Episode 25Z

Background color
Font
Font size
Line height

"အမေ တို့ က ဘယ်အချိန်လောက် သွားကြမှာလဲ..."

"ဟေ! နေ့လယ် လောက်ကျရင် နင့်ကြီးတော်က သူ့အိမ် အလုပ်သမားကောင်လေး ကို ထွေလာဂျီ နဲ့ အခေါ်ခိုင်း လိုက်မယ်လို့ ပြောတယ် အဲ့အချိန်လောက်သွားမှာပေါ့..."

"အမေကလည်းဗျာ... လပြည့်နေ့ လေးကို အိမ်မှာပဲ နေပြီး မနက်ကျ မှ အစော ထ သွားလည်း ရ တာပဲကို..."

"မနက်အစော ကျတော့ ကလေးက အိပ်ယာက ထ နိုင်မှာမဟုတ်ဘူးလေကွယ်... ပင်ပန်းမှာ စိုးလို့ပေါ့ ..."

အမေ က ဒီရွာရဲ့ တစ်ရွာကျော်မှာ ရှိသည့် ထန်းကုန်းရွာက သူမ ညီမ ၏ သမီးဖြစ်သူ မင်္ဂလာဆောင် ကို သွားမှာဖြစ်သည်။ကလေး လည်းပါနေတော့ ခင်ထူး ကိုက တောက်တိုမယ်ရ ခိုင်း ဖို့အတွက် ခေါ်သွားမှာ ဖြစ်ပြီး ညအိပ်ရမည် ဆိုသည့်စကားကြောင့် ခင်ထူး ကတော့ မျက်နှာကြီး ရှုံ့မဲ့ပြီးလိုက်ချင်ပုံမရပေ။

ဒီကနေ့ က သီတင်းကျွတ်လပြည့်နေ့ ဖြစ်တာကြောင့် ထုံးစံအတိုင်း လပြည့်ည ဆို ဒီရွာမှာက ဇာတ်ပွဲ ပါ တတ်သည် မို့ ခင်ထူး က အမေနှင့် လိုက်ဖို့ကို စိတ်မပါတာဖြစ်သည်။ သို့သော်လည်း အမေ ခေါ်ရာကို မလိုက်ချင်ပါဘူးဟု မပြောရဲလေတော့ ဈာန့် ကို လှမ်းကြည့်ပြီး အမေ့ဆီကို မေးငေါ့ပြသည်။ ပြောကူပါဦး ဆိုသည့် သဘော...ထိုသည်ကို ဈာန်က တန်း၍ ရိပ်မိလိုက်ပြီး....။

"ဒါဆိုလည်း ခင်ထူးကိုတော့ ထားခဲ့လိုက်ပေါ့အမေရယ် သူ လည်း ရွာမှာ ဇာတ်ပွဲလေး ဘာလေး ကြည့်ချင်ဦးမှာပေါ့ ... သားကတော့ အမေ နဲ့ အိပ်နေကျမို့ အမေ ခေါ်သွားလိုက်လေ...မဟုတ်ဘူးလား"

ဈာန့် ဆီက စကားကြောင့် ခင်ထူး က အားကိုးရသွားဟန် မျက်နှာလေးဝင်းပကာ အမေ့ ဆီကို ကြည့်၍...

"ဟုတ်သားပဲ အမေ... မင်္ဂလာဆောင်ရက်ကျမှ ကိုကြီး နဲ့ သမီး အစောကြီး ထ လာမယ်လေ...အခုတော့ သမီးနေခဲ့လိုက်မယ်... ရလား "

ဒေါ်မေယဉ် က လုံးလုံးကို ရင်ခွင်ထဲထည့်ကာ မုန့် ခွံနေရင်းမှ ဘေးသို့ ချပေးလိုက်ပြီး...

"မရလို့ပေါ့ အေ... ဟိုမှာ လိုတာတွေ လုပ်ကိုင်ကူရအောင် လို့ တမင် ဆိုင်ပိတ်ပြီး ခေါ်သွားရတာ... အမျိုးအရင်း ဆိုပြီး ကိုယ့်ကို အားကိုးပြီး တကူးတက ခေါ်ထားကာ မှ မလိုက်လို့ ကောင်းမလား ကွယ်...ရွာ ဇာတ်ပွဲက ဘာအရေးကြီးလဲ...ဒီနှစ် မကြည့်ရရင် နောက်နှစ် မှ အဝ ကြည့်လည်း ရတယ်..."

