အပိုင်း ( ၂၅ )

Background color
Font
Font size
Line height

"မြတ် တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ တွေ့ကြပြန်ပြီ "

    မြတ်သည် တခြားသူများအား ဖုန်းဆက်နေစဉ် မိမိအား နှုတ်ဆက်သံကြား၍ ကြည့်လိုက်သည်။ ကြက်သွေးရောင် နှင့် အနက်တွဲစပ်ထားသော suit ကို သားနားစွာ ဝတ်ဆင်ထားသော နေကိုထက်သည်  တခြားရွယ်တူတစ်ယောက်နဲ့ အတူလာစဉ် မြတ်အား နှုတ်ဆက်ခြင်း ဖြစ်သည်။

" အင်း ၊ ကိုနေကိုထက်ရောပဲ တိုက်ဆိုင်တယ်နော်"

" ဟုတ်တယ်။ အစ်ကိုက ဒီနေ့ အစည်းအဝေးတစ်ခု တက်ရင်း အိမ်အတွက် လိုအပ်တာ ဝယ်နေတာလေ၊ မြတ် ဒီမှာ ဘာလုပ်နေတာလဲ"

" ဟမ်? မြတ်က သူငယ်ချင်းတွေနဲ့ လာတွေ့တာလေ၊ ဒီမေးခွန်းက ဘာကို ပြောချင်တာပါလိမ့်"
မြတ်က အေးတိအေးစက်ပြောလိုက်သည်။

    သူ၏ ပင်ကို စရိုက်ကိုက သူ့အား ပိုင်စိုးပိုင်နက် ထိန်းချုပ်သကဲ့သို့ လာလုပ်ခြင်းကို အင်မတန် ရွံ့တတ်သည်။ တီချယ်သက်နဲ့ ‌သူ့ဒယ်ဒီကဝော့ ခြွင်းချက်ပေါ့။

  မြတ်က ယခုခေတ်က ဆယ်တန်းကလေးတွေထက် အရပ်ပိုမြင့်ပြီး ဥရောပနဲ့ အာရှကပြားတစ်ဦးဖြစ်တာကြောင့် ထူးခြားသော ပုံစံရှိသည်။ ရွယ်တူ ယောက်ျားလေးတွေလောက်မြင့်ပြီး ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီကိုသာ ဝတ်ထားပေမဲ့ ထိုပုံစံက အတော်လေးကို လွှမ်းမိုးမှု ရှိနေတယ်။ မြတ်က သူဆောင်းထားသော bucket ဦးထုပ်လေးကို နေရာပြန်ချရင်း ထွက်သွားဖို့ လုပ်သည်။

" အစ်ကိုပြောတာ အဲသလို မဟုတ်ပါဘူး"

"ဘယ်လိုမျိုးလဲ"

"အခုက မြတ်တို့ စာမေးပွဲနီးနေပြီ ဆိုတော့ ဆယ်တန်းကလေးတော်တော်များများက အပြင်မထွက်ကြဘူးလေ၊စာမေးပွဲနီးရင် အပြင်မထွက်ရဘူးဆိုတဲ့  အဲသလို ရှေးအယူတွေလည်း ရှိတော့လေ "

" မြတ်က ဘုရားရှိခိုးတာ၊ ကျောက်ခဲတွေလို အတိတ်တုန်းက လူတွေကို မဟုတ်ဘူး ၊ မြတ်သွားပါဦးမယ်"

"ဟေး မြတ် ငါတို့ ဒီမှာ " " ဦးငယ်လေး "
ဟန်နွေရာ၏ မြတ်အား လှမ်းခေါ်သံနှင့် သန့်ဇင်မောင်၏ နေကိုထက်အား လှမ်းခေါ်သံအား တစ်ပြိုင်နက်ထဲ ကြားလိုက်ရသည်။

  ရွယ်တူကောင်လေး သုံးယောက်၊ ကောင်မလေးတစ်ယောက်နဲ့ ချစ်စဖွယ်ကောင်မလေး တစ်ဦးတို့သည် လျှောက်လာကြသည်။

  ခတ်စစ်ပိုင်သည်  ချစ်စဖွယ်ကောင်မလေးဆီက သူ၏ အကြည့်တို့ကို မလွှဲနိုင်တော့ချေ။ ပေါက်စီလုံးလေးလို ပါးဖောင်းဖောင်းလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေး၊ နှစ်ဖက်ခွဲစည်းထားသော ဆံပင်ရှည်ရှည်လေးတွေကို ကျစ်ဆံမြီးလေး ကျစ်ထားသည်။ လိမ္မော်အဖျော့ရောင် ဂါဝန်ကားကားလေးကို ဝတ်ထားကာ ကြောင်ရုပ်လေးပါသည့် အိတ်လေးကို လွယ်ကာ သူ့သူငယ်ချင်းလက်ကို ပြေးဖက်သည့် ချစ်စရာ ကလေးမလေးကို ခတ်စစ်ပိုင်သည် မှင်သက်စွာ ကြည့်နေမိသည်။

" ဦးငယ် ရောက်နေတာ ကျွန်တော့်ကိုတောင် မပြောဘူး၊ ဖွားဖွားတို့ဆီကိုရော လိုက်မတွေ့ဘူးလား?"

