Episode 10 (Final)
Background color
Font
Font size
Line height
[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 10 (Final)
မနက်ခင်းရဲ့နေရောင်အောက်မှာ မြို့ပြနဲ့ကင်းကွာနေတဲ့ ဒီနေရာလေးက သိပ်ကိုအေးချမ်းနေသည်။ကားတစ်စီးဝင်စာသာရှိတဲ့ကုန်းဆင်းလမ်းလေးအတိုင်းစက်ဘီးကိုပုံမှန်သာလှိမ့်လာခဲ့သည်။တစ်ဖက်တစ်ချပ်စီမှာ အစီအရီစိုက်ထားတဲ့ ပိုးစာပင်ခင်းကြီးကိုလှမ်းမျှော်ကြည့်ရင်းသူပြုံးသည်။ Kimကိုတစ်နေ့တော့ ဒီကိုခေါ်လာပြီး နေရာစုံလိုက်ပြဦးမည်ဟုလဲစိတ်ထဲ တေးထားလိုက်သည်။
ငါးမိနစ်လောက်ကြာတော့ Busanဆိပ်ကမ်းရဲ့ကမ်းနားလမ်းဘက်ရောက်လာသည်။ပင်လယ်ကနေလာတဲ့လေတွေကြောင့် ခပ်တိုတိုသူ့ဆံပင်များက ပုံပျက်ကာလွှင့်ဝဲလျက်။ဆားရနံ့ပါတဲ့ပင်လယ်လေတွေကိုရှူရှိုက်ရင်း သူစိတ်ကျေနပ်မိပြန်သည်။မြို့ထဲသို့ဝင်လာရင်း စက်ဘီးနဲ့သွား၍မဖြစ်တော့သည့်နေရာရောက်တော့မှ စက်ဘီးကို coffeeဆိုင်တစ်ဆိုင်၌အပ်ထားလိုက်သည်။ပျောက်သွားလဲကိစ္စမရှိပါ။(သူ့စက်ဘီးမှမဟုတ်ဘဲ။)
Kimနဲ့တွေ့ဖို့ ချိန်းထားသည့် bus stopသို့သာ သူ့စိတ်တွေကရောက်နေသည်။မတွေ့ရတာ နှစ်ပတ်ကျော်လေးပါပဲ။ဒါပေမယ့် Kimနဲ့တွေ့ဖို့သူ့စိတ်တွေလှုတ်ရှားနေတယ်။
လမ်းမထက်၌မောင်းနှင်နေကြသော ယာဉ်များဆီမှ ဟွန်းသံတွေက ဒီနေ့မှသိပ်နားထောင်ကောင်းနေတယ်။ Platformထက်သွားလာနေကြတဲ့လူတစ်ချို့ကလဲသစ်လွင်တောက်ပနေကြတယ်။သူ့အရှေ့ကနေဖြတ်ပြေးတဲ့ လမ်းဘေးကြောင်လေးကတောင် ချစ်ဖို့ကောင်းနေတာ။ Kim နဲ့တွေ့ရမည်ဟူသောအသိက သူ့အမြင်တွေကိုပြောင်းလဲစေနေတာများလား။
Platformတစ်လျှောက်အုပ်မိုးပြီး အရိပ်ပေးနေတဲ့မေပယ်ပင်များကို သူမော့ကြည့်မိသည်။ဝါကြန့်ကြန့်နီကျင်ကျင်အရွက်များက စိုပြေပြီးတောက်ပနေသည်။သစ်ရွက်များကြားမှ ထိုးဖောက်ဝင်လာသောနေရောင်တစ်ချို့ကြောင့်မျက်စိကျိန်းသည်။
No.58ဆိုသည့် Bus-stopကိုလှမ်းမြင်နေရပြီ။ခုံတန်းလေးမှထရင်း သူလာရာလှမ်းဘက်မျှော်ကြည့်ကာ ပြုံးရယ်ပြနေသည့် Kimကိုမြင်တော့ သူ့ခြေလှမ်းတွေပင်မှားချင်နေသည်။ Kimဟာသူ့ရဲ့ဆုတောင်းကိုကြားသည့်အလား အဖြူရောင်အဝတ်အစားကိုရွေးဝတ်လာခဲ့သည်။ ရိုးရိုး T-shirtအဖြူနဲ့ ဒူးအထက်သာရှိသည့် Jean pantsအဖြူလေးကိုဝတ်ထားပြီး Boots shoeအဖြူလေးနဲ့။ ကလေးငယ်လေးတစ်ယောက်လိုပုံစံနှင့် သိပ်ကိုဖြူစင်နေပါသော Kimပါလေ။
Bus stopသို့သူရောက်ချိန်မှာတော့ သူ့ထံမှ စကားလုံးများထွက်မလာပါ။ Kimကိုသာငေးကြည့်မိသည်။မျက်ဝန်းအထိ ဖုံးလုနီးနီးဝဲကျနေလေ့ရှိသော ရွှေညိုရောင်ဆံနွယ်ကောက်ကွေးများကို အနည်းငယ်ညှပ်ထားဟန်တူသောကြောင့် သူ့ကိုပြန်ကြည့်နေတဲ့ စိမ်းပြာပြာမျက်ဝန်းတွေကို ဒီတစ်ကြိမ်တော့ရှင်းလင်းစွာမြင်ရသည်။
"Jeon...မင်းဆံပင်ထပ်ညှပ်လိုက်တာပဲနော်..."
