🖤

Background color
Font
Font size
Line height

ဖွင့်ထားသည့် ပြတင်းပေါက်မှ တိုးဝေ့လာကြသည့် လေပြေက တသဲ့သဲ့။

စံပယ်ရေနွေးကြမ်းနံ့က နှာဖျားထိပ်မှတစ်ဆင့် တိုးဝင်လာသည်မှာ ခပ်အီအီသင်းသင်း။
သဘောကျစွာ ပြုံးမိတော့ ပို၍ တိုးဝင်လာတာမို့ နှုတ်ခမ်းပါးမှ အပြုံးသဲ့သဲ့တွေဟာ ဖောဖောသီသီ ထွက်ကျလာလေ၏။

" ကိုယ်တို့ လမ်းခွဲကြရအောင် ချွမ်ရွေ့။ "

ရေနွေးကြမ်းခွက်ကို ကိုင်ထားတဲ့ ချွမ်ရွေ့၏ လက်တွေက ရပ်တန့်သွားခြင်း မရှိ။ မဆိုသလောက် တွန့်ခနဲ တုန်လှုပ်သွားပေမဲ့ ဟန်ဆောင်ကောင်းလို့ထင်သည်။ ထိုင်နေသူက သတိတောင် မထားမိချေ။

ချွမ်ရွေ့က သူကိုယ်တိုင် ကျိုပေးထားသည့် စံပယ်ရေနွေးကြမ်းကို ကိုကို့ရှေ့ကို ညင်ညင်သာသာလေး ချပေးသည်။ မကျေမချမ်း မော့ကြည့်လာသည့် မျက်ဝန်းနက် စူးရှရှတွေကြောင့် ခိုးခိုးခစ်ခစ် ရယ်သံက ထွက်လာသည်မှာ ချွမ်ရွေ့ဆီမှ။

" ကိုယ် နောက်နေတာ မဟုတ်ဘူး ရှန်ချွမ်ရွေ့။ "

ကိုကို့ဆီက နာမည်အပြည့်အစုံ အခေါ်ခံရတာကို ချွမ်ရွေ့ သိပ်မုန်းသည်။ မကြိုက်ဘူး။ ကိုကိုက အဲ့တာကို သိလျက်နဲ့ ချွမ်ရွေ့စိတ်ကို တမင် လာဆွနေသလို။ ချွမ်ရွေ့ စိတ်ဆိုးဆိုးနှင့်ပင် ကိုကို့ပါးကို ဖိကပ်နမ်းပစ်လိုက်သည်။

ချက်ချင်း တွန့်ချိုးသွားကြကုန်သည့် မျက်ခုံးထူတွေကြောင့် ချွမ်ရွေ့က ထိုမျက်ခုံးတွေအား အပိုဆောင်းအနေဖြင့် နမ်းရှုံ့လိုက်ပြန်သည်။

" ရှန်ချွမ်ရွေ့ "

ကိုကို့အသံက မာမာတင်းတင်း။ ချွမ်ရွေ့က ခပ်ပြုံးပြုံး။

" ကိုယ် မင်းကို မုန်းလိုက်တာကွာ။ "

သည်အခါတွင်တော့ မာတင်းတင်းကနေ ခပ်ဆတ်ဆတ်။ ချွမ်ရွေ့က ခပ်ဟဟ ရယ်ချပြီး မျက်လုံးရှေ့ ဝဲနေတဲ့ ဆံပင်တွေကို သပ်တင်ပစ်သည်။ ရှေ့ဆံပင်တွေကြောင့် မပေါ်တပေါ် ဖြစ်နေခဲ့သည့် မျက်လုံးလှလှတွေကို အခုမှသာ မြင်ရတော့၏။ ချွမ်ရွေ့ မျက်လုံးတွေက သိပ်လှသည်။ ကိုကို စွဲလမ်းသွားခဲ့မိသည့် အရာတွေထဲက တစ်ခုဟုလည်း ဆိုနိုင်တာမို့ သူ့မျက်လုံးတွေသူ ဘဝင်သိပ်မကျခဲ့တဲ့ ချွမ်ရွေ့က ယခုတွင်တော့ သူ့မျက်လုံးတွေကို ချစ်မြတ်နိုးတတ်လာခဲ့ပြီ။ ကိုကို့ကျေးဇူးတွေကြောင့်လို့ပဲ ပြောရမလား။

ကိုကို့ဆံပင်နက်နက်တွေကို လက်ချောင်းသွယ်သွယ်တွေဖြင့် ဖွဖွလေး ထိတွေ့တော့ ကိုကိုက မရုန်း။ ချွမ်ရွေ့ကို ကိုကိုက ဘယ်လို ငြင်းနိုင်မှာတဲ့လဲ။

" မုန်းပေါ့။ ကိုကို ကျွန်တော့်ကို မုန်းလေ၊ ပိုပိုပြီး ချစ်လေပဲ မဟုတ်ဘူးလား။ ကျွန်တော်ကတော့ ကိုကို့အမုန်းတွေကို သိပ်ချစ်တာပဲ။ "

ဟက်ခနဲ ရယ်သံက လှောင်ရယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ချွမ်ရွေ့အတွက်ကတော့ ကိုကို သဘောကျတိုင်း ထိုကဲ့သို့ ရယ်သံလေးတွေ ထွက်လာတတ်သည်ဟုသာ တရားသေ မှတ်ယူထားသည်။

" ရေနွေးကြမ်းတွေ အေးတော့မယ်လေ ကိုကို။ ကျွန်တော့်အချစ်တွေ အပြည့်အလျှံ ထည့်ပေးထားတာကို။ "

တင်းတင်းစေ့ထားပြန်သည့် ကိုကို့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားတာကို ချွမ်ရွေ့ စိုက်ကြည့်နေရင်းနှင့်မှ ထိုနှုတ်ခမ်းထောင့်လှလှလေးတစ်ဖက်အား ထိကပ်ရုံမျှ အနမ်းခြွေမိ၏။ ကိုကိုနဲ့ ပတ်သက်သမျှ အရာအားလုံးက ရှန်ချွမ်ရွေ့အတွက် မြတ်နိုးစရာအတိရယ်ပါ။ မြတ်နိုးလွန်းတာထက် ပိုလို့ ချွမ်ရွေ့ ရူးတော့မည်တောင် ထင်မိသည်အထိ။

