Chapter 7

Background color
Font
Font size
Line height


ညနေမှာ ရှီဖုန်း ဟေ့ယန်ရှန်းကို တွေ့ဖို့ သွားတဲ့အခါ အအေးမိဆေးနှစ်အိတ်လည်း သယ်သွားခဲ့တယ်။ အင်းပေါ့ သူ့ဟာတွေတော့မဟုတ်ဘူးပေါ့။ သူ ရုံးခန်းထဲက မိန်းကလေး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီက တောင်းခဲ့တာဖြစ်တယ်။

အဲဒီလုပ်ဖော်ကိုင်ဖက်တောင်မှ သူအအေးမိနေတာလားလို့ မေးသေးတယ်။ ဒါပေမဲ့ ရှီဖုန်းက အသံတစ်ချက်ပဲပြုပြီး သေချာပြန်မဖြေခဲ့။

အခုအချိန်က ဘဏ္ဍာရေးဌာန ရုံးဆင်းမဲ့ အချိန်ရောက်လာပြီဖြစ်တယ်။ ရှီဖုန်းက ရုံးခန်းအကျယ်ကြီးထဲ ဝင်သွားတဲ့အခါ လူတိုင်းက အလုပ်ထဲ နစ်မြုပ်နေတာကို တွေ့လိုက်တယ်။ သူ့ကို ဘယ်သူမှ သတိမထားမိကြ။
ဒါပေမဲ့လည်း ဒီအခြေအနေက သူ့အတွက်ကောင်းတယ်။ သူလည်းပဲ သူဟေ့ယန်ရှန်းကို သွားရှာတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူးမလား။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တယ်။ ဟေ့ယန်ရှန်းမှာ ပြသနာရှိနေရင်တောင် သူ့အနေနဲ့ ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ဘူး။ သို့ပေမဲ့လည်း တစ်ဖက်မှာတော့ တခြားသူတွေက သူ့ကိုလည်း ဟေ့ယန်ရှန်းနဲ့အတူတူပဲ ဆက်ဆံကြမှာကိုတော့ ကြောင့်ကြနေမိတာကြောင့် သူ့စိတ်ထဲ ဂနာမငြိမ်ဖြစ်နေတော့တယ်။

ဟေ့ယန်ရှန်းက သူ့ရုံးခန်းလေးထဲမှာဖြစ်တယ်။

ရှီဖုန်းတံခါးကို ခေါက်လိုက်တယ်။
ဟေ့ယန်ရှန်းက သူ့လက်အောက်ဝန်ထမ်းတစ်ယောက်ယောက်ဖြစ်မယ်လို့ တွေးတာကြောင့် မော့မကြည့်ဘဲ ‘ဝင်လာပါ’ လို့ထူးလိုက်တယ်။

ရှီဖုန်းဝင်လာတဲ့အခါ ဟေ့ယန်ရှန်းက သူ့ကို သတိပြုမိခြင်းမရှိသေးတာကို တွေ့လိုက်ရတယ်။ သူက အအေးမိဆေးတွေကို စားပွဲပေါ်ချလိုက်ပြီး မေးလိုက်တယ်။

“ ခင်ဗျား အအေးမိတာ သက်သာလာပြီလား?”

ဟေ့ယန်ရှန်းက ထိတ်လန့်စွာနဲ့ မော့ကြည့်လာတယ်။ မျက်မှန်အောက်က မျက်လုံးတွေက အံ့သြနေဟန်ပေါ်တယ်။

“ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ?”

ရှီဖုန်းက လက်တစ်ဖက်ကို သူ့အိတ်ထောင်ထဲ ထည့်ထားရင်း ဟေ့ယန်ရှန်းစားပွဲနား ချည်းကပ်လာတယ်။ သူ့ရဲ့ အရပ်အရှည်ကြီးက အလင်းရောင်ကို ပိတ်ကာထားတာမို့ ဖိနှိပ်စေတဲ့ ခံစားချက်ကို ပေးနေတယ်။ သူဟေ့ယန်ရှန်းကွန်ပျူတာကို တစ်ချက်ကြည့်ရင်း ပြောလိုက်တယ်။

“ ခင်ဗျား အအေးမမိဖို့ မျှော်လင့်တယ်။ ကျွန်တော်ခင်ဗျားကို လာကြည့်တာ။”

ဟေ့ယန်ရှန်းက အနည်းငယ် နားမလည်ဟန်ပေါ်ပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်တယ်။

“ ကျေးဇူး..”

