Uni...
အချစ်နှင့်စ
ပေးဆပ်ခြင်းနှင့်ဆုံး
ဒီနွံဒီလောက်နက်မယ်မှန်း ကြိုသိခဲ့ပါလျင်
အချစ်ဟူသော စာပိုဒ်၏ နိဒါန်းကို
နက်နက်နဲနဲ မပျိုးမိနိုင်ပါ..
.
.
.
"ကြင်ရော ကိုယ်တော်ပြောတာနားလည်တယ်မလား"
ကြင်ရော သူ့ရဲ့တိတ်တိတ်ပုန်း ချစ်သူ တစ်ဖြစ်လဲ ဘုရင်မင်းမြတ်ဖြစ်သူ၏ စကားကို ဘာတုံ့ပြန်မှုမှမပေးနိုင်ဘဲ ခေါင်းငုံ့နေခဲ့သည်..ရစ်ဝဲလာသောမျက်ရည်နှင့်ဆို့တက်လာသော နာကျင်မှုများအား ဖုံးကွယ်နိုင်ရန် သူ့ရှေ့မှလူ၏ အကြည့်များအားရှောင်နေမိသည်...
"ကြင်ရောက အရှင့်သဘောကိုလွန်ဆန်နိုင်ပါ့မလား"
အရှင်..ယခုချိန်တွင် ဘုရင်မင်းမြတ်အဖြစ် စိုးစံနေတဲ့ သူ့ရဲ့ကြင်နာသူဟာ တစ်ချိန်က သူ့ဘေးနားတကပ်ကပ်လုပ်နေခဲ့တဲ့ အိမ်ရှေ့စံမင်းသားလေးတစ်ပါးပါ..အခုလို ဟိတ်ဟန်တွေမရှိဘဲ ကြင်ရောအပေါ် ကြင်နာတဲ့ အိမ်ရှေ့စံပေါ့..ကြင်ရောကတော့ မင်းသားလေးကို အဖော်ပြုပေးခဲ့ရတဲ့ သူ..
ကြင်ရောဟာ အမတ်ကြီးမဃရာဇာ၏ သားဖြစ်ပြီး မဃဒေဝ စံအိမ်ရဲ့ သခင်လေးတစ်ပါးဖြစ်ခဲ့ဖူးသည်..သို့သော် မိဘနှစ်ပါး ခရီးရက်ရှည်သွားရင်း လုပ်ကြံခံခဲ့ရတာကြောင့် အမိမဲ့သား ရေနည်းငါးပမာဖြစ်ခဲ့ရသည်မို့ အဖဖြစ်သူကိုယုံကြည်အားထားသူ ဘုရင်မင်းမြတ်က နန်းတွင်းသို့ခေါ်ကာ ကျွေးမွေးပြုစုထားလေသည်...နန်းတွင်းသို့ရောက်ချိန်တွင် ကြင်ရော ဆယ်နှစ်သားအရွယ်ပင်....ထိုစဥ် ကြင်ရောထက် အသက်ကြီးသူ အိမ်ရှေ့စံမင်းသားလေးအားအဖော်ပြုပေးရင်း နှစ်ဦးသား အတော်ကြာရင်းနှီးလာခဲ့သည်...အရွယ်ရောက်တော့ တွယ်တာလွယ်သူ အိမ်ရှေ့စံက ခံစားချက်တွေ ဝေခွဲမရနိုင်ဖြစ်ကာ သူ့နားတွင် အမြဲရှိပြီး ကြင်နာပေးတတ်သည့် ကြင်ရောကိုစွဲလမ်းခဲ့သည်..ထိုစွဲလမ်းခြင်းအား အချစ်ဟုခေါင်းစဥ်တပ်ကာ ကြင်ရောကိုဆွဲခေါ်ခဲ့သည်..
