𝐉𝐮𝐬𝐭 𝐄𝐦𝐛𝐫𝐚𝐜𝐞 𝐌𝐞 ...

Background color
Font
Font size
Line height

-- UNICODE --

" အဲ့ကောင်လေးက ဒုတိယနှစ်ကလေ။ အကောင်းမမြင်တတ်လွန်းလို့ ဘယ်သူနဲ့မှ မတည့်ဘူး။ "

ခေါက်ဆွဲပြုတ်ဘူးထဲ ခေါင်းစိုက်မတတ်ဖြစ်နေတဲ့ ကောင်လေးကို ဆောင်းဟွန်း လှမ်းကြည့်လိုက်မိသည်။ နာမည်သာ မှတ်မိသလို၊ မမှတ်မိသလို ဖြစ်နေပေမဲ့ သူငယ်ချင်းဖြစ်သူ မပြောခင်ကတည်းက သတိထားမိနေတာကြာပြီ။

ဒုတိယနှစ်၊ တန်းခွဲ (F)က ကောင်လေးသည် တစ်ခန်းနှင့်တစ်ယောက် မဖြစ်ရုံတမယ်။ ဆောင်းဟွန်းက ကျောင်းသားသစ်ပေမဲ့ သူငယ်ချင်းအသစ်တွေ ရလွယ်သည်။ အနှီကောင်လေးကတော့ စတွေ့တဲ့နေ့ကတည်းက အခုထိ တစ်ယောက်တည်း။ ထို့ကြောင့်လည်း ထူးထူးခြားခြား သတိထားမိနေတာလို့ ပြောရမလား။

သူတစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေသည့် ကောင်လေးက အငွေ့မသေသေးသည့် ခေါက်ဆွဲတွေကို နှုတ်ခမ်းတထော်ထော်ဖြင့် မှုတ်နေသည်။ မှုတ်နေရင်းမှာပင် စိတ်မရှည်တော့ဘူးထင်၏။ ပါးစပ်ထဲ ပစ်သွင်းပစ်သည်။ ပါးစပ်သွင်းပြီးမှ ပူသွားသည်ထင်ပါရဲ့။ ထိုင်ခုံကနေ ဖင်တကြွကြွဖြစ်ပြီး လက်နှစ်ဖက်ကို ယပ်တောင်လုပ်ပြီး ပါးစပ်ကို ဟ,ကာ ဆက်တိုက် ခတ်နေလေ၏။ ဘေးနားက ရေဘူးက အလှကြည့်ဖို့ထား,ထားတာလား။

ဗရုတ်ကျလွန်းသည့် အပြုအမူတွေကို ဆောင်းဟွန်း သည်အတိုင်း ထိုင်မကြည့်နေနိုင်တော့တာကြောင့် အကျယ်ကြီး အော်ရယ်မိတော့သည်။

မကြာလိုက်။ ဆိုင်ထဲက လူအနည်းစုသာမက တစ်ယောက်တည်း ယောက်ယက်ခတ်နေသည့် ကောင်လေးကပါ သူ့ကို လှမ်းကြည့်လာသည်။ သူ့ဘက်ကလည်း ကောင်လေးကို ကြည့်နေသည်မို့ အကြည့်ချင်းစုံသွား၏။ မျက်နှာလေးနှင့် မလိုက်အောင် စူးရဲလွန်းလှသည့် မျက်လုံးတွေကြောင့် ဆောင်းဟွန်းဘက်မှ ဦးစွာ အကြည့်လွှဲလိုက်ရသည်။

' မရယ်နဲ့ '

" ဟင် ? "

" ဘာဖြစ်တာလဲ ဆောင်းဟွန်း ? "

သူမြင်တာ မမှားဘူးဆိုလျှင် ထွက်သွားတဲ့ ကောင်လေးသည် သူ့ကို ကြည့်ပြီး ပါးစပ်လှုပ်ရုံမျှ ပြောသွားတာပဲ။ သူ သေချာပေါက် သတိထားမိလိုက်သည်။ ဘေးက သူငယ်ချင်းကိုတော့ ဆောင်းဟွန်း ပြန်မပြောဖြစ်လိုက်။ မျက်စောင်းထိုးပြီး ထွက်သွားတဲ့ ဒုတိယနှစ်၊ တန်းခွဲ(F)က ကောင်လေးကိုသာ မှုန်ကုပ်ကုပ် ကြည့်နေမိ၏။

--

" ယန်းဂျောင်ဝန်းလား ? သူက ကျောင်းမတက်တော့ဘူးမလား ? "

လောလောလတ်လတ်ကမှ ဖေဖေ ဝယ်ပေးထားသည့် ဘောပင်စိမ်းပြာရောင်လေးနှင့်အတူ လှုပ်ရှားနေတဲ့ ဆောင်းဟွန်း၏လက်တွေက ရပ်တန့်သွားသည်။ သူ့နောက်ကျောက စကားသံတွေကို ဆက်ပြီး နားစွင့်ဖို့ အတွေးသာ ရှိတော့သည်။

" ငါတို့က တစ်လမ်းတည်းနေတာလေ။ ဟိုတလောကလေးတင် ကျောင်းမတက်ချင်လို့ဆိုပြီး သူ့အမေနဲ့ ရန်ဖြစ်နေတာ။ သူ့ညီကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲ။ စာအရမ်းတော်တာ။ ငါထင်တာ မမှားဘူးဆိုရင် သူ ကျောင်းဆက်မတက်လောက်တော့ပါဘူး။ စာထဲလည်း စိတ်မှမပါတာ။ မတက်တာက ပိုကောင်းတယ်မလား။ "

ဆရာဝင်လာတာကြောင့် ကောင်မလေးတွေက သူ့နေရာယူ အသီးသီး ထိုင်လိုက်ကြသော်လည်း ဆောင်းဟွန်းသည် အချိန်တစ်ခုအထိ တွေးလို့ကောင်းတုန်း။

