Chapter 20

Background color
Font
Font size
Line height

ရှီဖုန်းက ခပ်သွက်သွက်ပင် အိပ်ယာက ထသွားကာ မနက်စာတောင် စားမနေတော့။

သူက တက္ကစီတစ်စီးငှါးလိုက်ပြီး ဝူထန်လမ်းပေါ်က ရှင်းယာရပ်ကွက်ဆီ သွားလိုက်တယ်။ ဟေ့ယန်ရှန်းပို့ပေးထားတဲ့ လိပ်စာအတိအကျအတိုင်း သွားတဲ့အခါ ဟေ့ယန်ရှန်းအမေနေတဲ့ တိုက်ခန်းတံခါးဆီ ရောက်လာခဲ့တယ်။ သူက စိုးရိမ်စွာနဲ့ တံခါးခေါင်းလောင်းကို အလျင်စလို တီးလိုက်တယ်။ သိပ်မကြာခင်မှာပဲ အထဲကနေလို့ ဖုန်းမြည့်သံကိုလည်း ကြားလိုက်ရတယ်။ အကြာကြီးနေမှ သူ့ကို တံခါးဖွင့်ပေးလာတယ်။

ဟေ့ယန်ရှန်းအမေက ငါးဆယ်ကျော်အရွယ်ဖြစ်တယ်။ သူမဆီမှာ နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတဲ့ သမီးလည်း ရှိတယ်။ ပြီးတော့ ယောကျ်ားက အလုပ်ကိစ္စ စစ်ဆေးမှု လုပ်ဖို့အတွက် နိုင်ငံခြား ခနသွားလိုက်တာကြောင့် နောက်အပါတ်မှ ပြန်ရောက်လာမှာဖြစ်တယ်။ သူမတစ်ယောက်တည်း အိမ်မှာ ရှိနေတုန်း လျှော်လဲတာကြောင့် ခြေထောက်က တအားနာသွားပြီး ပြန်မထနိုင်ဖြစ်သွားခဲ့တယ်။ ခြေထောက်ရိုးကျိုးသွားပြီလို့ ထင်ရတာကြောင့် သူမ လက်လွတ်စပါယ်လည်း မလှုပ်ရှားရဲခဲ့။
တုန့်ဆိုင်းမှုနဲ့အတူ တခြားမြို့မှာ ရောက်နေတဲ့ သူမသားကို ဖုန်းခေါ်လိုက်တာဖြစ်တယ်။ ဟေ့ယန်ရှန်းက အဝေးမှာ ရှိတာကြောင့် ချက်ချင်းပြန်လာဖို့ မဖြစ်နိုင်‌ချေ။ ဒီအချိန်မှာ သူအကူအညီတောင်းနိုင်တဲ့ တစ်ဦးတည်းသောသူက ရှီဖုန်း ဖြစ်လာခဲ့တယ်။

ဟေ့ယန်ရှန်းအမေက ရှီဖုန်းကို တံခါးဖွင့်ပေးဖို့အတွက် တရွတ်တိုက်ဆွဲပြီး ထွက်လာတယ်။ ရှီဖုန်းက သူကိုယ်သူ အတိုချုံးမိတ်ဆက်လိုက်ပြီး လှည့်ကာ အမျိုးသမီးကြီးကို ကုန်းပိုးလိုက်တယ်။ လှေကားပေါ်ကနေ ဆင်းပြီးနောက် ဆေးရုံဆီ ခေါ်သွားပေးတယ်။

သူတို့ အရေးပေါ်လူနာခန်းထဲသွားလိုက်ရပြီး ဆေးကုစရိတ်တွေကို ရှီဖုန်းက တာဝန်ယူပေးလိုက်တယ်။ ရှီဖုန်းက သူမကို ကျောပေါ်တင်ပြီး ဟိုပြေးဒီလာလုပ်ခဲ့ရတာဖြစ်တယ်။ သူက မငြင်းငြူတာသာမက ဆေးရုံစရိတ်ကိုတောင် ဦးစွာပေးပေးလိုက်သေးတယ်။

လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ပြီးနောက် သူမကို လူနာခန်းဆီ ပို့တယ်။ နောက်တစ်ရက်မှာ လုပ်မဲ့ ခွဲစိတ်မှုအတွက် စောင့်နေရုံပဲ ကျန်တော့တယ်။ အဲဒီအခါမှ ရှီဖုန်းက ထိုင်ဖို့အချိန်ရကာ ရေတစ်ငုံသောက်လိုက်တယ်။
ဟေ့ယန်ရှန်းအမေက လူနာကုတင်ပေါ် ထိုင်နေရင်း သူ့ကို ကြည့်ကာ ပြောတယ်။

“ ကျေးဇူးအများကြီးတင်ပါတယ်။ မင်းက ဟေ့ယန်ရှန်းရဲ့ ဒီတိုင်းလုပ်ဖော်ကိုင်ဖက်ပဲလား?”

