Chapter 9

Background color
Font
Font size
Line height


ရှီဖုန်းက သူ့မှာဖြစ်နေတဲ့ ဟေ့ယန်ရှန်းနဲ့ပတ်သက်တဲ့ ခံစားချက်တွေကိုတောင် သေချာမဆန်းစစ်နိုင်သေးခင်မှာ လုရှောင်မေ့ဆီက ဖိတ်စာတစ်စောင် လက်ခံရရှိတယ်။
ရှီဖုန်းက ထိုဖိတ်စာကို လက်ခံရရှိထားပေမဲ့ အတွေးတွများများစားစားမဖြစ်မိ။ အခုအချိန်မှာ လုရှောင်မေ့နဲ့ပတ်သက်တဲ့ သူ့ခံစားချက်တွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။ သူဖိတ်စာကို အချိန်အကြာကြီး ဆုပ်ကိုင်ထားရင်းနဲ့ လမ်းပျောက်သလိုခံစားနေရပြီး ရုတ်တရက် ဖိတ်စာကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ လုရှောင်မေ့က သူ့ကို တကယ်ခက်ခဲစေချင်နေတာပဲ။ သူ့မင်္ဂလာပွဲဖိတ်စာတောင် ပို့ရဲသေးတယ်။

ဒါပေမဲ့ ရှီဖုန်းက ပုံရိပ်ထိန်းသိမ်းတဲ့ နေရာမှာ အတော်ကောင်းတယ်မလား။ အဲဒီတော့ သူဖိတ်စာရပြီးပြီမို့ တကယ်တက်ဖြစ်မှာဖြစ်တယ်။ ကုမ္ပဏီကလူတိုင်း လုရှောင်မေ့နဲ့ ရင်းနှီးတဲ့သူတွေရော မရင်းနှီးတဲ့သူတွေရော အားလုံးကိုဖိတ်တယ်လို့ သူကြားခဲ့တယ်။ ရှီဖုန်းဌာနက လူတွေကတော့ မပျော်ရွှင်ကြ။ သူတို့က မင်္ဂလာလက်ဖွဲ့အတွက် လက်ဖွဲ့ငွေ့စုကြဖို့ ပြောလာတဲ့အခါ ရှီဖုန်းလည်း ပါဝင်လိုက်တယ်။

မင်္လာပွဲနေ့မှာ ရှီဖုန်းက ရွှီချင်းနဲ့အတူ သွားလိုက်တယ်။

အစကတော့ ရှီဖုန်းက မပျော်မရွှင်ဖြစ်နေတယ်။ သူဘာလို့ ဒီလိုခံစားနေမိမှန်းလည်း နားမလည်ဘူး။ သူက အမြဲလိုလို သူနဲ့ ရွှီချင်းကြားက ဆက်ဆံရေးကို တခြားသူတွေဆီ ကြေညာဖို့ စိတ်အားထက်သန်ခြင်း မရှိခဲ့ဘူး။ သို့ပေမဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက တစ်ဝက်တစ်ပျက်တော့ အသိအလင်းဖြစ်ပြီးသားဖြစ်တယ်။ သူတို့နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သိထားပြီးသားဖြစ်တာကြောင့် ဆက်ဖုံးထားစရာမလိုတော့။

ရှီဖုန်းရဲ့ အင်တင်တင်အမူအရာကိုတွေ့တဲ့အခါ ရွှီချင်းက အေးစက်နေတဲ့ မျက်နှာထားနဲ့ မေးခဲ့ဖူးတယ်။

“ ကျွန်မနဲ့ ပတ်သက်မှုက ရှင့်ကို အရှက်ရစေတာလား?”

အဲဒီစကားကို ကြားတဲ့အခါ ရှီဖုန်းကြောင်သွားပေမဲ့ ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“ ဘယ်လိုဖြစ်နိုင်မှာလဲ? အဆင်မပြေတာမျိုး မရှိဖူးဘူး”

ရွှီချင်းက စိတ်ဆိုးနေတုန်းပဲဖြစ်ကာ အိတ်ကိုကောက်ယူလို့ ထွက်သွားတယ်။

“ ရှင် တခြားသူတွေကို မဖွင့်ပြချင်ဘူးဆိုလည်း လမ်းခွဲကြတာပေါ့။”

