အခန်း (၅၆) မလွယ်လိုက်တာမှ!
【မင်းကမှ ဝ,တာ!】
ရှန်ချန်းလင် ပျောက်သွားသည့်နေမှ စ၍ မြို့ထဲတွင် ကင်းလှည့်သော ရဲမက်များ မပြတ်ရှိနေသည်။ ထို့ကြောင့် ဒုတိယနေ့ မနက်အစောကြီး ရဲမက်တစ်စုက အနှီတရုတ်ရိုးရာဆေးဆိုင်ကို လာရောက် တံခါးခေါက်ပြီး တန်းစီစစ်ဆေးသော် စွန်းတာ့သည်လည်း ဘာမျှ ထူးခြားသည် မထင်မိချေ။
" အခုရက်ပိုင်း မသင်္ကာစရာလူ တွေ့မိသေးလား? "
ခေါင်းဆောင်ရဲမက်က မေးသည်။
" လုံးဝ မတွေ့မိပါဘူးဗျာ "
စွန်းတာ့က ခေါင်းကို ညွှတ်ထားပြီး ခါးကိုင်း၍ ပြောသည်။
" တကယ်လို့ ထူးခြားမှုတစ်ခုခု ရှိရင် ကျွန်တော် ပထမဆုံး ရဲမက်ခေါင်းဆောင်ကို လာအကြောင်းကြားပါ့မယ် "
" မင်းတို့ ၊ ဝင်သွားပြီး စစ်ဆေးကြည့် "
ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
စွန်းတာ့သည် ကိုယ်တိုင်တောင် ဘေးဖယ်ပေးလိုက်၏။ ခေတ္တကြာသော် စစ်ဆေးသော ရဲမက်များက ပြန်လာပြီး ဘာထူးခြားမှုမျှ မတွေ့ခဲ့ကြောင်း လျှောက်တင်ကြ၏။
" သွားကြမယ် ၊ နောက်တစ်အိမ် "
ခေါင်းဆောင်က အပြင်ဘက်သို့ ဆက်သွားတော့သည်။
" အကုန် စိတ်အာရုံ စုစည်းထားကြစမ်း ၊ ရှန်သခင်လေးကိုသာ မတွေ့လို့ကတော့ အားလုံး ထမင်းမစားရဘူး "
စွန်းတာ့သည် အပေါက်ဝတွင် ရပ်ကာ ထိုလူအပေါင်း ဘေးအိမ်သို့ ဝင်ရောက်သွားမှသာ ဆေးဆိုင်ထဲသို့ ပြန်ဝင်လာခဲ့တော့သည်။
" ဘယ်လိုဖြစ်တာလဲ? "
ဖုန့်ကျိုယဲ့က မျက်မှောင်ကြုတ်ကာ မေးသည်။
" ဂိုဏ်းချုပ် စိတ်မပူပါနဲ့ ၊ သည်တိုင်းကင်းလှည့်ပြီး အိမ်တိုင်းစစ်ဆေးရုံပါပဲ "
စွန်းတာ့က ဆိုသည်။
" အရင်က ရှန်ချန်းလင် ပျောက်ခါစကဆို ရဲမက်တွေက ကြက်လှောင်အိမ်တောင် ဇောက်ထိုးမိုးမျှော်လှန် စစ်တာ ၊ အောက်မှာ လူဖွက်ထားမှာစိုးလို့ ။ အခုတော့ ဖြည်းဖြည်းချင်း ပြေလျော့လာပါပြီ ၊ ခုနကဆိုလည်း အနောက်ဘက်က ခြံထဲမှာ တစ်ပတ်ပဲ ပတ်ကြည့်သွားတာ ၊ နည်းနည်းလောက် ထပ်ကြာရင် ရှာဖွေစစ်ဆေးတာတွေတောင် မလုပ်လောက်တော့ဘူး ထင်တယ် "
" ထွက်သွားပြီး သေချာ သတင်းနားထောင်ကြည့်ခဲ့ ၊ သည်ရက်ပိုင်း မြို့ထဲက အစောင့်အကြပ်တွေ အခြေအနေ ဘယ်လိုရှိလဲလို့ "
ဖုန့်ကျိုယဲ့က ဆိုသည်။
" တကယ်လို့ အားလုံး ပုံမှန်ပဲဆိုရင် ငါ သူ့ကို စောစောလေး ဂိုဏ်းကို ပြန်ခေါ်သွားချင်တယ် "
" ဂိုဏ်းချုပ် သည်မှာ ကြိုက်သလောက်နေလို့ရပါတယ် "
စွန်းတာ့က ဆိုသည်။
" နောက်ကို အချိန်ဆွဲလေလေ ၊ မြို့ပြင်ထွက်တဲ့အခါ အန္တရာယ်နည်းလေလေပဲ "
ဖုန့်ကျိုယဲ့က အေးစက်စက် ပြောလိုက်သည်။
" မင်း ငါခိုင်းတဲ့အတိုင်းပဲ သွားလုပ်စမ်းပါ ၊ ဘာကိစ္စ အဲ့လောက် အပိုစကားတွေ များနေတာလဲ "
" ........ ဟုတ်ကဲ့ "
စွန့်တာ့ ဘာမျှထပ်မပြောတော့ချေ။
*****
ထိုအချိန် ချင်ရှောက်ယွီသည် သွားရောက်စစ်ဆေးသူများ၏ တင်ပြချက်ကို နားထောင်ပြီး ဘယ်လောက်မျှ အံ့သြသွားခြင်း မရှိချေ။ အကယ်၍ အလွယ်တကူသာ မိမိရှာဖွေ့တွေ့ရှိခြင်းကို ခံရပါက တစ်ဖက်လူကလည်း မိစ္ဆာဂိုဏ်းခေါင်းဆောင် မဟုတ်နိုင်တော့။
