" Together is a beautiful place to be."
ပန်းပွင့်များနှင့် နွယ်ပင်များကို အသုံးပြုကာ အလှဆင်ထားသော စာတန်းလေးက အဝင်ဝတွင် ချိတ်ထားသည်။ ညနေခင်းအချိန်က မှောင်ရီပျိုးစပြုနေ၍ အလင်းရောင်က ဝင်းလက်နေသည်။ ယနေ့ညတွင် Global ဟိုတယ်တွင် အခမ်းအနားလေး တစ်ခုရှိပုံရသည်။ လူအနည်းငယ်က ဂုဏ်သရေရှိ ပုံစံများ ဝတ်ဆင်ထားကြသည်။ သူတို့သည် ပျော်ရွှင်နေပုံရသည်။ စန္ဒယားတီးနေသော အမျိုးသမီးသည် သာယာနာပျော်ဖွယ်ရှိသော သီချင်းတစ်ပုဒ်ကို တီးနေလေသည်။
"စိတ်လှုပ်ရှားနေတာလား? "
ဦးမြတ်မင်းဦးက မြတ်ကို မေးလိုက်သည်။
အမှန်အတိုင်း ဝန်ခံရလျှင် သူသည်လည်း စိတ်လှုပ်ရှားနေသည်။ယနေ့သည် သူ၏ သမီးလေးက အိမ်ထောင်တစ်ခု တည်ထောင်တော့မည် မဟုတ်ပေလော။ ကြီးကျယ်ခမ်းနားသော ပွဲလမ်းအစား သင့်လျော်သည့် ပွဲအခမ်းအနားကို ကျင်းပပေးခဲ့သည်။ မြတ်၏ ရွေးချယ်မှုကို သူသည် လုံးဝစွက်ဖက်ခြင်း မပြုခဲ့ပေ။ မြတ်သည်လည်း သူကဲ့သို့ပင် တဇွတ်ထိုးဆန်သော ကလေးဖြစ်သည်။
"အင်း ၊ အတော်လေးကို စိတ်လှုပ်ရှားမိတယ်။ ဘယ်လိုပြောရမလဲ ၊လိပ်ပြာတွေ ပျံနေသလိုပဲ "
မြတ်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
" နောင်မျိုးဆက်အတွက်ကတော့ တခြားတစ်ယောက်ကိုပဲ အားကိုးရတော့မှာပဲ "
ဦးမြတ်မင်းဦးက ရေရွတ်နေမိသည်။ ဟုတ်သည်လေ။သူ့သမီးက အသက်ကြီးကြီးမိန်းမကို ယူတာဆိုတော့ သူ့မှာ မြေးရမယ့် လက္ခဏာမရှိတော့ဘူးလေ၊ အနည်းငယ်တော့ ဝမ်းနည်းမိသားပါပဲ။
" အခုအချိန်မှာ အဲလိုတွေ မပြောစမ်းပါနဲ့ "
" သတို့သမီးလာပြီ "
လေဒီဂရေ့က ဒေါ်သက်လျာကျော်ကို ခေါ်လာပေးသည်။ ဒေါ်သက်လျာကျော်၏ မိသားစုကတော့ စွန့်လွှတ်လိုက်တာကြောင့် သတို့သမီးကို မြတ်၏ ပါးပါးက ကူညီပေးခဲ့သည်။ လျှောက်လမ်းတစ်လျှောက် လက်ခုပ်ဩဘာသံများကြားက သူ၏ သတို့သမီးကို ကြည့်ကာ မြတ် မျက်ရည်ကျလာသည်။ပျော်ရွှင်လွန်း၍ ငိုမိသည်ဆိုတာက အသေအချာပင် ဖြစ်သည်။
" ကြည့်စမ်းပါဦး၊ ဘေဘီလေးက ငိုတောင် ငိုနေပြီ၊ "
ဂရေ့က သူ၏ ကလေးလေးကို မျက်ရည်သုတ်ပေးရင်း ဆိုလိုက်သည်။
ဒေါ်သက်လျာကျော်က နူးညံ့သော အပြုံးလေး ပြုံးထားသည်။ မြတ်က ဒေါ်သက်လျာကျော်၏ လက်ကလေးကို တွဲကာ ဘိသိက်ဆရာရှေ့တွင် ရပ်မိသည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် ဒေါ်သက်လျာကျော်၏ လက်ကိုပင် တင်းတင်းညှစ်ထားမိသည်။ သူသည် ယခင်က လက်ထပ်ပွဲအခမ်းအနားများကို တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့အရာက စိတ်ညစ်ဖွယ်ကောင်းသော ပြသနာများ၏ အစဟု သတ်မှတ်ထားခဲ့ကာ များသောအားဖြင့် အကျိုးစီးပွားအတွက်သာ တက်ရောက်ခဲ့သည်။ အခုတော့လည်း အဘယ်ကြောင့် ထိုကဲ့သို့သော အခမ်းအနားများကို ချီးမြင့်သည်ကို နားလည်သယောင် ရှိလာသည်။
"အခုအချိန်မှာ ဘာပြောသင့်လဲဆိုတာတောင် စဉ်းစားလို့ မရအောင်ကို စိတ်ထဲမှာ ယောက်ယက်ခတ်နေမိတယ်။ စိတ်ငြိမ်ဆေး တောင်းလိုက်သင့်လား?"