ရှီဖုန်းက သူ့ဆံပင်တွေကို ထိုးဖွကာ နေ့တစ်ဝက်လောက် စိတ်မသက်မသာဖြစ်သွားတယ်။ နောက်ဆုံးတော့ သူက ပန်းစီးတစ်စည်းဝယ်ကာ ကုမ္ပဏီဆီယူသွားပြီး ရွှီချင်းကိုပေးတယ်။ အဲဒီအချိန်မှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့နှစ်ယောက်ကို ဝန်းရံထားတယ်။

ရွှီချင်းက စိတ်ပြန်ပြေသွားပြီဖြစ်တာကြောင့် ပန်စည်းကို လက်ခံရင်းနဲ့ ရှီဖုန်းကို ဖက်ကာနမ်းတယ်။

လူတိုင်းက လက်ခုပ်တီးပေးနေကြတယ်။
ဒီမြင်ကွင်းက ရွှီချင်းတို့ရုံးခန့်ရှေ့ ကော်ရီဒါမှာဖြစ်တယ်။ ရွှီချင်းက သူ့ကို နမ်းနေတဲ့အချိန်မှာ တဖက်ရုံးခန်းကနေ ဟေ့ယန်ရှန်းက စာရွက်တစ်ရွက်ကိုင်ပြီး ထွက်လာတာကို ရှီဖုန်းတွေ့လိုက်တယ်။ သူ့က လန့်သွားကာ ရွှီချင်းကို တွန်းထုတ်လိုက်မိတော့မလို့ထိ ဖြစ်သွားတယ်။ သို့ပေမဲ့ သူ့အသိစိတ်က ထိန်းလိုက်နိုင်တာကြောင့် တော်သေးတယ်။

ဟေ့ယန်ရှန်းက သူတို့ဘက် မော့ကြည့်လိုက်တဲ့အခါ ရွှီချင်းရဲ့လက်ထဲက နှင်းဆီပန်းစီးကြီးကို တွေ့လိုက်ရတယ်။ သူက ဘာမှမပြောဘဲ ဘေးကနေ တိတ်တဆိတ်ဖြတ်သွားတယ်။

ဟေ့ယန်ရှန်းက ဖြတ်သွားနေရင်းနဲ့ သူနှုတ်ခမ်းတွေက ပြုံးနေသလို အပေါ်ဘက်ကို အနည်းငယ် တွန့်ကွေးနေတာကို ရှီဖုန်းတွေ့လိုက်ရတယ်။ သူ့စိတ်အခြေအနေက အကြောင်းပြချက်မရှိ ထိုးကျသွားတယ်။ ဟေ့ယန်ရှန်းနောက်ကျောကို လိုက်မကြည့်မိဖို့ သူ့ကိုယ်သူအတင်းထိန်းလိုက်ရတယ်။

သူနဲ့ ရွှီချင်းရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ချပြပြီးနောက်မှာတော့ လုရှောင်မေ့ရဲ့ မင်္ဂလာပွဲကို သူတို့နှစ်ယောက်အတူသွားတာက ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်တယ်။

မင်္ဂလာပွဲက စနေနေ့မှာဖြစ်ကာ ရှီဖုန်းက အရင်ညကတည်းက အဝတ်အစားတွေကို ရွေးချယ်ထားခဲ့တယ်။ လုရှောင်မေ့ကို သူ့မှာကောင်မလေးရှိနေပြီဆိုတာကို သိအောင်လုပ်တာကလည်း ကောင်းတာပဲလို့တွေးလိုက်တယ်။ တဖက်လူက သူ့ကို အထင်သေးနေသေးတာလည်း ဖြစ်နိုင်တယ်မလား?
ဒါပေမဲ့ သူဟေ့ယန်ရှန်းနဲ့ပတ်သက်ပြီး တွေးမိတဲ့အခါ စိတ်ဓာတ်ပြန်ကျသွားတယ်။ သူ့ရဲ့ အစောပိုင်း ထင်မြင်ချက်တွေက အနည်းငယ် ပြသနာရှိနေလောက်တယ်လို့ ထင်မြင်မိလာတယ်။

သူ တဖြည်းဖြည်းနဲ့ ဟေ့ယန်ရှန်းရဲ့ သူ့အပေါ် သဘောထားတွေကို နားမလည်လာတော့ဘူး။ သူက အစကတည်းက ဟေ့ယန်ရှန်းကို အထင်မှားခဲ့မိတာများလား? ဒါမှမဟုတ် အများကြီး ကြုံတွေ့ခဲ့တဲ့နောက်မှာ ဟေ့ယန်ရှန်းက သူ့အပေါ် ခံစားချက်တွေ အားလုံးကို ဖယ်ရှားလိုက်တာများလား?

