သံယောဇဉ်ကမ်းပါး 1

Background color
Font
Font size
Line height

ဧကြည်ဖြူ

"#သံယောဇဉ်ကမ်းပါး "

အပိုင်း (၁)
*********************

      " နိဒါန်း "
~~~~~~~~~~~~~

"အမေ့ရဲ့ မာနတွေကိုတောင်ပံတပ်ပေးနိုင်ဖို့ မိုင်ထောင်ချီဝေးတဲ့ အရပ်ဆီကိုခရီးထွက်ခဲ့တယ်........... "

~~~~~~~~~~~~~~
" နင့်အမေကဲလား မကဲလား... ဆယ့်ငါးနှစ်နဲ့ ယောကျာ်းရတာကို ကြည့်လေ ... "

       ရှစ်နှစ်အရွယ်မြေးဖြစ်သူက လုံးစေ့ပတ်စေ့နားလည်နိုင်သေးတဲ့ အရွယ်မဟုတ်မှန်း သိသိနဲ့ ဒေါ်ခင်လှကတော့ မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်တယ်။

      နေမခကတော့ ဘွားအေဖြစ်သူရဲ့ စကားတွေကို စိတ်လဲမဝင်စား။နားလဲထောင်မနေဘဲ သူ့ရှေ့မှာရှိနေတဲ့ ပန်းကန်ထဲက လက်ဖက်သုပ်တွေကို တစ်ဇွန်းမောက်မောက်ခပ်စားပစ်လိုက်တယ်။ပြီးတော့ နောက်ထပ်တစ်ဇွန်းခပ်ပြီး လက်ဖဝါးထဲကို ပုံထည့်လိုက်တယ်။ အဘွားဘာတွေပြောနေတယ်ဆိုတာကို နေမခသေချာနားမလည်ပေမဲ့ မိခင်ကို မကောင်းပြောနေတယ်ဆိုတာကိုတော့ သိတယ်။ဒါကြောင့်လဲ အဘွားတို့ရဲ့ အိမ်ကြီးထဲကို နေမခသိပ်လာလေ့ မရှိဘူး။ အဘွားတို့က စားစရာ တစ်ခုခုခေါ်ကျွေးရင်လဲစားပြီးတာနဲ့ပြန်တာပဲ။ ဒါတောင် တစ်ခါတလေဆို နေမခလာစားလေ့မရှိဘူး။ အခုလို နေမခသိပ်ကြိုက်တဲ့ လက်ဖက်သုပ်ဆိုရင်တော့ မပျက်မကွက် လာစားမိတာပေါ့။ လက်ဝါးပြင်ထဲကို လက်ဖက်သုပ်တွေခပ်ထည့်ပြီးတာနဲ့ နေမခ ပြန်ဖို့ရန်မတ်တတ်ထရပ်လိုက်တယ်။

"ဟဲ့ ဒါကဘယ်လဲ ...စားပြီးတာနဲ့ ပြန်ဖို့ပဲ ...နင့်အဖိုးကို နင်းပေးအုံးလေ ...လူက လက်တောက်လောက်နဲ့ သူ့အမေစပ်စလူးစိန်မကို ပြောရင်မကြိုက်ဘူး ...ကိုလွင်ဦးတွေ့လား ရှင့်မြေးရဲ့ အချိုးကို...အဲ့ဒါ ဟိုဟာမ ကလေးကိုသွေးထိုးထားတာနေမှာ .."