Kim ကသူ့ရဲ့ပြောင်းလဲသွားမှုတစ်ခုကိုအရင်အစပြုရင်းနှုတ်ဆက်လိုက်သည်။မေးခွန်း သင်္ကေတတွေမပါတဲ့နှုတ်ဆက်စကားလေးဟာ Kimနဲ့လိုက်ဖက်လွန်းပါသည်။
"ရာသီဥတုကပူလာပြီလေ...အဲ့တာကြောင့်မို့..မင်းလဲညှပ်ထားတာပဲ...."
သူပြောတော့အံ့ဩဟန်ဖြင့်။
"မင်းကသိတယ်လား Jeon...ငါကနဲနဲလေးတိထားတာ...မင်းတောင်သတိထားမိပါ့မလားထင်နေတာ..ဟီး"
နဲနဲလေးပဲတိထားတယ်ဟု Kimကပြောလာသည်။ထိုပြောင်းလဲမှုသေးသေးလေးကိုတောင် သတိထားမိပြန်တဲ့အထိ သူဟာ Kimအ‌ပေါ် သိပ်ကိုဂရုစိုက်လွန်းနေမိပြီ။
"အနောက်မှာဖွက်လာတာဘာလဲJeon...ငါ့အတွက်လက်ဆောင်လားနော်..."
Kimပြောမှ သူ့ဘယ်ဘက်လက်က ကျောအနောက်သို့ပို့ထားမိမှန်းသတိပြုမိပြန်သည်။လက်ဆောင်လားဟုမေးလာသဖြင့် တစ်ချက်ပြုံးရင်း။
"အင်း..For you.."
လက်ကိုအရှေ့ထုတ်ကာ Kimရဲ့လက်ဖဝါးကိုဖြန့်စေပြီး သူယူလာသည့်အရာကိုထည့်ပေးလိုက်သည်။ကြည်နူးရိပ်လွှမ်းခြုံသောစိမ်းပြာရောင်မျက်ဝန်းတွေနဲ့အတူ နှုတ်ခမ်းပါးလေးကပြုံးသည်။
"Hey Jeon...မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ...ကြည့်ပါဦး....ငါကြိုက်တဲ့ Mapleရွက်လေး..."
ညှာတံအား လက်(လက်ညှိုးနှင့်လက်မသုံးပြီး)ဖြင့်ကိုင်ကာ အရွက်အား သေချာဂရုတစိုက်ကြည့်နေသည်။သူ့ခေါင်းထက်မြင့်သည့်နေရာ (နေရှိရာ)ဘက်အနည်းငယ်မြှောက်ရင်း မျက်လုံးတစ်ဖက်မှိတ်ကာကြည့်ရင်းပြုံးသည်။သူ့လက်ဆောင်ဆိုတဲ့ သစ်ရွက်လေးတစ်ရွက်ကို Kimဟာ ကျေနပ်စွာသဘောကျပေးသည်။
"ငါက ရွက်ဝါပင်တွေဆိုသိပ်ကြိုက်တာ...ရွက်ကြွေပင်တွေရောပဲ....သူတို့ကလှတယ်မလားနော်...ငါတော့အရမ်းကြိုက်တယ်...မင်းရောမကြိုက်ဘူးလား Jeon..."
"ငါလဲကြိုက်ပါတယ်"
သူ့အဖြေကိုကျေနပ်စွာဖြင့်ပြုံးသည်။
"ကားကမလာသေးဘူး...ငါကမင်းကို Daddyဆီခေါ်သွားမလို့လေ...ငါတို့ထိုင်စောင့်ကြမယ်..."
Kimပြောမှ ခုံတန်း၌ သူတို့အတူဝင်ထိုင်ကြသည်။
"Daddyတို့သင်္ဘောက ပင်လယ်ထဲစစ်စရာရှိလို့ဒီနေ့ထွက်မယ်တဲ့...ငါကမင်းကိုရောလိုက်စေချင်လို့လေ၊ပြီးတော့ daddyအတွက် ငါစမ်းလုပ်ထားတဲ့ crumpetကိုမြည်းခိုင်းချင်တာ... Mummyဆီမှာ မုန့်လုပ်နည်းတွေသင်နေတယ်လို့ငါပြောမိသေးလားJeon ..."
သူ့ဘေးမှ တတွတ်တွတ်ပြောနေတဲ့Kimကိုကြည့်ရင်း ယောင်ယမ်းကာခေါင်းငြိမ့်မိသည်။
"ငါရေနွေးကြမ်းဖျော်တဲ့နည်းတွေလဲသင်ထားတယ်...ငါမင်းကိုဟိုရောက်ရင် ဂန္ဓမာရေနွေးကြမ်းဖျော်တိုက်မယ်... Edenနဲ့ Randaလဲပါလာကြမှာ...သင်္ဘောပေါ်မှာပျော်စရာကောင်းမှာပဲနော်"
သူပြောချင်ရာတွေပဲပြောနေသည့် Kimကိုသာသူငေးကြည့်နေလိုက်တော့သည်။ဒီတစ်ခုကအကောင်းဆုံးပဲလေ။
မုန့်ဗူး၊ပန်းဗူးလေးများထည့်လာခဲ့သည့်ကြိမ်ခြင်းလေးကို Kimရဲ့ဘေး၌တွေ့ရသည်။သေသေချာချာပြင်ဆင်ခဲ့ပုံအရ သူ့ Daddyကိုဘယ်လောက်အထိဂရုစိုက်မှန်းသိသာစေသည်။
သူ့ဘေး၌ကပ်ထိုင်နေသည့် Kimဆီမှ ရနေကျရေမွေးနံ့လေးရပြန်တော့ သူ့စိတ်များလန်းဆန်းနေသည်။တအောင့်ကြာတော့ Bus carရောက်လာသည်မို့ နှစ်ယောက်အတူ မတ်တပ်ရပ်မိကြသည်။သူတို့စီးရမယ့် busမဟုတ်တာမို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း အရူးတွေလိုရယ်မိကြပြန်ရော။
ထို busထွက်သွားပြီးကာမှ သူတို့စီးရမည့် Busလာရပ်သည်။
"ငါ့ကိုလွမ်းနေတယ်ဆို"
Bus‌ပေါ်၌ရှိနေရင်းမှ သူမေးမိသည်။ထိုအမေးကို Kimဟာမဖြေပါ။သူ့ပခုံးထက်မှီချလာရင်း တိတ်ဆိတ်စွာနေ,နေပြန်သည်။ပြီးနောက် Kimရဲ့လက်ချောင်းရှည်ရှည်များက သူ့လက်ချောင်းများကြားလာယှက်နွယ်ထားသည်။
"ငါမေးတာမဖြေဘူးလား Kim..."
