💦 Unicode 💦

Background color
Font
Font size
Line height


အချစ်က ပိတောက်တစ်စည်းပွေ့ ပြီး

မောင့်အိမ်ရှေ့ရောက်လာတယ်

နောက်... ဘာမပြောညာမပြောနဲ့

မောင့်နှလုံးသားတစ်ခုလုံးယူပြီးမှ ပြန်ထွက်သွားတယ်

ဒီလိုလုပ်လို့ရကြေးလား!

^~^~^~^~^~^~^~^~^~^~^~^~^~^~^

ဧပရယ် ၁၁ရက်နေ့
🍂🍂🍂🍂🍂🍂

ဇွဲ တစ်ယောက် အပြင်ထွက်ဖို့ကားပေါ်ကိုအတက် အသင့်ဖွင့်ထားတဲ့ခြံတံခါးရဲ့အရှေ့ကို ပိတောက်ပန်းစည်းကြီးပွေ့ထားတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်။

"တစ်စိတ်လောက်ဗျ! ဒါ မမမေရီရဲ့အိမ်လားမသိဘူး"

ဇွဲ ကားထဲကပြန်ထွက်ပြီးခြံတံခါးနားလာရပ်တော့ အသံဝဲဝဲလေးနဲ့ မေးလာတယ်။ ပွေ့ပိုက်ထားတဲ့ပိတောက်ပန်းစည်းကြီးကကွယ်နေလို့ မျက်နှာကိုသေသေချာချာမမြင်ရဘူး။

"ဟုတ်တယ်ဆိုရင်..."

"ဟုတ်တယ်ဆိုရင် ဒီပန်းစည်းလေးကို မမမေရီအတွက်လက်ခံပေးပါလားဗျ"

ဇွဲရဲ့ခပ်ထူထူမျက်ခုံးတစ်စုံ တွန့်ချိုးသွားပြီး...

"မင်းက ဘာကောင်မို့ငါ့အစ်မကိုပန်းစည်းလာပေးရတာလဲ"

"ဗျာ!..."

တစ်ဦးတည်းသောအစ်မကို ဇွဲအရမ်းအူတိုတတ်တာ တစ်အိမ်လုံးအသိ။ ဇွဲ့ရဲ့ မာထန်ထန်အသံကြောင့် ပွေ့ပိုက်ထားတဲ့ပန်းစည်းကြီးလည်း အောက်နည်းနည်းလျှောကျသွားပုံရတယ်။ မျက်မှန်ဝိုင်းလေးနောက်က အတန်ငယ်ပြူးကျယ်သွားတယ်လို့ယူဆရမည့် ညိုလဲ့လဲ့မျက်ဝန်းအိမ်လေး ခပ်ဟဟဖြစ်သွားတဲ့နှုတ်ခမ်းပါးပါးလေး ဘာရယ်မဟုတ် ဇွဲရင်ထဲဆစ်ခနဲတစ်ချက်ဖြစ်သွားလေရဲ့။

"မဟုတ်.. အဲလိုမဟုတ်ဘူးဗျ! ကျွန်တော်က 'နောင့်ပန်း' floral service ကပါခင်ဗျာ။ မမမေရီအတွက် Surprise Gift ရထားလို့ လာပို့ပေးတာပါခင်ဗျာ"

"ဟယ်... မောင်လေးနောင် ရောက်လာပြီလား ဝါး! ပန်းတွေကလှလိုက်တာ ပေးပေး အစ်မကို"

ကယ်တင်ရှင်တွေ့သွားသလို မျက်မှန်ဝိုင်းလေးက ချက်ချင်းပဲ မျက်နှာပြန်ရွှင်သွားတယ်။

"မမ!"

"ဘာလဲ! လာမအော်နဲ့ ဒါငါ့သူငယ်ချင်းနန်းယိင်းပေးတာ ဘယ်ကအကောင်မှမဟုတ်ဘူး။ မောင်လေးနောင် ဒါမောင်လေးကိုယ်တိုင်စည်းထားတာလားဟင် အရမ်းလှတာပဲ"

မမက ဇွဲကိုအသံမာမာနဲ့ပြန်ပြောပြီး မျက်မှန်ဝိုင်းလေးကိုတော့ချိုချိုသာသာမေးတယ်။

"ဟီး... ဟုတ်ပါတယ်ဗျ ကျွန်တော်ကိုယ်တိုင်စည်းထားတာပါ။ ပီနန်းက အရင်တစ်ပတ်တည်းက ကျွန်တော့်ကိုကြိုမှာထားတာဗျ ဒါပေမဲ့ဒီနေ့မှပိတောက်ကပွင့်လို့"

"ဟုတ်ပါပြီ ကိုယ်တိုင်လာပို့ပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်နော် မောင်လေးနောင်"

"ဟုတ်ကဲ့ဗျ ရပါတယ်ဗျ ဒါဆို ကျွန်တော့်ကိုခွင့်ပြုဦးဗျ"

မမကို ခေါင်းလေးတညိတ်ညိတ်နဲ့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီးပြန်သွားတဲ့ မျက်မှန်ဝိုင်းလေး။ မျက်လုံးပေါက်လေးမမြင်ရတော့အောင် ဟီးခနဲရယ်ပြလိုက်တဲ့အချိန် နှုတ်ခမ်းပါး‌လေးရဲ့အစွန်းနှစ်ဖက်မှာ အချိုင့်‌သေးသေးလေးတစ်စုံက ခွက်ဝင်လို့သွားတယ်။ ဇွဲထွဋ်ခေါင်ဦး ငေးခနဲပဲ...

"အဟမ်းဟမ်း ဇွဲရေ... အကြည့်တွေသိမ်းတော့ဟဲ့ ဟိုကအိမ်တောင်ပြန်ရောက်သွားလောက်ပြီ"

"မမ သူဘယ်သူလဲ..."