       နေမခခြံပြင်ကို ထွက်သွားတဲ့အထိ ဒေါ်ခင်လှက ပြောလို့မကျေနပ်သေးဘူး။ဒေါ်ခင်လှရဲ့ စိတ်ထဲမှာ ချွေးမဖြစ်သူအေးမြနွယ်ကို သားဖြစ်သူနဲ့ စပြီး ယူစဉ်ကတည်းက ကြည့်မရဘူးပဲပြောရမလား။ပြောစရာအပြစ်မရှိတော့ အသက်ငယ်ငယ်နဲ့ ယောကျာ်းယူတာကိုပဲ အပြစ်လုပ်ပြီးပြောနေရတာပေါ့။

~~~~~~~~~~~~~~~...

      နေမခခြံပြင်ကို ထွက်လာခဲ့ပြီး ခြံရှေ့ခြေရင်း ထောင့်လေးမှာ ကွမ်းယာရောင်းနေတဲ့ မိခင်ရှိရာဆီကို လျှောက်သွားလိုက်တယ်။

"သား ဘာတွေစားနေတာလဲ ... အိမ်စာတွေလုပ်ပြီးသွားပြီလား "

     အေးမြနွယ်က သူမရှိရာဆီကို လျှောက်လာတဲ့ သားဖြစ်သူကို လှမ်းမေးလိုက်တယ်။

"လက်ဖက်သုပ်စားနေတာ မေမေ ... မေမေရော စားအုံးမလား "

      နေမခက မိခင်ဖြစ်သူရဲ့ အမေးကိုပြန်ဖြေလိုက်ရင်း လက်ဖဝါးလေးကို မိခင်ရဲ့ရှေ့ကို ထိုးပေးလိုက်တယ်။

" မစားတော့ပါဘူး သားရယ် ... လက်ဖက်တွေအများကြီးမစားနဲ့နော် ...လေတွေအောင့်နေမှဖြင့်သားရယ် ... ပြီးရင် အိမ်ထဲမှာ သွားနေပြီး စာကျက်နေနော် သားလေး ...အဘိုးနဲ့ အဘွားခိုင်းရင်လဲ လုပ်ပေးလိုက်အုံးနော် ကြားလား သားလေး "

       အေးမြနွယ်က ကွမ်းယာထုတ်နေရင်းကနေ သားဖြစ်သူကို ပြောလိုက်တယ်။

     နေမခက မိခင်ရဲ့ စကားကို နားထောင်ပြီး ခြံထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။ခြံထဲကို ပြန်ဝင်လိုက်တော့ ဘွားအေ (ဖြစ်သူက အိမ်တံခါးပေါက်မှာ ခါးထောက်ပြီး ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ နေမခလဲ အဘွားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဘွားတို့ အိမ်ကြီးရဲ့ ခြေရင်းက လမ်းလေးအတိုင်း လျှောက်ခဲ့လိုက်ပြီး မိမိတို့မိသားစုသုံးယောက် နေတိုင်ရာ အခန်းလေးဆီကိုပဲ တန်းပြီး လျှောက်ခဲ့လိုက်တယ် ။

      ရောက်ပါပြီ။အဖေရယ် ၊ အမေရယ် နေမခရယ်နေတဲ့ အခန်းလေးက အဘွားတို့အိမိကြီးရဲ့ မီးဖိုခန်းလောက်တောင်မကျယ်ပါဘူး။ ပြီးတော့ နေမခတို့ရဲ့ အခန်းဘေးမှာ အိမ်သာလည်းရှိတယ်။ အခန်းနဲ့ အိမ်သာကြားမှာ သွပ်ပြားတွေနဲ့ ကာရံထားပေမဲ့ နေမခရွံရှာမိတာတော့ အမှန်ပဲ။ဒါပေမဲ့နေမခ အဘွားတို့အိမ်ပေါ်မှာတော့ သွားမနေချင်ဘူး ။အမေနဲ့အတူနေရတဲ့ ဒီအခန်းလေးထဲမှာပဲ နေရတာပျော်ပါတယ်။အခန်းကျဉ်းကျဉ်းစုတ်စုတ်လေးမှာ နေမခ မနေချင်ပေမဲ့ အမေရှိတဲ့နေရာဆို နေမခအတွက် ပျော်စရာနေရာပဲ။အမေမရှိတဲ့ နေရာကတော့ အဘွားတို့အိမ်လို နှစ်ထပ်အိမ်ကြီးနဲ့ တီဗီအကြီးကြီးတွေရှိလဲ နေမခ မပျော်ဘူးလေ။

~~~~~~~~~~~~~~~~~~~

"ကေသီ "

" ကိုမင်းရောက်လာပြီလား  "

       အအေးဆိုင်ထဲမှာ အလင်းချိုတို့ ထိုင်နေတုန်းမှာ အမေ့ရဲ့ နာမည်ကို လူတစ်ယောက်က ခေါ်လိုက်တာမို့ အမေက ထိုင်နေရာက ဖျက်ခနဲထရပ်လိုက်သလို အလင်းချိုကလဲ ခေါ် သူကို မျက်လူးပြူးလေးနဲ့မော့ကြည့်လိုက်မိတယ်။အမေ့ နာမည်ကို ခေါ်လိုက်သူက အဖေနဲ့ ရွယ်တူ ဦးလေးကြီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။

" မောင်လေးရေ ... အစ်မသမီးကို ရေခဲသုပ်တစ်ပွဲပေးပါနော် ... ရေခဲသုပ်ထဲကို ဖျော်ရည်နဲ့ နို့ဆီပဲဆမ်းပေးပါနော် ... မြေပဲနဲ့ ယိုတွေနဲ့မထည့်ပါနဲ့ ... အဲ့ဒါတွေကလေးမစားလို့ပါ "