" အခု ဘယ်လိုလုပ်မှာလဲရှင်? "
လူအပေါင်းထွက်သွားသော် ဟွားထန်က မေးသည်။
" ရှောင်ဝူက အဲ့ဆေးဆိုင်နားမှာ ချုံခိုပြီး စွန်းတာ့ရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေပြီ။ သူ့မျက်လုံးအောက်ကနေ ဘယ်အရာမှ ပြေးမလွတ်ဘူး "
ချင်ရှောက်ယွီက ဆို၏။
" ဖုန့်ကျိုယဲ့၏ ကိုယ်ပေါ်ရှိ ရမ္မက်နှိုးပန်းအဆိပ်က အစောကြီးကတည်းက ပြေသွားလောက်ပြီ၊ ငါတော့ သူက ငါးရက်အတွင်း လှုပ်ရှားမှုရှိလိမ့်မယ်လို့ လောင်းရဲတယ် "
ဟွားထန်က သက်ပြင်းချကာ -
" အခု ရှန်သခင်လေးလည်း ဘယ်လိုနေမလဲ မသိဘူး "
" သူလား? "
ချင်ရှောက်ယွီက ပြုံးကာ ခေါင်းခါမိသည်။
" မင်းက အဲ့ငှက်သိုက်တို့ ပင်လယ်ခရုတို့ကို ဘယ်သူ့အတွက် ခိုးပေးတယ် ထင်လို့လဲ "
" ဂိုဏ်းချုပ်က စိတ်မပူဘူးလား? "
ဟွားထန်က သူ့ကို ကြည့်နေသည်။
" ရှန်သခင်လေး ပြုတ်ကျပြီး ခေါင်းထိခိုက်သွားတဲ့နောက်ပိုင်း အရင်ကထက် အများကြီး ဖြူစင်ရိုးရှင်းသွားတာ ၊ တကယ်လို့ ဖုန့်ကျိုယဲ့ကသာ သည်အချိန်အတောအတွင်း တစ်ခုခု ပြောလိုက်ရင် .. မလိုအပ်တဲ့ဇယားတွေများ ဖြစ်ပေါ်လာမလားလို့ စိုးရိမ်ရတယ် "
" မင်းက သူ့ကို တကယ်ပဲ အဲ့လောက်ထိ အ,တယ် ထင်လို့လား? "
ချင်ရှောက်ယွီက ဟွားထန်ကို ကြည့်နေသည်။
လက်ယာရံသည် အေးတိအေးစက်ဖြင့် -
" ဂိုဏ်းချုပ်က အမှန်အတိုင်း ကြားချင်တာလား? "
ချင်ရှောက်ယွီက ဆိုသည်။
" သေချာပေါက် မကြားချင်ပါဘူး "
ဟွားထန်သည် ချက်ချင်းပင် သွက်လက်မြန်ဆန်စွာ ပြောလိုက်တော့သည်။
" ရှန်သခင်လေးက လူတကာထက် ဉာဏ်ကောင်းပြီး ထက်မြက်ပါတယ် ၊ မွေးရာပါ သွက်လက်ချက်ချာပြီး အာရုံခံစားလွယ်တဲ့ စိတ်နှလုံး ရှိသူပါ။ ဘယ်လိုလုပ်ပြီး အ,တယ် ဆိုတဲ့ စာလုံးနဲ့ နည်းနည်းလေးတောင် ပတ်သတ်မှု ရှိနေနိုင်မှာလဲရှင် "
" အမှန်ပဲ "
ချင်ရှောက်ယွီက ခေါင်းညိတ်ကာ လက်နောက်ပစ်၍ အခန်းထဲက ထွက်သွားတော့သည်။
ဟွားထန် - ......
ရင်ထဲမှာ စိတ်မချဘဲ ပြိုလဲနေတာ အသိအသာကြီးကို လာဟန်ဆောင်နေသေးတယ်!
ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး သည်လိုကလေးဆန်တဲ့နည်းလမ်းနဲ့ မေးခွန်းကို ရှောင်ပြီး ထွက်ပြေးသွားလို့ ရမလား!
အားလုံး အတူတူ ဆွေးနွေးကြမယ်လေနော် မဖြစ်ဘူးလား!
နည်းနည်းလေးမှ တာဝန်ယူမှု မရှိဘူး!
လူကို တကယ် စိတ်လောစေတာပဲရှင်!
*****
" ပြန်ရတော့မယ်? "
မြေအောက်လမ်းထဲရှိ ရှန်ချန်းလင်ကမူ ထိုစာလုံးနှစ်လုံးကို ကြားသိပြီးနောက် ထိတ်လန့်တကြား ဖြစ်သွားရပြီး လက်ထဲက လိုက်ချီးသီးလေးဟာ မြေပေါ်လိမ့်ကျသွားတော့လေသည်။
" ဟုတ်တယ် "
ဖုန့်ကျိုယဲ့က ဆိုသည်။
" ဝမ်းမသာဘူးလား? "
မင်းနှမကြီး ဝမ်းသာပါလား!
ဒါက ဘာများ ဝမ်းသာစရာ ရှိလို့လဲ! ငါတော့ ဝမ်းသာစရာနေရာ တစ်စက်ကလေးမှ ရှာမတွေ့ပါဘူးနော်!
တကယ် စိတ်ဆင်းရဲစရာပဲ သိရဲ့လား!
အဲ့သည့် ဟို ဘယ်သူ! ဘယ်သူ! ဘယ်သူ! မင်း ဘယ်အချိန်ကျမှ လာမှာလဲ!
ငါ မင်းမျက်နှာကို ကုတ်ခြစ်ပစ်မယ်ဆိုတာ ယုံလား မယုံဘူးလား!