ကျောင်းသားသစ်ဖြစ်တဲ့ ဆောင်းဟွန်းက အရင်ကျောင်းမှာ ရခဲ့သည့် အဆင့်တွေ၊ အမှတ်တွေကြောင့် အခု ကျောင်းမှာလည်း (A)ခန်းကို ရသည်။ ဆောင်းဟွန်းက တတိယနှစ်၊ တန်းခွဲ(A)၏ အတော်ဆုံးကျောင်းသားတွေထဲ၌ စာရင်းဝင်တစ်ယောက်ဖြစ်တော့မည်ဟု တော်တော်များများက ခန့်မှန်းထားကြသည်။

ဆောင်းဟွန်းကတော့ သူ့ကိုယ်သူထက် ကျောင်းတက်လိုက်၊ ကျောင်းပျက်လိုက်၊ မိဘခေါ်လာရလိုက်နှင့် နာမည်ကြီးနေသည့် ဒုတိယနှစ်၊ တန်းခွဲ(F)က ပါးချိုင့်နှင့်ကောင်လေးက ပိုစိတ်ဝင်စားနေမိသည်။ အကြောင်းပြချက် ရေရေရာရာတော့ မရှိ။ သည်အတိုင်း ... သည်အတိုင်းပါပဲ။

--

" ပြိုင်ပွဲမှာ ဝင်ပြိုင်ကြည့်ပါလား သား။ သားက သင်္ချာမှာ အတော်ဆုံးလို့ ကြားထားတယ်။ "

" ကျွန်တော် စဉ်းစားကြည့်ပါမယ် sam ။ "

သင်္ချာစွမ်းရည်ပြိုင်ပွဲအတွက် အတန်း၏ဟိုက်ပါတွေကတော့ အသီးသီး စာရင်းပေးပြီးကြပြီဖြစ်သော်လည်း သူကတော့ အနည်းငယ် တွေဝေမိနေသည်။ သင်္ချာမှာ တော်တယ်လို့လည်း မဟုတ်ပါဘူး။ သူ့မှတ်ဥာဏ်တွေက အလိုလို တွက်နိုင်သွားတာဆို ပိုမှန်လိမ့်မည်။ သို့သော်လည်း ဆောင်းဟွန်းသည် သင်္ချာကို လုံးဝ မကြိုက်။ ပထမကျောင်းမှာတုန်းကလည်း အိမ်က အတင်း ဝင်ပြိုင်ခိုင်းလို့သာ သင်္ချာပြိုင်ပွဲတွေကို စိတ်မပါဘဲ ပြိုင်ခဲ့ရတာဖြစ်သည်။

" အချိန်လည်း သိပ်မလိုတော့ဘူးဆိုတော့ မြန်မြန်စဉ်းစားကြည့်ပေါ့ကွာ။ စာရင်းပေးချင်တယ်ဆိုရင် ဆရာ့ဆီ အချိန်မရွေး လာခဲ့လို့ရတယ်။ "

" ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် sam ။ "

" ယန်းဂျောင်ဝန်းကို ကျွန်တော်တို့ဘက်က ကျောင်းဆက်မတက်တော့ဘူးလို့တောင် ထင်နေတာ။ "

ဆောင်းဟွန်း၏အာရုံတွေသည် အသံလာရာဆီသို့ ကူးပြောင်းသွားသည်။ မာကျစ်ကျစ် မျက်နှာထားနှင့် ကောင်လေးက ထုံးစံအတိုင်း မျက်နှာသေဖြင့်။ ဘေးက ပိန်ပိန်ပါးပါး အန်တီကြီးက အမေဖြစ်မည်ထင်၏။ ယန်းဂျောင်ဝန်းလိုမျိုး ဖြူ ဖြူ သေးသေး။

" ဒီကောင်လေးက အလိုလိုက်ခံထားရလို့ အရမ်းဆိုးနေတာပါ။ ဆရာတို့ကို တောင်းပန်ပါတယ်။ နောက်ဘယ်တော့မှ အခုလို မဖြစ်စေရပါဘူးနော်။ ကျွန်မ ထိန်းသိမ်းပါ့မယ်။ သူ ကျောင်းဆက်တက်မှာပါ။ "

အမေဖြစ်သူက ဆရာတွေကို တောင်းပန်နေသော်ငြား ကျောက်ရုပ်ကြီးလို ရပ်နေသည့် ကောင်လေးက တစ်ခွန်းတောင် ဝင်မပြော။ မျက်တောင်လည်း တစ်ချက်တောင် မခတ်။ လက်သီးနှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားတာကိုတော့ ဆောင်းဟွန်းသည် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ ထွက်သွားသင့်ပြီဆိုပေမဲ့ မယောင်မလည်လုပ်ကာ ရပ်ကြည့်နေမိတုန်း။

" ဟဲ့ ... တောင်းပန်လိုက်လေ။ "

ယန်းဂျောင်ဝန်း၏ခါးကို ဆိတ်ဆွဲရင်း သူ(မ)က ပြောသည်။ သားအမိနှစ်ယောက်စလုံးက မျက်ခုံးတွေကိုလည်း တွန့်ချိုးထားလို့။ ကောင်လေးသည် ဘယ်လောက်ပြောပြော မလှုပ်မယှက်။ သို့ပေမဲ့ ဆောင်းဟွန်း တစ်စုံတစ်ခုကို ခံစားမိနေသည်။ သူခံစားမိတာ မမှားဘူးဆိုလျှင် ယန်းဂျောင်ဝန်းသည် မျက်နှာကြောကို တင်းနိုင်သလောက် တင်းထားရင်း မျက်ရည်တွေ ဝဲနေတာ။

-

" နင် ရူးနေလား ? ကျောင်းဆက်မတက်ဘဲ လမ်းဘေးမှာ တောင်းစားမလို့လား ဟမ် ?! "

လက်မောင်းကို တဖြတ်ဖြတ်အရိုက်ခံရသော်လည်း ယန်းဂျောင်ဝန်းသည် သူပြောခဲ့သည့်စကားကို ပြင်မည့်ပုံမပေါ်။ အမေဖြစ်သူက တောင်းပန်ခိုင်းပြီး နောက်နောင် ကျောင်းမှန်မှန်တက်မည်ဖြစ်ကြောင်း ကတိပေးခိုင်းသော်လည်း ကျောင်းမတက်တော့ဘူးဟု ပြတ်ပြတ်သားသား ပြောကာ ထွက်လာခဲ့သည့်သူ့ကို ဆောင်းဟွန်းသည် နားမလည်နိုင်ပါ။