ရှီဖုန်းက အဲဒါကို ကြားတဲ့အခါ ကြက်သေသွားကာ တစ်ဖက်လူက ဘာကိုပြောချင်တာလဲလို့ တွေးနေမိတယ်။ နောက်ဆုံးထိ သူကမသေချာ မရေရာဖြစ်ပေမဲ့ ပြောလိုက်တယ်။

“ ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေပါ။”

အမျိုးသမီးက ခေါင်းညိတ်တယ်။

“ အာ ကျေးဇူးနော်။ အန်တီ့လို မိန်းမအိုတွေက အိမ်က ခနကလို အခြေအနေမျိုးဆို  ဘာလုပ်ရမယ်မှန်းသိတာမဟုတ်ဘူး။” ယနေ့ကလို အခြေအနေကို ကြုံတွေ့ပြီးနောက် သူမအသံက အလိုလိုပဲ ဝမ်းနည်းဟန် စွက်နေတယ်။

ရှီဖုန်းက ဆေးရုံကုတင်ဘေးက ကုလားထိုင်မှာ ထိုင်နေတာဖြစ်တယ်။ ရှေ့ကို ကိုင်းလာပြီး သူမလက်ကို ဆုပ်ကိုင်ပေးလိုက်တယ်။

“ အန်တီ့ကို ကျွန်တော့်ဖုန်းနံပါတ် ပေးထားခဲ့မယ်။ တကယ်လို့ နောက်ကျ တစ်ခုခုဖြစ်ခဲ့ရင်လည်း ဟေ့ယန်ရှန်းကို ခေါ်နေစရာမလိုဘူး။ ကျွန်တော့်ကို တိုက်ရိုက်ခေါ်လိုက်လို့ ဖြစ်တယ်။”

အမျိုးသမီးကြီးက နူးနူးညံ့ညံ့ပြုံးကာ
“ မောင်ရင်က အရမ်းသဘောကောင်းတာပဲ။”

ဒီကနေ့မှာ သူမက ဒီစကားကို ဆယ်ကြိမ်မက ဆိုပြီးပြီဖြစ်တယ်။ အကြိမ်အများကြီး ထပ်ခါထပ်ခါကြားနေရတာကြောင့် ရှီဖုန်းက ရှက်ရွံ့လာတယ်။

ညနေ သုံးနာရီမှာ ဟေ့ယန်ရှန်းက ချုံဖုန်းမြို့ဆီ အလျင်စလို လေယာဉ်စီးလာတယ်။ သူ့လက်မှာ ခရီးဆောင်အိတ်ကို ဆွဲလာလျက် ဆေးရုံဆီတိုက်ရိုက်ပဲ တက္ကစီ စီးလာခဲ့တယ်။ သူလူနာခန််းဆီ ရောက်တဲ့အခါ ရှီဖုန်းက လက်မှာတော့ ဓားတစ်လက်နဲ့ ပန်းသီးနွှာနေပြီး သူ့အမေနဲ့ စကားလက်ဆုံကျနေတာကို တွေ့လိုက်ရတယ်။

ပန်းသီးကို ဖြတ်ပိုင်းလိုက်ပြီးပြီးချင်းမှာပဲ ဟေ့ယန်ရှန်းက လူနာခန်းတံခါးဆီ အလျင်စလို လျှောက်လာကာ အနည်းငယ် မောဟိုက်နေလျက် စကားဆိုလာတယ်။

“ မား၊ အခြေအနေဘယ်လိုလဲ?”

ရှီဖုန်းက ခေါင်းလှည့်လာကာ သူ့ကို ကြည့်တယ်။ သူ့အတွက် တစ်ဖက်လူကို နောက်ဆုံးတွေ့ခဲ့ရတာ နှစ်ဝက်လောက်တောင် ရှိခဲ့ပြီဖြစ်တယ်။ ဟေ့ယန်ရှန်းရဲ့ ပုံစံက အနည်းငယ်မျှ ပြောင်းလဲသွားဟန်မရှိ။ သို့ပေမဲ့ သူ့နှလုံးသားထဲမှာ မှတ်ထားတဲ့ ပုံရိပ်ထက်တော့ ပို၍ဝိတ်ကျသွားပုံပေါ်တယ်။ သူ့စိတ်ထဲမှာ ဟေ့ယန်ရှန်းက အမြဲတမ်း ပိုပို ပိတ်လာတယ်လို့ ခံစားရတယ်။

“ ခင်ဗျားရောက်ပြီလာ?” ရှီဖုန်းက ထရပ်ကာ အခုလေးတင် ပိုင်းဖြတ်ထားတဲ့ ပန်းသီးစိတ်ကို ဟေ့ယန်ရှန်းဆီ အလိုလို လှမ်းပေးမိကာ ဆိုတယ်။

“ ခင်ဗျား ခရီးပန်းနေမှာပဲ။ ပန်းသီး စားအုံးမလား?”

