Unicode
ညစာစားအပြီးမှာတော့ လုထန်းထန်းလေးက ကာတွန်းကားခဏလောက်ကြည့်ပြီးမှ အိပ်ယာဝင်သည်။ ကလေးက အိပ်ယာမဝင်ခင် ထန်းယီးယွမ်နဲ့ လုချန်ကို တစ်ယောက်တစ်လှည့်စီ အိပ်ယာဝင်အနမ်းပေးခိုင်းပြန်သည်။
လုချန် သူ့သားနဖူးကိုနမ်းလိုက်စဥ် သူ့နှလုံးသားထဲရှိနေသည့် ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ ယိုဖိတ်အန်ထွက်ကျလာသဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်ရသည့် ပျော်ရွှင်မှုကဘာမှန်း သေချာသိလိုက်ရလေသည်။
စိတ်လှုပ်ရှားမှုအချို့ဖြင့် သူ့သားသူ ကောက်ချီလိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ကလေးအခန်းထဲလိုက်ပို့ပြီး ပုံပြင်စာအုပ်တွေဆွဲထုတ်ရင်း အိပ်ယာဝင်ပုံပြင်တွေကို အာဘောင်အာရင်းသန်သန်ဖြင့် ပြောပြတော့သည်။
လုချန်စိတ်ကူးထဲမှာတော့ ဒီလို သားသားကနားထောင် ဖေဖေကပုံပြင်ပြောပြမယ်ဆိုသည့်မြင်ကွင်းလေးက အရမ်းကိုမှ နှလုံးနင့်ဖွယ်နူးညံ့နွေးထွေးနေပေမဲ့လည်း လုထန်းထန်းမျက်လုံးထဲမှာတော့ ဒီကလေးကလား အိပ်ယာဝင်ပုံပြင်တွေကြားရတိုင်း ငြင်းဆန်လို့မရသည့် စိတ်ပျက်အားငယ်မှုတွေသာ ကြီးစိုးနေလေသည်။ သို့သော် ကလေးက ဘယ်လောက်ပဲ နားမထောင်ချင်တဲ့ရုပ်ကြီးလုပ်ပြပြ လုချန်ရဲ့ဖခင်မေတ္တာတွေ ဖော်ကြူးထုတ်ပြချင်သည့် စိတ်ဆန္ဒကတော့ တစ်စက်ကလေးတောင် ယုတ်လျော့မသွားပါ။
ဖခင်မေတ္တာတွေ ယိုစီးဖိတ်ကျနေသည့် သူ့တာ့ပါးကို လုထန်းထန်း မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်ကြည့်နေမိသည်။ တကယ်တော့ သူ ဒီပုံပြင်တွေကို ဟိုးအရင်ကတည်းက မှတ်မိနေပြီးသားဖြစ်တဲ့အတွက် နားမထောင်ချင်တော့ပါ။ သို့သော် စိတ်လိုလက်ရပြောပြနေသော သူ့တာ့ပါးသူကြည့်ပြီး တဖက်လူ စိတ်ဓာတ်မကျသွားအောင် တိတ်တိတ်လေးငြိမ်ပြီးနားထောင်နေလိုက်မည်ဟုသာ ဆုံးဖြတ်ထားလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ သူ့တာ့ပါးက နေမကောင်းဖြစ်နေတာကြောင့် ရူးကြောင်ကြောင်အမှားတွေလုပ်မိနိုင်တဲ့အတွက် သူတို့သားအဖနှစ်ယောက်လုံး တတ်နိုင်သလောက်သည်းညည်းခံရမည်ဟု ပါးပါးကမှာခဲ့သည်။