ထို့ပြင် သူ့ကိုယ်သူလည်း နားမလည်နိုင်။ ကျောင်းဝင်း၏တစ်နေရာမှာ ပတ်ဝန်းကျင်ကိုတောင် မေ့ပြီး စကားများနေကြသည့် သားအမိနှစ်ယောက်၏နောက်သို့ သူဘာကြောင့် တိတ်တိတ်လေး လိုက်လာခဲ့မိတာပါလိမ့်။

" ကျောင်းမတက်ချင်လို့ မတက်တာ ဘာဖြစ်လဲ။ တောင်းစားစရာမလိုဘူး။ အလုပ်လုပ်မှာ။ "

" အလုပ်လုပ်ရအောင် ဒီမတောက်တခေါက် ပညာနဲ့ ဘာလုပ်စားမှာလဲ ? ငါတို့မိသားစုကို ရှာကျွေးနိုင်ဖို့ မပြောနဲ့။ နင့်တစ်ကိုယ်ရည်စာအတွက်တောင် ဝဝလင်လင် စားနိုင်မှာမို့လို့လား ! နင့်ကို ကျောင်းထားပေးရတာ လွယ်တယ်လို့ထင်နေလို့ အခုလိုတွေ လုပ်နေတာလား ယန်းဂျောင်ဝန်းရယ်။ "

အော်ပြောနေရင်း မျက်ရည်တချို့ကို သုတ်နေတဲ့ သူ(မ)နှင့်အတူ ယန်းဂျောင်ဝန်း၏ပုံစံသည်လည်း အဓိပ္ပါယ်ဖော်ရခက်စွာ။ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် ပခုံးနှစ်ဖက်က ဒေါသကြောင့်ပဲလားဆိုတာ ဆောင်းဟွန်းလည်း မပြောတတ်။

" အငယ်ကောင်ရဲ့ကျောင်းစရိတ်နဲ့တင် အမေ ရှာသမျှက ဘယ်လောက်မှကျန်တာ မဟုတ်ဘူး။ ဒီကြားထဲ စားဖို့သောက်ဖို့၊ နေဖို့ဝတ်ဖို့။ အဲ့တာတွေအကုန်လုံးအတွက် အမေတစ်ယောက်တည်း သိမ်းကျုံးပြီး အလုပ်လုပ်နေရတာ။ အမေ့ကိုကြည့်ပြီး ကျွန်တော်က ပိုပင်ပန်းတယ်။ ပြီးတော့ ကျွန်တော်က ပညာရေးမှာ ပါရမီလည်း မပါဘူး။ ပါရမီ မပါမှတော့ ဘာလို့အကုန်ကျခံပြီး ကျောင်းတက်နေဦးမှာလဲ။ ကျောင်းထွက်ပြီး အမေနဲ့အငယ်ကောင်ကို ရှာကျွေးမယ်။ "

ကျန်နေခဲ့သည့် အမေဖြစ်သူက မျက်ရည်တွေ ကျနေသော်လည်း ငိုသံတစ်ချက်တောင် မထွက်။ အဖြစ်အပျက်တွေကို ခိုးကြည့်နေမိတဲ့ ဆောင်းဟွန်းသည် သက်ပြင်း ခိုးချမိ၏။ သားအမိနှစ်ယောက်စလုံးက မိသားစုအတွက်သာ ကြည့်ပြီး ကြိတ်မှိတ်ခံစားနေကြတယ်ဆိုတာ ဘေးက သူစိမ်းတောင် မြင်နိုင်သည်။

--

" ခေါက်ဆွဲက အစပ်မလား။ "

တံတောင်ဆစ် ထောက်ထားသည့် ဘေးနားသို့ ရောက်လာတဲ့ အချိုရည်ဘူးကို စောင်းကြည့်နေမိတုန်း ပိုင်ရှင်က ခွင့်တောင်းခြင်း မရှိလေဘဲ ဘေးသို့ ဝင်ထိုင်သည်။

ဂျောင်ဝန်းသည် ထိုသူ့ကို သိသည်လည်း မဟုတ်၊ မသိဘူးလည်း မဟုတ်။ နှစ်ခါသုံးခါလောက် အကြည့်ချင်း စုံဖူးသည်။ အကြည့်ချင်းစုံတိုင်းလည်း ကြောက်သလိုလို၊ ရှက်သလိုလိုနှင့် အကြည့်လွှဲတတ်တာမို့ သတိထားမိသွားတာလို့ ပြောရမလား။ ထို့ပြင် ထိုသူက စာလည်းတော်သည်။ တတိယနှစ်က သတင်းတွေက ဒုတိယနှစ်ကို ရောက်စမြဲ။

နားမလည်သည်က သူတို့နှစ်ယောက်ကြား ဘာခင်မင်ပတ်သက်မှုမှ မရှိဘဲနှင့် အချိုရည်လာတိုက်နေသနည်း ဆိုတာကိုပင်။

" ပိုနေတယ်လို့ တိုက်တာပါ။ စိတ်သန့်သန့်နဲ့သောက်။ "

" သူများကျွေးတာ မစားဘူး။ "

ဘေးနားက အချိုရည်ဘူးက သူ့ရင်ခွင်ထဲ တန်းခနဲ။ ကြားထားသည့် သတင်းတွေက အမှားတွေချည်း မဟုတ်ဘူးပဲ။ ယန်းဂျောင်ဝန်းက နည်းနည်းလေး ရိုင်းသည်။ လူမယဉ်သေးတဲ့ တောရိုင်းကြောင်တစ်ကောင်နှင့်တူ၏။

" ပြီးတော့ ငါ့ခွင့်ပြုချက်မတောင်းဘဲ ဘေးကို လာထိုင်တာလည်း မလုပ်ရင်ကောင်းမယ်။ ငါ့အကြောင်း သိလောက်မှာပေါ့။ "

ဆောင်းဟွန်းမှာ ချက်ချင်းပဲ ထ,သွားရတော့မလိုလို။ ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ခေါက်ဆွဲကို ပါးစပ်ထဲ သွင်းနေပြီဖြစ်သည့်သူကို မျက်ခုံးထူထူတွေ ထိကပ်လုဆဲ ကြည့်ကာ ...

