Unicode
စက်တင်ဘာလလယ်။
မန္တလေးမြို့။
ဆောင်းဝင်ခါစဆိုသော်ငြား နေ့လယ်ခင်းမို့ နေရောင်က ပြင်းလှသည်။ သို့သော် အခန်းတွင်းကတော့ အဲကွန်းမှ လေအေးအေးတို့ကြောင့် မပူဘဲ အေးစိမ့်စိမ့်လေးနှင့် နေလို့ထိုင်လို့သာနေလေ၏။
လင်းသစ်သည် အခန်းတွင်းရှိ စားပွဲတစ်ခုရှေ့၌ ထိုင်ရင်း ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ စာရိုက်လိုက်၊ မောက်စ်နှင့် ဖိုင်လ်များကို ရွှေ့လိုက်၊ ပုံပြင်လိုက်နှင့် အလုပ်များနေ၏။ သူ့နည်းတူ အခန်းတွင်းရှိ လူများမှာလည်း အငြိမ်မနေနိုင်ကြပါ။ ကွန်ပျူတာနှင့် လုပ်သူကလုပ်၊ စာရွက်စာတမ်းများ ကြည့်သူကကြည့်၊ ကူညီသူက ကူညီနှင့် အားလုံးမအားလပ်ကြချေ။
နာရီဝက်နီးပါးကြာချိန်တွင်တော့ အကုန်လုံးလိုလို အလုပ်ကို လက်စသတ်နိုင်လိုက်ကြပြီဖြစ်သည်။ လင်းသစ်သည်လည်း စီနီယာမဆုပြောသည့်အတိုင်း ပုံကိုပြင်ပြီးနောက် ပြီးစီးသွားချေပြီ။
"ကဲ၊ အားလုံးပဲ ပင်ပန်းသွားပါပြီ။ ပါဝင်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ရက်တွေမှာတော့ ပရောဂျက်တွေမရှိတော့မှာမို့ Examကို အာရုံစိုက်လို့ရပါပြီ။ Examဖြေမယ့် အငယ်လေးတွေအားလုံး Good Luckပါ"
စီနီယာဖြစ်သူ မဆုက တက်ကြွစွာဖြင့် အားလုံးကို ထိုသို့ပြော၍ အားပေးရှာသည်။ လင်းသစ်ကတော့ ပြီးပြီဖြစ်သဖြင့် စာရွက်များ၊ စာအုပ်များကို အိတ်ထဲပြန်ထည့်ရင်း ခေါင်းညိတ်ပြမိ၏။ ကျန်သူများကလည်း အသီးသီး ရှင်းလင်းသိမ်းဆည်းရင်း ပြန်ဖြေသူကဖြေ၊ ခေါင်းညိတ်ပြသူက ပြနှင့်။ အကုန်လုံးလိုလိုကတော့ နွမ်းလျနေကြသည်။
လင်းသစ်တို့အားလုံးသည် သင်တန်းမှပေးသည့် အိမ်စာပရောဂျက်ကို ပြင်ဆင်နေကြခြင်းပင်ဖြစ်သည်။ လင်းသစ်တို့ဂျူနီယာတစ်စုသည် အခြားဂျူနီယာများနှင့်အတူ သည်နှစ်ကုန်တွင် အင်္ဂလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည်မို့ သင်တန်းကဆရာက သည်တစ်ခုပြီးလျှင် ပရောဂျက်အိမ်စာကို နားပေးမည်ဟု ပြောထားသည်။ သေချာပေါက် အာရုံစိုက်ရမည်မို့ ကျောင်းရှိဆရာဆရာမများ၊ စီနီယာအစ်ကိုအစ်မများကလည်း အပိုအတန်းချိန်များကို လျှော့ပေးကြသည်။ လေ့ကျင့်ချိန်၊ သင်ယူချိန် များများပေးကြသည်။
လင်းသစ်တို့အုပ်စုတွင်တော့ စာမေးပွဲဖြေမည့် ဂျူနီယာ၅ဦးပါသည်။ မင်းမြတ်ဇော်၊ လင်းသစ်၊ အိုက်ခွန်၊ သွေးနဒီနှင့် ဆုရည်ငြိမ်းတို့ဖြစ်သည်။ မင်းမြတ်ဇော်နှင့် လင်းသစ်တို့နှစ်ယောက်ကတော့ ကျန်သုံးယောက်ထက် အသက်ပိုကြီးသည်။
"ပင်ပန်းလိုက်တာ မဆုရာ။ စာမေးပွဲကလည်း ရှိသေးတယ်"
သူတို့အုပ်စုတွင် အငယ်ဆုံးဖြစ်သူ ဆုရည်ငြိမ်း၏ ညည်းသံဖြစ်သည်။ မဆုကတော့ ပြန်၍ အားပေးရှာပါသည်။ လင်းသစ်သည် အနောက်ခုံသို့ မှီလိုက်ပြီး စတင်စပြုနေသည့် စကားဝိုင်းကို နားစွင့်နေလိုက်၏။
"Bandဘယ်လောက်ထိမှန်းထားကြလဲဟင်"
လူရှစ်ယောက်ရှိသည့်အနက် စာမေးပွဲဖြေကြမည့် ငါးယောက်ကို ရည်ရွယ်၍ ဆုရည်ငြိမ်းက မေးသည်။
"အများကြီးတော့ မှန်းမထားပါဘူး။ ထိုင်းလောက်သွားလို့ရမယ့် အမှတ်လောက်ဆိုလည်း မဆိုးပါဘူး"
မင်းမြတ်ဇော်က စားပွဲခုံပေါ်သို့ လက်တင်ပြီး မေးထောက်လျက် ဆိုသည်။ ထိုအခါ စီနီယာကိုတိုးက သဘောမကျဟန်ဖြင့်
"ဒီလောက်နဲ့များကွာ... ဖြေမနေဘဲနဲ့ ဒီမှာပဲတက်ပေါ့"
"ဒီမှာက ဘာမှမှလုပ်လို့မရဘဲ ကိုတိုးရ။ ဒီကပညာရေးက သိတဲ့အတိုင်း..."
