ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး"
အပိုင်း (၁၅)
***********************
"မင်း အိမ်မပြန်တော့ဘူးလား ဖိုးသော်.... မဲလုံးလေး ဆုံးသွားပြီးကတည်းက .... မင်းအိမ် မပြန်တော့ဘူးလို့ ကြားတယ်...စားရေးသောက်ရေးရော အဆင်ပြေရဲ့လားကွ "
ဟန်သော်လင်းဆိုက်ကားဂိတ်မှာ ငေါင်စင်းစင်းနဲ့ ထိုင်နေတုန်းမှာ ဆိုက်ကားဆရာ ဦးလှမောင်က ဟန်သော် လင်းဘေးနားမှာ ဝင်ထိုင်ရင်း မေးလိုက်တယ်။
" ဟုတ်တယ် ဦးလေး ...ကျွန်တော် အိမ်မပြန်တော့ဘူး ...စားရေးသောက်ရေးကတော့ ဒီလိုပါပဲ...စားတဲ့အခါလဲစား မစားတဲ့အခါလဲ မစားဘူးပေါ့.. ဇော်ခန့်တို့အိမ်နဲ့ ငထွန်းတို့က ကျွေးပါတယ် ....ကျွန်တော့် အလုပ်လုပ်ချင်တယ် ဦးလေး "
ဦးလှမောင်ကိုကြည့်ပြီး ဟန်သော်လင်းပြန်ဖြေလိုက်တယ်။
"မင်းအသက်က ဟိုမရောက်ဒီမရောက်ဆိုတော့ အလုပ်က ခက်တယ်ကွ...တင်သိန်းတို့အရက်ဆိုင်မှာ လုပ်ပါလား...ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်မှာလုပ်မလား "
".အရက်ဆိုင်တော့ မလုပ်ချင်ဘူးဗျာ ..... အရက်သမား မဖြစ်ချင်ဘူး... ဖြစ်နိုင်ရင် အဝေးကြီးမှာသွားလုပ်ရမဲ့အလုပ်မျိုးလုပ်ချင်တယ် ... ကြားထဲတော့ ငထွန်းတို့နဲ့ အတူ ကားဂိတ်မှာ ရေသန့်ဘူးနဲ့ အအေးဘူးတွေပဲ ရောင်းမလားလို့ ...အဲ့ဒါက အရင်းလဲ မလိုဘူးလေ ....ကားလာမှ ဆိုင်ကယူသွားရုံပဲ..ရောင်းရရင် အရင်းဆိုင်ကိုပေး အမြတ်ယူလိုက်ရုံပဲလေ ..."
" အေး ...အဲ့ဒါလဲ မဆိုးဘူး .. ကြားထဲ အလုပ်စပ်မိရင်ပြောပေးမယ်.... ကျောက်တူးတာဘာညာ အလုပ်မျိုးတော့မလိုက်နဲ့နော် ငါ့တူ့ .... အိမ်ကပြန်မခေါ်လဲ ဝမ်းနည်းမနေနဲ့ကွာ..ယောကျာ်းပဲ ကြိုးစား ကွာ..ကြိုးစားရင် ဘုရား တောင်ဖြစ်သေးတာပဲ ...ဘ၀ကို ထမင်းတစ်နပ်အတွက်နဲ့ပဲ အသက်မရှင်နဲ့ ...ပြောမယ့်သာ ပြောရတာ မင်းစိတ်ဓါတ်က ငါတို့တွေထက်သာပြီးသားပါကွာ ...မင်းကို အထင်သေးနေတဲ့ မင်း မိသားစုထက်ပိုသာ အောင် ကြိုးစားပြလိုက်စမ်းကွာ ... လမ်းလွဲသာ မလိုက်နဲ့ .. အချိန်ကိုလဲ မဖြုန်းနဲ့ကွ "