မြတ်က ဒေါ်သက်လျာကျော်အား တိုးတိုးမေးလိုက်သည်။ သူသည် ရှေ့က ဘိသိက်ဆရာ၏ စကားများကိုပင် မကြားနိုင်သည်အထိ စိတ်လှုပ်ရှားနေသည်။
"လက်ကိုင်ထားပေးရမလား?"
" အဲလိုလုပ်ကြမလား?" ဒေါ်သက်လျာကျော်က မြတ်လက်ကို ဆုပ်ကိုင်ထားပေးကာ ဘိသိက်ဆရာဆီကို အာရုံပြုလိုက်သည်။
" သတို့သမီးက တစ်ဖက်သတို့သမီးကို ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊။ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ သက်ဆုံးတိုင် သစ္စာရှိရှိ ပေါင်းဖက်နိုင်ပါလား ?"
"ဟုတ်ကဲ့ " မြတ်က ဒေါ်သက်လျာကျော်၏ လက်ဖမိုးလေးကို အသာပွတ်ရင်း ဖြေသည်။
" သတို့သမီးက တစ်ဖက်သတို့သမီးကို ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊။ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ သက်ဆုံးတိုင် သစ္စာရှိရှိ ပေါင်းဖက်နိုင်ပါလား ?"
" ဟုတ်ကဲ့ "
ပြီးနောက် သူတို့သည် ကျမ်းစာများကို အပြန်အလှန် ကျိန်ဆိုကြပြီးနောက် သူတို့သည် တရားဝင် အကြင်လင်မယားမြောက်ခဲ့သည်။
" ဒါလင် ကြည့်စမ်းပါဦး၊ ဘေဘီလေးက လက်ထပ်သွားတာက အရမ်းအံ့ဩစရာကောင်းတာပဲ ၊ ဟန်နီတို့ လက်ထပ်တုန်းက အချိန်တောင် ပြန်သတိရသွားတယ် "
ဂရေ့က သူ့ခင်ပွန်းကို လှမ်းပြောလိုက်သည်။
" အဲတာဆို ၂၅ နှစ်ပြည့် နှစ်ပတ်လည်ကျရင် ထပ်ပြီးတော့ လက်ထပ်ပွဲ လုပ်ကြရင် ကောင်းမလား? "
" လုပ်ကြမလား? "
ဦးမြတ်မင်းဦးက ဂရေ့ကို သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။
" အင်း ၊ အဲအခါကျရင် ဂရေ့အနေနဲ့ မဟုတ်ဘဲ ကိုယ်တို့ ချစ်ခဲ့တုန်းက အတိုင်း သီအိုဒေါအနေနဲ့ လက်ထပ်ကြမယ် "
"ဘယ် ..ဘယ်လို? ? "
" ပါးပါးလည်း ပါးပါးရဲ့ ကိုယ်ပိုင်ဘဝလေးရှိသင့်တယ်မလား၊ မြတ်တို့အတွက် တွေးပေးနေရတာနဲ့ ပါးပါးရဲ့ ပုံစံအမှန်ကို ပြုပြင်ပေးခဲ့ရတယ်။ မြတ်တို့လည်း နားလည်ပေးနိုင်တာကြောင့် မြတ်ရဲ့ မာမားက ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ မြတ်က မမုန်းပါဘူး၊ ယောက်ျားတစ်ယောက်ဆီက မွေးလာတဲ့ ကလေးဖြစ်ရလို့လည်း မြတ် မသိမ်ငယ်ပါဘူး "
သီအိုဒေါသည် မငိုဘဲ မျက်ရည်များ သွင်သွင်စီးကျလာသည်။ သူသည် တစ်နေ့တွင် သူ့ကလေးက အဖြစ်မှန်များကို သိပြီးပါက သူ့အား မုန်းတီးကာ ထားသွားမည်လော သို့မဟုတ် သူ့ကိုယ်သူ ရွံရှာသွားမည်လော သို့မဟုတ် လိင်တူမိဘများက မွေးဖွားလာ၍ သိမ်ငယ်နေမည်လော သို့မဟုတ် တခြားသူများက အနိုင်ကျင့်မည်လော သူသည် အတွေးပေါင်း မြောက်များစွာဖြင့် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ရသည်။ ကလေးက အရွယ်ရောက်လာလေလေ သူ့အားပို၍ သတိထားမိလာမည်ကို စိုးရိမ်နေခဲ့သည်။ သူသည် မြတ်မင်းဦးအား ဖက်ကာ ငိုကြွေးမိတော့သည်။