"အဲ့လိုနဲ့ပဲ ဒီနိုင်ငံကိုပစ်ပြီး မင်းက ထွက်တော့မယ်ပေါ့လေ၊ ဟုတ်လား မင်းမြတ်"
မဆုက ခပ်တည်တည်နှင့် ကြည့်၍ မင်းမြတ်ဇော်ကို မေးသည့်အခါ မင်းမြတ်ဇော်သည် မေးထောက်နေရာမှ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ခေါင်းငုံ့လိုက်၏။ ကျန်သူများကလည်း တိတ်ဆိတ်လျက် မဆုထံမှ စကားသံကိုသာ နားစွင့်နေကြသည်။ မဆုကတော့ လင်းသစ်အပါအဝင် ဂျူနီယာငါးယောက်ကို ခြုံငုံကြည့်လျက်
"မင်းတို့ အခုလို နိုင်ငံတကာစာမေးပွဲတွေမှာ ဖြေဖို့၊ နိုင်ငံခြားမှာ ပညာသင်နိုင်ဖို့အတွက် ဘုန်းဘုန်းကြီးနဲ့ တီချယ်တွေ ကူညီပေးနေတာဟာ ကိုယ်နိုင်ငံကို သူများနိုင်ငံနဲ့ ယှဥ်ကြည့်ပြီး ရှုံ့ချဖို့၊ အထင်သေးဖို့မဟုတ်ဘူးနော်။ အဲဒီနိုင်ငံတွေမှာ သင်ယူလာခဲ့တဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေနဲ့ ကိုယ့်နိုင်ငံကို တိုးတက်အောင် အကျိုးပြုပေးဖို့၊ အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကွ၊ သိရဲ့လား။ ဘုန်းဘုန်းကြီးက အခုလို ပရိုဂရမ်တွေကို ချိတ်ဆက်ပြီး မင်းတို့အတွက် လမ်းဖောက်ပေးနေတာဟာ မင်းတို့လူငယ်တွေရဲ့ အနာဂတ်တောက်ပဖို့နဲ့ နိုင်ငံကို ပြန်ပြီးအကျိုးပြုနိုင်ဖို့ပဲ။ မင်းတို့ကရော ကိုယ့်နိုင်ငံရဲ့ အနာဂတ်တောက်ပလာစေဖို့ မကြိုးစားချင်ကြဘူးလား။ အစ်မတို့နိုင်ငံရဲ့ အနာဂတ်က မင်းတို့လိုလူငယ်တွေရဲ့ လက်ထဲမှာရှိနေတာကို၊ မင်းတို့ကမှ လှည့်မကြည့်ရင် ဘယ်လိုလုပ်မလဲ၊ ဟမ်"
မဆု၏ အသံက ခပ်မာမာ။ သို့သော် ဝမ်းနည်းထိခိုက်နေဟန်တို့ လွှမ်းမိုးနေသည်။ လင်းသစ်တို့အားလုံး ခေါင်းငုံ့ထားမိသည်။ စီနီယာတစ်ဦးဖြစ်သူ မထက်မှ မဆုကို နှစ်သိမ့်နေသည့် အသံတိုးတိုးကို ကြားနေရသည်။ အခန်းတွင်းထဲက ခေတ္တမျှတော့ တိတ်ဆိတ်သွား၏။ ထိုတိတ်ဆိတ်မှုကို ပြန်လည်ဖြိုခွင်းလိုက်သူကား မင်းမြတ်ဇော်ပင်ဖြစ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ မဆု။ ကိုယ့်နိုင်ငံကိုယ် စော်ကားလိုက်တာတော့ မဟုတ်ပေမဲ့... ဒီလိုသဘောသက်ရောက်သွားတဲ့အတွက်လည်း ကျွန်တော် အားနာပါတယ်။ တစ်ကိုယ်ကောင်းဆန်မိသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်"
မင်းမြတ်ဇော်က မတ်တပ်ရပ်ပြီး ထိုစကားကို မဆုအား ရို့ကျိုးစွာကြည့်၍ ပြောသည်။ ထိုအခါ မဆုက သက်ပြင်းကို အသာချ၍ ခေါင်းကိုအသာညိတ်ပြသည်။ ခွင့်လွှတ်နားလည်ပါသည်ဆိုသည့်သဘော။ လေထုက ခုနကလောက် အနေရမခက်တော့သော်ငြား မည်သူမျှ စကားမစကြသေး။ မဆုသည် သက်ပြင်းကို နောက်တစ်ခါ ပြန်ချရင်း
"ဆူသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ကွာ။ ပြောချင်တာ နည်းနည်း စိတ်လောသွားလို့။ ပြီးတော့ စိတ်မကောင်းဖြစ်သွားလို့"
မထက်က မဆု၏ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလာသည်။ လင်းသစ်တို့ အငယ်တစ်စုသည် ဆိတ်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်လိုက်ကြမိ၏။ မဆုကို လင်းသစ် စိတ်မဆိုးပါ။ သူ့နည်းတူ အခြားသူများသည်လည်း စိတ်ဆိုးမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မဟုတ်မခံစိတ်ရှိပြီး ခပ်မြန်မြန် တုံ့ပြန်တတ်သော မဆု၏ စရိုက်ကို သူတို့အားလုံး ရင်းနှီးနေပြီဖြစ်သည်။ မဆုသည် စိတ်ဆတ်သော်ငြား အလွန်သဘောကောင်းကြောင်းကိုလည်း သိနေသောကြောင့်ပင်။ ထို့ပြင် မဆုပြောသည့် စကားများကလည်း မမှားပါချေ။
လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ အထူးသဖြင့် သူတို့လိုကျောင်းသားများသည် ပို၍အရေးပါသည်။ ကျောင်းသားလူငယ်များကို အရေးပေးသော တိုင်းပြည်သည် မုချတိုးတက်နိုင်မည်ဟု လင်းသစ် ယုံကြည်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည့် အမှန်တရားတစ်ခုမှာ သည်နိုင်ငံတွင် လူငယ်များကို အလေးမပေးကြပါ။ မြေတောင်မြှောက်ပေးရမည့်အစား အညွန့်ချိုးချင်ကြသည်။ ထို့ကြောင့်လည်း နိုင်ငံသည် ထိုက်သင့်သလောက် မတိုးတက်ဟု ထင်မြင်မိ၏။ ထိုကြားထဲမှ ကိုယ့်ဒူးကိုယ်ချွန်ရင်း ထွန်းပေါက်သွားကြသည့် လူငယ်များလည်းရှိပါသည်။ သို့ရာတွင် အများစုမှာ မိမိတို့အား ကြိုးစားခွင့်မပေးသည့် မြေကို စွန့်ခွာ၍ တိုင်းတစ်ပါးတွင်သာ အခြေချလေ့ရှိကြသည်။ အမှန်တိုင်းဆိုရလျှင် ထိုကိစ္စသည် လွန်စွာမှ ဝမ်းနည်းဖွယ်ကောင်းလှသည်။ တိုင်းပြည်အတွက်လည်း ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်သည်။
လင်းသစ်ကတော့ ထိုအများစုထဲမှတစ်ယောက် မဖြစ်လိုပါ။ မဆုပြောသလို မိမိသင်ယူနိုင်ခဲ့သည့် ပညာကို မိမိနိုင်ငံမှာပင် ပြန်လည်အသုံးချ၍ တိုင်းပြည်ကို အကျိုးပြုလိုသည်။ ကြိုးစားနေသည့် လူငယ်များ၏ ပညာရေးဝမ်းစာကို တက်အားသမျှ ဖြည့်စွမ်းပေးမည့် ဆရာတစ်ဦးအဖြစ် တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်လိုပါသည်။
"ကဲပါ၊ ငြိမ်မနေကြပါနဲ့။ ဆုက မင်းတို့ကို ချစ်လို့၊ ခင်လို့ ဆုံးမတဲ့သဘောနဲ့ပြောတာပါ၊ သိတယ်မလား"
ကိုတိုး၏ စကားကို လင်းသစ်အပါအဝင် ဂျူနီယာငါးယောက်စလုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်တုံ့ပြန်လိုက်ကြသည့်အခါ မဆုက ကျေနပ်စွာ အသာပြုံးသည်။
"ဒီနေ့ပရောဂျက်ပြီးတဲ့အနေနဲ့ အားလုံးကို နေ့လယ်စာလိုက်ကျွေးမယ်။ လိုက်မယ်မလား"
