သံယောဇဉ်ကမ်းပါး 13

Background color
Font
Font size
Line height

ဧကြည်ဖြူ

"သံယောဇဉ် ကမ်းပါး "

အပိုင်း( ၁၃ )
**************************
"နင်ကအရွယ်တောင်မရောက်သေးဘူး အမောက်ထောင်လာပြီပေါ့ ဟုတ်လား ....ထမင်းနပ်မှန်အောင်စားနေရလို့ လူပါးဝနေတာ ...သူခိုးစိတ် ရှိလို့ကတော့ ဒီမှာမနေနဲ့ "

     ဟန်သော်လင်း လဲနေရာကနေ ထရပ်လိုက်ပြီး အမေနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။ သူ့စိတ်ထဲမှာ အမေ့ကို မေးချင်နေတဲ့ မေးခွန်းတွေအများကြီးပဲ။ ဒါပေမဲ့ နှုတ်ကထွက်ကျမလာခဲ့ဘူး။အမေ့မျက်နှာကို ကြည့်ပြီး နှုတ်က ဆွံ့အနေခဲ့တယ်။အမေက သားသမီးကို မချစ်တတ်တဲ့ မိခင်မျိုးလား။ ဒါလဲမဖြစ်နိုင်ဘူး မဟုတ်လား ။မန္တလေးမှာရှိတဲ့ အမေ့ရဲ့သားနဲ့ သမီးကိုတော့ အမေချစ်တယ် မဟုတ်လား။

"နင့်ကို ထောင်ထဲမထည့်လို့ ရောင့်တက်မယ် မကြံနဲ့ ... ငါတို့ အရှက်ကွဲမှာစိုးလို့သိရဲ့လား ...ရှေ့လျှောက် ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ...ငါကိုယ်တိုင် ထောင်ထဲကိုထည့်မှာ "

" ကျွန်တော် ဒီအိမ်မှာဆက်နေခွင့်ရှိလား "

       ဟန်သော်လင်းရဲ့ နှုတ်က အလိုလို ထွက်သွားခဲ့တဲ့စကား။ တကယ်က ဒီစကားကို ပြောဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူး။"ကျွန်တော် သူခိုးမဟုတ်ဘူး ။လောင်းကစာလဲ ဝါသနာမပါဘူး။ဆေးလဲ မသုံးပါဘူး အမေရယ် "လို့ပြောချင်ခဲ့တာ။

"ဘာလဲ ...နင်က ဒီမှာ မနေချင်တော့ဘူးလား ... မနေချင်ရင်လဲသွား ... ငါ့မိသားစုကိုတော့ ဒုက္ခမပေးနဲ့ ...သွားမယ်ဆိုလဲ ငါတို့နဲ့ အဝေးဆုံးကို သွား "
  
        "သွား"ဆိုတဲ့ စကားကလွဲရင် အမေမပြောတတ်တာလား။ ဒါမှမဟုတ် တကယ်ပဲ အမေက သူ့ကိုဒီအိမ်ကနေ ထွက်သွားစေချင်နေတာလား။အမေက သူ့ကိုပါးရိုက်ဖို့သက်သက် မန္တလေးကနေ ရန်ကုန်ကိုတကူးတက လာခဲ့တာလား။ အမေ့ဆီမှာ သူ့အတွက် ဒီထက်ပိုပြီး ဘာမှ ပါမလာတော့ဘူးလား။စိတ်ထဲကနေ လားပေါင်းများစွာနဲ့မေးခွန်းတွေကို မေးနေမိပေမဲ့ တကယ်တမ်း စိတ်ကဘာကိုမှမသိချင်တော့ဘူး။ ဟန်သော် လင်း အမေ့မျက်နှာကို စေ့စေ့စိုက်ကြည့်နေလိုက်တယ်။ပြီးတော့ တစ်လုံးချင်းပြောလိုက်တယ်။

"ဒီအိမ်ကနေ ကျွန်တော်ကို ထွက်သွားစေချင်ရင် ပိုက်ဆံပေးပါ ... အမေ့မှာ ပိုက်ဆံတွေပေါတယ် မဟုတ်လား ....ပိုက်ဆံသာရရင် ကျွန်တော်အမေ့ရှေ့ကို ဘယ်တော့မှ ပေါ်မလာတော့ ဘူး "

  "ဘာ ... ဘာပြောတယ် "