ဆိုက်ကားဆရာကြီး ဦးလှမောင်ရဲ့စကားတွေ နားထောင်ပြီး ဟန်သော်လင်း စိတ်တွေ တက်ကြွလာမိတယ်။
"ဟုတ်ကဲ့ ဦးလေး ..ဦးလေးပြောတာမှန်တယ် ....ကျွန်တော် အချိန်တွေကို အလဟဿ မဖြုန်းသင့်ဘူး ....ကျွန်တော်စျေးသွားရောင်းလိုက်အုံးမယ်ဗျာ ...အနည်းဆုံးတော့ ကိုယ့် ဝမ်းကိုယ်ရှာစားရမယ် "
ဟန်သော်လင်း ပြောပြီးတာနဲ့ မလှမ်းမကမ်းက ကားဂိတ်ဘက်ကို အပြေးထွက်လာခဲ့တယ်။
~~~~~~~~~~~~~~~~~~~
"မင်းကျောင်းမတက်ရဘူးဆို "
နေမခ စက်ဘီးကိုခပ်ဖြည်းဖြည်းတွန်းရင်းအလင်းချိုကိုမေးလိုက်တယ်။
"အင်း ... ငါ့အဖေက အစကတော့ တက်ချင်တက်ဆိုပြီး တစ်အခုမတက်နဲ့အုံးတဲ့လေ "
"မင်းအဖေကလဲ ဘာလဲဟ ...ကလေးကစားတာကျ ကျနေတာပဲ ...မင်းကရအောင် ပြောပါလား ....ပြီးတော့ အိမ်က ရှိသမျှ အလုပ်တွေလဲ မင်းပဲ အကုန်လုပ်နေရတဲ့ အကြောင်းတွေကို မင်းအဖေကို ပြောပြလိုက်လေ ... ငတုံးကြီးလိုမင်းက ငြိမ်ခံနေတာကို "
နေမခ ဒေါသနဲ့ ပြောလိုက်မိပြီးမှ သူမမျက်နှာကိုစောင်းငဲ့ကြည့်လိုက်မိတယ်။မယ်မင်းကြီးမကတော့ နေမခ ပြောတာကို စိတ်ဆိုးဖို့နေနေသာသာ ထုံးစံအတိုင်း မျက်နှာက အပြုံးမပျက်ဘူးလေ။ပြောမယ့်သာပြောရတာ အဲ့ဒီအမှတ်မရှိတဲ့စိတ်ကြောင့်ပဲ သူမကို နေမခ အမြင်ကပ်ကပ်နဲ့ခင်မင်မိသွားတယ်ပြောရမလားပဲ။နေမခဘက်က ဘယ်လောက်လေသံမာမာနဲ့ ပြောပြော၊ဘယ်လိုပဲ မျက်နှာကြောတင်းထားလဲ လူကိုတွေ့တာနဲ့ မဝံ့မရဲ ပြုံးပြတတ်တဲ့သူမ။လမ်းမှာ နေမခ အထုတ်အပိုးတွေသယ်လာတာတွေ့ရင်လဲ အတင်းဝိုင်းကူသယ်ပေးတတ်တာတွေကြောင့် ကြာတော့ နေမခလဲ မျက်နှာကြောဆက်မတင်းနိုင်တော့ဘဲ အမြင်ကပ်ကပ်နဲ့ပဲ ခင်မင်သွားမိတယ်။ဒါတောင် တစ်ခါတလေ စိတ်မထိန်းနိုင်ဘဲ ပြောမိဆိုမိနေတုန်းပဲ။
" အဲ့ဒါဆို မင်းဘာလုပ်ဖို့ ရည်ရွယ်ထားလဲ ...တစ်သက်လုံး ဒီလိုပဲ ပိုက်ဆံမရတဲ့ အိမ်ဖော်လိုမျိုးပဲနေနေ မှာလား "
နေမခ စိတ်ထိန်းနေတဲ့ကြားကနေ ခပ်ရွှဲ့ရွှဲ့ ပဲမေးလိုက်မိတယ်။
" ဟာ အဲ့ဒီလိုတော့ မနေပါဘူး.... ကျောင်းမတက်ရလဲ အလုပ်လုပ်မှာပေါ့ ...ခုက မှတ်ပုံတင်လဲမရသေးလို့ပါ...ဒါနဲ့ နင်ကရော ဆယ်တန်းပြန်အဖြေတော့ဘူးလား .. "