     အအေးဆိုင်ကလူကို အမေက ရေခဲသုပ်မှာနေတာကိုကြည့်ပြီး အလင်းချို တံတွေးကို မျိုးချနေမိတယ်။ ရေခဲသုပ်ဆိုတာ အလင်းချို အကြိုက်ဆုံး အစားအစာပဲ။ဒါပေမဲ့ ရေခဲသုပ်ထဲမှာ မြေပဲနဲ့ ယိုတွေ ပါလာရင်တော့ အလင်းချို မစားတတ်ဘူး။ မကြိုက်ဘူး။ ဒါကိုသိလို့ အမေက ဆိုင်ရှင်ကို သေချာမှာနေတာလေ။

"သမီးလေး ... ဒီမှာရေခဲသုပ်စားပြီး ခဏထိုင်နေနော် ... အမေ ဒီကဦးလေးနဲ့ စကားသွားပြောလိုက်အုံးမယ် "

"ဟုတ်ကဲ့ မေမေ "

      အလင်းချိုက မိခင်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ရေခဲတုံးကိုခြစ်နေတဲ့ ဆိုင်ရှင် ဦးလေးကြီးကိုပဲ ငေးကြည့်နေမိတယ်။

      ကေသီချိုကတော့ သမီးလေးကို တစ်ချက်ကြည်လိုက်ပြီး ကိုထွန်းနဲ့အတူ ဆိုင်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။

~~~~~~~~~~~~~~~~

" သူသိသွားပြီး ကိုမင်း ...ကေသီတို့ဘယ်လိုလုပ်ကြမလဲဟင် "

     ကေသီချိုက ချစ်သူမင်းလှိုင်ကို အလောတကြီးနဲ့ ပြောလိုက်ရာ မင်းလှိုင်က ဂရုမစိုက်သည့်ဟန်ပန်ဖြင့်

"သိတော့လဲ သိပေါ့....ဘာလဲ ကေသီက  သူ့ကို မပြတ်နိုင်တာလား "

"သူ့ကို မပြတ်နိုင်တာတက် သမီးကို မပြတ်နိုင်တာပါ ကိုမင်းရယ် ...သမီးလေးကခုမှ ရှစ်နှစ်ပဲရှိသေးတာလေ "

      ကေသီချိုက အအေးဆိုင်ထဲမှာ ထိုင်နေတဲ့ သမီးလေးအလင်းချိုကို လှမ်းကြည်းပြီး လေးလေးတွဲတွဲ ပြန်ပြောလိုက်မိတယ်။

"ကလေးကို မပြတ်နိုင်လဲ ခေါ်ခဲ့ကွာ ...ခုလို ခိုးပြီး တွေ့နေရတာကို စိတ်ကုန်နေပြီ ...''

     မင်းလှိုင်ရဲ့ စကားကြောင့် ကေသီချိုက သမီးဖြစ်သူကို တွေတွေဝေဝေနဲ့ လှမ်းကြည့နေမိတယ်။ဘယ်လိုပဲဖြစ်ဖြစ် သမီးမိန်းခလေးဆိုတာ ဖခင်ရင်းနဲ့နေထိုင်တာပဲ ပိုသင့်တော်မယ်လို့ ကေသီချို ထင်နေမိတယ်။ ချစ်ရသူ မင်းလှိုင်ကို မယုံကြည်တာမဟုတ်ပေမဲ့ သမီးလေးကို သူ့အဖေရင်းလောက် မင်းလှိုင်ချစ်နိုင်ပါ့မလားလို့စိုးရိမ်စိတ်ကလေးဝင်လာမိပြန်တယ်။သူများတွေ ပြောကြသလိုပဲ သူမက သိပ်ကို မိုက်မဲတဲ့မိန်းမတစ်ယောက်ဆိုတာကို ကေသီချို ဝန်ခံပါတယ်။လှေကြီးပေါ်လှေငယ်ဆင့်တယ်ပဲပြောပြော ၊ နောက်မီးလင်းတယ်ပဲပြောပြော အခုလက်ရှိကေသီချိုရဲ့ အခြေအနေက ဆုပ်လဲစူးစားလဲရူး ဆိုတဲ့ အနေအထားမျိုးမဟုတ်လား။ ကာမပိုင်ခင်ပွန်းရှိနေရဲ့နဲ့ မင်းလှိုင်ကို အပျော်သဘောနဲ့ တွဲမိရာက ယခုတော့ ဖြတ်မရ ပြုမရ အနေအထားဖြစ်ခဲ့လေပြီ။ကေသီချို ကိုယ်တိုင်က ခင်ပွန်းဖြစ် သူ ကိုသက်ဦးထက် မင်းလှိုင်အပေါ်မှာ သံယောစဉ် ပိုခဲ့မိလေပြီ။နှစ်ယောက်သားတွဲစက အခြားသူတွေ မရိပ်မိအောင် သိုသိုသိပ်သိပ်တွဲခဲ့ပေမဲ့ နောက်ပိုင်းမှာ နှစ်ယောက်လုံး တစ်နေ့ မတွေ့ရရင်မနေနိုင်တဲ့အထိ ဖြစ်လာခဲ့တဲ့ အခြေအနေထိ ရောက်လာခဲ့တော့တယ်။ဒီလိုအခြေအနေမျိုးကို ရောက်ပြီဆိုမှတော့ ကိုသက်ဦးနဲ့မိသားစုတွေလဲ ရိပ်မိကုန်ကြတာပေါ့လေ။ကေသီချိုရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကတော့ နယ်ဘက်ကဖြစ်တာမို့ ကေသီချိုရဲ့ အကြောင်းကို သိလဲမသိကြသလို အဆက်အသွယ်လဲမရှိကြဘူး မဟုတ်ပါလား။

"ကေသီချို..မင်း ....မင်း မိန်းမပျက်မ....ကဲဟာ"

"ဖြန်း ...ဖြန်း..."

" အား ...ကို ...ကိုသက်ဦး "

      အနားသို့ ရုတ်တရက်ရောက်လာသော ခင်ပွန်းဖြစ်သူကို ကေသီချို အံ့ဩတကြီးနဲ့ ကြည့်လိုက်မိစဉ်မှာပဲ ကေသီချိုရဲ့ ပါးပြင်နှစ်ဖက်မှာ ပူခနဲဖြစ်သွားပြီး လူကမြေပြင်ပေါ်သို့ ပုံရက် သားလဲကျသွားတယ်။

"သား တော်တော့ ... လက်လွန်သွားမယ် ...ဒီလိုမိန်းမအတွက် သားဘ၀ကို ပျက်စီးမခံနဲ့ ...."

"မောင်လေး တော်တော့ ... ဒီလိုဟာမက လက်နဲ့ထိရမှာတောင် ရွံဖို့ကောင်းတဲ့ မိန်းမပဲ "

      သက်ဦးက ဇနီးဖြစ်သူကေသီချိုကို မီးဝင်းဝင်းတောက်လုမတက် မျက်လုံးတွေနဲ့ စူးစူးစိုက်စိုက်ကြည်နေမီပြီး ဒေါသမပြေနိုင်ဘဲ ဖြစ်နေတယ်။ဒါကိုသိတဲ့ သက်ဦးရဲ့မိခင်ဖြစ်သူနဲ့ သက်ဦးရဲ့ အစ်မကြီးက သက်ဦးကို ၀င်ဆွဲရင်း တားမြစ်လိုက်ကြတယ်။

"မင်း အိမ်ကို ပြန်လာစရာ မလိုတော့ဘူး ကေသီချို ...ငါ့အိမ်က ပစ္စည်းတွေလဲ အပ်တိုတစ်ချောင်းတောင် ရမယ် မထင်နဲ့ ... ဘယ်မှာလဲ ငါ့သမီး ... မင်းဘာသာ နေချင်တဲ့လူနဲ့နေ ...အလေလိုက်ချင်သလိုလိုက် ...ငါ့သမီးကို တော့ ခေါ်သွားဖို့စိတ်မကူးနဲ့ ကြားလား ...."

"ကလေးက ...အအေးဆိုင်ထဲမှာ မောင်လေး "

     အစ်မဖြစ်သူရဲ့ စကားကို ကြားတာနဲ့ သက်ဦးက အအေးဆိုင်ထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ ၀င်ချသွားလိုက်တယ် ။

~~~~~~~~~~~~~~~~~~

      အလင်းချိုက ရေခဲသုပ်စားနေရင်း အမေနဲ့ ဦးလေးကြီး စကားပြောနေတာကို ကြည့်နေတုန်းမှာပဲ အဖေရောက်လာပြီး အမေ့ကို ပါးချလိုက်တာကို မြင်လိုက်ရတာမို့ ထိတ်လန့်သွားမိပြီး လက်ထဲက ဇွန်းပါ ပြုတ်ကျသွားရတယ်။

"မေမေ "

