သူတို့နှစ်ယောက် အတူလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ညစာစားဖြစ်ခဲ့ကြတယ်။ ဘဏ္ဍာရေးဌာနမှူးအနေနဲ့ ဟေ့ယန်ရှန်းက အစားအသောက်၊နေထိုင်သွားလာရေးစရိတ်တွေအားလုံးကို တာဝန်ခံရတယ်။ ကုမ္ပဏီပြန်ရောက်တဲ့အခါမှာ ကုန်ကျစရိတ်ကို သူပြန်ထုတ်ယူမှာတော့ ဖြစ်တယ်။
တစ်ယောက်က ညစာပြီးရင် သီချင်းသွားဆိုကြဖို့ အကြံပြုလာတယ်။ သို့ပေမဲ့ လက်ထောက်မန်နေဂျာက သိသိသာသာ စိတ်မပါနေဘူး။ သူက ဒီကနေ့မှာ လူတိုင်း ခရီးပန်းလာတာကြောင့် နောက်တစ်ရက်ရက်မှ သွားဆိုကြရင်ကောင်းမယ်လို့ ပြောလာတယ်။ အဲဒါကြောင့် အကြံပေးတဲ့သူလည်း လက်လျှော့လိုက်ကာ သူတို့ ခုနှစ်ယောက်အဖွဲ့က စားသောက်ဆိုင်ကနေ ဟိုတယ်ဆီ လမ်းလျှောက်ပြီး ပြန်လာကြတယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းနဲ့ နှစ်ယောက်တည်း ရှိနိုင်မဲ့ အခွင့်အရေးကို ရှာမတွေ့နိုင်ဖြစ်နေတယ်။ ပြန်လာတဲ့အချိန်မှာလည်း ဟေ့ယန်ရှန်းက ကောင်မလေးဝန်ထမ်းနှစ်ယောက်နဲ့ပဲ စကားပြောပြီး ပြန်လာတယ်။ အများအားဖြင့်တော့ သူက နားထောင်ပြီး ကောင်မလေးနှစ်ယောက်က ပြောတာဆိုပေမဲ့။ ရှီဖုန်းမှာ ရွေးချယ်စရာမရှိပဲ ခြေလှမ်းတွေကို နှေးလိုက်ကာ ဟေ့ယန်ရှန်းနောက်ကနေ သူ့ကို တိတ်တဆိတ်လိုက်ကြည့်နေရင်း လိုက်လာခဲ့တယ်။
ဟေ့ယန်ရှန်းအနေနဲ့ ရှီဖုန်းရဲ့ အကြည့်တွေကို ခံစားနေမိပေမဲ့ သူက တစ်ခေါက်မှ လှည့်မကြည့်ခဲ့။ သူ့စိတ်ထဲ သက်သောင့်သက်သာမရှိဖြစ်နေပေမဲ့ ထိုကောင်လေးကို လျစ်လျူရှုထားကာ ကောင်မလေးနှစ်ယောက်နဲ့ပဲ စကားပြောနေလိုက်တယ်။
ဟိုတယ်ပြန်ရောက်တဲ့အခါ ရှီဖုန်းက ဟိုတယ်အခန်းထဲ လိုက်ဝင်လာတယ်။ သူက လက်လှမ်းကာ ကလစ်ဆိုတဲ့အသံတိုးတိုးနဲ့အတူ တံခါးပိတ်လိုက်တယ်။
ဟေ့ယန်ရှန်းက အခန်းမီးကို ဖွင့်လိုက်ပြီးနောက် သူ့ဆီလှည့်ကြည့်လာတယ်။
ရှီဖုန်းက တံခါးပိတ်လိုက်တဲ့အသံက ဒွိဟဖြစ်ချင်စရာ ပုံမှန်မဟုတ်တဲ့ လေထုကို သယ်ဆောင်လာသလို ခံစားလိုက်ရတယ်။
ဟေ့ယန်ရှန်းကတော့ သူ့ခရီးဆောင်အိတ်ဆီ လှမ်းသွားကာ ဒူးထောက်ထိုင်ချပြီး ပစ္စည်းတွေကို သိမ်းဆည်းနေပြန်တယ်။