"ဘာလို့လာမေးနေတာလဲ! နင်အပျင်းပြေကစားနေကျ အပေါစားတွေနဲ့မနှိုင်းနဲ့နော်။ သူက တကယ့် လူယဉ်ကျေးလေး"

"မမရာ... နင်ကလည်းကိုယ့်မောင်အကြောင်းကိုယ်မသိဘူးလား။ ငါလူတစ်ယောက်အကြောင်း ဘယ်တုန်းကစိတ်ဝင်တစားရှိဖူးလဲ"

မေရီထွဋ်ခေါင်ဦး နှုတ်ခမ်းတစ်ချက်ကိုက်ပြီး စဉ်းစားတယ်။ ခေါင်းတဆတ်ဆတ်ညိတ်ပြီး ဇွဲကိုအဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ကြည့်တယ်။

"နာမည်က စိုင်းခွန်မိုင်းနောင်၊ နန်းယိင်းရဲ့မောင်ဝမ်းကွဲ။ မောင်လေးနောင်မှာ မိဘတွေမရှိရှာတော့ဘူး။ သူဝါသနာပါတဲ့ Floral Service လုပ်ငန်းလေးလုပ်တယ်။ UFL Chinese နဲ့ ကျောင်းပြီးထားတယ်။ ဟိုးတလောကမှ ကောင်လေးကသူ့ကိုထားသွားလို့ လက်ရှိသူက Single"

"ကောင်လေး.!"

"အင်း ဟုတ်တယ် ကောင်လေး။ မောင်လေးနောင်က သူ့ကိုယ်သူ Gay လို့ come out လုပ်ပြီးသား နင့်လို Cover Bi မဟုတ်ဘူး"

"မမ!"

အမှန်တော့ ဇွဲကိုယ်တိုင်က Gay ဒါပေမဲ့ မိဘတွေဘက်ကနားလည်မှုကို ကြည်ကြည်သာသာလိုချင်တာကြောင့် Bi လို့ပြောပြီး ယောက်ျားလေး၊မိန်းကလေး အကုန်တွဲပြခဲ့တာ။

"အေးအေး ဆောရီး အဲကိစ္စနဲ့ပတ်သက်ပြီးမနောက်သင့်မှန်းငါသိတယ် ဆောရီး"

မမက ပိတောက်ပန်းစည်းကြီးပိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်။ ဇွဲလည်း ကားပေါ်ပြန်တက်ပြီး အပြင်ကိုမောင်းထွက်လာခဲ့တယ်။

အတွေးထဲမှာတော့ စိုင်းခွန်မိုင်းနောင်ဆိုတဲ့
မျက်မှန်ဝိုင်းလေး ကပ်ပါလာခဲ့တယ်။ ။

************************************

သင်္ကြန်အကြိုနေ့
💦💦💦💦💦

မန္တလေးကျုံးအရှေ့ဘက်အခြမ်းမှာရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးမဏ္ဍပ်ကြီးကို မာမီကအတင်းဆွဲခေါ်လာတာနဲ့ ဇွဲ စိတ်မပါလက်မပါလိုက်လာခဲ့ရတယ်။ ဖွင့်ပွဲကျင်းပနေတာမို့ အကြီးအကဲတွေ လုပ်ငန်းရှင်တွေနဲ့ မဏ္ဍပ်ပေါ်မှာလူကြီးပိုင်းတွေပဲ ခြေချင်းလိမ်နေတယ်။

မာမီက မိတ်ဆွေတွေကြားထဲမှာ ဇွဲကိုပွဲထုတ်နေတာနဲ့ပဲ ဇွဲမှာ အပေါ်ယံအပြုံးကြီးကို မျက်နှာမှာအကြာကြီးချိတ်ဆွဲထားရတော့ စိတ်ရောကိုယ်ပါနုံးချိလာတော့တယ်။ သည်းမခံနိုင်တဲ့အဆုံး ဇွဲမဏ္ဍပ်ပေါ်ကဆင်းလာခဲ့ပြီး ကျုံးနံဘေးကသံပန်းကိုမှီရင်း ဆေးလိပ်သောက်နေလိုက်တယ်။

ဟိုဟိုဒီဒီမျက်စိကစားရင်း တစ်ဖက်ကလမ်းဘေးမှာ ရပ်နေတဲ့ Scoopy အဖြူပေါ်က ကိုးရိုးကားရားပုံရိပ်ကလေးကိုလှမ်းမြင်လိုက်တယ်။ ဦးထုပ်အနီလေးဆောင်းထားလို့ထင်ပါရဲ့ ဖွေးဥဥမျက်နှာနုနုက ပိုပြီးလင်းထင်းနေသလိုပါပဲ။

ဇွဲ လက်ကြားထဲကဆေးလိပ်ကို အောက်ပစ်ချပြီး ဖနောင့်နဲ့နင်းခြေပစ်လိုက်တယ်။ ခပ်သွက်သွက်ခြေလှမ်းတို့က တစ်ဖက်ကလမ်းဘေးဆီကို...

လက်ဖြူဖြူလေးက လမ်းပေါ်ကျသွားတဲ့ ပိတောက်ခက်ဆီကိုလှမ်းလို့မမီခင်မှာပဲ ဇွဲရဲ့လက်ချောင်းရှည်ရှည်တွေက လက်ဦးမှုရသွားတယ်။ ပိတောက်ခက်ကို ကောက်ပြီးပေးလိုက်တဲ့အထိ ဇွဲမျက်နှာဆီကို မျက်မှန်ဝိုင်းလေးရဲ့အကြည့်ရောက်မလာခဲ့ဘူး။

"ကျေးဇူးပဲဗျ"

ပိတောက်ခက်ကိုပေးပြီး လက်မလွှတ်တော့မှ မျက်မှန်ကိုင်းလေးပေါ်ကကျော်ပြီးကြည့်လာတဲ့ မျက်ဝန်းညိုတွေ...

"ကားမပါဘူးလား"

ပိတောက်ပန်းကိုင်းအခက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ဆိုင်ကယ်ကိုလက်တစ်ဖက်နဲ့မောင်းဖို့ကြိုးစားနေတဲ့ပုံစံက ဇွဲကိုအလိုလိုအာရုံနောက်စေတယ်။

"ဟို ကားကဘီးပေါက်နေလို့ဗျ"

"ဒီမှာ ခဏစောင့်"

လက်ထဲက ပန်းအခက်တွေကိုဆွဲယူပြီး‌ပြောလိုက်တော့ ဇွဲကိုမအူမလည်မျက်နှာလေးနဲ့ကြည့်လာတယ်။

"ဒီမှာ ခဏစောင့်နေ ကားယူပြီးလာခဲ့မယ်"

"ဗျာ! ဟို မလို..."