သူ့စိတ်ထဲ တစ်ခုခုကို ကြောက်ရွံ့နေမိတာနဲ့ တစ်ပြိုက်နက်တည်းမှာပဲ သူက ဟေ့ယန်ရှန်းကို ပုံမှန်မဟုတ်စွာ ဂရုစိုက်နေမိလွန်းတယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ တစ်ချို့ အကြောင်းပြချက်တွေကြောင့် ပြန်ရုန်းထလာလို့ မရမဲ့ အသူရာ ချောက်နက်ကြီးထဲ ပြုတ်ကျသွားမှာကို စိုးရိမ်သကဲ့သို့ ထပ်နက်ရှိုင်းအောင်တော့ ဆက်မတွေးရဲတော့။

လုရှောင်မေ့ရဲ့ မွေးနေ့မှာ ရှီဖုန်းက ဧည့်ခံပွဲဆီ ရွှီချင်းနဲ့အတူသွားလိုက်တယ်။

ဧည့်သည်တော်တော်များများက သူတို့ကုမ္ပဏီကတွေပဲဖြစ်တယ်။ ယောက်ျားလေး လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရှီဖုန်းကို သူနဲ့အတူထိုင်ဖို့ လှမ်းနှုတ်ဆက်တယ်။ ရွှီချင်းက သူ့လက်မောင်းပေါ် ဆုပ်ကိုင်လိုက်ကာ ‘မသောက်ရဘူး’ လို့ပြောလာတယ်။ နောက်ဆုံးတော့ သူမက ရှီဖုန်းကို သူမနဲ့အတူ မိန်းကလေးလုပ်ဖော်ကိုင်ဖက်တွေရှိတဲ့ ဝိုင်းမှာ အတူထိုင်စေတယ်။

ရှီဖုန်းက အနည်းငယ် စိတ်ညစ်ညူးသွားပေမဲ့ လူတွေရှေ့မှာတော့ ရွှီချင်းနဲ့ မငြင်းခုံချင်တော့တာကြောင့် သူမအလိုကျပဲ သွားထိုင်လိုက်တယ်။ သူတို့ထိုင်ပြီးတာနဲ့ တပြိုင်နက် ဝိုင်းက အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေက သူတို့နှစ်ယောက်ကို စနောက်ကြကာ သတင်းကောင်းများလာဖို့ ရှိတော့မလားတွေ မေးကြတယ်။ ရှီဖုန်းက ပိုလို့တောင် စိတ်မသက်မသာဖြစ်လာတယ်။

သူ ၅မိနစ်လောက်တောင် မထိုင်ရသေးခင် မင်္ဂလာပွဲမစတင်ရေးသေးတဲ့အချိန်မှာ ရင်းနှီးတဲ့ ခပ်အက်အက် အသံကို သူ့နောက်ဘက်ကနေ ကြားလိုက်ရတယ်။

ရှီဖုန်းက ချက်ချင်းနောက်ကို လှည့်ကြည့်မိတဲ့အခါ သူတို့စားပွဲနဲ့ သိပ်မဝေးတဲ့ နေရာမှာ ဟေ့ယန်ရှန်းက ရပ်လျက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။ အကြာကြီးပြောတာတော့မဟုတ်။ သိပ်မကြာခင်မှာပဲ ဟေ့ယန်ရှန်းက ခေါင်းညိတ်နှုတ်ဆက် နေတာကို‌ တွေ့ရတယ်။ ပြီးနောက် ထိုင်ဖို့ နေရာရှာသလိုမျိုး အထဲဘက်ကို ဝေ့ကြည့်လာတယ်။ ရှီဖုန်းက သူ့ဘေးမှာ ထိုင်ဖို့ နေရာရှိသေးတာကို တွေ့တယ်။ သူက မသိစိတ်အလျောက် ဟေ့ယန်ရှန်းကို ခေါ်ဖို့လုပ်မိပေမဲ့ ဟေ့ယန်ရှန်းက သူ့ကိုတစ်ချက်မှ မကြည့်ဘဲ သူတို့ ဘဏ္ဍာရေးဌာနက ဝန်ထမ်းတစ်ယောက်နားမှာ သွားထိုင်လိုက်တယ်။

“ဟေး” ရွှီချင်းက သူ့လက်မောင်းကို တိုက်ပြီး ခေါ်လာတယ်။

အဲ့ကျမှ ရှီဖုန်း ပြန်သတိကပ်သွားကာ “ ဘာလဲ?”