ရှီဖုန်း တီဗွီဖွင့်လိုက်ကာ ချန်နယ်မပြောင်း တော့ဘဲ ကုတင်ပေါ် ထိုင်ရင်း ကြည့်နေလိုက်တယ်။ သူက တစ်ခါတရံမှာ ဟေ့ယန်ရှန်းနောက်ကျောကိုလည်း တစ်ချက်တစ်ချက်ကြည့်မိကာ ဟေ့ယန်ရှန်းပစ္စည်းတွေထုတ်တာက မပြီးနိုင်တော့တာပဲလို့ တွေးနေမိတယ်။ သူတို့က အလုပ်ခရီးထွက်ရုံလေးတင်ကို နေရာရွှေ့ပြောင်းလာကြတာလည်း မဟုတ်ဘူး။ ဘာလို့ အများကြီး သယ်လာစရာလိုတာလဲ? သို့ပေမဲ့ သူဒီလို အတွေးတွေကို ထုတ်မေးဖို့က မဖြစ်နိုင်ချေ။
ဟေ့ယန်ရှန်းက အကြာကြီး ပစ္စည်းထုတ်ပြီးနောက်မှာ ထရပ်လာတယ်။ သူက ရှီဖုန်းဘက်လှည့်လာကာ မေးတယ်။
“ မင်းရေချိုးအုံးမလား? အခုမချိုးသေးရင် ကိုယ်အရင်ချိုးလိုက်မယ်”
“ သွားလေ။ ကျွန်တော် အလျင်မလိုဘူး”
ဟေ့ယန်ရှန်းက ညအိပ်အင်္ကျီကို သယ်သွားကာ ရေချိုးခန်းထဲ ဝင်သွားတယ်။
အဲဒီအချိန်ကျမှပဲ ရှီဖုန်းက သူ့ရှူးဖိနပ်ကို ပြန်ချွတ်လိုက်ကာ ကိုယ်တစ်ပိုင်းပဲ မှီထားလျက် လဲလျောင်းလိုက်တယ်။ သူက လည်ပင်းကို အနည်းငယ် လှုပ်ကာ တီဗွီဖန်သားပြင်အပေါ်ညာဘက်ထောင့်က နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ညကိုးနာရီအတိရှိနေပြီဖြစ်တယ်။
ရေချိုးခန်းထဲကနေလို့ တစ်ချက်တစ်ချက် လှုပ်ရှားမှုအသံကို ကြားနေရတယ်။ ဆယ်မိနစ်လောက်အကြာမှာ ရေပန်းဖွင့်သံနဲ့အတူ ရေချိုးဇလုံထဲ ရေဖြည့်သံကိုကြားလိုက်ရတယ်။
သူက မျက်နှာကြပ်ကို ကြည့်နေမိကာ သူ့အတွေးတွေကတော့ အရိုင်းဆန်လာတယ်။
ရှီဖုန်းက ဖုန်းစခရင်ပေါ်က အချိန်ကို တစ်ချက်ကြည့်လိုက်တယ်။ ကိုးနာရီ ငါးဆယ်တောင် ရှိနေပြီဖြစ်တယ်။ ဟေ့ယန်ရှန်းက အချိန်ကြာမြင့်စွာ ရေချိုးခဲ့တယ်။ ယောကျ်ားတစ်ယောက်က အရမ်းအဆင်ပြေပြေရှိနေရတဲ့အခါဆိုရင် သူ့နှလုံးသားက ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းဘက် ဦးလှည့်သွားမှာဖြစ်တယ်။ အင်းပေါ့ ဟေ့ယန်ရှန်းက အခြောက်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ဝန်ခံထားတယ်။ သူက အသက်ကြီးနေပြီဆိုရင်တောင် နူးညံ့ပျော့အိတဲ့ အသားတွေကိုတော့ ကြိုက်သေးတယ်။