" ဘာတွေ ငူငိုင်နေတာလဲ? "
ဖုန့်ကျိုယဲ့က သူ့ကို ကြည့်သည်။
" အွန်.. ဘာမှမဟုတ်ပါဘူး "
ရှန်ချန်းလင်က စိတ်နှင့်လူ ပြန်ကပ်သွားပြီး စားပွဲပေါ်တွင် မှောက်ကာ -
" စိတ်ထဲ နည်းနည်းလေး ထူးဆန်းနေလို့ "
" ဘာကို ထူးဆန်းတာလဲ? "
ဖုန့်ကျိုယဲ့က သူ့ဘေးနားထိုင်သည်။
" လုံးဝ ကိုယ်မသိတဲ့ သူစိမ်းနေရာတစ်ခုကို သွားရမှာလေ၊ ရင်ထဲမှာ နည်းနည်းတော့ ရတက်မအေးဘူးပေါ့ "
ရှန်ချန်းလင်က သူ့ကို ကြည့်ကာ -
" ပြီးတော့ အဲ့မှာ ပိုးဟပ်တွေ အများကြီး ရှိတယ်လို့လည်း ကြားဖူးတယ်လေ "
" အဲ့တာလည်း ချင်ရှောက်ယွီပြောတာပဲလား? "
ဖုန့်ကျိုယဲ့သည် အံကြိတ်၍ မေးလေ၏။
ရှန်ချန်းလင်က အရူးအမူး ခေါင်းညိတ်တော့သည်။
အမေရေ မြန်မြန်လေး သူ့ကို သွားရှာပြီး ချကြတော့လေ!
ဖုန့်ကျိုယဲ့သည် လက်ဝါးမြှောက်၍ ကျောက်သားစားပွဲခုံအား ရိုက်ခွဲလိုက်သည်။
ရှန်ရှောင်ရှို့ကား ခြေထောက်ကို ပိုက်၍ အူးအူးအားအား အော်ဟစ်တော့သည်။
" ခိုက်မိသွားတာလား? "
ဖုန့်ကျိုယဲ့၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားတော့သည်။
သောက်ပိုတွေ! မထိသွားရင် ငါက ဘာလုပ်ဖို့အော်နေတယ် ထင်လို့လဲ!
ရှန်ချန်းလင်သည် ရှူးရှူးရှဲရှဲဖြင့်။
အရိုးကျိုးသွားလို့ကတော့ ငါ မင်းနဲ့ အသက်ချင်း လဲပစ်မယ်!
" စောစော အနားယူ "
ဖုန့်ကျိုယဲ့က ထရပ်ပြီး အပြင်သို့ ထွက်သွားတော့သည်။
" ငါ မင်းကို မြန်မြန် ဂိုဏ်းအချုပ်ကို ပြန်ခေါ်သွားပေးမှာပါ။ အဲ့အချိန်ကျရင် မင်းသိလိမ့်မယ်၊ ငါတို့ အထွတ်အမြတ်ဂိုဏ်းက ဘယ်လောက်တောင် ထည်ဝါခမ်းနားပြီး တောက်ပကြီးကျယ်သလဲဆိုတာ! "
..........
ငိုး!
အကျိုးသက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားပြီဟ!
ရှန်ချန်းလင်သည် စိတ်ဆင်းရဲစွာဖြင့် ခုတင်ပေါ်တွင် ထိုင်ကာ ပါးကို မေးထောက်ပြီး သက်ပြင်းချလိုက်သည်။
ဘယ်သူက မင်းနဲ့ မိစ္ဆာဂိုဏ်းကို ပြန်လိုက်မှာလဲ။
ငါက မင်းကို ဟို ဘယ်သူ! ဘယ်သူ! ဘယ်သူ! နဲ့ သွားတိုက်ခိုက်စေချင်တာကို!
ဒါပေမဲ့ ပြောရရင်လည်း ဆယ်ရက်ကျော်တာတောင် ငါ့ကို ရှာမတွေ့သေးဘဲနဲ့ သူ့ကိုယ်သူ သူရဲကောင်းလို့ ပြောရဲသေးတယ်နော်!
ရှန်ရှောင်ရှို့သည် ခေါင်းအုံးကို ထိုဘယ်သူ! ဘယ်သူ! ဘယ်သူ! အဖြစ် အမှတ်ထား၍ ဖင်ခုထိုင်ပြီး ဖိပြားနေအောင် ဖိခြေထိုးကြိတ်ပစ်လိုက်တော့သည်။
တအားတအား ကလေးဆန်ပေမဲ့ တအားတအား ဒေါသထွက်နေလို့!
