Chapter 18

Background color
Font
Font size
Line height

ရှီဖုန်းက ပြန်ရောက်လာတဲ့အခါ ဖျားတော့တယ်။ သူက ကလေးကတည်းက အတော်လေးကျန်းမာခဲ့တာဖြစ်တယ်။ ဆောင်းရာသီကြီး မြစ်ထဲ ရေသွားကူးရင်တောင် အအေးမိခဲ့တာမဟုတ်ဘူး။ အခုတော့ သူဘာဖြစ်နေလဲ မသိတော့ဘူး။ လေယာဉ်ပေါ်ကဆင်းတဲ့ ညမှာပဲ အအေးမိပြီးတော့ ခေါင်းမူးလာတာဖြစ်တယ်။

ပုံမှန်အားဖြင့်တော့ နောက်တစ်ရက်မှာ သူအလုပ်ဆင်းရမှာဖြစ်တယ်။ သူနောက်တစ်မနက် အိပ်ယာပေါ်က နိုးလာတဲ့အခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာကြောင့် ဖျားနာခွင့်ယူလိုက်တယ်။

အရင်‌နေ့ကနေ ဒီမနက်ထိ သူအအေးမိဆေးတွေလည်း ဝယ်မသောက်ရ‌သေး။ သူထပ်အိပ်လိုက်ရင် နေကောင်းသွားလိမ့်မယ်လိုပဲ ခံစားနေရတယ်။

သူက ညနေထိ အိပ်ခဲ့တယ်။ တစ်ကိုယ်လုံးကိုစောင်ခြုံထားပြီးတော့ ရွှေးတွေလည်း တအားထွက်နေခဲ့တယ်။ သူနည်းနည်းပြန်သက်သာလာတဲ့အခါ ကုတင်ဘေးမှာ ချထားတဲ့ ဖုန်းက မြည်လာခဲ့တယ်။

ရှီဖုန်းက ဖုန်းကို ကောက်ယူလိုက်တဲ့အခါ ဟေ့ယန်ရှန်းခေါ်တာဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူက အနည်းငယ် စိတ်လှုပ်ရှားသွားတယ်။ သူဖုန်းဖြေလိုက်တဲ့အခါ သူ့လက်က အနည်းငယ် တုန်ရီနေလျက်ရှိတယ်။ အိပ်ယာအောက်ကိုတောင် လွတ်ချမိတော့မလို့။ အဲဒါကြောင့် သူက တင်းတင်းဆုပ်ကိုင်ထားကာ မျက်နှာနား ကပ်လိုက်ရင်း စိတ်လှုပ်ရှားစွာနဲ့ ဖြေတယ်။

“ ဟလို”

ဟေ့ယန်ရှန်းအသံက ထွက်ပေါ်လာတယ်။

“ မင်းအိမ်မှာလား”

“ အင်း”

ရှီဖုန်းက ခပ်မြန်မြန် ပြန်ဖြေတယ်။

ဟေ့ယန်ရှန်းကမေးလာတယ်။

“ မင်း အိပ်ယာပေါ်ကနေ ထနိုင်လား?”

“ ထနိုင်ပါတယ်။ အရမ်းဆိုးဆိုးကြီး ဖြစ်နေတာမဟုတ်ဘူး”

“ ဒါဆို ထပြီးတော့ ကိုယ့်ကို တံခါးလာဖွင့်ပေး”

ရှီဖုန်းက အံ့သြသွားတယ်။ သူက ကုတင်ပေါ်ကနေ ချက်ချင်း ခုန်ထွက်လိုက်တယ်။

အကျိုးဆက်အနေနဲ့ တစ်ကိုယ်လုံး ချက်ချင်း နာကျင်ကိုက်ခဲသွားတယ်။ သူက အိပ်ယာပေါ်က ထလာပြီးနောက်မှ တစ်ကိုယ်လုံးမှာ အတွင်းခံတစ်ခုပဲ ဝတ်ထားတာကို သတိထားမိလိုက်တယ်။ သူက ဟေ့ယန်ရှန်းအနေနဲ့ သူ့ကို အထင်မလွဲစေချင်တာကြောင့် ညအိပ်ဝတ်စုံကို အမြန်ဝတ်ဆင်လိုက်ပြန်တယ်။