“ ကျွန်မစကားပြောနေတာကို ကိုကိုက ဘာလို့ စိတ်လွင့်နေရတာလဲ?”

ရှီဖုန်းက ခေါင်းခါတယ်။ “ဘာမဟုတ်ပါဘူး။”

သူက တကယ်တမ်းလည်း စိတ်ပျံ့လွင့်နေပေမဲ့ ရွှီချင်းဘက်က သတိပေးစရာမလို။ သူ့ရဲ့ နှလုံးသားထဲက သိနေတာဖြစ်တယ်။

သိပ်မကြာခင်မှာပဲ မင်္ဂလာအခမ်းအနားက တရားဝင်စတင်တော့တယ်။

လုရှောင်မေ့က တအားလှကာ သူမက ရွှီချင်းထက် ကိုယ်ခန္ဓာအချိုးအစားပိုကောင်းတာသာမက မျက်နှာလည်း ပိုနူးညံ့သေးတယ်။ ဒီကနေ့မှာတော့ သူတို့သမီးဝတ်စုံနဲ့ တောက်ပနေကာ သူမလက်ထဲက ပန်းတွေတောင် ပိုအရောင်ဖျော့သွားတော့သယောင်။

ရှီဖုန်းရဲ့ ဖုန်းက အသံမြည်လာတယ်။ သူဖွင့်ကြည့်လိုက်တဲ့အခါ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူလုရှောင်မေ့ကိုကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်နေလားလို့ မေးလာတဲ့ ဝီချက်စာတစ်ခုဖြစ်နေတယ်။

သူလုရှောင်မေ့ကို လိုက်ခဲ့တုန်းက ကုမ္ပဏီက လူတော်တော်များများလည်း သိခဲ့တာဖြစ်တယ်။ သူနောက်ဆုံးမှာ မအောင်မြင်ခဲ့ပေမဲ့ အခုလို တစ်ယောက်ယောက်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး စနောက်တဲ့အခါ သူမခံမရပ်နိုင် မဖြစ်တော့။

ဒီစာကိုတွေ့မှပဲ သူ့မှာ ဘာစိတ်မှ မရှိတော့တာပဲဆိုတာကို သဘောပေါက်သွားတယ်။ နောင်တရတာ နှမြောတာမျိုး မရှိတာသာမက လုရှောင်မေ့က သူ့ဘဝမှာ ဖြတ်သွားဖြတ်လာလူတစ်ယောက်သာ ဖြစ်လာခဲ့ပြပြီ။

ဘယ်လို ပြန်ဖြေရမလဲ စဉ်းစားနေတုန်း ဟေ့ယန်ရှန်းက ဖုန်းကို ကိုင်ထားရင်းနဲ့ ထရပ်ကာ ထွက်သွားတာကို ရုတ်တရက်တွေ့လိုက်ရတယ်။

ဟေ့ယန်ရှန်းမျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေတယ်။ ကိုင်ထားတဲ့ ဖုန်းက ပွင့်နေလျက်ရှိတယ် စကားပြောလက်စလိုမျိုး။
ရှီဖုန်းက သူ့အပြုအမူက ပုံမှန်မဟုတ်ဘူးဆိုတာကို သိပေမဲ့ မနေနိုင်ဘဲ ထရပ်မိကာ နောက်ကနေ လိုက်သွားမိတယ်။

ရွှီချင်းက သူ့လက်မောင်းကို ဆုပ်ကိုင်ကာ မေးတယ်။

“ ဘယ်သွားမလို့လဲ?”

“ သန့်စင်ခန်း ခန။”

ရွှီချင်းက တိုးတိုးပြောတယ်။ “ အခုနလေးတင် ထိုင်တာကို ဘာလို့ သန့်စင်ခန်းသွားအုံးမှာလဲ?”

