အခန်း ၆

Background color
Font
Font size
Line height

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၆) ငါ့ရှေ့မှာတော့ မင်းကအဲ့လောက်ကြီး ထူးကဲတဲ့လူတစ်ယောက် မဟုတ်ပါဘူး (၂)

ဖန်းမိသားစု အိမ်တော်၏ အဓိကခန်းမအတွင်း၌ အလင်းရောင်တစ်ခုရှိနေခဲ့သည်။ အိမ်တော်သခင် ဖန်းမန် သည် ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး မိသားစုမှ အမျိုးသားများ ၊ အမျိုးသမီးများသည် သူ့ကို ဝန်းရံနေခဲ့ကြသည်။

သူ၏အသက်သည် (၇၀) နီးနေပြီဖြစ်သည်။ သူသည် ဆံပင်များသည် ဖြူနေပြီ ဖြစ်ကာ သူ့ကိုကြည့်ရသည်မှာ ခြင်္သေ့အိုတစ်ကောင်နှင့် တူနေခဲ့သည်။ သူသည် ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး သူ့လက်များသည် လမ်းလျှောက်တုတ်ကောက်ကို ဆုပ်ကိုင်ထားပြီး မှောင်မဲနေသည့် ပြင်ပ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

“ အခုက ကြွက်နာရီ ရောက်နေပြီပဲ၊ ကျုးကျော်သူလည်း တစ်ယောက်မှ မရှိနေပါဘူး ။ ကြည့်ရတာ သတင်းမှားပဲ ထင်တယ် “

“ ကျွန်မပြောသားပဲ၊ ကလေးနှစ်ယောက်ပြောတာကို မယုံပါနဲ့ဆိုတာကို “

“ ဖန်းဝမ်က တော်‌တော်လေး ဉာဏ်ကောင်းတဲ့ကလေးပါ၊ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလို ကောလာဟလတွေကို ယုံကြည်ရတာလဲ ။ ဖန်းမိသားစုအိမ်တော်က မြို့စားအိမ်တော်ပဲလေ၊ ဘယ်သူက ကျုးကျော်ရဲမှာတဲ့လဲ ....... ကျုးကျော်မယ့်လူတွေ ရှိရင်လည်း ခေါင်း ပြတ်ချင်လို့ပဲ နေမှာပေါ့ “

“ တိတ်တိတ်လေးနေကြစမ်း၊ မင်းတို့အမျိုးသမီးတွေက ဘာနားလည်လို့လဲ .......။အခုထိ မနက်မလင်းသေးဘူး၊ ငါတို့ သတိလျော့လိုက်လို့ မဖြစ်ဘူး “

“ အဖေ ကျွန်တော်တော့ စိတ်မသက်မသာ ဖြစ်နေပြီ “

အမျိုးသားများသည် ဖန်းဝမ်၏ ဦးလေးများဖြစ်ကြလေသည်။ သူတို့၏ အမူအယာများ သည် အကျည်းတန်နေကြလေ၏။ တင်းမာနေသော လေထုကို ပြေလျော့စေရန်အတွက် အမျိုးသမီးများသည် သက်တောင့်သက်သာ ဖြစ်စေရန် ပြုမူနေကြ၏။

လေးယောက်မြောက် သခင်ဖြစ်သည့် ဖန်းကျန်း သည် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ပြီး အလောင်းပင်လယ်၊ သွေးပင်လယ်များ ကို ဖြတ်ကျော်ခဲ့ဖူးသူတစ်ယောက် ဖြစ်သည်။ သူ၏အန္တရာယ်ကို အာရုံခံနိုင်စွမ်းသည် အခြားသူများ နှိုင်းယှဉ်၍ မရနိုင်သည့် အရာတစ်ခုဖြစ်သည်။

