🐰•20 (final)

Background color
Font
Font size
Line height

5 နှစ်ကြာပြီးတဲ့အခါ လေးဖက်ထောက်သွားသော သေးသေးလေးနှစ်ယောက်ဟာ တတောက်တောက်နဲ့ ဟန်ဝေ့ချန်နောက် လိုက်တတ်နေပြီ။ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ဟာနားနဲ့ ဒါဂျောင်ဟာ ဂါဝန်ပန်းရောင်လေး တကားကားနဲ့ သူတို့ကိုကိုနောက်ကိုလိုက်ပြီး အရုပ်လုဖို့ကြိုးစားနေတယ်။

"အားး ကိုက်တယ် ကိုက်တယ်"

ဘယ်လက်ရော ညာလက်မှာပါ သွားရာ အကွင်းနှစ်ခုနဲ့ ချန်ချန်ဟာ ကလေးမလေးနှစ်ယောက်ဆီမှာ အမြဲအကိုက်ခံနေရတုန်း။

"ကိုကို့ကို လွတ်ပေးပါ ညီမလေးတို့"

ထိုအခါမှာ ကြက်တောင်စည်းနဲ့ ကလေးမလေးနှစ်ယောက်က သွားသေးသေးလေးတွေနဲ့ သူတို့ကိုကိုအားရယ်ပြပြီး သိုးမွှေးထိုးနေတဲ့ ဟာအိုဆီပြေးသွားပါတော့တယ်။

"မား.. မား"

လှုပ်စိလှုပ်စိပြေးကာ ဆိုဖာပေါ်ကုန်းတက်နေပြီး သူ့တို့မားမားနား ကပ်ဖို့ကြိုးစားနေတာ။ ဒါပေမဲ့ ကျန်းဟာအိုကတော့ တီဗီပေါ်ရှိ နေ့ခင်းဒရမ်မာကိုသာ စိတ်ဝင်စားနေတုန်း။

"ပါပါး သူတို့ကဘာလို့ပါပါးကို မားမားလို့ခေါ်တာလဲနော်"

"မင်း ဒယ်ဒီ စနက်တွေပေါ့"

ကျန်းဟာအို ဆူပုတ်ပုတ်နဲ့ပြန်ဖြေပြီး ဆိုဖာပေါ်တက်မရဖြစ်နေတဲ့ ဒါဂျောင်ကို ဆွဲမတင်ပေးလိုက်တယ်။ အခုဆိုသူ အလုပ်ထွက်ပြီး အိမ်မှာပဲ သိုးမွှေးထိုးနေတာ ပြီးတော့ အင်တာနက်မှာ ကလေးများ ပြုစုပျိုးထောင်နည်းဆိုတဲ့ blog တစ်ခုဖွင့်ထားပြီး ကလေးနှစ်ယောက်ထိန်းကျောင်းရတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးသေးတာ။

သူ့ blog က အိုမီဂါမိခင်တွေကြား အတော်လေးရေပန်းစားတာပါနော်။ နို့မှုန့်ကြော်ငြာတွေတောင် လက်ခံပေးရတဲ့အထိ။ ဒါက ကျန်းဟာအိုအရေးအသားကောင်းတာကြောင့်လည်း ပါမှာပေါ့။

"မားမား ပိုပို့"

ပါးလေးထိုးပေးလိုက်တော့ ဒါဂျောင်လေးက ဟာအိုမျက်နှာကို လက်သေးသေးလေးတွေနဲ့ကိုင်ပြီး အာဘွားပေးလာခဲ့ပါတယ်။ သူ့ကို ဆိုဖာပေါ်တင်ပေးလို့ ကျေးဇူးတင်တယ်ဆိုတဲ့သဘောနဲ့ပေါ့။ ဒီကလေးတွေက သူ့အဖေနဲ့တကယ်တူတာဗျ။ သူတို့က ပိုပို့ပေးရတာ အရမ်းကြိုက်တယ်လေ ဆောင်းဟန်ဘင်း အတိုင်းပဲ။

"ကိုကို့ကို မကိုက်ရဘူးနော် ကိုကိုကညစ်ပတ်တယ် ဘောလုံးကွင်းထဲဆော့ထားတာ ပိုးမွှားတွေပါတယ် အော်အော့ အိုခေ?"