ရှီဖုန်းက သူမကို ပြန်မဖြေတော့ပဲ အပြင်ကို ထွက်သွားလိုက်တယ်။
ဟေ့ယန်ရှန်း လျှောက်တာက ရှီဖုန်းထက် ပိုမြန်တယ်။ ခန်းမအပြင်ဘက်မှာတော့ ကော်ရီဒါအရှည်ကြီး ရှိကာ သူက ကော်ရီဒါအစွန်းဆီ လျှောက်သွားတဲ့အခါ ဟေ့ယန်ရှန်းက ပြတင်းပေါက်နားမှာ ဖုန်းဖြေရင်း ရပ်နေတာကို တွေ့လိုက်ရတယ်။

ရှီဖုန်းက ဟေ့ယန်ရှန်းရှိနေတဲ့ဘက် ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်တယ်။ ကော်စောပေါ် လျှောက်နေတာကြောင့်ရယ် ဟောခန်းက သီချင်းသံ တိုးတိုးရယ်ကြောင့် သူ့ခြေသံက တိတ်ဆိတ်နေခဲ့လျက်။

ဟေ့ယန်ရှန်းက အေးစက်စက်အသံနဲ့ ဖုန်းပြောနေတယ်။ “ မင်းဘာလို့ ငါ့ကို ဖုန်းခေါ်နေသေးတာလဲ?”

ရှီဖုန်းက အရမ်းလည်း မနီးကပ်သွားရဲဘူး။ သူက ဟေ့ယန်ရှန်းပြောတာတော့ ကြားရပေမဲ့ ဖုန်းတစ်ဖက်က အသံကိုတော့ မကြားရ။
ဟေ့ယန်ရှန်းက တခန တိတ်ဆိတ်သွားကာ ဆက်ပြောတယ်။ “ အဲဒါက ငါနဲ့ ဘာမဆိုင်ဘူး။ မင်းရဲ့ ရွှေးချယ်မှုနဲ့ မင်းပဲ။”

……………..

“ မင်းလည်း လူကြီးဖြစ်နေပြီ ရွှီဖုန်းကျဲ။ နည်းနည်းလောက် အသိစိတ်ကပ်စမ်းပါ။”

……………..

“ မင်းဘယ်ကနေ အဲဒါကို ကြားလာသလဲတော့ မသိဘူး။ ဒါပေမဲ့ ငါအဆင်ပြေနေတယ်။ မင်းစိုးရိမ်ပေးစရာမလိုဘူး။”

အဲဒီနောက် အကြာကြီး တိတ်ဆိတ်သွားကာ ဟေ့ယန်ရှန်းက ဖုန်းတစ်ဖက်က လူပြောတာကို နားထောင်နေဟန်တူတယ်။

ရှီဖုန်းက စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေတယ်။
အဲဒီနောက် ဟေ့ယန်ရှန်းပြောတာကြားလိုက်တယ်။

“ ငါအခုလာခဲ့မယ်။”

အဲလိုပြောပြီးနောက် ဟေ့ယန်ရှန်းဖုန်းချတော့မလို့ လုပ်ခါနီးမှာပဲ ရှီဖုန်းက ရှေ့ကိုလှမ်းလာကာ ဟေ့ယန်ရှန်းလက်မောင်းကို သွားဆွဲကိုင်ရင်း ပြောတယ်။

“ မသွားနဲ့။”

ဟေ့ယန်ရှန်းက သူ့ကို အံ့သြတကြီး ကြည့်လာကာ “ မင်း ကိုယ်ဖုန်းပြောနေတာကို ခိုးနားထောင်နေတာလား?”

“ တောင်းပန်ပါတယ်။ ကျွန်တော် မရည်ရွယ်ဘူး။ ဒါပေမဲ့ ခင်ဗျား မသွားတာ ပိုကောင်းမယ်။”

ဟေ့ယန်ရှန်းက လက်ကိုမြှောက်ကာ သူ့လက်ကို ဖယ်ထုတ်လိုက်တယ်။

“ မင်းနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဟုတ်တယ်မလား?” အဲဒီနောက် ရှီဖုန်းဘေးကနေ ဖြတ်ကာ ထွက်သွားဖို့ လုပ်တယ်။

ရှီဖုန်းက သူ့လက်ကောက်ဝတ်ကို လိုက်ဆွဲကာ အလောတကြီး ပြောတယ်။

“ ကျွန်တော် ပြောတာနားထောင်အုံး။ ခင်ဗျား အဲ့ကို သွားမယ်ဆို သူ့ကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ပေးနေတာပဲ။ ခင်ဗျားမသွားသင့်ဘူး။”