ဖန်းမန်သည် နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။

“ ငါ့ဘဝတစ်လျှောက်လုံး စစ်သားလုပ်လာခဲ့တာ၊ အခုတော့ ငါက သာမာန်လူတစ်ယောက်လိုပဲနေပြီးတော့ စစ်တပ်အာဏာကို လက်လွှတ်ပေးလိုက်ပြီ။ တစ်ယောက်ယောက် က ငါ့ကိုရန်လာစရင်လည်း ဂရုမစိုက်ဘူး၊ လာရဲတဲ့ဘယ်သူမဆို သေရမှာပဲ ၊ ပြီးတော့ ဒီမှာတင်ပြီးသွားမှာ မဟုတ်ဘူး “

သူသည် ကျယ်ပြန့်လှသည့် တာချီမင်းနေပြည်တော်အား ကြည့်ရင်းဖြင့် အလွန်တရာ ဒေါသထွက်နေခဲ့ပြီး ဖြစ်သည်။

ဘယ်သူက သူရဲ့ ဖန်းမိသားစု မြို့စားအိမ်တော်ကို အဆင်အခြင်မဲ့စွာဖြင့် တိုက်ခိုက်ရဲမှာလဲ။

ပြီးတော့ ဘယ်သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ အာဏာ စွမ်းအားမျိုး ရှိမလဲ ......

ဖန်းမန် သည် သံသယများစွာ ရှိနေခဲ့သော်လည်း တစ်ခုကိုမှ ဖွင့်ပြောခြင်းမရှိပေ။

ရုတ်တရက်။

“ အားးးး..... “

အရှေ့ဖက်ဆီမှ ကြောက်လန့်တကြားအော်ဟစ်လိုက်သည့် အစေခံတစ်ယောက်၏ အသံထွက်လာခဲ့သည်။

ဖန်းဝမ်၏ အကြီးဆုံး ဦးလေးဖြစ်သူ ဖန်းရှီသည် ရုတ်တရက် အပြင်သို့ ထွက်သွားခဲ့သည်။ ထို့နောက် သူသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

ကျန်နေခဲ့သည့် သခင်လေးယောက် ဖြစ်သည့် ဖန်းဇီ၊ ဖန်းကျင်း ၊ ဖန်းကျန်း နှင့် ဖန်းယင် တို့သည်လည်း ချက်ချင်းပင် ပင်မတံခါးဆီသို့ သွားလိုက်ကြသည်။ သူတို့၏ အမျိုးသမီးများသည် တုန်လှုပ်သွားကြပြီး အချင်းချင်း တုန်ယင်စွာဖြင့် ဖက်ထားလိုက်ကြသည်။

ဖန်းမန် ‌သည် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး သူ့ဇနီး၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။

မကြာမီတွင် ဖန်းမိသားစု အိမ်တော်အတွင်း၌ အော်ဟစ်သံများ၊ တိုက်ပွဲကြုံးဝါးသံများ ၊ ဓါးများဖြင့် တိုက်ခိုက်ကြသည့်အသံများဖြင့် ဆူညံသွားလေသည်။

ဖန်းဝမ်သည် ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့်လူများသည် ဖန်းမိသားစု အိမ်တော်ထဲသို့ ဝင်လာနေခဲ့သည်ကို တွေ့လိုက်ရသည်။ ရန်သူများ၏ အရေအတွက်သည် သူခန့်မှန်းထားသည်ထက် ပို၍များပြားနေခဲ့သည်။ ထို့နောက် သူသည် အလျင်မြန်ဆုံး ရွေ့လျားနေသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ထံသို့ ပြေးလိုက်သွားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဖန်းဟန်ယုလည်း လှုပ်ရှားလိုက်သည်။ ကျိုးရွှယ်မှာမူ ကျောက်တုံး ထိုင်ခုံတွင်သာ ထိုင်နေခဲ့ပြီး စိတ်ရှည်စွာဖြင့် ထိုင်စောင့်နေခဲ့လေသည်။

ဘန်း ......