ခင်ထူး က သူမ ထင်သည့် အတိုင်း အမေ့ ကိုပြော ၍ မရသဖြင့် ပြန်ပြီး မှိုင်ကျသွားရာ ဈာန် မြင်ဖြစ်အောင် မြင်လိုက် ပြီး ညီမ ဖြစ်သူ အတွက် စိတ်မကောင်းမိ၍..

"အမေ့ အမျိုးတွေကလည်း ဒီနေ့မှ ဝါကကျွတ်မယ် ဆိုရုံ ရှိသေးတာကို တန်းယူကြတာပဲနော်...နေပါဦး လား ၁ ရက် ၂ရက်လောက် ပြီးတော့ လပြည့်နေ့ ကြီးကျမှ... "

"ဟဲ့ မနက် မှ အဝင်ပဲ ရှိ ပါသေးတယ် ဟယ်... သူများကို လျှောက်ပြောမနေ နဲ့ ဈာန်ထူး ၊ မင်း လည်း ကိုယ့်အတွက်ကို စဉ်းစားဦးနော်... တော်ကြာ ခက်နွယ် က သူများနောက်ပါသွား မှ ကျန်ရစ် ဖြစ်နေမယ်... အခုတလော ခက်နွယ်လေး က အရမ်း ကို လှလာတာ ကြိုက်တဲ့ လူတွေ ကလည်း များ မှ များ...၊ အရှေ့ဘက်ရွာ က လူကြီးသားဆို အမြဲတမ်း ပိုးပန်းနေလို့ တစ်ရွာလုံးကတောင်သိတယ် ခက်နွယ်လေး က ပြန်မကြိုက်လို့သာ..."

"ဟုတ်တယ် ကိုကြီး ၊ အဲ့ဒီရွာလူကြီး သားကလေ မခက်နွယ် ကို အသေရရ အရှင်ရရ ရအောင်ယူမှာတဲ့ ရွာထဲကလူတွေကလည်း ပြောနေတာ မခက်နွယ်က တနေ့ အဲ့ဒီရွာလူကြီး သားနောက်ပဲ ပါ သွားမှာတဲ့ ညီမလေးတောင် ကြားကာ စ စိတ်တိုမိရသေးတယ်"

ခင်ထူး က ပါ ထောက်ခံသလိုဆိုလာတော့ အမေ က ခေါင်း တဆတ်ဆတ် ငြိတ်ကာ...

"အမေကတော့ သားကို ခက်နွယ်လေး နဲ့ပဲ သဘောကျတာ...သူလေးက လုံးလုံးလေးအပေါ်လည်း မိခင် တစ်ယောက်လို အမြဲကြင်နာတယ်.. သားအတွက် စဉ်းစားလိုက်ရင် ဒီကလေးမလေး ကလွဲလို့ အမေ တော့ တခြားလူ မမြင်မိဘူး ... သားကို ဒီအတိုင်းကြီး တယောက်တည်း အထီးကျန်နေတာ အမေ မကြည့်ရက်ဘူး ... အဲ့ဒါကြောင့် အမေတော့ ဒီလို စဉ်းစားထားတယ်... သားတို့ချင်း အဆင်ပြေရင် အမေ ဒီနှစ်ထဲပဲ ဦးဖိုးသန်း နဲ့ စကားပြောကြည့်မလားလို့လေ..."

သူများ မင်္ဂလာဆောင်တဲ့ အကြောင်းပြောနေရင်း က မိမိ အကြောင်းဘက်ကို လှည့်လာတာကြောင့် ဈာန် စိတ်ရှုပ်မိသွားတာ အမှန်ပင်။

"ဘယ်လိုလဲ သား...အမေ ပြောသလိုလေး မကောင်းဘူးလား"

"အဲ့လိုမျိုး အလောတကြီးတွေ မလုပ်ပါနဲ့ အမေရာ ကျွန်တော် သေချာ စဉ်းစားပါ ဦးမယ်... ခက်နွယ်နဲ့ သားနဲ့ကလည်း အမေတို့ထင်နေသလို အခြေအနေ မျိုး မဟုတ်သေးပါဘူး"