ထိုအခါ ကလေးမနှစ်ယောက် ချန်ချန့်ကိုကြည့်ပြီး တခ်ခ်နဲ့ ရယ်တော့တာပဲ။

"အို အိုဂေ!"

"ပါး! သားရေချိုးပြီးပါပြီနော်!!"

ဟာအိုလည်း ချန်ချန့်နဖူးကို ဖွဖွလေးတောက်ပြီး

"အဲ့လိုပြောမှ မင်းအကိုက်မခံရမှာပေါ့ကွ" လို့တိုးတိုးလေးပြောတော့မှပဲ သူ့ပါပါးအကြံကို ချန်ချန်နားလည်တော့တယ်။

"သွား မင်းဒယ်ဒီပြန်လာတော့မှာ အောက်ထပ်မှာကြိုမှာမဟုတ်လား?"

"ဟုတ်!"

𓆝 𓆟 𓆞 𓆝 𓆟

တိုက်အောက်မှာရှိတဲ့ ကစားကွင်းဒန်းမှာ ထိုင်နေတုန်း ရုတ်တရက်သူ့ထံပြေးဝင်လာတဲ့ ဘောလုံးကို ဟန်ဝေ့ချန် ကြောင်ကြည့်နေမိတာ။ ဘောလုံးက တဖြည်းဖြည်းနီးကပ်လာတာကြောင့် ရှောင်ရမှန်းသိပေမဲ့ ခန္ဓာကိုယ်ကမလှုပ်နိုင်ခဲ့ဘူး။ သွားပြီ သူ့မျက်နှာ ဘောလုံးမှန်ပြီ

*ဘုတ်*

အလန့်တကြား မျက်လုံးမှိတ်ထားမိရာမှ ဘောလုံးမထိသေးတာကြောင့် မျက်လုံးတွေပြန်ဖွင့်လိုက်တော့ ကျွန်တော့်ရှေ့မှာ လူတစ်ယောက်ရပ်နေခဲ့တာ။ ကောင်လေးတစ်ယောက်။ ကျွန်တော့်ထက် အရပ်မြင့်ပြီး ကျွန်တော့်ထက်လည်း အသက်နည်းနည်းကြီးမယ်ထင်တယ်။ အဲ့ဒီကောင်လေးမှာ ဖန်ဂေါ်လီလုံးလိုတလက်လက်တောက်ပနေတဲ့ မျက်ဝန်းဝိုင်းတွေလည်းရှိတာ

"ကလေးလေး မင်းဘာမှမဖြစ်သွားဘူးမဟုတ်လား?"

ဟ အရပ်သာရှည်နေတာ ကျွန်တော်နဲ့အသက်သိပ်ကွာမဲ့ပုံလည်းမပေါ်တာကို ကလေးလေးတဲ့ ဒီလူဘာလဲ!

"အင်း"

"တော်သေးတာပေါ့"

ခေါင်းပေါ်ရောက်လာတဲ့ လက်ကြောင့် ကျွန်တော်ရှောင်ချင်ပေမဲ့ ထိုအစ်ကိုကြီးက ဘောလုံးကိုင်ထားတဲ့လက်နဲ့ ခုနလေးတင်မှလျှော်ထားတဲ့ ကျွန်တော့်ခေါင်းကို ပွတ်နေပြီ။ နောက်ကျသွားပြီ သွားပြီ ခေါင်းပြန်လျှော်ရတော့မယ်ဗျာ!!!

"ဟိတ် မင်းကိုငါဒီမှာမတွေ့ဖူးပါဘူး"

"ကျွန်တော်ဒီမှာနေတာ၅နှစ်လောက်ရှိပြီဗျ!"

"အာ... အဲ့တာကြောင့်နေမှာ ကိုကိုက ရှေ့တစ်ပတ်ကမှပြောင်းလာတာလေ တွေ့ရတာဝမ်းသာပါတယ် ကလေးလေး"

ဘယ်လိုလူလဲနော် ပြောင်းလာတာ မကြာသေးပဲနဲ့ သူ့လို ဒီမှာနေတာကြာတဲ့ လူဟောင်းကိုလာပြီး! ပြန်ပြောမလို့လုပ်နေတဲ့အချိန် ဒယ်ဒီကားက ကားပါကင်မှာ ရပ်တာတွေ့တာနဲ့ ဟန်ယူဂျင်းလဲ သူ့ဒယ်ဒီထံသာပြေးသွားတော့တယ်။

"တွေ့ရတာဝမ်းသာပါတယ် ကလေးလေး ကိုကို့နာမည်က ကင်ဂယူ..."