" မဖြေတော့ဘူး ... ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ နိုင်ငံခြားသွားမှာ ... ငါ့အိမ်ကို သွားမပြောနဲ့အုံးနော် "
"အင်း ...အင်းပါ ...အဲ့ဒါကြောင့် နင်က အင်္ဂလိပ်စာကို အသည်းအသန် လေ့လာနေတာကို ...ကောင်းပါတယ်ဟာ "
နေမခမျက်နှာကို မော့ကြည့်ပြီး ပြောလိုက်ရင်းမှ အလင်းချို စိတ်ထဲ ဘာရယ်မဟုတ် ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ်။အလင်းချိုရဲ့ ဘ၀မှာ အပေါင်းအသင်းသိပ်မရှိဘဲ နေလာခဲ့ရာမှ အားလုံးရဲ့ အပြောခံ အဆိုခံပြီး နေမခကို ခင်မင်ခဲ့ရတာလေ။ သူက အလင်းချိုကို တွေ့တာနဲ့ ငေါက်ငမ်းနေတတ်ပေမဲ့ သူတို့တစ်အိမ်လုံးအတွက် ကြိုးစားပြီး အလုပ်တွေလုပ်နေတဲ့သူ့ကို ခင်မင်ခဲ့မိတာ။ အထုတ်အပိုးတစ်ပြုံတစ်မကြီးသူသယ်လာပြီဆိုရင် အလင်းချိုမှာ သနာနေမိတော့တာလေ။
~~~~~~~~~~~~~~~~~~~~
"ဟိတ် ကောင်လေး....ဘယ်လိုလဲ အလုပ်တွေ များနေတာလား "
ဟန်သော်လင်း ရေသန့်ဘူးတွေကိုယူပြီး ဘတ်(စ်)ကားဆီ သွားမယ်အလုပ်မှာ တစ်စုံတစ်ယောက်က ဟန်သော်လင်းရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်တာမို့ နောက်ကို ပြန်လှည့်ကြည့်မိလိုက်တယ်။အဲ့ဒီမှာ ရပ်ကွက်ထဲကနေ ပြောင်းသွားတာကြာပြီဖြစ်တဲ့ မိုးသူဇာဆိုတဲ့ မမမိုးကို တွေ့လိုက်ရတယ်။
"ဟာ ..မမမိုး .. ဘယ်တုန်းက ပြန်ရောက်နေတာလဲ ...မတွေ့တာကြာပြီပဲ "
"အင်း ဟုတ်တယ် .. မင်းအကြောင်းတွေ မမမိုးကြားပါတယ်ကွာ အဲ့ဒါကြောင့် လာရှာတာ ..မမမိုးနဲ့ ခဏလိုက်ခဲ့ အလုပ်ကိစ္စ ပြောကြ ရအောင် "
"ဟုတ်... ဟုတ်ကဲ့ မမမိုး ...ခဏစောင့်နော် ... ဒါတွေ ဆိုင်ကို သွားပြန်ပေးလိုက်အုံးမယ် "
ဟန်သော်လင်းက ရေသန့်ဘူးတွေကို ပုတ်ပြရင်း မမမိုးကို ပြန်ဖြေလိုက်တယ်။
~~~~~~~~~~~~~~~~~~~
"ဒါက မမမိုးကားလား ..မမမိုး အဆင်ပြေနေပြီပေါ့ ...မမ အစားဝမ်းသာလိုက်တာဗျာ ....."
"ကဲ ကိုယ်တော်လေး စကားများ မနေနဲ့ ကားပေါ်တက် ....."