"ဈာန်ရယ် သားလည်း ငယ်တော့တာမဟုတ်ဘူး ခက်နွယ်လေး ကလည်း သားကိုသဘောတကျ ရှိတဲ့ ပုံပါပဲ သားဘက် ကရော ခက်နွယ်ကို သဘောမကျဘူးလား ၊ အမေ ကတော့ ဆန္ဒ ရှိတဲ့အတိုင်းကို အမြန်ဆုံးအကောင်အထည် ဖော်ချင်လှပြီ"

အမေ က သူမ လုပ်မည် စဉ်းစားထား ရင် ဘာကိုမှ မတွေးဘဲ ဇွတ် လုပ်တတ်တာကြောင့်လတ်တလောတော့ ချော့မော့ ထားရန် သူစိတ်ကူးမိလိုက်ကာ..

"သား သူ့ကို သံယောဇဉ် တော့ ရှိ ပါတယ်..."

"အေးလေ အမေ သိတာပေါ့ ဒါနဲ့များ ဘာလို့ငြင်းနေတာလဲ...ဈာန်ရယ် "

ဒီကနေ့ လပြည့်နေ့ ဖြစ်တာကြောင့် ရတု ဆေးရုံကို မသွားဘဲ အိမ်မှာပဲ ရှိနေတာ ဖြစ်သည်။ အခန်းထဲမှာ လည်းတယောက်တည်း မနေချင်တာကြောင့် အောက်ထပ် ကို ဆင်းခဲ့လိုက်ရာ အန်တီမေ နဲ့ ဈာန် တို့ ပြောနေသည့် စကားတွေ ကို အစအဆုံး ကြားမိသွားရသည်။ ထို့ကြောင့် ရှေ့ဆက်တိုး ရမည့် ခြေလှမ်းတွေက လှေကားတစ်ဝက် မှာ တင် တွေဝေစွာ ရှိနေတုန်း မျက်စိ ရှေ့ကို တိမ်ဦးယံ က ရောက်လာကာ...

"ကိုကို လှေကားကြီး မှာ ဘာလို့ ရပ်နေတာလဲဟင်...ဧည့်ခန်း ထဲကို လာလေ... ဒီမှာ အန်တီမေ က ဈာန်ထူး နဲ့ ခက်နွယ် နဲ့ ကို လက်ထပ်ပေး ဖို့ အကြောင်း ဆွေးနွေးနေကြတာ အဟင်း! "

အပြုံး လေးဖြင့် တိမ်ဦးယံ ပြောလိုက်သည့် စကားကြောင့် ထိုင်နေသည့် လူတွေ အကုန်လုံးက ရတု ရှိရာဆီ လှမ်းကြည့်လာသည်။ ထို့ကြောင့် ခြေလှမ်းတွေကို နောက်ပြန်ဆုတ် ၍ မရတော့ဘဲ ရှေ့ကိုသာ တိုး၍ ဆက်ပြီး ဆင်းလာခဲ့လိုက်သည်။

ဧည့်ခန်းထဲကို ရောက်တော့ ဈာန် ထိုင်နေသည့် ရှေ့က ခုံအလွတ်မှာ ဝင်ထိုင်လိုက်တော့ တိမ် ဦးယံ ကပါ မိမိ ဘေးရှိခုံတွင် ဝင်ထိုင်သည်။ ပြီးနောက် ဈာန့်မျက်နှာကို သူ့ရဲ့မျက်နှာပေးအတိုင်း ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ....

"ဈာန်ထူး မင်း လက်ထပ် မှာ ဆိုလည်း ဒီမှာ ကိုကို နဲ့ ငါ ရှိနေတုန်း လက်ထပ်နော် ... ဒါဆို မင်းရဲ့ မင်္ဂလာဆောင် ကို ကိုကိုနဲ့ငါ ပေါင်းပြီး မင်းကြိုက်တဲ့ ကားတစ်စီး လက်ဖွဲ့မယ် ဘယ်လိုလဲ..."

မေးလေးငေါ့ကာ မေးလာသည့် စကားက မျက်နှာပေး ကမှအစ တကယ်ကို ရိုက်ပေါက်ပင်။ ဒါ အကို့ ရှေ့မှာဖြစ်နေလို့ ဒီကောင် တမင် ပြောလိုက်တာမှန်း ဈာန် သိလိုက်၍ ဒေါသ က ထောင်းကနဲ ထွက်မိသွားရကာ...