ဒီလိုလုပ်ဆောင်နေမှု အတောအတွင်းမှာ သူက အလောတကြီး လှုပ်ရှားနေတာဖြစ်တယ်။ ဟေ့ယန်ရှန်း စောင့်ရမှာ စိတ်မရှည်လို့ ပြန်လှည့်ထွက်သွားမှာကို သူစိုးရိမ်နေလို့ဖြစ်တယ်။

ကံကောင်းစွာနဲ့ သူတံခါးစီ ပြေးထွက်လာပြီး ဖွင့်လိုက်တဲ့အခါ ဟေ့ယန်ရှန်းက တံခါးပေါက်ရှေ့ ရပ်နေသေးတယ်။

ဟေ့ယန်ရှန်းက သူအခန်းထဲက ပြေးထွက်လာသံကို ကြားတာကြောင့် ပြောလိုက်တယ်။

“ မင်း..အဆင်ပြေနေပုံရပါတယ်။”

ရှီဖုန်းက နှစ်ကြိမ် ချောင်းဆိုးလိုက်မိတယ်။

“ ခင်ဗျားကျွန်တော့်ကို လာတွေ့တာလား? အထဲဝင်ထိုင်လေ။”

ဟေ့ယန်ရှန်းက တကယ်တမ်းလည်း သူ့ကို အထူးတလှယ်လာကြည့်တာဖြစ်တယ်။ ရှီဖုန်းနေမကောင်းလို့ ဒီကနေ့ အလုပ်မလာဘူးဆိုတဲ့အကြောင်းကို ဟေ့ယန်ရှန်းကြားတဲ့အခါ သူနည်းနည်း စိတ်မငြိမ်မသက်ခံစားလာရတယ်။ တကယ်တမ်း သူဒီတိုင်း လျစ်လျူရှူထားသင့်တာဖြစ်တယ်။ သို့ပေမဲ့ ရှီဖုန်းက ဘွဲ့ရပြီးနောက် ဒီမြို့မှာ တစ်ယောက်တည်း အလုပ်လာလုပ် နေတာကို သူသိထားတယ်။ မိတ်ဆွေမရှိ ဆွေမျိုးမရှိ။ အခုတလောဆိုရင် ကောင်မလေးတောင် မရှိဘူး။

တကယ်တမ်းပြောရရင် ရှီဖုန်းနေမကောင်းဖြစ်တာက သူနဲ့မဆိုင်ဘူးလို့ လုံးဝပြောနိုင်တာလည်း မဟုတ်ဘူးမလား။ လာကြည့်ပေးမဲ့သူ တစ်ယောက်မှမရှိဘဲ အိပ်ယာပေါ် လဲနေရတာက သနားဖို့ကောင်းတယ်။

အဲဒါကြောင့် ညနေ အလုပ်ဆင်းတဲ့အခါ ဟေ့ယန်ရှန်းက လာခဲ့လိုက်တာဖြစ်တယ်။ သူ့အနေနဲ့ ရှီဖုန်းက အိပ်ယာပေါ်က ထနိုင်ပြီး မသေသေးဘူး ဆိုတာကို လာအတည်ပြုရုံပဲဖြစ်တယ်။ အဲဒါမှ သူမစိုးရိမ်တော့ဘဲ ပြန်လှည့်ထွက်လာနိုင်မှာဖြစ်တယ်။

သို့ပေမဲ့ ရှီဖုန်းက သူ့ကို ဒီတိုင်းထွက်မသွားစေချင်ခဲ့။ ဟေ့ယန်ရှန်းကို တွေ့ပြီးနောက်မှာ သူက ပိုအားနည်းပြီး ခေါင်းမူးလာသလို ခံစားရကာ သူ့အသံက ကွဲအက်နေပြီး ချောင်းလည်း ဆိုးနေသေးတယ်။ သူက ဟေ့ယန်ရှန်းကို ဧည့်ခန်းထဲ ဝင်ထိုင်ဖို့ ဖိတ်လိုက်တယ်။ ပြီးနောက် ဟေ့ယန်ရှန်းအတွက် ရေတစ်ခွက်ယူပေးဖို့ နံရံပေါ် အမှီယူကာ မီးဖိုချောင်ဘက် သွားလိုက်တယ်။