" မြတ်ရေ ဒယ်ဒီ မြတ်ပါးပါးကို အဖော်ပြုပေးလိုက်ဦးမယ်။ အဲတာကြောင့် တခြားသူတွေနဲ့ ပျော်ပါးနေလှည့် "
"ဟုတ်ကဲ့ "
မြတ်က သူ၏ ဇနီးအသစ်စက်စက်လေးကို လက်တွဲလျက် တခြားသူများအား နှုတ်ဆက်စကားပြောကြသည်။ များသောအားဖြင့် သူတို့သည် မြတ်ကိုသာ စနောက်နေကြပြီး ဒေါ်သက်လျာကျော်အား လေးစားစွာ ဆက်ဆံကြသည်။ ညနက်သည်အထိ မိတ်ဆွေများနှင့် စကားပြောဆို ဂုဏ်ပြုနေကြပြီးနောက် နောက်ဆုံးတွင် အားလုံးက အိမ်ပြန်သွားသည်။
" ဖမ်းလိုက် "
ဦးမြတ်မင်းဦးက မြတ်ကို ကဒ်တစ်ခု ပစ်ပေးသည်။
" အိမ်လား?" မြတ်ကာ ဝမ်းသာစွာ အော်ဟစ်လိုက်သည်။ သူသည် ပြန်လာထဲက အိမ်မရသေးပေ။ သူ့အဖေအိမ်မှာလည်း ကပ်မနေချင်တာကြောင့် ဒေါ်သက်လျာကျော်အိမ်မှာ ကပ်နေနေရသည်။
"လက်ထပ်ဖြစ်ကြပြီဆိုတော့ နောက်ထပ်ကြုံလာရမယ့် ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အတူကျော်ဖြတ်ကြရမှာပဲ။ တစ်ဦးနဲ့ တစ်ဦးရွေးချယ်ထားကြပြီဆိုတော့ အကောင်းဆုံး ဖြစ်ဖို့ပဲ ဆုတောင်းပေးတယ် "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် "
ဒေါ်သက်လျာကျော်က ဦးမြတ်မင်းဦးအား ကျေးဇူးတင်ကြောင်းဆိုလိုက်သည်။
မြတ်က သူ့ဒယ်ဒီကို ပွေ့ဖက်ဖို့ ကြံပေမဲ့ သူ့ဒယ်ဒီက ရှောင်လိုက်သည်။
"တိတ်တိတ်နေ " ဦးမြတ်မင်းဦးက အိပ်ပျော်နေသော သီအိုဒေါကို ချီထားတာကြောင့် မြတ်ကို တွန်းထုတ်ပစ်သည်။
မြတ်က သူ့ဒယ်ဒီချီထားသော ပါးပါးကို အတင်းနမ်းပစ်လိုက်သည်။
" ဟင်း မြတ်လား? "
မြတ်ကြောင့် ပါးပါးနိုးလာသောအခါ သူ့ဒယ်ဒီက သူ့အား မျက်ထောင့်ဖြင့် ကြည့်သည်။
" အားး ရှက်စရာကြီး ဘာလို့ ချီထားတာလဲ "
သီအိုဒေါသည် မြတ်မင်းဦးက သူ့အား ချီထားတာကြောင့် ရှက်ရွံ့စွာ အော်မိတော့သည်။ သူ့ရဲ့ အသစ်စက်စက် ချွေးမလေးရှေ့မှာ သူ့ကို အရှက်ခွဲနေကြတာပဲ။
" ကိုယ့်ယောက်ျား ကိုယ်ချီကာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ?"
ဒေါ်သက်လျာကျော်သည် မြတ်တို့မိသားစုကို ကြည့်ကာ ကြည်နူးစွာ ရယ်မိသည်။
"အို အမေ့ "
" ကိုယ့်မိန်းမ ကိုယ်ချီတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ?"