"စောင့်နေ!"

ကားရှေ့ကနေ အိပဲ့အိပဲ့မောင်းနေတဲ့ Scoopy အဖြူလေးကိုကြည့်ပြီး ဇွဲ သက်ပြင်းဖွဖွချမိတယ်။ ဘဝမှာ သူစိမ်းတစ်ယောက်အတွက် တကူးတကစဉ်းစားပေးမိတာ ပထမဆုံးဆိုတော့ ခံစားချက်ကအနည်းငယ်ထူးဆန်းနေပေမဲ့ ကျေနပ်စရာကောင်းတာတော့ သေချာတယ်။

မွေးနေ့ပွဲအတွက် ပန်းအလှဆင်ဖို့အပ်ထားတယ်ဆိုတဲ့အိမ်အထိ ဇွဲ ကိုယ့်စိတ်နဲ့ကိုယ် စေတနာရေစီးကမ်းပြိုပြီး လိုက်ပို့ပေးမိတယ်။

မခေါ်ဘဲလိုက်သွားပေးမိတဲ့ဇွဲက ဟိုရောက်တော့ မခိုင်းဘဲဝင်ကူပေးနေမိတဲ့ စေတနာ့ဝန်ထမ်းဖြစ်လို့ဖြစ်နေမှန်းမသိ။ ကြိုးစလေးလှမ်းပေးလိုက်၊ ကတ်ကြေးလေးလှမ်းပေးလိုက်၊ တိုင်လေးကိုငြိမ်နေအောင် ကိုင်ပေးလိုက်၊ ခြေတံရှည်အားကိုးနဲ့ အမြင့်နေရာတွေကို ချည်ပေးချိတ်ပေးလိုက် ...

တစ်ခါမှမလုပ်ဖူးတာတွေကို စိတ်လိုလက်ရလုပ်ပေးနေမိတဲ့အကြောင်းအရင်းက ပန်းခက်လေးတွေကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နေရင်း ပြုံးရိပ်ထင်နေတဲ့မျက်ဝန်းညိုတွေကြောင့်လား လှစ်ခနဲပေါ်ပေါ်လာတဲ့ နှုတ်ခမ်းထောင့်စွန်းက အချိုင့်ငယ်လေးတွေကြောင့်လား မဝေခွဲနိုင်ဘူး နှစ်ခုလုံးကြောင့်လည်း ဟုတ်ချင်ဟုတ်မှာပေါ့။

ရေသန့်ဘူးလေးကိုင်ပြီး အနားမှာဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ကလေးမလေးကို ဇွဲသတိထားမိတာပေါ့။ အလုပ်အပေါ်မှာပဲ အလုံးစုံအာရုံရောက်နေတဲ့ မျက်မှန်ဝိုင်းလေးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတာ ပိုလို့တောင်သတိထားမိသေးတယ်။

"ညီမလေး ရေလောင်းချင်ရင် လောင်းလို့ရတယ်"

အနားကိုသွား ခပ်တိုးတိုးကပ်ပြောလိုက်တဲ့ဇွဲကြောင့် ကလေးမလေးခမျာမျက်လုံးလေးလက်ခနဲဖြစ်သွားပြီး မျက်မှန်ဝိုင်းလေးအနားသွားမည့်အလုပ် ကလေးမလေးလက်ထဲက ရေသန့်ဘူးရဲ့နှုတ်ခမ်းအဝကို လက်မနဲ့လက်ညိုးကိုသုံးပြီး ဆွဲထားလိုက်တယ်။ ကလေးမလေးက ဇွဲကို အူကြောင်ကြောင်ပြန်လှည့်ကြည့်လာတော့...

"သူကအလုပ်လုပ်နေတာလေ ရေတွေစိုသွားရင် အလုပ်လုပ်ရတာအဆင်မပြေဘဲနေလိမ့်မယ်။ အဲဒါကြောင့် ရေလောင်းချင်ရင် အစ်ကို့ကိုပဲလောင်းပါ"

ကလေးမလေးက ဖြူဖြူနုနုနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံကိုပဲမျက်လုံးထဲမြင်ပြီး ဇွဲလိုအရပ်ခြောက်ပေရှိတဲ့ခပ်ဖြောင့်ဖြောင့်ကောင်ကိုတော့ လစ်လျူရှုသွားလေရဲ့။ ဇွဲ မထိန်းနိုင်တော့ဘဲ ဟက်ခနဲတစ်ချက်ရယ်မိတယ်။ သူစိမ်းတစ်ယောက်ကို အူတိုရတဲ့ခံစားချက်ကဒီလိုတဲ့လား...

ကူညီပေးထားလို့ မုန့်ပြန်ကျွေးပါဆိုပြီး အကြောင်းမရှိအကြောင်းရှာ Scoopy အဖြူလေးနောက်က တစ်ခါကပ်လိုက်မိပြန်တယ်။

ညနေဘက်ရောက်သွားတော့ လမ်းတစ်လျှောက်မှာ ရေကစားတဲ့အဖွဲ့တွေရှိနေပြီ။ ကလေးမလေးရဲ့ရေဘူးလေးနဲ့လောင်းခံရဖို့တောင် အူတိုလို့ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပေမဲ့ လမ်းပေါ်က,ကလေးတွေရဲ့ခွက်စောင်းခုတ်တဲ့အရှိန်နဲ့ ဝတ်ထားတဲ့တီရှပ်အဝါလေးကအသားကိုသွားကပ်နေတာ မြင်ရတော့ ဇွဲမှာကားမောင်းရင်း တောက်တခေါက်ခေါက်...