        အမေ့ဆီက အာမေဍိတ်သံထွက်လာတယ်။ဟန်သော်လင်းဘ၀တစ်လျှောက်လုံးမှာ အမေ့ကို နာမ်စားတစ်ခု ထည့်ခေါ်ပြီး စကားပြောဖူးတဲ့ အရေအတွက်က လက်ဆယ်ချောင်းပင် ပြည့်ပါလေမလား မသိပါ။ ဒီတစ်ခေါက် ပြောခြင်းကတော့ နောက်ဆုံးတစ်ခေါက်ပြောတာပဲဖြစ်မယ်ထင်ပါတယ်။

"ကျွန်တော်လဲ ဒီအိမ်မှာ မနေချင်တော့ပါဘူး ... လက်ထဲပိုက်ဆံရှိတာနဲ့ ထွက်သွားဖို့ အဆင်သင့်ပဲ ...အဲ့ဒီတော့ ပိုက်ဆံကို ဘယ်သူထုတ်ပေးမလဲ ....ထုတ်ပေးမယ်ဆိုရင် ပြော.....ခုတော့ အရမ်းပင်ပန်းနေလို့ သွားအိပ်လိုက်အုံးမယ်ဗျာ"

     ဟန်သော်လင်း မျက်နှာကြောတင်းတင်းနဲ့ပဲ ပြောလိုက်ပြီး  အမေ့ရှေကနေ ထွက်ခဲ့လိုက်တယ်။ပြီးတော့အခန်းရှိရာကို   ခြေသံပြင်းပြင်းနဲ့ လျှောက်သွားလိုက်တယ်။အမေနဲ့ အဘွားက အံ့ဩ ထိတ်လန့်နေတဲ့ မျက်နှာတွေနဲ့ ဟန်သော်လင်းကို ကြည့်နေကြတယ်။တကယ်လဲ ဟန်သော်လင်း ဒီအိမ်မှာမနေချင်တော့ပါဘူး။ထမင်းတစ်လုတ်ကိုတောင် ဆူဆူဆောင့်ဆောင့် မပြောဘဲ မကျွေးချင်တဲ့ မိသားစုဆီမှာ မနေချင်တော့ဘူး။ စားစား၊ သွားသွား အပြစ်တွေပဲ ပြောနေကြတဲ့ အိမ်မှာ မနေချင်တော့ဘူး။ဝသီပါလို့ပြောရအောင်ကလဲ အဲ့ဒီဝသီတွေက ဟန်သော်လင်းအတွက် သီးသန့်တည်ရှိနေတာများလား။