နှစ်ရက်ကြာသော် ရှောင်ဝူက ချင်ရှောက်ယွီထံ သတင်းပို့ တင်ပြလာသည်။ စွန်းတာ့က အခုတလော မြို့တံခါးမုခ်ဝတွေမှာ ပတ်ယောင်နေတတ်ကြောင်း၊ ကြည့်ရတာ ဘယ်အပေါက်က အစောင့်တပ်သားတွေ ပိုချောင်သလဲ လိုက်လေ့လာနေပုံရကြောင်း။
" သူ့ကို ဟာကွက်နည်းနည်းလောက် လုပ်ပြလိုက် "
ချင်ရှောက်ယွီက ဆိုသည်။
" အရမ်း မသိသာစေနဲ့ "
ကျောက်ဝူက ခေါင်းညိတ်၍ အမိန့်နာခံပြီး ထွက်သွားတော့သည်။ ရက်အနည်းငယ်ကြာသော် စွန်းတာ့က ဖုန့်ကျိုယဲ့အား တင်ပြလိုက်သည်။ မြောက်ဘက်ဂိတ်တံခါးရှိ ရဲမက်များသည် ခေါင်းဆောင်မရှိသဖြင့် အပေါ်ယံသာ စစ်ဆေးတော့ကြကြောင်း။
" ကျွေးယင်နန်းကလူတွေ ရှိလား? "
ဖုန့်ကျိုယဲ့က မေးသည်။
" အကုန် တပ်ဆုတ်သွားပါပြီ "
စွန်းတာ့က ဆို၏။
" ချင်ရှောက်ယွီက သည်ရက်ပိုင်း နည်းလမ်းပြောင်းပြီး နေရာချထားပါတယ်။ လူအများကြီးကို ခေါ်ပြီး နေ့တိုင်း မြို့ပြင်ထွက်ရှာနေပါတယ်ဗျ။ ကြည့်ရတာ သေအောင် လောနေပြီ ထင်တယ် "
" ငါတောင်းထားတဲ့ပစ္စည်းကရော? "
ဖုန့်ကျိုယဲ့က မေးသည်။
" သည်မှာပါ "
စွန်းတာ့သည် အိတ်ငယ်တစ်လုံး လှမ်းပေးလိုက်သည်။
" အထဲမှာ ရုပ်ပြောင်းရုပ်လွှဲ လုပ်တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေချည်းပဲ "
ဖုန့်ကျိုယဲ့က ခေါင်းညိတ်သည်။
" ပြင်ဆင်ထားလိုက်၊ ငါတို့ မနက်ဖြန်ည ထွက်ခွာမယ်! "
တကယ်လို့ ကျွေးယင်နန်း၏ လျှို့ဝှက်တပ်သားများသာ မြို့တံခါးကို မစောင့်နေပါလျှင် အနှီ ရုပ်ပြောင်းရုပ်လွှဲသည် သာမန်ရဲမက် ပြည်သူများက သိမြင်နိုင်မည် မဟုတ်ချေ။ မျက်နှာကြီးကို သူ့တို့အနားတိုးကပ်ပေးရင်တောင် သူတို့က ဘာမျှ တွေ့ရှိနိုင်မည် မဟုတ်ချေ။
ဒုတိယနေ့တွင် ချုံဟွားမြို့သည် ယခင်ကအတိုင်း တိတ်ဆိတ်အေးချမ်းလျက် ရှိဆဲသာ။ ရှန်ချန်းလင်သည် စိတ်နှင့်လူ မကပ်ဘဲ ဝက်ခြေထောက်ကို ကိုက်နေသည်။ ဖုန့်ကျိုယဲ့က သူ့ကို ဟင်းချိုတစ်ပန်းကန် လှမ်းပေးရင်း -
" အပူသက်သာစေတယ် "
ရှန်ရှောင်ရှို့သည် ရင်ထဲ၌သာ သက်ပြင်းချမိ၏။ ထို့နောက် စိတ်မပါလက်မပါနှင့် နှစ်လုတ်လောက် သောက်လိုက်သည်။ သောက်ပြီးတာနှင့် သူသည် စားပွဲပေါ်သို့ မှောက်ကျသွားကာ မူးမေ့သွားတော့လေသည်။
ဖုန့်ကျိုယဲ့က သူ့ကို ပွေ့ချီ၍ ခေါ်သွားပြီး ခုတင်ပေါ် တင်လိုက်သည်။
ရှန်ချန်းလင်သည် ရီဝေဝေဖြင့် မျက်လုံးများကို ရအောင် ဖွင့်ကြည့်သော်ငြား ခေါင်းထဲတွင် ရွှံ့ရေများ ပြည့်နေသလိုလို။ သူ့ကိုပဲ ကြည့်နေနိုင်၏။ သို့ပေမဲ့ လက်မောင်းတောင် မမြှောက်နိုင်ပါချေ။
ဖုန့်ကျိုယဲ့သည် သူ့ခါးစည်းကြိုးကို ဖြေလိုက်ပြီး အပေါ်ဝတ်ရုံကို ချွတ်ပေးလိုက်သည်။
ရှန်ချန်းလင်သည် မျက်သားများ ရဲတက်လာပြီး ခန္ဓာကိုယ်ကတောင် တုန်ယင်လာ၏။
" ငါ မင်းကို ထိမှာ အဲ့လောက်တောင် ကြောက်သလား? "
ဖုန့်ကျိုယဲ့က အေးစက်စက် ရယ်သည်။
ရှန်ချန်းလင်မှာ မျက်လုံးများ ပြန်မှေးမှိတ်သွားတော့၏။ ရင်ထဲတွင်တော့ မုန်းတီးစက်ဆုပ်ခြင်းများ အပြည့်ပင်။
ဖုန့်ကျိုယဲ့သည် အိတ်တစ်အိတ်ကို ဖွင့်ကာ အထဲကနေ အမျိုးသမီးဝတ်စုံတစ်စုံ ထုတ်လာပြီး သူ့ကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်၏။
ရှန်ချန်းလင်၏ ခန္ဓာကိုယ်က အစောကြီးကတည်းက သေးငယ်ပိန်သွယ်ပြီး အသားအရေ ဖြူနုနေရာ အပြင်လူများ ကြည့်လျှင်လည်း သိပ်ပြီး ထူးထူးခြားခြား ကွဲပြားမှု မရှိချေ။
အဝတ်အစားများ လဲလှယ်ပေးပြီးနောက် ဖုန့်ကျိုယဲ့သည် ကြွေပုလင်းငယ်လေးတစ်ခုကို ယူပြီး မျက်နှာပေါ်တွင် အေးစက်စက် ဆေးမှုန့်များ ဖြူးလိုက်၏။ ထို့နောက် ကိုယ်ကို ကိုင်း၍ သူ့ကို စေ့စေ့စပ်စပ် အသေးစိတ် မျက်နှာဖုံး အစိတ်အပိုင်းများ တပ်ပေးတော့သည်။
ရှန်ချန်းလင်သည် သတိရတစ်ချက်၊ မရတစ်ချက်ဖြင့်။
ဒါက မိမိကို ခေါ်ပြီး မြို့ပြင်ထွက်တော့မလို့လား?