ဟေ့ယန်ရှန်းက ခန တန့်သွားကာမှ “ မလိုဘူး။ မင်းစားလေ။”

ရှီဖုန်းက ပန်းသီးကို ကြည့်လိုက်တယ်။ ပြီးမှ ရုတ်တရက် ပန်းသီးက ဘယ်သူ့အတွက် နွှာတာလဲ ဆိုတာကို ပြန်အမှတ်ရလိုက်တယ်။ သူက ပြန်လှည့်ပြီး ဟေ့ယန်ရှန်းအမေကို ပြန်ပေးဖို့ လုပ်မလို့ပေမဲ့ သူမက စိတ်လှုပ်ရှားနေတာကို တွေ့တဲ့အခါ ကုတင်ဘေးက စားပွဲပေါ်က ခွက်ထဲမှာပဲ ပြန်ချထားလိုက်တယ်။

ဟေ့ယန်ရှန်းအမေက ထိုနေ့က အိမ်မှာ ဖြစ်ပျက်ခဲ့တာကို ဟေ့ယန်ရှန်းကို နောက်တစ်ကြိမ် ပြန်ပြောပြတယ်။

ရှီဖုန်းက ဟေ့ယန်ရှန်းနောက်ဘက်မှာ ထိုင်ခုံတစ်လုံး ဆွဲပေးပြီး ထိုင်ခိုင်းတယ်။ ပြီးနောက် သန့်စင်ခန်းသွားကာ လက်သွားဆေးတယ်။ တခန လက်ဆေးနေပြီးနောက် သန့်စင်ခန်းတံခါးအပြင်ဘက် ရပ်နေဟန်ရှိတဲ့ ဟေ့ယန်ရှန်းက သူ့နာမည်ကို ခေါ်လာကာ ‘ကျေးဇူးပဲ’ လို့ပြောတယ်။

ဟေ့ယန်ရှန်းနဲ့ မျက်နှာချင်းဆိုင်ရတာက ခနက ဟေ့ယန်ရှန်းအမေနဲ့ ရှိရတာလောက် သက်သောင့်သက်သာမရှိတော့။ ရှီဖုန်းက သူ့စကားလုံးတွေနဲ့ အပြုအမူတွေက အထူးတလှယ်ဟန် မပေါက်နေအောင် ကြိုးစားနေရတယ်။ သူက စိုနေသေးတဲ့ လက်ချောင်းတွေနဲ့ပဲ တစ်ဖက်လက်ကို သုတ်လိုက်ကာ ပြောတယ်။

“ မလိုပါဘူး။ အန်တီလည်း တစ်နေ့လုံး ကျေးဇူးတင်ပဲ ပြောနေတာ။”

ဟေ့ယန်ရှန်းက ပြန်ပြောတယ်။ “ ချက်ချင်းလက်ငင်းဖြစ်သွားတာဆိုတော့ ကိုယ့်ဆီမှာ ဒီမြို့က အကူအညီတောင်းနိုင်တဲ့ တခြားသူငယ်ချင်းလည်း မရှိတာနဲ့ ။ မင်းကိုဘဲ ခေါ်လိုက်နိုင်တယ်။”

ရှီဖုန်းရဲ့ စိတ်ထဲမှာတော့ ‘ကျွန်တော်တော့ ဒီထက်ပို ဝမ်းမသာနိုင်တော့ဘူး’ လို့ပြောမိတယ်။ သို့ပေမဲ့ သူတကယ်တမ်းပြောလိုက်တာက

“ ကိစ္စမရှိဘူး။ အခုကနေစပြီးတော့ တစ်ခုခုထပ်ဖြစ်လာခဲ့ရင် အန်တီက ကျွန်တော့်ကို တိုက်ရိုက်ပဲ ခေါ်လိမ့်မယ်။ အဲဒါကြောင့် တကယ်လို့ ခင်ဗျားအလုပ်များနေရင် ဒီလို အလျင်စလို လာခဲ့ဖို့ မလိုတော့ဘူး။”

ဟေ့ယန်ရှန်းက သူ့ကိုမေးတယ်။ “ ကိုယ့်အမေရဲ့ ဆေးရုံစာရိတ်ကို မင်းပေးထားတာလား?”

“ အမြန်ပြန်ပေးစရာမလိုဘူး။ အန်တီ့အခြေအနေ တည်ငြိမ်လာဖို့က ရက်တစ်ချို့ ထပ်စောင့်ရအုံးမယ်။ မနက်ဖြန်မှာ ခွဲစိတ်ဖို့ ချိန်းထားတယ်။”

ဟေ့ယန်ရှန်းလည်းပဲ ပိုက်ဆံကို အလျင်စလိုကြီး ပြန်ပေးဖို့ မလိုဘူးလို့ ခံစားမိတယ်။ သူက ခေါင်းညိတ်လိုက်ကာ ပြောတယ်။

“ ကိုယ်မင်းကို ဒီနေ့ အများကြီး ဒုက္ခပေးမိပြီ။ ကိုယ်ဒီရက်တွေထဲ အချိန်ရှိခဲ့ရင် ကျေးဇူးတင်တဲ့အနေနဲ့ ညစာသေချာလိုက်ကျွေးမယ်လေ။”

ရှီဖုန်းက စိတ်သိပ်မပါပေမဲ့ ပြန်ပြောတယ်။

“ ခင်ဗျားအများကြီး ယဉ်ကျေးနေစရာမလိုပါဘူး။” သို့ပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီညစာကို သေချာပေါက် သွားစာမှာပေါ့လို့။