"အသာအယာပက်ပါ့လား! သူတို့အသားမဟုတ်တိုင်း ကြမ်းရမ်းနေလိုက်ကြတာ"

ဇွဲရဲ့ကားရှေ့က Scoopy ‌လေး ဗထူးကွင်းနားကလမ်းကြားလေးထဲချိုးဝင်သွားပြီး အဖြူရောင်တစ်ထပ်တိုက်လေးရှေ့မှာရပ်သွားတယ်။ အိမ်တံခါးဖွင့်ပေးပြီး ဇွဲကိုဧည့်ခန်းထဲမှာနေရာပေးတယ်။

"ဟို ခဏလေးစောင့်ပေးပါဗျ စားဖို့တစ်ခုခုသွားယူလိုက်ပါဦးမယ်"

အမှန်တကယ်မုန့်စားချင်လို့လိုက်လာခဲ့တာမဟုတ်ပေမဲ့ အိမ်အပြင်ကို ပျာပျာသလဲထွက်သွားတဲ့မျက်မှန်ဝိုင်းလေးကို မတားလိုက်ဘူး။ မုန့်မစားတော့ရင်လည်း အခုပြန်တော့ဆိုမခက်ဘူးလား။

ဆိုဖာရှည်တစ်လုံး၊ စားပွဲတစ်လုံး၊ စားပွဲတင်ပန်းအိုးတစ်လုံး၊ စာအုပ်စင်တစ်ခု၊ indoor plant နှစ်အိုးနဲ့ ခပ်ရှင်းရှင်းဧည့်ခန်းလေးက သေးသေးလေးနဲ့နွေးနွေးထွေးထွေးလေး။

အထုပ်ကြီးငယ်ဆွဲပြီး ခပ်မြန်မြန်ပြန်ရောက်လာတဲ့မျက်မှန်ဝိုင်းလေးက အိမ်ထဲတန်းဝင်သွားပြီး ပန်းကန်တွေစုထည့်ထားတဲ့ဗန်းလေးတစ်ဗန်းမပြီး ပြန်ထွက်လာခဲ့တယ်။

ဇွဲမျက်စိရှေ့က စားပွဲပေါ်ရောက်လာတာတွေက မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ကြာဆံဟင်းနဲ့ မန်ကျည်းဖျော်‌ရည်တစ်ခွက်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ စတုဒီသာကျွေးနေကျစားစရာတွေမှန်း တန်းသိလိုက်တယ်။ ဇွဲကိုကျွေးဖို့ ရပ်ကွက်ထဲပတ်ပြီး စတုဒီသာမုန့်တွေ ပါဆယ်သွားဆွဲလာတဲ့ပုံပဲ။

ဇွဲရဲ့အတွေးကိုရိပ်မိပုံရပါတယ် ဖြူလွလွနားရွက်နုနုလေးကို လက်ညိုးလေးနဲ့တရွရွကုတ်ခြစ်နေရင်း ရှက်ဝဲဝဲနဲ့ပြောလာတယ်။

"ဟိုလေ မြန်မြန်ဆန်ဆန်ကျွေးလို့ရတာ စဉ်းစားကြည့်လိုက်တော့ ဒါတွေပဲသတိရသွားလို့! သင်္ကြန်ဆို စတုဒီသာစားကြတယ်မဟုတ်လားဗျ။ တကူးတကသွားစားစရာမလိုဘဲ စုံစုံလင်လင်စားရတော့ အဆင်ပြေတယ်မလားဗျ ဟီး..."

မျက်လုံးပေါက်လေးတွေ ပျောက်သွားပြန်ပြီ...

ဇွဲ ဒီမျက်မှန်ဝိုင်းလေးကို အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။

"အင်း... အဆင်ပြေပါတယ်။ ဒါနဲ့ သင်္ကြန်နောက်ရက်တွေ ဘာအစီအစဉ်ရှိလဲ"

"ဟို... အစီအစဉ်အတိအကျရယ်လို့တော့ မပြောတတ်ဘူးဗျ။ ဒီတိုင်း သူငယ်ချင်းတွေနဲ့တော့ ရှိဖြစ်မှာပါ"

မျက်မှန်ဝိုင်းလေးအတွက် ဇွဲက သိပ်မရင်းနှီးသေးတဲ့သူစိမ်းသာသာလူပဲဖြစ်မှာပေါ့။ အစီအစဉ်တွေတောင် ပြောပြရလောက်တဲ့အထိ ဇွဲတို့တွေမရင်းနှီးသေးတာတော့ အမှန်ပဲမဟုတ်လား။ ဒါပေမဲ့ အားလုံးကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုသိပြီးသား ဇွဲက ဒီအတိုင်းစကားအဖြစ်မေးလိုက်တယ်ဆိုတာ မျက်မှန်ဝိုင်းလေးက သတိမထားမိလောက်ဘူး။

စားသောက်ပြီးလို့ ပြန်ဖို့လုပ်တော့ ဇွဲကိုကားအနားထိလိုက်ပို့တယ်။

"ဟို...ဒီက ဖြည်းဖြည်းမောင်းပြန်ပါဗျ"

"ဇွဲထွဋ်ခေါင်ဦး"

"ဗျာ... ဘာကို"

"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တာလေ နာမည်ကဇွဲထွဋ်ခေါင်ဦး ကိုယ်ကအသက်ပိုငယ်ပေမဲ့ ယဉ်ယဉ်ကျေးကျေးမပြောတတ်ဘူး။ အဲဒီအစား ရင်းရင်းနှီးနှီးပဲပြောမယ် အဆင်ပြေလား"

"ဟုတ်... ဟုတ်ကဲ့ အဆင်ပြေပါတယ်ဗျ"

"ဒါဆို... သွားလိုက်ဦးမယ် နောင်"

မျက်မှန်ဝိုင်းလေးနဲ့အပြိုင်
ဝိုင်းစက်သွားတဲ့မျက်ဝန်းညိုတွေ
အဲဒီညက ဇွဲရဲ့အိပ်မက်ထဲဝင်လာခဲ့တယ်။

************************************

သင်္ကြန်အကျနေ့
💦💦💦💦💦

မဏ္ဍပ်ရဲ့အမြင့်ဆုံးနေရာ ဒီဂျေသမားရှိတဲ့စင်ပေါ်ကနေ ဇွဲတစ်ယောက် လော်လီပေါ့တစ်ချောင်းကို ပါးစောင်ထဲထည့်ပြီး Dancing Floor ကိုအကြည့်ပို့ထားတယ်။