" ငါက စီနီယာနော်။ စကားပြောတာ ရိုင်းလိုက်တာ။ တစ်နှစ်ကွာတာကလည်း ... "

ဆက်ပြောမည့် စကားတို့သည် စိမ်းသက်သက် လေထုကြား ပျောက်ချင်းမလှ ပျောက်သွားရသည်။ ခေါက်ဆွဲစားနေရာမှ ခေါင်းထောင်ကြည့်လာသည့်သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သေစေနိုင်လောက်သည့် အကြည့်တွေဖြင့် သူ့အား မမှိုတ်မသုန် ကြည့်နေ၏။ ဤအသေးလေးအား ဆောင်းဟွန်း လုံးဝ မကြောက်ပါ။ ဟုတ်သည်၊ လုံးဝကို မကြောက်တာပါ။

" အမလေး ! "

သူကိုင်ထားတဲ့ အချိုရည်ဘူးကို လှမ်းယူလာသည်မို့ ဆောင်းဟွန်းမှာ မရည်ရွယ်ဘဲ လန့်ကာ အော်လိုက်မိသည်။ တည်နေရာမှ မချိုမချဉ် မျက်နှာဘေး ဖြစ်သွားသည့်သူကြောင့် လန့်တတ်တဲ့ သူ့ကိုယ်သူသာ မေတ္တာပို့မိတော့သည်။

" အချိုရည်အတွက် ကျေးဇူးပဲ။ တစ်နှစ်ပဲကွာတာကို စကားထဲ ထည့်ပြောမနေနဲ့။ ပါဝါပြချင်ရင် တပ်ထားတဲ့ မျက်မှန်ပါဝါသာ သွားတိုးလိုက်။ "

ထွက်သွားသည့်သူက သူ့မျက်မှန်ကိုင်းကို မထိတထိ လုပ်ကာ ထွက်သွားပြီဖြစ်သော်လည်း ကျန်ခဲ့သည့်သူ၏မျက်နှာသည် မည်းမှောင်ပြီး ဆူပုတ်လို့နေသည်။ နောက်ဘယ်တော့မှ စေတနာမထားတော့ဘူး။

--

" ကျောင်းက ပြန်တိုင်း ဘယ်ကိုဝင်နေတာလဲ ? တူတူမပြန်ရတာကြာပြီ။ ရည်းစားရနေတာလား ဟျောင့် ? "

" ဟာ ... မဟုတ်တာတွေ "

ကျောင်းက ပြန်တိုင်း ယန်းဂျောင်ဝန်း အလုပ်လုပ်နေကျဖြစ်တဲ့ စတိုးဆိုင်ကို ခြေထောက်က သူ့အလိုလို ရောက်သွားနေကျမို့ သူလည်း မတတ်နိုင်။

အခုရက်ပိုင်းတော့ တကူးတက သွားစရာမလိုတော့ဘူး။ ကျောင်းမတက်တော့ဘူးလို့ ထင်ထားကြသည့် ယန်းဂျောင်ဝန်းက ကျောင်းပုံမှန် ပြန်တက်နေတာကြောင့်ပင်။ ဘာလို့မှန်းမသိ၊ သူ့စိတ်တွေလည်း ပျော်လာသလို။ သည်အတိုင်း ကျောင်းသားအချင်းချင်း ကိုယ်ချင်းစာမိလို့ပဲ ဖြစ်မှာပါ။

" ယန်းဂျောင်ဝန်းနဲ့ ငြိထားတာလား ဟျောင့် ! "

သူငယ်ချင်းဖြစ်သူက နားအနားကိုကပ်ပြီး တိုးတိုးလေး လာမေးတာကြောင့် ဆောင်းဟွန်းသည် သူ ညွှန်ပြလာသည့် မလှမ်းမကမ်းကို ကြည့်လိုက်မိသည်။ စာကြည့်တိုက်မှာ တစ်ခါမှ မတွေ့ဖူးသည့်သူက အခုတော့ စာအုပ်လေးငါးအုပ် ပိုက်လျက်သားဖြင့်။ မျက်လုံးအကြီးကြီးတွေကလည်း သူ့အား စူးစိုက်ကြည့်နေသည်။ စကားပြောတာကျယ်သွားပြီး အနှောင့်အယှက် ဖြစ်သွားလို့များလား။

" သွားတော့ မထိမိစေနဲ့ ငါ့ကောင်ရေ။ အဲ့ကောင်က ကျပ်ပြည့်တာ မဟုတ်ဘူး။ "

" ပြည့်ပါတယ်ကွ !! "

စိတ်ဆိုးစရာ မဟုတ်သော်ငြား ဆူပုတ်သွားသည့် ဆောင်းဟွန်း၏ပုံစံကြောင့် သူငယ်ချင်းဖြစ်သူလည်း ကြောင်တောင်တောင်ဖြင့် ပါးစပ်ပိတ်သွားမိသည်။

--

" ဟို ... သေချာနားထောင်နော်။ နားမလည်ရင် ပြန်မေး။ "

" အင်း "

' ဂျောင်ဝန်းလေးကို သင်္ချာနည်းနည်းလောက် ရှင်းပြပေးပါလား ဆောင်းဝန်းနီး။ '

အတန်းပိုင်ဆရာ၏အကူအညီ တောင်းမှုကြောင့် ဆောင်းဟွန်းသည် ဂျောင်ဝန်းကို သင်္ချာပြပေးနေရသည်။ တခြားသူတွေက ပြပေးမည်ဟု ပြောတုန်းက အကြည့်တစ်ချက်နှင့်တင် ငြင်းလွှတ်ခဲ့သူက အခုတော့ ငြိမ်နေ၏။

" ဥာဏ်မကောင်းတာ မဟုတ်ဘဲ အပျင်းတစ်နေတာ။ "

