ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်
စာစဉ်(၂၇)
အပိုင်း (၄၅၁) သက်သေ ပြခြင်း
မူရင်းရေးသားသူ - ဦးဟန်
ချင်းလင်တောင်တန်း၏ မျိုးနွယ်စုများကြား၌ လူငယ်များ ကျင့်ကြံ၍ နေကြသည်။ မျိုးနွယ်စု အကြီးအကဲများက လူငယ်ကျင့်ကြံသူ များအား လိုအပ်သည်များကို သင်ကြားပြသပေးလျက် ရှိသည်။
ချန်ဇီသည် မြေကွက်လပ်တစ်ခု၌ နေရာယူ၍ သူ၏ မျက်လုံးများကို မှိတ်၍ ထားသည်။ ထို့နောက်တွင် သူက ထူးဆန်းသော ဗိမ္မာန်ထဲသို့ ဝင်ရောက်ကာ ကျင့်ကြံလျက်ရှိသည်။
" လူငယ်လေးချန်... ''
ထိုစဉ် သူ့အား ခေါ်လိုက်သည့် အသံကြောင့် ချန်ဇီက မျက်လုံးဖွင့်၍ ကြည့်လိုက်သည်။ အဘိုးအို ချင်းမုံသည် သူ့အား ငေးကြည့်၍ နေသည်။
" စီနီယာက ဘာများ အလို ရှိပါသလဲခင်ဗျာ ''
" အင်း... ငါက မင်းနဲ့ သည်းသန့်ဆွေးနွေးလို့ ရမလား ''
အဘိုးအို၏ စကားကြောင့် ချန်ဇီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းညိမ့်၍ ပြလိုက်သည်။
" ကောင်းပြီ ဒါဆိုရင် လူငယ်လေးချန်က ငါနဲ့ လိုက်ခဲ့ပါ ''
အဘိုးအို ချင်းမုံက ချန်ဇီအား ဦးဆောင်၍ ခေါ်သွားပြီးလျှင် ချင်းလင်တောင်၏ အမြင့်ပိုင်းသို့ ပျံသန်း၍ သွားသည်။ လူငယ်ကျင့်ကြံသူများနှင့် အကြီးအကဲများက သူတို့အား ကြည့်လိုက်ကြပြီးနောက်တွင် သူတို့၏ ကျင့်ကြံမှူ အပေါ်၌သာ အာရုံစိုက်၍ ထားလိုက်ကြသည်။
ချင်းလင်တောင်၏ အမြင့်ဆုံးပိုင်း နေရာ၌ မိုးမခပင်ကြီး တစ်ပင် ရှိသည်။ မိုးမခပင်၏ အောက်ခြေ မြေကွက်လပ်၌ ကျောက်ခုံ တစ်ခု တည်ရှိ၍ နေသည်။ အဘိုးအိုချင်းမုံသည် ထိုကျောက်ခုံ၌ ဝင်ရောက်၍ ထိုင်လိုက်သည်။
ချန်ဇီသည်လည်း အလိုက်သိစွာဖြင့် ထိုခုံ၌ ဝင်၍ ထိုက်လိုက်သည်။ အဘိုးအို ချင်းမုံသည် ခေါင်းညိမ့်လိုက်ပြီးလျှင် သူက လေးပင်သော သက်ပြင်းကို ချလိုက်သည်။
" လူငယ်လေးချန် ငါက မင်းကို ယုံကြည်လို့ ကိစ္စတစ်ခုကို ပြောပြမယ်၊ ဒါက ဒီနိုင်ငံရဲ့ သေရေးရှင်ရေးနဲ့ ပတ်သက်နေတယ်၊ မင်းက စိတ်ဝင်စားပါရဲ့လား ''
အဘိုးအို ချင်းမုံ၏ စကားကြောင့် ချန်ဇီက ခေါင်းညိမ့်လိုက်သည်။ သည်နိူင်ငံ၏ သေရေးရှင်ရေးသည် သူနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်၍ နေသည်။ အကြောင်းမှာ ဤနိုင်ငံသည် မုယွင်ဖေးအာ၏ နေထိုင်ရာ နိူင်ငံတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
" စီနီယာက ပြောစရာရှိတာပြောပါ ဒီချန်က နားထောင်နေပါတယ် ''
အဘိုးအို ချင်းမုံက ကျေနပ်စွာ ပြုံး၍ ခေါင်းညိမ့် လိုက်သည်။