အမျိုးသားတစ်ယောက်ဖြစ်လင့်ကစား အိမ်ရှေ့စံက သူ့စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပုံပင်.ကြင်ရောကို ပိုင်ဆိုင်ချင်ခဲ့သည်...ကြင်ရောဟာ မင်းသားကိုမငြင်းဆန်နိုင်သည့်အပြင် ကိုယ်တိုင်ကပါ ပျော်ဝင်မိခဲ့တာကြောင့် နှစ်ဦးသား ဘောင်စည်းမျဥ်းတွေနဲ့ဆန့်ကျင်ကာ မေတ္တာမျှခဲ့ကြတော့သည်..ယခုလို ယဥ်ကျေးမှုနှင့်အစဥ်အလာကိုအလေးထားသည့်နိုင်ငံကြား ကြင်ရောနှင့်အိမ်ရှေ့စံတို့၏ အချစ်ရေးက အလွန်ပင်ခက်ခဲလှသည်..ထို့ထက် ကြင်ရော၏ ချစ်ရသူက အနာဂါတ်မင်းကြီးဖြစ်နေ၍ ပိုခက်ခဲရသည်...
နှစ်ယောက်သား.ထိထိတွေ့တွေ့လဲမရှိခဲ့ပါဘဲ လူအများကြား သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြသည်...မေတ္တာရှိသည်ဟုသာဆိုခဲ့ကြပြီး တကယ်မေတ္တာရှိပိုခဲ့သူကကြင်ရောသာဖြစ်မည်ထင်... အနာဂတ်အတွက် မတွေးဘဲ နှစ်ဦးသား ပေါ့ပေါ့တန်တန်ဖြင့် အချစ်နွံသို့ခုန်ဆင်းခဲ့ကြသည်..
ရှေးဘဝက နှစ်ယောက်သား အတူဆုတောင်းမှားခဲ့ကြပုံပင်...ယောက်ျားသားတွေဖြစ်ခဲ့ပါလျက် တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်ခဲ့ကြသည်..
မည်သူသိခဲ့မည်နည်း...တစ်ချိန်ကျ တွယ်တာရုံဖြစ်ခဲ့သည့် ကြင်ရောက ပိုပြီးနစ်မွန်းခဲ့မည်ဟူ၍....သူ့အတွက်က ကြင်ရောက အာဏာနှင့်စည်းစိမ်ကြား ရွေးချယ်စရာပင် ဖြစ်မနေခဲ့ပေ....နှစ်ဦးသား ဆုတောင်းမှားတာမဟုတ်ဘဲ ကြင်ရောကပဲ ဝဋ်ကြွေးတင်နေခဲ့တာများလား..ရှေးဘဝက အရှင့်ကို ဘာအပြစ်များလုပ်ခဲ့မိလို့ ယခုဘဝမှာ အရှင့်ရဲ့ပစ်ပယ်ခြင်းကြား အရှင့်ကိုစွဲလမ်းနေရပါသနည်း...
"ကြင်ရော နားလည်မယ်ထင်ပါရဲ့ အခုကိုယ်တော်က တိုင်းပြည်အရှင်ဖြစ်နေပြီ ဒီတော့ ကိုယ်တော်မှာ တွေးစရာများသား...သို့ငြား ကြင်ရောနားလည်ပေးပါ ကိုယ်တော်ကြင်ရောကို မေတ္တာထားပါတယ်"
ကြင်ရော ဟန်ဆောင်ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်..သူ့ရဲ့ချစ်သူ မင်းကြီးကိုတော့ သူမကြည့်ရဲခဲ့ပေ..သူ့မျက်ဝန်းတွေကနေ တစ်စုံတစ်ခုကိုရှာတွေ့သွားမှာကို ကြောက်နေမိသည်...
"အရှင်..သေချာရဲ့လား..ဒီအရေးမှာ အရှင့်သဘောမပါဘူးဆိုတာ"
"ကြင်ရော..ကိုယ်တော်ပြောတာနားလည်ပါ..တိုင်းပြည်အတွက်မျိုးဆက်လိုတယ်...ဒီမျိုးဆက်ရှိမှ ကိုယ်တော်ရော ပြည်သူတွေရော စိတ်အေးနိုင်မှာ ကြင်ရောစိတ်ချပါ..ကိုယ်တော် တောင့်တတဲ့ မျိုးဆက်ကိုရပြီးတာနဲ့ သူမကိုပစ်ပယ်မှာပါ"
"ကြင်ရော နားလည်ပါတယ် အရှင်.."