အနက်ရောင်ဝတ်စုံနှင့် လူသည် နံရံကို ခြေကန်တက်လိုက်ပြီး တစ်ဖက်သို့ ကျော်ဝင်လာခဲ့သည်။ သူ၏ညာဘက်လက်တွင် ဓါးမော့ တစ်ချောင်းကို ကိုင်ထားပြီး သူ့မျက်နှာကိုမူ အမဲရောင် အဝတ်စဖြင့် ဖုံးကွယ်ထားခဲ့သဖြင့် သူ့မျက်လုံးများကိုသာ မြင်နိုင်ပေသည်။

သူ၏အကြည့်များသည် ‌သူ့ရှေ့တွင် အော်ဟစ်နေခဲ့သည့် အစေခံအမျိုးသမီး သုံးယောက်အပေါ်သို့ကျရောက်သွားခဲ့သည်။

ထို့နောက် သူသည် ထိုထွက်ပြေးနေသည့် အမျိုးသမီးများနောက်သို့ လိုက်ရန်ပြင်ဆင်လိုက်သည်။

ဝှစ်.....

လေထု ပြိုကွဲသံတစ်ခုသည် ညနက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် လည်း ရုတ်တရက် ရပ်တန့်သွားလေသည်။ သူ့နောက်ကျောဖက်ရှိ နံရံပေါ်တွင် ကျောက်စရစ်ခဲတစ်ခု နစ်ဝင်နေခဲ့သည်။

လရောင်အောက်တွင် ကျောက်စရစ်ခဲသည် အနက်ရောင်သွေးများဖြင့် စွန်းပေ နေခဲ့လေသည်။

အနက်ရောင်ဝတ်စုံနှင့် လူသည် နောက်ပြန်လဲကျသွားခဲ့သည်။ သူသေဆုံးသွားသည်ကိုပင် မသိလိုက်သည့်နှယ် သူ့မျက်လုံးများသည် ပွင့်နေကြဆဲဖြစ်သည်။ သူ့နဖူး အလည်တည့်တည့်တွင် အပေါက်တစ်ခု ရှိနေခဲ့၏။

သူနောက်ဆုံး မြင်လိုက်သည်မှာ ဖန်းဝမ်၏ ပုံရိပ်ကိိုသာ ဖြစ်သည်။

ဖန်းဝမ်သည် ပြေးလွှားနေရင်းမှာပင် ကျောက်စရစ်ခဲများကို ပစ်လွှတ်လိုက်သည်။ ကျောက်စရစ်ခဲတစ်ခုစီသည် ဝင်လာကြသည့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ အသက်တစ်ချောင်းကို အလွယ်တကူ ရယူနိုင်ပေသည်။

ထို့နောက် ဖန်းဝမ်သည် အရပ်မျက်နှာအနှံ့ကို ပြေးလွှားသွားလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့် လူများကို လိုက်ရှာလိုက်သည်။ မည်သူကမှ သူ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

ဖန်းမိသားစုအိမ်တော်သည် မြို့တော်တွင်းမှ မြို့တော်တစ်ခုဟု ပြော၍ရလောက်သည်အထိ ကျယ်ပြန့်ပေသည်။ အနက်ရောင်ဝတ်စုံနှင့် လူများသည် အိမ်တော်တစ်ခုလုံးတွင် ပျံနှံ့နေခဲ့သည်ဖြစ်ရာ ဖန်းဝမ်သည် အချိန်တိုလေးအတွင်း ထိုလူများအားလုံးကို ရှင်းပစ်နိုင်ခြင်း မရှိပေ။