     အလင်းချို ငိုသံပါကြီးနဲ့ အမေ့ကို လှမ်းခေါ်လိုက်ပြီး အပြင်ကို ပြေးထွက်ခဲ့လိုက်တော့ ဆိုင်ဝမှာ အဖေနဲ့ ဆုံကြတယ်။

"လာ ...သမီး ....ဖေဖေတို့ ပြန်ရအောင် "

" မေမေ့ကို ဘာလို့ရိုက်တာလဲ ဖေဖေ ...မေမေသနားပါတယ် "

      သက်ဦးက သမီးဖြစ်သူရဲ့ အမေးကို မဖြေဘဲ သမီးလေးကို စွေ့ခနဲ ကောက်ချီလိုက်တယ် ။အသက်ရှစ်နှစ်ရှိနေပြီဖြစ်ပေမဲ့ ခပ်သေးသေးကိုယ်လုံးလေးနဲ့ သမီးလေးအလင်းချိုက သက်ဦး ရင်ခွင်ထဲမှာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးပြူးပြူးလေးတွေနဲ့ သူ့အမေကိုခေါ် နေတယ်။ သက်ဦး အံကိုတင်းတင်းကြိတ်လိုက်မိတယ်။သမီးလေးကို သနားပေမဲ့ ကေသီချိုရဲ့ အကျင့်စရိုက်ကို ရွံရှာလှတာမို့ ကျောခိုင်းပစ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

~~~~~~~~~~~~~

"မိကေသီ ...ငါ့သားနဲ့ ငါမြေးထွက်မလာခင် ညည်း ဒီနေရာက ထွက်သွားတော့ ...ငါ့သား ကိုဒုက္ခ ထပ်မပေးပါနဲ့အေ ... ဒီထက် အရှက်မကွဲချင်ရင် ဒီနေရာကနေ အမြန်ထွက်သွားတော့ ...ညည်းတို့ကြောင့် ငါ့သားလေးကို ဒုက္ခရောက်မခံနိုင်ဘူးဟဲ့ "

~~~~~~~~~~~~~~~

"မေမေ ..မေမေဘယ်သွားမလိုလဲ "  

        သမီးဖြစ်သူရဲ့ ခေါ်သံကြောင့် ကေသီချိုရဲ့ လှမ်းလက်စ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားပေမဲ့ နောက်သို့ ပြန်လှည့်မကြည့်ဖြစ်တော့ဘဲ မင်းလှိုင် နောက်သို့ ခပ်သုတ်သုတ်လိုက်သွားလိုက်တယ်။

"မေမေ ... မေမေဘယ်သွားမလို့လဲ ... မေမေဘယ်သွားတာလဲဟင် ဖေဖေ ...."

      အလင်းချိုကို ထားခဲ့ပြီး ဦးလေးကြိးနဲ့ အတူ ထွက်သွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို နားမလည်နိုင်စွာနဲ့ အဖေ့ကို မေးလိုက်မိတယ်။

"အဖေနဲ့ အတူ အိမ်ပြန်ရအောင်နော် သမီး ...ဒီမှာ ဘွားဘွားတို့လဲ ရှိတယ် "

      အဖေရဲ့နှစ်သိမ့်စကားကို ကြားနေရပေမဲ့ ကျောခိုင်းသွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို အင့်ခနဲ ရှိုက်ငိုမိလိုက်တယ် ။

"မငိုနဲ့လေ အလင်းချို ...ဘာလဲ သမီးရော အဖေနဲ့ မနေချင်လို့လား "

"ဟဲ့ မိလင်း ... ညည်း ကလေးလဲမဟုတ်တော့ဘူး ငိုမနေနဲ့ ...နင့်အမေက အကျင့်ကောင်းတဲ့ မိန်းမ မဟုတ်ဘူး ..."