နားထဲတွင် ဆူညံသံများ ကြားနေရပြီး အိပ်ချင်ပေမဲ့ အိပ်မပျော်နိုင်သလိုပင်။ ခေါင်းများ ကွဲထွက်မတတ် ကိုက်ခဲနာကျင်နေပြီး ပါးစပ်ဟလိုက်တာနှင့်လည်း အန်ထွက်တော့မလိုပင်။
" ဂိုဏ်းချုပ် "
စွန်းတာ့က တံခါးခေါက်သည်။
" အခု ထွက်ခွာတော့မလားဗျ? "
ဖုန့်ကျိုယဲ့သည် ကြေးမုံရှေ့တွင် ထိုင်နေပြီး မျက်နှာဖုံးကို ပြင်ဆင်လိုက်ရာ သည်ဘက်ပြန်လှည့်လာသော် ဆေးဆိုင်မှ စားပွဲထိုး အစေခံသာသာ အသွင်အပြင် ဖြစ်သွားတော့၏။
ညက တဖြည်းဖြည်း နက်လာ၏။ ရထားလုံးငယ် တစ်စီးသည် ဆေးဆိုင်ကနေ ထွက်ခွာလာခဲ့ပြီး မြောက်ဘက် မြို့တံခါးသို့ ဦးတည်နေ၏။ စိမ်းပြာရောင် လမ်းခင်းကျောက်များထက်တွင် ရထားလုံးဘီးခြေရာများ အတန်းလိုက် ဖျော့ဖျော့ထင်ကျန်နေသည်။
" ရပ်စမ်း ရပ်စမ်း! "
မြို့တံခါးအဝတွင် စောင့်သော ရဲမက်သည် နဂိုက တစ်ရေးနှပ်နေသော်ငြား အသံပလံကြားမှ သမ်းဝေရင်း ထလာသည်။
" ရဲမက်ကြီး၊ ကျွန်တော်ပါဗျ "
စွန်းတာ့က လှည်း၏ လိုက်ကာစကို မ၍ ခုန်ဆင်းလာသည်။
" ချီရန်တရုတ်တိုင်းရင်းဆေးဆိုင် ပိုင်ရှင်စွန်းပါဗျာ "
" သြော်.. ခင်ဗျားကိုး "
ရဲမက်က ရထားလုံးကို ညွှန်ပြသည်။
" အထဲမှာ ဘယ်သူတွေ ရှိနေသေးလဲ? "
" ကျွန်တော့်ရဲ့ အမျိုးသမီးပါ "
စွန်းတာ့က ဆိုသည်။
" မူလက ဦးလေးရဲ့ မွေးနေ့ကို အတူသွားဖို့ လုပ်ထားတာကို၊ အခုအချိန်မှာမှ အအေးမိပြီး ကွက်တိနေမကောင်း လာဖြစ်နေတယ်လေ။ ကံကောင်းလို့ ကြီးကြီးမားမားတော့ မဖြစ်ပါဘူး။ အခု ဆေးသောက်ပြီး ရထားလုံးထဲမှာ နားနေတော့ တစ်ညကုန်သွားရင် သက်သာပါပြီ "
" စစ်ဆေးဦးမယ် "
ရဲမက်က ရထားလုံး ဘီးလုံးကို ခေါက်ကာ အသံကျယ်ကျယ် ပြောလိုက်သည်။
" အစ်မကြီးရေ၊ အပြစ်ပြုမိပါပြီနော့ "
" ဘာမှမဖြစ်ဘူး၊ စစ်ပါ စစ်ပါ "
စွန်းတာ့က ခန်းစီးကို လှန်ပေးလိုက်သည်။ ရှန်ချန်းလင်သည် ခုတင်တစ်လုံးပေါ်တွင် လှဲလှောင်းနေပြီး ရုပ်အသွင်ဖျက်ထားခြင်းကြောင့် ကြည့်လိုက်လျှင် ဖျားနာနေသော အသက်လတ်ပိုင်း မိန်းမတစ်ဦးနှင့် တူ၏။ သာမန်ရုပ်ရည်နှင့် ခြောက်သွေ့အသက်မဲ့နေသာ အကြည့်များအောက်တွင် မည်သူကမျှ ဟိုးလေးတကျော် လူသိများ ထင်ရှားလှသော ရှန်သခင်လေးနှင့် တွဲပြီး မြင်ယောင်မိမည် မဟုတ်ချေ။
ဖုန့်ကျိုယဲ့သည် လှည်းမောင်းသူ နေရာတွင် ထိုင်နေပြီး တစ်လျှောက်လုံး စကားမပြောချေ။ လက်ထဲတွင်တော့ မြင်းနှင်တံကို တင်းတင်းဆုပ်ကိုင်ထား၏။
ရှန်ချန်းလင်သည် ဘာမျှလည်း ပြောလို့မရ။ လှုပ်လို့လည်း မရ။ သို့ပေမဲ့ နားကတော့ ကြားနေရသေးသည်။ ရင်ထဲတွင်လည်း ချင်ရှောက်ယွီတစ်ယောက် ဝါးကနဲ ထွက်ပေါ်လာဖို့ အင်မတန် မျှော်လင့်နေမိ၏။
" ရပြီ၊ ရပြီ၊ သွားတော့ "
ရဲမက်က ခန်းစီးကို ပြန်ချကာ -
" ခရီးထွက်ခွင့်ပြုလိုက်ပြီ "
ဖုန့်ကျိုယဲ့သည် အသက်ရှုချောင်သွားပြီး မြင်းလှည်းမောင်း၍ မြို့ပြင်ထွက်သွားတော့၏။
ရှန်ချန်းလင်ကား မျှော်လင့်ချက်မဲ့သွားသည့်နှယ် မျက်လုံးကို ညင်ညင်သာသာ မှေးမှိတ်လိုက်သည်။
မျက်ရည်တစ်စက်ကား ပါးပြင်တစ်လျှောက် စီးဆင်းလာပြီး အနည်းငယ် အေးစက်နေ၏။
မြင်းလှည်းသည် မြို့ပြင် လမ်းကြားလေးအတိုင်း ဆက်လက်ရွေ့လျားနေ၏။ လရောင်သည် ကြည်လင်တောက်ပနေပြီး လမ်းဘေးရှိ သစ်ရွက်ခြောက်များမှာ အရုပ်ဆိုးစွာ ထင်းလင်းနေသည်။
" မိုင်အနည်းငယ်လောက် ထပ်သွားလိုက်ရင် တပည့် လူလွှတ်ပြီး မြင်းနဲ့ အဿပြာငွေ ပြင်ဆင်ထားပြီပါပြီ "
စွန်းတာက ဆိုသည်။
" ပြီးတော့ လက်ယာရံ တမန်တော်ကိုလည်း လာကြိုဖို့ အကြောင်းကြားထားပြီးပါပြီ "
" စီစဉ်ထားတာ မဆိုးဘူး "
ဖုန့်ကျိုယဲ့က ခေါင်းညိတ်သည်။
" ပြီးရင် မင်းလည်း ချုံဟွားမြို့ကို ပြန်မနေနဲ့တော့။ ငါတို့နဲ့ တစ်ခါတည်း ဂိုဏ်းအချုပ်ကို လိုက်ခဲ့လိုက်တော့ "
" ဟုတ်ကဲ့ "
စွန်းတာ့သည် အင်မတန် ဝမ်းမြောက်ပျော်ရွှင်သွားသည်။ သို့ရာ စကားများများပြောဖို့ပင် အချိန်မရလိုက်ဘဲ ရထားလုံးက ရုတ်ခြည်း ကျွီကနဲ အသံမြည်လျက် ရပ်တန့်သွားသည်။
ရှန်ချန်းလင်၏ခေါင်းမှာ လှည်းနံရံဖြင့် စောင့်မိပြီး ပို၍ မူးဝေလာတော့၏။
" ဘာဖြစ်တာလဲ? "
စွန်းတာ့က မျက်မှောင်ကြုတ်သည်။
" ဘာမှမဖြစ်ပါဘူး။ ရှေ့မှာ မြွေတစ်ကောင် ရှိနေလို့ "
ဖုန့်ကျိုယဲ့က ခပ်အေးအေးပြောသည်။
စွန်းတာ့လည်း သေချာကြည့်လိုက်သော် အဟုတ်ပင် ရှေ့က သစ်ပင်ကိုင်းတစ်ခက်ပေါ်တွင် သုံးလေးမီတာလောက် ရှိမည့် မြွေကြီးတစ်ကောင် တွဲလျောင်းကျနေ၏။ လျှာကို ထုတ်၍ တရှဲရှဲ မာန်မဲနေသေးသည်။
ဖုန့်ကျိုယဲ့သည် မြားပျံတိုတစ်ချောင်းဖြင့် အနှီ နီရဲနေသော အမောက်ဖြင့် မြွေကို ပစ်ပေါက်သတ်ပစ်လိုက်သည်။
" မြေကြီးပေါ်မှာလည်း ရှိသေးတယ်! "
စွန်းတာ့က ရှေ့ကို လက်ညှိုးထိုးပြသည်။
ဖုန့်ကျိုယဲ့သည် မျက်မှောင်ကြုတ်၍ ကြည့်လိုက်သော် မဝေးလှသော မြက်ခင်းထဲတွင် အနည်းဆုံး ဆယ်ကောင်လောက်ရှိသော မြွေအုပ်ကြီးက ရစ်ထွေးလှုပ်ခတ်နေသည်။ မြင်ရသူအဖို့ ကျောချမ်းစရာ ကောင်းလှ၏။
" ကြည့်ရတာ မြွေအုပ်နေရာပြောင်းတာ ထင်တယ်။ သည်ဘက်တစ်ကြောက စွတ်စိုပြီး အုံ့မှိုင်းတယ်။ ခဏခဏ သည်လိုကိစ္စမျိုး ကြုံတတ်တယ်လေ "
စွန်းတာ့က ဆိုသည်။
" ရှေ့မှာဆို ပိုတောင် များဦးမလား မသိဘူး။ ကျွန်တော်တို့ တခြားလမ်းပြောင်းပြီး သွားမလား? "
" မောင်းထုတ်လိုက်ရင် ဖြစ်တာပဲ "
ဖုန့်ကျိုယဲ့က မြင်းကြိုးကို လွှတ်ကာ မြင်းလှည်းပေါ်ကနေ ခုန်ချလိုက်တော့သည်။
ထိုတဒင်္ဂလေးအတွင်း၌ အခိုးအငွေ့များပေါက်ကွဲ ထွက်လာသော ခဲယမ်းများသည် မြင်းလှည်းထံသို့ ပစ်ပေါက်ခြင်း ခံလိုက်ရ၏။ နှစ်ချက်သုံးချက် မြည်ဟီးပြီးသော် အနားပတ်ဝန်းကျင်ကား တိတ်ဆိတ်ခြင်းအတိ။ အဖြူရောင် မြူခိုးများအတိ။
" ချုံခိုတိုက်ခံရပြီ! "
စွန်းတာ့က အလန့်တကြား အော်ဟစ်လိုက်တော့သည်။
ချင်ရှောက်ယွီသည် သစ်ပင်ထက်မှ ပျံသန်းဆင်းသက်လာပြီး ဓားရှည်တစ်လက်သည် အလင်းအလျင်ဖြင့် မြင်ကွင်းထဲသို့ ထိုးဖောက် ဝင်ရောက်လာတော့သည်။
ဖုန့်ကျိုယဲ့သည် တိမ်းရှောင်လိုက်ပြီး ရထားလုံးပေါ်သို့ အမြန်သွားကာ လူလုယူရန် ပြင်လိုက်သော်ငြား ဟွားထန်က အရင် မြင်းကျောပြင်ထက် ခုန်တက်ပြီး လက်တစ်ဖက်တည်းဖြင့် မြင်းကို ကျာပွတ်ဖြင့် ခတ်၍ တခြားလမ်းခွဲသို့ မောင်းထွက်သွားတော့လေသည်။