" ကောင်းပြီ... လူငယ်လေးချန် ငါတို့ရဲ့ စိမ်းပြာသုခ ကောင်းကင်ဘုံ နိုင်ငံက ထူးဆန်းသော ကောင်းကင် နိုင်ငံ ငါးနိုင်ငံ ထဲက နိုင်ငံတစ်ခုပဲ ဖြစ်တယ်၊ ဒီအဆုံးမဲ့တဲ့ ကောင်းကင်နိုင်ငံကြီးကို ငါတို့ဘိုးဘေးတွေက အပိုင်းငါးပိုင်း ခွဲပြီး နယ်မြေတွေတည်ထောင်ခဲ့ကြတယ်၊ အရင်က ဒီထူးဆန်းတဲ့ ကောင်းကင်နိုင်ငံ ငါးနိုင်ငံက သိပ်ကို ကျေနပ်ဖွယ်ကောင်းတယ်၊ အခုတော့ ဒါတွေက တဖြေးဖြေးနဲ့ ယိုယွင်းပျက်စီးလာခဲ့ပြီ၊ ပြီးတော့ အဆိုးဆုံးအရာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်မြေချဲ့ထွင်မှုနဲ့ စစ်မက် ဖြစ်ပွားမှုတွေတောင် ရှိလာကြတယ်၊ အခုငါက ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲက ငါတို့နိူင်ငံကို စစ်ပွဲအတွက် သံဝဏ်လွှာ ရောက်ရှိလာတာကြောင့်ပဲ ''
အဘိုးအို ချင်းမုံက စကားရှည်ကြီးကို ပြောလိုက်လေသည်။ ချန်ဇီသည် အဘိုးအိုချင်းမုံ၏ စကားများကို စိတ်ဝင်စားစွာ နားထောင်၍ နေပြီး သူက အဘိုးအိုချင်းမုံ၏ ရည်ရွယ်ချက် ကို အနည်းငယ် နားလည်လိုက်သည်။ ထို့နောက်တွင် အဘိုးအိုချင်းမုံက သူ၏ စကားကို ဆက်၍ ပြောလိုက်သည်။
" ငါတို့ကို စစ်ပွဲအတွက် ကြေငြာတဲ့သူက ခရမ်းရောင်ကောင်းကင်နိုင်ငံပဲ၊ ခရမ်းရောင် ကောင်းကင် နိုင်ငံက ငါတို့ရဲ့ ထူးဆန်းတဲ့ ကောင်းကင် နိုင်ငံ ငါးခုမှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ခရမ်းရောင်ကောင်းကင်ဂိုဏ်းဆိုတာ ရှိတယ်၊ အဘက်ဘက်က စဉ်းစားပြီးတဲ့နောက် ငါတို့နိုင်ငံက စစ်ရှုံးဖို့ သေချာသလောက် ရှိတယ်၊ ပြီးတော့... နယ်မြေ...နယ်မြေအုပ်စိုးသူက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အနောက်ဘက် သားရဲတောအုပ်မှာ အဆင့် ၈ မီးတောက်မြွေရဲ့ အဆိပ်သင့်လာခဲ့တယ် ဒီအတွက်ကြောင့် သူ့ရဲ့အသက်ဓာတ်က တဖြေးဖြေး ယိုယွင်းပျက်စီးနေပြီ ''
" အဆင့် ၈ မီးတောက် မြွေရဲ့ အဆိပ်လား ဒီအဆိပ်ကို ဖြေရှင်းနိူင်တဲ့သူ မရှိဘူးလား ''
ချန်ဇီက ချက်ချင်း မေးလိုက်လေသည်။ သူ၏ အမူအရာကြောင့် အဘိုးအိုပင် အနည်းငယ် လန့်၍ သွားသည်။
" ငါတို့ စိမ်းပြာသုခ ကောင်းကင်ဘုံ နိူင်ငံမှာ ဆေးဆရာတွေ ရှိကြပါတယ်၊ ဒါပေမယ့် သူတို့တွေအားလုံးက ဆေးတောင်သူ မျိုးနွယ်စုတွေပဲ ဘာကြောင့်မှန်းမသိ ဆေးတောင်သူ မျိုးနွယ်စုခေါင်းဆောင်က ပျောက်ဆုံးသွားတယ် ဒါကြောင့် နယ်မြေအရှင်ရဲ့ အဆိပ်ကို ကုသပေးနိုင်တဲ့ ဆေးဆရာ မရှိတော့ဘူး၊ ပြီးတော့ ငါတို့အနေနဲ့ ပေါ်ပေါ်ထင်ထင် လဲ မကုသရဲဘူး ဒီနှစ်တွေမှာ ငါတို့က ကြိုးစားကုသခဲ့ပေမယ့် အရှင့်ရဲ့ ဝေဒနါက ပိုပိုဆိုးဝါးလာတယ် အခု အရှင့်ရဲ့ အခြေအနေက သိပ်ပြီး မဟန်တော့ဘူး... ''
အဘိုးအိုချင်းမုံ၏ အသံသည် တဖြေးဖြေး တုန်ယင်၍ လာသည်။ သူက သေချာပေါက် ဝမ်းနည်း၍ နေမည် ဖြစ်သည်။ ထို့နောက် ချန်ဇီသည် အဘိုးအိုချင်းမုံအား ကြည့်၍....