စကားပြော က ရပ်သွားတယ်။
ရှီဖုန်းက လေထုက အောင့်သက်သက်ဖြစ်နေတာကို သတိထားမိပေမဲ့ ဆက်ပြောလိုက်တယ်။

“ ခင်ဗျား အလုပ်များနေပုံပဲ။”

ဟေ့ယန်ရှန်းက ပြန်တုန့်ပြန်တယ်။ “ အင်း”

အဲဒီအချိန်မှာပဲ အပြင်ကနေတစ်ယောက်ယောက်က တံခါးခေါက်လာကာ အော်တယ်။

“ မန်နေဂျာ”

ဟေ့ယန်ရှန်းက ခေါင်းမော့ပြီ ပြန်ဖြေတယ်။
“ ဝင်လာပါ”

အဲဒီလူက ဘဏ္ဍာရေးဌာနက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူက တံခါးဖွင့်ကာ ဝင်လာတယ်။ စစချင်းတော့ အဲဒီဝန်ထမ်းက အထဲမှာ ရှီဖုန်းရှိနေတာကိုတွေ့တဲ့အခါ အံ့သြသွားတယ်။ သို့ပေမဲ့ လက်တလော ဖြေရှင်းစရာကိစ္စတွေကြောင့် ရှီဖုန်း ဘာလာလုပ်တာလဲတွေ ဆက်ဂရုမစိုက်ဖြစ်တော့။ သူက ဟေ့ယန်ရှန်းဆီပဲ သွားလိုက်ကာ ရီပို့နဲ့ ပတ်သက်ပြီး ပြသနာရှိကြောင်း ပြောတယ်။

ဟေ့ယန်ရှန်းက ရီပို့ကို ယူပြီး တစ်ချက်ကြည့်လိုက်တယ်။ ရှီဖုန်းကိုတော့ ထပ်ပြီး ဂရုမစိုက်တော့။

ရှီဖုန်းက နည်းနည်းရှက်သွားသလို ခံစားလိုက်ရကာ ကြောင်တိကြောင်ကန်းပြုံးပြီး
“ ဒါဆို ကျွန်တော် အရင်သွားတော့မယ်” လို့ ပြောလိုက်တယ်။

ရုံးခန်းထဲက နှစ်ယောက်က သူ့ကို ပြန်ဖြေပေးဖို့တောင် ဂရုစိုက်မနေကြ။

ရှီဖုန်းက မပျော်မရွှင်နဲ့ ထွက်သွားတယ်။

ရှီဖုန်းရုံးခန်းထဲက ထွက်သွားပြီးမှပဲ ဟေ့ယန်ရှန်းက ခေါင်းမော့လာကာ ရှီဖုန်းနောက်ကျောကို လိုက်ကြည့်တယ်။ အဲဒီနောက် ပြန်ငုံ့သွားပြီး ဝန်ထမ်းနဲ့အတူ ရီပို့စီစစ်တာကို ပြန်ဆက်လုပ်တယ်။

ရှီဖုန်းတစ်ယောက် ဘဏ္ဍာရေးဌာန ရုံးခန်းကထွက်လာပြီး ကော်ရီဒါတစ်လျှောက်ထွက်လာတဲ့အချိန်ထိ စိတ်ငြိုးငယ်ခြင်းက မပျက်ပြယ်သွားခဲ့ဘူး။

သူ့ကိုယ်သူ ဘာဖြစ်နေမှန်းတောင် မသိတော့။ ဒါပေမဲ့ သူဟေ့ယန်ရှန်းနဲ့ ပထမဆုံးတွေ့ဆုံပြီး ဟေ့ယန်ရှန်းနဲ့ မရင်းနှီးသေးခင်တုန်းကတောင် ဟေ့ယန်ရှန်းက သူ့ကို ဖာတိဖာတာဆက်ဆံခဲ့ခြင်း ရှိတာမဟုတ်ချေ။