ကြင်ရောနားလည်တယ်..အမျိုးသားနှစ်ဦးရဲ့အချစ်က ဘယ်လိုမှမဖြစ်နိုင်ဘူး..အများနဲ့မဆိုင်ဘဲ နှစ်ဦးထဲနဲ့ပဲ သက်ဆိုင်နေရင်တောင် အမျိုးသားနှစ်ဦးက မဖြစ်နိုင်ဘူး...
သံယောဇဥ်ကို ချစ်ခြင်းမေတ္တာလို့သတ်မှတ်ခဲ့တဲ့ အရှင်ကမှားတာလား...အရှင့်ရဲ့ စိတ်ကို သိပါလျက် လက်ခံပေးမိခဲ့တဲ့ ကြင်ရောကမှားခဲ့တာလား...
"ကြင်ရော ဘာမှထပ်မတွေးပါနဲ့ ရွေးချယ်စရာတွေရှိခဲ့ရင်တောင် ကိုယ်တော်ကြင်ရောကိုလက်မလွှတ်ပါဘူး"
လက်မလွှတ်ဘူးတဲ့လား အရှင်...ရွေးချယ်မယ်လို့ပြောသင့်တာ မဟုတ်ပါလား..
"အရှင်...ကြင်ရောအပေါ် ခံစားချက်ကို သေချာပြန်စဥ်းစားသင့်ပါတယ်.."
"ကြင်ရောကို အဆုံးရှုံးမခံနိုင်တာ ကိုယ်တော့်အတွက် စစ်မှန်တဲ့စကားပါ"
"ကြင်ရောကို မေတ္တာရှိတာသေချာရဲ့လား..ခဏတာစိတ်တွေထွေပြားခဲ့တာမလား..ယောက်ျားတစ်ဦးက တစ်ဦးအပေါ် ခံစားချက်တွေမြဲနိုင်ဖို့ ခက်ခဲလွန်းပါရဲ့"
ခက်ခဲတယ်...ကြင်ရောအတွက်တော့ မခက်ခဲခဲ့ပေ..အချိန်တိုတွင်း အိမ်ရှေ့စံရဲ့ အကြင်နာ အယုယတွေမှာ ပျော်ဝင်ခဲ့ရပြီး မေတ္တာသက်ဝင်ခဲ့ရသည်..ခဏတာ အကြင်နာများနဲ့ဆက်ဆံရေးအား ကြင်ရောလက်မလွှတ်ချင်အောင် စွဲလမ်းမိခဲ့သည်..
မရဖူးတဲ့ အရေးပေးမှုတွေကြား ကြင်ရောအသိစိတ်မဲ့သွားခဲ့ပြီထင်ပါရဲ့...
အရင်က ယုယုယယခေါ်တတ်တဲ့ ကြင်ရောဆိုတဲ့ခေါ်သံလေးကိုလဲ လွမ်းမိသလို မဝံ့မရဲဖက်တွယ်ခံခဲ့ရတဲ့ အချိန်တွေကိုလဲ လွမ်းဆွတ်မိတယ်...
"ကြင်ရော ကိုယ်တော့်ကို သင်္ကါမကင်းမဖြစ်ပါနဲ့ ကိုယ်တော် ကြင်ရောအပေါ် တကယ်မေတ္တာရှိပါတယ်"
ဒီစကားကို အရူးတွေကိုသွားပြောရင်တောင် ယုံကြည်ပေးနိုင်မှာမဟုတ်ပေ...အရှင်ဟာ ကြင်ရောကို မေတ္တာရှိတယ်ပြောနေပေမယ့် ကြင်ရောအပေါ် အရင်ကလို မဆက်ဆံတော့တာအသိအသာပေ......ကြင်ရော တစ်ခါတလေ တွေးမိပါသည်..အရှင်က ဟိုးအစကတင် ကြင်ရောအပေါ် မေတ္တာမရှိခဲ့တာလားဟူ၍..