ဟေ့ယန်ရှန်းက သူ့ကို ကြည့်ကာ ပြုံးပြီး
“ ကိုယ်လုပ်ရမှာကို လုပ်ရုံလေးပါ။”

ရှီဖုန်းက တစ်ဖက်လူရဲ့ မျက်နှာကို သေချာကြည့်ပြီး အရမ်းရဲတင်းလွန်းနေဟန် ပေါက်မှာကိုလည်း စိုးရိမ်ကာ မေးတယ်။

“ ခင်ဗျား ဒီကိုလာဖို့ ခွင့်ယူခဲ့တာလား။”

ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။ “ ကိုယ်နောက်တစ်ပါတ်ထိ ခွင့်ယူထားတယ်။”

ရှီဖုန်းက ပြန်မေးတယ်။ “ ခင်ဗျား ဒီည ဆေးရုံမှာ အိပ်မှာလား?”

ဟေ့ယန်ရှန်းက ခေါင်းညိတ်တယ်။ “ အင်းပေါ့”

ရှိဖုန်းက အသံတိုးတိုးနဲ့ ထပ်မေးတယ်။

“ ကျွန်တော့်အကူအညီလိုလား?”

ဟေ့ယန်ရှန်းက ပြန်ပြောတယ်။

“ မလိုဘူး။ မင်းတစ်နေ့လုံး ပင်ပန်းနေလောက်ပြီ။ ပြန်သွားပြီ စောစောနားချေလေ။”

“ ခင်ဗျားရော?” ရှီဖုန်းက သတိကြီးကြီးနဲ့ မေးတယ်။

“ ခင်ဗျားလည်း ရက်တစ်ချို့လောက် ဆေးရုံမှာ အဖော်ပြုပေးရမှာဆိုတော့ မပင်ပန်းလောက်ဘူးလား?”

ဟေ့ယန်ရှန်းက ခေါင်းကိုလှည့်ကာ အထဲကိုကြည့်တယ်။ အခုရှုထောင့်ကနေ ကြည့်ရင် အထဲက ကုတင်ပေါ် လဲနေတဲ့ သူ့အမေက သူတို့နှစ်ယောက်ကို မမြင်ရ။ တီဗွီလည်း ဖွင့်ထားတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်ပြောနေကြတာကိုလည်း သေချာမကြားရလောက်။ ဟေ့ယန်ရှန်းက ပြောလိုက်တယ်။

“ မနက်ဖြန် ခွဲစိတ်မှုပြီးမှပဲ ကိုယ်အဲ့အကြောင်းတွေ စဉ်းစားတော့မယ်။”

“ ခင်ဗျား လူနာစောင့် ငှါးလိုက်ပါလား? ခင်ဗျားအမေအတွက် မိန်းမတစ်ယောက်ယောက် ရှာပေးလိုက်လေ။ ခင်ဗျားနဲ့ နေ့ ဒါမှမဟုတ် ညပိုင်း လူလဲနိုင်ဖို့။ အဲလိုမှ ခင်ဗျားလည်း နည်းနည်း နားနိုင်မှာပေါ့။”

“ အဲဒီအကြောင်းနောက်မှ ပြောကြတာပေါ့။ အလျင်လို လုပ်စရာမလိုဘူး။”

ရှီဖုန်းကလည်း အင်းလို့ပဲ ပြန်ပြောရတော့တယ်။

ဟေ့ယန်ရှန်းက သူ့ကို တဖန်ပြောလာတယ်။

“ ပြန်သွားပြီး နားတော့လေ။”

တကယ်တော့ ရှီဖုန်းက သူနဲ့ အချိန်ထပ်ကုန်ချင်သေးတာဖြစ်တယ်။ သို့ပေမဲ့ အကြောင်းပြချက် ကောင်းကောင်းရှာမတွေ့။ အဲဒါကြောင့် သူက ခေါင်းညိတ်ရုံပဲ တတ်နိုင်ကာ ပြောတယ်။

“ ကျွန်တော် အရင်ပြန်နှင့်တော့မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့။”

ဟေ့ယန်ရှန်းက လက်ခံခြင်းလည်း မပြုသလို ငြင်းဆိုခြင်းလည်း မလုပ်။

ရှီဖုန်းက အခန်းထဲ ပြန်ဝင်လာပြီး လူနာကို နှုတ်ဆက်လိုက်ကာ အိတ်ထောင်ထဲ သူ့ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ထည့်လိုက်ပြီး ဆေးရုံက ထွက်လာခဲ့တယ်။

ရှီဖုန်းက တစ်ညလုံး ဟေ့ယန်ရှန်းကို တွေးနေမိပေမဲ့ သူဖုန်းမခေါ်မိအောင် ထိန်းချုပ်လိုက်တယ်။ နောက်မနက်မှာ သူဆေးရုံဆီ ထပ်သွားတယ်။ အသီးနဲ့ နွားနို့တစ်ချို့လည်း ဝယ်လာပြီးတော့။ ပြီးတော့ ဟေ့ယန်ရှန်းအတွက် ကိတ်အသေးနှစ်ခုကိုလည်း ဝယ်သွားပေးတယ်။