" ဟုတ် ... ဟုတ်ကဲ့ မမမိုး "
ကိုယ်ပိုင်ကားနဲ့ဘာနဲ့ ဖြစ်နေပြီဖြစ်တဲ့ မမမိုးကို ကြည့်ပြီး ဟန်သော်လင်း ဝမ်းသာအားရပြောလိုက်မိတယ်။မမမိုးဆိုတာ အရင်တုန်းက ဟန်သော်လင်းတို့ရပ်ကွက်မှာ အလှပြင်ဆိုင်လာဖွင့်တဲ့မမပေါ့။ အဲ့ဒီတုန်းက မမမိုးရဲ့အသက်က နှစ်ဆယ့်ငါးနှစ်မပြည့်သေးဘူး။ရုပ်လေး လဲချောတယ်။ခန္ဓာကိုယ်ကလဲ မိုက်တယ်။ရပ်ကွက်ထဲမှာ မမမိုးကို ပိုးနေတဲ့သူတွေမှအများကြီးပဲ။ ဒီထဲမှာ ငချွတ်လေးဖြစ်တဲ့ ဟန်သောလင်းလဲပါတာပေါ့။ မမမိုးကတော့ ဟန်သော်လင်းကို ပြန်မကြိုက်ပါဘူး။ ဒါပေမဲ့ အခြားကောင်တွေထက်တော့ အရေးပေးတယ်။ မမမိုးအပြင်တွေဘာတွေ သွားလို့ အဖော်မရှိရင် ဟန်သော်လင်းကို လာခေါ်တာပဲ။ အဲ့ဒီတော့ ဒီကကောင်ကလဲ မမမိုးများခေါ်ရင် ကျောင်းပြေးပြီးကို လိုက်တာ။ ဒီလိုလျှောက်လိုက်ရင် မမမိုးက ဟန်သော်လင်းကို မုန့်ဖိုးတွေ ရက်ရက်ရောရောပေးတတ်တယ်။မှန်တာပြောရရင် အဲ့ဒီလိုရသမျှ မုန့်ဖိုးတွေက ကားဂိတ်က နေစရာမရှိတဲ့ ကလေးတွေအတွက် ကုန်တာများတယ်။ဟန်သော် လင်းက ဘာမှထွေထွေထူးထူး သုံးတာမဟုတ်ဘူးလေ။ဒီလိုနဲ့ ဟန်သော်လင်း ဆယ်တန်းဖြေခါနီးမှာပဲ မမမိုးရပ်ကွက်ထဲက ပြောင်းသွားခဲ့တာလေ။
"ကိုယ်တော်ချော ....ဘာတွေများ စဉ်းစားနေတာတုန်း ...ဒါနဲ့ ရှင်က အိမ်ပေါ်က ဆင်းလာတာလား ...ဒါမှမဟုတ် နှင်ချခံလိုက်ရတာလား "
မိုးသူဇာက ဟန်သော် လင်းကို ခပ်ငေါ့ငေါ့မေးလိုက်တယ်။
"ဟာဗျာ မမမိုးကလဲ သိရဲ့သားနဲ့... နေစရာမရှိဘဲ ကျွန်တော်က ဆင်းမလားဗျ ... နှင်ချခံလိုက်ရတာပေါ့ဗျာ "
ဟန်သော်လင်း မျက်နှာ ပုပ်ပုပ်နဲ့ ပြန်ပြောလိုက်မိတယ်။
"အိုကေလေ ... တမင်မေးတာကွ ...မင်းက အသက်ဆယ့်ရှစ်နှစ်မပြည့်သေးတော့ .. ပြဿနာဖြစ်မှာစိုးလို့ လေ..."
မမမိုး စကားကြောင့် ဟန်သော်လင်းက မမမိုးကို နားမလည်သလို ကြည့်လိုက်မိတယ်။
"ဘာပြဿနာလဲ မမမိုးရဲ့ "
"ဘာပြဿနာရမှာလဲတော်...အသက်မပြည့်သေးတဲ့သူကို ခိုးလာလို့ တရားစွဲခံရမှာစိုးလို့လေ ခစ် .... ခစ် "
မိုးသူဇာက ပြောပြီး သဘောကျစွာ ရယ်လိုက်တယ်။
"ဟာဗျာ မမမိုးကလဲ လာနောက်နေသေးတယ် "
~~~~~~~~~~~~~~~~~~~
" ထိုင်လေ ကောင်လေး ... ဒီအိမ်က မမမိုးရဲ့ အိမ်ပဲ"
မိုးသူဇာက ဟိုငေးဒီငေးနဲ့ ငေးနေတဲ့ ဟန်သော်လင်းကို ခုံမှာထိုင်ဖို့ ပြောလိုက်တယ်။
"မမမိုးအိမ်က အမိုက်စားပဲဗျာ ...ဒါနဲ့ မမမိုးတစ်ယောက်တည်းနေတာလား "
" ဘာလဲ ရှင်က ကျုပ်တစ်ယောက်တည်းဆိုပြီး ရုတ်ရုတ်လုပ်မလို့လား .. စိတ်ကူးယဉ်မနေနဲ့နော် ကောင်လေး ...အိမ်မှာ ထမင်းချက် အဒေါ်ကြီးတစ်ယောက် ရှိတယ်ကွ ... သူက နားလေးပေးမဲ့ ...အရိပ်အကဲ အရမ်းသိတာနော် " .