"ဟက်! မင်းဆီ က ကားကို ရဖို့အတွက် နဲ့ ငါလက်ထပ် ပြစရာမလိုပါဘူး ငါသာလိုချင်ရင် မင်းအခုစီးနေတဲ့ကားမျိုး ၁၀စီး လောက်အထိ ချက်ချင်း သွား ဝယ်ပစ်လိုက်လို့ရတယ် သဘောပေါက်လား..."

ဈာန် အားမနာတမ်း ပဲ ပြန်လည် တုန့်ပြန်ချပစ်သည်။ သူ သိနေသည် တိမ်ဦးယံက အကိုနဲ့သူရဲ့ ပတ်သက်မူ့ ကို အတိအကျ မဟုတ်လျှင်တောင် အရိပ်အမြွက်လောက် ရိပ်နေမိနေပြီဆိုတာ...။ သူ့ စကားကြောင့် အမေက တိမ်ဦးယံ ကို အားနာသွားပုံရပြီး ကြားဝင်ကာ...

"ဟဲ့... ဈာန်ထူး... ဧည့်သည်ကို ဘယ်လိုပြောလိုက်တာလဲ ကွယ်..မင်းနော်"

"ရပါတယ် အန်တီရဲ့... ကျွန်တော် ပြောလိုက်တဲ့စကားက သူ့ စိတ်ထဲ ခံပြင်းမိသွားလို့ ပြန်ပြောလိုက်တာ ပဲဟာ... ကျွန်တော်က စိတ်မဆိုးတတ်ပါဘူး အဟင်း..."

ရယ်နေပေမယ့် ဟန်လုပ်နေသည့် မျက်နှာ အမူအယာကြောင့် ဈာန် ဒီကောင့်ကို ကြည့်ရင်း ဒေါသ ကို မနည်း ပြန်မျိုချနေရသည်... ဒီကောင် ပြောနေသည့် စကားတွေကြောင့် ပဲ ဘေးမှာ ရှိနေသည့် အကို့ ရဲ့မျက်နှာလေး ညှိုးငယ်နေပြီဖြစ်သည်။

"ငါ က မင်းရဲ့ မင်္ဂလာဆောင် ကို ဂုဏ်ပြုပေးချင်ရုံ သပ်သပ် ပါကွာ တမျိုးမထင်ပါနဲ့.... တကယ်ဆိုရင် ကိုကို့ ကို အခုလိုမျိုး မင်းတို့ ကူညီပေးထားတာ အတွက် ငါက တစ်ခုခု ပြန်လုပ်ပေးချင်နေတာ... အခု မင်းလက်ထပ်တော့ မယ် ဆိုတော့ အတော်ပဲ ဖြစ်သွားတာလေ... အဲ့တာကြောင့် မင်းလိုအပ်မယ် ထင်လောက်တဲ့ဟာကို လက်ဖွဲ့မယ် လို့ ပြောလိုက်တာပါ... မင်းက အချိန်တန်ရင် ခက်နွယ် ဆိုတဲ့ မိန်းကလေး နဲ့ ပဲလက်ထပ်ရ မှာ မဟုတ်ဘူးလား ... ငါပြောတာမှာ ဘာအမှားပါသွားလို့လဲဟင်...ငါ မှ မဟုတ်ဘူး ဒီအကြောင်းအရာတွေက ရွာထဲမှာ လည်းပြောနေကြတာ ကြားတာပဲလေ..."

တိမ်ဦးယံ စကားတွေကြောင့် ရတု ရင်ထဲမှာ ဝမ်းနည်းစိတ်တို့ ကြီးစိုးလျှက် ရှိသည်။ ဒီစကားဝိုင်းကိုလည်း မည်သည့်စကား မှ ဝင်ပြောချင်စိတ် မရှိပေ...။ ယံလေး ရဲ့ စကားတွေက ဈာန်ထူး အနားမှာ သူက တစ်သက်လုံး နေခွင့် မရှိဘူးဆိုတာ ကို သတိပေးနေသလို ပင်...

"သြော်...သိပြီ ငါလက်ဖွဲ့မယ့် ဟာကို မင်း မကြိုက်တာလား အဲ့တာဆိုလည်း မင်းကြိုက်တာ ကို ပြောလို့ရတယ်နော်...ငါက ပေးဖို့အဆင်သင့်ပဲ"

ဈာန် ဒီနားမှာ အမေ တို့ ခင်ထူး တို့သာ ရှိမနေရင် ရှေ့က ကောင်ကို ဂုတ်ကဆွဲ ပြီးအပြင်ကိုလွင့်ပစ်ချင်နေပြီဖြစ်၏... ဒေါသတို့ကြောင့် လည်း လူက အသက်ရှူသံ တွေ ပြင်းလျှက်...