"နေအုံး ..နင် ဆင်းလာခဲ့အုံး ...ဟန်သော်လင်း ပြောနေတာ ကြားလား "
       အမေ့ရဲ့အသံက ဟန်သော်လင်းနောက်ကနေ ကပ်ပါလာခဲ့တယ်။ဟန်သော် လင်း လှည့်မကြည့်ဖြစ်ပါ။အခန်းထဲ ၀င်လိုက်ပြီး တံခါးကို ခပ်ကြမ်းကြမ်းဆွဲပိတ်ပစ်လိုက်တယ်။

~~~~~~~~~~~~~~~~~~
" ဘာဖြစ်ချင်တာလဲ ..ဘာလုပ်ချင်တာလဲပြောစမ်း အလင်းချို ...ဘာလို့ သမီးအဘွားတို့ကို ဒုက္ခတွေပေးနေရတာလဲဟင် "

     ကိုသက်ဦးက သမီးဖြစ်သူ အလင်းချိုကို တည့်တည့်စိုက်ကြည့်ပြီး မေးလိုက်တယ်။

"သမီး အပင်စိုက်တာ ဝါသနာပါလို့ စိုက်တာပါ ..ပြီးတော့ အလကားဖြစ်မယ့်အတူတူ ပိုက်ဆံ ရအောင် ရောင်းတာပါ အဖေ "

"ပိုက်ဆံ ဟုတ်လား ... ပိုက်ဆံက ဘာလုပ်ဖို့လဲ ...သမီးကို စားဖို့ဝတ်ဖို့ အဖေပေးနေတာပဲလေ .. သမီးက ဘာတွေ လိုချင်နေသေးတာလဲ ...ဘာလဲ သမီး လှချင်နေပြီလား ...ဒါမှမဟုတ် အဲ့ဒီအိမ်က ကောင်လေးကို တကယ်ပဲကြိုက်နေလို့လား "

"ရှင် "

       အဖေ့ မေးခွန်းကြောင့် အလင်းချိုအလန့်တကြားနဲ့ အဖေ့ကို မော့ကြည့်လိုက်မီတယ် ။

"မ  ...မဟုတ်ပါဘူး အဖေ.. သမီး စိုက်ထားတဲ့ အသီးအရွက်တွေကို သွားရောင်းတာပါ ...ပြီးတော့ သူမရှိတဲ့ အချိန် သွားတာပါ အဖေ ...မမဒါလီစိုက မဟုတ်တာတွေ လျှောက်ပြောနေတာပါ ..."
      အလင်းချို အဖေ့ကို အမှန်အတိုင်း ရှင်းပြလိုက်တယ်။အလင်းချို အနေနဲ့ အဖေ့ကို ကြောက်တာမှန်ပေမဲ့ မဟုတ်မမှန်တဲ့အကြောင်း ဆိုရင်တော့ ပြန်ပြီး ရှင်းပြရမယ်။ယုံတာမယုံတာကတော့ အဖေ့ အလုပ်ပေါ့။အလင်းချို အသက်အရွယ်ရလာတာနဲ့ အမျှ သိလာရတာက အဖေတို့ မိသားစုက အတ္တကြီးတယ်ဆိုတာကိုပဲ။ပြီးတော့ မျိုးရိုးဆိုတဲ့ စကားကိုလဲ တွင်တွင် သုံးတတ်ကြသေးတယ်။ဥပမာအလင်းချိုများ တစ်ခုခုအမှားလုပ်မိရင် "မအေတူမျိုး ...မျိုးရိုးကိုကမကောင်းတာပေါ့..."စသဖြင့် ပြောတတ်ကြတယ်။ မျိုးရိုးနဲ့ ပတ်သက်ပြီးအဘွားတို့ရဲ့ စံသက်မှတ်ချက်က ဘယ်လိုမျိုးလဲဆိုတာကို အလင်းချို သေချာမသိပေမဲ့ အဘွားတို့အိမ်ကို စရောက်တဲ့နေ့ကစလို့ ဒီနေ့ အချိန်အထိ အလင်းချို အကောင်းပြောမခံရသေးဘူး။ ယုတ်စွအဆုံး အလင်းချိုသနပ်ခါး