" ကိုယ်တော့ မင်းနဲ့ ပတ်သက်ခဲ့မိတာ မှားပြီထင်တယ်။ အမှားကြီး မှားပြီထင်ပါရဲ့။ "

ချွမ်ရွေ့ စိတ်ညစ်စေမဲ့ စကားတွေကိုသာ ရွေးချယ် ပြောတတ်သည့် ကိုကိုက ပြောပြီးသည်နှင့် ရေနွေးကြမ်းတွေကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ကိုကိုက သိရဲ့သားနဲ့လေ။ ရှန်ချွမ်ရွေ့အတွက် သည်လောက် စကားလုံးလေးတွေက ဖြုံတောင် မဖြုံဘူးဆိုတာကို။ ကိုကိုတစ်ယောက်လုံး ချွမ်ရွေ့ဘေးမှာ ရှိနေသရွေ့ ဘယ်လို စကားလုံးတွေနှင့် ထိုးနှက်ထိုးနှက် ချွမ်ရွေ့က အပြုံးမပျက်ဘဲ ခံယူမှာ။ ဘာလို့ဆို ကိုကိုက ချွမ်ရွေ့ကို ဘယ်လောက်ထိ ချစ်မှန်း ချွမ်ရွေ့ အသိဆုံးမို့။

" အင်း ... အမှားကြီး မှားသွားပြီ။ ကျွန်တော့်ဘဝထဲကို ကိုကို ဝင်လာခဲ့ကတည်းက မှားသွားတာ။ ပြင်ချင်သေးလို့လား ကိုကို ? လမ်းခွဲကြမလားဟင် ? "

ထိုင်နေတဲ့ ကိုကိုက အခုထိ မထိုင်ရသေးသည့် ချွမ်ရွေ့ကို ခါးကနေ ဆွဲပွေ့လိုက်တော့ ကိုကို့ပေါင်ပေါ်သို့ ချွမ်ရွေ့ မရည်ရွယ်ဘဲ ဘေးတစောင်းလေး ထိုင်မိသွားသည်။ တမင် ထိုင်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

" လမ်းခွဲမယ် ဆိုတဲ့ စကားကို ကိုယ်ကပဲ ပြောမယ် အီရီခီ။ မင်း ပြောစရာ မလိုဘူး။ ဒီနှုတ်ခမ်းပါးပါးတွေက ပြောရမဲ့ စကားက တစ်မျိုးပဲ ရှိတယ်။ ' ကျွန်တော် ကိုကို မရှိဘဲ မနေနိုင်တာမို့ လမ်းခွဲမဲ့ စကား မပြောပါနဲ့။ ' ဆိုတဲ့ စကားပဲ ထွက်ရမယ်။ "

စကားဆုံးသည်နှင့် ဟားတိုက်ရယ်ရင်း ခေါင်းကို နောက်ပြန်လှန်ချလိုက်တော့ ချက်ချင်းပင် ခေါင်းနောက်သို့ ရောက်လာသည့် ကိုကို့လက်တစ်ဖက်။ ခါးကျဥ်ကျဥ်ပေါ်က လက်တစ်ဖက်ကလည်း ပြေလျော့သွားခြင်း အလျှင်း။

ကိုကို့မျက်နှာချောချောကို လက်နှစ်ဖက်နှင့် တစ်ဖက်တစ်ချက်စီ အုပ်ကိုင်ကာ မည်သည့် စကားတစ်လုံးမှ ဆိုခြင်း မပြုလေတော့ဘဲ နှုတ်ခမ်းပါးပါးတွေအား ထိတွေ့ပေးလိုက်တော့သည်။ ချွမ်ရွေ့နှုတ်ခမ်းတွေက ကိုကို့အတွက် ကိုကို မုန်းတဲ့ ဘလက်ခ်ကော်ဖီလို ခါးနိုင်ကောင်း ခါးနိုင်ပေမဲ့ ကိုကို,ကိုယ်တိုင် လွှတ်မချနိုင်ဘဲ တမ်းတမ်းစွဲ ဖြစ်နေရတာပဲ မဟုတ်လား။ တခါတလေ ကိုကို့အစား ချွမ်ရွေ့ သိပ်ပင်ပန်းတာပဲ။ ကိုကိုက ဟန်ဆောင်ကောင်းလွန်းလို့။

--

" မင်း ရူးနေလား ရှန်ချွမ်ရွေ့ !! "

ချွမ်ရွေ့ပခုံးနှစ်ဖက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရမှုကြောင့် ပခုံးသားတွေက မသိမသာ နာကျင်လာရသည်။ သို့သော် မရုန်းမိ။ ကိုကို ပေးတဲ့ နာကျင်မှုတွေကို ချွမ်ရွေ့ အသားကျနေပြီ။ မည်သည့် နာကျင်မှုကိုမဆို ချွမ်ရွေ့ လက်ခံနိုင်သည်။ သို့သော် ထိုအမျိုးသမီးနှင့် ပတ်သက်သော နာကျင်မှုတော့ မပါ။ ထိုအမျိုးသမီးကြောင့် သူ့ကို ပစ်ပစ်ခါခါ ထားသွားမည့် အဖြစ်မျိုးကို ချွမ်ရွေ့ လုံးဝ ဖြစ်ခွင့်ပေးမည် မဟုတ်။

" ကျွန်တော် ရူးနေတာ ကိုကို သိပြီးသားပဲ မဟုတ်လား။ "

ထိုတစ်ခွန်းတည်းသာ ပြောပြီး ပခုံးပေါ်က ကိုကို့လက်တွေကို ချွမ်ရွေ့ အားကုန်သုံးကာ ဖယ်ချပစ်လိုက်မိသည်။