.
ဒီခရီးကိုစခဲ့တာဟာ အရှင်ဖြစ်ပေမယ့် ခရီးလွန်ခဲ့ရတာတော့ ကြင်ရောဖြစ်မည်ထင်...ခဏတာ အစွဲအလမ်းနှင့်သံယောဇဥ်က အချစ်ဟူသည့် အရာနှင့်တွေ့လျင် အရှုံးကိုရင်ဆိုင်ရတာဟာ ဓမ္မတာပါ..
အရှင်ကယောက်ျားပါ..မျိုးမတူတဲ့ အမျိုးသမီးတစ်ယောက်အပေါ်ပဲ ခံစားချက်ထားတာဟာ ဖြစ်သင့်တာပါ..ကြင်ရောကသာ ယောက်ျားတန်မဲ့ အရှင့်ရဲ့ခဏတာ စိတ်ကစားမှုကြား ကျဆင်းခဲ့သူမို့ အရှင်မှလွဲ တစ်ပါးသူမရှိနိုင်တော့ပေ....
"အရှင့်ကို ကြင်ရောစောင့်ပါမယ်..."
အရှင့်ရဲ့ ချစ်ရသူအဖြစ် ပြန်ခံစားရမယ့်နေ့ကိုပေါ့
ကြင်ရော တိုးလျလျလေးဆိုတော့ အရှင်က နူးညံ့စွာပြုံးပြီး ကြင်ရောကိုထွေးပွေ့လာသည်...ကြင်ရော သန်မာလှတဲ့ လက်မောင်းတွေကြားထဲခိုဝင်လိုက်ပြီး တင်းတင်းကျပ်ကျပ် ပြန်ဖက်တွယ်ထားလိုက်သည်...
"ကြင်ရော..ကြင်ရော!လွှတ်တော့ တစ်စုံတစ်ယောက်မြင်သွားရင် ဒုက္ခရောက်မယ်"
အရှင်က ပြောနေပေမယ့် ကြင်ရောဆက်ပြီးဖက်တွယ်ထားနေမိသည်မို့ အရှင့် ဆွဲခွာခြင်းကိုခံလိုက်ရသည်..ယခုကြင်ရောနှင့်အရှင်က ဥယျာဥ်တော်တွင်းရှိနေသည်မို့ လူအများမြင်မှာတွေးပူရသေးသည်..
"အရှင်..အရှင် မပြောပါနဲ့လား တစ်သက်လုံးကြင်ရော ကအခုလို တိတ်တိတ်ပုန်းဘဝနဲ့နေသွားရလိမ့်မယ်လို့"
ကြင်ရော..အချိန်တော်ကြာသိချင်ခဲ့သည့်စကားကိုပြောလိုက်သည်...သုံးနှစ်ကြာကတည်းက....ချစ်ရသူက အရှင်မဟုတ်ဘဲ အိမ်ရှေ့စံဘဝကပင် သိချင်နေခဲ့သည့် အကြောင်းအရာ...ယောက်ျားနှစ်ယောက် မေတ္တာရှိခြင်းဟာ မဖြစ်နိုင်မှန်းသိပါလျက်..တစ်ပါးသူတွေကို မလွန်ဆန်ရဲဘဲ ကြင်ရောကို ဒီနွံထဲခေါ်သွင်းခဲ့တာဟာ တိတ်တိတ်ပုန်းနေစေဖို့လား..
"ကြင်ရော...ကိုယ်တော် အဆင်ပြေမယ့် နည်းလမ်းကိုစဥ်းစားပါ့မယ်"
အမှန်ဆို ကြင်ရောက အရှင့်ဆီက ချစ်ခြင်းမေတ္တာကလွဲ ဘာကိုမှ မမျှော်လင့်ပါပေ...အရှင်သာ ကြင်ရောအပေါ် ချစ်ခင်ကြင်နာခြင်းရှိခဲ့ပါလျင် ကြင်ရောဘယ်လိုပဲနေရနေရ အရှင့်နား ရှိနေမှာပါ...