လုချန်ကတော့ သူ့သားက သူ့ကို အတင်းမျက်စိစုံမှိတ် သည်းညည်းခံနေရမှန်း ယောင်လို့တောင်သတိမထားမိပါ။ သူ့ခင်ဗျာ ပုံပြင်အဆုံးသတ်ကို moodအပြည့်သွင်းပြီး အာပေါင်အာရင်းသန်သန်ဖြင့် ဖတ်ပြနေသည်။ သူစိတ်ချမ်းသာတဲ့အထိ ပုံပြင်ဖတ်ပြအပြီးမှာတော့ သူ့သားသူ အိပ်ယာထဲထည့်ကာ စောင်သေးသေးလေးခြုံပေးပြီး ကလေးရဲ့အခန်းတံခါးမပိတ်ပေးခင်အထိ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မခွဲနိုင်မခွာရက်ဖြစ်နေရှာလေသည်။
လုချန် အောက်ထပ်ရေချိုးခန်းမှာ ကိုယ်လက်သန့်စင်လိုက်ပြီး အသက်ကိုတစ်ဝကြီးရှူရှိုက်ကာ သူနဲ့ထန်းယီးယွမ်တို့အိပ်ခန်းရှိသည့် ဒုတိယထပ်ဆီကို ခြေလှမ်းပြင်လိုက်သည်။ သူ ဝန်မခံချင်ပေမဲ့လည်း ဒီဗီလာထဲခြေချကတည်းက သူတို့အိပ်ခန်းဟာ ဘယ်လိုပုံစံမျိုးရှိနေမလဲဟု စိတ်ထဲ အလွန့်အလွန်ကိုမှ သိချင်နေခဲ့သည်။
သူ့အထင်အရတော့ သူနဲ့ထန်းယီးယွမ်ကြားမှာ အက်ကြောင်းကြီးရှိနေတဲ့အတွက် လင်မယားဆက်ဆံရေးပြိုကွဲတော့မည့် အရိပ်အယောင်တွေ အိပ်ခန်းထဲ ပြည့်သိပ်နေလိမ့်မည်ဟုပင်။ ဥပမာ ကုတင်ပေါ်မှာရှိနေမဲ့ သူတို့ရဲ့ခေါင်းအုံးတွေက တစ်ခုကတောင်ဝင်ရိုးစွန်းကပ်ပြီး တစ်ခုကမြောက်ဝင်ရိုးစွန်း သွားကပ်နေတာမျိုး။ ဒါမှမဟုတ် တစ်ယောက်ကုတင်တစ်လုံးစီနဲ့ အိပ်ယာခွဲအိပ်ကြတာမျိုး။ သူတို့အိပ်ခန်းကြီးက လေစိမ်းတွေတိုက်ပြီး ခြောက်ကပ်ကပ်ကြီးဖြစ်နေမည်ဟုပင်။
သို့သော် လုချန် အခန်းထဲဝင်လိုက်ချိန်မှာတော့ သူမျှော်မှန်းထားသည့် လေစိမ်းတိုက်နေသောအိပ်ခန်းကြီးနဲ့ အခုအိပ်ခန်းက တက်တက်စင်အောင်ကွဲပြားနေမှန်း သိလိုက်ရလေသည်။ ခေါင်းအုံးတွေကလည်း ပူးလို့ကပ်လို့၊ နှစ်ယောက်အိပ်ခြုံစောင်ကြီးကလည်း နွေးလို့အိလို့။ ခပ်ဖျော့ဖျော့မီးအလင်းရောင်၊ Mugခွက်ဆင်တူလေးနှင့်တကွ ချစ်စဖွယ် ဘုစုခရုလေးများကိုစီကာစဥ်ထားသည့် ဒီအိပ်ခန်းလေးမှာ မြင်ရသူကို တအုံ့နွေးနွေးဖြစ်စေသည်။ ထို့ကြောင့် လုချန် အခန်းထဲဝင်ဝင်ချင်း ရင်းနှီးနေသည့်အငွေ့အသက်များအား ရုတ်ချည်းခံစားလိုက်ရလေသည်။
ကုတင်ဘေးက စားပွဲပုပေါ်မှာ ဓာတ်ပုံတစ်ပုံတင်ထားတာကြောင့် သူလှမ်းကြည့်လိုက်တော့ သူနဲ့ထန်းယီးယွမ် မင်္ဂလာဆောင်တဲ့နေ့ကရိုက်ထားသည့် မင်္ဂလာဆောင်ဓာတ်ပုံဖြစ်နိုင်သည်။ သူက ထန်းယီးယွမ်ကို နောက်ကနေပွေ့ဖက်ထားကာ နှစ်ယောက်စလုံးပျော်ပျော်ရွှင်ရွှင်ပြုံးနေခဲ့သည်။ သို့သော် သူ့အပြုံးကြီးကတော့ နည်းနည်းရူးကြောင်ကြောင်နိုင်လှလေသည်။ မသိလျှင် ထန်းယီးယွမ်နဲ့ လက်ထပ်နိုင်ခဲ့ခြင်းကပဲ သူ့သက်တမ်းတစ်လျှောက် အပျော်ရွှင်ဆုံးဆုလာဘ်ကြီးလိုလို။ သူ မနေနိုင်မထိုင်နိုင်ပဲ ဓာတ်ပုံထဲမှာ ဂေါက်ကြောင်ကြောင်ပြုံးနေသည့် သူ့ကိုယ်သူ အနည်းငယ် ကြည့်မရဖြစ်သွားကာ ထိုအရူးကို တချက်ပဲ ဖြတ်ခနဲလှမ်းကြည့်လိုက်ပြီး သူ့ရဲ့အမြင်အာရုံက သူ့ရင်ခွင်ထဲ ပျော်ပျော်ရွှင်ရွှင်ပြုံးနေသည့် ထန်းယီးယွမ်ဆီအကြည့်ရောက်သွားလေသည်။
ထန်းယီးယွမ်က ဓာတ်ပုံထဲမှာ အဖြူရောင်သတို့သားဝတ်စုံလေးဝတ်ဆင်ထားကာ သူ့ခါးလေးတွေက သွယ်လျချပ်ကပ်နေပြီး ကိုယ်ဝန်ရှိနေပေမဲ့လည်း ဗိုက်လေးမထွက်သေးပေ။ တဖက်လူ၏ နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက်မှာ လေးကိုင်းသဏ္ဍာန်အနည်းငယ်ပင့်တက်နေပြီး ပါးနှစ်ဖက်တွင် ဖုံးကွယ်ထားသည့် ပါးချိုင့်သေးသေးလေးနှစ်ခုကလည်း နှုတ်ခမ်းနီနီ သွားညီညီလေးများဖြင့် အပြိုင်ထင်ပေါ်နေလေသည်။ သူ့အမူအရာလေးကပျော့အိနုဖက်နေသည်မှာ မို့တက်နေတဲ့ပါးအို့လေးတွေမှ ရဲလို့နီလို့၊ မသိလျှင် အနောက်ကနေ လှမ်းအဖက်ခံထားရတာကြောင့် အနည်းငယ် ရှက်သွေးဖြန်းနေပုံပင်။
လုချန်ရဲ့မျက်လုံးများက ဓာတ်ပုံကိုပဲ စူးစိုက်ကြည့်နေကာ ထန်းယီးယွမ်ရဲ့ထိုပုံစံလေးကို မေ့သွားမိတာကတော့ အကြီးကျယ်ဆုံးနှမြောစရာကိစ္စရပ်ပဲဟု မတွေးမိပဲမနေနိုင်ခဲ့။ ဒီလိုခံစားချက်မျိုးကလည်း မှတ်ဉာဏ်ပျောက်ဆုံးပြီးကာမှ ပထမဦးဆုံးခံစားလိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။ ထိုအချိန်ခဏလေးမှာပဲ သူ့ရဲ့အရင်မှတ်ဉာဏ်တွေပြန်ပေါ်လာရင်ကောင်းမှာပဲဟု တွေးမိသွားတဲ့အထိ စိတ်အားထက်သန်မှုတချို့ရှိခဲ့သည်။
သူဓာတ်ပုံကနေ အကြည့်မခွာခင်အထိ ခဏလောက် အာရုံစိုက်ကြည့်နေလိုက်ပြီးမှ အပြင်က ထန်းယီးယွမ်အစစ်ကို လှမ်းကြည့်လိုက်သည်။
ဓာတ်ပုံထဲက ချိုမြိန်ပြီးချစ်စရာကောင်းသည့်ထန်းယီးယွမ်မှာ ဒီတိုင်း ထင်ယောင်ထင်မှားမြင်ရအောင် ဖန်တီးထားသော စိတ်လှည့်စားမှုတစ်ခုလိုပင်။ အပြင်ကတကယ့်အစစ်ကတော့ သူ့ရဲ့အချစ်ပြိုင်ဘက်ဖြစ်ကာ သူဘာလုပ်လုပ် ကန့်လန့်လိုက်တိုက်နေသူတစ်ယောက်ဖြစ်သည်။