ဆံနွယ်ကောက်ကွေးများအား သူ့လက်ဖြင့်ထိုးဖွရင်းမေးမိသည်။
"မဖြေချင်သေးလို့"
ဪ...သိပ်ထူးဆန်းတဲ့ Kimပါလေ။
..
.
.
.
.
.
.
Busanကျွန်းရဲ့မျက်နှာစာ၌ရှိသော Haeundaeကမ်းခြေ။ကြည်လင်နေတဲ့ကောင်းကင်ပြာကြီးနဲ့ပင်လယ်ပြာကဆက်စပ်လျက်။ကျယ်ပြောလှသည့်သဲသောင်ကမ်းစပ်ထက်၌ ရှိနေသောအဖြူရောင်ကောင်လေးနှစ်ယောက်။တဖြူးဖြူးတိုက်ခတ်နေတဲ့ပင်လယ်လေကြောင့် သူ့ကိုယ်ပေါ်မှ ရှပ်အဖြူက လွန့်လူးနေသည်။
"Jeonရေ....ငါ့ကို ဒါလေးယူထားပေးနော်"
သူ့လက်ထဲရောက်လာသည့်ခရုခွံတစ်ချို့။သူ့ကိုပေးပြီးနောက် အနားမှပြေးထွက်သွားပြန်သည်။တစ်နေ့လုံးမနားရသေးပေမယ့် မောပန်းဟန်လဲမတူတဲ့စိမ်းပြာလေးက ယခုလဲ သဲသောင်ပြင်က ခရုခွံတွေနဲ့သာအလုပ်ရှုပ်နေသည်လေ။
သင်္ဘောပေါ်မှာလဲ ဟိုဟိုဒီဒီပြေးရင်းတစ်ယောက်တည်းအလုပ်ရှုပ်လွန်းနေသည့်စိမ်းပြာလေး။သူဖျော်တိုက်တဲ့ပန်းပွင့်ပေါင်းစုံရေနွေးကြမ်းကိုသောက်ပြီး feedbackမျိုးစုံလဲပေးခဲ့ရသေးသည်။ Edenနဲ့ Randaလိုမငြင်းတတ်တော့ ပန်းအဖတ်တွေနဲ့ ထူးထူးဆန်းဆန်းအရသာထိုရေနွေးကြမ်းကို သူအလိုကျခေါင်းငြိမ့်ကာသောက်ခဲ့ရသည်။သူတစ်ယောက်တည်းမဟုတ်ပါ။ Captain Kimလဲပါဝင်ခဲ့သည်ပင်။
Edenလုပ်ပေးတဲ့နေ့လည်စာကိုစားရင်း သင်္ဘောပေါ်၌သာ နေ့တစ်ဝက်ကိုကုန်ဆုံးခဲ့သည်။အဖြူရောင်ရေတပ်ဝတ်စုံဖြင့် သူတွေ့ရသည့် Randaဆိုသူကတော့ Captain Kimနဲ့ သူတို့နားမလည်နိုင်သည့်အကြောင်းအရာများပြောကြသည်။ Randaကိုအရင်က Britisherလို့ထင်ခဲ့တာ။ Randaက koreanစစ်စစ်တစ်ယောက်။ koreaနာမည်က Kim Nam Joonတဲ့လေ။
မွန်းလွဲ2နာရီလောက်ကတည်းက လေးယောက်အတူပြန်ခဲ့ပေမယ့် Haeundaeသွားချင်သည်ဆိုတဲ့ Kimကြောင့် သူတို့နှစ်ယောက်သပ်သပ်ဒီဘက်ရောက်လာခဲ့သည်။
"ငါတို့ပြန်သင့်ပြီနော် Kim...ညနေရောက်တော့မယ်..."
လေတိုးသံကြောင့်မကြားရမည်စိုး၍ သူအော်ကာပြောမိသည်။ဒါကိုကြားတော့ Kimက သူ့ဆီသို့လျှောက်လာရင်း...
"ငါမှမပြန်ချင်တာ..."တဲ့လေ။
နေလောင်ခံထားရတဲ့ Kimမျက်နှာလေးကရဲတက်နေသည်။လက်လေးကိုနောက်ပစ်ရင်း ပင်လယ်ဘက်လှမ်းကြည့်ကာ စီးထားသည့်အဖြူရောင် Boot shoeထိပ်ကို သဲတောသို့ဖိတိုက်နေသည်။အဖြူရောင်၌အဝါရောင်များညစ်ပေလာသည်။
"အဲ့လိုမလုပ်နဲ့လေ Kim...မင်းရဲ့ဖိနတ်ပေကုန်ပြီ..."