မြတ်က ဒေါ်သက်လျာကျော်ကို ပွေ့ချီရင်း ပြောလိုက်သည်။
" ဒါလင် အဲတာ ဒါလင်ကြောင့် ဖြစ်တာ၊ ရှက်စရာတွေ လုပ်နေကြတယ်"
" မျိုးရိုးဗီဇစစ်မှန်ကြောင်း သက်သေပဲ "
ပြီးနောက် ဦးမြတ်မင်းဦးက သီအိုဒေါကို ချီလျက် ပြန်လာခဲ့သည်။
" လက်ထပ်ပြီးပြီဆိုတော့ ဘာလုပ်ကြရင် ကောင်းမလဲ?"
" အိမ်ပြန်ကြတာပေါ့ "
မြတ်သည် ဒေါ်သက်လျာကျော်အား မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ သူတို့သည် အိမ်ပြန်လာသည့် တစ်လျှောက်လုံး မည်သည့်စကားကိုမှ မပြောခဲ့ကြပေ။ သူတို့သည် ပြောစကားများ လျှံကျအောင် များပြားနေစေကာမူ အကြည့်ကလေး တစ်ချက်ကတောင် သူတို့အား အပြန်အလှန်နားလည်မှုပေးနိုင်သည်။ တစ်ခါတစ်ရံတွင် ခံစားချက်များကို ဖော်ပြရန်အတွက် စကားလုံးများက ဈေးပေါလွန်းသည်။မြတ်သည် သူ့ဒယ်ဒီလက်ဖွဲ့ပေးသော အိမ်လေးဆီ သက်နဲ့အတူ ပြန်လာခဲ့သည်။ နေ့ရက်တိုင်းက နာရီပေါင်း ၂၎ နာရီနဲ့ ဖွဲ့စည်းထားပေမဲ့ ယနေ့ကတော့ သူအတွက် ထူးခြားလေသည်။ အရာရာတိုင်းက လှပနေပြီး သူတို့အတွက် ထူးခြားတဲ့ နေ့လေးပေါ့။
လူတစ်ယောက်ကို ချစ်မိတယ်ဆိုရင် သူ့ကို ပိုင်ဆိုင်ရသည် ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ စစ်မှန်စွာ ချစ်ခဲ့ရမှာပါ။ ပိုင်ဆိုင်ဖို့ ကြိုးစားပြီဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားသင့်တယ်။
ဘဝဆိုတာ တစ်ခါပဲ ရတာမျိုးလေ၊ သံသရာတွေ အကြောင်းကို ကိုယ်မယုံကြည်ပါဘူး။ ကိုယ်က ပစ္စပ္ပန်တစ်ခုထဲမှာ နေထိုင်ရှင်သန်ခဲ့တာမို့ပါ။ အဲတာကြောင့် သူနဲ့အတူ ရှိနေမယ့် ပစ္စပ္ပန်တိုင်းကို ချစ်တယ်။
သူ မရှိလည်း အသက်ရှိနေတဲ့ ခန္ဓာကိုယ်က ဆက်ရှင်သန်နေပေမဲ့ သူနဲ့အတူ ရှိနေသလို အဓိပ္ပါယ်တော့ ရှိမှာ မဟုတ်ဘူးလေ။
တစ်ခါတစ်လေတော့လည်း ရူးမိုက်မိတာမျိုး ရှိတာပေါ့။ တစ်ခါတလေတော့လည်း ဝမ်းနည်းမိတာမျိုး၊ စိတ်တိုတာမျိုး၊ အောင်မြင်မှုကို ခံစားမိတာမျိုး ၊ ကျရှုံးနေသလိုမျိုး ခံစားချက်ပေါင်းစုံ ရှိနေမှာပါ။ အဲထဲက သူနဲ့အတူ ဖြတ်သန်းရတဲ့ နေ့လေးတွေဆီက ပျော်ရွှင်ရတဲ့ ခံစားချက်လေးကို ပိုနှစ်သက်တယ်။
" မြတ်ကို ရွေးချယ်ပေးတဲ့အတွက် သူမကို ကျေးဇူးတင်တယ် "
∆ THE END ∆
Special period of Babies story
" ဒုန်း " " ခလွမ်း " " အီး ဟီး ဗြဲ "
အိမ်လေး၏ နံနက်ခင်း နှိုးစက်လေးတွေက အချိန်ကျ နှိုးနေပြီ ဖြစ်သည်။
" အချစ်ရေ ကလေးတွေ သွားကြည့်လိုက်ဦး "
" ခဏလေးပဲ ၊ ငါးမိနစ်ပဲ "
" သမီး ငိုနေပြီ ဆိုနေမှ " ဟန်နွေရာသည် ရှင်းလက်ျာကို ကုတင်ပေါ်က ထစေရန် တွန်းချလိုက်သည်။
" ညတုန်းကလည်း တစ်ညလုံး မအိပ်ရသေးပါဘူးဆို "
" အဲတာ ငါ့အပြစ်လား? "
