ရွှီရှန်းရဲ့ တုန့်ပြန်မှုကို ပြန်မရပေမဲ့ အယ်လ်ဖာက စိတ်အနှောင့်အယှက် ဖြစ်ပုံ မပေါ်ဘူး။
ယန်ရှင်းကျီတစ်ယောက် စိတ်ကောင်းဝင်နေကာ ပန်းစည်းမှာ ရစ်ဝဲနေတဲ့ မက်မွန်ရနံ့ ဟော်မုန်းတွေကိုတောင် လုံးဝ သတိမထားမိခဲ့ဘူး။ လက်တစ်ဖက်မှာ ပန်းတွေကို ကိုင်ထားကာ တစ်ဖက်ကတော့ ကားသော့ကိုင်ရင်း ပတ်သွားလိုက်ကာ ကားတံခါးကို ဖွင့်လိုက်တယ်။
အလုပ်ဆင်းချိန်ကတော့ ၅:၃၀ပါ။ ဒါပေမဲ့ အခုက ၄:၃၀ တောင် ရှိပြီလေ။ ယန်ရှင်းကျီ သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ရွှီရှန်းနဲ့ အတူ အလုပ်စောဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ပန်းတွေ ရထားတဲ့အတွက်ကြောင့် သူမသွားချင်ပေမဲ့လည်း ဒီအိုမီဂါကို အိမ်ပြန်ပြီး အဖော်ပြုပေးရအုံးမှာပေါ့လေ။
"အိမ်ကိုပဲ တန်းပြန်မှာလား?" ယန်ရှင်းကျီက ယာဥ််မောင်းခုံမှာ ထိုင်ကာ ပန်းတွေကို ပွေ့ထားရင်း မေးတယ်။
"အင်း...ပန်းတွေကို...နောက်ခုံမှာ ထားလိုက်" ရွှီရှန်း ပြန်ဖြေတယ်။
"အိုး..အိုကေ။ သိပြီ"
ယန်ရှင်းကျီ ပန်းစည်းတွေကို အနောက်ခုံမှာ တင်လိုက်ကာ ပြုတ်မကျအောင်လို့ ဂရုတစိုက် နေရာချလိုက်တယ်။ အားလုံးစီစဥ်အပြီးမှာတော့ အယ်လ်ဖာရဲ့ အာရုံတွေဟာ သူ့ဘေးက အိုမီဂါအပေါ်ကို ကျရောက်လာတော့တယ်။
ရွှီရှန်းဟာ သူ့ရဲ့ ထိုင်ခုံခါးပတ်ကို ဆွဲလိမ်ထားကာ သူ့ခေါင်းလေးက ငုံ့နေပြီး ဆံပင်ပွပွလေးတွေက အုပ်ကျနေတယ်။ ပြီးတော့ သူ့ရဲ့ အမူအရာဟာလည်း ခပ်အေးအေးနဲ့ တသီးတခြား ဖြစ်နေဆဲပဲ။
သူ ခုနက အနိုင်ကျင့်ခံရတာကို စိတ်မကြည် ဖြစ်နေတုန်းလား? ဘာလို့ သူ့ကို ကြည့်ရတာ ပျော်တဲ့ပုံ မပေါက်ရတာ?
ရွှီရှန်းဟာ ဒီလို အမူအရာပဲ အမြဲတမ်း ရှိနေတတ်ပေမဲ့လည်း ယန်ရှင်းကျီကတော့ သူ စိတ်မကြည်နေသလိုပဲလို့ ခံစားမိနေတယ်။
ထန်းထန်းက အသံဖိုင် တစ်ခု ပို့လိုက်တယ်။ စုရှန်လည်း သူ့ရဲ့ နားကြပ်ကို တပ်လိုက်တော့ မြူးကြွတဲ့ သီချင်းတစ်ပုဒ် ပွင့်လာတယ်။
"ဒါက ရင်ခုန်သံပဲ။ အိုး နိုး.. ငါ မင်းရဲ့ အကြည့်တွေဆီက မလွတ်မြောက်နိုင်တော့ဘူး။ ငါ့နှလုံးသားလေးက မင်းအတွက်နဲ့မှ နားမလည်နိုင်လောက်အောင် ရင်ခုန်နေမိပြီ..."