"မင်းကအမြဲတမ်းစည်းကမ်းကြီးတယ်Jeon"
"ဟမ်!"
စိမ်းပြာလေးကသူ့ကိုစည်းကမ်းကြီးသည့်သူဟုပင်ပြောလာပြီ။တစ်ကယ်တော့ သူကစည်းကမ်းကြီးတာလား မကြီးဘူးလားဆိုတာ သူ့ကိုယ်သူပင်သေချာမသိတော့ပါ။
‌စကားသံတို့ခေတ္တတိတ်ဆိတ်သွားပြီး လှိုင်းသံကိုသာကြားနေရသည်။သူ့လက်ထဲမှခရုခွံများကို လွဲပြောင်းကာယူပြန်သည့် Kim။
ကမ်းစပ်နားသို့သွားရင်း ဆောင့်ကြောင့်ထိုင်ချသည်။ခရုခွံများအား သဲပြင်၌ချကာ စာလုံးတစ်ခုကိုပုံဖော်သည်။
'J...E...'
"ငါ့ခရုခွံတွေမလောက်ဘူး...ငါကမင်းနာမည်ရေးချင်လို့ကို...ငါ့ကိုကောက်ပေးနော်Jeon..."
စိမ်းပြာလေးသဘောကျ ခရုခွံများကို သူလိုက်ပြီးကောက်ပေးရပြန်သည်။ ခရုခွံများဖြင့် မညီမညာပုံဖော်ထားသည့် 'JEON'ဆိုသည့်စကားလုံးလေး။Kimကကျေနပ်စွာပြုံးသည်။
"မင်းရဲ့နာမည်ရောမရေးဘူးလား...ငါခရုခွံတွေလိုက်စုပေးမယ်လေ Kim.."
သူစိတ်လိုလက်ရပြောမိပေမယ့်...
"နောက်မှရေးမယ်..ငါအခုစိတ်မပါတော့ဘူး..."
သဲပြင်အိအိပေါ် ရောက်တတ်ရာရာ Koreanစကားလုံးများကိုလက်ချောင်းဖြင့်ရေးခြစ်ရင်းမှဖြေသည်။ချက်ချင်းကြီးစိတ်မပါပြန်တော့ဘူးတဲ့။ခန့်မှန်းရခက်တဲ့စိမ်းပြာလေး။
"ငါလက်ဆေးဦးမယ်..."
ရုတ်တရက်ထကာ ရေစပ်သို့သွားသည့် Kimကို သူတားချိန်မရလိုက်တော့ပါ။ကမ်းစပ်၌ရပ်ထားသည့် Boots shoeအဖြူလေးသည် လှိုင်းပုတ်ခံလိုက်ရပြီး တစ်ခနချင်းစိုစွတ်သွားသည်။
"Oh my God!"
စိတ်ပျက်လက်ပျက်ရေရွတ်သည့် Kimကြောင့် သူရယ်မိသည်။ဒါကို Kimကမျက်စောင်းလေးချီလျက်ဖြင့်သဘောမကျစွာကြည့်သည်။
"မင်းရောလာရမယ်"
သူ့လက်အားဆွဲပြီး ကမ်းစပ်သို့ဆွဲခေါ်သည့် Kim...။နှစ်ယောက်လုံးက ခြေမျက်စိလောက်ထိမြှုပ်သောရေထဲသို့ရောက်သွားသည်။
"Kim...စိုကုန်ပြီလေ...."
သူ့အပြောကိုဂရုမစိုက်ဘဲ ကိုယ်အားကိုင်းပြီး ရေကိုလက်ဖြင့်ယက်ကာပက်သည်။ခပ်အေးအေးပင်လယ်ရေကမျက်နှာကိုလာစင်သည်။
သူ့ကိုပြန်ပက်တော့ Kimက သဘောကျစွာဖြင့်တခစ်ခစ်ရယ်သည်။တစ်ကယ့်ကလေးလေးတစ်ယောက်လိုပါပဲ။
.
.
.
.
.
.
.
အိမ်ပြန်ချန်သင့်နေပြီမှန်းနှစ်ယောက်လုံးသိသော်လည်း အိမ်ပြန်ဖို့အကြောင်းမဟဖြစ်ကြတော့ပါ။ကမ်းခြေနဲ့အနည်းငယ်လှမ်းသည့် ကျောက်ဆောင်တွေနဲ့မြက်ခင်းတွေရှိရာ ကမ်းခြေအနောက်ဘက်သူတို့ရောက်နေသည်။ငြိမ်ငြိမ်လေးထိုင်ရင်းဖြင့် ကမ်းခြေရဲ့ညနေခင်းကိုခံစားနေကြသည်။
စိုစွတ်နေသည့် အဖြူရောင် Boot shoeနှစ်ရံသည် ကျောက်တုံးပေါ်၌ငြိမ်သက်နေသည်။လေပြည်များသည် Kimရဲ့‌ရွှေညိုရောင်ဆံနွယ်များကိုလှုတ်ခတ်စေသည်။အဝါရောင်ဝတ်ဆံနဲ့အဖြူရောင် chamomileပွင့်လေးသည် ရွှေညိုရောင်ဆံနွယ်ကြားနေရာယူသည်။
စိမ်းပြာပြာမျက်ဝန်းများကသူ့ကိုစောင်းငဲ့ကြည့်လာသည်။
"မင်းရဲ့မျက်လုံးတွေကသိပ်လှတယ်Kim..."