"ဟင်... တကယ်လား။ လိုက်မှာ၊ လိုက်မှာ"
"လိုက်မှာပေါ့"
"အဝစားမှာနော် ကိုတိုး"
ကိုတိုး၏ စကားကြောင့် အခန်းတွင်း ပြန်လည်ဆူညံသွားသည်။ ထိုအခါမှ စီနီယာသုံးယောက်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းကို မသိမသာချ၍ ပြုံးလိုက်ကြသည်။
"ဘယ်တော့သွားမှာလဲ"
"အခုအားပြီမလား၊ ခုသွားမယ်လေ"
"မစောသေးဘူးလား၊ ဗိုက်တောင်မဆာသေးဘူး"
သွေးနဒီက အခန်းနံရံရှိ တိုင်ကပ်နာရီအား လှမ်းကြည့်ရင်း ကိုတိုးကို ပြောသည်။ အချိန်ကား ဆယ့်တစ်နာရီခွဲ။ နေ့လယ်စာ စားရန်အတွက်တော့ အနည်းငယ်စောနေသေးသည်။
"လင်းသစ်က ဒီနေ့ ၁၂မခွဲခင် ပြန်ရမှာမလား။ ဒါကြောင့် စောစောသွားရင် ပိုကောင်းမယ်နော်"
မထက်က လင်းသစ်အား တစ်ချက်လှမ်းကြည့်ရင်း အကြံပေးသည်။ ဟုတ်ပါသည်။ သည်နေ့ နေ့လယ်ဆယ့်နှစ်နာရီခွဲကျလျှင် လင်းသစ် သင်ရမည့် အင်္ဂလိပ်စာအတန်းရှိသေးသည်။ ပုံမှန်ကတော့ နေ့လယ်တစ်နာရီမှစသော်ငြား အတန်းသားတစ်ဦးက သည်နေ့ မအားသဖြင့် အချိန်ကို နာရီဝက်ရှေ့ရွှေ့လိုက်ရခြင်းဖြစ်သည်။ လင်းသစ်သည် အသာပြုံးပြလျက်
"စောတယ်ဆိုရင်လည်း မသွားပါနဲ့ဦး။ ကျွန်တော်ပဲ စောစောပြန်နှင့်လိုက်မယ်လေ"
"အာ... ကိုလင်းကလည်း မဟုတ်တာ။ နဒီမသိလို့ ပြောမိတာပါ။ လာ၊ လာ။ ခုသွားကြမယ်လေ"
သို့နှင့် လင်းသစ်တို့ အုပ်စု ကျောင်းကန်တင်းသို့ ရောက်လာကြသည်။ ကျောင်းပိတ်ရက်ဆိုသော်ငြား အင်္ဂလိပ်စာ လာတက်သူများ၊ ဓမ္မစကူးလာတက်သူများကြောင့် ကျောင်းဝင်းကျယ်ကြီးက လူစည်နေ၏။ ဤကျောင်းတွင် ကျောင်းတက်သည့် ကျောင်းသူကျောင်းသားများသာမက ကိုရင်များ၊ သီလရှင်များလည်းရှိသည်။ ကျောင်းတည်ထောင်သူ ဘုန်းဘုန်းကြီးသည် မိဘမဲ့ကလေးများကိုလည်း ခေါ်ယူ၍ စောင့်ရှောက်ကျွေးမွေးကာ သည်ကျောင်တွင်ပင် ပညာသင်ခွင့်ပေးထားသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းဆိုသော်ငြား ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းဆောင်များ၊ စာသင်ဆောင်များအပြင် အဆောင်နေသူများအတွက် အိပ်ဆောင်များ၊ အခန်းများလည်း ရှိပြီး အမြဲလိုလိုလည်း စည်ကားနေတတ်သည်။
ကျောင်းကန်တင်းသည် အမိုးပါပြီး ကျောက်ပြားများ ပတ်လည်ကာထားသည့် အဆောက်အဦးတစ်ခုသာ ဖြစ်ပါသည်။ အတော်အသင့်ကျယ်ဝန်းသော ထိုအဆောက်အဦးအတွင်း ဆိုင်ပေါင်းလေးငါးဆိုင်မျှရှိသည်။ ဆိုင်ရှေ့မျက်နှာစာတွင်လည်း မြန်မာမုန့်ရောင်းသည့် ဗန်းရွက်သည်အချို့ရှိနေ၏။