ထန်းယီးယွမ်က စီးပွားရေးနဲ့ပတ်သက်သည့်စာအုပ်တစ်အုပ်ကိုင်ပြီး အိပ်ယာအလယ်တွင် ခြေပစ်လက်ပစ်လဲလျောင်းနေသည်။ ထိုစာအုပ်ကို စိတ်ဝင်တစားဖတ်နေပုံမှာ ခြေထောက်ဖြူဖြူလေးတွေများ ဟိုယိမ်းဒီယိမ်းဖြင့် အလွန့်အလွန်ကိုမှ ပူပင်သောကကင်းပြီး စိတ်လက်အေးချမ်းနေပုံပင်။
သူ့အင်္ကျီကော်လံလေးကလည်း တဖက်ကိုလျှောကျနေတဲ့အတွက် လုံးလုံးဝိုင်းဝိုင်းချောချောမွတ်မွတ် ပုခုံးသားဖြူဖြူလေးက ထင်ပေါ်နေပြီး ညမီးရောင်အောက်တွင် အင်မတန်ကိုမှ glowနေသည်။
လုချန် သူတောင်မသိလိုက်ပါပဲ တံတွေးကို ဂလုခနဲမြိုချလိုက်ကာ ထန်းယီးယွမ်ကိုကြည့်ရင်း ပြတ်တောင်းပြတ်တောင်းမေးလာသည်။
'' .....မင်း ဒီည...ဒီမှာအိပ်မှာလား ''
ထန်းယီးယွမ်တစ်ယောက် ဖတ်လက်စစာအုပ်ဆီကနေ အကြည့်ခွာလိုက်ကာ သူ့မျက်ဝန်းလှလှလေးများက လုချန်ကို ဖြတ်ခနဲတစ်ချက်လှမ်းကြည့်လိုက်သည်မှာ ဒီမေးစရာမလိုသည့် မေးခွန်းကို ပြန်ဖြေဖို့တောင် အရမ်းပျင်းနေမှန်း သိသာလှသည်။ သူစာအုပ်ကိုလက်ထဲကချရင်း Bookmarkလေးကို ဖတ်လက်စ စာမျက်နှာထဲထည့်ကာ အိပ်ယာပေါ်တင်လိုက်ပြီးနောက် အိမ်စီးဖိနပ်လေးကောက်စီးပြီး လုချန်ကိုအဖက်တောင်မလုပ်ပဲ ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားတော့သည်။
လုချန်ကတော့ ရေချိုးခန်းထဲက ရေကျသံကြားသည်နှင့် သူ့နှလုံးခုန်နှုန်းတွေကလည်း တဒိတ်ဒိတ်အခုန်မြန်လာပြီး ရင်ဘတ်ကိုလက်ဖြင့်မကျေမနပ်ဖိကာ နားရဲရဲလေးများနှင့် စိတ်ဆိုးတကြီး တိုးတိုးလေးအပြစ်တင်လာသည်။
'' သူ ငါ့ကိုမြှူဆွယ်ဖို့ကြံစည်နေတာပဲဖြစ်ရမယ်! ''
လုချန် အင်မတန်ကြီးမားသည့် နှစ်ယောက်အိပ်ကုတင်ကြီးကို တစ်ချက်လှမ်းကြည့်ကာ သူနဲ့ထန်းယီးယွမ် ဒီကုတင်ကြီးပေါ်မှာ ဘာတွေလုပ်နိုင်တယ်ဆိုတာကို မျက်လုံးထဲမြင်ယောင်လာတော့ နှလုံးက ထွက်ကျမတတ် အသေအကြေအခုန်မြန်လာပြန်သည်။ ထိုအချိန်ခဏလေးမှာပဲ သူ့စိတ်အစုံက ထန်းယီးယွမ်ရဲ့အခုလေးတင်မှပေါ်သွားသည့် ပုခုံးသားဖြူဖြူနုနုလေးဆီမှာသာ တဝဲဝဲလည်နေသည်။
ဦးနှောက်ထဲမှာပိုပိုပြီး အရိုင်းဆန်လာသည့် မြင်ကွင်းတွေ ရှင်းလင်းသွားဖို့အတွက် ခေါင်းကို ခပ်ပြင်းပြင်းခါပစ်လိုက်ကာ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်သွားအောင် ကြိုးပမ်းနေရလေသည်။
သူဟာ ဆုံးဖြတ်ချက်ခိုင်မာတဲ့ အယ်လ်ဖာတစ်ယောက်ဖြစ်တဲ့အတွက် အချစ်ပြိုင်ဘက်ဆီကနေ ဒီလိုမျိုးလွယ်လွယ်လေး အဆွဲဆောင်မခံလိုက်နိုင်ဘူးဟေ့!