" စီနီယာ... ဒီချန်ကို မျက်နှာသာပေးတဲ့ အနေနဲ့ တစ်ခုလောက် ကူညီနိုင်မလား ''
ချန်ဇီ၏ ရုတ်တရက် စကားကြောင့် အဘိုးအိုက သူ့အား နားမလည်နိူင်စွာဖြင့် ကြည့်လိုက်သည်။ ချန်ဇီက အဘိုးအိုအား ပြုံး၍ ကြည့်ကာ ခေါင်းညိမ့်၍ ပြောလိုက်သည်။
" စီနီယာက ဒီချန်ကို နယ်မြေအုပ်စိုးသူ အရှင်နဲ့ တွေ့ခွင့်ပေးပါ ဂျူနီယာက ဂျူနီယာနိုင်ငံမှာ ရှိစဉ်အခါ ငယ်စဉ်ကတည်းက ဆေးပညာကို သင်ယူခဲ့ပြီး ဂျူနီယာရဲ့ အဆင့်အတန်းက ဆေးအင်ပါယာ အဆင့်ထက် ကျော်လွန်နေပါပြီ စီနီယာက ဒီချန်ကို ယုံကြည်နိုင်ပါတယ် ''
ချန်ဇီက ပြောပြောဆိုဆိုနှင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးအင်ပါယာ တံဆိပ်ပြားကို ထုတ်၍ ပြလိုက်သည်။ အဘိုးအို ချင်းမုံက တံဆိပ်ပြားကို သေချာကြည့်၍ နေသော်လည်း သူက ထိုတံဆိပ်ပြား၏ အဆင့်အတန်းကို မသိချေ။
အကြောင်းမှာ သူတို့နိုင်ငံတွင် ဆေးဆရာများအား ကြယ်ပွင့်နှင့် သတ်မှတ်သောကြောင့်ပင် ဖြစ်သည်။ ဆေးတောင်သူ မျိုးနွယ်စု၏ ခေါင်းဆောင် မသေခင်က သူသည် ကြယ်ရှစ်ပွင့် ဆေးဆရာဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိုအဆင့် ၈ မီးတောက်မြွေအဆိပ်ကို ဖြေရှင်းနိူင်လေသည်။ သို့သော် ယခု ဆေးတောင်သူမျိူးနွယ်စု၏ ခေါင်းဆောင်သစ်သည် ကြယ် ၆ ပွင့်သာ ရှိသေး၍ သူ၏ အဆင့်က နယ်မြေအရှင် မုဘင်းအား ကူညီနိုင်သည့် အရည်အချင်း ရှိမနေချေ။
ချန်ဇီသည် အဘိုးအို၏ နားမလည်နိုင်မှုကို သိရှိလိုက်ပြီးလျှင် သူက လျှပ်တပြတ်အတွင်း အဘိုးအို ချင်းမုံ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်၍ ကိုင်လိုက်သည်။ ရုတ်တရက် အဖြစ်အပျက်ကြောင့် အဘိုးအို ချင်းမုံက ထိတ်လန့်သွားသော်လည်း ချန်ဇီက မျက်လုံးမှိတ်၍ စမ်းသပ်နေသည်ကို သိရှိလိုက်ပြီး စိတ်လျှော့ထားလိုက်လေသည်။
မိနစ်အနည်းငယ် အကြာ၌ ချန်ဇီ၏ မျက်လုံးက ပွင့်၍ သွားပြီးလျှင် သူက အဘိုးအိုချင်းမုံအား ပြုံး၍ ပြောလိုက်သည်။
" စီနီယာက နှစ်ပေါင်း ၂၀ အတွင်းမှာ အဆင့်တက်ဖို့အတွက် ခက်ခဲနေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်ထင်တယ်၊ စီနီယာရဲ့ ဒန်တန်မှာ ပြသနာ ရှိနေတာလား ''
" ဒါက... ''
ချန်ဇီ၏ စကားကြောင့် အဘိုးအို ချင်းမုံသည် လှုပ်လှုပ်ရှားရှား ဖြစ်၍ သွားသည်။ သူသည် လက်ရှိတွင် အဆင့်နိမ့် ဧကရာဇ် ဖြစ်ပြီး နောက်ထပ်တစ်ဆင့်သို့ တက်ရန် မည်မျှပင် ကြိုးစားပါသော်လည်း ခက်ခဲ၍ နေသည်။
နှစ်များစွာကြာ ကုသသော်လည်း ထိုအခြေအနေအား ဖြေရှင်းနိုင်သည့် အခြေအနေ၌ မရှိနေချေ။ ထိုအခြေအနေအား သုနှင့် ဆေးဆရာများသာ သိရှိထားသော အခြေအနေဖြစ်ရာ သူက ချန်ဇီအား ထူးဆန်းစွာကြည့်လိုက်သည်။
" စီနီယာက ဘာမှ စိတ်လှုပ်ရှားစရာ မလိုပါဘူး ဒီဂျူနီယာက အခုပဲ ဒန်တန်အတွင်း ပိတ်ဆို့နေတဲ့ သွေးကြောကို ဖွင့်လှစ်ပေးပါ့မယ်... ''
" ဒါ ...ဒါက ဖြစ်နိုင်လို့လား ''
အဘိုးအို ချင်းမုံသည် တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။ သူ၏ မျက်လုံးများက အရောင်များ တောက်ပနေသော်လည်း ယုံကြည်ရဲခြင်း မရှိပေ။
" ဒါကလား သေချာတာပေါ့ စီနီယာက စိတ်လျှော့ထားပါ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ချီစွမ်းအင်တွေကို မခုခံပါနဲ့ ''
" အင်း... ''