“ လျှောက်သွားမနေနဲ့” ဟေ့ယန်ရှန်းက သူယူလာတဲ့ ပလတ်စတစ်အိတ်တစ်လုံးကို ကော်ဖီစားပွဲပေါ် ချလိုက်ရင်းဆိုတယ်။

“ ကိုယ်မင်းအတွက် ဆေးယူလာပေးတယ်။”

ရှီဖုန်းက သူ့ဗိုက်ကို လက်နဲ့ဖိလိုက်တယ်။

“ ကျွန်တော်တစ်နေ့လုံး ဘာမှ မစားရသေးဘူး။ ဆေးမသောက်ခင် ကျွန်တော် တစ်ခုခုစားထားဖို့ လိုမယ်ထင်တယ်။”

ဟေ့ယန်ရှန်းက ပြန်မဖြေလာပေ။

အချိန်က စောနေသေးတာကို ကြည့်လိုက်တဲ့အခါ ဟေ့ယန်ရှန်းက အလုပ်ဆင်းဆင်းချင်း လာခဲ့တာဖြစ်ရမယ်လို့ ရှီဖုန်းတွေးလိုက်တယ်။ အဲဒါကြောင့် သူကမေးလိုက်တယ်။

“ ခင်ဗျားရော စားပြီးပြီလား? ကျွန်တော် နှစ်ယောက်စာ မှာလိုက်ရမလား?” သူက ဟေ့ယန်ရှန်းငြင်းမှာ စိုးတာကြောင့် ဂရုတစိုက်မေးလိုက်တယ်။

တစ်ဖက်လူရဲ့  သတိကြီးကြီးထားလျက် စိတ်လှုပ်ရှားစွာမေးနေတဲ့ အသံကိုကြားတဲ့အခါ ဟေ့ယန်ရှန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။

“ အိုကေလေ။”

ရှီဖုန်းက သူ့ဖုန်းနဲ့ takeout မှာလိုက်တယ်။ ပြီးနောက် ဆိုဖာပေါ်ထိုင်ကာ ဟေ့ယန်ရှန်းကိုကြည့်တယ်။

“ ခင်ဗျား လာကြည့်ပေးဖို့ မမျှော်လင့်ထားဘူး။”

ဟေ့ယန်ရှန်းက ခပ်အက်အက်အသံနဲ့ တိုးတိုးပြောတယ်။

“ မင်းအိမ်မှာ တစ်ယောက်တည်း သေနေမှာ စိုးလို့။”

အဲဒါကို ကြားတဲ့အခါ ရှီဖုန်းက အနည်းငယ် အထီးကျန်မှုကို ခံစားလိုက်ရတယ်။ ပုံမှန်အားဖြင့်တော့ အဲလောက်မဆိုးပေမဲ့ နေမကောင်းတဲ့အချိန်မျိုးမှာ တစ်ကိုယ်တည်းဖြစ်မှုက သိသိသာသာဖြစ်လာမှုကို ခံစားရတယ်။

ဟေ့ယန်ရှန်းက ဆက်ပြောတယ်။

“ အဲဒါကြောင့် ကိုယ်မင်းကို တစ်ချက်လာကြည့်ဖို့ လာခဲ့တာ”

“ ကျေးဇူးပါ” ရှီဖုန်းက ဆိုတယ်။

သူတို့နှစ်ယောက် ဒီလို ငြိမ်ချမ်းတည်ငြိမ်နေတာမျိုးက ရှားပါးတယ်။ နေမကောင်းဖြစ်နေတဲ့ ရှီဖုန်းက သည်းမခံနိုင်စရာ တွန်းအားပေးမှုမျိုးကို မဖြစ်စေ။ ဟေ့ယန်ရှန်းက တစ်ဖက်လူကို ပုံမှန်စကားပြောလို့ရတယ်လို့ ခံစားရတာကြောင့် ဆက်ပြောလိုက်တယ်။