"ဟာဗျာ ..မမမိုးကလဲ "
ဟန်သော်လင်း ရှက်ရယ်ရယ်လိုက်ရင်း ဆိုဖာခုံမှာ ၀င်ထိုင်လိုက်ပြီး အခန်းကို မသိမသာ အကဲခတ်နေမိတယ်။မမမိုးရဲ့ အိမ်က တိုက်ခန်းဆိုပေမဲ့ အပျံစားပြင်ဆင်ထားတာ။ ကြမ်းပြင်မှာ ခင်းထားတဲ့ ကောဇောတွေကအစ အပျံစားတွေချည်းပဲ။
"မင်းကို မမမိုးရဲ့ အလုပ်တွေကို ကူလုပ်ဖို့ ခေါ်လာတာကွ ... ဘယ်လိုလဲ လုပ်မှာလား ...အလုပ်လုပ်ဖို့ ရောစိတ်၀င်စားရဲ့လား "
"အလုပ်ဟုတ်လား မမမိုး....အလုပ်လုပ်ချင်တာပေါ့ ... ဒါပေမဲ့ မဟုတ်တာတွေတော့ မလုပ်ချင်ဘူးနော် မမမိုး "
ဟန်သော်လင်း မမမိုးကိုကြည့်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ဟန်သော် လင်း ငပိန်းမဟုတ်ဘူး။ အရိပ်ပြရင်အကောင်မြင်ပြီးသား။ ဟိုအရင်ကတည်းက မမမိုး အရိပ်အခြည်ကိုလဲ အကဲခတ်မိပြီးသားလေ။
"ကဲပါ ကိုယ်တော်ရယ် ကြီးကြီးကျယ်ကျယ်တွေပြောမနေပါနဲ့ ... အရင်ဆုံး မင်းရဲ့ ဒီဇိုင်းကို ပြောင်းရအောင် ...ဒါတွေ ..... ဒါတွေ...ဒီညစ်ပတ်နေတဲ့ အဝတ်အစားတွေက ဘာကြီး တွေလဲကွာ ...သွား .. ဟိုမှာ ရေချိုးခန်း .....ရေသွားချိုးလိုက်.ပြီးရင် ဈေးဝယ်ထွက်ကြစို့ "
~~~~~~~~~~~~~~~~~~~~~~
"အဝတ်တွေကို လက်နဲ့လျှော်နော် ညီမလေး...စက်နဲ့ လျှော်ရင် အဝတ်တွေနာတယ် ညီမ လေးရဲ့ "
ပြောပြောဆိုဆိုနဲ့ နီလာက အဝတ်တစ်ထုတ်ကို အလင်းချိုရှေ့ကို ပစ်ချပေးတယ်။ပြောရရင် ခိုင်းတာချင်းအတူတူ နီလာက ချိုချိုသာသာလေး ပြောပြီးခိုင်းတတ်တယ်။အခြားသူတွေလို မောက်မောက်မာမာတော့ ပြောလေ့မရှိဘူး။ ဒါပေမဲ့ ခိုင်းတဲ့နေရာမှာတော့ နီလာလဲ အခြားသူရဲ့ နောက်ကောက်တော့မကျဘူး။ဒါလီစိုးနဲ့ နီလာတို့ ညီအစ်မတွေ အိမ်မှာဆုံတဲ့နေ့ကတော့ အလင်းချိုအတွက် ထမင်းတောင် ကမန်းကတန်းစားရတဲ့နေ့လို့ပဲ ပြောရမှာပဲ။
"အဝတ်တွေလျှော်ပြီးရင် မမအခန်းထဲကို လာခဲ့အုံးနော် ... မမ နင့်ကို ခိုင်းစရာလေးလဲရှိ လို့ ... ပြီးတော့ နင့်ကိုပေးဖို့အင်္ကျီလေးတွေ လဲရွေးထားပေးမယ် "