ဟေ့ယန်ရှန်းက တစ်နာရီနီးပါးကြာအောင် ရေချိုးနေခဲ့ပြီးမှ ပြန်ထွက်လာတယ်။ သူက ထွက်လာလာချင်းမှာပဲ ရှီဖုန်းတစ်ယောက် မျက်နှာကျက်ကို မျက်နှာသေနဲ့ ငေးကြည့်နေတာကို တွေ့လိုက်တယ်။ သူစကားမဆိုမိဘဲနဲ့ မှန်တင်ခုံဘက် လျှောက်သွားလိုက်ကာ သူ့မျက်နှာပေါ် လိုးရှင်းတစ်ချို့ လိမ့်ကျံလိုက်တယ်။
သူ့ရဲ့ ဒီအပြုအမူက သူက သိမ်မွေ့နူးညံ့စွာနေထိုင်လို့ မဟုတ်ဘဲ သူ့အသားအရေက ခြောက်သွေ့လို့သာဖြစ်တယ်။ အဲဒါကြောင့် သူမျက်နှာသစ်ပြီးတဲ့အချိန်တိုင်း မျက်နှာပေါ် လိုးရှင်းလိမ်းလေ့ရှိတာဖြစ်တယ်။ မဟုတ်ပါက မျက်နှာက တင်းနေပြီး နေရခက်တတ်တာဖြစ်တယ်။
သူရဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ရှီဖုန်းက သူ့ကို ငေးကြည့်နေတာကို သူမှန်ကနေ တဆင့် မြင်နေရတယ်။ သူက စိတ်မသက်မသာ ခံစားရပေမဲ့ သူ့စိတ်ခံစားချက်ကို ဖော်ပြဖို့တော့ အဆင်မပြေခံစားရတယ်။ သူက လုပ်နေတာကိုပဲ မြန်မြန်လုပ်လိုက်ကာ ရှီဖုန်းဘက်လှည့်ပြီး ပြောလိုက်တယ်။
“ ရေသွားချိုးတော့လေ။”
ရှီဖုန်းက ‘အိုကေ’လို့ ဖြေလိုက်တယ်။ သူက ဒီမှာ ရက်အနည်းငယ်နေရမှာဖြစ်တယ်။ သူ့အနေနဲ့ ပုံမှန်လုပ်လေ့မရှိရင်တောင် အခုတလောတော့ တကိုယ်ရည်သန့်ရှင်းရေးကို သူဂရုစိုက်ဖို့လိုတယ်။ အဲဒါကြောင့် သူက သန့်ရှင်းတဲ့ အတွင်းခံတစ်စုံကို ကောက်ယူလိုက်ပြီး အထဲဝင်သွားလိုက်တယ်။
ရေချိုးခန်းက ရေငွေ့တွေနဲ့ ရေချိုးဆပ်ပြာအနံ့သင်းသင်းတွေ ရောနှောမွှေးပြန့်နေသေးတယ်။ ခနလေးကမှ ဟေ့ယန်ရှန်းဆီက ရတဲ့အနံ့ဖြစ်တယ်။
သူက တံခါးဖွင့်ဖို့ လုပ်ခါနီးမှာပဲ ဟေ့ယန်ရှန်းရဲ့ဖုန်းမြည်လာသံကို ကြားလိုက်ရတယ်။
ဖုန်းက တစ်ခါတည်းမြည်ရသေးပေမဲ့ ဟေ့ယန်ရှန်းက အလျင်အမြန်ပဲ ကောက်ကိုင်လိုက်တယ်။ “ ဟလို၊ လက်ထောက်မန်နေဂျာ” လို့ပြောသံကိုလည်း ကြားလိုက်ရတယ်။
ရှီဖုန်းရဲ့ တံခါးပိတ်ဖို့ လုပ်နေတဲ့ လှုပ်ရှားမှုက နှေးကွေးသွားတယ်။ သူက တံခါးဘောင်ပေါ် မှီရပ်လိုက်ကာ ဖုန်းခေါ်သံကို တိတ်တဆိတ် နားထောင်နေမိတယ်။
“ အခုလား?” ဟေ့ယန်ရှန်းက အနည်းငယ် အံ့သြနေပုံပေါ်ကာ မြန်မြန်ပြန်ပြောလိုက်တယ်။