စကားမဆုံးခင်ပြေးထွက်သွားတဲ့ ကလေးလေးနောက် ခေါင်းပြန်လှည့်ကြည့်မိတော့ ထိုကလေးလေးကသူ့အဖေကိုလာကြိုတဲ့ပုံ။ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ယုန်ကလေးတစ်ကောင်လို ချစ်စရာလေးမို့ ဒီမှာဘော်လုံးကန်တိုင်း စိတ်ဝင်တစားစောင့်ကြည့်နေမိတာ သုံးရက်ရှိပြီ အခု အခွင့်အရေးလေး ရတုန်း နာမည်လေးဘာလေး မိတ်ဆက်ပြီး သူငယ်ချင်းလုပ်ချင်လို့ကို အခွင့်အရေးက လွတ်သွားပြန်ပါပြီ။

"ဒယ်ဒီ!"

ယုန်ပေါက်လေးမှ တကယ့်ယုန်ပေါက်လေးပဲ သူ့ဖေဖေဆီပြေးသွားတာ ခုန်ဆွခုန်ဆွလေးလေ။ အသည်းယားစရာပဲ။ ကားပေါ်ကဆင်းလာတဲ့ လူကြီးက လက်ထဲ ပန်းစည်းတစ်ခုကိုင်ထားပြီး ထိုလူကအတော်လေး ခန့်ငြားတာ။ ကြည့်ရတာ သူ့ဖေဖေနဲ့တူရင် ယုန်ပေါက်လေးက ကြီးလာရင် လူချောလေးဖြစ်လာမှာပဲ။

"ဒယ်ဒီ ပန်းတွေ?"

"အင်း မနက်ဖြန် ဒယ်ဒီတို့ မင်္ဂလာနှစ်ပတ်လည်လေ"

"မနက်ဖြန်မှလေ"

"မင်းပါပါးက ဒီနေ့ထဲကရတော့ ပိုပျော်သွားမှာပေါ့"

ဟုတ်ပါတယ်လေ ဒယ်ဒီက ပါပါးဘာကြိုက်လဲအသိဆုံးပဲမဟုတ်လား။ ပါပါးနဲ့ ဒယ်ဒီတို့အချစ်က အရမ်းအားကျဖို့ကောင်းတာ... သားလည်းကြီးလာလို့ ချစ်သူရရင် ဒယ်ဒီကိုအတုယူပြီး သားချစ်သူကိုအများကြီးချစ်ပေးမှာပါဗျ။

"လာချန်ချန် သွားရအောင် ပါပါး အံ့ဩသွားမဲ့မျက်နှာကို ဒယ်ဒီမြင်ချင်ပြီ"

"ဟုတ်!"

ထိုသားအဖကို အဝေးက လှမ်းကြည့်နေတဲ့ ကောင်လေးလည်း 'ချန်ချန်' ဆိုတဲ့နာမည်လေးကို ကြားဖြစ်အောင် ကြားသွားပါတယ်။

"နာမည်က ချန်ချန်တဲ့လား ချစ်စရာလေးပဲ!"


𓆝 𓆟 𓆞 𓆝 𓆟

"နှင်းဆီနီတွေ?"

"အင်း သဘောကျရဲ့လား"

"အရမ်းသဘောကျတယ်ဟန်ဘင်း"

အိမ်အဝင်ဝမှာ ပန်းစည်းကိုလိုက်ခံလိုက်တဲ့ ဟာအိုဟာ ဟန်ဘင်းပါးအထက် အနမ်းတစ်ပွင့် ချီးမြှင့်လိုက်ပါတယ်။

"မားမား ခဏနေလာမှာ သူကလေးတွေလာခေါ်မှာ"

"အမ်?"

ယောကျာ်းဖြစ်သူစကားကြောင့် ကျန်းဟာအို ကြောင်သွားတယ်။

"မနက်ဖြန် ကိုယ်တို့မင်္ဂလာနှစ်ပတ်လည်လေ"

"အင်းလေ ဒါပေမဲ့ မိသားစုလိုက် ဓာတ်ပုံရိုက်ဖို့ချိန်းထားတာမဟုတ်ဘူးလား?"