အင်း..ဒါပေမယ့်လဲ အခုတောင် အရှင့်နားကပ်တွယ်နေတာပါပဲလေ...အရှင့်ရဲ့အချစ်ကိုမရတော့ပေမယ့်လို့ပေါ့...
"ကြင်ရော ကိုယ်တော်သွားရတော့မယ်....အမြဲတွေ့နေဖို့လဲ အဆင်မပြေတာမို့ ကြင်ရောဆီ အလာကျဲခဲ့ရင်လဲ ကြင်ရောနားလည်ပေးပါ..."
"အရာအားလုံးပြောင်းလဲပြီးတဲ့နောက်မှာ အရှင့်ကိုကြင်ရောပိုပြီးနားလည်လာနိုင်ပါတယ်"
"ဟုတ်ပါပြီ ကိုယ်တော်သွားပြီ"
ကြင်ရော ခေါင်းငြိမ့်ကာ အရိုအသေပေးပြီးနောက်မှာ အရှင်က တည်ငြိမ်စွာနဲ့ ဥယျာဥ်တော်အတွင်းမှ ထွက်သွားလေတော့သည်..ကြင်ရောမှာတော့ နေရာမှခြေလှမ်းတွေရွေ့မရခဲ့ဘဲ ထိုင်ချလိုက်တော့သည်...
ဒီပုစ္ဆာ ဒီလောက်ခက်ခဲမယ်သိခဲ့လျင် အစကတည်းက အဖြေမရှာဘဲ ကျော်သွားခဲ့ပါရဲ့.....
.
.
Flash Back...
"ကြင်ရော ကျွန်ုပ်ကြင်ရောကို အမှန်ပြောတာ.."
အာစေးမိထားသလို ဘာစကားမှမပြောနိုင်ဘဲ ငြိမ်သက်နေသူ ကြင်ရော...
"ကြင်ရောအပေါ် ကျွန်ုပ်မေတ္တာရှိတယ်"
ထပ်ပြီး ထင်ရှားစွာ ထွက်ပေါ်လာသည့်စကားသံကြောင့် ကြင်ရော အံ့အားသင့်နေမိသည်..မေတ္တာ..မေတ္တာရှိတယ်တဲ့လား...မင်းသားလေးလို အနာဂတ်အရှင်က ကြင်ရောလိုအမျိုးသားတစ်ယောက်ကိုတဲ့လား...
"မင်းသား မကျီစယ်ပါနဲ့လား ကြင်ရောနေရခက်လို့"
"ကြင်ရော ကျွန်ုပ်မကျီစယ်ဘူး ကြင်ရောအပေါ် ငယ်ကတည်းက တွယ်တာစိတ်ရှိပြီး ကြီးတော့ ပိုင်ဆိုင်လိုစိတ် ဆုံးရှုံးရမှာကြောက်တဲ့စိတ်ဖြစ်လာခဲ့တယ်. ဒါကို ချစ်ခြင်းမေတ္တာကို ခေါင်းစဥ်တပ်ရမယ်လို့ ကျွန်ုပ်ထင်တယ်"
"မင်းသား ကြင်ရောတို့ကယောက်ျားတွေပါ..ပြီးတော့ငယ်ကတည်းကရင်းနှီးခဲ့ကြတဲ့ အဆွေတွေလေ"
"ကျွန်ုပ်ဘာမှ ဂရုမစိုက်ချင်ဘူး ကြင်ရောကိုပဲ ပိုင်ဆိုင်ချင်တယ်.. "
"မင်းသား မဖြစ်သင့်ပါဘူး ကြင်ရောက မင်းသားနဲ့မျိုးတူယောက်ျားတစ်ယောက်ပါ ပြီးတော့ ပိုင်ဆိုင်လိုစိတ်က ချစ်ခြင်းမေတ္တာမဟုတ်ပါဘူး အစွဲအလမ်းပါ"
ကြင်ရောစကားကို မင်းသားကဂရုမစိုက်ပါဘဲ ကြင်ရောကိုသာရီဝေဝေကြည့်နေလေသည်..ကြင်ရောကတော့ မနေနိုင်စွာ အကြည့်လွှဲနေမိသည်...