ကျိုးရွှယ်၏ ပြောကြားချက်အရ ကျင့်ကြံသူတစ်ယောက်အပြင် အင်ပါယာမြို့တော်မှ အထွတ်အထိပ်အဆင့် ဆရာသခင် ခြောက်ဦးလည်း ကျူးကျော်သူများထဲတွင် ပါလာမည်ဟု သိခဲ့ရသည်။ ဖန်းမိသားစု အတွင်း၌မူ အထွတ်အထိပ်အဆင့် သိုင်းသမား ရှိမနေခဲ့ပေ။ ထောင်ပေါင်းများစွာသော အိမ်တော် အစောင့်များနှင့် စစ်သည်များ ရှိနေခဲ့လျှင်ပင် ထိုအထွတ်အထိပ် ဆရာသခင်အဆင့် ခြောက်ယောက်ကို သတ်ဖြတ်ရန်ခက်ခဲနိုင်ပေသည်။

ဖန်းဝမ်အနေဖြင့် ထိုခြောက်ယောက်ကို အရင်ရှင်းပစ်ပြီးမှသာ ကျင့်ကြံသူကို ကိုင်တွယ်ရန် စဉ်းစားထားလေသည်။ သို့ဆိုလျှင် ဖန်းမိသားစုဝင်များ ထိခိုက်မှု နည်းပါးလိမ့်မည် ဖြစ်သည်။

ဖန်းဝမ်သည် ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။ သူသည် ချက်ချင်းပင် ထိုနေရာသို့ သွားလိုက်သည်။

ထန်....

ဓါးများ ထိမိသည့်အသံများ ထွက်ပေါ်လာခဲ့သည်။ ဖန်းဟန်ယုသည် နောက်သို့ဆုတ်ပေးလိုက်ရပြီး မြေပြင်ပေါ်တွင် သူ့ခြေထောက်ရာ စွပ်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် သွေးများကို အန်ထုတ်လိုက်ရပြီး ဒူးထောက်လုနီးပါးဖြစ်သွားရသည်။

တိုက်ပွဲစတင်သည်နှင့် သူသည် အရှုံးနှင့်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

ဖန်းဟန်ယု၏ ဆံပင်များသည် မသပ်မရပ်ဖြစ်သွားကြသည်။ သူ့မျက်လုံးများတွင် ချောက်ခြားမှုတစ်ခု ပေါ်လာပြီး အံကြိတ်ကာ စကားတစ်ခွန်းကို ပြောလိုက်သည်။

“ အထွတ်အထိပ်အဆင့် “

အေးစက်သော လေညင်း၊ မှောင်မဲနေသော ညအလင်းရောင် အောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ဖန်းဟန်ယု၏ ရှေ့တွင် ဓါးမော့တစ်ချောင်းကို ကိုင်ထားပြီး မတ်တပ်ရပ်နေခဲ့သည်။ အခြားသူများနှင့်ကွာခြားသည်မှာ သူသည် မျက်လုံးများနှင့် နှာခေါင်းကိုသာ ဖော်ထားသည့် ကြေးမျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ဖန်းဟန်ယုကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်ပြီး ထိုလူက ပြောလိုက်သည်။

“ ဒီလိုအသက်ငယ်ငယ်နဲ့ ပထမဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာဖို့က မင်းက တကယ်ပဲ ဖန်းမိသားစုရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ စိတ်မကောင်းစရာက ဒီညက မင်းရဲ့ နောက်ဆုံးည ဖြစ်နေတာပဲ “

သူသည် ညာဘက်လက်ထဲမှ ဓါးမော့ကို မြောက်တင်လိုက်ပြီး အေးစက်မှုများထွက်ပေါ်လာခဲ့သည်။

ဖန်းဟန်ယုသည် လက်မခံနိုင်သည့် အမူအယာဖြစ်နေခဲ့သည်။ ဤနေ့မတိုင်ခင်က သူသည် အထွတ်အထိပ်အဆင့် သိုင်းသမား အနေဖြင့် သူ၏ ဂိုဏ်းခေါင်းဆောင် ဖြစ်သူ တစ်ဦးတည်းကိုသာ သူတွေ့ခဲ့ဖူးသည်။ သူ့ဆရာ၏ သင်ပေးချက်အရ ပထမအဆင့် သိုင်းသမားတစ်ဦးနှင့် အထွတ်အထိပ်အဆင့် ဆရာသခင်တစ်ယောက်၏ ကွာခြားချက်များကို ကောင်းစွာသိထားခဲ့သည်။