"ဟုတ်တယ် အဲ့တာမနက်ဖြန်ညနေမှ"

သိပ်မကြာပါဘူး တကယ်ကိုသူ့ယောက္ခမ အိမ်ရောက်လာတာပဲ

"မား..."

"ဟာအိုလေး နေကောင်းရဲ့လား"

"ကောင်းပါတယ်မားမား"

ကလေးသုံးယောက်ကို အဘွားဖြစ်သူခေါ်သွားပြီးတဲ့အခါ အိမ်မှာ ဟန်ဘင်းနဲ့သူ နှစ်ယောက်ပဲကျန်ခဲ့တာ...

" ဟာအို နှင်းဆီအနီကိုးပွင့်က ဘာအဓိပ္ပာယ်လဲသိလား?"

"ဘာလဲဟင်?"

"ထာဝရအချစ်တဲ့ အသက်ရှင်နေသ၍ အတူတူရှိသွားကြမယ်... ဘယ်လိုလဲ သဘောတူရဲ့လား?"

အမြဲတမ်း ဟန်ဘင်းရဲ့ စကားလုံးတွေအောက် ဟာအို အရည်ပျော်ရစမြဲ။ မျက်ရည်ပေါက်လေးတွေဟာ နှင်းဆီပန်းပွင့်တွေပေါ် စီးကျသွားခဲ့ပြီ။

"အရမ်း ရင်ထဲထိသွားတာလား?"

"အွန်း အတူတူရှိခဲ့တာ နှစ်တွေဒီလောက်ကြာနေပြီ ဒါပေမဲ့ ဟန်ဘင်းကအမြဲ ရင်ခုန်အောင်လုပ်နိုင်နေတုန်းပဲနော်" နှာတရှုံ့ရှုံ့ ငိုသံလေးနဲ့ဝန်ခံလာတဲ့ ကျန်းဟာအိုမှာ ဟန်ဘင်းရင်ခွင်ထဲ ပုခုံးလေးမှီလို့။

"ဟာအိုကသာ ကိုယ့်ကိုအမြဲ ရင်ခုန်အောင်လုပ်နိုင်တာပါနော်"

"မသိဘူး အရမ်းတတ်လွန်းတော့ ဟန်ဘင်းကို အပြင်လွှတ်ရမှာတောင် စိတ်မချတော့ဘူး"

"ဟေး ကလေးသုံးယောက်အဖေကို ဘယ်သူမှစိတ်မဝင်စားတော့ပါဘူးနော် အသက်လည်းကြီးနေပြီကို"

ဘယ်လောက်ကြီးသေးလို့လဲ!! သုံးဆယ်ကျော် သန်တုန်း မြန်တုန်းကို!! မျက်နှာကိုသေချာကြည့်တော့ ချောမောနေတုန်း။ သူနဲ့ရပြီး ဟန်ဘင်းက အရင်ကထက်​တောင် ပိုချောလာသေးတာ... လူကို ဘယ်လို ရင်ခုန်အောင်လုပ်ရမလဲလည်းသိတယ်!! သိပ်ကို စိတ်မချချင်စရာကောင်းတာပဲ

"ဟန်ဘင်း ငါသေသွားရင် နောက်အိမ်ထောင်ပြုမှာလားဟင်?"

"ဟာ မင်္ဂလာနှစ်ပတ်လည်နေ့ကြီး ဘာတွေမေးနေတာတုန်း ဟာအိုလေးရဲ့"

"ဖြေနော် !! ဝှေ့လည်ကြောင်ပတ်မလုပ်နဲ့"

"ဟင့်အင်း ဟင့်အင်း ဟာအိုကြည့်နေတဲ့ မျက်ရည်ဘုရင်မဇာတ်ကားထဲကလို နေ့တိုင်းပန်းစည်းလေးလာပေးမယ်ဟုတ်ပြီလား"

"ဟွန့် အဲ့တာကြီးက အရမ်းဝမ်းနည်းဖို့ကောင်းလိုက်တာ..."

နှစ်ယောက်လုံးက ခံစားလွယ်တဲ့ F တွေဖြစ်တာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်ရည်ဝဲလာကြပြီ။ ဟန်ဘင်းလည်း ဟာအိုကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ကိုယ်လေးကိုအသာဖက်ထားရင်း ပုခုံးလေးပေါ် မေးတင်လိုက်တယ်။

"ပျော်စရာလေးတွေပဲ တွေးရအောင်လေနော်"

"အင်း ဒီညတော့ ပျော်စရာလေးတွေပဲတွေးမယ်"

"ကိုယ့်ကို နမ်းပါဦး"

"လူလည်"

•·················•·················•

"ဒါဂျောင်... ဟာနား... ချန်ချန် မင်းဒယ်ဒီနဲ့ ညီမလေးတွေရော?"