ရှီဖုန်းခေါင်းက ရှုပ်ထွေးနေတယ်။ ဟေ့ယန်ရှန်းဘာတွေတွေးနေသလဲဆိုတာ သူနားမလည်နိုင်တော့ပေ။ တစ်ချိန်ထဲမှာပဲ သူကိုယ်တိုင်လည်း ဟေ့ယန်ရှန်းနဲ့ပတ်သက်ပြီး ဘာဖြစ်ချင်နေမှန်း မသိတာကြောင့် လမ်းပျောက်နေရတယ်။

အရင်တုန်းက အခြေအနေဆီ ပြန်ရောက်သွားချင်တာလား? မဖြစ်နိုင်သလောက်ပဲလေ ဟုတ်တယ်မလား? အစကတည်းက သူတို့ဆက်ဆံရေးကို အရင်ဆုံး ဖြတ်တောက်လိုက်ချင်ခဲ့တဲ့သူက သူပဲမလား?

သူ့ရဲ့ နှလုံးသားက ထုံထိုင်းနေတယ်။ နာမည်မသိရတဲ့ ဖိအားတစ်ခုခုက သူ့ကို အသက်ရှူကျပ်အောင် လုပ်နေသလိုမျိုး။

ရွှီချင်းက ညနေပိုင်း အလုပ်မစခင်မှာ ရှီဖုန်းဆီ စာပို့ပြီး ရုံးဆင်းတဲ့အခါ ညစာအတူစားချင်လား မေးတယ်။

ရှီဖုန်း ဖုန်းစခရင်ကို တစ်ခဏစိုက်ကြည့်နေမိပေမဲ့ ငြင်းဆိုတာမျိုးတော့ မလုပ်ဖြစ်။
ဒီဖိတ်ခေါ်မှုက တစ်ဖက်လူဘက်က သူ့အတွေးနဲ့ပတ်သက်ပြီး အကဲဖြစ်ဖို့ ဖြစ်နေတာကြောင့် သူသာလက်ခံလိုက်ပါက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုတိုးတက်လာတော့မှာပင်။

အဲဒီနေ့ကနေစပြီး သူတို့နှစ်ယောက်စတွဲခဲ့ကြတယ်။

သူ လျှောက်ကြွားတာမျိုးလည်း မလုပ်ရဲ။ ဘာလို့ဆို ကုမ္ပဏီက တခြားလူတွေ သိသွားမှာကို ကြောက်ရွံ့နေမိလို့ဖြစ်တယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်က အလုပ်မသွားခင်မှာပဲ အတူတူထွက်စားကြဖို့၊ ဈေးဝယ်ထွက်ကြဖို့၊ အလုပ်ဆင်းချိန် ရုပ်ရှင်အတူသွားကြည့်ကြဖို့ စာပို့ကြလေ့ရှိတယ်။

ရှီဖုန်းက ရွှီချင်းကို ကြိုက်တာမဟုတ်ပေ။

သို့ပေမဲ့ သူ့အတွေးကတော့ ချစ်ခြင်းဆိုတဲ့ အရာမျိုးက မွေးမြူလို့ရတယ်ဟုပင်။ လူနှစ်ယောက်က အဆင်ပြေပြေရှိသွားနိုင်တဲ့အခါ နောက်ဆုံးမှာ ထိုနှစ်ဦးက ရင်းနှီးကျွမ်းဝင်လာမှာပင်။

သို့ပေမဲ့ လွန်ခဲ့တဲ့ တစ်လနှစ်လအတွင်းမှာ ရှီဖုန်းက စိတ်ဗလာဖြစ်တဲ့အခြေအနေကနေ ဘယ်တော့မှ မလွတ်မြောက်လာနိုင်ခဲ့။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အစပိုင်းမှာ အတော်လေးခိုင်မာခဲ့ပေမဲ့ ကြာလာတဲ့အခါမှာတော့ ရွှီချင်းနဲ့ နေ့တိုင်း အတူရှိနေရတာက လုပ်ငန်းတာဝန်တစ်ခုကို လုပ်ဆောင်နေရသလို ခံစားလာရတယ်။ မစားချင်တဲ့ အစာကို စားနေရတာမျိုး၊ မကြည့်ချင်တဲ့ ရုပ်ရှင်ကိုကြည့်နေရတာမျိုး။ သို့ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကြောင့် ငြင်းဆိုခြင်းကိုတော့ မပြုလုပ်နိုင်ခဲ့။