" အထဲက လေဒီတို့ရေ ကလေးတွေကို ကြည့်ကြပါဦး "
မြတ်သည် အိပ်ခန်းတံခါးကို ထုရင်း ပြောလိုက်သည်။
" အေး လာခဲ့ပြီ "
ရှင်းလက်ျာက ကြမ်းပြင်ပေါ် ပွဲကျဲနေသော အဝတ်များကို ကောက်ဝတ်ကာ ထွက်လာသည်။ သူ၏ ကလေးသုံးယောက်က ရပ်ကွက်ထဲက လူတွေအကုန်ကို နှိုးပြီးပြီဆိုတော့ သူလည်း ထရမည်ပေါ့။
" နင့်ကလေးတွေ သောင်းကျန်းနေတာ ငါတို့ အိမ်အထိတောင် ကြားရတယ်၊ နင်တို့ မနှိုးသေးတာ အံ့ဩတယ်၊ ဒီနေ့ အသက်လေးက ကြာဇံချက်လို့ နင်တို့ကို လာခေါ်တာ "
မြတ်က အိမ်ထဲတွင် လျှောက်ပြေးနေသော စွယ်လကျာ်ကို ကောက်ချီရင်း ရှင်းလက်ျာကို ပြောလိုက်သည်။
" အပြင်က နှစ်ယောက် အထဲပြန်ဝင်လာခဲ့စမ်း!"
ရှင်းလက်ျာက မနက်စောစောစီးစီး ခြံထဲမှာ ပတ်ပြေးနေတဲ့ စောလင်္ကာ နဲ့ ဟန်စုရှင်ကို အော်ခေါ်လိုက်သည်။
ဒီအရာလေးတွေက လွန်ခဲ့သော လေးနှစ်ခန့်က သူတို့ ဆွေးနွေးမှု၏ ရလာဒ်လေးတွေ ဖြစ်သည်။ မြတ်နဲ့ ဒေါ်သက်လျာကျော်တို့က ကလေးယူရန် အဆင်မပြေကြသောကြောင့် ဟန်နွေရာနဲ့ ရှင်းလက်ျာက ကလေးယူပြီး မြတ်တို့က ခေါင်းကိုင်မိဘများ ဖြစ်စေရန် သဘောတူခဲ့သည်။ အခုတော့ သူတို့လည်း ခေါင်းကိုက်မိဘများ ဖြစ်နေလေသည်။ ဟန်နွေရာက သုံးမြွှာပူး ကလေးကို မွေးခဲ့ပြီး သား နှစ်ယောက်နဲ့ သမီးတစ်ယောက် မွေးခဲ့သည်။
မြတ်ဒယ်ဒီက ရှင်းလက်ျာကို မြတ်အိမ်၏ ဘေးရှိ ဗီလာတစ်လုံးကို လက်ဆောင်ပေးခဲ့တာကြောင့် သူတို့က ကလေးတွေကို ပြုစုဖို့ ပိုပြိး လွယ်ကူခဲ့သည်။
" ဒယ်ဒယ်ရှင်း၊ စောလင်္ကာ မေမေသက်ဆီ ပြေးသွားပြီ "
ဟန်စုရှင်က ရှင်းလက်ျာကို တိုင်ပြောလေသည်။
"ဂါးးး ဒီမျောက်ကလေးတွေကတော့လေ မျက်နှာသစ်ရဦးမယ်၊ ပြန်လာခဲ့ " ရှင်းလက်ျာက ကလေးတွေကို ပြန်ခေါ်ဖို့ အောက်ထပ်ဆင်းသွားသည်။
" ဒယ်ဒယ်မြတ် ၊ သမီး မျက်နှာသစ်ချင်တယ် "
ဟန်စုရှင်က မြတ်၏ ခြေထောက်ကို ဆွဲရင်း ပြောသည်။
"ကောင်းပြီ ၊ ပြီးရင် မေမေသက်ဆီ သွားပြီး မနက်စာ စားကြမယ်။ "
" မေမေဟန်က အိပ်နေတုန်းပဲ "
ဟန်စုရှင်က သူ့အမေအခန်းကို ကြည့်ရင်း ပြောလိုက်သည်။
" ဟန်နွေရာ ကလေးတွေ နိုးနေပြီ ထတော့ ၊ နင့်သားတွေ ငါ့အိမ်တောင် ရောက်နေပြီ "
မြတ်က ကုတင်ကို ကန်ရင်း ဟန်နွေရာကို နှိုးလိုက်သည်။
ပြီးနောက် ဟန်စုရှင်လေးကို မျက်နှာသစ်၊ အဝတ်အစားလဲပေးပြီးနောက် အိမ်ကို ခေါ်လာခဲ့သည်။
ရှင်းလက်ျာကတော့ သူရဲ့ သား ၂ ယောက်ကို လိုက်ဖမ်းနေရဆဲ ဖြစ်သည်။ကလေးတွေက သူတို့မေမေဟန်အတိုင်းပဲ စပ်စလူး တွေ ဖြစ်ကြတာကြောင့် မနက်ခင်းတိုင်း စည်ကားနေတတ်သည်။
" သမီးလေး လာ၊ မေမေသက်နဲ့ မနက်စာ စားမယ် "
ဒေါ်သက်လျာကျော်က မြတ် ခေါ်လာသော ဟန်စုရှင်ကို ချီလိုက်ရင်း ပြောသည်။
" အသက် မြတ်လည်း သမီးနဲ့အတူ စားတော့မယ် ".