တလှုပ်လှုပ်ကနေတဲ့ ပုံရိပ်သေးသေးလေးက ပန်းရောင်ဖျော့ဖျော့ ရှပ်လက်ရှည်အတိုအပါးလေးရဲ့အောက်က အဖြူရောင်လက်ပြတ်တီရှပ်တစ်ထည် ခံဝတ်ထားလို့တော်သေးတာပေါ့။ ဒါပေမဲ့ ပေါင်လယ်လောက်ထိတိုနေတဲ့ မှိုတက်အပြာရောင်ဂျင်းပန့်လေးကြောင့် ဇွဲရဲ့မျက်ခုံးတွေတွန့်ချိုးထားမိတယ်။ ပတ်သက်မှုခေါင်းစဉ်တစ်ခု ရေရေရာရာတပ်လို့မရခင်တည်းက ဇွဲရဲ့အူတိုမှုက လယ်ဗယ်အတော်မြင့်နေပြီ။

"‌ဇွဲ! မင်းကဘာအထာလဲ မဏ္ဍပ်ထိုင်ပြီးလော်လီပေါ့စုပ်နေတာက..."

ဇွဲရဲ့ ဘော်ဒါအရင်းကြီးဖြစ်တဲ့ ရှိုင်းသော်ရဲ့မေးခွန်းကို ဇွဲပြန်မဖြေတဲ့အပြင် တစ်နေရာကိုလုံးဝအကြည့်မလွှဲဘဲ နေနေတယ်။

"မင်းရူးသွပ်နေတဲ့မျက်မှန်ဝိုင်းလေးက ဒီနေ့တော့မျက်မှန်တပ်မထားဘူးပဲ"

ရှိုင်းသော်က ဇွဲအကြည့်ရောက်နေတဲ့နေရာကို လှမ်းမျှော်ကြည့်ရင်းရေရွတ်သလိုပြောလာတယ်။ ဒါလည်း ဇွဲဆီကတုံ့ပြန်မှုကိုမရခဲ့ဘူး။

"အဝေးကနေပဲ ထိုင်ငေးနေတာ မင်းပုံစံမှမဟုတ်ဘဲ ဇွဲ... မင်းလူစားထိုးခံရတာလား!"

"သူ့သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပါစေဦး"

"အိုးဟိုး...! ငါသိသွားပြီ ဇွဲ မင်းအတည်ကြီးဖြစ်နေတာပဲ။ အိုခေအိုခေ ဆက်ငေးလိုက်ဦး"

ဇွဲ ငေးကြည့်နေတုန်းမှာပဲ မျက်မှန်ဝိုင်းလေးတို့သူငယ်ချင်းလေးယောက်အဖွဲ့ဆီကို နောက်တစ်ဖွဲ့ကတဖြည်းဖြည်းချဉ်းကပ်လာတာကိုတွေ့ရတယ်။ မိန်းကလေးနှစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ပါတဲ့ တစ်ဖက်အဖွဲ့ကလည်း သူငယ်ချင်းတွေဖြစ်ပုံရပါတယ်။ ကြည့်ရတာ အေးအေးဆေးဆေးပဲမို့ ဇွဲ ဆက်ပြီးစောင့်ကြည့်နေလိုက်တယ်။

ဒီဂျေရဲ့တီးလုံးသံတွေနဲ့ ရေမှုန်ရေမွှားတွေကြား လူတွေအားလုံးတဖြည်းဖြည်းအရှိန်ရလာကြတယ်။ စင်အောက်ဖြူလွလွပုံရိပ်လေးကိုပဲ အလွတ်မပေးတမ်းလိုက်ကြည့်နေရင်း ဇွဲသတိထားမိလိုက်တာတစ်ခုရှိတယ်။

နှစ်ဖွဲ့ပေါင်းပြီးတစ်ဖွဲ့ဖြစ်သွားတဲ့အနေအထားရယ် တစ်ဖက်ကသုံးယောက်နဲ့ မျက်မှန်ဝိုင်းလေးရဲ့သူငယ်ချင်းသုံးယောက်က တစ်တွဲစီပူးကပ်သွားကြပြီး မျက်မှန်ဝိုင်းလေးကတော့ တစ်ယောက်တည်းခေါင်းခါခြေခါလှုပ်စိလှုပ်စိနဲ့ ဘက်ပဲ့နေတုန်းပဲ။

မျက်မှန်ဝိုင်းလေးရဲ့ဘေးမှာ ဘာအရိပ်အယောင်မျှမမြင်ရသေးသ၍ ဇွဲတို့ကအေးအေးဆေးဆေးလက်ပိုက်ပြီး ငေးကြည့်နေဦးမှာပဲ။

နေ့လယ်ထမင်းစားနားပြီးပြန်စတဲ့အချိန်ရောက်တော့ ဘက်ပဲ့နေရှာတဲ့မျက်မှန်ဝိုင်းလေးက Dancing Floor မှာ အတွဲတွေပူးကပ်ပြီး ကဲသည်းနေကြတဲ့မြင်ကွင်းကို ကြည့်ချင်စိတ်ကုန်သွားပုံရတယ်။ မဏ္ဍပ်အရှေ့ပိုင်း ရေပိုက်တွေထားတဲ့ရေပက်တဲ့နေရာအထိ စိတ်မပါလက်မပါထွက်သွားတယ်။

ကြည့်ရတဲ့ရှုထောင့်ကိုပြောင်းလိုက်ရပေမဲ့ မျက်မှန်ဝိုင်းလေးက ဇွဲရဲ့ မြင်ကွင်းထဲကနေ လွတ်ထွက်မသွားသေးဘူး။

ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဇွဲ အာခေါင်ထဲခုနကမှထည့်ထားတဲ့ လော်လီပေါ့ကိုအံသွားနဲ့ ကြိတ်ခြေပစ်လိုက်သလို ခြေလှမ်းကျဲကြီးတွေနဲ့ရုတ်ရုတ်သည်းသည်းဖြစ်သွားတဲ့နေရာဆီ အပြေးထထွက်သွားလိုက်တယ်။