ရှီဖုန်းက ဖိအားတစ်ခုကို ခံစားနေရတယ်။

နောက်နှစ်လကြာတဲ့အခါ ရှီဖုန်း သူ့အဘွားနေမကောင်းဘူးဆိုတဲ့ သတင်းကိုရလို့ ချက်ချင်းပဲ ခွင့်ရက်ယူလိုက်ပြီး ဇာတိမြို့ဆီပြန်ဖို့ ပြင်ဆင်တယ်။

ရှီဖုန်းရုတ်တရက်ခွင့်ယူတာကို ရွှီချင်းတွေ့တဲ့အခါ အံ့သြသွားပြီး ပြောလာတယ်။

“ ကိုနဲ့အတူ အပြင်ထွက်လည်ဖို့ စီစဉ်ထားတာကို..”

ရှီဖုန်းက အလျင်အမြန်ဘဲ တောင်းပန်စကားကို ဆိုလိုက်တယ်။ “ ကို့မိသားစုက အဘွားနေမကောင်းဘူးဆိုပြီး ဖုန်းခေါ်လာလို့လေ။ ကို့ကိုလည်း တွေ့ချင်နေတယ်တဲ့။ အဲဒါကြောင့် ကိုပြန်ရမှာ။”

ဒီလိုဆိုမှတော့ ရွှီချင်း ဘာမှ ထပ်မပြောနိုင်တော့။ သူမက ငြိနှိုင်းမှုလုပ်ရုံပဲ တတ်နိုင်တော့ကာ “ ဒါဆိုလည်း ကိုပြန်ရောက်တဲ့အခါကျမှပဲ အမျိုးသားနေ့ကျ ဘယ်ဆီလည်ကျမလဲ ဆုံးဖြတ်ကြတာပေါ့။”

ရှီဖုန်းက အပြုံးတစ်ချက်နဲ့အတူ ‘အိုကေ’ လို့ပြန်ဖြေပေးလိုက်တယ်။

အဲဒီနောက်မှာ သူဇာတိမြို့ဆီ ကားမောင်းပြီး ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက် သူနဲ့ ရွှီချင်းရဲ့ ဆက်ဆံရေးအကြောင်း စဉ်းစားလာခဲ့တယ်။ အတူရှိနေရတာက ပျော်ရွှင်မှုကို မဖြစ်စေဘဲ ဖိအားပဲ ခံစားရမယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ထိုဆက်ဆံရေးကို ဖြတ်တောက်လိုက်တာကမှ အကျိုးအများဆုံး မဟုတ်ပေဘူးလား?

အချိန်အတန်ကြာ ကြိုးစားလာရင်းနဲ့ လိုတာမရ ရတာမလို အခြေအနေနဲ့ပဲ ကြုံတွေ့နေရတယ်။ သင့်တော်တဲ့ လူနဲ့ တွေ့ဆုံနိုင်ဖို့ ဘာလို့ အဲလောက် ခက်ခဲနေရတာလဲ?
ဒီဘဝမှာ လူပျိုကြီးဖြစ်ဖို့ ကံကြမ္မာပါလာတာများလား?

ရှီဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပေမဲ့ မငြိမ်မသက်ဖြစ်နေတုန်းဖြစ်တယ်။

သူဇာတိမြို့ဆီပြန်ရောက်တဲ့အခါ သူ့အဘွားက အခြေအနေကောင်းနေပြီဖြစ်တယ်။ သူမက အသက်ကြီးနေပြီဖြစ်တာကြောင့် နှစ်တိုင်း နေမကောင်းလိုက် ပြန်သက်သာလိုက်ဖြစ်နေတာသာဖြစ်တယ်။ ရှီဖုန်းကို အသိပေးလာတုန်းကလည်း ရှီဖုန်းအမေက ဒီတိုင်း အသိပေးမိရုံသာဖြစ်ကာ သူ့အဘွားဆေးရုံတက်နေရကြောင်းပြောပြခဲ့တာဖြစ်တယ်။ ရှီဖုန်းကို ဒီလို လူကိုယ်တိုင်ရောက်လာဖို့ထိ မမျှော်လင့်ထားခဲ့။

အိမ်ရောက်တဲ့အခါ သူ့အမေက သူ့ကို အိပ်ယာပြင်ပေးရင်းနဲ့ မေးလာတယ်။

“ သားမင်းမှာ ကောင်မလေးရှိနေပြီလား?”