ဟေ့ယန်ရှန်းက ဒေါသထွက်တော့မဲ့ဟန်ပေါ်တယ်။ ဒါပေမဲ့ နောက်ကျမှ လာတဲ့ ဧည့်သည်တွေရယ် ဖုန်းခေါ်ဖို့ ဧည့်ခံပွဲကနေ ထွက်လာတဲ့သူတွေရယ်ကြောင့် သူ့ခံစားချက်ကို ထိန်းချုပ်လိုက်ကာ ရှီဖုန်းကို အသံတိုးတိုးနဲ့ ပြောတယ်။

“ သူ့အမေက ကိုယ့်ကို ငိုယိုပြီးတောင်းဆိုနေတာ။ ကိုယ်က အခုသူ့ကို မျက်နှာချင်းဆိုင်သွားတွေ့ပြီး သူ့ဘဝကို တန်ဖိုးထားဖို့ သူ့ကို မချစ်တော့တဲ့ လူတစ်ယောက်ကို လိုက်နှောင့်ယှက်နေတာကို ရပ်ဖို့ သွားပြောချင်ရုံပဲ ။”

“ ဒါပေမဲ့ သူက ခင်ဗျားသူ့ကို ဂရုစိုက်နေတုန်းလို့ ထင်သွားလိမ့်မယ်။”

ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြည့်ကာ “ ကိုယ်သူနဲ့ ပတ်သက်ပြီး ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့က အချိန်အကြာကြီး အတူရှိခဲ့ကြတာ ကိုယ်သူ့ဆီ ပြန်မသွားချင်ဘူးဆိုတိုင်း သူ့ကို သေစေချင်တာတော့မဟုတ်ဘူး။”

ရှီဖုန်းက ဟေ့ယန်ရှန်းစကားတွေကို ဘယ်လို ချေပရမလဲ မသိတော့။ သူ့က ဆံပင်တစ်ဆုပ်စာကို စိတ်ရှုပ်စွာနဲ့ ဆွဲကိုင်ကာ ပြောတယ်။

“ ခင်ဗျားက သဘောကောင်းလွန်းတယ်။”

အဲဒါကိုကြားတဲ့အခါ ဟေ့ယန်ရှန်းက သူ့ကိုယ်သူ အပြစ်တင်သလို အကြောင်းပြချက်မသိ ရယ်တယ်။

ရှီဖုန်းရဲ့ နှလုံးသားက ရှုပ်ထွေးနေတယ်။ သူက ဟေ့ယန်ရှန်းသူ့ ရည်းစားဟောင်းနဲ့ သွားတွေ့မှာကို ရပ်အောင် မလုပ်နိုင်ဘူးလို့ ခံစားနေရတယ်။

“ ဒါဆိုလည်း ကျွန်တော်လိုက်ခဲ့ပေးမယ်။”

ဟေ့ယန်ရှန်းက အဲဒါကို ကြားတဲ့အခါ လန့်သွားပြီး

“ မင်းအဲလို လုပ်စရာမလိုဘူး။”

“ တကယ်ပြောတာ။ ကျွန်တော် ခင်ဗျားရဲ့ ရည်းစားအနေနဲ့ ဟန်ဆောင်ပေးနိုင်တယ်။ သူ့ကို လက်လျှော့သွားအောင်လေ။ မကောင်းဘူးလား?”

ဟေ့ယန်ရှန်းက ရှီဖုန်းကော်လာကိုပဲ မမှိတ်မသုန်ကြည့်နေတယ်။ တကယ်တမ်းတော့ သူအဲလို နည်းလမ်းကို အရင်က စဉ်းစားဖူးတယ်။ ရွှီဖုန်းကျဲနဲ့ အပြတ်ပြောဖို့ တစ်ယောက်ယောက်ကို သူ့ချစ်သူအနေနဲ့ ဟန်ဆောင်ခိုင်းဖို့။ ဒါပေမဲ့ သူက သင့်တော်တဲ့သူ ရှာမတွေ့နေတာဖြစ်တယ်။