" ဦးငယ်က အလုပ်ကိစ္စနဲ့ လာတာ၊ အာ ဦးငယ် မိတ်ဆွေနဲ့ မိတ်‌ဆက်ပေးဦးမယ်၊ ဒါ ဦးငယ် သူငယ်ချင်း ခတ်စစ်ပိုင်တဲ့၊ သူက ဟိုတယ်နဲ့ ပတ်သက်ပြီး လုပ်ကိုင်တဲ့ သူ၊ ခတ်စစ်ပိုင် ဒါ မကြီးသက်ကလေးတွေပေါ့၊ ဟိုတစ်ခါ ငါတို့ resort ကိုတောင် လာကြသေးတယ် "

" အာ အဲတုန်းက ငါ ဘန်ကောက်မှာ ရှိနေတာ၊ ကလေးတို့ တွေ့ရတာ ဝမ်းသာပါတယ် "
ခတ်စစ်ပိုင်သည် ထိုချစ်စဖွယ် ကလေးမရှေ့ကို နှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။

    သူလက်ကမ်းပေးလိုက်သောအခါ ထိုကောင်မလေးက မျက်လုံးပြူးပြူးလေးနဲ့ ပြန်ကြည့်ပုံက ချစ်စရာကောင်းလွန်း၌ ခတ်စစ်ပိုင်၏ ရင်ထဲ အသည်းတောင် အရည်ပျော်နေလေသည် ။

"တွေ့ရတာ ဝမ်းသာပါတယ်။ ဦးခတ်စစ်ပိုင် "

  အေးစက်စက် လက်အထိအတွေ့ကြောင့် ခတ်စစ်ပိုင်လန့်သွားမိသည်။သူ ခုနက ချစ်စရာကောင်မလေးကိုသာ ငေးနေတာကြောင့် ဇွန်ဘီလို ကောင်မလေးကို သတိမထားမိခဲ့ပေ။ သွေးစုပ်ဖုတ်ကောင်လို ဆွတ်ဆွတ်ဖြူနေသည့် အသားအရေရှိသည့်အပြင် ထိုကောင်မလေး၏ အရေပြားကလည်း  အေးစက်နေလေသည်။ ဝတ်ထားသော ရေညှိရောင် oversized shirtက သူ့အား ပို၍ပင် စိတ္တဇဆန်သော ပုံစံမျိုး ပေါက်စေသည်။ ထိုကောင်မလေးက သူ့လက်ကို အားနဲ့ ညှစ်နေတာကြောင့် သူ လန့်ကာ အမြန်လွှတ်လိုက်သည်။

"မြတ်ပဲ မိတ်ဆက်ပေးပါ့မယ်။ သူတို့က မြတ်သူငယ်ချင်းတွေပါ ၊၊ ဟန်နွေရာ၊ ရှင်းလက်ျာ၊ အစ်ကို ဟန်စစ်သွေး ၊သန့်ဇင်မောင်နဲ့....  မှူးသာကျော် "

"တွေ့ရတာ ဝမ်းသာပါတယ်"

" မြတ်တို့လည်း သွားစရာ ရှိသေးတာကြောင့် ခွင့်ပြုပါဦး "

" ညီမတို့ စိတ်မရှိရင် အစ်ကို ညီမတို့ကို နေ့လယ်စာ လိုက်ကျွေးလို့ ရမလား?"

   မြတ်သည် အစ်ကိုခတ်စစ်ပိုင်ကို   မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

" မကြီးသက်လည်း ‌ခတ်စစ်ပိုင်နဲ့ နေ့လယ်စာ အတူစားဖို့ ချိန်းထားတာ ဆိုတော့  မြတ်တို့နဲ့ဆို အတူသွားရင် ကောင်းမလားပေါ့"
နေကိုထက်က ချက်ချင်းပင် ဝင်ပြောလိုက်သည် ။

"ကောင်းပြီလေ " တီချယ်နဲ့ နေ့လယ်စာ အတူစားတာပဲ၊ မြတ်လက်ခံလိုက်သည် ။

"အဲတာဆို ဦးငယ် ကျွန်တော်တို့နဲ့အတူ ကာရာအိုကေ လိုက်ဆိုပေး "
သန့်ဇင်မောင်သည် ကြိုတင် ဘိုကင်ယူထားသော အခန်းသို့ ဦးငယ်လေးနှင့် အစ်ကို ဟန်စစ်သွေးကို ဖက်ကာ သွားရန် ပြင်လိုက်သည်။

ဖြန်း!