ပြောပြီးတာနဲ့ ပြန်ထွက်သွားတဲ့ မနီလာကို ကြည့်ပြီး အလင်းချို သက်ပြင်းချလိုက်မိတယ် ။ ကြီးကျယ်တယ်ပဲပြောပြော မနီလာတို့ပေးတဲ့အင်္ကျီတွေကို အလင်းချို မဝတ်ချင်ဘူး။ သူတို့က လူစုံရင် အလင်းချိုက သူတို့အင်္ကျီအကျတွေကို ဝတ်ရတဲ့အကြောင်းကို ပြောတတ်ကြတယ်။ကြာတော့ အလင်းချိုလဲ အပြောမခံချင်တော့ဘူး။ အဲ့ဒါကြောင့် အဖေမုန့်ဖိုးပေးတဲ့ငွေလေးနဲ့ ကိုယ်တတ်နိုင်တာလေးတွေပဲ ဝယ်ဝတ်လိုက်တယ်။ဒေါ် လေးစန်းကလွဲရင် အဖေအပါအဝင် ဘယ်သူမှ အလင်းချိုကို အဝတ်အစားဝယ်ပေးဖို့ သတိမရကြဘူးလေ။ဒေါ်လေးစန်းခမျာတော့ လစာထုတ်ရင် အလင်းချိုအတွက် ဒီလ အင်္ကျီဆိုရင် နောက်လက ထဘီတစ်ထည်စသဖြင့် ဝယ်ပေးတတ်တယ်။ အလင်းချိုလဲ အရင်လို ဘေထုတ်ထဲက စျေးပေါပေါနဲ့ရတဲ့ အင်္ကျီပွပွကြီးတွေ၊ ဘောင်းဘီတိုတွေကို မဝတ်ချင်တော့ဘူး။
~~~~~~~~~~~~~~~~
အဝတ်လျှော်ပြီးလို့ မနီလာ အခန်းရှိရာကို အလင်းချိုလာခဲ့တော့ အခန်းထဲမှာ မဒါလီစိုးရော ၊မနီလာနကြည်ပြာပါရှိနေတာမို့ စိတ်ညစ်သွားမိတယ်။
"မနီလာ ... အလင်းချိုကို ဘာခိုင်းမလို့လဲ "
အလင်းချိုက အသံပေးလိုက်တယ်။
" ဪ ...အခန်းထဲဝင်လာလေ အလင်းချို... ဒီမှာ မနီလာရဲ့ ဗီရိုအရမ်းပွနေလို့ ရှင်းပေးပါအုံးကွယ် ...တချို့ အဝတ်တွေလဲ ညီမဝတ်ဖို့ယူသွားလေ ..."
"နီလာရယ်... နင့်အင်္ကျီတွေကို သူဝတ်ရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့ဟယ် ... ကျီးကန်းကို ပိတ်ဖြူပတ်ပေးထားသလိုဖြစ်နေမယ် ..."
" မမဒါလီပြောတာ ဟုတ်တယ်နော် ..ခိ...ခိ"
မဒါလီစိုး နဲ့ ကြည်ပြာက အလင်းချိုကို ကြည့်ပြီး လှောင်ပြုံးပြုံးပြီး ရယ်ကြတယ်။တကယ်ဆို အလင်းချိုရဲ့ အသားအရည်ကသူတို့ပြောသလို မည်းမည်းတုံးတုံးကြီးလဲ မဟုတ်ပါဘူး။ သူတို့နဲ့ယှဉ်ရင်တော့မည်းတာပေါ့လေ။အစကတော့ အလင်းချိုရဲ့ အသားအရည်တွေလဲ သူတို့လိုဖြူဝင်းနေတာမဟုတ်ပေမဲ့ အသားလတ်လတ်စိုစိုး၀င်း၀င်းလေးပါပဲ။ခုနောက်ပိုင်း အလုပ်တွေများလို့အိပ်ရေးပျက်တာရော၊သစ်ပင်တွေစိုက်နေလို့ရော အသားတွေကအတော်တော့ ညိုသွားတာ အမှန်ပါပဲ။ ဒါပေမဲ့ပြောလောက်အောင်တော့ မဆိုးဘူး ထင်ပါတယ်။ ထားပါလေ ဒီလောက်ကတော့ အလင်းချို ကမမူပါဘူး။ အသားဖြူဖြူ၊မဖြူဖြူ လူက လူပဲဟာ။
"အမယ် မမက ဘာသိလို့လဲ ...အလင်းချိုက ရုပ်သာဆိုးတာနော် ...ဈေးသွားတာတောင် မင်းသားချောလေးနဲ့သွားတာ မမဒါလီရဲ့ ... ဟုတ်တယ်မဟုတ်လား အလင်းချို "
ကြည်ပြာက စသလို နောက်သလို ပြုံးစိစိနဲ့ ပြောတယ်။