"ဒီမှာ ဘဝင်ရူးကောင်... အကို့ ကို ငါတို့ ကူညီပေးတယ်ဆိုတာ သူ့ဆီက ဘာမှမမျှော်လင့် ဘဲ စေတနာ သန့်သန့် နဲ့ ကူညီခဲ့တာ... ပြီးတော့ အဲ့တာက မင်း နဲ့ ဘယ်လိုများ သက်ဆိုင် လို့ကြားတည်းက နေ မင်းက ဝင်ပြီး ကျေးဇူးဆပ်ချင်နေတာလဲ... အေး မင်း တကယ်ကိုကျေးဇူးဆပ်ချင် သပ ဆိုလည်း ဒီရွာက နေသာ အခု ချက်ချင်း ပြန်သွားလိုက်... အဲ့တာ က ငါ့အတွက် မင်းဝယ်ပေးမယ့် ကားတစ်စီးထပ်ပိုပြီး တန်ဖိုးရှိတယ်...ငါ လိုချင်တာ အဲ့တာပဲ..."

"ဈာန်..."

"ကိုကြီး"

"အမေ နဲ့ ခင်ထူး ကြီးကြီး တို့ဆီ သွားဖို့အတွက် ကို ပြင်ဆင်လိုက်တော့ ခင်ထူး..."

"ရှင်"

"သား ကို ပါခေါ်သွားလိုက်..."

ဈာန် ဒီကောင့်ကို ပြောချင်ရာပြောဖို့အတွက်က ဒီထပ် ပိုဆိုးသည့် စကားတွေပါ ပါ လာနိုင်လောက်သည်မို့ အမေ နှင့်ခင်ထူး ကို သွားခိုင်းလိုက်သည်။

အမေက အားနာဟန်ဖြင့် ရတု နဲ့ တိမ်ဦးယံ ကိုတောင်းပန်သလို တချက် ကြည့်ကာ သားကိုချီ၍ ခင်ထူး ကို အသာ လက်ကုတ်၍ အနားက ထ သွားသည်။

အမေ တို့ အနားမှာ မရှိတော့ မှ ဈာန် ထိုကောင့် မျက်နှာဆီ ကို တည့်တည့်ကြည့်လိုက်သည်။ ဒေါသကြောင့် အံကိုလည်း ခပ်တင်းတင်းကြိတ်လျှက်...

"ဘယ်လိုလဲ...တိမ်ဦးယံ... ငါ ပြောသလို ကျေးဇူးဆပ်ပြီး မင်း နေခဲ့တဲ့ နေရာ ကို မင်းပြန်သွားပေးနိုင်မလား"

ဈာန်ထူး စကားကြောင့် တိမ်ဦးယံ က ခနဲ့အပြုံးဖြင့် ပြုံးလိုက်ပြီး..

"အဟင်း...ငါ နိုင်ငံခြား ကနေ မြန်မာပြည် ကိုအပြေး ပြန်လာတာကလေ...ဘာကြောင့်လို့ မင်း ထင်လဲ .. "

"မင်း အကြောင်း ငါ စိတ်မဝင်စားဘူး"

"စိတ်မဝင်စားလည်း မင်း အခု ပြောနေတဲ့ စကားအရ ငါပြောပြသင့်တယ် ထင်လို့ ပြောပြမယ်...ငါ ဒီကို အပြေးပြန်လာရတာ ကိုကို့ စိတ်တစ်ခု ကြောင့်ပဲ... အဲ့အတွက် ကိုကို ရှိတဲ့နေရာ မှာ ငါ နေရမှာပဲ ... ငါ့ကို မင်း ထွက်သွားစေချင်ရင် ကိုကို့ ကို ပါ ထွက်သွားခိုင်းလိုက်လေ... ကိုကိုသာ ဒီအိမ်မှာ မရှိရင် တ စက္ကန့် တောင် မင်းအိမ်ပေါ်မှာ ငါ မနေဘူး ရှင်းလား"