"Kiss " မြတ်က သူ၏ အသက်လေးကို နမ်းပြီးနောက် ဟန်စုရှင်နဲ့အတူ စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"တီး တောင် "
" အသက် ဧည့်သည်လာတယ်ထင်တယ်။ မြတ် သွားဖွင့်လိုက်မယ် "
မြတ်က စားလက်စကို ရပ်ကာ တံခါးသွားဖွင့်လိုက်သည်။ ဒေါ်သက်လျာကျော်က သမီးလေးကို မနက်စာ ဆက်ကျွေးနေလိုက်သည်။
" ဒယ်ဒီတို့ပါလား ၊ သန့်ဇင်မောင်ရော ပါတယ် "
"အင်း၊ မြေးလေးတွေကို တွေ့ချင်လို့ "
ဦးမြတ်မင်းဦးက သီအိုဒေါနဲ့အတူ မြေးလေးတွေကို လာတွေ့သည်။ ရှင်းလက်ျာအဖေက ဦးမြတ်မင်းဦးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာကြောင့် ရှင်းလက်ျာက သူ့သမီးလိုပင် မှတ်ယူနိုင်သည်။ သမီးက ကလေးမရတော့လည်း ရှင်းလက်ျာရဲ့ ကလေးတွေက သူ့မြေးတွေပဲပေါ့။
"ဦးငယ် " စွယ်လကျာ်က သန့်ဇင်မောင်ကို မြင်သောအခါ အပြေးနှုတ်ဆက်သည်။
" ငါ့တူလေးတွေက ဦးငယ်က လာတွေ့တာ "
သန့်ဇင်မောင်က စွယ်လကျာ်ကို ကောက်ချီရင်း ပြောလိုက်သည်။
" အားလုံးအထဲကို ဝင်လာကြလေ၊ မနက်စာ လာစားကြ "
မြတ်က သူ့ဒယ်ဒီတို့နဲ့ သန့်ဇင်မောင်ကို ခေါ်ကာ တံခါးပိတ်လျက် လိုက်လာသည်။
" ဖိုးဖိုးတို့ လာတယ် "
ကလေးသုံးယောက်က အဖိုးတွေကို တွေ့တဲ့အခါ ပျော်ရွှင်စွာ ပြေးသွားသည်။
အလုပ်သွားရန် ပြင်ဆင်ထားသော ရှင်းလက်ျာက မြတ်တို့နဲ့အတူ မနက်စာ ထိုင်စားနေသည်။ တအောင့်ကြာသောအခါတွင် ဟန်နွေရာက ချော့ကလက်ဘူးကို သောက်လျက် ဝင်လာသည်။
"မောနင်း တီချယ် ၊ အာ အဖိုးတို့ ရောက်နေတာကိုး "
" မောနင်း ဟန်နွေရာ၊" ဒေါ်သက်လျာကျော်က ဟန်နွေရာအတွက် မနက်စာကို ချပေးပြီးနောက် သူသည်လည်း မြတ်ဘေးတွင် ဝင်ထိုင်လိုက်သည်။
" ဖိုးဖိုး သိလား? မေမေဟန်ကလေ သားတို့ကို ဝက်မိသားစုတဲ့ "
"ဖူးးး " စောလင်္ကာ ပြောလိုက်တဲ့ စကားကြောင့် ဟန်နွေရာ စားလက်စပင် သီးသွားသည်။
"ဟေ ဟုတ်လား?" ဦးမြတ်မင်းဦးက စိတ်ဝင်စားစွာ မေးလိုက်သည်။
" ဟုတ်တယ် ဖိုးဖိုး ၊ မေမေဟန်က ညက အဲလိုပြောနေတာ၊ ဒယ်ဒယ်ရှင်းနဲ့အတူ အပြစ်ပေးခံနေရတုန်းက "
စွယ်လက်ျာကပါ သူ့အစ်ကိုဖက်က ထောက်ခံပြောလာသည်။
~ ငါ့ကိုတော့ ချမ်းသာပေးကြပါ ~ရှင်းလက်ျာက စိတ်ထဲကနေ ဆုတောင်းလိုက်သည်။
ကလေးတွေ စကားကြောင့် အားလုံးက ပြုံးစိစိဖြစ်နေကြသည်။