အဘိုးအိုချင်းမုံသည် ချန်ဇီအား ယုံကြည်မှုပေးလိုက်ပြီးလျှင် သူက မျက်လုံးများကို မှိတ်၍ ထားလိုက်သည်။ ချန်ဇီသည် ထူးဆန်းသော လက်ဟန်များကို လှုပ်ရှား၍ အဘိုးအိုချင်းမုံ၏ ခန္ဓာကိုယ်မှ အကြောပေါင်း ၁၀၈ ခုကို လက်ညှိုးနှင့် ထိကပ်လိုက်သည်။
အဘိုးအိုချင်းမုံ၏ ခန္ဓာကိုယ်က တဆက်ဆက် တုန်ယင်နေပြီး ချွေးများ ရွှဲနစ်၍ နေသည်။ ထို့နောက် ချန်ဇီက အဘိုးအိုချင်းမုံ၏ ကျောအား လက်နှင့်ထိကပ်၍ စွမ်းချင်များကို ဖြည့်သွင်းလိုက်သည်။
နတ်နဂါးစွမ်းအားများက ခန္ဓာကိုယ် အနှံ့ စီးဝင်၍ သွားကာ တဖြေးဖြေး ဒန်တန်ဆီသို့ တိုးကပ်၍ သွားသည်။ အဘိုးအို ချင်းမုံသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် ချီစီးကြောင်းအား ခံစား သိရှိ၍ နေသည်။
သို့သော် သူက ထိုအရာကို မခုခံဘဲ လွတ်လပ်ခွင့်ပေးလိုက်သည်။ သူက ချန်ဇီအား ယုံကြည်မှု ပေးလိုက်သည့်နောက် ချန်ဇီ၏ သဘောအတိုင်း ဆောင်ရွက်ရန်လိုသည်။
နဂါးစွမ်းအားများသည် ဒန်တန်တလျောက် ရစ်ပတ်၍ နေပြီး ဒန်တန်အား စွမ်းအားများကို ပို့လွှတ်၍ နေသည်။
" ဖောက်... ''
အချိန်တစ်နာရီခန့်အကြာတွင် အဘိုးအိုချင်းမုံ၏ ခန္ဓာကိုယ်မှ ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ချက်အား ကြားလိုက်ရပြီးလျှင် သူ၏ အော်ရာက ထိုးတက်၍ သွားသည်။ ထိုအခါမှ ချန်ဇီသည် သူ၏ လက်ကို ဖယ်ခွာလိုက်ပြီး မောပန်းဟန်နှင့် ထိုင်ချကာ သူ၏ ချီစွမ်းအင်များကို ပြန်လည်၍ ဖြည့်သွင်းရန် ကျင့်ကြံလိုက်သည်။
" ဒါက တကယ်ပဲလား၊ ငါက အိပ်မက် မက်နေတယ်လို့ ခံစားနေရတယ် ''
အဘိုးအိုချင်းမုံက ပြုံးရွှင်၍ နေပြီး ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် အဆင့်နိမ့် ဧကရာဇ်အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိ၍ သွားပြီ ဖြစ်သည်။ နောက်ထပ် နှစ် ၁၀၀၊ နှစ် ၂၀၀ အတွင်း သူသည် အလယ်အလတ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
......
ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်
စာစဉ်(၂၇)
အပိုင်း (၄၅၂) ယောက္ခမကြီး (ဝါ) နယ်မြေအုပ်စိုးသူ
မူရင်းရေးသားသူ - ဦးဟန်
" ငါ... ငါက ဒီလိုနဲ့ ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီလား ''
အဘိုးအိုချင်းမုံမှာ ယခုအချိန်အထိ ယုံကြည်နိုင်ခြင်း မရှိသေးပဲ ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူက မျက်လုံးမှိတ်၍ ကျင့်ကြံနေသော ချန်ဇီအား အတန်ကြာ စိုက်ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့်အတူ လေးစားမှုများလည်း ထင်ဟပ်၍ သွားသည်။ ထို့နောက် ချန်ဇီ၏ မျက်လုံးများက ပွင့်၍ လာကာ သူ့အား ကြည့်၍ ပြုံးပြလိုက်သည်။
" စီနီယာက ဘာကြောင့် ဒီလိုကြည့်နေတာလဲ၊ ဒီဂျူနီယာကို မမြင်ဖူးလို့များလား ''
ချန်ဇီ၏ စကားကြောင့် အဘိုးအို ချင်းမုံက သူ၏ အကြည့်ကို ချန်ဇီထံမှ လွှဲဖယ်လိုက်သည်။ ထို့နောက် သူက မြေပြင်၌ ဒူးထောက်၍ ချရန် သူ၏ ဒူးကို ကွေးလိုက်သည်။
သို့သော် ချန်ဇီက သူ့အား အလျှင်အမြန်တားဆီးလိုက်သည်။ ထို့နောက် ချန်ဇီက အဘိုးအို ချင်းမုံအား ကြည့်လိုက်သည်။
" စီနီယာ ဒါက တကယ်ပဲ မသင့်တော်လှပါဘူး၊ စီနီယာရဲ့ ကျင့်ကြံမှုအရရော၊ အသက်အရွယ်အရပါ စီနီယာက ဒီချန်ထက် လေးစားဖို့ထိုက်ပါတယ် ဒါက အမှတ်မထင် ကူညီမှု တစ်ခုပါပဲ၊ ဒီဂျူနီယာသိချင်တာက ဒီဂျူနီယာက အခု နယ်မြေအရှင်ကို တွေ့နိုင်ပြီလား ''