"ငါ မင်းထက် အကြီး၊ ငါ့ကို ပခုံးလာမတင်နဲ့ " ဟန်စစ်သွေးသည် သန့်ဇင်မောင်လက်ကို ဖြတ်ရိုက်ပစ်လိုက်ပြီး သူ့ညီမပခုံးကို သွားဖက်လေသည် ။

ထိုစဉ် သန့်ဇင်မောင်သည် နာသွားသော သူ့ပခုံးကို ပွတ်နေရင်း နောက်ကျောအေးလာသလို ခံစားနေရသည်။  အေးစက်စက် ပတ်ဝန်းကျင်က ဘာကြီးလဲဟ ။

     မြတ်သည်လည်း ထို့အတူပင် အေးစက်စက်အငွေ့အသက်ကို ခံစားနေရတာကြောင့် ပတ်ဝန်းကျင်ကို အကဲဖြတ်လိုက်သည်။ရှင်းလက်ျာသည် ခံစားမဲ့သလို မျက်နှာဖြင့် သူ့ရှေ့က သွားနေသော ဟန်နွေရာတို့ မောင်နှမနှင့် စကားဖောင်ဖွဲ့နေသော  ခတ်စစ်ပိုင်ကို အေးစက်စွာကြည့်နေလေသည်။

"ဟေး အဲလောက်ကြီး ဖြစ်ပျက်မနေနဲ့လေ၊ စကားပြောတာလောက်လေးပဲကို "
မြတ်သည် ရှင်းလက်ျာကို တံတောင်ဖြင့်လှမ်းတွတ်ရင်း ပြောလိုက်သည်။
    မည်သို့ပင် ဖြစ်ပါစေ သူနှင့် ထိုသူတို့က နောက်အခါ စီးပွားရေး လောကထဲဝင်လျှင် အတူလုပ်ရမည့် သူများ ဖြစ်တာကြောင့် မျက်နှာပျက်လျှင် မကောင်းပေ။

" နင်ဆိုရင်လည်း အခုလို မဖြစ်ဖို့သာ ကြိုးစားထားပါ "

" ရှင်းလက်ျာ! နင်.....နင် ဟန်နွေရာကလွဲပြီး တခြားသူတွေကို ကောင်းကောင်းမွန်မွန် မဆက်ဆံပေးနိုင်ဘူးလား? သူတို့ကို နင် မကြိုက်ဘူးဆိုတာ ငါသိပေမဲ့ ငါ တောင်းဆိုပါတယ်။ တစ်နေ့လေးပဲ သည်းခံပေးပါ၊ ငါလည်း ငါ့အကြောင်းနဲ့မို့ပါ "
မြတ်သည် အသံနှိမ့်ကာ တောင်းဆိုလိုက်သည်။

   သူ့ဒယ်ဒီ၏ စည်းမျဉ်းတွေအရဆိုလျှင် သူသည် အထက်တန်းအောင်ပြီးသည်နှင့် သူ့အဖေအလုပ်တွင် အောက်ခြေမှ စ၍ ဝင်လုပ်ရမည့် သဘောရှိသည်။သူ့ဒယ်ဒီက အရည်အချင်းမရှိသောသူကို နည်းနည်းလေးတောင် ထောက်ထားမည် မဟုတ်ချေ။ ထို့ပြင် သူသည် တီချယ်နဲ့အတူ နေလိုပါက သူ့ထံတွင် ထိုမျှလောက်အထိ အရည်အချင်းရှိရန်လိုသည် ။

   ချစ်‌ခြင်းမေတ္တာက ဘဝကို ပျော်ရွှင်အေးချမ်းစေလျှင်
   ငွေကြေးစည်းစိမ်က အဓွန့်ရှည်အောင် ကူညီနိုင်သည်။

" မြတ် ငါ့ကို တစ်ခုလောက် ကူညီပေး "

"ဘာလဲ ?"

" ငါ့ကို မြေယာလုပ်ငန်းတွေ ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လောက် ငှားပေးပါ ၊ နင့်အဖေရဲ့အသိတွေထဲမှာ ရှိလောက်မှာပါ၊ ဘယ်လောက်ပဲ ပေးရပေးရ ငါငှားမှာမို့လို့ပါ "

"ဘာလုပ်ဖို့လဲ မြေယာရှေ့နေ့က?"

" အမွေကိစ္စမြေယာကို သေချာအောင် လုပ်ချင်လို့၊ အခုတော့ မဟုတ်သေးဘူး။ ငါ အထက်တန်းဖြေပြီးမှပါ "

"ကောင်းပြီလေ "

    မြတ်သည် ရှင်းလက်ျာကို တစ်ချက်ကြည့်လိုက်ပြီး အတွေးများနေ၏။ ခင်မင်လာတဲ့ မိတ်ဆွေ ဆက်ဆံရေးတစ်လျှောက်မှာ ရှင်းလက်ျာက သူ့မိဘတွေအကြောင်းပြောတာနည်းပြီး သူတို့လည်း ဝေဝေဝါးဝါးသာ သိထားကြသည်။ နောက်တစ်ခုက ရှင်းလက်ျာမိဘတွေက ကျောင်းကို တစ်ခါမှ မလာခဲ့သလို ရှင်းလက်ျာက သူ့အိမ်ကိုလည်း မည်သူကိုမှ  အသိမပေးထားချေ။

