အခန်း (၁)

Background color
Font
Font size
Line height

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း(၁) ကမ္ဘာကူးပြောင်းလာတဲ့ငါနဲ့ အတိတ်ကိုပြန်ရောက်လာတဲ့နင်

ဝင်လုဆဲဆဲနေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအောက်တွင် တဖြေးဖြေးနှစ်ဝင်နေခဲ့လေပြီ။ ‌ဝင်လုဆဲဆဲနေမင်း၏ ‌တောက်ပသော အလင်းတန်းများသည် တောင်ဖက်တောင်ကုန်း မြို့တော် အပေါ်သို့ ကျဆင်းနေခဲ့၏။ မြို့တော်၏ မြို့ရိုးနံရံများသည် ခိုင်မာရှည်လျား စွာ ရှိနေခဲ့သည်။ မြို့သူမြို့သားများ၊ ကုန်သည်များ နှင့် ကုန်ပစ္စည်းများကို သယ်ဆောင်လာနေခဲ့သည့် လှည်းတန်းများသည် မြို့တော် ဂိတ်တံခါးတွင် ဝင်ခွင့် ရ ရန်စောင့်ဆိုင်းနေကြလေသည်။

မြို့တော် အတွင်း၌မူ ပင့်ကူအိမ်များကဲ့သို့ ပျားပန်းခပ်နေသည့် လမ်းများရှိနေပြီး၊ တည်းခိုဆောင်များ၊ စျေးဆိုင်များ နှင့် သက်ဝင်လှုပ်ရှားနေခဲ့လေသည်။ ကလေးများသည် လမ်းမများ‌ပေါ်တွင် အော်ဟစ်ဆူညံနေကာ ဆော့ကစားနေခဲ့ကြပြီး၊ လမ်းဘေးစျေးသည်များသည် သူတိို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေခဲ့လေသည်။ အချို့သော လမ်းထောင့်များတွင် ကျွမ်းဘား ဆော့ကစားပြကာ အလှုငွေကောက်ခံကြသည့် လူများသည် သူတို့၏ ဗုံများ၊ အခြား တူရိယာများကို တီးမှုတ်ကာ လူအများ၏ အာရုံစူးစိုက်မှုကို ရယူနေကြလေသည်။ အချို့အိမ်များမှ ချက်ပြုတ်နေကြသည့် မီးခိုးငွေ့ များ၏ အနံ့ကိုလည်း ရနေတတ်ပြီး ဝင်လုဆဲဆဲ နေရောင်ခြည်သည် အိမ်များအပေါ်တွင် လွမ်းခြုံထားခဲ့လေသည်။

အသက်ဆယ့်ခြောက်နှစ် ရှိနေပြီဖြစ်သည့် ဖန်းဝမ်သည် ဖန်း မြို့စားအိမ်တော်ဆီမှ လှမ်းထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် ဝတ်ရုံတစ်ထည်ကို ဆင်မြန်းထားပြီး သူ၏ပုံစံသည် စာသင်သားတစ်ယောက်၏ ပုံစံဖြစ်နေခဲ့ကာ ငယ်ရွယ်သည့် သူရဲကောင်းတစ်ယောက်နှင့်လည်း တူနေခဲ့ပေသည်။

ဂိတ်တံခါးအနီးမှ အစောင့်များ သူ့ကို ပြုံးပြလိုက်ကြပြီးနူတ်ဆက်လိုက်ကြသည်။ ဖန်းဝမ်လည်း ခေါင်းကို ပြန်ညိမ့်ပြလိုက်ပြီး အသိအမှတ်ပြုလိုက်သည်။

“ အရိပ်မဲ့ ခြေလှမ်းက တကယ်ကိုပဲ သာမန်မဟုတ်ဘူး။ အခုကစပြီးတော့ ငါ့ကို ဘယ်သူကမှ ခြေလှမ်းငါးလှမ်း အတွင်းမှာ ထိခိုက်အောင် မလုပ်နိုင်တော့ဘူး “

ဖန်းဝမ်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူ၏ အတွင်း ခွန်အားသည် လက်ရှိတွင် သိုင်းပညာကမ္ဘာ၏ အဆင့်အရ ဒဏ္ဍာရီလာအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဓါးပညာတွင် ပထမတန်းကျွမ်းကျင်မှု၊ လက်ဝါးသိုင်းပညာ နှင့် ခြေလှမ်းသိုင်းပညာများဖြင့် ဆိုလျှင် သူ၏ လက်ရှိအသက်တွင်ပင် ပြိုင်ဖက်ကင်းနေခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူသည် အသက်ဆယ့်ခြောက်နှစ် အရွယ်သာ ရှိပေသေးသည်။