ရှီဖုန်းက ချက်ချင်းပဲ ရွှီချင်းကို သတိရလိုက်မိပေမဲ့ သာမန်ကာလျှံကာပဲ ‘မရှိဘူး’ လို့ဖြေလိုက်တယ်။

သူ့အမေက ဆက်ပြောတယ်။ “ သားစဉ်းစားသင့်နေပြီနော်။”

ထပ်ပြီးတော့တော့ ဘာမှမပြောလာခဲ့တော့။
နောက်တစ်ရက်မှာ သူအဘွားအိမ်ဆီ သွားခဲ့တယ်။ ရှီဖုန်းက အဝေးကနေပြန်လာတာကြောင့် အဘွားက ရှီဖုန်းအဖေရဲ့ မောင်နှမတွေကိုလည်း ခေါ်လိုက်တဲ့အခါ မိသားစုမိတ်ဆုံစားပွဲကြီးလို ဖြစ်နေတော့တယ်။

အစာစားနေကြတုန်းမှာ ရှီဖုန်းအဒေါ်က မျက်နှာမကောင်းနေတာကို သတိထားလိုက်မိတယ်။ ပြီးတော့ သူအမေလည်း သူ့အဒေါ်ကို တိုးတိုးနဲ့ တစ်ခုခုအကြောင်း ပြောနေတယ်။
အခုလို အချိန်မှာက ဘာဖြစ်နေလဲ မေးဖို့ အဆင်မပြေတာကြောင့် သူတို့အိမ်ပြန်ရောက်တော့မှပဲ သူ့အမေကို မေးကြည့်လိုက်တယ်။
နောက်ဆုံးမှာ သူ့အမေက ပြောပြလာတယ်။ ရှီဖုန်းအဒေါ်ရဲ့ အကြီးဆုံးသားတဖြစ်လည်း ရှီဖုန်းရဲ့အကြီးဆုံးဝမ်းကွဲအစ်ကိုက ဂေးတဲ့။

ရှီဖုန်းက ရုတ်တရက်တော့ လန့်သွားတယ်။ သူက အနှစ်နှစ်ဆယ်ကျော်ထိ အသက်ရှင်လာခဲ့ပြီးဖြစ်တယ်။ အရင်တုန်းက သူ့အနေနဲ့ လိင်တူကြိုက်တာမျိုးက တီဗွီတို့ ဝတ္ထုတို့မှာပဲ ပါတတ်တဲ့ ရှားပါးတဲ့အရာလို့ ထင်ခဲ့တယ်။ အခုတော့ သူ့ပတ်ဝန်းကျင်က တစ်ယောက်စနှစ်ယောက်စက ဘယ်လိုလုပ် လိင်တူကြိုက်သူတွေဖြစ်လာနေရတာလဲ?

သူ့အမေက စိတ်မကောင်းသလို သက်ပျင်းချတယ်။ သူမက ဆက်ပြောတယ်။ အဲဒီသူ့ဝမ်းကွဲအစ်ကိုက အသက်သုံးဆယ်ရောက်တဲ့ထိ လက်မထပ်ဘဲ နောက်တော့မှ သူ့မိသားစုကို သူဂေးဖြစ်နေကြောင်းဝန်ခံခဲ့တယ်တဲ့။ သူ့ဆီမှာ ယောကျ်ားလေးရည်းစားတစ်ယောက်ရောရှိပြီး သူ့အဖေတောင် သေတော့မတတ်ရိုက်နှက်ခဲ့တယ်။ တော်သေးတာက အဲဒီအိမ်မှာ တခြားယောကျ်ားလေးရှိသေးတာဖြစ်တယ်။ မဟုတ်လို့ကတော့ အိမ်မှာ လူအိုနှစ်ယောက်ပဲ ကျန်ထားတော့ရင် ဘယ်လိုလုပ်ရမလဲ။

ထိုစကားတွေက ရှီဖုန်းကို အတော်လေး မသက်မသာဖြစ်စေခဲ့တယ်။ သူက ရုတ်တရက် ဟေ့ယန်ရှန်းကို သတိရသွားတယ်။