"ယောက်ျားတစ်ယောက်ဖြစ်နေလဲ ကြင်ရောဖြစ်ေနလို့ ကျွန်ုပ်ခံစားချက်တွေကို ထိန်းချုပ်ရခက်ခဲတယ်"
"မင်းသာ..ကြင်ရောကယောက်ျားပါ..မိန်းမတစ်ယောက်မဟုတ်လို့ မင်းသားအတွက်ဘာမှလုပ်ပေးနိုင်မှာလဲမဟုတ်ဘူး..ပြီးတော့ ကြင်ရောကမိန်းမလျာမဟုတ်ဘူး"
တိုးလျလျထွက်ပေါ်လာသောစကားတွင် မဝံ့မရဲခြင်းတွေ ကပ်ပါနေသလို သိမ်ငယ်ခြင်းတွေလဲကပ်ပါနေခဲ့သည်...သက်တိုးမင်းထင် ခေါင်းငုံ့နေသူ၏ မျက်နှာအားဖွဖွကိုင်ကာ ခေါင်းမော့စေလိုက်သည်...မိန်းမပျိုလေးတွေထက်ကိုနူးညံ့လှပသည့် ရုပ်အဆင်းသွင်ပြင်
မဟူရာလို နက်မှောင်လွန်းတဲ့ မျက်ဝန်းအိမ်တွေက သက်တိုးမင်းထင်ရဲ့ စိတ်အစဥ်ကိုယောက်ယက်ခတ်စေသည်..ကော့ညွတ်နေသည့် မျက်တောင်ရှည်တွေက ရှည်လျားစွာဖြစ်တည်ကာ မျက်လုံးတွေကိုအလှတိုးစေသည်..နှာတံမြင့်ကာ ဖြောင့်စင်းနေသည့် နှာတံလေးနှင့်နှာထိပ်လေးကလုံးလုံးလေးဖြစ်နေသည်..နှုတ်ခမ်းအစုံတို့ဟာလဲ ဖူးပွင့်ခါစ နှင်းဆီဖူးလေးလို ဖူးငုံကာ ပန်းရောင်ဖျော့ဖျော့လေးသန်းနေသည်...နောက်..မေးရိုးချွန်ချွန်နဲ့ပါးပြည့်ပြည့်လေးတွေကြားခြုံငုံကြည့်တော့ ထိကိုင်ရက်စရာမရှိတဲ့ ဆွဲခါစ မြတ်နိုးခြင်း ပန်းချီကားတစ်ချပ်ပမာ...
သက်တိုးမင်းထင် တို့လို ကိုယ်လုံးထွားသူလဲမဟုတ် တောင့်တင်းသူလဲမဟုတ်ပေ..နောက်..အရပ်ရှည်သူလဲမဟုတ် ညိုသောအဆင်းရှိသူလဲမဟုတ်ရပါဘဲ သေးသေးသွယ်သွယ်လေးဖြင့် ဖြူစင်သော အသားအရေရှိသူ ယောက်ျားပျိုတစ်ယောက်..ထိုယောက်ျားပျိုအပေါ် သက်ဝင်မိခြင်းမှာ သက်တိုးမင်းထင်အမှားချည်း မဟုတ်တန်ရာ...
"ကြင်ရောကို မိန်းမလျာလို့သဘောထားလို့ ဒီ့လိုပြောနေတာမဟုတ်ရပါဘူး..ကြင်ရောက ကျွန်ုပ်လိုယောက်ျားသားပါပဲ..သို့ငြား ကြင်ရောလဲလူပါပဲ..ခံစားချက်နဲ့လူပါ..ကျွန်ုပ်လိုမျိုးခံစားချက်တွေ ထားနိုင်တဲ့ လူတစ်ဦးပါ.."