သူရောက်တဲ့အခါ ဟေ့ယန်ရှန်းအမေက ခွဲစိတ်ခန်းဝင်သွားပြီဖြစ်တယ်။ ခွဲစိတ်ခန်းအပြင်ဘက်မှာ ဟေ့ယန်ရှန်းတစ်ယောက်တည်း စောင့်နေတယ်။ ရှီဖုန်းက ယူလာတဲ့ ပစ္စည်းတွေကို လူနာခန်းထဲ ချထားလိုက်ကာ ဟေ့ယန်ရှန်းစားဖို့ ကိတ်နှစ်လုံးကိုပဲ ယူလာလိုက်တယ်။

ဟေ့ယန်ရှန်းက နူးညံ့တဲ့ ကိတ်တွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ငြင်းဆိုဖို့မလုပ်ချင်တာကြောင့် လက်ခံလိုက်တယ်။

ဟေ့ယန်ရှန်းအမေရဲ့ ခွဲစိတ်မှုက အောင်အောင်မြင်မြင်ပြီးဆုံးသွားတယ်။ ခွဲစိတ်မှုပြီးမှပဲ သူမက ကောလိပ်တက်နေတဲ့ သမီးကို ဖုန်းခေါ်လိုက်တယ်။ ကောင်မလေးက စိတ်ပူပန်လွန်းလို့ ကျောင်းကနေ ခွင့်တိုင်ပြီး ချက်ချင်းပြန်လာဖို့ လုပ်တယ်။

ညနေမှာ ရှီဖုန်းက ဟေ့ယန်ရှန်းကို ပြောတယ်။

“ ကျွန်တော် ဒီမှာ နေထားပြီး အန်တီ့ကို စောင့်ထားပေးမယ်လေ။ ခင်ဗျား ရေမိုးချိုးပြီး ခနသွားအိပ်ချေ။”

ဟေ့ယန်ရှန်းက ဘာမှ ပြန်မပြောလာ။

ရှီဖုန်းက နောက်တဖန် ထပ်မေးလိုက်တယ်။ “ ခင်ဗျားဆီမှာ နေဖို့ နေရာရှိလား? ဟိုတယ်ဘွတ်ကင် တင်ထားလား?”

ဟေ့ယန်ရှန်းက ပြန်တုန့်ပြန်လာတယ်။ “ ကိုယ်မလုပ်ရသေးဘူး။”

ရှီဖုန်းအတွေးက နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ “ ကျွန်တော်တို့ ကုမ္ပဏီမှာ တွဲဖက်ဟိုတယ်ရှိတယ်။ ကျွန်တော် ဖုန်းခေါ်ပြီး ခင်ဗျားအတွက် အခန်းယူပေးထားလို့ရတယ်။ အဲဒါဆို ခင်ဗျား လျှောက်သွားနေစရာမလိုတော့ဘူး။”

“ အဲလိုလုပ်မယ်ဆို အဆင်ပြေလား?” ဟေ့ယန်ရှန်းက မေးတယ်။

“ အင်းပေါ့။ ပြေတာပေါ့။”

အဲဒီနောက် ရှီဖုန်းက ဖုန်းသွားခေါ်ကာ သူတို့ကုမ္ပဏီနားက ပါတနာဟိုတယ်မှာ ဟေ့ယန်ရှန်းအတွက် အခန်းဘွတ်ကင်ယူပေးတယ်။
ဟေ့ယန်ရှန်းက ရှီဖုန်းကို ဆေးရုံမှာနေပြီး ဒုက္ခမခံစေချင်။ အဲဒါကြောင့် သူက ဆေးရုံမှာ စုံစမ်းပြီး သူ့အမေကို ယာယီစောင့်ရှောက်ပေးဖို့ ပရော်ဖက်ရှင်နယ်နပ်စ်တစ်ယောက်ငှါးလိုက်တယ်။ ပြီးတော့ သူလည်း ရှိဖုန်း ပြောတဲ့အတိုင်း သူအနားယူဖို့ ရေချိုးပြီး အဝတ်တွေလဲဖို့ နေရာရှာချင်သေးတယ်။

သို့ပေမဲ့ သူက အနားမယူနိုင်သေး။ သူက ညနေထိ ဆေးရုံမှာ စောင့်လိုက်ရတယ်။ သူ့အမေရဲ့ အခြေအနေ တည်ငြိမ်ပြီး ဆေးသွင်းတာလည်း ပြီးမှ သူ့အမေက အိပ်ယာပေါ် လဲနေကာ သူ့ကို ပြန်ပြီး အနားယူဖို့ ပြောတယ်။ အဲဒီနောက် ဟေ့ယန်ရှန်းက ရှီဖုန်းနဲ့အတူ ဆေးရုံကထွက်လာကာ အဝတ်လဲဖို့ ဟိုတယ်ဆီ ထွက်လာတယ်။