ဟေ့ယန်ရှန်းက ဂေးဆိုတာကို ကုမ္ပဏီတစ်ခုလုံးက လူတွေသိထားတယ်။ သူ့မိသားစုလည်း သိပြီးသားဖြစ်လောက်တယ်။ ဟေ့ယန်ရှန်းလည်းပဲ ဒီနှစ် ၃၀ ထဲဝင်တော့မှာဖြစ်တယ်။ သူဒီလိုဖိအားတွေကို ဘယ်လိုရင်ဆိုင်သလဲ ရှီဖုန်း မသိရဘူး။

သူ့အမေက ဆက်တွတ်ထိုးနေတာကို ကြားတဲ့အခါ သူသည်းမခံလာနိုင်တော့ဘဲ ပြောလိုက်မိတယ်။

“ လိင်တူကြိုက်တာက ယုတ်ညံ့တာမျိုး မဟုတ်ဘူး။”

သူ့အမေက သူ့ကိုတစ်ချက်ကြည့်ကာ “ အခုခေတ်ကလေးတွေ…. ဘာပဲဖြစ်ဖြစ် အမေတို့မျိုးဆက်တွေက အဲလိုမျိုးကို လက်မခံနိုင်ဘူး။” လို့ပြောလာတယ်။

ရှီဖုန်းနဲ့ သူ့ဝမ်းကွဲအစ်ကိုကြီးက ငယ်ငယ်တုန်းကတော့ အတော်လေး ရင်းနှီးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူတို့လူကြီးဖြစ်လာပြီးနောက် တစ်နယ်တကျေးရောက်သွားတဲ့အခါ တဖြည်းဖြည်းနဲ့ ဆက်ဆံရေး ကျဲပါးသွားခဲ့တယ်။ သူ ဝမ်းကွဲအစ်ကိုကို ဖုန်းခေါ်ရမလား ဇဝေဇဝါဖြစ်နေတယ်။ သို့ပေမဲ့ အကြာကြီး တုန့်ဆိုင်းနေပြီးနောက်မှာ‌တော့လက်လျှော့လိုက်တယ်။ ဖုန်းခေါ်ပြီးတော့ရော ဘာပြောရမလဲ? ‘ဝမ်းကွဲအစ်ကို ဘာလို့ ဂေးဖြစ်နေရတာလဲ’ ဒီလိုသွားမေးလို့လည်း မဖြစ်ဘူးလေ။

တစ်ပတ်တာ အားလပ်ရက်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ်။
ရှီဖုန်းလည်း ယာယီပဲ ပုန်းကွယ်နိုင်ခဲ့ကာ ဒီလိုအချိန်ကုန်ဆုံးသွားပြီးနောက်မှာတော့ သူကုမ္ပဏီဆီ ပြန်သွားပြီး ရွှီချင်းနဲ့ ပြန်လည်မျက်နှာချင်းဆိုင်ရတော့မှာပဲဖြစ်တယ်။

လမ်းခွဲရအောင်။

ဒီအတွေးက ကြီးသထက်ကြီးလာတယ်။ အလုပ်ပြန်မဆင်းခင် တစ်ညမှာ ဧည့်ခန်းက ပြတင်းဘောင်ပေါ်ထိုင်နေရင်း ရှီဖုန်း သူ့ဖုန်းကို အကြိမ်ကြိမ်သပ်နေမိတယ်။ အဲဒီစာကို ရွှီချင်းဆီ ပို့ရမလား မပို့သင့်ဘူးလား အပြင်းအထန်စဉ်းစားနေရင်းနဲ့။

သူတို့နှစ်ဦးပြတ်စဲသွားတဲ့အခါ သူက တခြားမိန်းမတစ်ယောက် ထပ်ရှာရမယ်။ တခြားဆက်ဆံရေးတစ်ခုကို ပြန်ထူထောင်ရမယ်။ ပြီးတော့ သူကြိုက်တဲ့ မိန်းကလေးက သူ့ကို မကြိုက်တာမျိုး ဒါမှမဟုတ် သူကြိုက်တဲ့သူကို ရှာမတွေ့တာမျိုး ဖြစ်နိုင်တယ်။ နောက်ဆုံးမှာ ‘ရွှီချင်း’တခြားတစ်ယောက်ကို ပြန်ရှာလိုက်ရတာမျိုးလည်း ဖြစ်နိုင်တယ်။