"ဟက်...! ဟာသ တွေ လာပြောနေတာပဲ ငါမနေစေချင်တာ မင်းတစ်ယောက်တည်းကိုပဲ... အကို မပါဘူး အိမ်ရှင်က မင်းကို မနေစေချင်ပါဘူးလို့ ပြောနေတာတောင် ... မထွက်သွားဘူးဆိုတော့ မင်း မရှက်ဘူးလား ဟမ်...မင်းမှာ စောက်ရှက်မရှိဘူးလား"

"မရှက်ပါဘူး...ဘာလို့ ရှက်ရမှာလဲ... ငါ ဆိုတဲ့ကောင် က မင်းရတုမောင် က လွဲရင် ကျန်တာ ဘာမှ မမြင်တဲ့ လူမိုလို့ မင်းစကားလောက် ကတော့ ဂရုစိုက် စရာကို မလိုတာ... အနည်းဆုံးတော့ ကိုကို့ ကို ငါ ချစ်တာက လူတိုင်းကို ပြောရဲတယ် ပွင့်ပွင့်လင်းလင်း ချစ်ပြရဲတယ် ... တချို့တွေ လို ပုန်းရှိုး ကွယ်ရှိုး လုပ်ပြီး လူရှေ့ကို ထုတ်မပြရဲတာမျိုး မရှိဘူးကွ"

သူတို့နှစ်ယောက် အချေတင်ဖြစ်နေကြသည့် စကားတွေ က ဆက်ပြောလေ ရတု ရဲ့ ရင်ထဲကို ဓားနဲ့မွှန်း နေသလို နာကျင်ရလေပဲ မို့ လူကအသက်ရှူတောင်မဝချင်တော့ပါ... ဆက်ပြီးလည်း နားထောင်နိုင်စွမ်း မရှိတော့တာကြောင့်...

"တော်ပါတော့...မင်းတို့ နှစ်ယောက်လုံး တော်လိုက်ပါတော့ ... မင်းတို့ပြောနေကြတဲ့ စကားတွေကို ကိုယ် ထပ်ပြီး မကြားချင်တော့ဘူး ကျေးဇူးပြုပြီး...ဒီမှာပဲ အဆုံးသတ်ပေးလို့ရမလား..."

ကြားဖြတ်ပြီး ဝင် ပြောလိုက်တော့ နှစ်ယောက်စလုံး ငြိမ်ကျသွားကာ ရတု ကို ပြိုင်တူ လှည့်ကြည့်လာသည်။

သူတို့ နှစ်ယောက်လုံး ကို လျစ်လျူ ရှု့ ကာ ကျောခိုင်းလိုက်ပြီး လေးပင် နေသည့် ခြေလှမ်းတွေဖြင့် အပေါ်ထပ် ကို ပြန်တက်ခဲ့လိုက်သည်။ နားထဲမှာ လည်း အထပ်ထပ်ကြား.ယောင်နေသည်က ကျွန်တော် ခက်နွယ် ကို သံယောဇဉ် ရှိပါတယ်ဆိုသည့် အသံလေးကိုသာ။

သဘာဝမကျ တဲ့ ကိုယ်တို့ ဆက်ဆံရေး မှာ မင်းဘက် က သတ္တိ မရှိခဲ့တာကို ကိုယ်အပြစ်မမြင်မိဘူး ဈာန်....။ ကိုယ်တိုင် က မင်းအနားမှာ နေခွင့် ရှိ သလောက်နေပေးပြီး... မင်း မလိုတော့ရင် တိတ်တိတ်လေး ထွက်သွားပေးဖို့အထိ ဆုံးဖြတ်ထားပြီးသားပါ...။

ဒါပေမဲ့လည်း ဈာန်ရယ်... အချိန်တွေ ကြာလာတော့ ကိုယ် လောဘတက်နေပြီ ထင်ပါရဲ့... မင်းရဲ့ဘေးမှာ ကိုယ်မဟုတ် တဲ့ အခြားတစ်ယောက် ရှိ နေမယ် ဆိုတာ ကို စိတ်ကူးမိရုံနဲ့တင် သွေးပျက်နေပြီ ...။ မင်းနဲ့သာ တကယ်တမ်း ဝေးရရင်ဆိုတဲ့ စိတ်နဲ့လည်း ခြောက်ခြား တတ်နေပြီ...

တကယ်သာ ဝေးကြရင် ကိုယ် ရူးမယ် ထင်တယ်...။

#May Bel#



You are reading the story above: TeenFic.Net