သူတို့အသိုင်းအဝိုင်းထဲမှာ သူနဲ့သိကျွမ်းတဲ့သူတွေ တချို့ရှိပေမဲ့ သူသိတဲ့ လူတော်တော်များများကို ရွှီဖုန်းကျဲလည်း သိသည်ပင်။ အဲဒီလူတွေထဲမှာမှ သူ့ကိုစိတ်ဝင်စားနေကြတဲ့သူတွေလည်း ရှိပေမဲ့ သူလက်ခံချင်စိတ်မရှိ။ ဒီအသိုင်းအဝိုင်းအပြင်က လူတွေထဲကဆိုရင် သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုက လျို့ဝှက်ချက် မဟုတ်တော့ပေမဲ့ သူ့ရည်းစားဟန်ဆောင်ပေးမဲ့ လူတစ်ယောက်ယောက်ကို ရှာရဲတဲ့အထိ သူမျက်နှာပြောင်တိုက်နိုင်ခြင်းမရှိ‌ချေ။

စဉ်းစားကြည့်တဲ့အခါ ရှီဖုန်းက တကယ်သင့်တော်တဲ့ ရွေးချယ်မှုဖြစ်တယ်။

ပထမဆုံးအနေနဲ့ ရှီဖုန်းက သူနဲ့ ရွှီဖုန်းကျဲကြားက ရှုပ်ထွေးမှုကို သိထားတယ်။ ဒုတိယအချက်အနေနဲ့ ရှီဖုန်းက straight တစ်ယောက်ဖြစ်ကာ ကောင်မလေးလည်း ရှိတယ်။ သူနဲ့ ဟန်ဆောင်သရုပ်ဆောင်ပြီးတာနဲ့ ကိစ္စပြီးပြီဖြစ်တယ်။ တခြားအတွေးမရှိ။
သို့ပေမဲ့ ဟေ့ယန်ရှန်းက ရှီဖုန်းနဲ့ ပတ်သက်တဲ့ စိုးရွံ့မှုတစ်ချို့ရှိနေသေးတာကြောင့်

“ မင်းလုပ်ရမှာကို သေချာသိဖို့ ကိုယ်မျှော်လင့်တယ်။ မင်းနဲ့ ပတ်သက်ပြီး ကိုယ့်ဆီမှာ အပိုအတွေးတွေ မရှိဘူး။ သရုပ်ဆောင်တာက သရုပ်ဆောင်တာပဲ။”

ရှီဖုန်းသာ ဒီကိစ္စကို ဗွေယူပြီး သတင်းလျှောက်ဖွချင်ခဲ့မယ်ဆို သူတတ်နိုင်တဲ့အရာ ရှိမှာမဟုတ်‌ပေ။

ရှီဖုန်းက ဟေ့ယန်ရှန်းစကားကို ကြားတဲ့အခါ အကြောင်းပြချက်မရှိ စိတ်ညှိုးငယ်သွားတယ်။ သူက ဟေ့ယန်ရှန်းလက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ပြောလိုက်တယ်။

“ ကျွန်တော်သိပါတယ်။ တောင်းပန်ပါတယ်။ ကျွန်တော်က ဒီတိုင်းခင်ဗျားကို ကူညီချင်ရုံပါပဲ။”

သူ့စကားတွေကို ကြားတဲ့အခါ ဟေ့ယန်ရှန်းက သူ့ကို တစ်ချက်ကြည့်လာကာ “ ကိုယ် အခုသွားမလို့။ မင်းအထဲမှာ လုပ်စရာရှိသေးလား?”

ရှီဖုန်းက အမြန်အဆန်ပြန်ဖြေတယ်။
“ ခင်ဗျားအရင်ဆင်းသွားပြီး ကျွန်တော့်ကို နှစ်မိနစ်လောက် စောင့်ပေး ကျွန်တော် ချက်ချင်းဆင်းလာခဲ့မယ် အကြောင်းကြား..”

ဟေ့ယန်ရှန်းက အနည်းငယ် တုန့်ဆိုင်းနေပြီးတော့ နားလည်ပြီဆိုဟန်နဲ့ ခေါင်းညိတ်ကာ “ အနှောင့်အယှက်ပေးရလို့ အားနာပါတယ်။” လို့ဆိုလိုက်တယ်။

ရှီဖုန်းက ပြုံးပြီး

“ရပါတယ်။ ကျွန်တော်တို့က မိတ်ဆွေတွေပဲ မဟုတ်ဘူးလား?”

ဟေ့ယန်ရှန်းပြုံးလိုက်တယ် အနည်းငယ် ရယ်သွမ်းသွေးလျက်။

ၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐၐ


You are reading the story above: TeenFic.Net