       အဖေနဲ့ ကြီးကြီးရဲ့ စကားကို အလင်းချိုသိပ်ပြီးနားမလည်ပေမဲ့ အဖေ စိတ်တိုနေတာကို အလင်းချို သိတာမို့ နှုတ်ခမ်းလေးမဲ့ပြီး လည်ချောင်းဝကိုရောက်လာတဲ့ ရှိုက်သံတွေကို မျိုချလိုက်ရတယ်။

~~~~~~~~~~~~~~~~~~~

"ညည်းသားက အကြောတင်းအေ့ ... ငါတို့ပြောလဲလုပ်ချင်မှလုပ်တာ...ကြာတော့ ငါတို့လဲ ဘာမှမပြောချင်တော့ဘူး ...ဦးလေးနဲ့ အဒေါ်တွေကိုလဲ ကြောက်ရမှန်း သိတာမဟုတ်ဘူး ...သူလုပ်ချင်တာကို ဇွတ်လုပ်တဲ့အကျင့်ကတော့ ဟို ကောင့်အတိုင်းပဲ "

      ဒေါ်ရီက အိမ်ပေါက်ဝမှာ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ထိုင်နေတဲ့ ရှစ်နှစ်အရွယ် မြေးဖြစ်သူကို ကြည့်ပြီး သမီးဖြစ်သူကို ပြောလိုက်တယ်။

"တော်ပါတော့ အမေရယ်...အဲ့ဒီကောင်အကြောင်း မပြောစမ်းပါနဲ့  ကျက်သရေတုံးတယ် ... ရုပ်တင်မဟုတ်ဘူးစိတ်ကပါ သူ့အဖေ အချိုးတိုင်းဆို တာသိပေမဲ့ ...ဘယ်လိုလုပ်မလဲ အမေရယ် ...သမီးက မွေးထားမိပြီလေ ...ပတ်၀န်းကျင်က မကဲ့ရဲ့အောင်တော့ ကျွေးမွေးထားရမှာပေါ့ ... သူ့ဘာသာ ကျောင်းတက်ချင်တက်မတက်ချင်နေ ... အမေလဲ သူ့ကို ဂရုစိုက်မနေနဲ့  သမီးပေးနိုင်ကမ်းနိုင်သလောက်တော့ ပေးမှာပါ "

       စန္ဒားဝင်းက မိခင်ကို ပြောလိုက်ပြီး မောင်တွေ ညီမတွေအတွက် သူမ ၀ယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေ့ကို တစ်ခုချင်း ထုတ်ပြလိုက်တယ်။

"ဒီမှာ .. အကြီးမနဲ့ အလတ်မအတွက်  အဝတ်အစားတွေ၀ယ်လာတယ်နော် ...အငယ်ကောင် အတွက်လဲပါတယ်..."

     စန္ဒာဝင်းက ပြောပြောဆိုဆိုနဲ့ အသက်နှစ်ဆယ်ကျော်စပြုပြီးဖြစ်တဲ့ ညီမငယ်နဲ့ ဆယ်ကျော်သက်အရွယ် ညီမငယ်လေးနဲ့ မောင်အငယ်ဆုံးလေးကိုပါ ခေါ်လိုက်တယ်။ ညီမတွေနဲ့ မောင်လေးကိုခေါ်လိုက်ရင်း အိမ်ပေါက်ဝမှာ ထိုင်နေတဲ့ သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပေမဲ့ စန္ဒာဝင်းစိတ်ထဲရှက်သလိုလို ခံစားရတာကြောင့် မခေါ်တော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။မိမိနဲ့အသက်ဆယ့်ရှစ်နှစ်ပဲကွာတဲ့ သားဖြစ်သူကို သားလို့ခေါ်ရမှာကို စန္ဒာဝင်း ရှက်ကြောက်နေမိတယ်။ဟိုတစ်ချိန်က သင်း (ဒင်း) လေးရဲ့ အဖေနဲ့ ပျော်ပါးခဲ့စဉ်ကတော့ စန္ဒာဝင်းလဲပျော်ခဲ့မော်ခဲ့တာပေါ့လေ။မိဘတွေတားနေတံကြားက သင်း (ဒင်း) လေးရဲ့ အဖေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့မိတာပေါ့။ရုပ်လေးချော အပြောလေးကောင်းဆိုတော့ သာယာမိခဲ့တာပေါ့ ။မကြာပါဘူး။သင်း (ဒင်း) လေးကို မွေးပြီးတာနဲ့ ကိုယ်တော်ချောက ဇာတိပြလာတာပဲလေ။ အလုပ်မလဲမလုပ်ဘဲ  မိုးလင်းမိုးချုပ် ပေါ်မလာဘဲ ဖဲဝိုင်းတကာ့ ဖဲဝိုင်းကို သွားနေခဲ့တာလေ။တကယ့်ကို မျိုးနဲ့ရိုးနဲ့ လောင်းကစားသမားတွေကို ဖြစ်နေကြတာကိုး။အဖေက အစ၊အမေက အဆုံးလို့ပဲ ပြောရမလား ။နောက်ဆုံးတော့ မိမိကပဲ အိမ်ထောင့်တာဝန်ကို ယူခဲ့ရတဲ့အထိ။ဒါတွေကို ခံနိုင်ရည်မရှိတဲ့ အဆုံးမှာ လမ်းခွဲကြရအောင် ဆိုတော့လည်း သူ့ဘက်က