ရင်ခုန်သံ? ရွှီရှန်း သူ့ရဲ့ နှလုံးခုန်သံကို တိတ်တခိုး ရေတွက်ကြည့်မိတယ်။ တစ်မိနစ်ကို ၁၀၃ချက်ပဲ။
နည်းနည်း မြန်နေတယ်။
မကြာခင်ပဲ သူတို့ အိမ်ပြန်ရောက်လာတယ်။ ဧည့်ခန်းရဲ့ အလင်းရောင်က ဝင်ပေါက်မှာ ရှိနေတဲ့ သူတို့ရဲ့ စလစ်ပါဖိနပ်ပါး၂စုံအပေါ်မှာ မှိန်ပျပျ ဖျာကျနေတယ်။
ရွှီရှန်းက သူ့နေရာသူ သွားလိုက်တယ်။ ပြီးတော့ ယန်ရှင်းကျီက အပေါ်မတက်ခင် ပန်းစည်းကို ကော်ဖီစားပွဲပေါ် တင်လိုက်တယ်။
ရွှီရှန်းချောင်းကြည့်တော့ ယန်ရှင်းကျီက အိပ်ခန်းထဲ ဝင်သွားပြီ။
သူ တကယ်ပဲ မက်မွန်တွေကို မကြိုက်ဘူး! အိုမီဂါဟာ ပန်းစည်းအနားကို ဖွဖွလေး သွားလိုက်တယ်။
"ဘာဖြစ်တာလဲ?" ယန်ရှင်းကျီ အောက်ထပ်ကို ပြန်ရောက်လာချိန်မှာပဲ ရွှီရှန်းကို ပန်းစည်းဘေးမှာ ထိုင်နေကာ သူ့လက်ကို အမြန်ရုတ်လိုက်တာကို တွေ့လိုက်ရတယ်။
ယန်ရှင်းကျီ : ??
"ဘာမှ မဖြစ်ဘူး" ရွှီရှန်း အမြန်ပြောလိုက်ကာ ပါးလွှာတဲ့ မျက်ခွံတွေက ကြမ်းပြင်ဆီသို့ အသာလေး မျက်လွှာချထားတယ်။ ဧည့်ခန်းအလင်းရောင်က သူ့ရဲ့ ချထားတဲ့ မျက်တောင်တွေ အပေါ်ကို အရိပ်ပျပျလေး ထင်နေတယ်။
ဒါပေမဲ့ အကြောင်းပြချက်အချို့ကြောင့် ယန်ရှင်းကျီဟာ ရွှီရှန်း အမှားတစ်ခုခု လုပ်ထားလို့ မလုံမလဲ ဖြစ်နေတယ်လို့ ခံစားနေရသလိုပဲ။
"ကျွန်တော် အပေါ်ထပ်ကို သွားတော့မယ်" ရွှီရှန်း ဗလုံးဗထွေး ပြောပြီးနောက် အမြဲပဲ လှစ်ခနဲ ထွက်သွားတော့တယ်။
အဲ့ပုံစံလေးက နည်းနည်း ချစ်ဖို့ကောင်းသလိုပဲ။
နည်းနည်းလောက်ပါပဲ။
ယန်ရှင်းကျီ သူအပေါ်ထပ်မှာ "ပေါ့ပေါ့ပါးပါး" ရှာတွေ့ထားတဲ့ ပန်းအိုးတစ်လုံး ပြင်ကာ ပန်းစည်း စည်းထားတာကို ဖြုတ်လိုက်ပြီး နှင်းဆီတစ်ပွင့်ချင်းရဲ့ ဆူးတွေကို ဂရုတစိုက် ဖယ်လိုက်တယ်။
နှင်းဆီတွေက အာရဇ်ရနံ့လေးတွေ ခပ်ပါးပါး ရနေသလိုပဲ။
အင်း..ဒီနှင်းဆီတွေကို ရက်အနည်းငယ်လောက် ပိုထားရမယ်လို့ ယန်ရှင်းကျီ တွေးတယ်။
________________________
စာရေးဆရာ၏ မှတ်ချက် :
အယ်လ်ဖာ : ငါ ပန်းအိုးကို တကူးတက သွားရှာထားတာ မဟုတ်ဘူးနော်။ ဟွန့်။ ဘယ်သူက ပန်းတွေ ထည့်ဖို့ဆိုပြီး ပန်းအိုးကြီး သွားရှာလာမှာလဲ?
You are reading the story above: TeenFic.Net