ဝန်ခံချက်တစ်ခုမှာ သူ့အရှေ့ကကောင်လေးဟာ ပြုံးသည်။
"Aciရဲ့မျက်လုံးတွေကပိုလှတယ်...ကြည်ကြည်တောက်တောက်လေးလေ...ဟုတ်တယ်မလား"
"ဟင့်အင်းKim...ငါကတော့မင်းရဲ့မျက်လုံးကိုပဲကြိုက်တယ်...မင်းသိရဲ့သားနဲ့..."
သူငြင်းကာပြောတော့ Kimဟာ အရှက်သည်းစွာဖြင့် သူ့ကိုတွန်းထုတ်ပြန်သည်။ခါတိုင်းလိုပဲ Kimရဲ့လက်ချောင်းတွေကို ယှက်နွယ်ကာဆုပ်ကိုင်မိသည်။
"ငါ့ကိုအပိုင်ပေးပါလား...အဲ့မျက်လုံးတွေ..."
"ငါ့လိုမျက်လုံးရှိတဲ့ britisherမိန်းကလေးတစ်ယောက်ကိုယူလေJeon...မင်းမွေးလာတဲ့ကလေးတစ်ယောက်ယောက်တော့ သူမလိုမျက်လုံးမျိုးပါလာမှာပါ..."
Kimရဲ့စကားကြောင့် ပင်လယ်ဘက်သာပြန်လှည့်ရင်း သူသက်ပြင်းချသည်။ဘယ်လိုစကားကိုပြန်ပြောရမယ်ဆိုတာ သူစဉ်းစား၍ပင်မရတော့ပါ။Kimပြောတာလဲဟုတ်တာပါပဲလေ။
"ငါကမိုးရာသီကိုသိပ်ကြိုက်တာ.... Londonမှာဆို မိုးမနက်ခင်းတွေကအလှဆုံးပဲ...မင်းမြင်ကြည့်လို့ရလားJeon...မိုးကြောင့် မီးခိုးရောင်ပြောင်းသွားတဲ့အဆောက်အအုံတွေနဲ့လမ်းမတွေကသိပ်လှမယ်လို့မထင်ဘူးလား"
Kimကမြင်ကြည့်ဟုပြောသဖြင့် သူ့အတွေးထဲထိုမြင်ကွင်းကိုပုံဖော်ကြည့်မိသည်။(လိမ္မော်ရောင်သမ်းနေတဲ့ပင်လယ်ပြင်ရဲ့ ညနေခင်းကိုကြည့်ရင်း)ပါလီမန်အဆောက်အအုံတွေရယ်...စာကြည့်တိုက်ကြီးတွေရယ်...ပြတိုက်ကြီးတွေရယ်နဲ့ ရှေးဟောင်းအဆောက်အအုံများဖြင့် londonမြို့ရဲ့မိုးမနက်ခင်းကိုပေါ့။ londonမြို့ကြီးရဲ့ မီးခိုးရောင်မိုးမနက်ခင်းက Kimပြောတာထက်ရော သူတွေးကြည့်တာထက်ရော ဂန္တဝင်ဆန်လွန်းပြီးသိပ်လှမှာပါ။
"လှမှာပါ.."
"ငါငယ်ငယ်က Mamaနဲ့အတူ The Cityကိုအမြဲတမ်းလိုက်သွားဖူးတယ်....Cockneysတွေနဲ့တွေ့ပြီးလို့အိမ်ရောက်လာတိုင်း သူတို့လိုလေသံမျိုးငါကလိုက်ပြောတာ....ငါအဲ့လိုပြောတိုင်း Grannyကသိပ်သဘောကျတယ်...ပြောတဲ့အဖော်မရှိလို့ နောက်ပိုင်းတော့မပြောဖြစ်တော့ပါဘူး...အရင်ကဆို Edenနဲ့ V&Aကိုခနခနရောက်တယ်သိလား.... Randaရဲ့ Auntie က victoriaရဲ့ တာဝန်ခံမို့ Randaကအဲ့မှာအမြဲလိုရှိတတ်တယ်... Edenက သူ့ကိုသဘောကျလို့သွားတာ...ရူးကြောင်ကြောင်ကြောင်နိုင်လွန်းတဲ့လုပ်ရပ်ပဲ....ဒါပေမယ့်ငါအခုတစ်ခေါက်ထပ်သွားချင်သေးတယ်..."
Kimဟာသူ့မွေးရပ်မြေဖြစ်တဲ့ Londonကိုလွမ်းနေဟန်တူသည်။သူ့ငယ်ဘဝအမှတ်တရတွေရှိခဲ့တဲ့နေရာပဲလေ Busanထက် londonကိုပိုတွယ်တာရှာမှာပေါ့။
ပြန်တွေးကြည့်ရရင် Kimနဲ့သူ့ကြားမှာ ကွာခြားချက်တွေများလွန်းသည်။ရုပ်ရည်သွင်ပြင်ကအစ၊အကျင့်စရိုက်အဆုံး တူညီမှုမရှိသလို သင်ယူခဲ့ရသည့်ယဉ်ကျေးမှုထုံးတမ်းတွေ၊ ကြီးပြင်းခဲ့ရသည့်ပတ်ဝန်းကျင်အခြေအနေတွေက သိပ်ကိုကွာခြားသည်။ကွာခြားလွန်းလှတဲ့အနေအထားနဲ့ သူတို့ကိုဘာလို့ဆုံတွေ့စေခဲ့ရတာလဲလောကကြီးရယ်။
"မင်းရောဘာကိုကြိုက်လဲ"
အဆုံးအစမရှိတဲ့ Kimရဲ့မေးခွန်းကိုသူနားမလည်ပြန်ပါ။ခေါင်းယမ်းရင်း....