အာ~ ရှင်းလက်ျာက ထင်ထားတာထက် ပိုရှုပ်ထွေးတာပဲ ။

      မီးရောင်စုံများ ပြိုးပြိုးပျက်ပျက်လေး လင်းနေသော ကာရာအိုကေအခန်းထဲတွင် ခေတ်ပေါ် တေးသီချင်းများ ဖွင့်နေသည်။ သန့်ဇင်မောင်ကသာ သီချင်းတိုင်းကို ဒိုင်ခံသီဆိုနေလေသည်။ ဟန်ဟန်တို့ မောင်နှမက ဘေးနားက ဟာမိုနီလိုက်ဆိုပေးနေလေသည်။ မြတ်နဲ့ ရှင်းလက်ျာက မလှုက်မယှက်ထိုင်နေကာ ဖန်သားပြင်ကို ကြည့်နေတာကြောင့် ကျန်ရှိနေသော မှူးသာကျော်၊ နေကိုထက်နှင့် ခတ်စစ်ပိုင်သည် ထိုင်ခုံပေါ် တောင့်တောင့်ကြီး ထိုင်နေလေသည်။

" ကောင်းပြီလေ ၊ သန့်ဇင်မောင် ဦးငယ်လည်း သီချင်းဆိုတာပေါ့၊ မြတ်ရော ဆိုဦးမလား " နေကိုထက်သည် မိုက်ကို မြတ်ဆီကမ်းပေးရင်း မေးသည်။

" မြတ် သီချင်းမဆိုဘူး " ပြီးနောက် မြတ်သည် ဖုန်းထုတ်ကာ တီချယ့်ဆီ စာပို့နေရင်း အချိန် ဖြုန်းလိုက်သည်။

"ဟေး Sunshine in the rain သီချင်းဆိုကြမလား?" ဟန်စစ်သွေးသည် သူရသော သီချင်းကို ထောက်ပြရင်း ပြောသည်။

"အိုဟောင်းနေတာပဲ ဘယ်ခေတ်က သီချင်းလဲ " ဟန်နွေရာက သူ့အစ်ကိုကို ပိတ်ငြင်းပစ်လိုက်သည် ။

"အဲသီချင်းဆို အစ်ကိုလည်း ရတယ် ၊ ရွေးကြတာပေါ့ "
နေကိုထက်က ပြောရင်းနဲ့ ဟန်စစ်သွေး ဆံပင်ကို လှမ်းကိုင်လိုက်သည် ။

    သန့်ဇင်မောင်သည် ဟန်စစ်သွေးကို သူ့ဖက်ကို ဆတ်ခနဲ ဆွဲကာ  နေကိုထက်နဲ့ ဟန်စစ်သွေးအကြားတွင် ဝင်ရပ်ကာ သီချင်းဖွင့်လိုက်သည် ။

   အစပိုင်းကို သန့်ဇင်မောင်နဲ့ ဟန်စစ်သွေးက တစ်လှည့်စီ ဆိုသည်။ Disco သီချင်းအမျိုးအစား ဖြစ်တာကြောင့် မြူးကြွနေလေသည်။

( သီချင်းကို အရင်နားထောင်ပေးပါ )

When I'm in Berlin you're off to London
( ကိုယ်ဘာလင်မြို့ကို ရောက်နေတဲ့အချိန်မှာ မင်းက လန်ဒန်ကို သွားပြီ)

When I'm in New York you're doing Rome
( ကိုယ် နယူးယောက်ကို ရောက်နေတော့ မင်းက ရောမကို ရောက်သွားပြန်ပြီ။)

All those crazy nights we spend together
(ဒီရူးသွပ်စရာ ကောင်းလှတဲ့ ညတွေကို ကိုယ်တို့အတူ

As voices on the phone
ဖုန်းပြောရင်း ကုန်ဆုံးခဲ့ရတယ်။)

  နေကိုထက်က သူ၏ အသံဩဩနဲ့ ဟန်နွေရာ၏ ကလေးအသံလေးပေါင်းကာ ထပ်ဆိုတော့ သီချင်းက ကမောက်ကမတွေ ဖြစ်ကာ ဆိုရင်း ရယ်မောမိကြတော့သည်။

Wishing we could be more telepathic
(ကိုယ်တို့ ဒီထက် စိတ်ချင်းဆက်သွယ်ဖို့ လိုလိမ့်မယ်။)

Tired of the nights I sleep alone
(မင်းမရှိဘဲ အိပ်ရတဲ့ ညတွေကို ကိုယ်မုန်းနေပြီ)

Wishing we could redirect the traffic
(ကိုယ်တို့ လမ်းမှန်ပေါ် ပြန်ပြောင်းနိုင်ဖို့ ဆုတောင်းပါတယ်)

And we find ourselves a home
(ပြီးတော့ ကိုယ်တို့ အိမ်ကို  ပြန်ရှာတွေ့ပြီ)

    မြတ်နဲ့ ရှင်းလက်ျာသည်ပင် ထိုသီချင်းကို တိုးတိုးလေး လိုက်ဆိုနေကြသည် ။

Can you feel the raindrops in the desert!
(သဲကန္တာရထဲက မိုးစက်လေးတွေကို မင်း ခံစားမိရဲ့လား?)

Have you seen the sunrays in the dark?
(အမှောင်ထဲက နေရောင်ခြည်တန်းလေးတွေကို မြင်ဖူးလားဟင်)

Do you feel my love when I'm not present?
(ကိုယ်မရှိတဲ့အချိန်မှာ ကိုယ့်အချစ်တွေကို မင်း မြင်ရဲ့လား?)