"အပြင်ထွက်သွားတယ်"

"ဟာ ခဏနေ ဓာတ်ပုံရိုက်တော့မှာကို"

ကျန်းဟာအိုစတူဒီယိုအပြင်ဘက်ကိုငေးကြည့်တော့ ကလေးနှစ်ယောက်နဲ့ ကလေးအဖေ အရိပ်အယောင်ကိုမတွေ့။

"ချန်ချန် ပါပါးလှရဲ့လားကြည့်ပါဦး"

"လှတယ် လှတယ် ပါပါးအလှဆုံး"

"မင်းကလည်း စိတ်မပါလိုက်တာ!"

ကျန်းဟာအို သူ့ကိုယ်သူမှန်ထဲပြန်ကြည့်ပြီး ပန်းနုရောင်ဆွယ်တာလေးကို အနည်းငယ်ပြုပြင်လိုက်တယ်။ တီရှပ်အဖြူပေါ် ပန်းရောင်ဆွယ်တာလေး ဝတ်ထားပြီး ဟန်ဘင်းကိုတော့သူ အပြာရောင်တီရှပ်လေးဆင်ထားတာ။ သမီးလေးနှစ်ယောက်က ပန်းရောင်ဂါဝန်လေးနဲ့ ချန်ချန်ကတော့ ဂျင်းပြာဝမ်းဆက်။ သူတို့မိသားစုဓာတ်ပုံက အရမ်းကိုလှနေမှာပဲဆိုတာ တွေးမိတော့ သူ့အကြံသူ သိပ်ကျေနပ်ကာ ပြုံးစိစိ။

"မား.. မား"

နောက်ဆုံးမှာတော့ ဆောင်းဟန်ဘင်း သမီးနှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက်ချီလို့ စတူဒီယိုထဲ ဝင်လာခဲ့ပါတယ်။

"ဘယ်သွားတာလဲ?"

"အဲ့...အဲ့တာက"

"ဒယ်ဒယ် ရေခဲမုန့်ဝယ်ကျွေးတယ် ခ်ခ်" အငယ်ဆုံးလေး ဒါဂျောင်ကအတတ်လေးပါ။ သူက ဆောင်းဟန်ဘင်းနဲ့ပိုတူတယ်။ အကြီးလေးကတော့ ဟာအိုနဲ့ပိုတူတာဖြစ်နိုင်တယ်။

"ဟန်ဘင်း ဟူး... ချောင်းဆိုးမယ်လို့ဆိုတာကို ဘာလို့ဝယ်ကျွေးတာလဲ ညဘက်တွေ သူတို့ချောင်းဆိုးရင် ဟန်ဘင်းပဲမအိပ်ရမှာနော်!!"

"အင်းပါ အင်းပါ ဟာအိုကလည်း"

"သမီးတွေကိုအရမ်းအလိုလိုက်လွန်းတာပဲ ဟွန့်!"

"သူတို့ကအရမ်းချစ်ဖို့ကောင်းနေတော့ ကိုယ်ငြင်းရခက်တယ်လေ..."

အမြဲပြောနေရတဲ့ သူကရော ချစ်ဖို့မကောင်းလို့ သူ့စကားနားမထောင်တာလားနော်။ ယောကျာ်းတွေ တစ်နေ့တစ်မျိုးပဲ မနေ့ညကတော့ ချစ်လှပါပြီရဲ့ အခုတော့ စကားနားမထောင်ပြန်ဘူး!