ရှင်းပြသမျှ ပုစ္ဆာတွေကို လွယ်လွယ်ကူကူ တွက်နိုင်သည့် ဂျောင်ဝန်းကို ဆောင်းဟွန်းက ချီးကျူးသလိုလိုနှင့် ဖဲ့သည်။ ဂျောင်ဝန်းကတော့ အေးအေးလူလူဖြင့် နှုတ်ခမ်းမဲ့ပြလိုက်ရင်း ပုစ္ဆာတွေကို ဆက်တွက်နေသည်။

ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်၌ ကြားနေရသည့်အသံတိုးညင်းညင်းတွေက ဂျောင်ဝန်း နှုတ်မှထွက်လာသည့် စာရွတ်သံတွေသာ။ တစ်ကြောင်းတွက်လိုက်၊ နှုတ်ကနေလည်း ရေရွတ်လိုက်ဖြင့်။ ဆောင်းဟွန်းသည် စာထဲသို့ စိတ်ရောက်နေသူအား ငေးကြည့်မိ၏။

မျက်တောင်စိပ်စိပ်တွေက ကော့ထားသလို။ နှာတံစင်းစင်းကလည်း အတော်လေး ကြည့်ကောင်းနေသည်။ လှုပ်စိလှုပ်စိဖြစ်နေသည့် သွေးရောင်လွှမ်းနေသော ပါးမို့မို့တွေက ကိုင်လိုက်ရလျှင် ဘယ်လောက်တောင် နူးညံ့လိုက်လေမလဲဟု တွေးမိတော့ လက်က အဆင်သင့် လှမ်းမိသွားသည်။

" အာ့ ! ဘာလုပ်တာလဲ ? "

ဘေးဘက်ကနေ ပါးကို လိမ်ဆွဲခံထားရသည်မို့ အသံစူးစူးက ချက်ချင်း ထွက်လာ၏။ ဆောင်းဟွန်းသည် အယောင်ယောင်အမှားမှားနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်းနှင့်မှ ဆွဲထားတာကို ကပြာကယာဖြင့် လွှတ်ပေးလိုက်သည်။

" ပါး-ပါးတွေက ဖောင်းနေလို့လေ။ "

ကသိကအောက် နိုင်လှတဲ့ သူ့အဖြေကို ကြားတော့ ဂျောင်ဝန်းသည် ကြိတ်၍သာ ပြုံးလိုက်မိသည်။ တစ်ဖက်လူကတော့ ခပ်ရဲရဲဖြစ်နေသည့် သူ့မျက်နှာကို မမြင်စေချင်တာကြောင့် မျက်မှန်ကို ပင့်တင်လိုက်ရင်း တခြားဘက်သို့ လှည့်လို့နေသည်။

--

ဂျောင်ဝန်း တစ်ကိုယ်လုံး နွမ်းချိလို့နေပြီး လှုပ်လို့တောင်မရ။ ကျောင်းနှင့်အလုပ်၊ အလုပ်နှင့်ကျောင်း ပြေးနေရတာ ကြာလာတော့ သူသည် ဖျော့တော့တော့ ဖြစ်လာရသည်။ အမေက စာပဲ အေးဆေးသင်ဖို့ပြောသော်လည်း သူသည် လက်မခံနိုင်။ ပညာရေးမှာ ပါရမီ ပါလာသည့် ညီဖြစ်သူကို သည်ထက် ပံ့ပိုးပေးချင်သည်။ ကျောင်းထွက်ဖို့တော့ သူ,မတွေးမိတော့။ ကျောင်းတက်ရတာ စိတ်ပျော်လာလို့ဖြစ်မည်။ အရင်ကလောက်လည်း စာမညံ့တော့ပေ။

" ယန်းဂျောင်ဝန်း !! "

ပျော့ခွေလဲကျသွားတဲ့ သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ပွေ့ချီလိုက်တာတော့ ခံစားမိသည်။ ညဘက်တွေ အိပ်ရေးပျက်တာများတာကြောင့်ထင်သည်။ မျက်လုံးတွေကတော့ ဖွင့်ဖို့ မဖြစ်နိုင်တော့တာကြောင့် ဘယ်သူ့ရင်ခွင်မှန်းမသိပေမဲ့ ခေါင်းတိုးဝင်ကာ မျက်နှာအပ်လိုက်မိသည်။ အင်း ... ကိုယ်သင်းနံ့ကိုတော့ ရင်းနှီးသလိုလို ရှိမိသား။

" ညဘက်တွေ မှန်မှန်အိပ်မှဖြစ်မယ်။ အစာလည်း ကောင်းကောင်းမစားထားဘူး။ ဒီပုံအတိုင်းသာ ကြာကြာသွားရင် မလွယ်ဘူး။ "

သူသတိရလာတော့ သူ့ဘေးမှာ ဆောင်းဟွန်းတစ်ယောက်သာ ရှိတော့သည်။ ဆောင်းဟွန်း၏လက်ဖဝါးနုနုက သူ့ပါးပြင်ကို ထိကပ်ထားသည်။ မျက်လုံးတွေကို မဖွင့်ချင်ဘူး။ သူ့ပါးပြင်ထက်က လက်နွေးနွေး ကွယ်ပျောက်သွားမှာစိုးလို့။

" သတိရလာရင်လည်း မျက်လုံးလေးဘာလေး ဖွင့်ဦး။ "

အသံမာမာကြောင့် ဂျောင်ဝန်း မျက်လုံးတွေကို ချက်ချင်း ဖွင့်မိသွားသည်။ မျက်နှာတည်နိုင်သလောက် တည်ထားသည့် ဆောင်းဟွန်းကို ကြည့်ပြီး သူသည် အကြောင်းမဲ့ ဝမ်းနည်းလို့လာသည်။ သူသိပ်ဆိုးနေလို့ ဆောင်းဟွန်းကပါ သူ့ကို ထားသွားတော့မှာလားမသိဘူး။ ပေါက်ကရအတွေးနှင့်အတူ ခေါင်းက တဆစ်ဆစ်နှင့် ထိုးကိုက်လာ၏။

" ခေါင်းကိုက်လို့လား ? "

မျက်နှာတည်ကြီးနှင့်သူက အခုကျတော့လည်း ကပြာကယာဖြင့်။ ဆရာဝန်ကို ထပ်သွားခေါ်ဖို့ ပြင်နေသူအား ဂျောင်ဝန်း အမြန် လှမ်းဆွဲထားလိုက်ရသည်။