Standing by your side while miles apart
(မင်းဘေးမှာ ကိုယ်အမြဲရပ်နေခဲ့တာ မိုင်တွေများစွာ ဝေးနေတဲ့ အချိန်မှာလေ )

Sunshine in the rain
(မိုးရေထဲက နေရောင်ခြည်တန်းလေး )

Love is still the same
(ကိုယ့်အချစ်တွေကလည်း မပြောင်းလဲဘူးနော်)

    ဟန်နွေရာက သူ၏ ခန္ဓာကိုယ်သေးသေးလေးကို ဖန်သားပြင်ပေါ်က ပုံစံအတိုင်း လိုက်ကနေတာကြောင့် ရှင်းလက်ျာ ပြုံးကာ ကြည့်နေမိသည်။

" ရှင်းလက်ျာ ငါ အပြင်ခဏသွားဦးမယ် "

"အင်း သွားလေ "

   ရှင်းလက်ျာက ခေါင်းညိမ့်အဖြေပြုပြီးနောက် မြတ်သည် အပြင်ထွက်လာခဲ့သည်။

" နာမည်က ရှင်းလက်ျာ ဟုတ်တယ်နော်။ ညီမက ဆယ်တန်းဖြေရတော့မှာဆိုတော့ ကြိုးစားထားနော်။ "

"အားပေးတာမျိုး မလိုပါဘူး "

   ခတ်စစ်ပိုင်သည် တရင်းတနှီးဖြစ်စေရန်အတွက် စကားစလိုက်သော်လည်း တစ်ဖက်က လိုလားဟန် မပြတာကြောင့် သူ ငြိမ်နေလိုက်သည်။

"ရှင်းလက်ျာ မြတ်နဲ့ သူတို့က ဘယ်လိုတော်စပ်ကြတာလဲ?" မှူးသာကျော်က မေးလိုက်သည်။

" ဟန်နွေရာနဲ့ဟန်စစ်သွေးက မောင်နှမ၊ ‌အစ်ကိုနေကိုထက်နဲ့ သန့်ဇင်မောင်က ဦးလေးနဲ့တူ ၊ ဒါပါပဲ "

" သန့်ဇင်မောင်က  တီချယ်သက်တူမလား "

"အင်း ဟုတ်တယ် "

" မြတ် ဘယ်သွားတာလဲ? "

"ဖုန်းပြောဖို့ ထွက်သွားတယ် "

" အဲလိုလား? ငါ toilet ခဏသွားမယ် " မှူးသာကျော်ကလည်း အပြင်ထွက်သွားလေသည်။

    ဟန်နွေရာသည် ပါးစပ်ညောင်းလာတာ‌ကြောင့် ရေသောက်ရန် စားပွဲဆီ ပြန်လာခဲ့သည်။ 

"ညီမလေး ရေသောက်မှာမလား" ခတ်စစ်ပိုင်သည် ရေထည့်ကာ ပေးလိုက်သည်။
   သို့သော်လည်း ဟန်နွေရာက လှမ်းမယူသေးဘဲ ရှင်းလက်ျာကို ကြည့်နေလေသည်။ ရှင်းလက်ျာက မလှုပ်မယှက်ဘဲ ရှေ့ကိုသာ ကြည့်နေတာကြောင့် သူ ဝမ်းနည်းလာသည်။ သူ့ဖက်က သတ္တိမရှိတာ မှန်ပေမဲ့ ရှင်းလက်ျာက သူ့ကား စိမ်းကားသွားမည်ဟု မထင်ထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ် အစ်ကို " ဟန်‌နွေရာသည် ‌အကုန်မော့သောက်လိုက်ပြီးနောက် သူ့အစ်ကိုနားကပ်ကာ သွားထိုင်နေလေသည်။ ဟန်စစ်သွေးက သူ့ညီမ စိတ်မပါတော့ကြောင်း သိလိုက်တာမို့ သန့်ဇင်မောင်ကို ပြောကာ သူတို့သည် နေ့လယ်စာ စားရန် ထွက်လာကြသည်။

   မြတ်သည် တီချယ့်အား စောင့်နေစဉ် မှူးသာကျော်က ရောက်လာသည်။

" ဟေး မြတ်၊ စာမေးပွဲပြီးရင် ငါ နင့်အဖေရုံးခွဲတစ်ခုမှာ အလုပ်ဆင်းမလို့လေ၊ ငါ ကြားတာ နင်လည်း အဲမှာပဲဆို "

"ငါ မသိပါလား? ငါ့ဒယ်ဒီက အဲလိုပြောတာလား?"