သူက တစ်နေ့လည်လုံး ရှီဖုန်းကို ပြန်ဖို့ပြောတယ်။ သူ့ကို ဆေးရုံမှာ အဖော်လုပ်ပေးစရာ မလိုတော့ဘူးဆိုပြီ။ သို့ပေမဲ့ ရှီဖုန်းက ငြင်းဆိုကာ မထွက်သွားခဲ့။ ညနေမှ သူတို့နှစ်ယောက် ဆေးရုံက ထွက်လာကာ လမ်းပေါ် မှာ အဆင်ပြေတဲ့ တစ်ခုခုဝင်စားကြတယ်။ ပြီးနောက် ရှီဖုန်းက ဟေ့ယန်ရှန်းကို ကားနဲ့ ဟိုတယ်ဆီ လိုက်ပို့ပေးတယ်။

ဟိုတယ် ဝင်ပေါက်မှာ ရပ်နေရင်း ရှီဖုန်းက တုန့်ဆိုင်းနေကာ အထဲလိုက်ဝင်ဖို့ မတောင်းဆိုတော့။ အခုအချိန်မှာ သူဘယ်အချိန်ရပ်ရမလဲ သိပြီဖြစ်တယ်။ သူစိတ်တက်ကြွလွန်းရင် ဟေ့ယန်ရှန်းကြောက်သွားမှာ စိုးရိမ်ရတယ်။

အဲဒါကြောင့် သူက ဟေ့ယန်ရှန်းကို မေးလိုက်တယ်။ “ ခင်ဗျားကျွန်တော့်ကို ဆေးရုံမှာ နောက်ထပ် အဖော်ပြုခိုင်းစေချင်သေးလား?”

ဟေ့ယန်ရှန်းက ခေါင်းခါတယ်။
“ မလိုတော့ဘူး။ အခုတောင် ကျေးဇူးအများကြီ တင်နေပြီ။”

ရှီဖုန်းက ဟေ့ယန်ရှန်းသူ့ကို ကျေးဇူးတင်စကားပြောတာ မကြားချင်။ သူက လက်တွေကို ပဲန်အိတ်ထောင်ထဲ နှိုက်ထားရင်း တစ်ဖက်လူကို တခန ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်။

“ ဒါဆို ကျွန်တော် သွားတော့မယ်။ ကျွန်တော် မနက်ဖြန် အလုပ်ရှိတယ်။ အဲဒါကြောင့် အန်တီ့ကို ညကျမှပဲ လာကြည့်နိုင်မယ်။”

ဟေ့ယန်ရှန်းက ပြန်ပြောလာတယ်။ “ မင်းလည်း မင်းကိစ္စနဲ့ အလုပ်ရှုပ်နေတာပဲ။ ကိုယ့်အမေရဲ့ အခြေအနေလည်း အတော် တည်ငြိမ်နေပြီ။ မင်းနေ့တိုင်းလာပြီး အချိန်ဖြုန်းစရာ မလိုတော့ဘူး။ နောက်နှစ်ရက်လောက်နေရင် ကိုယ်မင်းကို ညစာ လိုက်ကျွေးမယ်။”

ရှီဖုန်းက အားတက်တရော ခေါင်းညိတ်တယ်။ “ အိုကေ”

နောက်နှစ်ရက်ကြာပြီးတဲ့နောက်မှာ ဟေ့ယန်ရှန်းညီမလေးက ကျောင်းကနေ ပြန်ရောက်လာတယ်။ အဲဒါအပြင် သူ့အဖေလေးကလည်း သူတို့အဖွဲ့သားတွေနဲ့အတူ နိုင်ငံခြားကနေ ပြန်ရောက်လာခဲ့ပြီ။ အဲဒါကြောင် ဟေ့ယန်ရှန်းက စီစဉ်စရာရှိတာတွေကို စီစဉ်ထားကာ ပြန်သွားဖို့ လုပ်တယ်။

မပြန်ခင်မှာ ဟေ့ယန်ရှန်းက ရှီဖုန်းကိုလည်း ညစာ ခေါ်ဖိတ်တယ်။

ထိုညစာအတွက် ဟေ့ယန်ရှန်းက ပတ်ဝန်းကျင်ကောင်းပြီးတော့ ဈေးကြီးတဲ့ ဂျပန်စားသောက်ဆိုင်ကို အထူးရှာထားတယ်။ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ ဟေ့ယန်ရှန်းပထမဆုံးလုပ်တဲ့အရာက ရှီဖုန်းကို ကျေးဇူးတင်စကား ထပ်ဆိုတာဖြစ်တယ်။

ရှီဖုန်းက ဟေ့ယန်ရှန်းကိုကြည့်ကာ “ ခင်ဗျား ကျေးဇူးတင်စကား နောက်တစ်ခေါက် ထပ်ပြောရင် ကျွန်တော် ပြန်တော့မှာ။”

ဟေ့ယန်ရှန်းက အဲဒါကို ကြားတဲ့အခါ ပြုံးတယ်။ သူ့အနေနဲ့ ရှီဖုန်းက အတော်လေး ပြောင်းလဲသွားပြီလို့ ခံစားရတယ်။ ယောကျ်ားဆန်ခြင်းအပိုင်းမှာပေါ့။ အခု ရှီဖုန်းက အရင်က ရှီဖုန်းနဲ့ နည်းနည်းမတူတော့သလိုပဲ။