" ဖိုးဖိုးကို သားပြောပြမယ်။ညတုန်းက သမီးက နို့ဆီဘူးတွေကို ကွတ်ကီးတွေနဲ့ နယ်ပစ်ပြီးတော့ ဆော့နေတာ၊ ဒယ်ဒယ်ရှင်းက ဒီတိုင်းကြည့်နေလို့ မေမေဟန်က လေးယောက်လုံး နံရံကို မျက်နှာမူပြီး သုံးနာရီလောက် ရပ်ပြီး အပြစ်ပေးခံရတာ "
အဖိုးသီအိုဒေါ၏ ပေါင်ပေါ်တွင် ထိုင်နေသော ဟန်စုရှင်က ပြောပြသည်။
ရှင်းလက်ျာက မျက်နှာကြီး မည်းမှောင်ကာ မနက်စာကိုသာ ငုံ့စားနေတော့သည်။
" အိုက်ယိုး ၊ ကျွတ် ကျွတ် မ.ယ.က ဂိုဏ်းချုပ်ပဲ "
မြတ်က ရှင်းလက်ျာကို လှမ်းစသည်။
ရှင်းလက်ျာက ခုံအောက်ကနေ မြတ်ကို လှမ်းကန်ပစ်လိုက်သည်။ မြတ်ကလည်း ပြန်ကန်ပစ်လိုက်သည်။
" မြတ် မနက်စာကောင်းကောင်းစားမယ် "
ဒေါ်သက်လျာကျော်က တားလိုက်သည်။
"ဟုတ် အသက် "
" နင်က ဒုဂိုဏ်းချုပ် " ရှင်းလက်ျာက မြတ်ကို အနိုင်ပိုင်းကာ ပြောလိုက်သည်
တစ်ဖက်က စောလင်္ကာက ဇာတ်လမ်းက ဆက်ပြောသည်။
"မေမေဟန်က ပြောတယ်။သာမန်လူဆို ကလေးတစ်ယောက်ပဲ မွေးတာတဲ့၊ သူတို့ကျတော့ သုံးယောက်ဆိုတော့ ဝက်တွေတဲ့၊ ဒယ်ဒယ်ရှင်းက ဝက်ဖေဖေဖြစ်ပြီး သူ့တို့က ဝက်ကလေးတွေနဲ့၊ နို့ဆီနဲ့ ကွတ်ကီးစားတာကလည်း ဝက်တွေပဲစားတာတဲ့ "
အိုဗန်ကွတ်ကီးကို စားနေသော သန့်ဇင်မောင်က မုန့်ကို အသာပြန်ချလိုက်၏။
" သားတို့က ဆော့ရင်လည်း ရှုပ်ပွနေအောင် ဆော့လို့ အိမ်က ဝက်ခြံဖြစ်နေပြီတဲ့၊ "စောလင်္ကာက သူ့အမေပြောသမျှကို အကုန်ပြန်ကာ ပြောပြနေလေသည်။
"သားတို့က ဝက်ဆိုတော့ ဖိုးဖိုးလည်း ဝက်ဖိုးဖိုးပဲ၊ ဦးဦးလည်း ဝက်ဦးဦးပဲပေါ့နော် "စွယ်လက်ျာစကားကြောင့် အဖိုးက ဘာပြောရမလဲ မသိတော့ချေ ။
" အဟမ်း ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးရှိတယ်၊ ရှင်းလက်ျာ အလုပ်သွားစို့ "
မြတ်က သူ့အား ဝက်လို့ မပြောခင် အိမ်ထဲက ထွက်ရန် ပြင်လိုက်သည်။
"ဒယ်ဒယ်မြတ်လည်း ဝက်ပဲ "
"ဖွီး ဟား ဟား"
အားလုံးက အတူတကွ ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။ အိမ်လေးကတော့ မိသားစုအစုံအလင် ကလေးရယ်သံများနဲ့ သာယာစိုပြေနေပြန်သည်။
တီး တောင်
"ဘယ်သူထပ်လာတာလဲ မသိဘူး ၊ နေ နေ ငါ သွားဖွင့်လိုက်မယ်" သန့်ဇင်မောင်က တံခါးသွားဖွင့်လိုက်သည်။