စွန်းတာ့သည် နောက်ကနေ လိုက်သွားချင်သော်ငြား နားရွက်အနားသို့ ရုတ်ခြည်းလေသံများ တိုးကပ်လာပြီး သူကိုယ်တိုင်က မတုံ့ပြန်နိုင်လိုက်သေးခင်တွင် နားရွက်တစ်ဖက် ပြတ်ထွက်သွားချေပြီ။
ကျောက်ဝူသည် လက်တစ်ဖက် ဓားကိုင်ထားလျက်ဖြင့် ငြိမ်သက်စွာ မြေပြင်ပေါ် ဆင်းသက်လိုက်လေ၏။
ခပ်လှမ်းလှမ်းမှ သတ်ဖြတ်ရန် ဆူပူအော်ဟစ်သံများကို ကြားနေရပြီး တောလမ်းကြား၌ မီးတုတ်များ ထိန်ထိန်လင်းလာသည်မှာ နေ့ခင်းအလားပင်။ ရဲမက်များဖြစ်ကြောင်း အသိအသာ။ သည့်ထက် အချိန်ပိုဆွဲထားလျှင် မိမိအတွက် အကျိုးမရှိသောကြောင့် ဖုန့်ကျိုယဲ့က နောက်လှည့်ထွက်ပြေးရန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး -
" မင်း ငါနဲ့ ဆက်တိုက်ခိုက်ပြီး အချိန်ဆွဲနေရင် မင်းရဲ့ အိမ်တံခါးတောင် မကျော်ရသေးတဲ့ ချစ်ဇနီးလေးက အဆိပ်ပျံ့ပြီး သေသွားလောက်ပြီ "
ချင်ရှောက်ယွီက အေးတိအေးစက် ရယ်လျက်။
" မင်းလိုချင်တဲ့ ပစ္စည်းမှ မရသေးတာ။ မင်းလား သူ့ကို အဆိပ်ကျွေးရက်မှာ? "
" ရှစ်ရှင်း အမှုန့်လေး နည်းနည်းပါပဲ "
ဖုန့်ကျိုယဲ့က ဆိုသည်။
" မသေပါဘူး။ ဒါပေမဲ့ အချိန်မီ ဖြေဆေးမပေးနိုင်ရင် သေတာနဲ့တော့ ဘယ်လောက်မှ သိပ်မကွာဘူး "
ထိုစကားကို ကြားသော် ချင်ရှောက်ယွီ၏ မျက်နှာတစ်ခုလုံး စိမ်းပုပ်သွားရတော့သည်။ ရှစ်ရှင်း ဆေးမှုန့်သည် သိုင်းလောကထဲ၌ အောက်တန်းအကျဆုံးသော အဆိပ်တစ်မျိုး ဖြစ်သည်။ အဆိပ်မမိခင်နှင့် မိပြီးနောက် ဘာကွာခြားမှုမျှ မရှိ။ အဆိပ်ထကြွချိန်တွင်လည်း အသက်အန္တရာယ် မရှိနိုင်။ သို့ပေတည့် လူကို မသေမရှင် ဖြစ်အောင် ခံစားရစေသည်လေ။ များသောအားဖြင့် အပြစ်သားများအား အတင်း ထွက်ဆိုဝန်ခံစေသောအခါ သုံးတတ်သည်။
" ယုံတာ မယုံတာကတော့ မင်းသဘောပဲ "
ဖုန့်ကျိုယဲ့သည် မျက်ခုံးပင့်ကာ ပြော၏။
" သူ နာကျင်ခံစားရမှာ ကြည့်ရက်တယ်ဆို ငါနဲ့ သည်မှာ ဆက်ပြီး အချိန်ဖြုန်းနေလိုက်ပေါ့ "
ချင်ရှောက်ယွီသည် အားပြင်းပြင်းဖြင့် ဓားတစ်ချက် ဝှေ့ရမ်းလိုက်သည်။
ပတ်ပတ်လည်က ကျောက်တုံးများပင် ကွဲထွက်သွား၏။ မြေကြီးတောင် တုန်နေသယောင်ယောင်။ ဖုန့်ကျိုယဲ့ကလည်း ဖျတ်ကနဲ ရှောင်ပုန်းကာ တောနက်ကြီးထဲသို့ လျင်မြန်စွာ ဝင်ပြေးသွားတော့သည်။
ချင်ရှောက်ယွီက ခြေလှမ်းနှစ်လှမ်းမျှ လိုက်သွားပြီးနောက် အဆုံးမှာ မတတ်နိုင်စွာဘဲ ရပ်တန့်လိုက်တော့သည်။ သူသည် ချက်ချင်း တခြားသော ဦးတည်ရာသို့ ပျံသန်းသွားလိုက်တော့၏။
သစ်တော၏ အလယ်တွင် မြေနေရာ အလွတ်တစ်ခု ရှိနေသည်။ ကျွေးယင်နန်းမှ ဂိုဏ်းသားများသည် အတွင်းသုံးထပ်၊ အပြင်သုံးထပ်၊ အထပ်ထပ် ကာရံလျက် အလယ်အကျဆုံး အတွင်းထဲရှိ မြင်းရထားလုံးတစ်စီးကို စောင့်ကြပ်နေ၏။
" ဘယ်လိုလဲ? "
ချင်ရှောက်ယွီက ကပျာကယာ ရောက်လာသည်။
" ရှန်သခင်လေး ဟုတ်ပါတယ် "
ဟွားထန်က လက်ထဲက မျက်နှာဖုံးတစ်ခုကို ယူ၍ -
" မူးမေ့နေတုန်းပဲ ရှိသေးတယ်၊ ကြည့်ရတာ အိပ်မွေ့ချဆေးတိုက်ထားတာ ထင်တယ် "
" အဆိပ်မိနေတာမျိုး ရှိလား? "
ချင်ရှောက်ယွီက ခန်းစီးကို မ၍ လှည်းပေါ်တက်လိုက်သည်။
" မရှိပါဘူး "
ဟွားထန်က ဆိုသည်။
" တပည့် စစ်ဆေးကြည့်ပြီးသွားပါပြီ။ ပုံမှန်ပါပဲ "
ဒါ့အပြင့်....... တော်တော်လေးတောင်...... ဝ,လာသလိုပဲ! ! ! !