ကံဆိုးသည်မှာ ဖန်းမိသားစုသည် စစ်တပ်ကျောထောက်နောက်ခံရှိနေ သော်လည်း အထွတ်အထိပ်အဆင့် ဆရာသခင် တစ်ယောက် ရှိမနေခြင်းပင်ဖြစ်သည်။ သူ၏ အကြီးဆုံး ဦးလေးဖြစ်သူ ဖန်းရှီသည်ပင် အလွန်ဆုံးမှ ပထမအဆင့် သိုင်းသမားတစ်ဦးသာ ဖြစ်သည်။

“ ခင်ဗျားက ဘယ်သူလဲ ။ ဒီကိစ္စနောက်ကွယ်မှာဘယ်သူရှိနေတာလဲ “

ဖန်းဟန်ယုသည် မတ်တပ်ရပ်နိုင်ရန် ကြိုးစား‌နေခဲ့ပြီး သူ့လက်ထဲမှ ဓါးကို အားပြုထားသဖြင့် ဓါးသည် တုန်ယင်နေခဲ့သည်။

သူသည် ယခုမှသာ တိုက်ပွဲဝင်ခြင်းဖြစ်ပြီး တိုက်ပွဲစသည်နှင့် နောက်ကောက်ချခံလိုက်ရသည်။ ဤအိမ်တော်သည် သူ့အိမ်ဖြစ်သဖြင့် သူသည်ဆိုးဝါးစွာ ဒဏ်ရာရနေသော်လည်း နောက်သို့မဆုတ်လိုပေ။

မျက်နှာဖုံးနှင့်လူသည် ဓါးကိုကိုင်လိုက်ပြီး ရှေ့တစ်လှမ်းလှမ်းလာခဲ့ပြီး ပြောလိုက်သည်။

“ သေရ‌တော့မယ့်လူတစ်ယောက်ကအများကြီး သိနေဖို့မလိုအပ်ဘူး။ ဒီလောကက ကိစ္စတွေအားလုံးက မင်းနဲ့သက်ဆိုင်တော့မှာမှ မဟုတ်တာ “

ဖန်းဟန်ယုသည် သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး သေသည်အထိတိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။

သူ့အနေဖြင့် ပြိုင်ဘက်ကိုမသတ်နိုင်လျှင်ပင်ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေရန်အတွက် တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့ဆိုလျှင် ဖန်းမိသားစုအတွက် အချိန်အနည်းငယ် ပိုရလာနိုင်သည် မဟုတ်ပေလော.......။

ထိုအခိုက်အတန့်တွင်ပင် .......

မျက်နှာဖုံးစွပ်နှင့်လူသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဖန်းဟန်ယုသည် ဇဝေဇဝါ ဖြစ်သွားလေသည်။ ရုတ်တရက် အနောက်ဘက်ဆီမှ ရင်းနှီးနေသည့် အသံတစ်ခု ကိုကြားလိုက်ရသည်။

“ခင်ဗျားပြောတာမှန်ပါတယ်၊ ဒါပေမယ့် သေရမယ့် လူက ခင်ဗျားကော ဖြစ်နိုင်တယ်လို့ မတွေးမိဘူးလား “

ဖန်းဟန်ယုသည် နောက်သို့လှည့်ကြည့်လိုက်ပြီး ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုပုံရိပ်သည် ဖန်းဝမ်ပင်တည်း။

သူသည် အရိပ်မဲ့ ခြေလှမ်းသိုင်းကို သုံးလိုက်ပြီး အလျင်မြန်ပင် ရောက်လာခဲ့သည်။ ထို့နောက်သူသည် ပုံရိပ်ယောင်များကို ချန်ထားခဲ့ပြီး ဖန်းဟန်ယုနှင့် မျက်နှာဖုံးစွပ်လူကြားသို့ ရောက်လာလေသည်။