နောက်ဆုံးမှာတော့ သူထိုစာကို မပို့ဖြစ်ခဲ့တော့။

ရှီဖုန်းက နောက်တစ်ရက်မှာ သူ့ဇာတိက လက်ဆောင်တွေတစ်ပုံကြီးသယ်ပြီး အလုပ်ပြန်ဆင်းခဲ့တယ်။ သူ့အထက်လူကြီးနဲ့ ဌာနက လုပ်ဖော်ကိုင်ဖက်တွေကို တချို့ပေးကာ နောက်ဆုံးကျန်တဲ့နှစ်အိတ်က ရွှီချင်းနဲ့ ဟေ့ယန်ရှန်းအတွက်ဖြစ်တယ်။

ရွှီချင်းအတွက် လက်ဆောင်အိတ်ထဲက ပစ္စည်းတွက တခြားသူတွေနဲ့ အမျိုးအစားတူတူပဲဖြစ်တယ်။ ဟေ့ယန်ရှန်းအတွက် လက်ဆောင်ကတော့ သူကိုယ်တိုင် သပ်သပ်ရွေးထားတဲ့ဟာဖြစ်တယ်။

ဘာလို့ ဟေ့ယန်ရှန်းအတွက် လက်ဆောင်ရွေးပေးမိမှန်း သူလည်းမသိဘူး။ ဒါပေမဲ့ သူတိုင်းရင်းဆေးခြောက်တွေကိုတွေ့တုန်းက ချိုချိုသာသာအရသာကို ဟေ့ယန်ရှန်းနဲ့ တွဲ အမှတ်ရလိုက်တယ်။

ဒီအပင်ရဲ့ သန့်သန့်ရှင်းရှင်းနဲ့ ချိုသာတဲ့ အရသာက ဟေ့ယန်ရှန်းနဲ့ လိုက်ဖက်တယ်။
သူဟေ့ယန်ရှန်းရုံးခန်းကနေ မရွှင်မပြထွက်လာခဲ့ရကတည်းက သူတို့နှစ်ယောက် တိုက်ရိုက်တွေ့ဆုံကြတာမျိုး မရှိတော့။ ဟေ့ယန်ရှန်းက သူ့ကိုကြိုက်နေတာလို့ တစ်ခါတလေ သူအဲလို တွေးပေမဲ့ တခါတရံတော့ သူ မသေချာနိုင်တော့။

သူ့ဘက်က ဟေ့ယန်ရှန်းကို ပိုပိုပြီး အာရုံစိုက်လာမိပေမဲ့ ဟေ့ယန်ရှန်းကတော့ သူ့ကို လုံးဝသူစိမ်းသကဲ့သို့သာ ဆက်ဆံလာတယ်။

အဲဒီတုန်းကဆို ရှီဖုန်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ချင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ တဖက်လူဆီက မထုံတတ်တေး ဆက်ဆံခံလိုက်ရတဲ့အခါ သူလက်လျှော့သွားချင်ခဲ့တယ်။ အခု ရှီဖုန်း လက်ဆောင်ဝယ်လာပြီး ဒီတိုင်း လုပ်ဖော်ကိုင်ဖက်ကိုပေးတာလို့ပဲ သူ့ကိုယ်သူပြောခဲ့တယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ပေးသလိုမျိုး။

ဟေ့ယန်ရှန်းကလည်း သူ့ကို စပျစ်ခြောက်တွေ ယူလာပေးဖူးတာပဲလေ မဟုတ်ဘူးလား။ အဲဒီတုန်းကတော့ သူလက်ဆောင်ကို ငြင်းပယ်ပြီး တဖက်သားကို စိတ်ထိခိုက်စေခဲ့တယ်။ အဲဒါကြောင့် အခုချိန်မှာ သူနည်းနည်းဖြစ် ပြန်ဖာထေးချင်တာဖြစ်တယ်။

သို့ပေမဲ့ ကံဆိုးစွာနဲ့ တစ်မနက်လုံး သူဟေ့ယန်ရှန်းဆီသွားဖို့ အချိန်ကမရဘူး။ သူတစ်ပတ် အားလပ်ရက်ယူခဲ့ရင်တောင် သူ့အလုပ်ပမာနက အတူတူပဲဖြစ်နေတာကြောင့် အခုဆို ပုံလွန်းနေလို့ နောက်ထပ်ရက်တွေတော်တော်များများ မအားလပ်နိုင်တော့မှာတောင် စိုးရိမ်မိတယ်။