" ဟုတ်လားဟဲ့ ... ငါလဲ သတင်းတော့ ကြားမိသား.. နေ့တိုင်း အထုတ်အပိုးတွေ ကူသယ်ပေးတာဆို ... ရုပ်လေးဗန်းပြပြီး ငါ့ညီမကို ညာခိုင်းနေတဲ့ ကောင်စုတ်လေးကို တစ်နေ့တော့ ပညာပေးရအုံးမယ် "
မဒါလီစိုးရဲ့ စကားကလဲ စသလိုနောက်သလိုနဲ့ အလင်းချိုရဲ့သိက္ခာကိုစော်ကားတဲ့စကားပါပင်။အလင်းချို ဘာမှပြန်မပြောမိ။ပြောစရာလဲမလိုပါ။ လုပ်ကြံပြောဆိုမှုတွေကို ရှင်းပြပြောပြရန်လဲ မလိုအပ်ပါ။ အစကတည်းက သူတို့က အမှန်တရားကိုရှင်းပြစေချင်လို့ စွပ်စွဲပြောဆိုတာမဟုတ်ဘူးလေ။ သူတို့ရဲ့ မသိစိတ်က မလိုတမာစိတ်နဲ့သိမ်ငယ်နေမှုတွေကို ဖြေဖျောက်ရုံသက်သက် လုပ်ကြံပြောနေကြတာပဲလေ။ ဒါကြောင့် ဒီလောက်ကိစ္စလေးတွေအတွက်နဲ့တော့ အလင်းချိုက တုန်လှုပ် ခံစားမနေတော့ပါဘူး။
"ဒါနဲ့ အလင်းချို ..နင်က တက္ကသိုလ်တက်ချင်လို့ဆို....ဘာလို့ တက်ချင်တာလဲ .. ရည်းစား လိုချင်လို့လား "
ကြည်ပြာက အလင်းချိုနားကိုကပ်ပြီး ခပ်ထေ့ထေ့မေးတယ်။
အလင်းချိုက ကြည်ပြာကို ပြုံးရယ်ပြလိုက်ပြီးခပ်အေးအေးပဲ ပြန်ပြောလိုက်တယ်။
"ရည်းစား လိုချင်တဲ့သူတွေက တက္ကသိုလ်တက်ချင်ကြတာလား...အဲ့ဒါ့ကြောင့် နင် စာမေးပွဲကျတုန်းက အော်ငိုနေတာကို ... ငါက မသိပါဘူး ဟယ် ...ငါတော့ သူများ တွေဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ကြလို့ ငါလဲ တက်ချင်ရုံပါ "
" ဘာ...ဘာ ...အလင်းချို နင်ဘာပြောတယ် "
အလင်းချိုရဲ့စကားကြောင့် ကြည်ပြာကဒေါသတကြီးနဲ့ ထအော်သလို ဒါလီစိုးနဲ့ နီလာလဲ အလင်းချိုကို တအံ့တသြနဲ့ ကြည်နေကြတယ်။အလင်းချိုဆိုတာ တစ်သက်လုံး သူတို့ပြောသမျှကို ငုံ့ခံခဲ့တဲ့သူ မဟုတ်လား။ ခုလို့ ခပ်ပြုံးပြုံနဲ့ ပြန်ပြောတာက ပထမဆုံးပဲလေ။
"မေမေရေ မေမေ...အဘွား ရေ "
ကြည်ပြာက အသံပြဲကြီးနဲ့ အော်ပြီး အခန်းပြင်ကိုပြေးထွက်သွားတယ်။အလင်းချိုကတော့ မနီလာရဲ့ အ၀တ်တွေကို သပ်သပ်ရပ်ရပ် ခေါက်ပေးနေလိုက်တယ်။
~~~~~~~~~~~~~~~~~~~~
" ကျွန်တော် ဒါမျိုးတွေတော့ မလုပ်ချင်ဘူး မမမိုး.....ကျွန်တော့် နေရာကိုပဲ ပြန်တော့မယ်ဗျာ "
ဟန်သော်လင်း ဆိုဖာခုံမှာ ထိုင်ချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်မိတယ်။