အီဂျောင်ဟျွန်း ဆိုသည့်လူ ချွမ်ရွေ့ဘဝထဲကို ခြေလှမ်းစပြုလာကတည်းက ရှန်ချွမ်ရွေ့တို့က အရူးအမူး ဖြစ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာ။ အရာအားလုံးကို ပစ်ပယ်ပြီး ကိုကို့,ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့တာဆိုသည့် အကြောင်းအား ခဏခဏ ထုတ်ပြောရပေါင်းလည်း မနည်း။ မသိတာလည်း မဟုတ်ဘဲနှင့် ကိုကိုဟာ ချွမ်ရွေ့အပေါ် သိပ်ကို အနိုင်ယူလွန်းပါသည်။ ဟိုအမျိုးသမီးကိုကျ အမြဲ အလျှော့ပေးတတ်သည့် ကိုကိုက ချွမ်ရွေ့ဆိုလျှင်တော့ အမြဲတမ်း နိုင်စားလွန်း၏။

ကိုကို့ဆီက ထွက်လာသည့် သက်ပြင်းချသံကျယ်ကျယ်က အခန်းတစ်ခန်းလုံးကို ပျံ့နှံ့သွားသည့်ဟယ်။ ချွမ်ရွေ့ ရင်တွေ တုန်လာပေမဲ့ သည်တစ်ခါတော့ ကိုကို့,ကို အလျှော့မပေးချင်ပါ။ လက်နှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားရင်း တုပ်တုပ်မျှ မလှုပ်ဘဲ ရပ်နေမိသည်။ ချွမ်ရွေ့နဲ့ မလှမ်းမကမ်းမှာ ရှိနေခဲ့သည့် ကိုကိုကတော့ တဖြည်းဖြည်းနှင့် တံခါးဝနားသို့ ရောက်သွား၏။

" ရှန်ချွမ်ရွေ့ "

တည်ငြိမ်အေးဆေးလွန်းနေသည့် ကိုကို့၏ ခေါ်သံက ချွမ်ရွေ့ရင်ထဲကို မီးစတွေ ထည့်ပေးလာသလိုမျိုး။ ပူလောင်လာရသည်။ ချွမ်ရွေ့ သိသည်။ ပြီးတော့ ကြောက်သည်။ ကိုကို့၏ အခုလို ပုံစံကို ချွမ်ရွေ့ ရင်းနှီးပြီးသားမို့။

" ဒီပုံအတိုင်းဆို ကိုယ်တို့ မဖြစ်တော့ဘူး။ အချိန်ယူပြီး ပြန်စဥ်းစားကြရအောင်။ "

လှုပ်ရှားရန် ခဲယဥ်းနေသည့် ခြေထောက်တွေကို မနည်း အားပြုကာ ချွမ်ရွေ့ ချက်ချင်းပင် ကိုကို့ဆီ ပြေးသွားမိသည်။ ကိုကို့ခါးအား မလွှတ်တမ်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့ ကိုကိုက ရုန်းဖို့ ပြင်သည်။ ဟင့်အင်း ... ချွမ်ရွေ့ ကိုကို့,ကို လက်လွှတ်ဖို့ တစ်ခါလေးတောင် တွေးကြည့်ဖူးခဲ့တာ မဟုတ်။

" ကျွန်တော် တောင်းပန်ပါတယ် ကိုကို။ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် မှားသွားတာမလို့ ကြိုက်တဲ့အပြစ် ပေးပါ ကိုကို။ ဒီလို စကားလုံးတွေနဲ့တော့ ကျွန်တော့်ကို သတ်ဖို့ မကြိုးစားပါနဲ့။ ကျွန်တော် အလိုအပ်ဆုံးက ကိုကိုပါ။ ကိုကို မရှိရင် ကျွန်တော် သေသွားလိမ့်မယ်။ "

ကိုကို့အင်္ကျီဖြူလွှလွှမှာ ချွမ်ရွေ့မျက်ရည်တွေနှင့် အကြည့်ရဆိုးနေလေမလား။ ထို့ကြောင့် ကိုကို တွန်းထုတ်မှာဆိုးမိသဖြင့် ကိုကို့​ကျောပြင်နဲ့ ကပ်နေသည့် မျက်နှာအား ဖြည်းဖြည်းချင်း ခွာလိုက်ရင်း ကိုကို့အရှေ့သို့ ချွမ်ရွေ့ လျှောက်သွားမိသည်။

ကိုကိုက ချွမ်ရွေ့ကို မကြည့်။ ချွမ်ရွေ့အကြည့်တွေကတော့ ကိုကို့ဆီက မခွာ။

" ဒီလို မလုပ်ပါနဲ့ ကိုကို။ ချွမ်ရွေ့ တကယ် တောင်းပန်နေတာပါ။ ကိုကို ကြိုက်တဲ့အပြစ် ချွမ်ရွေ့ကို ပေးပါ။ "

ချွမ်ရွေ့ ... ချွမ်ရွေ့။
ချွမ်ရွေ့ အရမ်းကြောက်တတ်တဲ့အခါ သူကိုယ်တိုင်တောင် မသိဘဲ သူ့နာမည်သူ ​သုံးနှုန်းတတ်တာမျိုး။ ဒါကို ကိုကိုရော သိလေလောက်မလား။ ချွမ်ရွေ့ မသိပါဘူး။ အခုချိန်မှာ အဲ့တာတွေအထိလည်း လိုက်မစဥ်းစားနိုင်ဘူး။ သူသိတာ ကိုကို့ဆီက အထားမခံရဖို့ တစ်ခုတည်းသာ။

ကိုကိုနဲ့ အချိန်ပြည့် အတူ ရှိနိုင်တဲ့ ထိုအမျိုးသမီးအား မနာလိုတာရယ်၊ ကိုကို့မိသားစုဝင်တွေ အနေနဲ့ ကိုကိုနှင့် ချွမ်ရွေ့၏ ပတ်သက်မှုကို သိချင်ကြမလားဟု တွေးမိကြတာရယ်ကြောင့် ကိုကိုတစ်ယောက် ချွမ်ရွေ့အား ရူးရူးမူးမူး နမ်းနေသည့် ပုံကို လျိုထျန်းယွဲ့အား ရိုက်ခိုင်းကာ သူတို့ဆီ အရောက် ပို့ပေးလိုက်မိတာ မှားသွားပြီ ထင်ပါရဲ့။ တကယ်ကို မှားသွားတာပဲ။ တကယ်တော့ ချွမ်ရွေ့ မျှော်လင့်မိတာ နှစ်ခုတည်းသာ။ သူ(မ)က ကိုကို့,ကို ခါးသီးနေအောင် မုန်းသွားပြီး ကိုကို့,ကို ချွမ်ရွေ့တစ်ယောက်တည်း ပိုင်ဆိုင်နိုင်ဖို့နှင့် ကိုကို့မိသားစုအနေဖြင့် ကိုကိုက ဘယ်သူ့ကို တကယ်ချစ်သလဲဆိုတာ သိနိုင်ဖို့။