သူပြန်လည် မွေးဖွားလာပြီး အသက်ဆယ့်ခြောက်နှစ် ပြည့်သည့်အချိန်တွင် သူသည် လူအများတစ်ဘဝလုံး မျှော်လင့်တောင့်တနေခဲ့ရသည့် အထွတ်အထိပ် အဆင့်တစ်ခုကို ရောက်နိုင်ခဲ့သည်။ သူ့အနေဖြင့် အမှန်တကယ်‌ ပျော်ရွှင်နိုင်ခွင့် ရှိပေသည်။

အနာဂတ်အတွက် စိတ်ကူးယဉ်မှုများ ဖြင့် ပြည့်နှက်နေခဲ့ပြီး ဖန်းဝမ်သည်ဆက်ပြီး လမ်းလျှောက်လာခဲ့သည်။ သူဖြတ်လာခဲ့သည့်တစ်လျှောက်တွင် အစေခံများက သူ့ကို နှုတ်ဆက်ကြသည်။ သူ၏အဆင့်အတန်းကို ရေရွတ်လိုက်မိသည်။

သူသည် ဖန်းအိမ်တော်၏ ဆယ့်သုံးယောက်မြောက် သခင်လေး ဖြစ်လေသည်...........။

ဖန်းဝမ်၏ အဖိုးဖြစ်သူ ဖန်းမန် သည် တာချီ မင်းဆက်၏ တည်ထောင်သူ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ ထို့အပြင် သူသည် ဒုတိယအဆင့် တော်ဝင်မြို့စားလည်း ဖြစ်သည်။

သူ၏ဖခင် ဖန်းယင် မှာမူ ဖန်းမန်၏ အငယ်ဆုံးသားတစ်ယောက်ဖြစ်ပြီး တတိယမျိုးဆက်များ အထဲတွင် ဖန်းဝမ်၏ အဆင့်အတန်းသည် ဆယ့်သုံးယောက်မြောက်သခင်လေးဖြစ်သည်။

သူရောက်ရှိနေသည့် ရှေးဟောင်း ခေတ်ကာလ သည် မင်းဆက်များရှိနေခဲ့သည့် ခေတ်ကာလဖြစ်သည်။ ဖန်းပြည်နယ် မြို့စား၏ အိမ်တော် ထဲမှ လေထုသည် တည်ငြိမ်အေးဆေး နေခဲ့သည်။ ဖြစ်နိုင်သည်မှာ ဖန်းမန်၏ အာဏာ လွမ်းမိုးထားနိုင်မှုကြောင့် ဖြစ်နိုင်ပေသည်။

မြို့စားအိမ်တော်၏ အဆက်အသွယ်များနှင့် သြဇာလွမ်းမိုးထားနိုင်မှုတို့ကြောင့် ဖန်းဝမ်သည် အသက်ဆယ့်နှစ်နှစ် အရွယ်ကတည်းကပင် လျှို့ဝှက်ရှားပါး သိုင်းပညာရပ်များကို စုဆောင်းနိုင်ခဲ့သည်။ လေးနှစ်ခန့်လေ့ကျင့်ပြီးသည့် နောက်တွင် မူ သူ့ခန္ဓာကိုယ်မှ အတွင်းအားများကို ထုတ်ယူနိုင်စွမ်းရှိလာ ခဲ့ပြီဖြစ်သည်။

ထိုအတွင်းအားများသည် ဆင်တစ်ကောင်ကဲ့သို့ ခွန်အားကောင်းပေ၏။ သို့သော်လည်း ထိုအချက်ကို မည်သူမှ မသိထားကြပေ။ အခြားသူများ တွေးထင်ထားကြသည်မှာ သူသည် ဖန်းအိမ်တော်၏ သခင်ငယ်လေး တစ်ယောက်သာ ဖြစ်သည် ဟူ၍ပင်။ ထိုသခင်ငယ်လေးသည် သိုင်းလောက အကြောင်းကို စိတ်ဝင်စားပြီး အိပ်မက်မက်နေလေ့ ရှိသူတစ်ယောက်ဟုသာ လူအများက သိထားကြလေသည်။