ချင်ရှောက်ယွီသည် ထိုစကားကြားသည့်တိုင် စိတ်မချနိုင်ဘဲ သူ့လက်ကောက်ဝတ်ကနေ ကိုယ်တိုင် သွေးကြော စမ်းသပ်ကြည့်နေ၏။ အတော်လေးကြာမှသာ သက်ပြင်းချလိုက်နိုင်တော့လေသည်။
ကံကောင်းလို့ ဖုန့်ကျိုယဲ့က သည်လိုစကားမျိုး လျှောက်ပြောပြီး သူ့ကို လိမ်ညာလှည့်ဖြားရုံနေလို့သာပေါ့။ တကယ်သာဆိုရင် ထပ်ပြီး နာကျင်ဒုက္ခခံရပြီး ရင်ကျိုးရမှာ!
ဟွားထန်က အလိုက်သိစွာပင် နှစ်ယောက်သားအတွက် ခန်းစီးကို ဆွဲချပိတ်ပေးပြီး ဆင်းသွားတော့သည်။
ရှန်ချန်းလင်၏ မျက်တောင်များသည် တဆတ်ဆတ် တုန်ယင်နေ၏။ အိပ်ပျော်နေသယောင်ရှိသော်ငြား အတော်လေး စိတ်မလုံမခြုံဖြစ်နေပုံ။
ချင်ရှောက်ယွီက သူ့ပါးလေးကို ပွတ်သပ်ကာ လူကို ရင်ထဲထည့်ပြီး တင်းတင်းညှစ်ဖက်ထားမိတော့သည်။
" အွန်း..... "
ရှန်ချန်းလင်က ညည်းညူကာ အနည်းငယ် ရုန်းကန်ချင်လာသည်။
ချင်ရှောက်ယွီသည် ရင်ဘတ်ထဲကနေ စိတ်နှလုံးကြည်စေသော ဆေးတစ်ပုလင်း ထုတ်ယူလိုက်ပြီး သူ့နှာဖျားအနား ထားပေးလိုက်၏။
" ဟတ်ချိုး! "
ရှန်ရှောင်ရှို့သည် နောက်ဆုံးတော့ ဟတ်ချိုးချေ၍ ခေါင်းနည်းနည်း ကြည်လင်လာတော့သည်။ တကယ်တော့ ခုနကအထိ သူသည် မူးဝေဝေဖြင့် အသိစိတ်ရှိနေဆဲ ဖြစ်သည်။ ခေါင်းကတော့ အလွန်အမင်း ကိုက်ခဲနေသဖြင့် လက်ရှိနှင့် အိပ်မက်အား မခွဲခြားနိုင်ခြင်းသာ။
" သတိရပြီလား? "
ချင်ရှောက်ယွီက သူ့ကို အပြုံးစွက်၍ ကြည့်နေသည်။
ရှန်ချန်းလင်က မျက်လုံးလေးများ ပုတ်ကလက် ပုတ်ကလက်နှင့် အူတူတူလေး သူ့ကို မော့ကြည့်၏။
" နောက်တစ်ကြိမ် သည်လိုမျိုး ထပ်ဖြစ်ခွင့် မပြုတော့ဘူးနော် "
ချင်ရှောက်ယွီက သူ့ဗိုက်ကလေးကို တောက်ကာ အသံက နွေးထွေးနူးညံ့ခြင်းများနှင့် အလိုလိုက်ကြင်နာခြင်းများ ပြည့်နှက်နေ၏။
" သိရဲ့လားလို့၊ ဝတုတ်ကလေး? "
မင်းတို့ တစ်အိမ်လုံးပဲ ဝ, သိရဲ့လား!
မင်းက ပြောရဲသေးတယ်! ! ! ! !
ရှန်ချန်းလင်သည် အသက်ဝ,ဝ ရှူလိုက်ပြီး -
" မင်းဆိုတဲ့ လူယုတ်မာကောင်! "
အရမ်းအားနည်းနေပေမဲ့လည်း အရမ်းစိတ်ကြီးတယ်နော်!
မင်းနှမကြီး ဝ,ပါလား! ! ! ! ! ! ! !
_________________
3.4.2022(Sun)
_________________
You are reading the story above: TeenFic.Net