ချန်ဇီ၏ အမေးစကားကြောင့် အဘိုးအိုချင်းမုံက ထိုကိစ္စအား သတိရ၍ သွားသည်။ ထို့နောက် သူက နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး ချန်ဇီအား ပြောလိုက်၏။
" သေချာတာပေါ့ ..ဒါကတကယ်ပဲ တွေ့ဖို့ထိုက်တန်ပါတယ်၊ အချိန်ဆွဲမနေဘူး အခုပဲ သွားကြမယ် ''
" အမ်... အခုလား ''
' လူ့စိတ်က ဘယ်လိုအရာများလဲ၊ ခုနကပဲ သူက အင်တင်တင်လုပ်နေသေးတယ်၊ အခုတော့ သူမဟုတ်တဲ့အတိုင်းပါပဲလား '
ချန်ဇီက စိတ်ထဲမှ နေ၍ ရေရွတ်လိုက်သည်။ ထို့ပြင် သူ၏ ရင်များသည်လည်း လှုပ်ရှား၍ နေပြီး သူက သူ၏ ယောက္ခမ (ဝါ) စိမ်းပြာသုခကောင်းကင်ဘုံ နိူင်ငံအား အုပ်ချုပ်သည့် နယ်မြေအရှင်နှင့် တွေ့ရှိရတော့မည့်အတွက်လည်း ပျော်ရွှင်၍ နေသည်။
ချန်ဇီနှင့် အဘိုးအို ချင်းမုံသည် ယမန်နေ့ကအတိုင်း တောင်များကို ကျော်ဖြတ်၍ ပျံသန်းနေကြသည်။ ထူးခြားသည်မှာ အဘိုးအိုချင်းမုံသည် ယနေ့၌ နောက်ကျမည်ကို စိုးရွံ့သည့်အလား အလျှင်အမြန်ပင် ပျံသန်း၍ နေသည်။
" ဆင်းစို့... ''
သူတို့၏ အမြန်နှုန်းအရ မိနစ်အနည်းငယ်အတွင်း ဗဟိုနန်းတော် အတွင်းသို့ ရောက်ရှိ၍ သွားသည်။ ချန်ဇီက သူ၏ ချီစွမ်းအင်များ ကို ထိန်းချုပ်၍ မြေပြင်သို့ ဆင်းသက်လိုက်သည်။
အဘိုးအိုချင်းမုံသည် ယနေ့အခါ၌ သူက မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလား ရှေ့မှ ခပ်သွက်သွက် လျှောက်၍ နေသည်။ ထို့နောက် သူတို့နှစ်ဦးက ဗဟိုနန်းတော်၏ စံအိမ်အရှေ့သို့ ရောက်ရှိ၍ သွားသည်။
" ချင်းမျိုးနွယ်စုခေါင်းဆောင် သင်က ဘယ့်အတွက်ကြောင့် ရောက်ရှိလာတာလဲ၊ ဒီအချိန်က အရှင့်ရဲ့ နားနေရမယ့် အချိန်ဆိုတာ သင်က မသိဘူးလား ''
ထိုစဉ် ဗဟိုနန်းတော်အတွင်းမှ အေးစက်သည့်အသံသည် ထွက်ပေါ်၍ လာသည်။ ထိုအသံကြောင့် အဘိုးအိုချင်းမုံသည် သူ၏ ခြေလှမ်းများကို ရပ်၍ လေးစားမှုကို ပြလိုက်သည်။
" ခရမ်းရောင်နတ်မိမယ်၊ ဒီအဘိုးကြီးက အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် ရောက်ရှိလာပါတယ်၊ ကျုပ်ရဲ့ မသိတတ်မှုအတွက် အပြစ်ပေးချင်လဲပေးပါ ကျုပ်ရောက်ရှိနေကြောင်း အရှင့်ကို သတင်းပို့ပေးပါ ''
" နင်... နင်အတင့်ရဲလှချည်လား နင်အခုဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာကိုရော နင်က သတိထားမိရဲ့လား ''
အတွင်းမှ စကားသံသည် အေးစက်သည်ထက် ပို၍ အေးစက်၍ လာသည်။ ထိုအခါအဘိုးအိုချင်းမုံက တုန့်ဆိုင်းခြင်းမရှိ မြေပြင်၌ ဒူးထောက်၍ ချလိုက်သည်။
" ခရမ်းရောင်နတ်မိမယ်၊ ကျုပ်က သေသင့်တဲ့လူပါ ဒါပေမယ့် ကျုပ်မသေခင် အရှင်ကိုတွေ့ရမှ ကျေနပ်ပါလိမ့်မယ် ဒါက ခရမ်းရောင် နတ်မိမယ်တင်မဟုတ်ဘူး နတ်မိမယ် ငါးဦးလုံးစုစုံ ရောက်လာရင်တောင် ဒီအဘိုးကြီးက ထိုးဖောက်ပြီး ဝင်ရောက်ရပါလိမ့်မယ်... ''
" နင်... နင်က တကယ်ပဲ သေချင်နေတာလား ''
အဘိုးအိုချင်းမုံ၏ ဇွတ်တရွတ် ဆန်မှုကြောင့် အခန်းအတွင်းမှ အသံရှင်သည် ဒေါသထွက်၍ သွားသည်။ ထိုစဉ် လွှမ်းမိုးနိူင်သည့် အသံသည် အားပျော့စွာ ထွက်ပေါ်၍ လာသည်။
" မိန်ချင်း...သူ့ကို ဝင်ခွင့်ပေးလိုက်ပါ ''
" ဟုတ်ကဲ့ ... ကောင်းပါပြီ အရှင် ''
မိန်ချင်းဆိုသည်မှာ ခရမ်းရောင် နတ်မိမယ်၏ အမည်ရင်းဖြစ်ပြီး သူမတို့နတ်မိမယ် ငါးဦးအား အမည်တပ်၍ ခေါ်ရဲသူသည် နယ်မြေအရှင် တစ်ဦးသာ ရှိသည်။ ထို့နောက်တွင် သူတို့၏ ရှေ့ရှိ တံခါးမကြီးသည် ပွင့်ဟ၍ သွားသည်။