လင်းသစ်တို့သည် ဆိုင်အတွင်းရှိ ထောင့်ကျသော စားပွဲတစ်ခုတွင် ဝိုင်းထိုင်လိုက်ကြသည်။ မဆံ့သဖြင့် စားပွဲခုံနှစ်ခုံ ဆက်လိုက်ရသေး၏။ ကိုတိုးက ဒကာခံမည်ဆိုသဖြင့် ဝိုင်းဝန်းမှာစားကြရင်း စကြ၊ နောက်ကြနှင့် ဆူဆူညံညံတော့ရှိလှသည်။ သူတို့အုပ်စုနည်းတူ လူသုံးလေးယောက်ရှိသည့် အခြားဝိုင်းများကလည်း ဆူညံနေသည်။ မထက်ကတော့ အသံလျှော့ပြောရန် ခဏခဏ တားရှာပါသည်။
"ဒါနဲ့ ကိုလင်းက Speaking classကို ဆက်သင်ဦးမှာလား"
သွေးနဒီက လင်းသစ် နေ့လယ်ခင်းတွင် သင်နေသည့် အင်္ဂလိပ်စာအတန်းကို ရည်ရွယ်၍ မေးသည်။
"အင်း၊ နဒီ။ ဆက်သင်ဖြစ်မှာ"
"မပင်ပန်းဘူးလား ကိုလင်းရာ။ ညဆိုရင်လည်း ညဂိုက်က ရှိသေးတယ်။ IELTSလည်း ဖြေရဦးမှာကို"
လင်းသစ် အသာပြုံးပြလိုက်သည်။ လင်းသစ်၊ မင်းမြတ်ဇော်၊ အိုက်ခွန်နှင့် သွေးနဒီတို့လေးယောက်သည် သူတို့၏ ဆရာတစ်ဦးပြနေသည့် အင်္ဂလိပ်စာအတန်းတွင် နေ့လယ်ခင်းပိုင်း၌ သင်ပြပေးနေကြသည်။ သို့သော် သွေးနဒီက စာမေးပွဲအတွက် အာရုံမစိုက်နိုင်မည်စိုးသဖြင့် ယခင်လကတင် နားလိုက်၏။ မင်းမြတ်ဇော်ကလည်း အောက်တိုဘာကုန်လျှင် နားမည်ဟု ပြောထားသည်။ အိုက်ခွန်ကတော့ မသိသေး။ လင်းသစ်ကတော့ နားဖို့အစီအစဥ်မရှိသေးပါ။ နောက်များတွင် အလုပ်က ပိုရှုပ်မည်ဖြစ်သဖြင့် ခုချိန်တွင် အားလပ်သမျှ သင်ပေးချင်သေးသည်။ နောက်ပြီး ယခုက ငွေစုနေချိန်လည်းဖြစ်သောကြောင့် မနားခြင်းပင်။
"နဒီ၊ ပြောမနေနဲ့ ဒီကောင်က အလုပ်ဂျပိုး"
မင်းမြတ်ဇော်က စားရင်းသောက်ရင်း ပလုတ်ပလောင်းနှင့် ဝင်ပြောလေသည်။ ဆုရည်ငြိမ်းကလည်း
"ကိုလင်းက အရမ်းကြိုးစားတာပဲနော်။ ပိုက်ဆံဆိုလည်း အပိုမသုံးဘဲကို ခြစ်ကုပ်စုနေတာ။ ဘာလဲ၊ မိန်းမယူမလို့ ပိုက်ဆံစုနေတာလား"
လင်းသစ်သည် ရေနွေးအား အသာမော့သောက်ရင်း ဆုရည်ငြိမ်း၏ စကားကို နားထောင်နေရမှ စကားဆုံးလေသောအခါ ရေနွေးသီးသွားရသည်။ သူ တဟွတ်ဟွတ်နှင့် ချောင်းဆိုးတော့ နဒီက တစ်ရှူးယူ၍ ပေးရှာ၏။ အကုန်လုံးကတော့ လင်းသစ်၏ ဖြစ်စဥ်ကိုကြည့်ပြီး တဟားဟား ရယ်ကြလေသည်။ ထိုအခါ လင်းသစ်သည် ချော်လဲရောထိုင်၍ အရှက်ပြေ လိုက်ရယ်နေမိတော့သည်။
"မိငြိမ်း နင် ပေါက်တက်ကရတွေ လျှောက်ပြောမနေနဲ့။ ကိုလင်း စိတ်ဆိုးနေမယ်
သွေးနဒီက တရားခံဖြစ်သော ဆုရည်ငြိမ်းကို မျက်စောင်းထိုး၍ မဲ၏။
"ဘယ်က စိတ်ဆိုးရမှာလဲ။ ကိုလင်းကိုလည်း ကြည့်လိုက်ဦး။ ဟုတ်လွန်းလို့ ရေနွေးတောင် သီးသွားတာကို"
ဆုရည်ငြိမ်း၏ အပြောကို မင်းမြတ်ဇော်နှင့် တစ်လျှောက်လုံး ငြိမ်နေခဲ့သော အိုက်ခွန်တို့ကပါ ထောက်ခံလာကြသည်။ စီနီယာသုံးဦးကလည်း ပြုံးတုံ့တုံ့။ လင်းသစ်သည် အနေရခက်စွာဖြင့် ဆံပင်များကို ထိုးဖွနေမိသည်။ သွေးနဒီက မျက်မှောင်ကြီးကြုံ့လျက်။