နီညိုရောင် ဆံပင်တွန့်လှိုင်းများကို အလယ်ခွဲထားကာ မျက်မှန်အဝိုင်းလေး တပ်ထားသောကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ အနက်ရောင် အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ကောင်လေးက သူ့အား မဝံ့မရဲ ကြည့်နေသည်။သန့်ဇင်မောင်သည် ထိုကောင်လေး၏ ဝန်ထမ်းကတ်ကို ကြည့်လိုက်သည်။
ခွန်းရှင်းလင်းရှိန် ၊ ၂၂ နှစ် ၊ အငယ်တန်း မန်နေဂျာလက်ထောက် ၊ အဖွဲ့ (၄)။
"ဟို ဟိုလေ ဒါက CEO မြတ် အိမ် ဟုတ်တယ်မလားဟင်? ဥက္ကဌကြီးက ဒီဖိုင်တွေ လာပို့ခိုင်းလို့ပါ "
" အင်း အထဲဝင်ခဲ့ "
ဖိုင်အိတ်လေးကို ကိုင်ကာ သူ့နောက်လိုက်လာသော ကောင်လေးကြောင့် သန့်ဇင်မောင် ပြုံးလိုက်သည်။
"အင်း၊ ငါလည်း ဝက်လေးတစ်ကောင် ရတော့မှာပဲ "
Special period of Babies story is ended..........
You are the cause of my euphoria လေးကတော့ ပြီးသွားပါပြီ၊ ဖတ်ပေးတဲ့ သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ ဇာတ်ကောင်တွေအတွက် ပျော်စရာအဆုံးသတ်လေးတွေ ဖန်တီးပေးဖြစ်တယ်။ လက်တွေ့ဘဝကတော့ ဒီ fictionထဲကလိုတော့ မဟုတ်ပါဘူး။ လက်တွေ့ဘ၀က ဒေါ်သက်လျာကျော်ကတော့ ချစ်သူဦးလေးကြီးရှိပြီး မြတ်ကလည်း အဝေးကပဲ ငေးကြည့်နေခဲ့တာပါ။ လက်တွေ့ဘဝက ရှင်းလက်ျာကတော့ ဟန်နွေရာကို အထက်တန်းမှာ ကြိုက်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ ခံစားချက်တွေ မရှိတော့ပါဘူးတဲ့။ ဟန်နွေရာလေးကတော့ သူအလယ်တန်းတုန်းက crush ကောင်လေးနဲ့ တွဲပြီး ကောင်လေးက ဂေးနေလို့ ၂ ရက်အကြာမှာ ပြတ်သွားပါတယ်။ အခုတော့ ဟန်နွေရာက ရှင်းလက်ျာကို သဘောကျတယ်ပြောခဲ့ပေမဲ့ ရှင်းလက်ျာဆီက ပြန်မကြိုက်လည်း အဆင်ပြေနေပါပြီတဲ့။လက်တွေ့ဘဝက ဟန်စစ်သွေးကတော့ ဂေးပါ။ ဒါပေမဲ့ သူလည်း တွဲတိုင်း ပြတ်နေတာကြောင့် အခုတော့ အလုပ်ပဲ လုပ်ပါတော့မယ်။ လက်တွေ့ဘဝက သန့်ဇင်မောင်က အခုတော့ ကလေးတစ်ယောက်အဖေဖြစ်နေပါပြီ။လက်တွေ့ဘဝက ခါးတယ် ပျိုတို့ရယ်။ ကဲ ပုံပြင်လေးက ဒါပါပဲ။
မင်္ဂလာဆောင်ပုံလေးတွေ သဘောကျလိုက်တာနော်။ ဟင်းး ငါ့မလည်းနော် အတန်းဖော်တွေက အိမ်ထောင်တွေကျ ကလေးတွေ မွေးနေတဲ့အချိန်မှာ ကျွန်မလေးက လိမ္မော်ရောင် app လေးထဲ စာရေးရင်း ရောင်စုံခြယ်ပန်းခင်းကြီးထဲ လွင့်မျောနေရတယ်။ ၂၀၂၂ နှစ်လယ်လောက်မှ BL နဲ့ GL ပါတဲ့ supernatural fiction တစ်ခုရေးရှိတယ်။ မှတ်မိသေးရင် လာဖတ်လှည့်ပါ။
You are reading the story above: TeenFic.Net