တံခါးဖွင့်ပေးလိုက်သူသည် ခရမ်းရောင် နတ်မိမယ်ကိုယ်တိုင်ပင် ဖြစ်ပြီး သူမက အဘိုးအိုချင်းမုံအား အေးစက်သော မျက်လုံးများနှင့်ကြည့်၍ နေသည်။ သို့သော် အဘိုးအိုချင်းမုံက သူမအား ဂရုမစိုက်အားဘဲ ချန်ဇီ၏ လက်ကိုဆွဲ၍ နန်းတော်အတွင်းသို့ ဝင်ရောက်၍ သွားသည်။
" ဟမ့်... အဘိုးကြီးချင်း နင်က တစ်နေ့ငါနဲ့တွေ့မယ် ''
ခရမ်းရောင်နတ်မိမယ်သည် သတ်ဖြတ်ချင်စိတ် အပြည့်နှင့် ရေရွတ်လိုက်သည်။ မိနစ် အနည်းငယ်အတွင်း၌ ချန်ဇီသည် ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိ၍ သွားသည်။
အဘိုးအိုချင်းမုံသည် အောက်ခင်းကြမ်းပြင်၌ ဒူးထောက်၍ ချလိုက်သည်။
" ချင်းမုံက အရှင့်ကို နှုတ်ဆက်ပါတယ် ချင်းမုံရဲ့ မိုက်မဲမှုအတွက် အရှင်က ခွင့်လွှတ်စေချင်ပါတယ် ''
" မင်းက ပြောစရာရှိတာကို တိုက်ရိုက် ပြောပါ ''
အဘိုးအိုချင်းမုံသည် ဒူးထောက်ရာမှ ထလိုက်ပြီးလျှင် သူက ချန်ဇီ၏ အကြောင်းများကို ပြောလိုက်လေသည်။ သူ၏ စကားသံများကို နယ်မြေအရှင်သည် တိတ်ဆိတ်စွာဖြင့် နားထောင်၍ နေသည်။
" ချင်းမုံ မင်းရဲ့စေတနာကို ငါနားလည်တယ် ဒါပေမယ့် ငါ့ရောဂါက ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်နေပြီ ဒါက မဖြစ်နိုင်တဲ့ အရာတစ်ခုပါ ''
စကားသံနှင့်အတူ သက်လက်ပိုင်းလူကြီးသည် နန်းဆောင်အတွင်းမှ ထွက်၍ လာသည်။ ထို့နောက်တွင် သူက ချန်ဇီအား စိုက်၍ ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ချန်ဇီသည် ဒူးထောက်ကျလုမတက် ဖြစ်၍ သွားသည်။
" မင်းမှာ ငါ့ရောဂါကို ကုသဖို့အတွက် အောင်မြင်မှု ရာခိုင်နှုန်း ဘယ်လောက်ရှိနေလဲ.. ''
နယ်မြေအရှင်၏ စကားသံက ထွက်ပေါ်၍ လာသည်။ ချန်ဇီသည် မုဘင်း၏ မျက်နှာအား စေ့စေ့ကြည့်လိုက်ပြီး သူက ပြုံးလိုက်သည်။
" တစ်ရာရာခိုင်နှုန်းလုံး သေချာပါတယ် ''
ထို့နောက် ချန်ဇီသည် ဖြေးညင်းစွာ ပြောလိုက်လေသည်။ သူ၏ ယုံကြည်မှုကြောင့် နယ်မြေအရှင်မုဘင်းသည် မျက်ခုံးတွန့်၍ သွားသည်။ ထို့နောက်သူက ပြုံးလိုက်ပြီးလျှင် ချန်ဇီအား ပြောလိုက်လေသည်။
" ဟားဟား... လူငယ်တွေက သိပ်ကို ယုံကြည်ချက် ကြီးနေပါလား၊ ကောင်းပြီ ငါ့မှာရွေးချယ်စရာမရှိဘူး မင်းဆန္ဒအတိုင်းသာ လုပ်တော့...''
နောက်ဆုံး၌ မုဘင်းသည် သက်ပြင်းချလိုက်ပြီးလျှင် ချန်ဇီအား ကြည့်၍ ပြောလိုက်သည်။
" ကျေးဇူးပါ စီနီယာ ဒါဆိုရင် ဒီဂျူနီယာကို စမ်းသပ်ခွင့်ပြုပါ ''
" ဟဟ... ကြိုက်သလိုသာ လာစမ်းသပ် ''
မုဘင်းက သဘောကျစွာ ရယ်မောလိုက်ပြီး သူက ထိုင်ခုံတစ်ခုပေါ်၌ ထိုင်လိုက်လေသည်။ ချန်ဇီသည် မုဘင်းအနားသို့ တိုးကပ်လိုက်ပြီးလျှင် သူက လက်ကောက်ဝတ်အား စမ်းသပ်လိုက်သည်။
အတန်ကြာ စမ်းသပ်ပြီး၌ သူက မုဘင်း၏ လက်ကိုလွှတ်၍ သက်ပြင်းချလိုက်သည်။
" ဒါက တကယ်ပဲ မီးတောက်မြွေအဆိပ်လား၊ သူက အဆင့် ၈ သားရဲဆိုပေမယ့် ဒီလောက်ပြင်းထန်နေရင် စီနီယာက သူသားပေါက်နေတဲ့ အချိန်မှာ သူ့ကို ရန်စမိတယ်ထင်တယ်... ''
" အသေအချာပဲ... ဒါက ဒီလိုဖြစ်ခဲ့တယ် ''
ချန်ဇီ၏ စကားကြောင့် မုဘင်းက အနည်းငယ် ပြုံး၍ ဖြေလိုက်သည်။ မည်သ ည့်အတွက်ကြောင့်မှန်းမသိ သူက ချန်ဇီအား မသိစိတ်မှနေ၍ ယုံကြည်၍ နေသည်။
ချန်ဇီက အဘိုးအိုချင်းမုံအား ငေး၍ ကြည့်လိုက်သည်။ ထို့နောက်သူက စုတ်တံတစ်ချောင်းကို တောင်းယူ၍ စာရွက်ပေါ်၌ အချိန်အတန်ကြာ ရေးခြစ်လိုက်သည်။