အေးအေးဆေးပဲလေ။လမ်းခွဲတော့လဲ သူတို့ဝမ်းတောင် မှန်မှန်မစားတဲ့ မိသားစုထဲမှာ သင်း (ဒင်း) လေးကို မထားခဲ့ရက်လို့ ခေါ်လာခဲ့ရတာပေါ့။မိမိရင်ကဖြစ်တဲ့ သွေးမို့သာ စန္ဒာဝင်းခေါ်လာခဲ့ရပေမဲ့ ယောကျာ်းကို နာကြည်းစိတ်တွေကြောင့်ပဲလားမသိ သူကလေးအပေါ်မှာ အပြည့်အ၀ချစ်ခင်၍မရခဲ့ပေ။ ထိုထက်ပို၍ သူကလေးနဲ့ အတူနေရမှာကို ပင် စန္ဒာဝင်းရင်ထဲ မနှစ်မြို့ မိတာကြောင့် သူကလေးကို မိခင်ကြီးဆီမှာ အပ်ခဲ့ပြီး မန္တလေးမြို့မှာ အလုပ်သွားလုပ်ခဲ့တယ်။ဒီမှာတင် ကံကြောင့်ပဲပြောရမလား၊ မိမိရဲ့ အလှကြောင့်ပဲပြောရလေမလားမသိ အသက်ခပ်ရွယ်ရွယ်သူဌေးတစ်ယောက်နဲ့ စန္ဒာဝင်း ဆုံစည်းခဲ့ရတယ်။ ကိုကြီးက အသက်လေးဆယ်ကျော် သူဋ္ဌေး လူပျိုကြီး ။စန္ဒာဝင်းကိုယ့်ကိုယ်ကို အပျိုလို့ မပြောခဲ့ပေမဲ့ ကလေးရှိပါတယ်လို့ ပြောထွက်ဖို့ ဝန်လေးခဲ့မိတာတော့ အမှန်ပါပင်။ဒါကြောင့်မို့လဲ စန္ဒာ၀င်း အနေနဲ့ မိမိမှာ အဆင်ပြေနေပေမဲ့ မုဆိုးမမိခင်ကြီးနဲ့ မောင်နှမတွေကို မိမိနေထိုင်ရာသို့ မခေါ်နိုင်ဘဲ အဝေးတစ်နေရာမှသာ ထောက်ပံ့ပေးရတော့တာပေါ့။

" အမေ့ကို ပြောစရာရှိတယ် "

     စန္ဒာ၀င်းက မိခင်ကို ခပ်တိုးတိုးပြောလိုက်တယ်။

"ဘာပြောမှာလဲ ... ပြောလေ "

"ဟို ... ဒီအိမ်နဲ့ ခြံကိုရောင်းပြီး အမေတို့ .. နေရာသစ်ကို ပြောင်းကြမလားဟင် ...အထူးသဖြင့် သမီးတို့အကြောင်းကို မသိတဲ့နေရာကို ပြောင်းကြပါလား ...လိုတဲ့ငွေကို ကိုကြီးဆီက တောင်းလိုက်မယ်...ကိုကြီးက အားလုံးသမီးရဲ့ သဘောမို့ အဆင်ပြေမှာပါ အမေ "

" အေးပါအေ ... ပြောင်းဆိုလဲ ပြောင်းရမှာပေါ့ ..ဒီနေရာမှာလဲ ဘာမှ ခင်တွယ်စရာမရှိပါဘူး အေ.."

       ဟန်သော်လင်းမှာ သူ့ကိုများ အမေ့က လှမ်းခေါ်လိုက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အိမ်ပေါက်ဝမှာ ငုတ်တုတ်ထိုင်နေပေမဲ့ အဒေါ်နှစ် ယောက်နဲ့ ဦးလေးဖြစ်သူမှာ လက်ဆောင် အသီးသီးရသွားပြီးတဲ့အထိ အမေ့ဆီက ခေါ်သံမကြားရတာမို့ ဟန်သော်လင်း ထိုင်နေရာက ဆတ်ခနဲထရပ်လိုက်ပြီး လမ်းထိပ်ဘက်ကို ပြေးထွက်လာခဲ့မိတယ်။

"ဟဲ့ကောင်လေး ..ဘယ်ကိုသွားတာလဲ ....အိမ်မှာကို မနေဘူး..လမ်းပေါ်မှာပဲနေချင်တဲ့ ဟာလေး "

     ဟန်သော်လင်း ဘွားအေဖြစ်သူရဲ့ အော်သံကို ကြားပေမဲ့ လှည့်မကြည့်ဖြစ်တော့ပါ။ဘာရယ်မှန်းသူမသိတဲ့ သူ့ရင်ဘတ်ထဲကအောင့်သလိုလို ခံစားနေရတာတွေကို သက်သာစေဖို့ လမ်းထိပ်အမှိုက်ပုံနားမှာရှိတဲ့ ဖိုးထူးတို့အုပ်စုရှိရာဆီသို့ အပြေးထွက်လာခဲ့မိတယ်။အခြားသူတွေ ပြောလို့သာအမေလို့ သိရပေမဲ့ သူမရဲ့ နှုတ်ဖျားက သူ့ကို သားလို့ တစ်ခါမှ မခေါ်ခဲ့ဖူးတာကို သိသိနဲ့ပဲ ဟန်သော်လင်း မျှော်လင့်နေခဲ့မိတာလေ။ ဒါပေမဲ့လဲ အချိန်အကြာကြီးနေမှ တစ်ခါ ပြန်လာတတ်တဲ့ အမေကတော့ အိမ်ကို ရောက်တာနဲ့ အဘွားနဲ့ ခေါ် လေးတို့ဦးငယ်တို့ကို ချစ်ချစ်ခင်ခင် ပြောဆိုဆက်ဆံတတ်ပေမဲ့ သူ့ကိုတော့ တစ်ချက်တလေလောက်သာ လှည့်ကြည့်ပြီး စကားတစ်ခွန်းတောင်ပြောခဲ့တာမဟုတ်ဘူးလေ။