"ဒါနဲ့လေ လင်းသစ်၊ မင်း အဲ့လက်ပတ်ကို အမြဲတမ်းဝတ်ထားတယ်နော်။ စတွေ့ကတည်းက ပတ်ထားတာ။ ငါ မြင်တာတော့ လုံးဝ မချွတ်ဘူးလားလို့"
ကိုတိုးက လင်းသစ်၏ ဆံပင်ဖွနေသော ညာဘက်လက်ကောက်ဝတ်ရှိ လက်ပတ်လေးကို ညွှန်ပြ၍ ပြောလာသည်။ ထိုအခါ အကုန်လုံးက ထိုလက်ပတ်ကို ကြည့်လာလေသည်။
"အလုပ်တွေများလို့ ပင်ပန်းပြီး စိတ်မကြည်တဲ့အခါမျိုးဆိုရင်လည်း အဲ့လက်ပတ်လေးကိုပဲ ငုံ့ကြည့်နေတာ။ ကြည့်တဲ့ပုံလေးကလည်းလေ၊ ခပ်ဆန်းဆန်းလေးသိလား။ လွမ်းလွမ်းဆွေးဆွေးလေးကို ငေးကြည့်နေတာ။ ပြီးရင် မသိမသာလေး ပြုံးသွားရော။ ရည်းစားကများ ပေးထားသလားမသိဘူး"
တဟားဟားနှင့် ပွဲကျသွားလေသော အုပ်စုကို လင်းသစ် ဘာမှမတားနိုင်တော့ပေ။ 'ဟာဗျာ'ဟုသာ ခေါင်းကုတ်ပြောရင်း လိုက်ရယ်နေမိသည်။ ညီပတ်ပေးခဲ့သော လက်ပတ်လေးကိုလည်း မသိမသာ ကြည့်လိုက်မိသေးသည်။
"ကိုလင်း တကယ်လား"
လင်းသစ်သည် အကြည့်ကို လက်ပတ်လေးဆီမှ သွေးနဒီထံသို့ ပို့လိုက်၏။ သွေးနဒီက နှုတ်ခမ်းကို မသိမသာစူရင်း ရယ်ကြောမသတ်နိုင်သော အုပ်စုကို မကျေနပ်သလို လှမ်းကြည့်သည်။
"ဖြေလေ... ကိုလင်း"
မည်သို့ဖြေရမှန်း မသိသဖြင့် ခေါင်းကိုသာ အထပ်ထပ်ကုတ်နေသော လင်းသစ်ကို သွေးနဒီက ထပ်မေးသည်။
"မိန်းမယူဖို့တော့ မဟုတ်ပါဘူး၊ နဒီရာ"
"ဒါဆို... ရည်းစားရှိတယ်ဆိုတဲ့ သဘောပေါ့"
တိုင်းရင်းသားဖြစ်သော အိုက်ခွန်က မြန်မာစကားသံဝဲဝဲဖြင့် လင်းသစ်၏ အဖြေကို အထအန ကောက်လေသည်။
"တကယ်ကြီးပေါ့။ တကယ်ရှိတာလား"
ဘာမှပြန်မဖြေနိုင်သော လင်းသစ်ကို မင်းမြတ်ဇော်က တအံ့တဩ လေသံဖြင့် ပုခုံးတစ်ဖက်အား ကိုင်လှုပ်ရင်း ပြောလာတော့သည်။
"တို့ကိုလင်းက ဒီလောက်ချောတာ။ ဖြစ်သင့်ပါတယ်၊ နော့ မဆုရာ"
ငြိမ်းငြိမ်းက မဆုကိုပင် အဖော်ညှိလိုက်သေးသည်။ လင်းသစ်သည် ပြုံးလျက်နှင့်ပင် ရှက်ရှက်ဖြင့် ကျန်သည့်ထမင်းကိုသာ ငုံ့စားနေလိုက်သည်။ သို့သော် ဆုရည်ငြိမ်းနှင့် မင်းမြတ်ဇော်က အငြိမ်မနေပါ။
"ဘယ်ကလဲဟင်။ ဘယ်သူလဲ။ ဒီကျောင်းကပဲလား"
"ကိုတိုးလို ကလေးမုန့်ပေးကြိုက်နေတာတော့ မဟုတ်ဘူးမလား"
မင်းမြတ်ဇော်ကား ကိုတိုးကိုပင် ဆွဲထည့်လိုက်သေးသည်။ ကိုတိုးကတော့ 'ခွေးကောင်လေး'ဟု ကျိတ်ဆဲလေသည်။ လင်းသစ်သည် ထမင်းထပ်သီးမလိုပင်ဖြစ်သွားရသည်။ မဖြစ်တော့။ သူ သည်မှာဆက်ထိုင်နေပါက အစာသီးပြီး အသက်ပျောက်လျှင်ပျောက်၊ မပျောက်လျှင် အကုန်ပေါ်တော့မည်။ ထိုစဥ် လင်းသစ်၏ ဖုန်းက ထမည်လာ၏။ လင်းသစ်သည် ရေနစ်နေသူမှ ကောက်ရိုးမျှင်လေးအား တွေ့လိုက်ရသည့် ပျော်ရွှင်မှုမျိုးနှင့် ကျောပိုးအိတ်ထဲရှိ ဖုန်းကို ဇစ်ဖွင့်ယူလိုက်သည်။ ဖုန်းလာသဖြင့် အကုန်လုံးက တိတ်ပေးကြသည်။