" စီနီယာ၊ ဒီချန်က စီနီယာကို အနည်းငယ် အလုပ်ပေးရပါဦးမယ် ဒီဂျူနီယာကို ဟော့ဒီ ဆေးအမယ်တွေများ ရှာပေးနိူင်မလား ''
ချန်ဇီက ဆေးအမယ် တစ်ရာကျော်ပါသော ဆေးစာရွက်အား အဘိုးအိုချင်းမုံအား ပေးလိုက်သည်။ ထို့နောက်တွင် အဘိုးအိုချင်းမုံက စာရွက်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
" လူငယ်လေးချန် ဒီအဘိုးကြီးက ဆေးပညာဗဟုသုတ လုံးဝမရှိဘူး၊ ဒါပေမယ့် မင်းက မပူပါနဲ့ အခုပဲ ဆေးတောင်သူ မျိုးနွယ်တွေစီ ကျုပ်က ဒီဆေးအမယ်တွေကို ယူလာဖို့ အသံပို့လွှတ်လိုက်မယ် ''
" စီနီယာ ကောင်းသလိုသာ စီစဉ်ပါ ''
ထို့နောက်တွင် သူက မုဘင်းအား ကြည့်လိုက်ပြန်သည်။
" စီနီယာ ဒီချန်ဇီက စ်ီနီယာထံက အကူအညီတစ်ခု လိုအပ်နေပါသေးတယ် ဒါက စိတ်တန်ခိုးအထက်အဆင့် ကျင့်ကြံသူ ငါးယောက်က စီနီယာရဲ့ မိန်၊ ရှဲ့၊ ရှင်၊ ချိုး၊ ကြဉ် အကြောငါးခုကို ထိန်းချုပ်ရမှာပါ ဒါကြောင့် ဒီချန်ဇီက စိတ်တန်ခိုးအထက်အဆင့် ကျင့်ကြံသူတွေများ ခေါ်ပေးနိုင်မလား ''
သူ၏ စကားကြောင့် မုဘင်းသည် ခေါင်းညိမ့်လိုက်ပြီးလျှင် သူက သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက်သူက ကျောက်စိမ်းပြားပေါ်၌ တစုံတစ်ခုကို ရေးခြစ်လိုက်သည်။
မိနစ်အနည်းငယ် အတွင်း အနီ၊ ခရမ်း၊ အစိမ်း၊ အဝါ၊ အပြာ စသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းကလေးငါးဦး ရောက်ရှိ၍ လာသည်။ သူမတို့ငါးဦးမှာ နယ်မြေအရှင်မုဘင်းပြီးလျှင် အစွမ်းအထက်ဆုံးသော နတ်မိမယ် ငါးဦးပင် ဖြစ်သည်။
......
ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်
စာစဉ်(၂၇)
အပိုင်း (၄၅၃) ကုသခြင်း လုပ်ငန်းစဉ်
မူရင်းရေးသားသူ - ဦးဟန်
နတ်မိငယ် ငါးဦးက မုဘင်း၏ ဘေး၌ ငြိမ်သက်စွာ ရပ်၍ နေသည်။ ချန်ဇီသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ငွေအပ်များကို ထုတ်ယူလိုက်သည်။
သူသည် ယခုအခါ၌ ဆေးနတ်ဘုရား၏ မှတ်ဉာဏ်ထဲမှ အသင်္ချေအပ်မိုးများ ပျံသန်းခြင်းနည်းဖြင့် ကုသမည် ဖြစ်သည်။ အသင်္ချေအပ်မိုးများ ပျံသန်းခြင်းနည်း စနစ်သည် ဆေးနတ်ဘုရား၏ နတ်ဘုရား မှတ်တမ်းများထဲမှ ထိပ်တန်းကုသခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။
ထိုပညာရပ်ဖြင့် ကုသခြင်းတွင် ချီစွမ်းအင်များကို များစွာ အသုံးပြုရပြီး လွန်စွာ ခက်ခဲသည့် နည်းစနစ် တစ်ခုလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူက စိတ်တန်ခိုးအထက်အဆင့် ပညာရှင်များအား လိုအပ်ခြင်းဖြစ်သည်။
ထို့နောက် ချန်ဇီက နတ်မိမယ် ငါးဦးအား ကြည့်လိုက်သည်။ နတ်မိမယ် ငါးဦးသည် ရုပ်ရည်အားဖြင့် နုဖက်၍ နေသော်လည်း အားလုံးသည် နှစ် ၃၀၀ အထက် ရှိကြသော သူများဖြစ်သည်။
ထို့အတွက် သူက သာမန်အားဖြင့် သူမတို့အား လေးစားရန် လိုအပ်ပေသည်။ သူက နတ်မိမယ်များကို ဦးညွှတ်လိုက်ပြီး လိုအပ်သည်များကို ညွှန်ကြားလိုက်သည်။
" စီနီယာတို့ ဒီချန်ဇီက အရဲစွန့်ပြီး စီနီယာတို့ကို ကိစ္စတစ်ခု ခိုင်းရပါလိမ့်မယ်၊ ဒါက စီနီယာတို့က နယ်မြေအရှင်ရဲ့ အကြောငါးခုကို ပိတ်ဆို့ပေးဖို့ပါ ''
" အင်း....နင်က အားမနာဘဲပြောပါ၊ ဘယ်အကြောတွေကို ငါတို့က ပိတ်ပေးရမလဲ ''