“ ရှီဖုန်း ကိုယ်မင်းကို ပြောစရာရှိတယ်။”

ချက်ချင်းပဲ ရှီဖုန်းတစ်ယောက် စိတ်လှုပ်ရှားလာတယ်။ သူက ခေါင်းမော့ကာ ဝေ့ပတ်ကြည့်ပြီး သူတို့ စကားပြောတာကို ရပ်တန့်ပေးနိုင်မဲ့ တစ်ခုခုကို ရှာကြည့်လိုက်ပေမဲ့ အခုအခြေအနေကို ရှောင်လွဲနိုင်ဖို့ သူဘာမှ ရှာမတွေ့။

ဟေ့ယန်ရှန်းက သူကို မရှောင်လွဲစေချင်တော့။

“ အခုတစ်ခေါက်က နောက်ဆုံးအကြိမ်ပဲ။ ကိုယ်လေးလေးနက်နက်ပြောမယ်။ ကိုယ်မင်းနဲ့ပတ်သက်ပြီး တခြားအတွေးတွေ ဘာမှ မရှိဘူး။ အနာဂါတ်မှာ မင်းကိုယ်နဲ့ မပါတ်သက်တော့ဖို့ ကိုယ်မျှော်လင့်တယ်။”

ရှီဖုန်းက ခေါင်းငုံ့သွားပြီး ဘာမှ ပြန်မဖြေလာ။

ဟေ့ယန်ရှန်းကပဲ ဆက်ပြောလိုက်တယ်။

“ ကိုယ့်မှာအခု ပတ်သက်မှုတစ်ခု ရှိနေပြီ”

ထိုစကားကို ရှီဖုန်းကြားတဲ့အခါ ချက်ချင်း ခေါင်းထောင်ကြည့်လာတယ်။
ဟေ့ယန်ရှန်းရဲ့ မျက်နှာထားက တည်တည်ငြိမ်ငြိမ်ရှိတယ်။

“ မနေ့ကို ကိုယ်တို့ပြန်လာပြီးနောက် ကိုယ့်သူငယ်ချင်းနဲ့ သွားတွေ့ခဲ့တယ်။ သူက ဖွင့်ပြောလာတော့ ကိုယ်လည်း လက်ခံလိုက်တယ်။”

“ ဘယ်သူလဲ ” ရှီဖုန်းက မနေနိုင်စွာ မေးလိုက်မိတယ်။

“ မင်းသူ့ကို မသိဘူး။ သူ့ကို ဆုန်းယွီက မိတ်ဆက်ပေးတာ။ ကိုယ်တို့ အရင်ကလည်း ရန်ဖန်ရန်ခါ တွေ့ဖြစ်ကြတယ်။ မနေ့ညက ကိုယ်တို့ ပတ်သက်မှုကို အတည်ပြုလိုက်ရုံပဲ။”

ရှီဖုန်းမှာ အခုချိန်မှာ သူ့မျက်နှာထားက ဘယ်လိုဖြစ်နေပြီမှန်း မသိတော့။ သို့ပေမဲ့ သူ့မျက်နှာက ဆိုးရွားနေတော့မှာ ဖြစ်ကြောင်းကိုတော့ ခန့်မှန်းမိတယ်။ ဘာလို့ဆို သူ့ကို ကကြည့်နေတဲ့ ဟေ့ယန်ရှန်းမျက်နှာက နည်းနည်း စိုးရိမ်လာသလိုမျိုး မျက်ခုံးတွေ တွန့်ချိုးလာလို့ဖြစ်တယ်။

သူစကားပြောလေလေ ဟေ့ယန်ရှန်းကတော့ သူ့ကို စိတ်မချမ်းမမြေ့ဖြစ်စေလေလေဖြစ်တယ်။ အဲဒါကို ရှီဖုန်း သူ့စိတ်ထဲသိနေပေမဲ့ သူမထိန်းချုပ်နိုင်။ သူက ထပ်မေးမိပြန်တယ်။

“ ခင်ဗျားသူ့ကို ချစ်လား။”