"အင်း၊ အန်ကယ်က အသိပေးမယ် ပြောတာပဲ၊ ငါ တကယ်ဝမ်းသာတာပဲ၊ နင်နဲ့အတူ အလုပ်လုပ်ရလို့လေ"

"ဟေး အဲလိုကြီး မပြောနဲ့လေ "

" ပြောသင့်တာပဲကို ရှေ့လျှောက်ရင်းနှီးစရာတွေ ရှိလာတော့မှာမို့ ကူညီပေးပါဦး " မှူးသာကျော်က Doorman တွေလို ခါးကိုင်းရင်း ပြောသောအခါတွင် မြတ်သည် ရယ်မိတော့သည်။ 

    ထိုစဉ် ဒေါ်သက်လျာကျော်က ချိန်းဆိုထားသော ဆိုင်ထဲသို့ ဝင်လာသည်။ တစ်ဦးထဲတော့ မဟုတ်ချေ။ ဦးမြတ်လင်းခန့်နဲ့အတူ ဝင်လာခြင်း ဖြစ်သည်။ လူအနည်းငယ်ရှုပ်နေသော လမ်းကို ဖြတ်လာရစဉ်တွင် ဦးမြတ်လင်းခန့်က ဒေါ်သက်လျာကျော်၏ ပခုံးကို ထိန်းကိုင်ပေးထားကာ လူအုပ်ကြားထဲကနေ ထွက်လာခြင်း ဖြစ်တာကြောင့် မြတ် အလိုမကျဖြစ်သွားသည်။

~ သူတို့ ဘာလို့ လူနည်းတဲ့ ကားပါကင်ဖက်က ဓာတ်လှေကားကို အသုံးမပြုကြတာလဲ?~

   မြတ်က မျက်လုံးထောင့်ကနေ လှမ်းတွေ့လိုက်သော်လည်း သူ မနှုတ်ဆက်ချင်ပေ။ ထို့ကြောင့်  မှူးသာကျော်နဲ့ စကားဆက်ပြောနေခြင်း ဖြစ်သည်။ မှူးသာကျော်က သူတို့ လုပ်ရမည့် ရုံးခွဲအကြောင်းပြောနေတာကြောင့် မြတ်သည်  ပြုံးကာ ပြန်ဖြေပေး၏။

အလုပ်က အလုပ်၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာ။

" မြတ် တခြားကလေးတွေရော၊ ရောက်နေကြပြီလား?"

"ဟုတ်ကဲ့၊ တီချယ် အလုပ်ရှုပ်နေမယ်မှန်း သိရင် မြတ် မခေါ်မိပါဘူး။ အခုတော့ ဦးမြတ်လင်းခန့်ကိုပါ အနှောင့်အယှက်ပေးမိပြီ "

"ရပါတယ်။ ဦးကလည်း သက်နဲ့ လိုအပ်တာလေး လာဝယ်ရင်း ပို့ပေးတာပါ၊ သက် အဲတာဆို ကိုယ်သွားဦးမယ်"

"ကိုမြတ်၊ နေ့လယ်စာ မစားရသေးဘူးမလား? သက်နဲ့အတူ လာစားလေ၊ ပြီးရင် သက်တို့ ဝယ်စရာရှိတာ သွားဝယ်ကြရမှာပဲလေ "

   မြတ်သည် လျှာကိုက်ကာ စားပွဲဆီလျှောက်လာလိုက်သည်။ ဦးမြတ်လင်းခန့်သည် သဘောတူကာ လိုက်လာခဲ့သည်။ မိတ်ဆွေသူငယ်ချင်းများ အတူစားသောက်နေကြသည် ဖြစ်သော်လည်း လေထုက စိတ်ပျက်ဖွယ်ကောင်းလှသည်။ နေကိုထက်က ဦးမြတ်လင်းခန့်နဲ့ စကားပြောနေသည်မှ တစ်ပါးအရာအားလုံးက ပကတိ ငြိမ်သက်ကာ ကိုယ်စီ ထိုင်စားနေကြသည်။

   ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲက အသားတချို့သည် အနီရောင်မှ ကျက်သော အရောင်သို့ ပြောင်းသွားကာ မွှေးပျံ့သော ဟင်းရနံ့ထွက်လာသည်။ ထိုအချိန်တွင် နေကိုထက်သည် ငရုတ်သီး အနှစ်တချို့ကို ရောထည့်လိုက်ပြီးနောက် ကောင်းမွန်သော ဟင်းလျာရရှိလာသည်။ သူသည် ကလေးငယ်များကို အသီးသီး ခပ်ပေးလိုက်သည်။

"အရသာရှိရှိသုံးဆောင်ကြပါ "

အားလုံးက လူမှုရေးအရ  ပြန်ဖြေလိုက်သည်။

"အသားကင်က အရမ်းကောင်းတာပဲ အစ်ကို စားကြည့်သင့်တယ် "
သန့်ဇင်မောင်က ဟန်စစ်သွေးပန်းကန်ထဲကို ထည့်ပေးလိုက်သောအခါ ဟန်စစ်သွေးက သု့ညီမပန်းကန်ထဲ ကောက်ထည့်ပြီး လက်ခလယ်ထောင်ပြလိုက်သည်။
သန့်ဇင်မောင်ရဲ့ အချစ်ဝိဉာဉ်လေး သေဆုံးသွားပြန်သည်။

" သက် ဒီပန်းကန်ယူလိုက် ၊ အစ်ကို့ကို အဲတာပေး"
ဦးမြတ်လင်းခန့်သည် သက်၏ မလှီးဖြတ်ရသေးသော အသားပန်းကန်ကို လှမ်းယူကာ လဲပေးလိုက်သည်။

"ကျေးဇူးပါ "

" အင်း ၊ အရသာရှိတာပဲနော် "