ပုံစံကျတဲ့ခေါင်းမှာတိုကပ်ကပ်ဆံပင်စတိုင်လ်နဲ့ တီရှပ်၊ ဘောင်းဘီ၊ ဂျာကင်၊ ဖိနပ်အထိ တစ်ကိုယ်လုံးနက်စွေးနေတဲ့အပြင် မြင့်မားတဲ့အရပ်အမောင်း၊ အရှိန်အဝါတစ်ခုထင်ဟပ်နေသလို စူးရဲတဲ့အကြည့်၊ တစ်ချက်မြင်လိုက်ရုံနဲ့ အထက်တန်းကျတဲ့ရုပ်ရည် အသွင်သဏ္ဍာန်ရှိနေတဲ့ဇွဲကြောင့် မဏ္ဍပ်ပေါ်ကလူတွေအားလုံး ရုတ်တရက်ငေးခနဲဖြစ်သွားကြတယ်။

"ဖြည်းဖြည်းထ! နောင် ဘယ်နားထိသွားသေးလဲ"

ဖင်ထိုင်လျက်ပုံလဲကျနေတဲ့ ပန်းဖျော့ဖျော့အရိပ်ကလေးကို ဇွဲရဲ့သန်မာတဲ့လက်ချောင်းရှည်တွေနဲ့ လက်မောင်းကနေအသာအယာဆွဲထူလိုက်တယ်။ လက်မောင်းရင်းကနေသိမ်းဖက်ပြီး ဇွဲရင်ခွင်ထဲသွင်းလိုက်တော့ အလိုက်သင့်လေးပါလာပြန်တယ်။

အမှန်တကယ်တမ်း တွန်းထုတ်ခံလိုက်ရတဲ့နစ်နာသူဖြစ်ပြီး ဇွဲရဲ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ခေါင်းကိုငုံ့ချထားတဲ့ပုံရိပ်လေးကြောင့် ဇွဲ့ရဲ့ဒေါသတွေဟာလောင်စာဖြည့်ခံလိုက်ရသလိုပါပဲ။

တစ်ဖက်ကကျူးလွန်သူကတော့ ဇွဲကိုမြင်လိုက်တော့မှ လူတစ်ယောက်ရဲ့ နောက်ကျောနဲ့ မသိဘာသာနဲ့ကွယ်လိုက်တာလည်း ဇွဲသတိထားလိုက်မိတယ်။

"ဟေ့! အခုထွက်လာခဲ့ ပြီးရင်တောင်းပန်လိုက်"

"ဆောရီး! မတော်တဆပါကွာ... ပုံကြီးမချဲ့ပါနဲ့"

တရားခံကိုအရှေ့ကကွယ်ထားပေးတဲ့လူက ဇွဲကိုပြေရာပြေကြောင်းဖြစ်အောင် ဝတ်ကျေတန်းကျေဆောရီးထပြောတယ်။ ဇွဲ မျက်မှောင်ကျုံ့ပစ်ပြီး တစ်ဖက်လူကိုစူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။

"ဒါဆို ငါလည်းမင်းရဲ့ကောင်ကို တစ်ချက်လောက်ဆောင့်တွန်းလိုက်မယ်။ ပြီးရင် ငါလည်း ဆောရီးတစ်ခွန်းပြန်ပြောလိုက်တာပေါ့ ဘယ်လိုလဲ..."

"မင်း!"

"ဟေ့! အနောက်ကနေအခုထွက်ခဲ့လို့ငါပြောနေတယ်"

အသံကိုသိသိသာသာမြင့်လိုက်တာကြောင့် လူမိသွားမှယုန်သူငယ်လေးလို အထိခိုက်လွယ်တဲ့ပုံစံနဲ့ ဇွဲတို့ရဲ့အရှေ့ကိုပြန်ထွက်လာခဲ့တယ်။ တစ်ဖက်လူက ဇွဲတို့လိုအသိုင်းအဝိုင်းထဲက လူပေါ်ကျော့သခင်ငယ်လေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုစရိုက်ရှိတာကအစ ဇွဲမှတ်မိသွားတယ်။ အဲဒီလို မူယာမာယာများတတ်တဲ့အတန်းအစားတွေကို ဇွဲ အရမ်းမုန်း...

"အဲ! အဲဒါတကယ် မတော်တဆပါ ကျွန်တော်က..."

ဇွဲရဲ့အရပ်ထက် တစ်ပေနီးနီးနိမ့်တဲ့အရပ်ကြောင့် ခါးကိုအတန်ငယ်ကိုင်းပြီး ဂနာမငြိမ်ဖြစ်နေတဲ့တစ်ဖက်လူရဲ့မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီးပြောလိုက်တယ်။

"ငါ ဟိုအပေါ်ကနေကြည့်နေတာ ဒီမှာဘာတွေဖြစ်သွားလဲဆိုတာ ငါအစအဆုံးမြင်လိုက်တယ်"

"အင်း... အဲဒါကလေ ဘယ်လိုဖြစ်တာလဲဆိုတော့"

"တောက်! မင်းငါ့ကိုသိတယ်မလား"

ဝေ့လည်ကြောင်ပတ်တွေကို အမြဲတမ်းစိတ်ကုန်တာမို့ ပြဿနာလမ်းကြောင်းကို အတိုဆုံးရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ ဇွဲတို့အသိုင်းအဝိုင်းမှာ ဇွဲရဲ့အရှိန်အဝါကမသေးဘူးမဟုတ်လား။

"အင်း သိတယ် ဇွဲ.. ဇွဲထွဋ်ခေါင်ဦး"

"ငါ့ကိုသိလျက်နဲ့ ဘာတွေဝေ့ဖို့ကြိုးစားနေတာလဲ။ မင်းရဲ့အမှားအတွက် တောင်းပန်လိုက်ဖို့ ငါပြောနေတယ်လေ"

"အဟင်း... တောင်းပန်တယ်"

ပြီးပြီးရောနဲ့ ဗလုံးဗထွေးတောင်းပန်စကားကို ဇွဲကလက်ခံပေးမယ်ထင်လား။

"စိုင်းခွန်မိုင်းနောင်ကို တောင်းပန်ပါတယ်လို့ သေသေချာချာပြော!"