ဟေ့ယန်ရှန်းက ဒီခေါင်းစဉ်ကို အစပျိုးပြီးမှတော့ သူ့စိတ်ပြင်ဆင်ထားပြီးဖြစ်တယ်။

“ ကိုယ်သူ့ကို ကြိုက်တယ်။”

ရှီဖုန်းက ထိုစကားလုံးတွေထဲက သူ့ကိုယ်သူ နှစ်သိမ့်ဖို့ သက်သေတစ်ချို့ ရှာလိုက်တယ်။

“ ဒါဆို အဲဒါက အချစ်မဟုတ်ဘူးလေ။”

ဟေ့ယန်ရှန်းက ပြန်ဖြေတယ်။

“ ဒါမဲ့ ကိုယ်သူနဲ့ အတူရှိရတာ သဘောကျတယ်။ အနည်းဆုံးတော့ ကိုယ်စိတ်အနှောင့်အယှက် မဖြစ်ရဘူး ”

အင်း၊ သူ့တည်ရှိမှုကတောင် ဟေ့ယန်ရှန်းကို အနှောင့်အယှက်ဖြစ်စေတာပဲ။ ရှီဖုန်းက သူ့ကိုယ်သူပြောလိုက်တယ်။ ဟေ့ယန်ရှန်းက အဲဒီလူကို လုံလုံလောက်လောက် ချစ်တာမချစ်တာမှန်း ဂရုစိုက်နေဖို့ သူ့ကိုယ်သူ ယုံကြည်ချက်မရှိတော့။

အဲဒီအချိန်မှာ ရှီဖုန်းသူ့နှာခေါင်းရိုးတွေ နာကျင်လာပြီး မျက်လုံးတွေလည်း ပူကျစ်လာသလို ခံစားရတယ်။ သူအအေးမိနေလို့ ဖြစ်မယ်လို့ တွေးလိုက်တယ်။ သူ နှာရည်တွေ ထွက်လာပြီး မျက်လုံးလည်း ပူလွန်းလို့ မျက်ရည်တောင် ကျတော့မလိုထိ ဖြစ်နေတယ်။ သူအသဲကွဲဖူးတာ အခုက ပထမဆုံးအကြိမ်မဟုတ်‌ချေ။ သူအရင်က သဘောကျဖူးတဲ့ ကောင်မလေးတွေငြင်းတာ တစ်ကြိမ်မက ခံခဲ့ဖူးတယ်။ အကြိမ်တိုင်း သူနာကျင်ခဲ့ရပေမဲ့ မြန်မြန်ပဲ ပြန်နလန်ထူနိုင်ခဲ့တယ်။ အခုလည်း အတူတူပဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကကျော်လွန်သွားပြီး ဖြည်းဖြည်းချင်း ပြန်အဆင်‌ပြေသွားမည်ပင်။ ပြီးသွားရင် သူတစ်ခြားပတ်သက်မှုတစ်ခုကို ပြန်စဉ်းစားနိုင်တယ်။ ဒီလိုအရာအတွက် သူငိုနေမှာ မဟုတ်တော့။

သူက ဟေ့ယန်ရှန်းကို ပြောလိုက်တယ်။

“ခင်ဗျား ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။”

ဟေ့ယန်ရှန်းက ခေါင်းညိတ်တယ်။

“ကျေးဇူး”

မှာထားတဲ့ ညစာက ရောက်လာတယ်။ ရှီဖုန်း မျှော်လင့်ထားခဲ့တဲ့ သူတို့နှစ်ယောက်အတူ ညစာစားမဲ့ နွေးထွေးတဲ့ မြင်ကွင်းက တိတ်ဆိတ်ပြီးတော့ ခါးသီးဖို့ ကောင်းနေတယ်။ ညစာစားနေကြတုန်း ဟေ့ယန်ရှန်းဆီ ဖုန်းဝင်လာသေးတယ်။ သူ့မှာ ညကျ တစ်ယောက်ယောက်နဲ့ ချိန်းထားသေးပုံရတယ်။