သူ့လုပ်ခနှင့် မာမီ့ငွေ တစ်ဝက်စီစိုက်၍ ဝယ်ထားသော ဖုန်းသစ်လေးကို ထုတ်ကြည့်မိသည့်အခါ တွေ့လိုက်ရသည့် နာမ်စားလေးသည် လင်းသစ်၏ နှုတ်ခမ်းပါးတို့ကို နူးညံ့စွာ ကော့ညွတ်သွားစေသည်။ လင်းသစ်အတွက်တော့ သည်ဖုန်းကောလ်သည် ကောက်ရိုးမျှင်လေးမဟုတ်။ တရုတ်စကားပွင့်လေးဖြစ်သည်။
"ဘယ်သူကြီးလဲ"
ဘေးကပ်ရပ်ရှိ မင်းမြတ်ဇော်က ထိုသို့ဆိုရင်း လင်းသစ်၏ ဖုန်းလာကြည့်သဖြင့် လင်းသစ် အမြန်ထရပ်လိုက်ရသည်။ ထိုအခါ သူထိုင်ခဲ့သော ပလတ်စတစ်ခုံပုလေးအား တိုက်မိ၍ ယိုင်လဲမလိုတောင် ဖြစ်သွားရ၏။ မထက်ကတော့ မင်းမြတ်ဇော်အား မကြည့်စေချင်လျှင် မကြည့်ပါနှင့်ဟု လှမ်းတားသည်။
လင်းသစ်သည် ဖုန်းပြောဦးမည်ဟု လက်ဟန်နှင့်ပြ၍ ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။ သူ့မျက်နှာထက်မှ အပြုံးတို့က ရပ်တန့်၍မရချေ။ အနောက်မှ ကိုတိုးတို့၏ သူ့ကို ရည်ရွယ်သော ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။ ဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ ကျောင်းသားများ ဘောလုံးကန်ကြရာ ကွင်းပြင်ဆီသို့ ထွက်လာရင်း လင်းသစ် ဖုန်းကိုင်လိုက်သည်။
"အစ်ကို"
ခေါ်သံလေးသည် မတည်မငြိမ်ဖြစ်နေသော ခုန်လှုပ်ဆဲ သူ့နှလုံးသားအပေါ် လေပြည်ညင်းလေးကဲ့သို့ ဖြည်းသာစွာ ဖြတ်တိုက်လာသည်။ အပြုံးအရယ် မရပ်ချင်ဖြစ်နေသော နှုတ်ခမ်းပါးတို့သည် ညင်သာစွာ နောက်တစ်ကြိမ် ကွေးညွတ်သွားရပြန်သည်။ လင်းသစ်သည် ကွင်းပြင်ကျယ်၏ ခြံစည်းရိုးဘေးတွင် မတ်တပ်ရပ်ပြီး ကျောင်းဆောင်များဆီသို့ မျက်နှာမူလိုက်သည်။
"ညီ၊ အဆင်ပြေရဲ့လား"
ညီ့ဘက်က သည်လိုမျိုး ရုတ်တရက် ဖုန်းဆက်လာချိန်တွေမှာဆို လင်းသစ်မှာ လွန်စွာစိုးရိမ်ရသည်။ နေသားကျလာသည့်တိုင် သည်မေးခွန်းကိုတော့ မဖြစ်မနေ သူ မေးမိသေး၏။
"ပြေပါတယ် အစ်ကိုရဲ့။ ဒီတိုင်း... မဆက်တာကြာလို့ ဆက်တာ။ အစ်ကို အားရဲ့လား"
"အားပါတယ်ဗျာ"
တကယ်တမ်းတွင်တော့ သူ့မှာ စကားပြောဖို့ အချိန်အများကြီး မရချေ။ သို့သော် အမှန်တကယ်လည်း သူနှင့် ညီ ဖုန်းမပြောဖြစ်တာ ကြာနေပြီဖြစ်သဖြင့် သူလည်း လွမ်းလှပါပြီ။ ညီကလည်း စာမေးပွဲနှင့် မအားလပ်သလို၊ လင်းသစ်သည်လည်း ကလေးများ၏ စာမေးပွဲအတွက် လုံးပန်းပေးနေရသည့်အပြင် သူကိုယ်တိုင်ကလည်း ပြင်ဆင်နေရသေးသည်။ ထို့ကြောင့် ညဘက်တွင်ပင် ရက်ဆက်ဖုန်းမပြောဖြစ်တော့ပါ။ ရံဖန်ရံခါတော့ သည်လိုကျောင်းပိတ်ရက်များတွင် ညီက နေ့လယ်ခင်းများ၌ ဖုန်းဆက်လေ့ရှိသည်။
"အစ်ကို အတန်းရှိသေးလားဟင်။ ဘယ်အချိန်စမှာလဲ"
"ရှိတော့ရှိသေးတယ် ညီ။ ၁၂ခွဲမှပါ"