~~~~~~~~~~~~~~~~~~~~

"နွယ်နွယ်....နင့် ယောက္ခမတွေ သူတို့အိမ်ကို ကန်ထရိုက်တိုက်ဆောက်ဖို့အပ်လိုက်တာ သိပြီးပြီလား "

     မျက်နှာချင်းဆိုင်တိုက်ခန်းမှာ ငှားနေတဲ့ မမွန်ရဲ့အမေးကြောင့် အေးမြနွယ် အံ့သြသွားမိတယ်။ ဒီနှစ်ပိုင်းမှာ လမ်းထဲက အိမ်တစ်ချို့ ကန်ထရိုက်တိုက်တွေ ဆောက်ကြတာ ခေတ်စားနေတာမို့ သူမရဲ့ယောက္ခမတွေလဲ ဘယ်တော့များ ဒီလိုဖြစ်လာမလဲလို့ မျှော်လင်းထားခဲ့မိပေမဲ့ ခုလိုချက်ချင်းထဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိ။ပြီးတော့ ယောကျာ်းဖြစ်သူဆီကလဲ ဘာသတင်းမှ မကြားရတာမို့ ဒီသတင်းကို အေးမြနွယ်မယုံရဲ ဖြစ်နေမိပြန်တယ်။ ယောက္ခမတွေက ဘယ်လိုပဲ အေးမြနွယ်ကို ကြည့်မရစေအုံးတော့ တကယ်တမ်း ပြောင်းရ ရွေ့ရမယ်ဆိုရင် သူတို့သားကိုတော့ ပြောမှာပဲမဟုတ်လား ။

" သေချာလို့လား မမွန်ရယ် ...ကိုကြီးကလဲ ဘာမှ မပြောဘူး "

      အေးမြနွယ်က မယုံမရဲနဲ့ ပြန်မေးလိုက်မိတယ်။

"တကယ်ပါဆို နွယ်နွယ်ရယ် ... တို့တိုက်မှာ ငှားနေဖို့တောင် နင့် ယောက္ခထီးကြီး လာပြောသွားတယ်လေ ..."

"တ ...တကယ်လား ... ဒုက္ခပါပဲ မမွန်ရယ် ..."

======================

အပိုင်း ( ၂ ) ဆက်ရန်

ဧကြည်ဖြူ

     ဖတ်ရှုပေးကြသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

"သံယောဇဉ် ကမ်းပါး "
အခန်းဆက် ဝတ္ထုရှည်ကို  Wave /kpay 1000 Ks ချီးမြှင့်၍ ဖတ်ရှုနိုင်ပါတယ်။

Wave /kpay ပေးဖို့ အကောင့်မရှိသူများလဲ ဖတ်ရှုနိုင်ပါတယ်
မည်သူမဆို ချီးမြှင့်ငွေမပေးလဲ ဖတ်ရှုနိုင်ပါတယ်

ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးအထူးတင်ရှိပါတယ်
Kpay(or) Wave
09773745413
Lai Lai Win

A Kyi Phyu


You are reading the story above: TeenFic.Net

#123456