“ အိုကေ။ ကျွန်တော့်ကို လိပ်စာပို့ပေးထားလေ။”
ရှီဖုန်းက ရုတ်တရက် မဟုတ်က ဟုတ်က အကြောင်းအရာကို တွေးမိလိုက်တယ်။ သို့ပေမဲ့ သူ့အတွေးကို အမြန်ပြန်ငြင်းပယ်လိုက်တယ်။
ဟေ့ယန်ရှန်းက စကားပြောနေတုန်း။
“ အိုကေ၊ ကျွန်တော် အခုချက်ချင်းသွားလိုက်မယ်” ။ အဲဒီနောက် သူက ဖုန်းချလိုက်တယ်။
ရှီဖုန်းက တံခါးနားမှာ ရပ်နေပြီး အချိန်တစ်ခုစာ အတွေးများနေတယ်။ အခုလေးတင်က ဖုန်းခေါ်ဆိုမှုအကြောင်းကို စဉ်းစားနေပြီးတော့။ လက်ထောက်မန်နေဂျာက ဟေ့ယန်ရှန်းကို ညနက်ကြီး အပြင်သွားဖို့ ပြောနေသလိုပဲ။ သူကအဲလို တွေးမိပြီးနောက်မှာ မနေနိုင်တော့ပဲ ရေချိုးခန်းတံခါးကို တွန်းဖွင့်ကာ အပြင်ပြန်ထွက်လာလိုက်တယ်။
သူအခန်းထဲပြန်ဝင်လာတဲ့အခါ ဟေ့ယန်ရှန်းက အဝတ်လဲနေတုန်းဖြစ်တယ်။ သူက ကုတင်ပေါ်ထိုင်နေပြီး ပဲန်လဲနေတယ်။ ညအိပ်ဘောင်းဘီကို ချွတ်ထားပြီးသားကြောင့်မို့ ဖြူဖွေးတဲ့ ပေါင်တံနှစ်ချောင်းက လစ်ဟထားခြင်း ခံထားရတယ်။ ရှီဖုန်းရုတ်တရက်ထွက်လာတာကို တွေ့တဲ့အခါ ဟေ့ယန်ရှန်းက အလိုအလျောက် ဖုန်းကွယ်လိုက်ဖို့ လုပ်မိတယ်။
ရှီဖုန်းက ဟေ့ယန်ရှန်းအပြုအမူကို သတိထားမိတဲ့အခါ သူက မမြင်ဟန်ဆောင်လိုက်ရင်း သူ့အကြည့်ကို ဟေ့ယန်ရှန်းမျက်နှာပေါ်ပဲ အတင်းပို့လိုက်တယ်။
“ အဲလောက်နောက်ကျပြီကို ခင်ဗျားက အပြင်ထွက်အုံးမလို့လား?”
ဟေ့ယန်ရှန်းက အံကြိတ်လိုက်ကာ ညအိပ်ဘောင်းဘီကို အမြန်အဆန် ဆွဲချွတ်လိုက်ပြီး အပြင်ထွက်ဖို့ ဘောင်းဘီကို အမြန်ဝတ်လိုက်တယ်။ ပြီးနောက် ထရပ်ကာ ဇစ်ဆွဲပြီး ကြယ်သီးတပ်ကာ စကားပြန်တယ်။
“ လက်ထောက်မန်နေဂျာက ဖိုင်ကော်ပီ သွားယူပေးဖို့ ပြောတယ်။ မနက်ဖြန် ပြပွဲအတွက်လိုအပ်လို့။”
“ ဘယ်ကနေ သွားယူရမှာလဲ?” ရှီဖုန်းက ထပ်မေးလိုက်တယ်။
ဟေ့ယန်ရှန်းက ကိုယ်ကိုကိုင်းလျက် အိပ်ယာပေါ်က ဖုန်းကို ကောက်ပြီး ကြည့်လိုက်တဲ့အခါ ဒုမန်နေဂျာက လိပ်စာပို့ထားတာကို တွေ့လိုက်တယ်။
“ မြို့ထဲမှာ။ ကိုယ်တက္ကစီနဲ့ သွားလိုက်မယ်။”
ရှီဖုန်းက ချက်ချင်းပြောလာတယ်။
“ ကျွန်တော် လိုက်ခဲ့ပေးမယ်။”
ဟေ့ယန်ရှန်းက တွေးတောင် မတွေးနေဘဲချက်ချင်းငြင်းပစ်တယ်။