ပန်းခြံတစ်ခုထဲသို့ ဝင်လိုက်ပြီး ဖန်းဝမ် စကားတွတ်ထိုးနေကြသည့် အစေခံမိန်းမပျိုများကို တွေ့လိုက်သည်။ သေချာသည်မှာ ထိုကလေးမများသည် ဖန်းမိသားစု အကြောင်းကို အတင်းတုပ်နေကြခြင်းသာ ဖြစ်ပေမည်။ သူ၏ ထူးခြားသည့် အကြားစွမ်းရည်ဖြင့် သူတို့နှင့် ဆယ်ကိုက်ခန့်ဝေးနေသေးသော်လည်း သူတို့ပြောနေကြသည်များကို သူကြားနိုင်ပေသည်။

“ ကျိုးရွှယ် က ရူးသွားတာပဲ။ ဒီနေ့တော့ သူမကလိုက်သတိပေးနေပြန်ပြီလေ။ ဖန်း မိသားစု ရဲ့ သခင်လေးတွေအားလုံး အသတ်ခံရ‌တော့မယ်တဲ့ “

“ ငါလည်းကြားတယ်၊ သူမကအိမ်တော်ထဲက သခင်တွေ အားလုံးဆီကို သွားပြီးတော့ လိုက်ပြောနေခဲ့တာ။ အခုတော့ သူမရဲ့အဖေ လေးယောက်မြောက် သခင်ကြီးက သူမကို အခန်းထဲမှာ ပိတ်ထားလိုက်ရောပေါ့ “

“ ဘယ်သူကများ ငါတို့ဖန်းမိသားစုကို မျိုးတုန်းသတ်ဖြတ်ရဲမှာတဲ့လဲ...... အခုလက်ရှိ အရှင်မင်းကြီးတောင် မလုပ်ရဲဘူး “

“ ရှုး..... ဒီလိုစကားတွေ အရမ်းမပြောပါနဲ့ “

“ လေးယောက်မြောက် သခင် က သူ့သမီးကို အရမ်းချစ်တာ။ ကြည့်ရတာ ရက်နည်းနည်းကြာရင် သူမပြန်လွှတ်လာမှာပါ “

သူတို့ပြောနေသည့် စကားများ ထဲမှ “ မျိုးတုန်းသတ်ဖြတ်ခြင်း “ ဟူသည့် စကားကိုကြားလိုက်ရသည့်အချိန်တွင် ဖန်းဝမ် ရင်တုန်သွားသည်။

ဖန်း မိသားစုက မျိုးတုန်းသတ်ဖြတ်ခံရတော့မှာလို့ ပြောနေတာလား .......။

တခဏမျှ အခြေအနေကို နားထောင်လိုက်ပြီးနောက် ဖန်းဝမ်သည် ထိုကိစ္စကို စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျိုးရွှယ်သည် ထိုကိစ္စကိုစတင်သူ ဖြစ်သဖြင့် သူမထံသို့ သွားကြည့် မှ ဖြစ်ပေမည်။

လေးယောက်မြောက် ဦးလေး ဖန်းကျန်းသည် ငယ်စဉ်ကတည်းကပင် စစ်တပ်ထဲသို့ဝင်ခဲ့သူဖြစ်သည်။ သူသည် တိုက်ပွဲတစ်ခုတွင် အသက်ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရသည်။ ကံကောင်းစွာနှင့်ပင် ကျိုးရွှယ်၏ ဖခင်သည် သူ့အသက်ကို ရင်းပြီး ဖန်းကျန်းကို ကယ်တင်ပေးခဲ့သည်။

သို့ဖြစ်သော်လည်း ဖန်းကျန်းသည် ဒုက္ခိတတစ်ယောက် ဖြစ်လုနီးနီးဖြစ်ခဲ့ရသည်။ စစ်တပ်မှ ထွက်လာခဲ့ပြီး‌နောက်တွင် သူ့ကိုကယ်တင်ပေးခဲ့သူ၏ အရိုးပြာများကို သူ၏ ဇာတိမြို့ဆီသို့ ပြန်သယ်လာပေးခဲ့သည်။ ထိုအချိန်တွင် ကျိုးရွယ်၏မိခင် သည် အပြင်းအထန်နေမကောင်းဖြစ်နေခဲ့ပြီး သူ့ယောက်ျား၏ သေဆုံးသည့်သတင်းကို ကြားလိုက်ရသည့်အခါတွင် ဝမ်းနည်းပက်လက်ဖြစ်ကာ သေဆုံးသွားခဲ့သည်။ သို့နှင့် ဖန်းကျန်းသည် ရွေးချယ်စရာမရှိတော့ပဲ လသားအရွယ် ကျိုးရွယ်ကို ဖန်းမိသားစုဆီသို့ ပြန်ခေါ်လာခဲ့ကာ သူ့သမီးအဖြစ် မွေးစားထားလိုက်တော့သည်။