   မြတ်သည် နှုတ်ခမ်းတစ်ဖက်‌ကွေးကာ မဲ့ပြုံးလိုက်သည်။

"ဒီဆိုင်က ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး၊ နောက်ဆို ခဏခဏလာရမယ်"
မှူးသာကျော်က မြတ်ကို ပြော၏။

   မြတ်သည် အပြုံးဖြင့် တုန့်ပြန်ကာ ဆိုဂျူအနည်းငယ်သောက်စဉ် မှူးသာကျော်ကိုပါ တစ်ခါတည်း ထည့်ပေးလိုက်သည်။

မရည်ရွယ်ပေမဲ့ လက်တုန့်ပြန်မိသလို ဖြစ်သွား၏။

" ကလေးတို့အားလုံးက အစ်ကို ကြေညာစရာ ရှိပါတယ်။ အဲတာကတော့ မင်းတို့လေးတွေရဲ့ တီချယ်ချောချောလေးက မကြာခင်မှာ ဒီက ဦးလေးချောချောနဲ့ စေ့စပ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ "

" ဝိုး တကယ်ကြီးလား?" အသီးသီးက လက်ခုပ်ဩဘာများ ပေးနေကြသည်။

   မြတ်သည် အောက်နှုတ်ခမ်းကို အသာဖိကိုက်ကာ လက်ခုပ်တီးပေးလိုက်သည်။ ဒေါ်သက်လျာကျော်သည် နေကိုထက်က ရုတ်တရက်ကြီး ထကြေညာမည်ဟုမထင်ထားတာကြောင့် အံ့အားသင့်သွားသော်လည်း မြတ်ကို လှမ်းကြည့်လိုက်သောအခါတွင် လက်ခုပ်ပင် တီးနေသေးသည်။ ဒေါ်သက်လျာကျော် အနည်းငယ် နာကျင်ရပေမဲ့ လှောင်ရယ်လိုက်ပါသည်။

   ငယ်ရွယ်တဲ့ လူတွေဆိုတာ လေညွှန်တံလိုပဲ လေတိုက်တိုင်း ယိမ်းသွားကြသည် မဟုတ်လော။ ယုံမိတာကိုက မှားတာပါလေ။

" မင်းတို့ သိကြလား? လူ့ဘဝဆိုတာ အသက် လေးဆယ်မှ စကြတာတဲ့၊ ငယ်ရွယ်တဲ့ကလေးဘဝဆိုတာအတွေ့အကြုံတွေကို များစွာ သင်ယူနိုင်မှ လူ့ဘဝဆိုတာကို ခံစားဖူးမှာ၊ ဘဝအတွေ့အကြုံတွေထဲက အရေးအကြီးဆုံးက ရှူံးနိမ့်ဖူးတာနဲ့ အသည်းကွဲဖူးတာပဲ ၊ အချစ်စစ်ဆိုတာ လူဖြစ်မှ တွေ့ရတာ၊ ဒါပေမဲ့ ငယ်ချစ်ဦးကတော့ လှပတဲ့ ပန်းလေးတစ်ပွင့်ပေါ့၊ ကဲ ကဲ မင်းတို့ တီချယ်ကို ဂုဏ်ပြုပေးလိုက်ကြဦး "

   ခွက်ချင်းတိုက်သံတွေ ဆူညံသွားသည်။ အပူပိုင်းသစ်သီးဖျော်ရည်က နည်းနည်းတော့ ခါးတယ်။ နေပူနေလို့များလားပဲ။ ရေခဲတွေကြောင့် ပူလောင်နေတာလည်း ဖြစ်မှာပါ။

   ညနေပိုင်းတွင် ဆက်ကာ လည်ပတ်မည့်အစီအစဉ်ရှိသော်လည်း အားလုံးက ဖျက်ဖို့ ဆန္ဒပြုလိုက်သည်။စာလုပ်မည်ဟုဆိုတာ လမ်းခွဲ အိမ်ပြန်ကြဖို့ ။

"ညီမလေးတို့ကို အစ်ကိုလိုက်ပို့ပေးမယ်လေ "
ခတ်စစ်ပိုင်သည် ချစ်စဖွယ်ကောင်မလေးနဲ့ ရင်းနှီးရန် ထပ်မံစောင့်ဆိုင်း မနေချင်တော့ပေ။

"ဟင့်အင်း၊ ဟန်ဟန်က အစ်ကိုနဲ့ ပြန်မှာ "

" အစ်ကိုသွေးကို ကျွန်တော်တို့နဲ့အတူ ပြန်ခိုင်းမှာ " သန့်ဇင်မောင်ကို ဝင်ပြောသည်။

" မလိုဘူး၊ ငါ ခေါ်သွားမှာမို့ပါ " ရှင်းလက်ျာက ဟန်နွေရာကို လှမ်းဆွဲကာ ပြောလိုက်သည်။

" ဘာလို့ ငါ့ညီမကို ဆွဲလားရမ်းလားလုပ်နေတာလဲကွ၊ ဘယ်သူနဲ့မှ မပြန်ဘူး၊ ငါ့ညီမက ငါ့နဲ့ပဲ ပြန်ရမှာ "

သူ့ညီမကို ဘောလုံးတစ်လုံးလို လုယက်နေတဲ့ သူတွေကြောင့် ဟန်စစ်သွေးစိတ်တိုလာကာ ဟန်ဟန်ကို ဆွဲကာ ထွက်လာသည်။နီးစပ်ရာ ဆိုင်တစ်ခုကနေ mask နဲ့ ဦးထုပ်ကိုပါ ဝယ်ကာ သူ၏ ညီမကို ဖုံးထားလိုက်သည်။

" အဲတာ ငါ့တို့အမေအပြစ်ပဲ !"

