ သောက်ထားတဲ့ အရှိန်က နောက်နေ့မနက် နေ့လယ်ခင်း ရောက်သည်အထိ မပြေသွားသေးပေ။ တဆစ်ဆစ် ထိုးကိုက်နေတဲ့ နားထင်နှစ်ဖက်ကို အသာဖိထားမိသည်။ လှဲနေရာကနေ အားယူပြီး ထ,နေတုန်း ဝေဝါးစွာ မြင်နေရတဲ့ ဂျောင်ဝန်း၏ပုံရိပ်က ရှင်းရှင်းလင်းလင်း ပုံပေါ်လာသည်။
စာရွက်ဖြူ တွေကို ကိုင်ထားတဲ့ ဂျောင်ဝန်း၏လက်တွေ တုန်နေတာကို ဆောင်းဟွန်း သတိမထားမိ။ မူးဝေနေသေးတဲ့ သူ့ခေါင်းဆီသာ အာရုံရောက်နေမိတုန်း ဖြစ်သည်။ စိတ်မရှည်တော့တဲ့ ဂျောင်ဝန်းက သူ့ပခုံးတစ်ဖက်ကို အားပြင်းပြင်းနဲ့ လှုပ်ရမ်းလာတော့မှသာ ဂျောင်ဝန်းရှိနေတယ်ဆိုတာအား သတိရသွားပြန်သည်။ အောက်နှုတ်ခမ်းကို ကိုက်ခဲထားတဲ့ ဂျောင်ဝန်းကို သေချာကြည့်မိလိုက်တော့မှပဲ သူ့အသိအာရုံတွေသည် ပုံမှန်အတိုင်း ကောင်းကောင်းလည်ပတ်တော့သည်။
" အဲ့တာ ဘာလဲ ? "
ဂျောင်ဝန်းလက်ထဲက စာရွက်သုံးလေးရွက်က သူ့မျက်နှာဆီ အသီးသီး ရောက်ရှိလာကြပြီး၊ ရင်ဘတ်ကနေတစ်ဆင့် အောက်သို့လျှောကျတဲ့တစ်ရွက်က လျှော့ကျသွားသည်။ ကျန်စာရွက်တွေကတော့ သူ့ရင်ဘတ်နား၌ ကပ်ကျန်ခဲ့ကြသည်။
အကြောင်းမဲ့ ဒေါသထွက်နေတဲ့ ဂျောင်ဝန်းကို ဆောင်းဟွန်း နားမလည်သလို၊ သူ့စကားထဲ ဘာအမှားပါသွားလို့ စာရွက်တွေနဲ့ မျက်နှာကို အပေါက်ခံရသလဲဆိုတာကိုလည်း မသိပါ။
" မသိချင်ယောင်ဆောင်နေတယ်ဆိုလည်း သေချာကြည့်လိုက်။ "
|  Patient Name - Sunghoon Park
    Name Of Disease - Lung Cancer
    Doctor Name - Seongmin Ahn  |
စာရွက်ဖြူ တွေထဲမှာ စာလုံးအရေအတွက် မြောက်မြားစွာ ရှိနေသည်။ ထိုထဲတွင်တော့ ဂျောင်ဝန်း မြင်သည့် စာလုံးတွေသည် ထိုမျှလောက်သာ။
ဂျောင်ဝန်းညွှန်ပြရာ စာလုံးတွေကို ကြည့်နေသည့် ဆောင်းဟွန်းသည်လည်း ဂျောင်ဝန်းနည်းတူ အသက်ရှူဖို့ရာ မေ့တေ့တေ့ ဖြစ်နေသည်။
--
17,4,2022
♡
--
-ZAWGYI-
Ting !
" ဟွန်း ~ "
" သောက်နေတာလေကွာ။ "
" မကျေနပ်တာလား ? "
You are reading the story above: TeenFic.Net