--

" မင်း မှားတာ ချွမ်ရွေ့။ အီဂျောင်ဟျွန်းအတွက် အရေးကြီးတာကိုမှ မင်းက သွားထိတာကို။ ဒီလို လုပ်ဖို့ ရိုက်ခိုင်းတာဆိုတာသာ သိခဲ့ရင် ခိုးကြောင်ခိုးဝှက်နဲ့ တကူးတက လာမရိုက်ပေးပါဘူး။ အခုတော့ မင်းပဲ ကျန်ရစ်ဖြစ်ရတော့မယ်။ "

လျိုထျန်းယွဲ့စကားက တောက်နေပြီးသား မီးစတွေကို ပို၍ တောက်ပါစေ ဆိုပြီးတော့ လောင်စာ ထည့်ပေးနေသလို။ ဆေးလိပ်ငွေ့တို့ကို လေးပင်စွာ မှုတ်ထုတ်လိုက်ရင်း ချွမ်ရွေ့က ဟက်ခနဲ ရယ်ကာ တစ်ဆက်တည်းမှာပင် ခပ်မဲ့မဲ့ ပြုံးသည်။

ကိုကိုက ဂုဏ်သိက္ခာကို မက်မောသည်။ မိသားစုကို သိပ်ချစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးကိုလည်း မချစ်ဘဲနှင့် ချစ်ဟန်ဆောင်သည်။ တကယ်ဆို ကိုကို ချစ်တာ သူ့ကိုမှန်း ချွမ်ရွေ့ ကောင်းကောင်းကြီး သိ၏။

" နောက်ဆုတ်ဖို့ ... "

" ဆက်မပြောနဲ့ လျိုထျန်းယွဲ့။ မစခင်ကတည်းက ကိုကို့မှာ အဲ့အမျိုးသမီး ရှိနေမှန်း ငါ သိပြီးသား။ အဲ့ကတည်းက နောက်ဆုတ်ဖို့ အတွေး တစက်ကလေးတောင် မရှိခဲ့တဲ့ ငါက ဘာကြောင့် အခုမှ နောက်ဆုတ်ရမှာလဲ။ "

သုံးပတ်တိတိ ဝင်လာခြင်း မရှိသည့် ဖုန်းကောလ်၊ ပို့လာခြင်း မရှိသည့် မက်ဆေ့ချ်။ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည့် ဖုန်းနံပါတ်ကို မျက်တောင်မခတ်စတမ်း ကြည့်ရင်း ချွမ်ရွေ့ပုံစံက ထိုနံပါတ်ဆီမှ ဖုန်းလေး တစ်ကောလ် ဝင်လာတာပဲဖြစ်ဖြစ်၊ စာလေးတစ်စောင် ရောက်လာတာပဲဖြစ်ဖြစ်၊ ရှိုက်ကြီးတငင် ငိုချလိုက်မည့် အနေအထားဆိုတာ လျိုထျန်းယွဲ့ သိသည်။ ဘေးက သူတောင် ပူလောင်လိုက်ရတာ။

" မပူလောင်ဘူးလား ? "

" သေတော့မလိုပဲ။ "

--

" အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကိုယ့်ဘဝထဲကို မင်း ဝင်မလာနိုင်အောင် မဖြစ်,ဖြစ်တဲ့ နည်းနဲ့ ကြိုးစားခဲ့မိမှာ။ "

နဖူးပေါ်က ရေပတ်ဝတ်လေးကို ဖွဖွလေး ပြန်ယူကာ လည်ပင်းတစ်ဝိုက်က ချွေးစို့နေတာလေးတွေကို စိတ်ရှည်လက်ရှည် သုတ်ပေးရင်း ကိုကိုက စိတ်ပျက်နေသည့် လေသံဖြင့် ဆိုသည်။ အခုမှ သွေးရောင်လေး မဆိုသလောက် သန်းလာသည့် နှုတ်ခမ်းပါးပါးတို့က ကိုကို့စကားတွေကြောင့် တွန့်ကွေးကုန်လာကြ၏။ ပြုံးနေတဲ့ သူ့ကို ကြည့်ရင်း ကိုကိုက မျက်ခုံးတွေကို ထိလုမတတ် အဆုံးစွန် တွန့်ချိုးထားလေရဲ့။

" မနေ့ညက ကိုယ် ဘယ်လောက်ထိ စိတ်ပူသွားသလဲဆိုတာ သိရဲ့လား ? "

" အင်း "

အဖျားကျဟန် ရှိလာပေမဲ့ လုံးဝ အားမရှိသေးသလို ခံစားရသည်။ ထ,ထိုင်ပြီး ကိုကို့ရင်ခွင်ထဲ ပစ်ဝင်ချင်တာတောင်မှ မလုပ်နိုင်။ ထို့ကြောင့် လက်နှစ်ဖက်ကို ကမ်းပေးလိုက်တော့ ကိုကိုက အလိုက်တသိနှင့် လှဲနေသည့် သူ့ကို ဖွဖွလေး ပွေ့ဖက်ပေးလာသည်။

" သိတယ်။ "

သိလို့ တမင် လုပ်လိုက်တာ။ သူ နေမကောင်းတာနဲ့ စိတ်အပူတတ်ဆုံးက ကိုကိုမှန်း သိလို့။ မနေ့က ဟိုအမျိုးသမီးရဲ့ မွေးနေ့မှာ ကိုကိုတို့နှစ်ယောက် အချိန်အကြာကြီးအထိ အတူ ရှိနေမှာကို မလိုလားလို့။ တွေးတောင် မတွေးကြည့်ချင်လို့။ နဂိုကတည်းက ကျန်းမာရေး ချူချာတတ်သူမို့ ရက်ပိုင်းလောက် ဖြစ်သလို နေလိုက်တာနှင့် နေမကောင်း ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အရင်က မုန်းပေမဲ့ ကိုကိုနဲ့ တွေ့ပြီးကတည်းက ချူချာတတ်တာကို အများကြီး ကြိုက်လာတာ။