"ဘာကိုလဲKim..."
"ဟင်း!...မင်းရဲ့စိတ်တွေဘယ်ရောက်နေတာလဲ...ငါပြောတယ်လေ..."
သူမျက်မှောင်ကျုံ့ကာသေချာပြန်စဉ်းစားလိုက်ရသည်။Kimက သူပြောခဲ့သလိုမျိုး ပြောပြစေချင်ဟန်တူသည်။
"ငါလား...ငါကြိုက်တာအများကြီးပဲ...Busanကျွန်းရယ်... Nannyကိုယ်တိုင်ဖောက်ထားတဲ့ဝိုင်ရယ်...Noble Moonရဲ့ Hostel Dရယ်...ပင်လယ်ရယ်...ကမ်းနားလမ်းဘက်စက်ဘီးစီးရတာရောပဲ...."
Kimကမျက်ဝန်းများဝိုင်းစက်လျက်ဖြင့် သူ့အားကြည့်လာသည်။
"ပြီးတော့ရှိသေးတယ်...မင်းရဲ့မျက်လုံးတွေရယ်...ညနေခင်းရယ်လေ.."
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်းဆိုတော့ တစ်ဖက်သို့လှည့်သွားသည်။တစ်နေရာတည်းမှာပဲ နှစ်ကြိမ်အထိဝန်ခံမိတဲ့စကားလုံး။ Kimရဲ့မျက်ဝန်းတွေကိုသာထိုင်ငေးနေရရင် ထိုစကားကို နှစ်ကြိမ်ထက်မက သူဝန်ခံမိနေလိမ့်မည်။
"မင်းကညနေခင်းကိုကြိုက်တယ်လား....ထူးဆန်းလိုက်တာနော်..."
ကျောက်တုံးဘေးစပ်ရှိမြက်ခင်း၌ အစီအရီပေါက်နေသော chamomileများအားလက်ချောင်းများဖြင့်ထိတွေ့ရင်းဆိုသည်။သူကတော့ londonရဲ့မိုးမနက်ခင်းကိုကြိုက်တယ်ဆိုပြီး ညနေခင်းကိုကြိုက်တဲ့သူ့ကိုတော့ထူးဆန်းတယ်တဲ့။သူကကိုပိုမထူးဆန်းပေဘူးလား။
သူ့ဘက်သို့ဆတ်ကနဲလှည့်လာရင်း ပုခုံးထက်ခေါင်းမှီချသည်။ခုနကတည်းကယှက်နွယ်ထားမိတဲ့ နှစ်ယောက်လုံးရဲ့လက်ကို Kimဟာငေးစိုက်ကြည့်ပြန်သည်။
"ငါကမင်းရဲ့ညနေခင်းလုပ်ပေးမယ်လေJeon...နော်"
သူ့ပုံစံအတိုင်းပင် မျက်လုံးလေးပင့်ကာကြည့်လာပြီး ချွဲပြန်ပြီ။ဒီစိမ်းပြာက သူ့ကိုဘာဖြစ်စေချင်ပြန်တာလဲကွာ!
"အဟွန်း..ငါ့ရဲ့ညနေခင်းလုပ်ချင်ရင် ငါနဲ့လက်ထပ်မှရမှာနော်Kim..."
ခပ်ဟဟရယ်ရင်းဆိုလေတော့ သူ့အပေါ်မှဖယ်ခွာလိုက်သည့် Kimက...
"You're fool, Jeon!"
သူ့လက်မောင်းကိုခပ်နာနာထုရင်းပြောသည်။ဘယ်အချိန်ကတည်းကအားသန်လာမှန်းမသိတဲ့စိမ်းပြာလေးက လက်ဆပေါက်လွန်းသည်မို့ ထိုလက်ကိုဖမ်းဆုပ်ကာရပ်တန့်စေသည်။
Kimရဲ့အကြည့်များကိုတစ်ချက်ပင်မလွဲပဲသိမ်းယူသည်။ဒီစိမ်းပြာပြာမျက်ဝန်းတွေက သူပထမဆုံးမြင်တွေ့စဉ်က တွေးခဲ့ဖူးသလို ထိုင်ငေးကြည့်ချင်စရာကောင်းတုန်းပါပဲ။
ဆံနွယ်ပျော့ပျော့များကြားသူ့လက်ချောင်းတွေကနေရာယူပြန်သည်။
"ငါ....မင်းကိုပြောချင်တာရှိတယ်Jeon..."
သူ့ကိုအလေးအနက်ကြည့်လာသည့်မျက်ဝန်းလေးတွေ။သူခေါင်းငြိမ့်တော့ တွန့်ဆုတ်သွားပြန်သည်။
"ပြောလေKim...."
သူ့ခွင့်ပြုစကားကိုရတော့မှ...
"ငါမနက်ဖြန်...UKပြန်တော့မှာ..."
တိုးလျလျဖြင့်သာပြောလာသည့်Kimရဲ့စကားက သူ့ကိုမှင်သက်မိစေသည်။မနက်ဖြန်ဘာလုပ်မှာ....