လုချန် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အခုပဲတိုက်ပွဲဝင်တော့မည့်စိတ်ဓာတ်ဖြင့် အိပ်ယာထဲ ချူးနဲ့ဟန်လို မြစ်တစ်စင်းခြားထားဖို့* ဆုံးဖြတ်ချက်ချလိုက်သည်။ ဒီည သူလည်း သူ့အချစ်ပြိုင်ဘက်ရဲ့ မွေးညင်းတစ်ပင်ကိုတောင် မထိဖို့ဆုံးဖြတ်ထားသလို ထန်းယီးယွမ်ကလည်း သူ့ကို လက်ဖျားနဲ့တို့ဖို့တောင် မစဥ်းစားနဲ့!
(T/N: နယ်မြေပိုင်းခြားတာကိုပြောတာပါ )
သူ ကုတင်အနားမှာရပ်နေရင်း ဟိုဟိုဒီဒီလှည့်ကြည့်လိုက်ကာ ဦးနှောက်ကမမှတ်မိပေမဲ့လည်း ခန္ဓာကိုယ်ကမှတ်မိနေတာကြောင့် အခန်းထဲက Showcaseဆီအကျွမ်းတဝင်လျှောက်သွားပြီး အထဲကနေစောင်တစ်ထည်ထုတ်ယူ၍ နှစ်ယောက်အိပ်ကုတင်ကြီးအလယ်မှာ သူ့ဘက်ငါ့ဘက်စည်းချဖို့အတွက် သေသေသပ်သပ် ချထားလိုက်သည်။
လုချန်တစ်ယောက် သူ့ရဲ့လုပ်အားမှရလာသည့်အသီးအပွင့်ကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ရှုစားနေလိုက်ကာ စောင်က နှစ်ယောက်အိပ်ကုတင်ကို တိတိကျကျစည်းတားပေးနိုင်ပြီဆိုမှ လက်နှစ်ဖက်ကိုဖုတ်ဖက်ခါရင်း စိတ်အေးချမ်းသာမှုအပြည့်ဖြင့် ကုတင်ပေါ် အေးအေးလူလူထိုင်လိုက်လေသည်။ သူဟာ သူ့ကိုယ်သူ သောက်ကျိုးနည်း ယုံကြည်မှုရှိနေသဖြင့် ဒီတစ်ခေါက်တော့ အချစ်ပြိုင်ဘက် လာမြှူဆွယ်တိုင်း လုံးဝစိတ်မယိုင်တော့ဘူးဟု သံဓိဋ္ဌာန်ချထားလိုက်သည်။
သူ ပျင်းပျင်းနဲ့ပဲ အခုလေးတင်မှ ထန်းယီးယွမ်ဖတ်သွားသည့် စာအုပ်အား လှန်လှောကြည့်နေမိသည်။ သူ ဒီဘက်ခေါင်းပြန်လှည့်လိုက်စဥ် ထန်းယီးယွမ်ကလည်း ရေချိုးပြီးသွားပြီဖြစ်တာကြောင့် ညအိပ်ဝတ်စုံလေးလဲပြီး အပြင်ထွက်လာသည်နှင့် ကွက်တိသွားကြုံလေသည်။
လုချန်မျက်လုံးများက ထန်းယီးယွမ်ဆီ ထူးမခြားနားရွေ့သွားကာ ဒီတစ်ခေါက်တော့ အသေအချာစိတ်ရောကိုယ်ပါပြင်ဆင်ထားတဲ့အတွက် လုံးဝလုံးဝအဆွဲဆောင်မခံတော့ဘူးလို့.....လို့......
ရေချိုးခန်းထဲကထွက်လာသည့်ထန်းယီးယွမ်ကြောင့် ဖြစ်ပျက်သွားသည့် လုချန်ရဲ့အပြုအမူများမှာ ဖယောင်းတိုင်လေး မီးသေသွားသလိုမျိုး တမဟုတ်ချင်း ဟုတ်ခနဲငြိမ်ကျသွားကာ တဖက်လူကိုကြည့်ပြီး တံတွေးကြီးပဲ အကြိမ်ကြိမ်မျိုချနေတော့သည်။
ဟေ့ ဒါကြီးကတော့ အယ်လ်ဖာတစ်ယောက်အတွက် တကယ့်စမ်းသပ်ပွဲကြီးပဲနော်!