" ရတယ်၊ ပြီးကျ သက်သာသွားမှာ။ "

မယုံဘူးဆိုသည့် အကြည့်ဖြင့် သူ့လက်တွေကို ဖယ်ချပြီး သွားဖို့ ကြိုးစားနေပြန်သည့်သူ၏ခါးတွေကို အားကုန်သုံး၍ ဖက်လိုက်တော့မှသာ ငြိမ်ကျသွားသည်။ လှည့်မကြည့်လာနိုင်သေးတဲ့သူ၏ကျောပြင်ထက် သူ့ပါးတွေကို ကပ်ထားလိုက်မိသည်။ နွေးထွေးမှုသည် ဘာနှင့်မှမလဲနိုင်လောက်အောင်ပင်။

" မင်းက သိပ်ရိုင်းတာပဲ ဂျောင်ဝန်း ! "

မျက်နှာတစ်ခုလုံးကို စိတ်ကြိုက် အပ်ထားမိရာမှ ဂျောင်ဝန်း လန့်ပြီး ခွာလိုက်မိသည်။ ဆောင်းဟွန်း သူ့ကို စိတ်ဆိုးသွားပြီလား။ သူ့စေတနာတွေကို အခွင့်ကောင်းယူတယ်ထင်ပြီး မုန်းသွားပြီထင်သည်။

တင်းကြပ်ကြပ် လက်တွေကို ဖြေလျော့ပေးလိုက်တော့ ဆောင်းဟွန်းက သူ့ဘက်လှည့်လာသည်။ မတ်တပ်ရပ်နေဆဲဖြစ်တဲ့ ဆောင်းဟွန်းက ကုတင်ပေါ်မှာ ထိုင်နေဆဲဖြစ်တဲ့ သူ့ကို ငုံ့ကြည့်နေတယ်ဆိုတာ သူ ကြည့်မနေပေမဲ့လည်း ခံစားမိသည်။

ဘာစကားမှ မ,ဟနိုင်တဲ့သူ့ကို ဆောင်းဟွန်းက ငုံ့၍ စိုက်ကြည့်နေတုန်း။ ကြောက်စိတ်တွေနှင့်အတူ ဂျောင်ဝန်းဘဝမှာ အကြာကြီးနေမှ ပထမဆုံး ငိုချင်လာမိသည်။ ဆောင်းဟွန်းသာ မုန်းသွားလျှင်ဆိုသည့်အသိတစ်ခုနှင့်တင် ရူးခါမတတ် ခံစားနေရ၏။

" စီနီယာဖြစ်တဲ့ ငါ့ကို မင်းနဲ့ငါ လို့လည်း ပြောတယ်။ ဂရုစိုက်ချင်တဲ့အခါ ဂရုစိုက်ပြီး ပြောစကားလည်း ဘယ်တော့မှ နားမထောင်ဘူး။ အလုပ်တွေ အရမ်းဖိမလုပ်ပါနဲ့ပြောလည်း အပိုပဲ။ အခုလည်းကြည့်။ မင်း ငါ့ကို ... "

" ဟင့်အင်း ! မပြောနဲ့တော့။ ငါ မင်းကို ဒီအတိုင်း ခင်တာ။ ဟုတ်တယ်၊ ဒီအတိုင်း သံယောဇဉ်တွယ်မိသွားရုံပဲ။ ဆက်မပြောနဲ့တော့ !! "

သူဆက်ပြောမှာကို နားမထောင်ဘဲ အသည်းအသန် ငြင်းနေမိသည်။ မျက်ခုံးထူထူတွေကို တွန့်ချိုးထားတဲ့ ဆောင်းဟွန်းကိုလည်း သူသည် မကြည့်နိုင်သေး။

" ငါ မင်းကို ချစ်တယ် ယန်းဂျောင်ဝန်း !! အဲ့တာကြောင့် မျက်လုံးကြီး မှိတ်ပြီး အော်ဟစ်နေတာကို ရပ်လိုက်ပါတော့။ "

" ဟင် ? "

အော်ဟစ်နေတာ သူ,မဟုတ်သည့်အတိုင်း ငြိမ်ကျသွားပြီး မျက်လုံးကို ပေကလပ်၊ ပေကလပ်လုပ်ကာ ကြည့်လာသူကြောင့် ဆောင်းဟွန်းသည် ခပ်သော့သော့ ရယ်မိ၏။ တတ်လည်းတတ်နိုင်သည်။

" ချစ်တယ်လို့ ! ဘယ်အချိန်ကတည်းက ချစ်မိသွားမှန်းမသိပေမဲ့ နောက်ဆုတ်လို့ မရတော့ဘူးဆိုတာပဲ သိတော့တယ်။ "

ပြောစရာပျောက်ရှသွားသည့်သူသည် ဆောင်းဟွန်းအား ကြောင်တောင်တောင်လေး ကြည့်နေသည်။ ထိုသို့ကြာကြာကြည့်နေလျှင် သူသေချာပေါက် အနမ်းခံရတော့မှာ။ မကြာလိုက်ပါဘူး။ အခုထိ အံ့သြမှင်သက်လို့ မဝနိုင်သေးသူ၏ခေါင်းလုံးလုံးလေးကို လက်ဖြင့် ထိန်းကိုင်လိုက်ရင်း နှုတ်ခမ်းသားနုနုကို ထိကပ်ပစ်လိုက်သည်။

သူများတွေပြောသလို အနမ်းဟာ ချိုသလား၊ မွှေးသလား သူသိချင်ခဲ့မိသော်လည်း လောလောဆယ်တော့ ဘာမှမတွေးနိုင်သေး။

နူးနူးညံ့ညံ့ နှုတ်ခမ်းတွေက သူ့လှုပ်ရှားမှုတွေအောက် လိုက်လာတော့ ဆောင်းဟွန်းမှာ သူ့ကိုယ်သူ ရူးသွားတော့မည်ဟုတောင် ထင်လိုက်မိသည်။ တစ်ဖက်လူ နာသွားမှာကို သိသော်လည်း ဆောင်းဟွန်း မထိန်းချုပ်နိုင်။ သူ့သွားစွယ်တွေဖြင့် ထိုနှုတ်ခမ်းသားတွေအား ကိုက်လိုက်မိတော့ ငံကျိကျိအရသာက သူ့ပါးစပ်ထဲ တိုးဝင်လာသည်။ လျှာဖျားနှင့်သပ်ယူလိုက်ရင်း အရသာခံလိုက်မိ၏။