• ကျွန်တော် သေတော့မယ် ထင်တယ် ကိုကို။ •

လေးပတ်မြောက်နေ့တိတိအထိ မည်သည့်စာတစ်စောင်မှ ဝင်မလာခဲ့သည့် ဖုန်းနံပါတ်ဆီသို့ ထိုမက်ဆေ့ချ်လေး တစ်စောင် ပို့လိုက်ရုံနှင့်တင် နှစ်ဆယ့်ရှစ်ရက်လုံး လွမ်းနေခဲ့ရသည့် မျက်နှာချောချောကို တွေ့နိုင်ခဲ့ပြီ။ ကိုကိုကလေ ပစ်ပယ်နိုင်တာလည်း မဟုတ်ဘဲနှင့်။

" ဘာကို ပြုံးနေတာလဲ ? "

ဟန်မဆောင်နိုင်စွာ ပြုံးမိသွားတော့ မေးသံထွက်လာပုံက ခပ်စစ။ ကိုကိုက ဟိုအမျိုးသမီးနဲ့ အတူ မရှိရလို့ မကျေမချမ်း ဖြစ်နေတာများလား။

" ကျွန်တော်လည်း နေကောင်းသွားပြီဆိုတော့ ကိုကို ပြန်ချင်ပြန်တော့လေ။ "

" ကိုယ့်ကို ပြန်လွှတ်နေတာလား ? "

" မဟုတ်ပါဘူး။ ကိုကို ပြန်ချင်နေတယ် ထင်လို့ပါ။ "

အီရီခီက အရင်လို မဆိုးတော့ပါဘူး။ ကိုကို ပစ်သွားမှာ ကြောက်လွန်းနေတဲ့ ကလေးလေးက ကိုကို့အပေါ် အလိုက်သိတတ်ချင်မိရုံလေးရယ်ပါ။

" ချွမ်ရွေ့ "

" ဟင့်အင်း "

တခြားသူတွေ အမြင်မှာ " ချွမ်ရွေ့ " ဆိုသည့် စကားသံက သည်အတိုင်း ခေါ်သံတစ်ခုသက်သက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကိုကို့စိတ်ကို နားလည်နေပြီးသား ဖြစ်သည့် ချွမ်ရွေ့ကတော့ မည်သည်ကို ဦးတည်နေသလဲဆိုတာ သိသည်လေ။

" ဆက်မပြောနဲ့ ကိုကို။ ပြန်ပါတော့။ "

မျက်နှာကို ခေါင်းအုံးထိ ဖိကပ်လိုက်ရင်း ကိုကို့,ကို ချွမ်ရွေ့ အတင်း မောင်းထုတ်နေမိသည်။ ခေါ်သံတစ်ခုတည်းနှင့်တင် ကိုကို့စကားတွေက ဘယ်အထိ ရောက်သွားမလဲဆိုတာ ချွမ်ရွေ့ သိတာမို့။ မကြားချင်တာမို့။

" ကျွန်တော့်ကို သနားတယ်ဆို ကိုကို ပြန်လိုက်ပါတော့။ တောင်းပန်ပါတယ်။ "

-

" အစ်ကိုဂျောင်ဟျွန်းကို မနေ့က ဟိုမိန်းမနဲ့အတူ လက်ထပ်လက်စွပ် သွားရွေးနေတာ တွေ့လိုက်တယ်။ "

" ဟုတ်လား "

ထူးထူးဆန်းဆန်း အေးအေးလူလူ တုံ့ပြန်လာသည့် ချွမ်ရွေ့ကြောင့် လျိုထျန်းယွဲ့ ဆက်ပြောမည့် စကားတောင် မေ့သွားရ၏။ တစ်ဖက်ဖုန်းက ထျန်းယွဲ့ ရော၊ ချွမ်ရွေ့ရော ငြိမ်သက်နေကြသည်မှာ အချိန်တစ်ခုအထိ။ ကြာလာတော့ ထျန်းယွဲ့ဘက်ကပဲ စိတ်ပူပူဖြင့် စကားစ,ရပြန်သည်။

" ငါ လာခဲ့ရမလား ရှန်ချွမ်ရွေ့ ? "

" မလာနဲ့။ မတွေ့ချင်ဘူး။ "

ထိုမျှလောက်နှင့် သူ့ဘက်က ဦးစွာ ချလိုက်သည့် ဖုန်းကို ထျန်းယွဲ့ဘက်ကလည်း ထပ်မခေါ်ခဲ့ပါ။

အသစ်စက်စက် ဆေးလိပ်ဘူးကို ဖောက်လိုက်ပြီးနောက် ထိုထဲက တစ်လိပ်ကို ယူရင်း ချွမ်ရွေ့နှုတ်ခမ်းနှစ်ဖက်ကြား၌ ထည့်ထားလိုက်သည်။ မီးညှိဖို့အတွက် မီးခြစ်က ပျောက်နေ၏။

• မေမေ မင်းကို သိပ်စိတ်ပျက်မိတယ် ချွမ်ရွေ့။ •

မီးခြစ်ကို ရှာနေသည့် ချွမ်ရွေ့စိတ်ထဲမှာ စိုးမိုးနေသည်က လွန်ခဲ့သည့် ရက်က မေမေ့ဆီမှ ဝင်လာသည့် စာတစ်စောင်။ သေချာပေါက် ဖေဖေရော၊ မေမေရော သူ့အကြောင်းကို သိကုန်ကြပြီပဲ။

ဘယ်လောက်ရှာရှာ အစအနတောင် ပေါ်မလာသည့် မီးခြစ်က ကိုကို့လက်ချက်ပဲ ဖြစ်လိမ့်မည်။ သည်တစ်လုံးနဲ့ဆို ဆယ်လုံးမြောက်။ ဟိုးတစ်ခါ သူ နေမကောင်းဖြစ်တုန်းက လာတုန်းက တစ်ခါတည်း ယူသွားတာ ဖြစ်မည်။ ခပ်သဲ့သဲ့ ပြုံးလျက်နှင့်ပင် နှုတ်ခမ်းကြားက ဆေးလိပ်ကို လက်နဲ့ ကြေမွကာ အမှုန့်တွေ ထွက်လာသည်အထိ ​ချေပစ်လိုက်မိသည်။ ဆေးလိပ်သောက်တာ ကိုကိုမှ မကြိုက်တာ။