"ငါ့ကိုနောက်နေတာလား"
သူမယုံနိုင်စွာမေးမိတော့ Kimဟာအဖြေမပေးပါ။ငွေ့ရည်လွှမ်းနေပြီဖြစ်တဲ့ မျက်ဝန်းတွေက သူ့ကိုသာမမှိတ်မသုံဖြင့်စိုက်ကြည့်နေခဲ့သည်။
"အာ...ဒီနေ့က April 1ပဲ...မင်းငါ့ကို April foolတာမလား...ဟမ်"
ရယ်မြူးရိပ်လွှမ်းကာ သူပြောမိပေမယ့် ခေါင်းကို ဘယ်ညာယမ်းလိုက်တဲ့ Kimကြောင့် Kimရဲ့မျက်ဝန်းထက်ခိုတွယ်နေသည့်မျက်ရည်များက ပါးပြင်ပေါ်လှိမ့်ဆင်းသည်။
ထိုတစ်ခနအတွင်း သူ့အားအင်တွေရုတ်ချည်းပြတ်တောက်သွားသလိုခံစားလိုက်ရသည်။
'မဟုတ်သေးပါဘူး...ဒါကရုတ်တရက်ကြီးလေ...အာ...ဒီစိမ်းပြာကသူ့ကိုစနေတာပဲ!'
ထိုသို့တွေးနေပေမယ့်လဲ ပင်လယ်ရေလိုတရိပ်ရိပ်တက်လာတဲ့ကြောက်ရွံ့မှုတွေ...။
Kimနဲ့မဝေးချင်ဘူး! ဝေးလို့မဖြစ်ဘူး!မပြန်ပါနဲ့လား..။
"ဘယ်လောက်ကြာမှာလဲ"
ဒါပေမယ့်ထွက်လာခဲ့တဲ့စကားလုံးက သူ့အတွေးနဲ့ခြားနားစွာ။အရှိကိုအရှိအတိုင်းလက်ခံရမယ်ဆိုတာ သူသင်ယူခဲ့ဖူးပြီးသား။ Kimဟာ သူ့အတွက်တော့ တစ်ခနဆုံတဲ့ရေစက်လေးဆိုတာ အရင်ကတည်းကသိခဲ့ပြီးသား။သူကပဲတွယ်တာလွန်းအားကြီးခဲ့တာ။
Kimကသူ့အနားတို့တိုးကပ်ရင်း သူ့လက်ကိုဆုပ်ကိုင်သည်။နီးကပ်လွန်းနေတဲ့အနေအထားမှာ နှစ်ယောက်လုံးရဲ့အသက်ရှုသံကိုအတိုင်းသားကြားရသည်။တုန်ယင်စွာဖြင့်အောက်နှုတ်ခမ်းလေးကိုဖိကိုက်နေရင်း တစ်ခုခုပြောဖို့ပြင်နေသည်။ထွက်လာသည်က...။
"ငါပြန်လာမှာပါ..."
သူ့မေးခွန်းအတွက် ခြားနားတဲ့အဖြေကိုသာKimကပေးသည်။သဘောက ဘယ်လောက်ကြာမယ်ဆိုတာ တပ်အပ်မသိဘူးပေါ့။သူကမရေရာတဲ့အဖြေကိုလက်ခံရုံသာ။
"ဘယ်လောက်ကြာမှာလဲဆိုတာငါ့ကိုပြောပေးပါလားKim..."
"ငါပြန်လာမယ်လို့ပြောနေတယ်လေJeon.."
အဖြေရှာမရတော့သည့်ခံစားချက်များလွှမ်းမိုးလာခဲ့သည်။မျက်ရည်တွေနဲ့မလိုက်ဖက်တဲ့ Kimရဲ့မျက်ဝန်းလေးတွေ။မျက်ရည်မကျပါနဲ့လို့တောင် သူမပြောနိုင်တော့ပါဘူး။သူကိုယ်တိုင်လဲမျက်ရည်ကျနေမိပြီမို့လေ။
နောက်ဆုံးအနေနဲ့အားယူကာပြောဖို့ပြင်လိုက်တဲ့စကားတစ်ခွန်းနဲ့အတူ သူကြေကွဲစွာပြုံးမိသည်။Kimရဲ့ပါးပြင်ဆီမှမျက်ရည်စများကိုဖယ်ရှားပေးရင်း....
"မငိုနဲ့...မျက်လုံးလှလှလေးတွေက မျက်ရည်နဲ့မလိုက်ဖက်ဘူးဆိုတာမင်းမသိဘူးလား စိမ်းပြာလေးရယ်..."
"အင့်... Jeon..."
'အင့်'ကနဲရှိုက်သံနဲ့အတူ သူ့ကိုယ်ကိုဖက်တွယ်လာသည့်စိမ်းပြာလေးက ငိုနေခဲ့ပြီ။မျက်ရည်တွေကိုထပ်မသုတ်ပေးနိုင်ပြန်တော့ဘူး။Kimရဲ့ကျောပြင်ကိုပြန်လည်ဖက်တွယ်ရင်း သူလဲထပ်တူငိုရှိုက်နေမိတယ်။
"Londonကိုမပြန်ချင်ဘူး...မင်းကိုလဲမခွဲချင်ဘူး...ဟင့်!... Jeon...ငါက Busanကိုပဲသဘောကျတာကို...ငါကမပြန်ချင်ပါဘူးဆို...ဟင့်!"