"ဘယ်လို ..ဘာပြောလိုက်တယ် ဟန်သော်လင်း ... ဒီလို ကြော့ကြော့မော့မော့လေးနဲ့ လုပ်နေရတာကိုကွာ ...မမမိုးက မင်းကို ကူညီချင်လို့ တမင် ဒီအလုပ်ကို ပေးထားတာကွ ...ဒီအလုပ်ကိုလုပ်ချင်နေသူတွေ တစ်ပုံကြီးကွ သိရဲ့လား "
မိုးသူဇာက စိတ်တိုတိုနဲ့ ပြောလိုက်ပြီ ဟန်သော်လင်းရဲ့ ဘေးကဆိုဖာခုံမှာ ဆွေ့ခနဲ ၀င်ထိုင်လိုက်တယ်။ပြီးတော့ ထုံးစံအတိုင်း ဟန်သော်လင်းကို ပွတ်သီပွတ်သပ်နဲ့ပေါ့။ဟန်သော်လင်း မကြိုက်တာကလဲ ဒီလိုပုံစံကိုပဲ။ မမမိုးက ဒီလိုလုပ်တာကို သူညည်းခံနိုင်ပေမဲ့ တခြားအမေအရွယ်၊အဒေါ်အရွယ် အမျိုးသမီးတွေက ပွတ်သီးပွတ်သပ်လာလုပ်ကြတာကိုတော့ သည်းမခံချင်ဘူး။ပြီးတော့ ဟန်သော် လင်းလုပ်ရတဲ့ အလုပ်ကလဲ မယ်မယ်ရရ အမည်တပ်လို့ရတဲ့ အလုပ်တော့မဟုတ်ဘူး။ မမမိုးဆီလာကြတဲ့ အန်တီကြီးတွေ ၊ မမကြီးတွေကို သားသားနားနား ဝတ်စားပြီး ညေ့်ခံပေးရုံပဲ။ ဒီထက်ပိုပြီး ဘာမှမဘာကြဘူးဆိုပေမဲ့ ဟိုတို့ ဒီတို့လောက်တော့ ရှိကြတာပေါ့။ ဒါပေမဲ့ ဟန်သော်လင်းက ဒါမျိုးတွေကို မကြိုက်ဘူး။ပြီးတော့ ဟန်သော်လင်း နားမလည်နိုင်တာက မမမိုးက ပွဲစားဆိုပေမဲ့ ဘာတွေကိုပွဲစားလုပ်နေတာလဲ ။ပွဲစားဆိုတဲ့ လူတွေကလဲ နေ့တိုင်းလိုလို ဘာတွေ အရောင်းအဝယ် လုပ်နေကြလဲဆိုတာကို နားမလည်နိုင်တာပဲ။
" အဲ့ဒီလို မလုပ်ပါနဲ့ မောင်လေးရယ်....မင်းရှိတော့ မမမိုးလဲ အားရှိတယ်လေ ... မဟုတ်ရင် မမမိုးကို လူတွေ အထင်သေးကြမယ်ကွ ...ခုတော့ မင်းကို မမမိုးရဲ့ မောင်လေးလို့ ပြောထားတော့ အိမ်လာရင် ရိသဲ့သဲ့တောင် မလုပ်ရဲကြဘူးလေ "
မမမိုးဒီလိုပြောတော့လဲ ဟန်သော်လင်းရဲ့စိတ်တွေပြောင်းသွားရပြန်တယ်။သေချာတာက ပင်ပင်ပန်းပန်းဘာမှမလုပ်ရပါဘဲ ဧည့်သည်လာရင် ကော်ဖီလေး အအေးလေးချပြီး ဧည့်ခံပေး၊ဖုန်လေးဆက်ပြီး မမမိုး ပြောခိုင်းတဲ့အတိုင်း ပြောပေးရုံနဲ့ ငွေကို ဖောဖောသီသီသုံးရတဲ့ဘ၀ကို ဟန်သော်လင်းကိုယ်တိုင်က ပျော်မွေ့နေမိပြီဆိုတာပါပဲ ။
~~~~~~~~~~~~~~~~~~~
"ကျွန်တော် စင်္ကာပူသွားမလို့ပါ "
"ဘယ် ...ဘယ်လို သားကြီး "
"မြေးကြီး ...မင်းဘာပြောလိုက်တယ်
နေမခက အမေနဲ့အဘွားရှေ့မှာထိုင်ကာခေါင်းကိုငုံ့ထားပြီး မဝံ့မရဲပြောလိုက်မိတယ်။
=========================
အပိုင်း (၁၆ ) ဆက်ရန်
ဧကြည်ဖြူ
.
You are reading the story above: TeenFic.Net