ကိုကို မကြိုက်တဲ့ အရာတွေကို ရှန်ချွမ်ရွေ့လည်း နည်းနည်းလေးတောင် မကြိုက်ဘူး။

" ဟက် ! တစ်နာရီတောင် မခံဘူး။ "

ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်မိ၏။ တစ်ရက်လောက်ဖြစ်ဖြစ် မေ့ပစ်ကြည့်ဖို့ ကြိုးစားသော်လည်း တစ်နာရီတောင် မခံလိုက်။ အသိဥာဏ်ထဲမှာရော၊ နှလုံးသားထဲမှာရော ကိုကိုက ပုံမှန်အတိုင်း နေရာအပြည့် ယူလာပြန်ပါသည်။ ဖုန်းကို ဖွင့်လိုက်တော့ လော့ခ်စခရင်မ်က ဝေါလ်ပေပါလေးကြောင့် ငြိမ်သက်နေသည့် နှုတ်ခမ်းပါးတွေဟာ အလိုအလျောက် လှုပ်ရှားကုန်ကြ၏။ အပြုံးတွေကအစ ကိုကို ဖန်တီးပေးမှသာ။

ဘားမှာ မူးပြီး မှောက်နေသည့် ကိုကို့ပုံလေးက ချွမ်ရွေ့အတွက် အရာရာ။ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်။ ဘားဆိုတာ ရှန်ချွမ်ရွေ့နဲ့ မစိမ်းသက်တဲ့ အရာ မဟုတ်သည့်တိုင် ကိုကို့အတွက်တော့ ရင်းနှီးမနေခဲ့ပါ။

" အဲ့တုန်းက ကိုကိုက သိပ်ကို ချစ်ဖို့ကောင်းလွန်းလို့ မြင်မြင်ချင်း စွဲလန်းခဲ့မိသွားတာ ထင်ပါရဲ့လေ။ "

-

လွန်ခဲ့သော တစ်နှစ်ခန့်က။

" အဲ့လူ သောက်ရမ်းမိုက်တယ်။ "

ဘေးက သူငယ်ချင်းမ၏ စကားကြောင့် ချွမ်ရွေ့ သူ(မ) ကြည့်နေသည့် နေရာကို ကြည့်လိုက်မိသည်။ သို့သော် အကြည့်တွေက သူငယ်ချင်းမ ကြည့်နေသည့် ဆောင်းဟန်ဘင်းဆိုသည့် လူဆီ မရောက်ခဲ့။ ဆောင်းဟန်ဘင်း၏ ဘေး၌ ထိုင်နေသည့် လူဆီမှာသာ ငြိတွယ်သွားခဲ့၏။ အရက်ကိုသာ ဆက်တိုက် သောက်နေသူက တခြား ဘာကိုမှ အာရုံရှိဟန်မတူ။

ပြုံးရယ်ခြင်း တစိုးတစိမျှတောင် မရှိလေသည့် ထိုလူက ခဏကြာတော့ ချွမ်ရွေ့တို့ဘက်ကို ကြည့်လာသည်။ ချက်ချင်းပင် အကြည့်ပြန်လွှဲသွား၏။ တစ်စက္ကန့်တောင် မကြာလိုက်တာမို့ ချွမ်ရွေ့ မကျေမနပ်ဖြစ်မိကာ အောက်နှုတ်ခမ်းကို ကိုက်လျက် မျက်ခုံးထူထူနက်နက်ကိုလည်း တွန့်ချိုးထားလိုက်မိသည်။

" ဟဲ့ ... ဘယ်သွားမလို့လဲ ? "

" နှလုံးသားဆီ "

ကြောင်တောင်တောင်ဖြစ်ကာ ကျန်ခဲ့ကြသည့် သူငယ်ချင်းတွေကို ရယ်ပြကာ ခြေလှမ်းတွေ၏ ဦးတည်ရာကတော့ သူ့နှလုံးသားဆီ၌။

" တစ်ခုခု စားပါဦး။ အရက်တွေချည်း လှိမ့်သောက်နေတာ။ ဘာစားမလဲ။ ကျွန်တော့်အချစ်တွေ စားမလား ? "

ဆောင်းဟန်ဘင်းဆိုသည့်သူက သူ့ကောင်လေးနဲ့ ထွက်သွားပြီမို့ သူနဲ့ ထိုလူသာ ကျန်ခဲ့၏။ သူ့စကားတွေကြောင့် မျက်လုံးရဲရဲတွေက ဘဝင်မကျစွာ သူ့ဆီသို့ ရောက်လာသည်မှာ ရူးလောက်အောင် ချစ်ဖို့ကောင်းနေ၏။

" ချစ်စရာလေး "

မျက်လုံးမှိတ်ပြလိုက်တော့ ဟက်ခနဲ ရယ်သံက ထိုလူ့ဆီမှ။ ရယ်သံကအစ စွဲလန်းမိသွားခဲ့ပြီ။

" ကျွန်တော်တို့ တွဲကြမလား ? ကျွန်တော် ကိုကို့,ကို ကြိုက်တယ်။ "

တုံ့ပြန်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေမဲ့ ရီဝေဝေ မျက်လုံးတွေကို ချွမ်ရွေ့ ကောင်းကောင်းကြီး နားလည်ခဲ့သည်။ မည်သည့်စကားမှ မကြားခဲ့ရပေမဲ့ ထိုနေ့မှစ၍ ကိုကိုက ချွမ်ရွေ့၏ ဘဝ ဖြစ်လာခဲ့၏။

ပထမဆုံး တွေ့ဆုံမှုမှာတင် ' ကိုကို ' ဆိုသည့် စကားလုံးက သူ့အတွက်သာ ဖြစ်ခဲ့သည်။ ထိုတင် မပြီးခဲ့ပါ။ အရာအားလုံး ... ရှန်ချွမ်ရွေ့၏ အရာအားလုံးက ကိုကို့အတွက်သာ ဖြစ်ခဲ့ပြီး၊ ကိုကို့အပိုင် ဖြစ်ခဲ့တာ ထိုနေ့ကတည်းကပင်။ မစတင်ခင်ကတည်းက လှလှပပလေး အရှုံးကြီး ရှုံးပေးခဲ့တာ ရှန်ချွမ်ရွေ့ရယ်ပါ။

--

" ဆက်မပြောနဲ့ အီရီခီ !!! "

ဒုန်း !!