ဒီတစ်ခေါက်တော့ ရှီဖုန်းက သူ့ကိုယ်သူ ထိန်းလိုက်ကာ တစ်ဖက်လူဘယ်သူလဲလို့ မမေးတော့။ ညစာစားကြပြီးနောက် အစာဘူးတွေကို ပြန်သိမ်းပြီး ကြွပ်ကြွပ်အိတ်ထဲ ထည့်လိုက်တယ်။

ဟေ့ယန်ရှန်းက မတ်တပ်ထရပ်ပြီး တစ်ခါသုံးဘူးတွေကို လွင့်ပစ်ပြီးနောက် အိမ်ပြန်ဖို့ လုပ်တယ်။ သူက အခန်းတံခါးထိ လျှောက်သွားပြီးမှ တုန့်ဆိုင်းနေပြီးနောက် ရှီဖုန်းဘက် ပြန်လှည့်လာကာ ပြောတယ်။

“ မင်းဆေးသောက်လိုက်လေ။ ညပိုဆိုးလာရင် ကိုယ့်ကို ခေါ်လိုက်လို့ရတယ် ”

ရှီဖုန်းက ဧည့်ခန်းထဲ ရပ်နေပြီး အသာခေါင်းညိတ်ကာ ပြန်တုန့်ပြန်တယ်။

“ အင်း”

ဟေ့ယန်ရှန်းထွက်သွားပြီးနောက်မှာ ရှီဖုန်းက ရေနွေးတစ်ခွက် ငှဲ့ယူကာ ဆေးလုံးတွေကို ရေကြည့်လိုက်တယ်။ ပြီးနောက် ညွှန်းစာအတိုင်းသောက်လိုက်တယ်။

သူကဧည့်ခန်းထဲမှာ စိတ်ပြန့်လျက် အချိန်တစ်ခုထိ ထိုင်နေမိကာ သိပ်မကြာခင်မှာပဲ ဆေးအစွမ်းကြောင့် ပြန်အိပ်ချင်လာခဲ့တယ်။ အဲဒါကြောင့် သူထရပ်ပြီး အိပ်ခန်းထဲ ပြန်ဝင်သွားလိုက်တယ်။ အိပ်ယာပေါ် လဲချပြီးနောက်မှာပဲ တဖန် အိပ်ပျော်သွားခဲ့တယ်။

ဘာပဲဖြစ်ဖြစ်သူက ကျန်းမာတဲ့သူဖြစ်တယ်။ အအေးမိဆေးသောက်ပြီး တစ်ညတာ အိပ်စက်ပြီးနောက် နောက်မနက်မှာ သူခေါင်းမူးတာ အားမရှိတာ မဖြစ်တော့။ နှာရည်ယိုတာပဲ ကျန်တော့ကာ ပြန်လည်ထူထောင်လာတယ်။

သူအလုပ်ပြန်ဆင်းတဲ့အချိန် ဟေ့ယန်ရှန်းနဲ့ မတွေ့ခဲ့။ နောက်တစ်ပါတ်လုံးထိလည်း သူတို့နှစ်ယောက်မတွေ့ခဲကြ။

ကိစ္စတစ်ခုပေါ်လာခဲ့တယ်။ HR ဠာနမှူးက သူ့ကို စကားလာပြောကာ ကုမ္ပဏီကနေလို့ သူ့ကို ချုံဖုန်းမြို့က ကုမ္ပဏီအခွဲဆီ ပို့ချင်တဲ့အကြောင်းပြောကာ သူ့သဘောထားကို မေးလာတယ်။

ရှီဖုန်းက HR ရုံးခန်းထဲ ထိုင်နေပြီး အခန်းအဲကွန်းက အေးလွန်းတယ်လို့ ခံစားရတယ်။ သူက နက်ကတိုင်ကို ပိုဆွဲပင့်လိုက်ကာ ၅စက္ကန့်လောက်ကြာပြီးနောက်မှ ပြန်ဖြေလိုက်တယ်။

“ ကျွန်တော့်ဘက်ကတော့ ကိစ္စမရှိလောက်ဘူးလို့ ထင်တယ်။”