"စိတ်မတိုနဲ့လေ ခဏနေဓာတ်ပုံရိုက်မှာ မျက်နှာဆူဆူပုတ်ပုတ်ကြီး ဖြစ်နေလို့ ဘယ်ဖြစ်မလဲနော့်"

"အင်းပါ"

နောက်ဆုံးတော့ ဓာတ်ပုံဆရာခေါ်သံကြောင့် မိသားစုငါးယောက်လုံး နောက်ခံပိတ်ကားလိပ်ရှေ့ ရောက်နေကြပြီ။

ဟန်ဘင်းကဒါဂျောင်ကိုချီထားပြီး ဟာအိုက ဟာနားကိုချီလို့ ချန်ချန်ကတော့ ဘုရင်ကြီးလို့ နှစ်ယောက်အလယ် တစ်ယောက်ထဲ ထိုင်ခုံပေါ်ထိုင်လို့ ခါးမတ်ထားပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားတယ်။

"အလယ်ကကလေးလေး ကိုယ်ကြီး အရမ်းတောင့်မထားနဲ့နော် ဦးဦးကင်မရာကိုကြည့်"

"ဟုတ်"

အနောက်က ပါပါးကလည်းချန်ချန့်ကို တိုးတိုးလေးသတိပေးရှာတယ်။

"ချန်ချန် သားလေး မင်းကအချောဆုံးပဲ စိတ်လျော့ထား ဓာတ်ပုံထဲပါပါးလိုပဲ သေချာပေါက်လှမှာ မပူနဲ့"

"ဟုတ်ပြီပါး!"

"ကဲကဲအားလုံးဒီကိုကြည့်ပြီး ပြုံးမယ်နော် တစ် နှစ် သုံး"

အသစ်ရောက်လာတဲ့ ဓာတ်ပုံလေးဟာ ဟန်ဘင်းနဲ့ဟာအိုအိမ်လေးရဲ့ ဧည့်ခန်းအလယ် အရင်ဓာတ်ပုံတွေကြား...ဓာတ်ပုံဘောင်အသစ်ဖြစ်တာကြောင့် အနည်းငယ် ထင်းထွက်နေခဲ့တယ်။ ပုံထဲမှာ ဟန်ဘင်းနဲ့ ဟာအိုဟာ ဘေးချင်းယှဉ်ရပ်နေခဲ့ပြီး လက်တစ်ဖက်မှာ ကလေးတစ်ယောက်ဆီချီထားခဲ့တယ်။သူတို့ရှေ့မှာတော့ ခုံမြင့်မှာထိုင်နေတဲ့ ချန်ချန်ဟာ ကင်မရာကိုပြုံးကြည့်နေခဲ့ပြီး ဟန်ဘင်းလက်တစ်ဖက်က ချန်ချန့်ပုခုံးပေါ် နေရာယူလို့ထားတာ သိပ်ကို ချစ်ဖို့ကောင်းတဲ့ မိသားစုဓာတ်ပုံလေးပေါ့။

1... 2... 3 The End

ဓာတ်ပုံလေး တစ်ခုကြောင့် စလိုက်တဲ့ ဇာတ်လမ်းလေးကို ဓာတ်ပုံလေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ frost ရဲ့ ကလေးဆန်တဲ့ စိတ်ကူးလေးတွေကို သဘောကျပေးတဲ့အတွက် အများကြီးလည်း ကျေးဇူးတင်ပါ🫶🏻

Final မှာ gyujin ရဲ့ပထမဆုံးစတွေ့တဲ့အခန်းလေးကိုထည့်ပြီးသွားတော့ gyujin fic လေးလည်း ရှေ့ဆက်လို့ရပြီထင်ပါတယ်🥰

အစကတော့ You had me at hello ကိုပဲ ပြီးအောင်ရေးဖို့စဉ်းစားထားပေမဲ့ ဒီနေ့မြင်လိုက်တဲ့ ဓာတ်ပုံလေးတစ်ခုကြောင့် high school romance လေး ရေးချင်သွားတော့ ထပ်ရေးဖြစ်ခဲ့ရင်တော့ high school romance လေးဖြစ်မယ်ထင်ပါရဲ့

ဒီနေ့ စိတ်အဆင်မပြေပေမဲ့ အကြာကြီးစိတ်မညစ်ချင်တဲ့လူမို့ မတင်ဖို့စဉ်းစားထားတဲ့နောက်ဆုံးအပိုင်းလေးလာတင်တာပါ အားလုံးလည်း ဘာကိစ္စပဲရှိရှိ အကြာကြီး စိတ်မညစ်ပဲ ကိုယ်တန်ဖိုးထားတဲ့လူတွေအကြောင်းတွေးရင်း အချိန်တွေပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ပါစေရှင်🥰

တခုခုပြောချင်တာရှိရင် ngl မှာလာပြောလို့ရပါတယ်နော် 🫶🏻


You are reading the story above: TeenFic.Net