အဖွေးသားနဲ့နေတာကိုတောင် အဘွားတို့က သဘောကျတာမဟုတ်ဘူး ။ အဲ့ဒီတော့အလင်းချိုကလဲ ရှည်ရှည်ဝေးဝေး တွေးနေ၊ခံစားမနေတော့ဘူး။ သနပ်ခါးမလိမ်းနဲ့ဆို မလိမ်းရုံပဲ။မျက်နှာပြောင်နဲ့ နေတော့ အလုပ်ရှုပ်တောင်သက်သာသေးတယ်။ ဒါပေမဲ့ သစ်ပင်စိုက်၊ ပိုက်ဆံရှာတာကို တားမြစ်တာကတော့ အလင်းချို လက်မခံချင်ဘူး။

"ကိုယ့်အစ်မကို အဲ့ဒီလိုမပြောနဲ့လေအလင်းချို ... သူက သမီးကို ကောင်းစေချင်လို့ ပြောတာလေ...သမီးအသက်အရွယ်နဲ့ မဟုတ်တာတွေဖြစ်မှာစိုးလို့ လူကြီးတွေကို သတိပေးတာ ...ဒါကို သမီးလိုက်နာရမယ်....အေး အဖေတစ်ခုပဲပြောမယ်..ဒီအိမ်က ဘယ်သူဘာပြောပြော သမီးနားထောင်ရမယ် ...သူတို့က သမီးကို ကောင်းစေချင်လို့ ပြောကြတာချည်းပဲ ..."

       အဖေပြောနေတာ လေသံအေးအေးလေးပဲ။ ဒါပေမဲ့ အဖေ့စကားလုံးတွေက အလင်းချို ဘက်က မဟုတ်ခဲ့ဘူး ။ ဘာကို ပြောချင်လို့ ပြောချင်မှန်းလဲမသိဘဲ ဝေ့ဝိုက်နေတယ်။ အဖေ့ကိုကြည့်ရတာ လူကသာ အလင်းချိုရှေ့မှာ ထိုင်နေရပေမဲ့ စိတ်က သူ့အိမ်ကိုပြန်ရောက်နေပုံရတယ်။ဖင်တကြွကြွနဲ့ ပြန်ဖို့ပဲ စိတ်လောနေပုံရတယ်။

"သမီး သစ်ပင်တွေ ပြန်စိုက်ချင်တယ် ...ပြီးတော့ ကိုယ်တိုင်လဲရောင်းချင်တယ် ...ဒါမှမဟုတ်ရင်တော့ အလုပ်ထွက်လုပ်ချင်တယ် " .

" ဘယ် ...ဘယ်လို "

      အဖေက အလင်းချိုကို တအံ့တသြကြည့်လာတယ်။

" ဘာတွေပြောနေတာလဲ ... ဘာအလုပ်လုပ်မှာလဲ ...နေဖို့အသင့် ...စားဖို့ အသင့်ရှိနေတာကို ဘာတွေပူပန်နေတာလဲ ''
     အဖေ ဘာတွေတွေးနေလဲ။ဘာတွေ စိတ်ကူးနေလဲ အလင်းချိုမသိတော့ဘူး။ လူတစ်ယောက်က နေဖို့စားဖို့ ရှိရုံနဲ့ ဘ၀က ပြီးပြည့်စုံပြီလား။ကိုယ့်ကို မေတ္တာမရှိတဲ့အရပ်မှာ ဘယ်လိုမျိုးများ ရှင်သန်ရမှာလဲ။

"ကဲ တော်ပြီ ... ဘာမှပြောမနေနဲ့တော့... သစ်ပင်စိုက်ချင်ရင်စိုက် အဘွားကို ပြောပေးခဲ့မယ် ...ကျန်တာတွေ စိတ်မကူးနဲ့ အချိန်အားနေရင် အိမ်အလုပ်တွေဝိုင်းလုပ် ကြားလား ... ကိုယ့်ထက်အကြီးတွေနဲ့လဲ သင့်သင့်မြတ်မြတ်နေ .. နောက်ထပ် ဘာပြဿနာမှ မကြားချင်ဘူး "

       အဖေပြန်သွားတဲ့အထိ အလင်းချို ဧည့်ခန်းထဲမှာ ငူငူ ချည်း ထိုင်နေမိတယ်။