“ မလိုဘူး။”
ဟေ့ယန်ရှန်းက ခြေအိတ်တောင် ကောက်ဝတ်နေပြီဆိုတာကို ရှီဖုန်းတွေ့တဲ့အခါ သူက သူ့အိပ်ယာဘက်သွားလိုက်ပြီး ရှူးဖိနပ်နဲ့ ခြေအိတ်တွေကို ကောက်ဝတ်တယ်။ ဟေ့ယန်ရှန်းက ပြန်မတ်လာပြီး ခေါက်ပိုက်ဆံအိတ်နဲ့ အခန်းကတ်ကို အိတ်ထောင်ထဲကောက်ထည့်လိုက်ပြီးနောက် သူ့ကို ပြန်ပြောတယ်။
“ တကယ်မလိုဘူး။ မင်းနေထားပြီးတော့ စောစောနားလေ။” အဲလိုပြောပြီးနောက် သူက အပြင်ကို လျှောက်သွားတယ်။
ရှီဖုန်းက အဆောတလျင် ဟေ့ယန်ရှန်းနောက်က လိုက်လာခဲ့တယ်။ တံခါးကိုလည်း ဘန်းခနဲ ပိတ်ထားလိုက်ပြီး ကော်ရီဒါအရောက်မှာ ဟေ့ယန်ရှန်းလက်မောင်းကို လိုက်ဆွဲတယ်။
“ လွတ်စမ်း” ဟေ့ယန်ရှန်းက ရှီဖုန်းရဲ့ လုံးဝကျိုးကြောင်းဆီလျော်မှုမရှိပြီး ခေါင်းမာတဲ့ သဘောထားကို တကယ်မကြိုက်။
ရှီဖုန်းက ချက်ချင်းပြန်လွတ်ပေးလိုက်တယ်။ သို့ပေမဲ့ ရပ်တော့ မရပ်ပေမဲ့ ဓာတ်လှေကားရှေ့ထိ ဟေ့ယန်ရှန်းနောက်ကနေ လိုက်လာခဲ့တယ်။
“ ကျွန်တော် ခင်ဗျားနဲ့ လိုက်မှာ။ ဒီလောက်တောင် နောက်ကျနေတဲ့ဟာကို ခင်ဗျားတစ်ယောက်တည်း အပြင်ထွက်မှာကို ကျွန်တော် စိတ်မချဘူး။”
ဟေ့ယန်ရှန်းက ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်ကာ အေးစက်စက် ပြန်တုန့်ပြန်တယ်။
“ မင်း နေမကောင်းဘူးထင်တယ်။”
ရှီဖုန်းက လက်ကို မြှောက်ကာ ရင်ဘတ်ပေါ် အပ်လိုက်ရင်း ပြောတယ်။
“ အင်း၊ အချစ်နာကျနေတယ် ထင်တယ်။”
ဟေ့ယန်ရှန်းက သူ့စကားကို ကြားတဲ့အခါ မနေနိုင်ပဲ လက်မြှောက်ပြီး ရင်ဘတ်ကို ဖိထားချင်မိတယ်။ တစ်ဖက်လူက သူ့ကို ဒေါသရော အန်ချင်စိတ်ရော ဖြစ်စေသလို ခံစားလိုက်ရတယ်။
ဓာတ်လှေကားထဲ ဘယ်သူမှ မရှိ။
သူတို့နှစ်ယောက်က အလျှိုလျှို ဝင်သွားကြတယ်။ ရှီဖုန်းကအရင် ပထမထပ်ခလုတ်ကို လက်လှမ်းပြီး နှိပ်လိုက်တယ်။ ဓာတ်လှေကားတံခါးက ဖြည်းဖြည်ချင်းပိတ်သွားတဲ့အခါမှ ဟေ့ယန်ရှန်းက ရှီဖုန်းကို ကြည့်ကာပြောတယ်။
“ ကိုယ်မကြာခင်က မင်းနဲ့သင့်တော်တဲ့ အခေါ်အဝေါ်တစ်ခုကို ရှာတွေ့ခဲ့တယ်။”
ရှီဖုန်းက သိချင်စိတ်နဲ့ ပြန်မေးမိတယ်။
“ ဘာတဲ့လဲ?”