ရွှီချင်းနဲ့ နေ့လည်စာအတူသွားစားပေးရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ နေ့လည်းစာ စားချိန်မတိုင်ခင်မှာပဲ ရွှီချင်းက စာပို့လာကာ နေ့လည်ကျ သူ့သူငယ်ချင်းတွေနဲ့အပြင်ထွက်ဖို့ ရှိကြောင်း ပြောလာတယ်။ ဆိုတော့ ရှီဖုန်းက သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း သူ့ကို မခေါ်တာကြောင့် သူ့ပစ္စည်းတွေကို သိမ်းကာ တစ်ယောက်တည်း နေ့လည်စာစားဖို့ ထွက်လာလိုက်တယ်။

သူကုမ္ပဏီဝင်ပေါက်ကနေ ထွက်လာလာချင်းပဲ လမ်းဘေးတစ်ဖက်မှာ ဟေ့ယန်ရှန်းကား ရပ်ထားတာကို တွေ့လိုက်တယ်။

သူ ဟေ့ယန်ရှန်းကားကို မှတ်မိတယ်။ အရင်ကဆို လိုင်စင်နံပါတ်တောင် ကျက်ထားဖူးတယ်။

ရှီဖုန်းခြေလှမ်းတွေက နှေးကွေးသွားတယ်။ ဟေ့ယန်ရှန်းက ကားထဲမှာထိုင်နေရာမှ ကားတံခါးတွန်းဖွင့်လို့ ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို တစ်ခုခုသွားပြောတယ်။ အဲဒီအမျိုးသမီးက စိတ်လှုပ်ရှားနေဟန်ရကာ ဟေ့ယန်ရှန်းက‌တော့ သူမကို စိတ်ငြိမ်အောင် ဖျောင်းဖြနေဟန်ပေါ်တယ်။

ရှီဖုန်းက သူ့အစ်ကိုဝမ်းကွဲအကြောင်း အမှတ်ရလိုက်တယ်။ အဲဒီအမျိုးသမီးက ဟေ့ယန်ရှန်းအမေများလားလို့ တွေးလိုက်တယ်။
ထိုအမျိုးသမီးကြီးက စကားပြောလေလေ ပိုစိတ်လှုပ်ရှားလေလေဖြစ်ပြီး ခနနေတော့ ဟေ့ယန်ရှန်းကားရှေ့ဆီ ပြေးသွားလို့ သွားလဲအိပ်တယ်။

အခုချိန်က နေ့လည်စာစားချိန်ဖြစ်တာကြောင့် ကုမ္ပဏီဝန်ထမ်းတော်တော်များများက မိန်းဂိတ်ပေါက်မှ ထွက်လာချိန်ထိုမြင်ကွင်းကို မြင်သွားကြတယ်။ တစ်ချို့လူတွေဆို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လို့ရအောင် သူတို့ ပတ်ဝန်းကျင်မှာ ရပ်ပြီးတော့တောင် ကြည့်နေကြတယ်။

ဟေ့ယန်ရှန်းလည်း အမျိုးသမီးကို ပြန်သွားထူတယ်။ အမျိုးသမီးက ဟေ့ယန်ရှန်းလောက် မသန်တာကြောင့် သူမကို မတ်တပ်ရပ်အခြေအနေထိ ပြန်အထူခံလိုက်ရပြီးနောက်မှာ ရုတ်တရက် ဟေ့ယန်ရှန်းမျက်နှာပေါ် ရိုက်ချလိုက်တယ်။

ရှီဖုန်းဘေးက ကောင်မလေးတစ်ယောက်က ပါးစပ်ကို လက်နဲ့ အုပ်လိုက်တယ်။

ရိုက်ချက်က အတော်လေး ပြင်းတာကြောင်း ခပ်ဆတ်ဆတ်ရိုက်သံကို ဘေးကလူတွေတောင် ကြားနေရတယ်။ ဟေ့ယန်ရှန်းခေါင်းလည်း တစ်ဖက်ကို စောင်းငဲ့သွားတယ်။

ရှီဖုန်း သီးမခံနိုင်တော့တာကြောင့် ဟေ့ယန်ရှန်းနဲ့ တခြားလူတွေရှိနေတဲ့ ထိုနေရာဆီ ပြေးသွားလိုက်တယ်။

-----------_--------------_---------------_---


You are reading the story above: TeenFic.Net