ဖန်းဝမ်သည် အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး အရပ်မြင့်မား၍ ခန့်ညားနေပေသည်။ သူ့မျက်နှာမှာမူ ကလေးတစ်ယောက်၏ ပုံစံများမပျောက်သေးပေ။ ကလေးဆန်သော အမူအယာများက တစ်စိတ်တပိုင်းကျန်ရှိနေပြီး အရွယ်ရောက်ပြီးသူတစ်ယောက်နှင့်လည်း တူနေခဲ့သည်။

ဖန်းဝမ်၏ ညာဖက်လက်ကိုကြည့်လိုက်ပြီး မျက်နှာဖုံးစွပ်နှင့်လူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“ အံ့သြစရာကိုယ်ဖော့သိုင်းပဲ ၊ မင်းက အရမ်းငယ်သေးပေမယ့် ပါရမီရှင်တစ်ယောက်ပဲ။ မင်းနဲ့ယှဉ်လိုက်ရင် မင်းနောက်ကလူက သာမန်လူတစ်ယောက် သာသာပဲ “

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ဖန်းဟန်ယုသည် ဖန်းဝမ်၏နောက်ကျောကို ကြည့်လိုက်မိသည်။

သူသည် သူ၏ဝမ်းကွဲညီငယ် ကိုမှတ်မိပေသည်။ သူတို့သည် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး ကိုယ်စီကိစ္စများကြောင့် မဆက်သွယ်ဖြစ်ခဲ့သည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။

“ အဲ့ဒီကိုယ်ဖော့သိုင်းက .... သူလည်းပဲ သိုင်းပညာကိုလေ့ကျင့်ထားတာလား “

ဖန်းဟန်ယုသည် အံ့သြသွားခဲ့သည်။ သူပြန်လာသော အချိန်က ဖန်းဝမ်အကြောင်းကို သူ့အဖေထံ၌မေးကြည့်ခဲ့သည်။ သူ့ဝမ်းကွဲညီအကိုသည် ဖန်းမိသားစုထဲတွင်သာ နေနေခဲ့ခြင်း ဖြစ်ပေသည်။

သူက ဘယ်နေရာကနေ ဒီလိုမြင့်မားတဲ့အဆင့်အတန်းရှိတဲ့ ကိုယ်ဖော့သိုင်းမျိုးကို သင်ယူခဲ့တာလဲ .......။

ဖန်းဝမ်သည် မျက်နှာဖုံးစွပ်နှင့်လူကိုစိုက်ကြည့်လိုက်ပြီး သူ၏ဓါးကို ဆွဲထုတ်လိုက်သည်။ တောက်ပသော ဓါးအလင်းတစ်ခုထွက်ပေါ်လာခဲ့ပြီး မျက်နှာဖုံးစွပ်နှင့်လူ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။

သူသည်လည်း သူ၏ ဓါးမော့ကို ထုတ်ယူလိုက်သည်။

ရွှပ်......

သွေးများ ဖြာကျသွားခဲ့ပြီး ဖန်းဝမ်သည် မျက်နှာဖုံးစွပ်လူ၏ နောက်ဖက်တွင် ပြန်ပေါ်လာခဲ့သည်။ သူသည် ဓါးကိုကိုင်ထားဆဲဖြစ်ပြီး ဓါးဦးပိုင်းသည် သူ့ခေါင်းပေါ်ဖက်သို့ ရောက်နေခဲ့သည်။ သူသည် တဖက်သို့ပင် ပြန်လှည့်ကြည့်ခြင်း မရှိပဲ ပြောလိုက်သည်။

“ ကျုပ်အတွက်လည်း ခင်ဗျားက သာမန်လူတစ်ယောက် လိုပါပဲ “


You are reading the story above: TeenFic.Net