   မြတ်သည် သန့်စင်ခန်းသို့ သွားပြီး ပြန်အလာ စက်ြန်တွင် ရပ်နေသော ဒေါ်သက်လျာကျော်အား တွေ့လိုက်ရသည်။ သူ့အား စောင့်နေခြင်းတော့ မဟုတ်ပေ။

" မနက်ကအထိ အဆင်ပြေနေခဲ့တာ အခုလို စေ့စပ်သတင်းကြားဖို့အတွက် ဖြစ်နေခဲ့တာတဲ့လား?"
မြတ်သည် အပေါ်ထပ်လက်ရန်းကို မှီရင်း ‌ပြောမိသည်။

" အနှေးနဲ့ အမြန်နဲ့ ဖြစ်လာမယ့် ကိစ္စမို့လို့ မပြောခဲ့တာ။ ဘယ်လိုပဲ  ဆိုပါစေ ငယ်ရွယ်တဲ့ သူတွေလို အပြောင်းအလဲ မမြန်ခဲ့တာ အမှန်ပါပဲ "

" ဘာလို့ မြတ်ကို ယုံကြည်ဖို့ မကြိုးစားတာလဲ? သဝန်တိုတာကို သည်းခံနိုင်ပေမဲ့ ဒီလိုကျတော့ အယုံအကြည်မဲ့လွန်းတာ မဟုတ်ဘူးလား? ပြီးတော့ စေ့စပ်တော့မှာတဲ့လား? အဟက် စောင့်ကြည့်နေမှာမို့ ကြိုးစားဆိုတာ ဒါမျိုးကို မြင်ရဖို့အတွက်လား? ဖြေပါဦး ဒေါ်သက်လျာကျော် "

" အဲအတွက် မြတ်ကို ရှင်းပြစရာ အကြောင်းမရှိဘူး။ မြတ်လည်း ကျောင်းပြီးရင် တို့နဲ့ မြတ်ကြားက ကိစ္စပြီးပြီပဲ "

" အဟား ဟုတ်မှာပါလေ၊ အစကတည်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့တယ်လို့ ပြောခဲ့ကြတာမှ မဟုတ်တာ။ အတူနေဖို့ ကတိတွေလည်း မထားခဲ့သလို မြန်မြန်‌ဆန်ဆန်ပဲ တွေ့ခဲ့ကြပြီး အခုလို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ပေါ့။ "

" မင်း ဒီလောကကြီးအကြောင်း မသိပါဘူး ခလေး "

" မြတ် တီချယ့်အကြောင်းကိုလည်း မသိဘူး ၊ လွယ်လွယ်နဲ့ ပစ်ချရလောက်အထိ ဈေးပေါနေခဲ့တာလား? ခံစားချက်အမှန်ဆိုတာ ခံစားမိခဲ့တယ်။ ဒါပေမဲ့ ..."

" ရှေ့လျှောက်ရမယ့် လမ်းကိုသာ ဂရုစိုက်ပါ၊ မြတ်နဲ့အတူ ရှိခဲ့တုန်းက ပျော်ခဲ့ရပါတယ်။ အခုတော့ တီချယ် သွားတော့မယ် "

    ဒေါ်သက်လျာကျော် ထိန်းထားသော မျက်ရည်များ မကျမီအမြန်ထွက်လာခဲ့သည်။ နောက်ကနေ တိတ်တဆိတ်ငိုကြွေးသံနဲ့ နှလုံးသားလေးတစ်ခု ကွဲကြေသံကို ကြားလိုက်ရပါသည်။ထိုအသံက သူ့ရင်ဘတ်ထဲက လာသည်ကိုတော့ ဒေါ်သက်လျာကျော် မသိလိုက်ပါချေ။

တောင်းပန်ပါတယ် ကလေးရေ။ မင်းသိတဲ့ လောကကြီးက မင်းလို မဟုတ်လို့ လွယ်လွယ်ကူကူအရှုံးမပေးလိုက်ပါနဲ့ ။

    တစ်စုံတစ်ယောက်သည် နံရံကို မှီကာ လက်တွင်ပတ်ထားသော နာရီကို အကြောင်းမဲ့ ပွတ်သတ်နေလေသည်။

" ဒီလို စိတ်ဝင်စားစရာ လျှို့ဝှက်ဇာတ်လမ်းလေး‌ ရှိနေတာပဲ၊ စိတ်ဝင်စား စရာပဲ"

Thanks for reading ❤️

စာလုံးရေ ‌6000 ကျော် ရေးထားပေးတာပါနော်။ ခါတိုင်းအပိုင်းထက် ၂ ဆ ရေးပေးထားပါနော်။

ပုံလေးက တီချယ်သက်နဲ့ တူလို့။

You are reading the story above: TeenFic.Net