ကျိုးရွှယ်သည် အေးဆေးပြီးသူ့အခန်းတွင်းမှပင် ထွက်လေ့ရှိသူတစ်ယောက် မဟုတ်ပေ။ ကြီးပြင်းလာသည့် အချိန်တွင်လည်း ဖန်းဝမ်သည် သူ့ကို အကြိမ်အနည်းငယ်ခန့်သာမြင်တွေ့ခဲ့ရဖူးသည်။ သူမသည် သူနှင့် အသက်အရွယ် အတူတူခန့်သာ ဖြစ်ပြီး လှပ ယဉ်ကျေးသည့် မိန်းမပျိုလေး တစ်ယောက် ဖြစ်ပေသည်။

ဦးလေး ၄ သည် အလွန်အမင်းကာကွယ်ပေးတတ်သူတစ်ယောက် ဖြစ်သဖြင့် ကျိုးရွယ်သည် မည်သည့်အခါကမှ တခြားသူများ၏ အနိုင်ကျင့်ခြင်းကို မခံခဲ့ရပေ။ ထို့ကြောင့်အကြောင်းပြချက်မရှိပဲ သူမ ရူးသွပ်သလိုဖြစ်နေခြင်းမှာ မဖြစ်နိုင်သည့် အရာဖြစ်သည်။ တကယ်ပဲ မျိုးတုန်း သတ်ဖြတ်ခံရနိုင်ချေ ရှိနေတာလား .....။

ဖန်းဝမ်စိတ်ပူနေခဲ့သည်။ ဘယ်သူတွေကများ ဖန်းမိသားစုကို လာရန်ရှာရဲမှာလဲ ......။

ဧကရာဇ် အရှင်မင်းကြီးကများ အမိန့်ပေးလိုက်တာလား .......။

မြို့စားအိမ်တော်သည် ကျယ်ဝန်းပြီး မြို့တော်၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားခဲ့သည်။ ပြောရလျှင်မြို့တော်ထဲမှ နောက်ထပ်မြို့တော်တစ်ခုနှင့် တူနေခဲ့သည်။ ဖန်းမိသားစုတွင် အစောင့်ပေါင်း ထောင်ချီရှိနေပေသည်။ တခါတရံတွင် ဖန်းဝမ်၏ ဦးလေး အကြီးဆုံးဖြစ်သူ ဖန်းရှင်းက ထိုအစောင့်စစ်သားများအား လေ့ကျင့်ပေးနေသည်ကို တွေ့ရလေ့ရှိသည်။

ဒီလို အင်အားတောင့်တင်းတဲ့ ဖန်းမိသားစုက တကယ်ပဲ သတ်ဖြတ်ခံရတော့မှာလား .......။

ဖန်းဝမ်သည် အာရုံစူးစိုက်လိုက်ကာ သူ၏အတွင်းအားများကို လှုံ့ဆော်ထားလိုက်သည်။ ထို့နောက်တွင် သူသည် “တွေဝေ ခြေလှမ်း “ ကိုယ်ဖော့ပညာကို အသုံးပြုလိုက်ပြီး ကျိုးရွှယ် ၏ အခန်းပြတင်းပေါက် ဘောင်ပေါ်သို့ အသံမထွက်စေပဲ တက်သွားလိုက်သည်။

အခန်းသည် တိတ်ဆိတ်နေခဲ့၏။ သို့သော်လည်း ဖန်းဝမ်၏ အထူးအကြားစွမ်းရည်သည် ကျိုးရွှယ်၏ အသက်ရှုသံကို ကြားနိုင်စွမ်းရှိနေလေသည်။ သူမ၏အသက်ရှုသံသည် မြန်နေခဲ့ပြီး တည်ငြိမ်ခြင်း ရှိမနေခဲ့ပေ။

တခဏအကြာတွင်....