ညီ့ဘက်က တုံ့ပြန်သံကို ချက်ချင်းမကြားရ။ နာရီကြည့်နေဟန် တူသည်။ သည်ပုံတိုင်းဆိုလျှင်တော့ ညီက ဖုန်းကိုအကြာကြီး ပြောတော့မည်မဟုတ်။
"ဟုတ်၊ အစ်ကို"
လင်းသစ်သည် ကျောင်းဆောင်များရှေ့၌ တန်းစီပေါက်ရောက်နေသော ရေတမာပင်များကို အကြောင်းမဲ့ လှမ်းကြည့်နေမိ၏။ စိတ်ထဲတွင်တော့ တစ်ဖက်ဖုန်းလိုင်းမှ အသက်ရှူသံလေးကို နားစိုက်ထောင်နေမိသည်။ ဖုန်းပြောခဲ့သည့် အကြိမ်အရေအတွက်မှာ မည်မျှမှန်းမသိအောင် များခဲ့ပြီဖြစ်သော်ငြား လင်းသစ်မှာ ထိုအသက်ရှူသံသဲ့သဲ့ကို မရိုးနိုင်၊ လူပျိုပေါက်စအသံရှရှလေးကို မရိုးနိုင်။ မမြင်နိုင်၊ မတွေ့နိုင်သည့် ကာလများအတွက် ထိုအသံလေးများသည် ကန္တာရထဲက အိုအေစစ်လေးသာဖြစ်သည်။
"ညီ အခု ဘာလုပ်နေလဲ"
"ဟင်... အမ်... ဘာမှမလုပ်ပါဘူး။ ဒီတိုင်းပဲ ထိုင်နေတာ"
"အညောင်းမိနေမယ်နော် ညီ။ လမ်းလေးဘာလေးလျှောက်ဦး"
"ဟုတ်ကဲ့ပါ အစ်ကိုကလည်း"
"နေ့လယ်စာရော စားပြီးပြီလား"
"ဟုတ်၊ ခုတင်ပဲ စားပြီးတာ"
"ခုမှစားပြီးတာကို ချက်ချင်းထိုင်နေတယ်ပေါ့လေ"
ရယ်သံတစ်ခုက အကြားအာရုံထဲ ဖြတ်ပြေးသွား၏။ မှိတ်ကျသွားမည့် မျက်လုံးဝိုင်းဝိုင်းလေးများနှင့် နစ်ဝင်သွားမည့် ပါးချိုင့်လေးကို လင်းသစ် မြင်ယောင်မိသောအခါ ဆုံးမဖို့ပြင်နေသည့် စကားများကို မေ့သွားရသည်။ ခက်လိုက်တာ။
"ခဏနေ လမ်းသွားလျှောက်လိုက်ပါ့မယ် အစ်ကိုရ"
"ပြီးရော"
"စိတ်ဆိုးသွားတာလား အစ်ကို။ မဆိုးပါနဲ့... ကျွန်တော်က..."
"ချစ်တယ်"
"ဟင်..."
အဆက်အဆက်မရှိသည့် သူ့စကားကြောင့် ညီထံမှ အာမေဍိတ်သံလေး ထွက်ပေါ်လာသည်။ လင်းသစ်မှာတော့ ထိုအသံလေးနှင့်အတူ မျက်လုံးဝိုင်းဝိုင်းလေးများအထက်က ပင့်တက်သွားမည့် ညီ့မျက်ခုံးများကို မြင်မိပြန်သည်။ ခက်သည်၊ ခက်သည်။ အချစ်ရဲ့အဝေးမှာ အရာရာဟာ မလွယ်ပါ့လား။
"ချစ်တယ်လို့"
"ဟုတ်၊ ကျွန်... ကျွန်တော်ရောပဲ"
"အင်း... ညီရော ဘာဖြစ်လဲ"
"ဟာ... အစ်ကိုရာ"
လင်းသစ် မထိန်းနိုင်ဘဲ ရယ်ချမိတော့ ညီ့ရယ်သံကိုလည်း ပြန်ကြားရသည်။ ပြီးတော့ 'ချစ်တယ်လို့'ဆိုသည့် အသံတိုးတိုးလေးကိုလည်း ထပ်ကြားရသည်။ ထိုသို့ပြောပြီးနောက် ကိုယ့်ဘာသာကိုယ် သဘောတကျဖြင့် ခေါင်းငုံ့ကာ ကျိတ်ပြုံးနေမည့် ညီ့ကိုမြင်မိပြန်ရာ 'ခက်တယ် ညီရယ်'ဟုသာ လင်းသစ် စိတ်ထဲမှ ရေရွတ်မိသွားသည်။
ဘယ်အရာကမှ လွယ်မနေပေမဲ့ ချစ်ရသူရဲ့ အသံကို ကြားနိုင်နေသေးတာကပဲ အဆိုးတွေကြားထဲက အကောင်းတစ်ခုဖြစ်နေတာပါပဲလေ။
~~~~~~~~~~~~~~~
၁၉.၁၂.၂၀၂၄
°°°°°°°°°
Zawgyi
စက်တင်ဘာလလယ်။
မန္တလေးမြို့။
You are reading the story above: TeenFic.Net