“ straight man cancer တဲ့”
ရှီဖုန်းလည်း အဲ့အခေါ်ကို ကြားဖူးတယ်။ အဲဒီအခေါ်အဝေါ်က အပြုသဘောဆောင်တဲ့ အခေါ်အဝေါ် မဟုတ်မှန်း သူသိနေတယ်။ သို့ပေမဲ့ သူ ဒေါသတော့ မထွက်မိ။ သူက သူ့ကိုယ်သူ ကင်ဆာလောက်တော့ မဆိုးသေးဘူးလို့ ပြန်ခုခံချင်တယ်။ သူက အများဆုံးဆို ‘ macho man’ ( ယောကျ်ားဆန်ပြီး လိင်ပိုင်းဆိုင်ရာလည်း တက်တက်ကြွကြွရှိသူ ) လောက်ပဲ။ သို့ပေမဲ့ သူတစ်ခဏ တုန့်ဆိုင်းနေပြီးနောက် ပြန်မပြောမိတော့။
သူက စကားလုံးတွေကို ပြောင်းလိုက်ကာ
“ ကျွန်တော်က ဘာလို့ straight ရအုံးမှာလဲ? ခင်ဗျားအတွက် ကွေးသွားပြီမဟုတ်ဘူးလား?”
ဟေ့ယန်ရှန်းရင်ထဲ တင်းကျပ်မှုက တစ်ဖန်ပြန်ပြည့်လျှံလာတယ်။ သူက အဲဒါကို အတင်း မျိုချလိုက်ကာ ရှီဖုန်းကို စကားထပ်မပြောတော့။
ဟိုတယ်ကနေ ထွက်လာပြီးနောက် ဟေ့ယန်ရှန်းက လမ်းဘေးကနေလို့ တက္ကစီတစ်စီးတားလိုက်တယ်။
သူက ရှီဖုန်းကို ဆက်ပြီးတော့ ငြင်းဆိုခြင်းမပြုတော့။ တကယ်တမ်းတော့ သူ သူ့ဂုဏ်သိက္ခာထိန်းဖို့လည်း လက်လျှော့ပြီးသား ဖြစ်တာကြောင့် ဘယ်လို ငြင်းဆိုခြင်း ပြုရမယ်မှန်းမသိ။ သို့ပေမဲ့ ရှီဖုန်းအနေနဲ့က အဲဒါကို လက်မခံသလို လက်ခံဖို့ကိုလည်း ငြင်းပယ်နေမှန်းသိသာတယ်။
တက္ကစီပေါ်တက်ပြီးနောက် ဟေ့ယန်ရှန်းက ဒါရိုက်ဘာကို ဒုမန်နေဂျာပို့ပေးထားတဲ့ လိပ်စာကို ပြောလိုက်တယ်။
သူ့ဘေးမှာ ထိုင်နေတဲ့ ရှီဖုန်းကမေးတယ်။
“ ဘာလို့ ဒီကိစ္စက အဲလောက်အရေးကြီးနေရတာလဲ? ရှောင်ကျိုး ဒါမှမဟုတ် ကျွန်တော်ဖြစ်ဖြစ် သွားလုပ်ပေးလို့မရဘူးလား?”
ရှောင်ကျိုး ဆိုတာက သူတို့နဲ့အတူပါလာတဲ့ အခြားကောင်လေးတစ်ယောက်ဖြစ်တယ်။
ဟေ့ယန်ရှန်းက ပြန်မဖြေ။ ဖုန်းကိုပဲ တစ်ချက် တစ်ချက်ကြည့်နေတယ်။
ရှီဖုန်းက ရုတ်တရက် ဟေ့ယန်ရှန်းဘက်ကိုင်းလာကာ နားနားကပ်မေးတယ်။
“ ဒုမန်နေဂျာက ဟိုတယ်ရောက်နေတာမဟုတ်ဘူးလား?”
ဟေ့ယန်ရှန်းက အလိုလိုရှောင်လိုက်မိတယ်။ သူက ရှီဖုန်းစကားကို ကြားတဲ့အခါ သူ့ဘက်လှည့်လာပြီး မေးလာတယ်။
“မင်းက ဘယ်လိုသိတာလဲ?”