တကယ်တမ်းတော့ အခုရှီဖုန်းလည်း သူအရင်က သိကျွမ်းခဲ့တဲ့ ရှီဖုန်းပဲဖြစ်နေသေးတာဖြစ်တယ်။ သူ့မှာလည်း ကိစ္စတွေအပေါ်ကိုယ်ပိုင်အမြင်တွေရှိတယ်။ သို့ပေမဲ့ သူက တည့်တိုးဆိုခြင်းမလုပ်တော့။ သူ့မှာ အဆင်မပြေတဲ့ ဆက်ဆံရေးရှိခဲ့တယ်။ အခုတော့ ‘မင်းအနေနဲ့ ချိုချဉ်စားချင်လို့ ငိုယိုနေရင်တောင် ဘယ်သူကမှ လာပေးမှာမဟုတ်တော့၊ မင်းကိုယ်တိုင် ရင့်ကျက်လာပြီး ကိုယ့်ပိုက်ဆံနဲ့ ဝယ်စားနိုင်မှ ဖြစ်မယ်”’ ဆိုတဲ့အကြောင်းကို နားလည်လာပြီဖြစ်တယ်။

ဟေ့ယန်ရှန်းက အကျိုးသင့် အကြောင်းသင့်တဲ့ သူဖြစ်တယ်။ သူက ပုံမှန် အပြုအမူနဲ့ပဲ ရှီဖုန်းရဲ့ လက်ရှိအလုပ်အခြေအနေတွေကို မေးကာ ကုမ္ပဏီအကြောင်း၊ သူကြုံတွေ့ရတဲ့ အပြောင်းအလဲတွေအကြောင်း ပြီးတော့ ရှီဖုန်း ထွက်ခွါသွားပြီးနောက် ဈေးကွက်ပြောင်းလဲမှုတွေအကြောင်းကို ပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ အတိတ်က အဆင်မပြေမှုအကြောင်းကိုတော့ ဒီတိုင်း မပြောဖြစ်ဘဲချန်ထားကြတယ်။

နောက်ဆုံးမှာ ဟေ့ယန်ရှန်းက ရှီဖုန်းရဲ့ ဘဏ်အကောင့်တောင်းပြီး ကုန်ကျထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်လို့ ပြောတယ်။

ရှီဖုန်းကလည်း တစ်ခွန်းထဲပြန်တုန့်ပြန်တယ်။
“ အိုကေလေ”

သူတို့ ဂျပန်စားသောက်ဆိုင်ကနေ ထွက်လာကြတဲ့အခါ ဟေ့ယန်ရှန်းက အပြင်မှာ နည်းနည်းအေးတယ်လို့ ခံစားရတာကြောင့် အပေါ်ကုတ်အင်္ကျီကို ထပ်ဝတ်ဖို့ လက်ကို မြှောက်လိုက်တယ်။ အဲဒီအချိန်မှာ သူ့သားရေပိုက်ဆံအိတ်က အိတ်ထောင်ထဲကနေလို့ ချော်ကျကာ လမ်းဘေးကျသွားတယ်။ သူက ချက်ချင်းကုန်းပြီး ပိုက်ဆံအိတ်ကို ကောက်ယူဖို့လုပ်တယ်။

အဲဒီအချိန်မှာပဲ ရှီဖုန်းက ကားတစ်စီး လမ်းဘေးကပ်ပြီး မောင်းလာတာကို တွေ့တဲ့အခါ ဟေ့ယန်ရှန်းနဲ့ နီးကပ်လွန်းတယ်လို့ တွေးတာကြောင့် ရှေ့ကို အလိုလို လှမ်းလာမိကာ လက်တစ်ဖက်က ဟေ့ယန်ရှန်းခါးနေရာမှာ ဆွဲဖက်လိုက်ပြီး ကျန်တစ်ဖက်က ဟေ့ယန်ရှန်းရင်ဘတ်ကနေလို့ သူ့ဘက်ဆီ နောက်ကို ခြေတစ်လှမ်းစာလောက် ဆွဲယူလိုက်တယ်။ သူက ကားသမားကို လိုက်အော်ချင်စိတ်ကို ထိန်းချုပ်လိုက်ကာ ဟေ့ယန်ရှန်းကိုပဲ မေးလိုက်တယ်။

“ ခင်ဗျားအဆင်ပြေရဲ့လား?”

သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေက ထိစပ်နေတယ်။ ရှီဖုန်းစကားပြောလိုက်တဲ့အခါ ဟေ့ယန်ရှန်းနောက်ကျောကနေလို့ ရှီဖုန်းရင်ဘတ်ရဲ့ လှုပ်ရှားသွားမှုကိုတောင် ခံစားရတယ်။ အဲဒီအပြင် ရှီဖုန်းလက်နဲ့ ရင်ဘတ်က နွေးထွေး သန်မာလျက် ဒီပွေ့ဖက်မှုကပဲ ကမ္ဘာပေါ်က အလုံခြုံဆုံး နေရာကဲ့သို့ ထင်ယောင်ထင်မှားဖြစ်မှုကို ခံစားရစေတယ်။

ဟေ့ယန်ရှန်းအနေနဲ့ ဒီထင်ယောင်ထင်မှားဖြစ်မှုကို ဖယ်ရှားလိုက်ချင်တယ်။ ရှီဖုန်းက သူ့လက်တွေကို ချက်ချင်းလွတ်ပေးကာ ကိုယ်ကို ကိုင်းပြီး ပိုက်ဆံအိတ်ကို ကောက်ယူပေးတယ်။ ပြီးနောက် ဟေ့ယန်ရှန်းကို လှမ်းပေးကာ ပြောတယ်။

“ ဒီက ဒါရိုက်ဘာတွေက ကားမောင်းတာ အတော်ကြမ်းတယ်။”

“ ကျေးဇူးတင်ပါတယ်” ဟေ့ယန်ရှန်းက လက်ခံယူလိုက်ပြီး ကျေးဇူးတင်စကားဆိုတယ်။

ရှီဖုန်းက ရုတ်တရက်မေးလာတယ်။

“ ခင်ဗျား၊ ခင်ဗျားရည်းစားနဲ့ အဆင်ပြေနေရဲ့လား?”

သူက ဒီမေးခွန်းကို တစ်ညလုံး ထိန်းထားခဲ့တာဖြစ်တယ်။ သို့ပေမဲ့ သူတို့နှစ်ယောက် လမ်းခွဲခါနီးမှာ မမေးကြည့်ဖို့ မနေနိုင်တော့။
ဟေ့ယန်ရှန်းက ခေါင်းကို ငုံ့ထားကာ ပိုက်ဆံအိတ်ပေါ်က ဖုန်တွေကို သပ်ချနေရင်း ဖြေတယ်။

“ ကိုယ်တို့ အဆင်ပြေတယ်။”

ရှီဖုန်းက စနောက်စကားဆိုလိုက်တယ်။
“ ကျွန်တော့်အတွက် အခွင့်အရေးမရှိသေးသလိုပဲ။” စနောက်စကားလို့ ထင်ရပေမဲ့ သူ့အသံထဲ ဆုံးရှုံးမှုက ဖုန်းကွယ်မရစွာ ရောနှောနေတယ်။

ဟေ့ယန်ရှန်းမှာ ထိုဆုံးရှုံးသွားတဲ့ ခံစားချက်နဲ့ လည်ညစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူက လည်ချောင်းရှင်းလိုက်တယ်။

ရှီဖုန်းက ဆက်ပြောလာတယ်။

“ သွားတော့လေ။ ကျွန်တော်လိုက်ပို့ပေးမယ်။”

အခုလေးတင် ဖြစ်ပျက်ခဲ့သမျှက ဘာမဟုတ်သလို ပယ်ချလိုက်ခြင်း ခံရတယ်။ စနောက်မှုက စနောက်မှုသာဖြစ်ပြီး ဆုံးရှုံးသွားမှုကလည်း တကယ်တမ်း ဆုံးရှုံးသွားခြင်း မဟုတ်သကဲ့သို့။

ဟေ့ယန်ရှန်းက ပြန်တုန့်ပြန်တယ်။ “ မလိုတော့ဘူး။”

ရှီဖုန်းက ထပ်ပြောတယ်။ “ ကျွန်တော့်အိမ်က ခင်ဗျားတည်းတဲ့ ဟိုတယ်နဲ့ နီးနီးလေး။ အဲဒါကြောင့် တက္ကစီအတူစီးပြီး ခင်ဗျားကို အရင်လိုက်ပို့ပေးမယ်။ ပြီးမှ ကျွန်တော့်အိမ် ပြန်လိုက်မယ်။”

ဟေ့ယန်ရှန်းက ဆက်ငြင်းဖို့ ဆင်ခြေ ရှာမတွေ့တာကြောင့် ခေါင်းပဲ ညိတ်လိုက်တယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းကို ကားတံခါးဖွင့်ပေးပြီး အထဲဝင်ထိုင်စေတယ်။ ရုတ်တရက်ပဲ ဟေ့ယန်ရှန်းစိတ်ထဲမှာ ရှီဖုန်းက တဖြည်းဖြည်းနဲ့ တခြားသူတွေနဲ့ ဆက်ဆံရေးမှာ ဦးဆောင်တဲ့ နေရာကနေ နေရာယူလာပြီ ပဲလို့ တွေးလိုက်မိတယ်။ သူ့ရဲ့ တောင်းဆိုမှုတွေက တကိုယ်ကောင်းမဆန်တော့ပဲ နှိုင်းနှိုင်းခြင့်ခြင့် အထိန်အကွပ်ရှိလာပြီ။ အဲဒါကြောင့် ကိုယ့်အနေနဲ့ မငြင်းနိုင်တော့သာမက သူကတော့ တဖြည်းဖြည်းနဲ့ ဝင်တိုးနေရာယူလာတယ်။

ဟေ့ယန်ရှန်းက မိန်းမောတွေဝေနေမိတယ်။

ဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎ


You are reading the story above: TeenFic.Net