ဒီနေရာက သူ့ဇာတိမြို့လည်းမဟုတ်ပေ။ သူ့မှာ ဆွေမျိုးလည်းမရှိသလို မိတ်ဆွေလည်းမရှိ၊ ချစ်သူလည်းမရှိ။ နာကျင်စရာကောင်းတဲ့ မှတ်ညဏ်တွေပဲ ရှိတယ်။ အဲဒါကြောင့် သူအတင်းဆက်နေနေဖို့ အကြောင်းပြချက် ရှာမတွေ့။

သူတို့ ကုမ္ပဏီက ချုံဖုန်းမြို့က ကုမ္ပဏီခွဲတိုးတက်မှုကိုလည်း အတော်အလေးထားနေတယ် ဆိုတာကို သူသိတယ်။ အရင်တုန်းက အလုပ်နေရာရွှေ့ခဲ့တဲ့ လူငယ်တွေလည်း ကောင်းကင်သစ်ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားချင်စိတ်ရှိတဲ့သူတွေဖြစ်တယ်။ အဲ့ကိုရောက်ရင် သူက ပိုပင်ပန်းမှာ ဖြစ်ပေမဲ့ သူ့ဘဝက ပိုအဓိပ္ပါယ်ရှိလာလိမ့်မယ်။

ဆုံးဖြတ်ချက်သေချာ ချပြီးနောက် ရှီဖုန်းက သတ္တိစုစည်းလိုက်ကာ ဟေ့ယန်ရှန်းကို ဖုန်းခေါ်တယ်။ ပြီးနောက် သူမြို့ကနေ မထွက်သွားခင် နောက်ဆုံးအနေနဲ့ ညစာကျွေးချင်တဲ့အကြောင်းပြောလိုက်တယ်။

ဟေ့ယန်ရှန်းကလည်း လက်ခံတယ်။

ရှီဖုန်း ဖိတ်လိုက်တဲ့နေရာက သူတို့နှစ်ယောက်ပထမဆုံးအတူ သွားစားဖြစ်ကြတဲ့ တရုတ်စားသောက်ဆိုင်ဖြစ်တယ်။ အဲဒီညနေမှာ ရှီဖုန်းက အရင်ရောက်သွားတယ်။ သူနဲ့ ဟေ့ယန်ရှန်း အရင်က ထိုင်နေကျ ထိုင်ခုံနေရာကိုတောင်မှတ်မိနေသေးတယ်။ သူကအဲ့ဆီ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီး မျက်နှာချင်းဆိုင်က ခုံအလွတ်ကို ကြည့်နေမိတယ်။

ကမ္ဘာကြီးတစ်ခု ပိုင်းခြားထားသလို ခံစားချက်ဖြစ်နေတယ်။

ဟေ့ယန်ရှန်းက အချိန်ပိုလုပ်နေရတာကြောင့် သူ့လုပ်လက်စကို အပြီးသတ်ထားပြီး အလျင်စလို ထွက်လာခဲ့တယ်။ သူဝင်လာလိုက်တာနဲ့ ရှီဖုန်းကို သတိထားမိလိုက်ကာ တောင်းပန်စကားဆိုတယ်။

“ ဆောရီး ကိုယ်ရီပို့တစ်ခုပြန်လုပ်နေရလို့ နာရီဝက်တောင် နောက်ကျသွားတာပဲ။”

ရှီဖုန်းက ဟေ့ယန်ရှန်းကို ပြုံးပြကာ “ ရပါတယ်။ ထိုင်လေ။”

ဟေ့ယန်ရှန်းက ထိုင်လိုက်တယ်။ သူ့မျက်မှန်နဲ့ ဆံပင်ကို အနည်းငယ် သပ်လိုက်ပြီး ရှီဖုန်းကို မေးတယ်။

“ မင်း ချုံဖုန်းကို သွားမယ်လို့ကိုယ်ကြားတယ်။”

ရှီဖုန်းက တစ်ကြိမ်ခေါင်းညိတ်တယ်။ ပြီးနောက် တည်ငြိမ်တဲ့အသံနဲ့ ပြောလာတယ်။

“ ကျွန်တော် ဒီကနေ ထွက်သွားတော့မလို့။”

@@@@@@@@@@@@@@


You are reading the story above: TeenFic.Net