~~~~~~~~~~~~~~~~~
"ဝုန်း "

" အား .."
        ဒီလောက်ထိန်းနေတဲ့ကြားက စက်ဘီးရှေ့ခြင်းထဲနဲ့လက်ကိုင်မှာ ပါလာတဲ့ ပစ္စည်း ဝိတ်က များနေတာမို့ နေမခရဲ့ စက်ဘီးက လမ်းဘေးကို မှောက်လဲသွားတယ်။နာနေတဲ့ကြားကနေ နေမခ ကုန်းရုန်းထလိုက်တယ်။
~~~~~~~~~~~~~~~~~

" ဟင် "

       အလင်းချို လမ်းလျှောက်နေတုန်း အနောက်ဘက်က ဝုန်းခနဲ အသံကြားလိုက်ရလို့ လှည့်ကြည့်လိုက်မိတော့ စက်ဘီးတစ်စီး မှောက်သွားတာကို တွေ့လိုက်ရတာမို့ စက်ဘီးမှောက်ရာဆီကို အပြေးအလွှားသွားလိုက်မိတယ်။
      အနားရောက်မှ စက်ဘီးမှောက်သူက နေမခမှန်းသိလိုက်ရလို့ အလင်းချိုခြေလှမ်းတွေတွန့်သွားရပေမဲ့ သူ့ကို အပြေးသွားထူလိုက်မိတယ်။

"နင် .. နင် ဘာဖြစ်သွားသေးလဲ ...ထနိုင်ရဲ့လားဟင် ... ပစ္စည်းတွေ ငါကောက်ပေးပါ့မယ်"

" ရတယ် ...ဖယ် ...ဖယ် ''

      နေမခ ရှက်ကလဲရှက် စိတ်ကလဲတိုနဲ့ အလင်းချိုရဲ့ လက်ကို တွန်းဖယ်ပြီး ကုန်းရုန်းထလိုက်တယ်။

       အလင်းချိုကတော့ အတင်းတွန်းဖယ်နေတဲ့ နေမခကို ဂရုမစိုက်ဘဲ နေမခရဲ့လက်ကို အတင်းဆွဲထူပေးလိုက်ပြီး လမ်းပေါ်မှာ ပြုတ်ကျနေတဲ့ ပစ္စည်းတွေကိုလိုက်ကောက်လိုက်တယ်။

"နင် စက်ဘီးနင်းနိုင်သေးလား ...ဒီနေ့ ငါ့မှာပစ္စည်းတွေသိပ်မများဘူး နင့်စက်ဘီးကို တွန်းပေးခဲ့မယ်လေ "

" ရတယ် မလိုဘူး ...ငါနင်းနိုင်တယ်"

    နှုတ်က "ရတယ် "လို့သာ ပြောလိုက်ရပေမဲ့ နေမခ ခြေထောက်တွေ နာကျင်နေလို့ လှုပ်ပင်မလှုပ်ချင်။ နေမခကြည့်မရတဲ့ သူမကတော့ သိုးသိုး သွက်သွက်နဲ့ပစ္စည်းတွေကို လိုက်ကောက်နေပြီး အိတ်တစ်လုံးထဲကို စုထည့်နေတယ်။သူမစိတ်ထဲမှာ သူ့ကိုတွေ့တာနဲ့ အသံမာမာနဲ့ ပြောဆိုနေတဲ့ နေမခကိုလဲ အမှတ်ထားပုံမရဘူး။ပြောင်သလင်းခါနေတဲ့ မျက်နှာရယ် ထုံးစံအတိုင်းရှပ်အင်္ကျီဖားဖားကြီးနဲ့လမ်းပေါ်မှာ ကုန်းကုန်းကွကွနဲ့ နေမခစက်ဘီးပေါ်ကပြုတ်ကျသွားတဲ့ မုန်ထုတ်တွေကို လိုက်ကောက်နေတယ်။

"ဒီမှာ ရော့ ...မုန့်ထုတ်တွေကတော့ ဘာမှ မဖြစ်ပါဘူး .. ဖယောင်းတိုင်တွေတော့ နည်းနည်း ကျိုးသွားတယ် ... နင် စက်ဘီး နင်းနိုင်လို့လား .ငါတွန်းခဲ့ပေးမယ် "

"ရတယ် မလိုဘူး ဖယ် ...အ ....ကျွတ် ကျွတ်....ဆော...ဆောရီး "

     နေမခပြောရင်းနဲ့ စက်ဘီးဟန်ဒယ်ကို လှမ်းဆွဲလိုက်ပေမဲ့ လူက ယိုင်သွားပြီး အလင်းချိုရဲ့ လက်ကို ဆုပ်ကိုင်မိရဲ့သားဖြစ်သွားတယ်။

"ရပါတယ်....ကဲပါဟာ ဖယ်ပါ ငါတွန်း ပေးပါ့မယ်.....ငါတို့က အိမ်နီးချင်းတွေပဲဟာ ."

      နေမခ မျက်နှာပူပူနဲ့ပဲ စက်ဘီးကိုတွန်းနေတဲ့ အလင်းချိုနဲ့ ခပ်ခွါခွါကနေ လျှောက်လာခဲ့လိုက်တယ်။

"မင် ဟိုနေ့က အရိုက်ခံရတယ်ဆို "
        နေမခလွှတ်ခနဲ မေးလိုက်မိတယ်။တကယ်တော့ အဲ့ဒီအကြောင်းကို ဒေါ်စန်းဆိုတဲ့ အဒေါ်ကြီးလာပြောပြလို့ နေမခတို့လဲသိတာ။ အဲ့ဒီသတင်းကြားလိုက်ရတော့ စိတ်မကောင်းတောင် ဖြစ်မိသွားသေးတယ်။

"အင်း .. သူတို့ကို အရှက်ခွဲလို့ တဲ့လေ ... ငါ့သစ်ပင်တွေကိုပါ ဖျက်ဆီးလိုက်ကြတာ"

"အင်း ဆိုးလိုက်တာ...မင်းက ဘာမှ ပြန်မပြောဘူးလား ...မင်းလဲ အဲ့ဒီအိမ်က မြေးပဲ မဟုတ်လား ...ဘာလို့ ငြိမ်ခံနေရတာလဲ .."

      နေမခရဲ့အသံမှာ ဒေါသသံပါသွားတယ်ထင်ပါရဲ့။ သူမက နေမခကို မော့ကြည့်လိုက်ပြီး

"မပြောပါဘူး ... ပြောလဲထပ်အရိုက်ခံရတာပဲရှိမှာကို..ခုထပ်စိုက်ထားတယ် ... ဒီတစ်ခါ ဈေးထဲက ကုန်စိမ်းသည်တွေကို ဈေးပေါပေါနဲ့ ဖောက်သည်ပေးမလားလို့ ... မနက်ခင်းဈေးသွားရင်း ယူသွားလို့ရတယ်လေ.."

"အဲ့ဒါဆို အရိုက်မခံရတော့ဘူးပေါ့ "

"မသိဘူးလေဟာ ..နီးနီးနားနားဆို ရှက်တယ်ပြောမှာစိုးလို့ ...ဈေးထဲပို့မှာလေ"

      "ဂေါက်သီးမ"လို့ နေမခ စိတ်ထဲကနေ ပျစ်ပျစ် နှစ်နှစ်ခေါ်လိုက်မိတယ်။သူမကို ကြည့်ရတာ လေးလေးနက်နက် ပုံလဲ မရှိဘူး။ကြည့်ရတာ အနိုင်ကျင့်ခံနေရတာကိုပဲ ပျော်နေတဲ့ပုံစံမျိုးနဲ့။

~~~~~~~~~~~~~~~~~~

"သားရယ် ...ဘယ်လိုဖြစ်ရတာလဲ ....အဲ့ဒါကြောင့်မို့ ပြောတာနိုင်သလောက်ပဲ သယ်ပါလို့ဆို .... တော်သေးတာပေါ့ ဘာမှ မဖြစ်သွားလို့ ..."