နတ်မိမယ်ငါးဦးထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော ခရမ်းရောင်နတ်မိမယ်က ပြောလိုက်သည်။ ချန်ဇီက ခေါင်းညိမ့်လိုက်ပြီးလျှင် သူမတို့အား လိုအပ်သည်များကို ညွှန်ကြားလိုက်သည်။
" ဒါကလား၊ ဒါက အဓိက သွေးကြောမကြီးတွေဖြစ်တဲ့ မိန်၊ ရှဲ့၊ ရှင်၊ ချိုး နဲ့ ကြဉ်ပါ ဒီအကြောစုံငါးခုကို စီနီယာတို့က ချီစွမ်းအင်တွေနဲ့ ပိတ်ဆို့ထားစေချင်ပါတယ် ''
" ကောင်းပြီ ငါတို့က ကြိုးစားပေးမယ် ''
ခရမ်းရောင် နတ်မိမယ်က ချန်ဇီအား ပြောလိုက်လေသည်။ ချန်ဇီက ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူက အဘိုးအို ချင်းမုံ ပြန်လာမည့် အချိန်အား စောင့်ဆိုင်း၍ နေသည်။
မိနစ်အနည်းငယ်အတွင်း အဘိုးအို တစ်ဦးသည် လူနှစ်ဦးနှင့်အတူ အပြေးအလွှားရောက်ရှိ၍ လာသည်။ ထိုအဘိုးအိုသည် ချင်းမုံပင် ဖြစ်သည်။ သူ၏ ဘေးမှ လူနှစ်ယောက်သည် ဆေးတောင်သူ မျိူးနွယ်စုမှ သူများဖြစ်မည်မှာ သေချာသလောက်ရှိသည်။
အဘိုးအို ချင်းမုံက ချန်ဇီအနီးသို့ ရောက်ရှိ၍ လာသည်။ ထို့နောက် သူနှင့်အတူ ဆေးတောင်သူ မျိုးနွယ်စုမှ လူနှစ်ဦးက မုဘင်းအား ဂါရဝပြု နှုတ်ဆက်လိုက်သည်။
" နယ်မြေအရှင်ကို ဒီအဘိုးကြီးက ဂါရဝပြုပါတယ်၊ ဒါတွေက လိုအပ်တဲ့ ဆေးအမယ်တွေက ဟုတ်မဟုတ် တစ်ချက်လောက် စစ်ကြည့်ပေးသေချင်ပါတယ် ''
ဆေးတောင်သူမျိုးနွယ်စုများသည် စိမ်းပြာသုခမိုးကောင်းကင် နိုင်ငံ၏ ဆေးပညာရှင်များ တဖြစ်လည်း ဆေးပင်စိုက်ပျိုးသူများပင် ဖြစ်သည်။ သာမန်အားဖြင့် သူတို့ထံတွင် ဆေးအမယ်ပေါင်း မြောက်များစွာ တည်ရှိလေသည်။
ဆေးတောင်သူ မျိုးနွယ်စုတွင် အပြင်ဘက် ကမ္ဘာ၌ မရှိသော ရှားပါးဆေးပင် များပင် တည်ရှိလေသည်။ မုဘင်းသည် ဆေးတောင်သူ မျိုးနွယ်စုမှ လူနှစ်ဦးအား ခေါင်းညိမ့်၍ ပြလိုက်သည်။
" အင်း... ဟိုက လူငယ်ကို ပြလိုက်ပါ၊ သူက ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ် ''
" အရှင် ဒါက အဆင်ပြေပါ့မလား သူ့ရဲ့ အသက်အရွယ်နဲ့ ဒီဆေးပင်တွေကို... ''
ဆေးတောင်သူမျိုးနွယ်စုမှ လူနှစ်ဦးက ချန်ဇီအားကြည့်၍ မုဘင်းအား ပြောလိုက်သည်။ သူ၏ စကားကြောင့် နယ်မြေအရှင် မုဘင်းသည် အနည်းငယ် ပြုံးလိုက်သည်။
" အင်း... သေချာတာပေါ့ သူက စစ်ဆေးနိုင်ပါတယ်၊ အဲ့ဒီဆေးအမယ်တွေကို ရေးပေးလိုက်တဲ့သူကလဲ သူပဲလေ ''
" အရှင်... ဒါက... ကောင်းပါပြီ ဒီခေါင်းဆောင်က ဆောင်ရွက်လိုက်ပါ့မယ် ''
ထိုသူသည် ဆေးတောင်သူမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင်ပင် ဖြစ်သည်။ အခြားတစ်ယောက်သည် သူတို့မျိူးနွယ်စုမှ အကြီးအကဲတစ်ဦးပင် ဖြစ်သည်။ ထို့နောက် အဘိုးအိုက ချန်ဇီအား လက်စွပ်တစ်ကွင်းအား ပစ်၍ ပေးလိုက်သည်။
" ရော့... ဒီထဲမှာ ဆေးအမယ်တွေ အကုန်ပါတယ် စစ်ကြည့်လိုက် ''
အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။ ချန်ဇီက သူ၏ လက်စွပ်အား ယူလိုက်ပြီးလျှင် သူ၏ နတ်ဘုရား အသိစိတ်ကို လက်စွပ်အတွင်းသို့ ပို့လွှတ်လိုက်သည်။
ထို့နောက်သူက အချိန်အတန်ကြာ စစ်ဆေးပြီးနောက် ခေါင်းညိမ့်လိုက်သည်။
" ဒါက... မဆိုးပါဘူး၊ ကျုပ်လိုချင်တဲ့ ပမာဏကိုရပေမယ့် မိုးကောင်းကင် မိုးကြိုးမြက်ပင်နဲ့ နတ်ဘုရား မျက်စောင်း အမြစ်က သတ်မှတ်ထားတဲ့ သတ်တမ်းထက် နည်းနည်းနုနေတယ် ''
ချန်ဇီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူ၏ စကားကြောင့် ဆေးတောင်သူ
You are reading the story above: TeenFic.Net