သူ့စကားကြောင့် အနည်းငယ်ငြိမ်ကျသွားသော ယောက်ျားပျိုအား သက်တိုးမင်းထင်အကြည့်မလွှဲနိုင်ခဲ့ပေ..လှပသည်ဆိုသူမှာ မျက်မှောင်ကြုတ်နေစဥ်ပင် ရှုမြင်ရတင့်တယ်လှသည့်သူ....
"ကြင်ရော မင်းသားအပေါ် သံယောဇဥ်တွယ်တာရုံပါပဲ..မင်းသားကလဲ ကြင်ရောလိုမျိုးပဲ ဖြစ်နိုင်ပါတယ်..ဧကန္တ မင်းသား ခံစားချက်တွေရောထွေးနေပုံပါ"
"ကြင်ရော..ကျွန်ုပ်ကြင်ရောအပေါ် မေတ္တာသက်ဝင်တာ အစစ်အမှန်ပါ..ကျွန်ုပ် နေ့စဥ်ရက်ဆက် တွေးတောရင်း ပြန်ဆန်းစစ်ခဲ့တယ်..ဒီနောက် ထိတွေ့ချင်စိတ်ဖြစ်တယ် ပိုင်ဆိုင်ချင်စိတ်ဖြစ်တယ် ဒါဟာ ချစ်ခြင်းမေတ္တာလို့ ဆရာကြီးမက္ကောက အဖြေထုတ်ပေးခဲ့တယ်"
"ဘာရယ်..ဆရာကြီးကတဲ့လား..."
"ကြင်ရောနာမည်ကိုထုတ်မပြောခဲ့ပါဘူး"
"အာ..ဟုတ်ကဲ့.. မင်းသား ပိုင်ဆိုင်လိုစိတ်ကအစွဲအလမ်းပါ..အစွဲအလမ်းဆိုတာ အချိန်တန်ရင်ပျောက်ကွယ်သွားရမယ့် အရာပါ"
"ကြင်ရော ကျွန်ုပ်မင်းအပေါ် မေတ္တာရှိတယ် လက်ခံရဲ့လား ဒါပဲဖြေပါ ကျန်တာတွေကိုနောက်မှတွေးပါ"
"ဟို..ကြင်ရော..ကြင်ရော"
"ကြင်ရော ကျွန်ုပ်ကို ငြင်းပယ်မှာလား"
ငြင်းပယ်တယ်..မင်းသားက ကြင်ရောက ဖိအားတွေမပေးခဲ့ပေမယ့် မင်းသားလိုလူတစ်ဦးကိုငြင်းဆန်ဖို့ကြင်ရောမှာအားတွေရှိမနေခဲ့ပေ..ကြင်ရောလဲ အစကတည်းက မင်းသားကို သံယောဇဥ်ရှိတာမို့ တွေဝေစွာနဲ့ပဲ ခေါင်းခါပြလိုက်သည်...
"ဒါဆို လက်ခံတာပါ့..ဝမ်းသာရပါဘိ ကြင်ရောရယ် ကျွန်ုပ်ကိုယုံကြည်ပါ ကြင်ရောနှင့်ကျွန်ုပ်ပေါင်းဖက်နိုင်စေရမယ်"
.Flash end
ယုံကြည်ရမယ်..ယုံကြည်ပေးလိုက်လို့ ရခဲ့တဲ့ အကျိုးဆက်က အခုလို ပစ်ပယ်ခြင်းလား ...ကြင်ရောက အယုံလွယ်သူမှန်းသိလို့ တမင်များအယုံသွင်းပြောခဲ့လေသလား.ချစ်ရသူရယ်...
တစ်ချိန်ကအကြောင်းတွေကို တွေးရင်းမျက်ရည်ပင်လယ်ဝေခဲ့ရသူမှာ ကိုယ်တိုင်သာ...ကြင်ရောကမချစ်ဘဲ လက်ခံခဲ့ပေမယ့် အခုချိန်ကကြင်ရောကသာ ချစ်မြတ်နိုးရသူဖြစ်ခဲ့ရပါပြီ...