--

" ဘယ်အချိန်ထိ စိတ်ဆိုးနေမှာဦးလဲကွာ ? တကယ်ကို ပထမဆုံးအနမ်းပါဆို။ "

ချော့ရပါများလာတော့ ဆောင်းဟွန်းအသံက ငိုသံပေါက်လာရသည်။ နမ်းတာ ကျွမ်းကျင်လွန်းလို့ ပထမဆုံးအနမ်းမဟုတ်ဘူးဆိုပြီး သောင်းကျန်းကာ အခုထိ စကားမပြောသည့် ဂျောင်ဝန်းကြောင့် ဆောင်းဟွန်းမှာ ဝမ်းနည်းရုံမှတစ်ပါး အခြားမရှိ။ ချစ်သူတွေဖြစ်ပြီလားလို့တောင် သေချာ မမေးလိုက်ရပါ။

" မယုံဘူး။ ပြောစမ်းပါဦး၊ ဘယ်သူနဲ့ နမ်းဖူးလို့ အနမ်းက အဲ့လောက်ကျွမ်းနေရတာလဲ ? လူကြည့်တော့ စာကြမ်းပိုးရုပ်နဲ့ မထင်ရဘူးနော်။ "

ဂျောင်ဝန်းက ခနဲ့လေ သူ့မှာ ခေါင်းမီးတောက်မတတ်ဖြစ်လေပင်။ ဂျောင်ဝန်းကို အချိန်ပြည့် ထွေးပွေ့ထားချင်ပြီး၊ တယုတယနှင့် အနမ်းတွေ ခြွေချင်သော်ငြား စကားနားမထောင်သည့်သူကတော့ အနားတောင် အကပ်မခံပေ။

တခြားဘက်သို့ ချာခနဲ လှည့်သွားသည့်ကိုယ်ငယ်ကို သူ့ဘက်သို့ တဖန်ပြန်ဆွဲလှည့်လိုက်ပြီး ရှောင်နေတဲ့ မျက်ဝန်းတွေနောက်သို့ အသည်းအသန် လိုက်နေရသည်။ ယန်းဂျောင်ဝန်းသည် အလိုလိုက်လေ ပိုဆိုးလေ။ သို့ပေမဲ့လည်း သူကိုယ်တိုင်ကိုက အနှီအဆိုးအသွမ်းအား မြတ်နိုးတွယ်တာသွားမိသည် မဟုတ်လား။ မျက်နှာသွယ်သွယ်ကို မေးဖျားကနေ သူ့လက်ချောင်းဖြင့် ဆွဲမော့လိုက်တော့ မျက်ဝန်းလှလှတွေဆီ ခိုအောင်းမိပြန်ပါသည်။

" သိပ်ချစ်တယ်ဆိုတာ သိထားပေး။ ယုံပေးစရာလည်း မလိုဘူး။ သိထားရုံနဲ့တင် ကျေနပ်ပြီ။ "

ညိတ်ပြလာသည့် ခေါင်းလုံးလုံးလေးထက် ဆံနွယ်တို့ဆီ သူ့နှုတ်ခမ်းကို ထိကပ်မွှေးရှိုက်လိုက်မိသည်။ တစ်ကျောင်းလုံးနီးပါး၏အနောက်ဓာတ်လေးဟာ သူ့အကြည်ဓာတ်လေးဖြစ်ပြီး သူသိပ်ချစ်ရသည့် အတွယ်အတာလေး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

" မင်းမရှိလို့မဖြစ်တော့ဘူး ဆောင်းဟွန်း။ "

" အင်း၊ ငါရောပဲ။ "

ဆောင်းဟွန်း၏မျက်ဝန်းတွေကို သူ အကြွင်းမဲ့ ယုံကြည်သည်။

--

" ယန်းဂျောင်ဝန်း ဘာလုပ်နေတာလဲ ?!! "

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာထက်ကို ပိုလွန်းလှသည်။ ဆောင်းဟွန်း၏ထွေးပွေ့မှုတွေကြား ပျော်နေမိတုန်း လူနှစ်ယောက်သည် သူ့ဘဝထဲကနေ တိတ်တိတ်ကလေး ထွက်သွားကြသည်။ သူ့မှာ ရှိတာမှ သုံးယောက်တည်းလေ။ ဘာလို့ ထွက်သွားကြတာလဲ !!

အဲ့တာကြောင့် ညီလေး ကျောင်းကနေ ပြန်လာတိုင်း ဒဏ်ရာတွေအမြဲရနေခဲ့တာကို။ အလယ်တန်းနောက်ဆုံးနှစ်တက်နေတဲ့ ညီလေးနှင့်သူက ကျောင်းမတူသလို ကျောင်းက ပြန်လာတိုင်း အခန်းထဲက မထွက်လာတတ်တဲ့ ညီလေးကို သူရော၊ အမေရော ဂရုမစိုက်နိုင်ခဲ့ဘူး။ အတန်းကြီးတွေဆီက အနိုင်ကျင့်ခံရလို့ ပင်ပန်းနေမှန်း မသိဘဲ တွေ့တာနှင့် စာကြိုးစားဖို့ ပြောခဲ့မိသည့်စကားတွေက သူ့နားထဲ၌ အချိန်ပြည့် တဝဲလည်လည်။ ပူလောင်လိုက်တာ၊ နာကျင်ရလိုက်တာ။

ညီလေးကို ဆုံးရှုံးလိုက်ရတဲ့နေ့မှာတင် နှလုံးရောဂါအခံရှိတဲ့ အမေ့ကိုလည်း သူ,မကယ်လိုက်နိုင်ဘူး။ သူက တကယ်ကို အသုံးမကျတဲ့သူပဲ။ သူ့လောက်အဖြစ်မရှိတဲ့သူ သည်ကမ္ဘာပေါ်မှာ ရှိပါဦးမလား။