ငိုသံဖြင့်ဗလုံးဗထွေးပြောလာသည့် Kimရဲ့စကားတွေကြောင့် သူခပ်ရေးရေးတော့ပြုံးမိသည်။Kimဟာသူ့ထက်ပင်ပို၍တွယ်တာနေပါပြီကော။
"ပြန်ရမယ့်သူက ပြန်ချိန်ကျရင် သူ့နေရာသူပြန်ရမှာပဲလေKim..."
Kimဟာတိတ်ဆိတ်သွားသည်။သူ့စကားကိုနားမလည်ရင်လဲရှိပါစေတော့လေ။ရှင်းပြဖို့လဲသူမကြိုးစားနိုင်တော့ဘူးမလား။
"ငါတို့ SNSကနေဆက်သွယ်လို့ရသေးတာပဲ...လိမ္မာတယ်နော်...မငိုနဲ့တော့..."
ထိုအခါမှသာအတင်းဖက်တွယ်ထားသည့်လက်တွေကိုဖယ်ခွာခဲ့သည်။သူပြောသားပဲ Kimကလိမ္မာပါတယ်ဆို!
Kimရဲ့ပါးနှစ်ဖက်ကိုလက်ဖြင့်အုပ်မိုးကိုင်ကာ သူ့တည့်တည့်ကြည့်စေသည်။လိမ္မော်ရောင်ရောစွက်သည့်ပင်လယ်ပြင်ရိပ်က သူတို့နှစ်ယောက်ရဲ့ဘေးတိုက်၌ အရိပ်ထင်ဟပ်နေသည်။လေပြည်နုနုများက chamomileများအားယိမ်းနွဲ့သွားစေရင်း...။
ဘာစကားမှမပြောပါနဲ့တော့Kim။ ငါ့မျက်လုံးတွေကိုပဲကြည့်ပေးပါ...။ မင်းကငါ့ရဲ့ညနေခင်းလေးပါ။ညနေခင်းဆိုတာကလေ နေ့ရဲ့နောက်ဆုံးအပိုင်းအခြားဖြစ်သလို ညရဲ့‌အစောဆုံးအပိုင်းအခြားတစ်ခုလဲဖြစ်တယ်မလား။
ငါ့အချစ်ရဲ့နောက်ဆုံးအပိုင်းအခြားတစ်ခုဖြစ်သလို ငါ့ဘဝရဲ့ပထမဆုံးအချစ်ဖြစ်တဲ့ မင်းက ငါ့ရဲ့ညနေခင်းနဲ့တူညီပါတယ် Kim...။
မင်းကိုယ်တိုင်ငါ့ရဲ့ညနေခင်းလေးမဖြစ်ပေးချင်ရင်တောင် မင်းကငါ့ရဲ့ ထာဝရညနေခင်းလေးဖြစ်နေဦးမှာပါ။
သောင်ပြင်မှာဝဲပျံနေတဲ့စင်ရော်လေးတွေ၊အဝေးကကြားနေရတဲ့လှိုင်းပုတ်သံခပ်သဲ့သဲ့၊စကားသံတို့ တိတ်ဆိတ်နေခဲ့ပါသောထိုရပ်ဝန်း၊အချင်းချင်းတင်းကျပ်စွာဆုပ်ကိုင်ထားမိပါသောလက်နှစ်ဖက်...။
လိမ္မော်ရောင်ပန်းချီကားလေးထဲအသက်ဝင်နေဆဲ ပင်လယ်ပြင်ဘက်ကျောပေးကာ ဝါဖျော့ဖျော့အလင်းရောင်လွှမ်းမိုးပါသောထိုသဲသောင်ထက်မှ အဖြူရောင်ကောင်လေးနှစ်ယောက်ရဲ့နောက်ကျောပုံရိပ်သည် တစ်စထက် တစ်စသေးငယ်သွားခဲ့သည်။
မှော်ဆန်လွန်းကာ လှပသည့်ညနေခင်းများသည် စင်စစ်အားဖြင့် လွမ်းမောဖွယ်ရာဇာတ်လမ်းများကို သိုဝှက်ထားတတ်သည်။
"𝐊𝐈𝐌"သည်ကား သူ့အချစ်များကိုသိုဝှက်သိမ်းဆည်းခဲ့သည့် စိမ်းပြာရောင်မှော်စွမ်းအားလေးပါဝင်သော ညနေခင်းတစ်ခုဖြစ်ခဲ့သည်။
ထိုညနေခင်းနဲ့ထပ်တူညီတဲ့ Kimကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်ဖြင့်....။
"𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈"
'𝑇ℎ𝑒 𝑙𝑎𝑠𝑡 𝑝𝑎𝑟𝑡 𝑜𝑓 𝑚𝑦 𝑙𝑜𝑣𝑒, 𝑇ℎ𝑒 𝑒𝑎𝑟𝑙𝑦 𝑙𝑜𝑣𝑒 𝑜𝑓 𝑚𝑦 𝑙𝑖𝑓𝑒'
.
.
.
.
.
~စောလွင်ယာမှမြတ်နိုးရာထယ်ကူးသို့~
Please Vote 👉⭐👈
#sawlwinyar
Complete Date 4,6,2022
Public Date
A/N : နောက်ဆုံးတော့လဲ စိမ်းပြာလေးက ဇာတ်သိမ်းခဲ့ပြီပေါ့နော်😭
ďżź
[Zawgyi]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 10 (Final)
You are reading the story above: TeenFic.Net
#softkookv