နာကျင်စွာတွေးလိုက်ရင်း ယိုင်နဲ့နေသော ခြေလှမ်းများကို အားတင်းကာ ရပ်ရသည်...မျက်ရည်စက်လက်နဲ့ ဖရိုဖရဲကြင်ရောပုံစံက အကျည်းတန်နေသလား မတွေးနိုင်ခဲ့ပေ..ကြင်ရောက တင့်တယ်ပြီး ကျော့ရှင်းနေခဲ့ရင်တောင် ယောက်ျားတစ်ယောက်ပါ..သို့ကြောင့် လှပကျော့ရှင်းမှုက ဘယ်နေရာအတွက်မှအရေးမပါပေ..သို့သော် ကြင်ရောမိန်းမတစ်ယောက်ဖြစ်ရန်အတွေးမရှိခဲ့ပေ..ကြင်ရော တခြားအမျိုးသားတွေကိုလဲစိတ်မဝင်စားပေ..ကြင်ရောက အရှင့်ကိုသာ ချစ်မိတဲ့ ယောက်ျားတစ်ယောက်ပါ...
လှပခြင်းကိုနှစ်သက်ပြီး ယောက်ျားတိုင်းကို စိတ်ဝင်စားရအောင်လဲ..
ကြင်ရောက မိန်းမလျာတစ်ယောက်မဟုတ်ရပါ....
.
.
ဥယျာဥ်တော်ထဲမှ လေးလံစွာပြန်လာခဲ့ရာမှ အရှင့်နန်းဆောင်ကိုကျော်လွန်ပြီးတစ်လျှောက် ခေါင်းကိုငုံ့ထားကာ ဘယ်နေရာကိုမှ အကြည့်မရောက်ဖြစ်တော့ပေ...အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင်နာကျင်ရမည့် မြင်ကွင်းတွေကို မမြင်ရရန်အတွက်..ဥပမာ ခုနက ကြင်ရောလျစ်လျူရှုခဲ့သည့် ချစ်ရသူနှင့် တခြားမိန်းမပျိုတစ်ယောက်၏ ပွေ့ဖက်နေသော မြင်ကွင်းကဲ့သို့..ခါးသက်ပြီး နာကျင်စေသော မြင်ကွင်းမျိုး..
ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်ကသာ ဖြစ်သင့်တဲ့ ကြင်ဖက်တွေပါ...
ပျော်ပါအရှင်..ပျော်ပါ..ကြင်ရောနာကျင်ရလဲ အရှင်ပျော်ရင်ရပြီမို့.. အရှင် မုသားမသုံးဘဲ သူမကိုချစ်ခင်စုံမက်ကြောင်း ကြင်ရောရှေ့ ပွင့်ပွင့်လင်းလင်းပြောခဲ့ရင်တောင် ကြင်ရောက အရှင့်အတွက် ဆုထူးတောင်းပေးဦးမှာပါအရှင်ရယ်..အခုလို အရှင့်ဆီက အယုံလွယ်သူလို ဆက်ဆံခံရတာက ကြင်ရောအတွက် ပိုနာကျင်ရပါတယ်...
မျက်ရည်လည်ရွဲနှင့် ငုံ့လျက်သားသွားကာ ခြေလှမ်းတွေ နှေးကွေးနေခဲ့သူအပေါ် မိုးပေါက်တွေလဲ ထိတွေ့နေပြီဖြစ်သည်..မိုးကောင်ကင်ကလဲ မည်းမှောင်လာပြီး မိုးပေါက်တွေရဲ့ကျဆင်းမှုကပိုမိုမြန်ဆန်လာသည်..
တကယ်ကိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာပါတကား...
.
.
.
အပိုင်းတစ်ပြီး..
6.9.2023
By May
You are reading the story above: TeenFic.Net