" ဂျောင်ဝန်း ငါတို့အောက်မှာ စကားသွားပြောရအောင်နော်။ "

သူလှည့်ကြည့်လိုက်တော့ ဆောင်းဟွန်းမျက်လုံးထဲမှာ မျက်ရည်တွေအပြည့်ပါလား။ သူကိုယ်တိုင်လည်း အသုံးမကျတဲ့ကြားထဲက အမြင်တွေ ဝေဝါးမှောင်မိုက်လောက်အောင်အထိ ငိုနေမိတာပဲ။ သူ ခေါင်းခါပြလိုက်မိသည်။ သူ ဝမ်းနည်းတိုင်း လာနေကျဖြစ်တဲ့ ကျောင်းခေါင်မိုးထပ်ကို သည်နေ့လာတာ နောက်ဆုံးအကြိမ်ဖြစ်သွားတော့မှာ။

" ကောင်းကောင်းနေ "

ဘယ်သူ့ကိုမှ မနှုတ်ဆက်ချင်လျှင်တောင် ဆောင်းဟွန်းကိုတော့ သူ နှုတ်ဆက်ရမည် မဟုတ်လား။ ဆောင်းဟွန်းက သူ့အတွက် အရာရာလေ။ ဒါပေမဲ့ ဆောင်းဟွန်းကိုလည်း သူ လက်လွှတ်ပေးတော့မှာပါ။ သူ့လို အသုံးမကျတဲ့သူဘေးမှာ ဆောင်းဟွန်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။

" ယန်းဂျောင်ဝန်း !!! "

" ဘာလုပ်တာလဲ ?!!! "

ဆောင်းဟွန်းက သူ့လက်တွေကို ဆုပ်ကိုင်လာပြီး သူ့ဘေးကို ယှဉ်ရပ်လာသည်။ ဟင့်အင်း၊ မဖြစ်ဘူးလေ။ ဆောင်းဟွန်း လိုက်ခဲ့လို့ရတဲ့နေရာကို သွားမှာမှ မဟုတ်တာ။ လိုက်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။

" ငါနဲ့အတူတူသွားမယ်။ ယန်းဂျောင်ဝန်း ဘယ်ကိုသွားသွား ပတ်ခ်ဆောင်းဟွန်းက လိုက်မှာ။ "

ခေါင်မိုးထပ်အကျယ်ကြီးမှာ သူတို့နှစ်ယောက်သာ ရှိသည်။ ရှေ့ကို နည်းနည်းလေးသာ ဆက်တိုးလိုက်လျှင် အရာအားလုံး ပြီးဆုံးသွားမှာ။ ဆောင်းဟွန်းကို မလိုက်ခဲ့ဖို့ သူ အတန်တန် ပြောပါသည်။ ဒါပေမဲ့ ဆောင်းဟွန်းက သူ့လိုပဲ ခေါင်းသိပ်မာသည်။ သူကလည်း နောက်မဆုတ်ချင်တော့ဘူး။ တအား ပင်ပန်းနေပြီလေ။

" ငါ့ခြေထောက်တွေ လှမ်းတော့မှာမို့ ရပ်ခဲ့ချင်ရင် ရပ်ခဲ့နော်။ "

သူတစ်လှမ်းတိုးတော့ သူ့လက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားသည့်သူကပါ တစ်လှမ်းလိုက်တိုးသည်။ ဘယ်နှလမ်းမှ မလိုတော့ဘူး။ ဆောင်းဟွန်းကို ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေသည်။

" ငါ မင်းကို သိပ်ချစ်တယ် ဆောင်းဟွန်း။ "

" ငါက ပိုတယ်။ "

" အင်း "

ဆောင်းဟွန်းမျက်နှာက အပြုံးနုနုတွေသည် သူ့ဆီသို့ တဖြည်းဖြည်း ကူးစက်လာလေ၏။

--

" ညီဖြစ်သူက ကိုယ့်ကိုယ်ကို သတ်သေသွားတော့ အမေဖြစ်သူကပါ နှလုံးရောဂါအခံနဲ့ သေသွားရှာတာ။ သနားပါတယ်။ အဲ့ကောင်လေးက အကြောတင်းလေးဆိုပေမဲ့ သူ့မိသားစုကို အတော်ချစ်တာ။ ငါနဲ့တစ်လမ်းတည်းလေ။ အလုပ်လည်း အရမ်းလုပ်တာ။ "

" ငါက သူ့ကို နည်းနည်းလေး လွတ်နေတယ်ထင်တာ။ တစ်ယောက်တည်း စကားတွေ ပြောနေလို့လေ။ "

" ဟိုးအရင်က အဲ့လို မပြောပါဘူး။ သိပ်မကြာခင်မှသာ ပြောတာပါ။ သူလည်း လူပဲလေဟယ်။ အပေါင်းအသင်းလည်း မရှိတော့ သူ့စိတ်ပျော်သလိုနေမှာပေါ့။ အဲ့တာနဲ့ပဲ ရူးနေတယ်လို့ သတ်မှတ်စရာမှမလိုတာ။ "

တစ်ယောက်တစ်ပေါက် ပြောနေကြသည့် စကားသံတို့က ဆရာဝင်လာတော့ တိတ်သွားကြသည်။ ဆရာတွေလည်း မျက်နှာမကောင်းကြ။ ဒုတိယနှစ်က ဆရာတွေတင် မဟုတ်။ တခြားဆရာတွေကပါ သူ့ကို သိကြသည်။ မျက်နှာကြောတင်းတဲ့ ကောင်လေးက ဘယ်လောက်သနားစရာကောင်းမှန်း သူတို့သိသည်။

-

ဒုတိယနှစ်၊ တန်းခွဲ(F)၏အတန်းပိုင်ကတော့ စာသင်နေရင်း မျက်မှန်အောက်က မျက်ရည်တွေကို ကျောင်းသားတွေ မမြင်အောင် ခိုးသုတ်နေသည်။ ခေါင်မိုးထပ်ကိုလည်း သူတို့ ပိတ်ထားလိုက်ကြရပြီ။ သူသာ သေချာလေး

You are reading the story above: TeenFic.Net