“ ငါက ပြန်ဝင်စားလာတဲ့ ကောင်းကင်ဧကရီ ပဲကို ၊ ဒါပေမယ့် နောက်ဆုံးတော့ ငါက ငါ့မိသားစုရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်တော့ဘူး တဲ့လား။ ကောင်းကင်ဘုံက ငါ့ကို ဆော့ကစားနေတာများလား။ တစ်ကယ်လို့ ငါ့မှာ အချိန်တစ်လပဲ ပိုရမယ်ဆိုရင်တောင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး “

ဖန်းဝမ်သည် ကျိုးရွှယ် သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရသည်။

ပြန်ဝင်စားလာတယ်....... ဟုတ်လား

ပြန်လည် မွေးဖွားလာတာကို ပြောချင်တာလား .......

ပြီးတော့ ကောင်းကင်ဧကရီ ဟုတ်လား .....

ဖန်းဝမ်၏ နှလုံးသားသည် တုန်ယင်သွားခဲ့ရသည်။ သူသည် ပြန်လည် မွေးဖွားလာစဉ်ကတည်းက အင်မော်တယ် နတ်ဘုရားများ၏ ဒဏ္ဍာရီလာ ပုံပြင်များစွာကို ကြားဖူးခဲ့ရသည်။ သူမ၏ စကားများသည် သူ့စိတ်ကို ဆွဲဆောင်နေခဲ့သည်။ သူမပြောနေတာတွေက အမှန်တွေပဲလား ......

သူဤအခွင့်အရေးကို ယူလိုက်လျှင် ကောင်းမည်လော။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်သည်လည်း ပြန်လည် မွေးဖွားလာသူသာ ဖြစ်သည်။ သူကဲ့သို့ပြန်လည် မွေးဖွားလာသည့်အလား အတိတ်ကိုပြန်ရောက်လာသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရခြင်းသည် ရှားပါးသော အခွင့်အရေးတစ်ခုသာ ဖြစ်သည်။

ဖန်းမိသားစု မျိုးတုန်းသတ်ဖြတ်ခံရမည့် ကိစ္စကြောင့် သူ၏နှလုံးသားသည် တင်းကျပ်နေခဲ့ရသည်။ သူသည် ဤဘဝကို နှစ်သက်ပေသည်။ သူ့မိဘများသည်လည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြ၏။ ထို့အပြင် သူ့ဦးလေးများသည်လည်း လူကောင်းများသာ ဖြစ်ကြသည်။ သူ့အနေဖြင့် ဖန်းမိသားစု ပြိုလဲမည့် အရေးကို မမြင်တွေ့လိုပေ။

ထို့နောက်တွင် ကျိုးရွယ် တိတ်ဆိတ်သွားခဲ့သည်။ သူမဖာသာ ရေရွတ်ပြောဆိုနေခြင်းလည်း မရှိတော့ပေ။

အခန်းသည် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် ဖန်းဝမ်သည် အခန်းကို အားသုံးပြီး ဖွင့်ဝင်သွားလိုက်လေ၏။

ကျိုးရွယ်သည် သူဝင်လာသည်ကိုမြင်သော်လည်း ထိတ်လန့်သွားခြင်း မရှိနေခဲ့ပေ။ ထို့အစားသူမသည် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ပြီး သူဝင်လာသည်ကို တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမဝတ်ဆင်ထားသည်မှာ အစိမ်းရောင် အဝတ်အစားများ ဖြစ်ကြသည်။ သူမသည် မိတ်ကပ်ကိုလည်း ပါးပါးလေးသာ လိမ်းချယ်ထားပြီး သူမ၏ဆံပင်များသည်လည်း သပ်ရပ်ကျော့ရှင်းနေခဲ့သည်။ သူမထံတွင် လှပမှု၊ ကျက်သရေရှိမှု နှင့် ကောင်းမွန်စွာ ကြီးပြင်းခဲ့ရသည့်မိန်းမပျိုလေး တစ်ယောက်၏ ဟန်ပန်များ ရှိနေခဲ့သည်။

သူတို့မျက်လုံးအကြည့်ချင်း ဆုံမိလိုက်ကြသည်တွင် အခန်းသည် နောက်တဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

“ ရှင့်ရဲ့ လှုပ်ရှားမှုတွေက ညင်သာလွန်းတယ်၊ အထင်ကြီးစရာပဲ ။ ကျွန်မတောင် ဘာကိုမှ အာရုံမခံမိလိုက်ဘူး။ ရှင်ကဘယ်သူလဲ .... “

ကျိုးရွှယ်သည် အခန်း၏ တိတ်ဆိတ်မှုကို မေးခွန်းတစ်ခုဖြင့် ဖျက်ဆီးလိုက်လေ၏။


You are reading the story above: TeenFic.Net