ကိုကို့လက်ချက်ဖြင့် ချွမ်ရွေ့အိမ်က ပစ္စည်းတွေဆိုသည်မှာ ရစရာ မရှိချေတော့။ အဲ့တာတွေကို ချွမ်ရွေ့ စိတ်မပူပါဘူး။ သွေးတွေနဲ့ မြင်မကောင်း ဖြစ်နေသည့် ကိုကို့လက်ဆစ်တွေကိုသာ ချွမ်ရွေ့ အစိုးရိမ်ကြီး စိုးရိမ်မိနေတာ။ သွေးတွေက လက်ကောက်ဝတ်တွေထိ ရောက်လာတာကို မြင်တော့ ချွမ်ရွေ့ ဘယ်လိုမှ မနေနိုင်တော့။

" သွေးတွေ ကိုကို ! ဆေး အရင်ထည့်ရအောင်။ "

" မထိနဲ့။ ကိုယ့်ကို လမ်းခွဲစကား ပြောလာတဲ့ မင်း ကိုယ့်ကို ထိစရာမလိုဘူး။ ဘာလဲ ? ကိုယ်နဲ့ လမ်းခွဲပြီး လျိုထျန်းယွဲ့ဆိုတဲ့ ကောင်လေးဆီ ခြေဦးလှည့်ချင်နေလို့လား ?! "

" ကိုကို !! "

ချွမ်ရွေ့ အော်လိုက်တော့ ကိုကိုက ဟုတ်လို့ နာသွားတာလား ဆိုသည့် ပုံစံဖြင့် ခပ်မဲ့မဲ့ ပြုံးပြသည်။ ချွမ်ရွေ့လက်သီးဆုပ်တွေက ကျစ်ခနဲ။

" မဆိုင်တဲ့သူကို ဆွဲမထည့်နဲ့။ ထျန်းယွဲ့အကြောင်း ကျွန်တော် တွေးတောင် မတွေးဖူးဘူး။ ကိုကိုကသာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတာကို ကျွန်တော့်ဆီ လာနိုင်နေသေးတာ။ လက်ထပ်ဖို့ ဖိတ်စာတွေတောင် လုပ်ပြီးသွားပြီဆို။ ဘာကြောင့် ကျွန်တော့်ဆီ လာနေသေးတာလဲ ? ကျွန်တော် ပြောသလို လုပ်ပေးလို့ မရဘူးလား။ အချိန်မီသေးတာမို့ ဒီလောက်နဲ့ပဲ ကျွန်တော်တို့ ဇာတ်လမ်းကို ရပ်ပစ်ကြရအောင်။ တစ်နှစ်အထိ ကိုကို့ရဲ့ တိတ်တိတ်ပုန်း ရည်းစား ဖြစ်ရတာနဲ့တင် လုံလောက်နေပါပြီ။ "

" ကိုယ်က အဲ့လိုလုပ်ပါလို့ ပြောခဲ့လို့လား။ "

" ဘာ ?! "

" မင်းကို ကိုယ်က တွဲမယ်လို့ ပြောခဲ့သလား ? မင်းကို ကိုယ်က ကိုယ့်ကို လာပတ်သက်ပါလို့ ပြောခဲ့သလား ? ချစ်တယ်လို့ တဖွဖွ ပြောနေခဲ့တဲ့ မင်းကို ကိုယ်က ချစ်တယ်လို့ ဘယ်တုန်းကများ ပြောခဲ့ဖူးလို့လဲ။ မင်းကသာ ကိုယ်ထင်ရာတွေ စွတ်တွေးနေခဲ့တာ မဟုတ်ဘူးလား ရှန်ချွမ်ရွေ့။ "

ဟားတိုက် အော်ရယ်သံက အခန်းကျဥ်းထဲ၌ ပျံ့လွင့်လျက်။ ကိုကို့ပခုံးကို အားပြင်းပြင်းဖြင့် ဆောင့်တွန်းလိုက်ရင်း ချွမ်ရွေ့ အော်ရယ်ပြီးရင်း အော်ရယ်နေမိသည်။ မျက်ရည်တွေက ပါးပြင်ထက် အလိမ်းလမ်း။ မျက်ရည်တွေ ပိုကျလေ၊ သူ့ရယ်သံက ပို၍ ကျယ်လာလေ။

" ဟုတ်ပါတယ်။ ကျွန်တော့်ဘက်ကချည်း အကုန် ထင်ယောင်ထင်မှား ဖြစ်ခဲ့တာမလို့၊ မှားခဲ့တာမလို့ ဒီလောက်နဲ့ပဲ လက်လွှတ်ပေးပါတော့မယ်လို့ ပြောနေတယ် မဟုတ်ဘူးလား !!!! ဒီ့ထက်လည်း နာကျင်ခံစားနေရတာတွေကို လက်ခံနိုင်စွမ်း မရှိတော့ဘူးလို့ !!! ထွက်သွားပါတော့။ အဲ့တာကြောင့် ထွက်သွားပေးပါတော့။ ကျွန်တော့်ဘဝထဲကနေ အပြီးတိုင်။ "

အော်ဟစ်သောင်းကျန်းနေရင်းနှင့်မှ အဆုံးသတ် စကားတွင်တော့ ရင်ဘတ်တစ်ခုလုံး ကြေမွမတတ် ဖြစ်လာရသည့်အတွက် စကားသံ ထွက်ဖို့တောင် ခဲယဥ်းလာရသည်။ ဘယ်လောက် စိတ်ဆိုးဆိုး၊ ဘယ်လို နာကျင်ရ နာကျင်ရ ထွက်သွားပေးဖို့ တစ်ခါမှ မ​တောင်းဆိုခဲ့ဖူးပါ။ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် တောင်းဆိုခြင်းက သူ့ဘဝထဲကနေ ထွက်သွားပေးဖို့ ကိုကို့,ကို တောင်းဆိုခဲ့ရလိမ့်မည်ဟု ချွမ်ရွေ့ သေးသေးလေးတောင် မတွေးခဲ့မိရိုးအမှန်ပင်။ အတွေးနဲ့တင် ရူးမတတ် နာကျင်ရမည်ဆိုတာကို သိပြီးသားမို့။ အခုတော့ တကယ်လို မွန်းကြပ်လွန်းပြီး ရူးတော့မည်ထင်၏။