      အေးမြနွယ် သားဖြစ်သူကိုကြည့်ပြီး ရင်ထဲမကောင်းမိ။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတာဝန်ကိုထမ်းနေရှာတဲ့ ကလေး။မိမိနဲ့ ကံကြမ္မာ ချင်းတူလွန်းလှတဲ့ သားကြီးကို ကြည့်ပြီး အေးမြနွယ် သနားနေမိတယ်။အေးမြနွယ် သားကြီး အရွယ်တုန်းကလဲ ဗိုက်ကြီးတကားကားနဲ့အိမ်ထောင့် တာဝန်တွေကို ထမ်းခဲ့ရတာလေ။ အဲ့ဒီတုန်းက သားသမီးတွေ အလှည့်ကျရင် မိမိလို မဖြစ်အောင် ပြုစုစောင့်ရှောက်မယ်လို့ ဆုံးဖြတ်ခဲ့ကာမှ အခုတော့ သားကြီးခများ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတာဝန်ကိုထမ်းနေရရှာတယ်။

"နောက်ဆို ဆိုက်ကားပဲစီးပါး မြေးရယ် .....ကဲ... လာ ...အဲ့ဒါတွေထားလိုက် ...အဘွား ဆေးလူးပေးမယ် "

"ရပါတယ် အဘွားရယ် ... သား ဘာမှမဖြစ်ပါဘူး ... ခြေထောက်နာသွားရုံပါပဲ .."