"ဟင်း... စိုင်းခွန်မိုင်းနောင် ငါမင်းကို တောင်းပန်ပါတယ်"

တိကျရှင်းလင်းတဲ့တောင်းပန်စကားကိုကြားပြီးတော့မှ ဇွဲ ရင်ခွင်ထဲကနုထွေးထွေးကိုယ်ငယ်လေးကို တစ်ချက်ငုံ့ကြည့်လိုက်တယ်။ ဇွဲကိုပြန်မော့ကြည့်လာပြီး အသံဝဲဝဲလေးနဲ့ခပ်တိုးတိုးပြောတယ်။

"ကျွန်တော် ဒီမှာမနေချင်တော့ဘူး" တဲ့လေ...

မျက်မှန်ဝိုင်းလေးကို ဇွဲကိုယ်တိုင်ဂရုတစိုက်နဲ့အိမ်အထိပြန်ပို့ပေးမည့်အကြောင်း အတွဲကိုယ်စီနဲ့သူငယ်ချင်းတစ်သိုက်ကို ပြောထားခဲ့ရသေးတယ်။ အတွဲကိုယ်စီရသွားကြပေမဲ့ မျက်မှန်ဝိုင်းလေးပြဿနာတက်တော့ အနားကိုအပြေးအလွှားရောက်လာပြီး သူငယ်ချင်းဘက်ကရှိနေပေးကြတာကြောင့် အဲဒီတစ်သိုက်ကိုတော့ ဇွဲ ကောင်းကောင်းမွန်မွန်အသိအမှတ်ပြုလိုက်တယ်။

တယုတယသိမ်းဖက်လို့ ကားထဲကိုဂရုတစိုက်ထိုင်ခိုင်းပြီး ကားမောင်းပြီးထွက်လာတဲ့အချိန်အထိ မျက်မှန်ဝိုင်းလေးကငြိမ်နေခဲ့တယ်။ ဇွဲလည်း ဘာတစ်ခွန်းမှမပြောတော့ဘဲ ဘေးကနေငြိမ်ငြိမ်လေး အခြေအနေစောင့်ကြည့်ပေးရင်း ကားကိုပဲမောင်းနေလိုက်တယ်။

မဏ္ဍပ်တွေရှိတဲ့ လမ်း ၈၀ ကျုံးလမ်းကနေ အနောက်တည့်တည့်ကမ်းနားလမ်းအထိမောင်းလာခဲ့ပြီး ဧရာဝတီမြစ်ပြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ လမ်းဘေးကအရိပ်ကောင်းကောင်းအပင်ကြီးအောက်မှာ ကားကိုရပ်လိုက်တယ်။

"အဆင်ပြေရဲ့လား နောင်... ဘယ်နေရာမှမခိုက်မိတာ သေချာလား"

"အင်း ဘာမှမဖြစ်ပါဘူး။ ဟို... ကျေးဇူးတင်ပါတယ်ဗျ နောက်ပြီး တောင်းပန်တယ်ဗျ။ ကျွန်တော့်ကြောင့် အပျော်တွေပျက်ရသွားရပြီ"

"အင်း ဟုတ်တယ် အပျော်တွေပျက်သွားတယ်။ နောင့်ကြောင့်တော့မဟုတ်ဘူး။ နောင့်ကိုအပျော်ပျက်အောင် နှောင့်ယှက်သွားတဲ့ကောင်ကြောင့်ပဲ။ ပြောရင်းတောင်ဒေါသထွက်တယ် တောက်!"

"ဟို... စိတ်လျှော့ပါဗျ ကျွန်တော်တောင်းပန်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ပယောဂမကင်းဘူးမို့လားဗျ"

"သိချင်တာရှိတယ် နောင် ဘယ်လိုဖြစ်ပြီးတော့အဲဒီမြွေပွေးလိုကောင်နဲ့ သွားငြိမိတာလဲ"

"ဟို... သူက ကျွန်တော့်ရည်းစားဟောင်းနဲ့ လက်ရှိတွဲနေတဲ့လူပါ"

"ဪ... သဘောပေါက်ပြီ။ ဒါပေမဲ့ အဲဒီအကြောင်းအရင်းလောက်နဲ့ အဲကောင်က နောင့်ကိုတွန်းထုတ်ပစ်လိုက်ရတာလား"

"မဟုတ်ဘူး မဟုတ်ဘူး... နောင့်သတိမထားမိလို့ ဖြစ်သွားတဲ့ပြဿနာပါ"

"ဒါဆို နောင် ပြောပြချင်လား..."

"နောင် ကရတာပျင်းလာလို့ ရေပက်ဖို့အရှေ့မှာသွားရပ်လိုက်တော့ သတိမထားမိဘဲ သူ့လူရဲ့ဘေးမှာ သွားပြီးမတ်တပ်ရပ်လိုက်မိတယ်ဗျ အဲဒါနဲ့သူကနောင့်ကို သူ့လူအနားကိုကပ်ရမလားဆိုပြီး ဆောင့်တွန်းလိုက်တာပါ။ နောင့်တကယ်မရည်ရွယ်ဘူး အဲဒီတစ်ယောက်ရှိနေမယ်မှန်းသိရင် နောင် ဘယ်သွားပါ့မလဲ နောင်မှ အဲဒီတစ်ယောက်နဲ့ ထပ်ပြီးမပတ်သက်ချင်တော့တာ"

တဖြည်းဖြည်းနဲ့ ဇွဲခေါ်တဲ့နာမ်စားအတိုင်း သူ့ကိုယ်သူပြောင်းပြီးပြောလာမိတာ သူကိုယ်တိုင်တောင်သတိထားမိပုံမရဘူး။ အရင်ကထက်ပိုပြီး ရင်းနှီးနွေးထွေးလာတဲ့ဆက်ဆံရေးလေးကြောင့် ဇွဲအရဲစွန့်ပြီး အခွင့်အရေးကိုအမိအရဆုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ မြတ်နိုးရသူကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပြီး အကြင်နာတွေပုံပေးရဖို့အတွက် ဘာကြောင့်အချိန်တွေစောင့်ဆိုင်းနေရမှာလဲ။ ရှင်သန်ခွင့်ရတဲ့လူ့ဘဝက တကယ်ဆိုတိုတိုလေး။