ရှီဖုန်းက ပြန်ပြောတယ်။
“ ညနေက ထမင်းစားပွဲတုန်းက သူဖုန်းပြောနေတာ ကြားခဲ့လို့လေ။ မိန်းမတစ်ယောက်အသံပဲ။ ပြီးတော့ သီချင်းဆိုသွားကြဖို့ကိုလည်း သူက ငြင်းသေးတယ်လေ။”
တကယ်တမ်းတော့ ဟေ့ယန်ရှန်းလည်း အနည်းအကျဉ်းတော့ ခန်းမှန်းမိထားတယ်။ သို့ပေမဲ့ သူက အသံကို ပိုနှိမ့်လိုက်ကာ ရှီဖုန်းကို ပြောတယ်။
“ အဓိပ္ပါယ် မရှိတာ မပြောနဲ့။”
ရှီဖုန်းက ပြုံးကာ “ မစိုးရိမ်ပါနဲ့။ ကျွန်တော် ပြောပြတာ ခင်ဗျားတစ်ယောက်တည်းပဲ။”
ဟေ့ယန်ရှန်းက ဘာပြောရမယ်မှန်းမသိတော့။ အဲဒါကြောင့် ရှေ့တည့်တည့်ကိုပဲ မျက်နှာပြန်မူလိုက်တယ်။
ရှီဖုန်းက သူ့တစ်စောင်းမျက်နှာကို ကြည့်ကာ
“ ခင်ဗျားကျွန်တော့်ကို ဂရုစိုက်သေးတယ်ဆိုတာ ကျွန်တော် သိသားပဲ။”
ရှေ့ခုံက ဒါရိုက်ဘာက နောက်ကြည့်မှန်ကနေတစ်ဆင့် သူတို့နှစ်ယောက်ကို ခိုးကြည့်လာတယ်။
ဟေ့ယန်ရှန်းက အဲဒီအကြည့်ကို သတိထားမိလိုက်တယ်။ အဲဒါကြောင့် သူက ဘေးကို ပိုကပ်ထိုင်ဖို့ ရှီဖုန်းနဲ့ နည်းနည်းပိုဝေးသွားဖို့ ရည်ရွယ်တယ်။ သို့ပေမဲ့ ရှီဖုန်းက အဲဒါကို လက်မခံချေ။ သူ့ဖင်ကိုလည်း လိုက်ရွှေ့လာကာ ဟေ့ယန်ရှန်းနဲ့ ပိုကပ်သွားအောင် လုပ်တယ်။
လိပ်စာဆီ ရောက်လာတဲ့အခါ ရှီဖုန်းက ဦးဆုံးပိုက်ဆံပေးလိုက်တယ်။ ဟေ့ယန်ရှန်းက တစ်ဖက်လူ ပိုက်ဆံရှင်းနေတုန်း ကားတံခါးဆွဲဖွင့်ကာ အရင်ထွက်လာလိုက်တယ်။
ရှီဖုန်းက ဒါရိုက်ဘာကို ပိုက်ဆံပေးပြီးနောက် နောက်ကနေ လိုက်လာတဲ့အခါ အိမ်ယာတစ်ခုရဲ့ နံရံအပြင်ဘက် ရောက်နေတာကို တွေ့လိုက်တယ်။ ခပ်လှမ်းလှမ်းမှာ လမ်းမီးတစ်ခုကိုပဲတွေ့တယ်။ ပတ်ဝန်းကျင်က အနည်းငယ် မှောင်မှိုင်းနေတယ်။ လမ်းသွားလမ်းလာလည်း မရှိချေ။လမ်းအကျယ်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာက စီးပွါးရေးအဆောက်အအုံတွေရှိတယ်။ ဒုမန်နေဂျာပို့လိုက်တဲ့ လိပ်စာက ထို စီးပွါးရေးအဆောက်အအုံရဲ့ မျက်နှာချင်းဆိုင်လို့ဆိုထားပေမဲ့ သူတို့ကို စောင့်နေတဲ့သူက တစ်ယောက်မှ မရှိ။
ဟေ့ယန်ရှန်းက ဖုန်းခေါ်ကြည့်ဖို့ သူ့ဖုန်းကို ထုတ်ထားတယ်။ သူက ဖိုင်လာပို့မဲ့ လူကို ဖုန်းခေါ်ဖို့လုပ်ကာ ရှေ့ကို ဖုန်းနှိပ်နေရင်းနဲ့ လျှောက်သွားနှင့်တယ်။
ဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎဎၐၐ
You are reading the story above: TeenFic.Net