       နေမခ မုန့်ချိတ်တဲ့ချိတ်တွေကို လှမ်းယူလိုက်ပြီး အမေနဲ့ အဘွားကို ပြန်ပြောလိုက်တယ်။

~~~~~~~~~~~~~~~~~~~
     ဦးငယ်က ကားမောင်းသူနေရာမှာဝင်ထိုင်တယ်။ အမေက ကားပေါ်တက်ခါနီးထိ သူ့အမေသူ့ညီမတွနဲ့ စကားပြောလို့ မပြီးသေးဘူး။

"တစ်ခုခုဆို ဇွတ်မလုပ်ကြနဲ့နော် ...တော်ကြာ ကိုကြီးသိသွားရင် မကောင်းဘူး....သူနိုင်ငံခြားတွေ ဘာတွေ သွားပြီးအလုပ်လုပ်ချင်လားလို့ မေးကြည့်လိုက် အမေ ...သမီးလဲ ဒီကို ခဏခဏ မလာနိုင်ဘူး...အငယ်ကောင်လေးက ချူချာချင်တယ်...အကြာကြီးထားခဲ့လို့မရဘူးရယ် ... သူပြဿတွေပဲ လိုက်ရှင်းပေးနေဖို့ အချိန်မရှိဘူး ...အမေတို့ ပစ္စည်းတွေလဲ သေသေချာချာသိမ်းကြအုံး...ဒီထက်ဆိုးလာရင်တော့ သမီး တစ်ခုခုစီစဉ်ပေးပါ့မယ် "

     ဟန်သော်လင်း အံကိုတင်းတင်းကြိတ်ထားမိတယ်။ မဝေးလှတဲ့ အကွာအဝေးကနေ စကားသံတွေ အားလုံးကို အတိုင်းသားကြားနေရတယ်။ "ဒီထက်ဆိုးလာရင် "ဆိုတဲ့ စကားက ဟန်သော်လင်းရဲ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။ဟန်သော်လင်း ပန်းချုံအကွယ်ကနေ ဖျတ်ခနဲ ထွက်လိုက်ပြီး သူတို့အုပ်စုရှိရာဆီကို လျှောက်သွားလိုက်တယ်။

"ကျွန်တော်ကို သုံးဖို့ပိုက်ဆံပေးခဲ့ပါအုံး ...ဒေါ်ရီ.ဆီက တောင်းရတာ ငါးရာ တစ်ထောင်ရဖို့တောင် အဆဲအဆိုခံရပြီးမှ ပေးလို့ မတောင်းချင်ဘူး ...တစ်ခါတည်း တစ်လစာ ပေးခဲ့ပါ"

    ဟန်သော်လင်း ခပ်တည်တည်နဲ့ ဝင်ပြောလိုက်တော့ အားလုံးအံ့ဩသွားကြတယ်။

"တစ်လစာတောင်းရအောင် ... နင်က ငါ့ကို ဘယ်နှစ်ပြားအပ်ထားလို့လဲ "

      စန္ဒာဝင်း စိတ်တိုတိုနဲ့ ဟန်သော်လင်းကို ကြည့်ပြီး ပြောလိုက်တယ်။

"မပေးချင်လဲ ရပါတယ် ..မန္တလေးကိုဖုန်းဆက်ပြီးတောင်းလိုက်မယ် "

"ဘာ ...မင်း ....မင်း ... လူ့တိရစ္ဆာန်...ငါ့ကို ခြိမ်းခြောက်နေတာပေါ့လေ ဟုတ်လား ... မင်းကများ  "

"ကဲ..တော်ပါတော့ သမီးရယ် ...သွားခါနီးလာခါနီး စိတ်တိုမနေနဲ့..ဒီကောင့်ကို ထားခဲ့လိုက်  "

    ဒေါ်ရီက စိတ်တိုဒေါသထွက်နေတဲ့ သမီးဖြစ်သူစန္ဒာဝင်းကို တားမြစ်လိုက်တယ်။

"ဟဲ့ ရော့ ....ဒီမှာ နင်လိုချင်နေတဲ့ ပိုက်ဆံ ...ငါတို့မိသားလဲ ဝဋ်ရှိသရွေ့တော့ နင့်ဆီမှာခံနေရအုံးမှာပေါ့ "

      စန္ဒာဝင်းက ဒေါသနဲ့ ပြောဆိုလိုက်ပြီး ငွေတစ်ထပ်ကို ဟန်သော် လင်းရှေ့ကို ဘုတ်ခနဲ  ပစ်ချပေးလိုက်တယ်။ ပြီးတာ့ ကားကို မောင်းထွက်ခိုင်းခဲ့လိုက်တယ်။

     ထောင်တန်လေးတွေက မြေပြင်ပေါ်ကို တစ်ရွက်စီ လွင့်ကျလာတယ်။ပြီးတော့ ကားလေးမောင်းထွက်သွားတယ်။အမေက ဟန်သော်လင်းရဲ့ရင်ထဲက ထွက်သွားခဲ့တယ်။ဟန်သော်လင်း မြေပြင်ပေါ်မှာ ဟိုတစ်ရွက်ဒီတစ်ရွက်ကျနေတဲ့ ပိုက်ဆံတွေကို လိုက်ကောက်လိုက်တယ်။ပိုက်ဆံတွေ လိုက်ကောက်နေတုန်း လက်တစ်ဖက် ပေါ်ပေါက်ခနဲ ကျလာတာမျက်ရည်လား၊ ချွေးစက်လားဆိုတာ ဟန်သော်လင်းလဲ သေချာမသိဘူး။

"ဒီနေ့ကစပြီး ...အခန်းတွေကို သေချာသော့ခတ်ကြ.."

       အဒေါ်အငယ်ရဲ့ အသံက စူးခနဲ ထွက်လာတယ်။

''အေး ဟဲ့....အိမ်ထဲမှာနေပြီး  မလုံခြုံတော့ဘူး ...အမေလဲ သတိထားနေအုံး"

      ခနဲ့တာလား၊ ရွှဲ့တာလား မသိ။
"ဒုန်း "

"ဟဲ့ ...ဟဲ့ ဘာဖြစ်တာလဲ "

     ဟန်သော်လင်း အိမ်တံခါးကို ဒုန်းခနဲ ပိတ်ကန်ပစ်လိုက်တော့ အဘွားရဲ့ အော်သံကျယ်ကြီးက ထွက်လာတယ်။

"ဟန်သော်လင်း မင်းငါ့တို့ကို ဂရုမစိုက်တဲ့ အချိုးတော့ လာမချိုးနဲ့နော်....ဘာမှထပ်မပြောချင်ဘူး...အေးအေးဆေးဆေးနေ "

      အဘွားက ဒေါသတကြီးနဲ့ ကြိမ်းမောင်းတယ်။ဟန်သော်လင်းက ပခုံးကိုတစ်ချက် တွန့်လိုက်ကာအခန်းထဲက ရှပ်အင်္ကျီကိုသွားယူလိုက်ပြီး အိမ်ပြင်ကို ထွက်ခဲ့လိုက်တယ်။

"ဟဲ့ ...ဒါက ဘယ်လဲ ... ဘယ်ကလေကချေတွေဆီကို သွားအုံးမှာလဲ ...လက်ထဲ ပိုက်ဆံလေးရှိတော့ ယားယား ယားယားနဲ့ "

      အဘွားက လှမ်းအော်တယ်။

"ထားလိုက် အမေရာ ...သူ့ဘာသာဘာဖြစ်ဖြစ် ...ပြန်မလာလဲ အေးတယ်"

     အဒေါ်နှစ်ယောက်ရဲ့အသံက နောက်ကျောကနေ ကပ်ပါလာတယ်။ဟန်သော်လင်း တံတားဘက်ကို ထွက်ခဲ့လိုက်တယ်။