"နောင် လူတစ်ယောက်ကိုမေ့ဖို့ကြိုးစားရတာ အရမ်းခက်ခဲလားဟင်"

ဇွဲရဲ့ တွေးဆဆအမေးကို ချက်ချင်းပြန်မဖြေဘဲ ကားမှန်ပြတင်းကိုချလို့ အပြင်ဘက်က မြစ်ပြင်ကျယ်ကိုဖြတ်တိုက်လာတဲ့ လေနုအေးရဲ့အထိအတွေ့ကို မျက်စိလေးမှိတ်ပြီးခံစားနေတယ်။ အေးချမ်းလွန်းတဲ့ ပုံရိပ်ကလေးကြောင့် ဇွဲလည်းငြိမ်ငြိမ်လေးထိုင်ငေးနေလိုက်တယ်။

"နောင် သူ့ကိုမေ့ဖို့အတင်းမကြိုးစားဘူး ဘာလို့ဆိုတော့မေ့ဖို့ကြိုးစားရင်း သူ့အကြောင်းတွေးမိနေမှာလေ။ နောင့်ခေါင်းထဲ သူ့အကြောင်းရောက်လာရင် အာရုံပြောင်းသွားအောင် တစ်ခုခုထလုပ်လိုက်တယ်။ တစ်ခါတလေဘယ်လိုမှမခံစားနိုင်ရင် နောင်... ငိုချပစ်လိုက်တယ်။ နောင့်အတွက် အရမ်းခက်ခဲတယ်လို့မပြောချင်ပေမဲ့ လွယ်တော့မလွယ်ဘူးဗျ"

"နောင် အဲ့တစ်ယောက်ကို မြန်မြန်မေ့ပစ်ချင်လား"

"ဗျာ! ဘယ်လိုလုပ်ပြီးတော့..."

"မောင့်ကိုအသုံးချလိုက်... အဲ့တစ်ယောက်ကိုမေ့သွားအောင် နောင် မောင့်လက်ကိုပဲရဲရဲတွဲကြည့်လိုက်!"

ပေါက်တဲ့နဖူး မထူးတော့ပါဘူး... ကြိုက်မရှက် ငိုက်မရှက် ဆိုတော့ ဇွဲ မျက်နှာပြောင်ပြောင်နဲ့ပဲ ရှေ့ဆက်တိုးဖို့ကြိုးစားလိုက်တယ်။

"ဗျာ! မဟုတ်တာတွေ မပြောပါနဲ့ဗျ"

"မောင် မဟုတ်တာမပြောပါဘူး ဟုတ်တာပဲပြောနေတာပါ။ နောင် မောင့်ရဲ့မေတ္တာတွေကို ယုံယုံကြည်ကြည်လက်ခံပေးကြည့် နောင့်ရဲ့ဝေဒနာတွေ မောင်ကုစားပေးမယ်"

"ဟိုလေ... နောင်က Gay မှန်းသိသွားလို့ အကဲစမ်းချင်တာမျိုးဆိုရင်တော့..."

"နောင့်! ရပ်လိုက်တော့နော် နောင့်အတွေးတွေလွန်နေပြီ။ မောင် နောင့်ကိုအကဲစမ်းနေတာမဟုတ်သလို ပွဲလန့်တုန်းဖျာခင်းတဲ့သဘောမျိုးလည်း လုံးဝမဟုတ်ဘူး။ နောင့်ကို မောင်ပထမဆုံးစတွေ့တဲ့နေ့ကတည်း နောင်ကပိတောက်ပန်းစည်းကြီးပွေ့ထားပြီး မောင့်ရင်ထဲငြိမ့်ငြိမ့်လေးဝင်လာခဲ့တာ။ ဒါ မှန်သောစကား..."

"နောင်... နောင့်မှာ ထူးခြားကောင်းမွန်လှတဲ့ ဆွဲဆောင်မှုရယ်လို့ ဘာမှမရှိဘူးဗျ။ အဲဒါကို ဘယ်လိုလုပ်ပြီး..."

"နောင် မောင့်ကိုကြည့်..."

တည့်တည့်ထိုင်နေတဲ့ကိုယ်လေးကို လက်မောင်းရင်းကခပ်ဖွဖွကိုင်ပြီး ဇွဲနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်တယ်။

"နောင် မောင့်ကိုယုံပါလို့ စာတွေစီကဗျာတွေသီပြီး အယူခံဝင်နေမှာမဟုတ်ဘူ။ မောင်က အချိန်မဆွဲတတ်တဲ့ပုံစံမျိုးပဲ အဲဒါကြောင့် မောင့်ကိုအချိန်သုံးရက်ပဲပေး နောင့်ရင်ထဲက မောင့်ကိုလက်ခံလာအောင် မောင်ကြိုးစားပြမယ်။ ဒါ နောင့်ကိုလွယ်ကူပါတယ်ဆိုပြီး အထင်သေးတဲ့စိတ်နဲ့မဟုတ်ဘူးနော်။ နောင့်ရဲ့အချိန်တွေကို မောင့်အတွက်မကုန်စေချင်တာ။ နောင့်ဘက်က သေချာပေါက်လက်မခံနိုင်ဘူးဆိုရင်လည်း မောင်ကစိတ်ရှုပ်စရာကောင်းလောက်အောင် တွယ်ကပ်နေမည့်လူမျိုးမဟုတ်တာကြောင့် နောင် စိတ်မပူလည်းရတယ်"

ဇွဲရဲ့ ရိုးသားပွင့်လင်းတဲ့ဝန်ခံချက်က အောင်မြင်သွားတယ်ဆိုရမယ်။ မျက်မှန်ဝိုင်းလေးက ကြည်ကြည်သာသာနဲ့ခေါင်းညိတ်လာတယ်။

အဲဒီနေ့က
မြတ်နိုးရသူရဲ့လက်ဖဝါးနုနုကို ဆုပ်ကိုင်ထားခွင့်ရခဲ့လို့
လက်တစ်ဖက်နဲ့ပဲ ကားမောင်းပြီးပြန်လာခဲ့ရတယ်။ ။

You are reading the story above: TeenFic.Net