ရူးမတတ် နာကျင်ရသည်။ ဝမ်းနည်းပူလောင်ရသည်။ စိတ်ပင်ပန်းရသည်။ ထို့ကြောင့် သူ ကိုကို့,ကို လက်လွှတ်အဆုံးရှုံးခံလိုက်တော့မည်။ ထာဝရအတွက် အပြီးတိုင်။

-

[ ကိုယ် တောင်းပန်ပါတယ်။ ]

" ငါ့ကို အဲ့စာပေး ရှန်ချွမ်ရွေ့ ! "

လျိုထျန်းယွဲ့က ဒေါသတကြီး တောင်းပေမဲ့ ချွမ်ရွေ့က ထိုစာရွက်လေးကို လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

" ငါတို့ကို စိတ်ပူအောင် ထပ်မလုပ်ဖို့ မျှော်လင့်တယ် ရှန်ချွမ်ရွေ့။ "

ဟောက်ကော၏ လေသံအေးအေးကြောင့် ချွမ်ရွေ့မျက်လုံးအိမ်ထဲမှာ အရည်ကြည်တွေတချို့ ဖြတ်ပေးလာသည်။ သူ့ကြောင့် အားလုံး အတော်လေး ပင်ပန်းခဲ့ကြတာပဲ။ သူကိုယ်တိုင်လည်း အများကြီး ပင်ပန်းခဲ့တာ။ ကိုကိုဆိုလျှင်လည်း ပြောမပြတတ်အောင် ပင်ပန်းခဲ့မည်ထင်။

" အဲ့လူအကြောင်း တွေးနေပြန်ပြီလား ? အဲ့တာကြောင့် ဒီစာကို သူ့လက်ထဲ မရောက်ပါစေနဲ့လို့ ငါ အတန်တန် သတိပေးခဲ့တာကို။ "

လျိုထျန်းယွဲ့၏ ဒေါသတကြီး ပြောဆိုမှုနောက်တွင် ချန်းကွမ်းလွီက ခေါင်းမဖော်။ မျက်နှာငယ်လေးဖြင့် ငြိမ်နေတာမို့ မနေနိုင်သည့် ချွမ်ရွေ့ကပဲ ဝင်ပြောရတော့သည်။

" ငါ အမှတ်မထင် ကြားလိုက်လို့ အတင်း တောင်းလိုက်မိတာပါ။ စိတ်မပူပါနဲ့။ ငါ့မှာ ဘာစိတ်မှ မရှိတော့ဘူး။ "

ဤမုသားကို မည်သူမျှ ယုံမှာ မဟုတ်မှန်း သိပေမဲ့ သူ အထပ်ထပ်အခါခါ ဆိုနေမိတုန်းပင်။

" မင်းရောဂါအကြောင်း မင်းသိဖို့ပဲ မျှော်လင့်တယ်။ ဒေါ်လေးကို မျက်ရည်ကျအောင် ထပ်လုပ်ရင် ရောဂါကြောင့် မဟုတ်ဘဲ ငါ့လက်ချက်နဲ့ ... ကျစ် ! "

ပြောပြီးတော့မှ ဟောက်ကောက စကားကို ရပ်လိုက်တာမို့ ချွမ်ရွေ့ ပြုံးမိသည်။ သူ့ရောဂါက အဲ့လောက် အဆိုးကြီးလည်း မဟုတ်ပါဘူး။ သည်ကြားထဲတွင် ကိုကို့့ကြောင့် အများကြီး အဆင်ပြေခဲ့တာလည်း ရှိတာပဲ မဟုတ်လား။ ကိုကို့ကြောင့် အသက်ရှူမဝတွေ ဖြစ်ပြီး အသက်ရှူရပ်မလိုတွေ ဖြစ်ခဲ့လို့ အခုလို ရှန်ဟိုင်းကို ပြန်ရောက်လာပြီး လချီအောင် ဆေးကုသမှု ခံယူရတာကလွဲလို့ပေါ့။

ကိုကို့,ကို ချွမ်ရွေ့ စိတ်မနာပါဘူး။ မုန်းလည်း မမုန်းနိုင်ဘူး။ အိမ်ထောင်ရေးမှာ အဆင်ပြေနေဖို့ပဲ မျှော်လင့်မိသည်။ ကိုကိုက နည်းနည်းလေးတောင် စိတ်ညစ်မခံနိုင်တဲ့သူမို့ ထိုအမျိုးသမီးက အများကြီး ဂရုစိုက်ပေးရမှာ။ တောင်းပန်စကားကိုလည်း မလိုအပ်ပါဘူး။ ကိုကို သူ့အပေါ် ဘယ်လိုပဲလုပ်လုပ်၊ အမြဲတမ်း ခွင့်လွှတ်ပြီးသားမို့။

" ဆေးရုံက ဆင်းရပြီဆိုပြီး နေချင်တိုင်း နေလို့ မရဘူး ရှန်ချွမ်ရွေ့။ မင်းရဲ့ နှလုံးရောဂါက အရှင်းပျောက်တာ မဟုတ်ဘူး။ "

" အင်းပါ။ ငါ နားလည်ပါတယ်။ ငါ အဆင်ပြေနေတာ မင်းတို့လည်း သိရဲ့သားနဲ့။ "

အဆင်ပြေနေကြောင်း တဖွဖွ ပြောရင်း တောင်းပန်ကြောင်း တစ်ခွန်းတည်းသာ ဆိုထားသည့် စာလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း။

--

" ငါတော့ မင်းကြောင့် စိတ်ပင်ပန်းလွန်းလို့

You are reading the story above: TeenFic.Net