~~~~~~~~~~~~~~~~~~~

"ဟေ့ကောင် မင်းဘာလုပ်မလို့လဲ "
       အရက်ဆိုင်ထဲဝင်ဖို့ပြင်နေတဲ့ ဟန်သော်လင်းကို ဇော်ခန့်က လှမ်းမေးတယ်။

" အရက်သောက်မလို့ဟ "

"ဟာ... ဟုတ်မှလဲ လုပ်စမ်းပါကွာ ...သောက်လဲ မသောက်နိုင်ဘဲနဲ့ "

       ဇော်ခန့်ဘေးမှာရပ်နေတဲ့ ဝေဖြိုးက ၀င်ပြောတယ် ။

"လာစမ်းပါကွာ ...ငါသောက်နိုင်ပါတယ်ဟ ...လောလောဆယ် ငါ့ကို ဆေးလိပ်တစ်လိပ် အရင်ပေးသောက်ကွာ "

"ဟာ ဒီကောင်တော့ အချုပ်ထဲမှာ နှစ်ရက်လေးနေလိုက်ရတာ ....ပညာစုံတတ်လားပါလားဟ "

       ဇော်ခန့်တို့ အုပ်စုက တဟားဟားနဲ့ အော်ရယ်လိုက်ကြတယ်။

"အဟွပ် ..အဟွပ် "

       ဟန်သော်လင်းက ဆေးလိပ်ကို ယူပြီးတစ်ဆုံးရှိုက်သွင်းလိုက်တာမို့ ချောင်း တဟွပ်ဟွပ်ဆိုးပြီး သီးပါသီးသွားတယ်။ ဒါက ဟန်သော် လင်းရဲ့ ဘ၀မှာ ပထမဆုံးအကြိမ် ဆေးလိပ်ကိုသောက်ဖူးခြင်းမဟုတ်လား။

"ဖြည်းဖြည်း သောက်ပါဟ ... မင်းကလဲ "

~~~~~~~~~~~~~~~~~~~~
"ဒေါ်ရီ ကျွန်တော့်ကို ပိုက်ဆံပေးပါအုံး "

        ဟန်သော်လင်း အသံကို နှိမ့်ချပြီး အဘွားဆီကနေ ပိုက်ဆံ တောင်းလိုက်တယ်။

" တောင်းပြန်ပြီလား ဒီပိုက်ဆံ... ငါ့မှာငွေတွင်းရှိတယ်များ ထင်နေတာလား... မပေးနိုင်ဘူး "

"ဟာဗျာ .. လုပ်ပါ ဒေါ်ရီရာ တစ်ထောင်တည်းပါ ''

"မပေးနိုင်ဘူး .. သွားစမ်း ... အဆိပ်ပင်ရေမလောင်းနိုင်ဘူး "

"ဟာဗျာ   "

" ဒုန်း ...ဒုန်း"

      အဘွားကိုကြည့်ပြီး ဟန်သော်လင်း စိတ်တိုတိုနဲ့ နံရံတစ်လျှောက်ကို ခြေထောက်နဲ့ ပိတ်ကန်ပစ်လိုက်မိတယ်။ဒေါသကြောင့်လား ဒါမှမဟုတ် မနက်စောစောက သောက်ထားမိတဲ့ အရက်ရှိန်ကြောင့်ရယ်လားမသိဘူး ခေါင်းကတရိပ်ရိပ်မူးနေတယ်။ အစကတော့ စိတ်ညစ်ညစ်နဲ့ ဟန်သော်လင်း အရက်ကို အပျော်သဘောနဲ့ သောက်ခဲ့မိတာ။ ဒီလောက်ထိ စွဲလမ်းသလိုဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး။ ခုတော့ သုံးလေးလအတွင်းမှာပဲ အရက်မသောက်ရရင်မနေနိုင်ကို ဖြစ်နေမိတာ။

======================

အပိုင်း (၁၄) ဆက်ရန်

ဧကြည်ဖြူ


You are reading the story above: TeenFic.Net

#123456