ထန်းယီးယွမ်က နီနီရဲရဲ ညအိပ်ဝတ်ရုံကိုဝတ်ဆင်လာကာ သူ၏ သေးသေးသိမ်သိမ်ခါးပေါ်မှာ ခါးပတ်ကြိုးကို ခပ်လျော့လျော့ချည်နှောင်ထားသည်။ ဖြူစင်ကြည်လင်နေသည့် လက်တဖဝါးစာပဲရှိသော မျက်နှာသေးသေးလေးရယ်၊ တောက်ပပြီး အရည်လဲ့နေသော မျက်ဝန်းတစ်စုံရယ်၊ ယခုထိတိုင်စိုစွတ်နေသေးသဖြင့် ရေစက်တတောက်တောက်ကျနေသော ဆံပင်နက်နက်လေးတွေရယ်၊ အနီရောင်ပိုးသားဖြင့်ပနံသင့်နေသည့် ဖြူအိချောမွတ်နေသော အတွင်းသားဥဥလေးတွေရယ်....... တော်တော်လေး ထိလို့ကိုင်လို့ကောင်းမှာကွာ....
လုချန်ရဲ့ အပူတပြင်းတောက်လောင်နေသည့် အကြည့်တွေကို ခံစားမိသော ထန်းယီးယွမ်မှာတော့ ရှက်ရွံ့မှုကြောင့် ပါးအို့လေးများ တဖြည်းဖြည်းနီသွေးကြွလာကာ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညကိုပြန်ရောက်သွားသလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားနေမိသဖြင့် အင်္ကျီလက်အနားသားကို သက်တောင့်သက်သာမဖြစ်စွာ ဆုပ်ချေနေမိသည်။
သူ ဒီညအိပ်ဝတ်ရုံဝတ်ပြလိုက်တိုင်း လုချန်တစ်ယောက် သဘောတကျဖြင့် အပူတပြင်းကြည့်တတ်ပြီး......
ထန်းယီးယွမ် မျက်လုံးလေးပင့်ပြီး လုချန်ကို ဖြတ်ခနဲ ခိုးကြည့်လိုက်သည်။
သွားရည်တမြားမြားစိုက်ကြည့်နေသော လုချန်ကြီးကတော့ သူခိုးလူမိသွားသလိုမျိုး ကြောက်လန့်တကြား အကြည့်လွှဲလိုက်ကာ အနည်းငယ်အပြစ်ရှိစိတ်ဖြင့် အခန်းတွင်း တောင်စဥ်ရေမရပတ်ကြည့်နေလေသည်။ အချစ်ပြိုင်ဘက်ရဲ့ ဒီလိုညှို့ဓာတ်ပြင်းတဲ့ ပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး! လုချန်မျက်နှာကြီး ချက်ချင်းနီရဲတက်လာကာ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေလေသည်။
ထန်းယီးယွမ် စိတ်ပျက်အားငယ်စွာဖြင့် မျက်လွှာ ပြန်ချလိုက်သည်။ သူဒီလိုမျိုးဝတ်ပြလိုက်လျှင် လုချန်တစ်ခုခုကိုမှတ်မိကောင်း မှတ်မိနိုင်သည်အထင်ဖြင့် အရဲစွန့်လိုက်မိခြင်းသာ။ တာဝန်ရှိဆရာဝန်ပြောပုံအရတော့ လုချန်ရဲ့ဦးနှောက်လှိုင်းက အလွန်အကျွံလှုံ့ဆော်ခံလိုက်ရမှုကြောင့် အတိတ်မေ့သွားတာဖြစ်ပြီး မိသားစုကနေ တခြားလှုံ့ဆော်မှုများဖြင့် စမ်းသပ်ကြည့်လျှင် မှတ်ဉာဏ်တွေပြန်ရကောင်း ပြန်ရနိုင်သည်ဟုပင်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အရင်က သူဒီဝတ်ရုံဝတ်ပြတဲ့အချိန်တိုင်း လုချန်တစ်ယောက် အလွန်အကြူးစိတ်လှုပ်ရှားပြီး........
ထန်းယီးယွမ် ပါးကလေးတွေ ရဲကနဲဖြစ်သွားကာ ကလေးတွေအတွက်မသင့်တော်သည့်အတိတ်မှတ်ဉာဏ်များကို အလျှင်အမြန်ဖြတ်တားလိုက်ရင်း အိပ်ယာအနား အသိစိတ်မကပ်စွာ လျှောက်လာလေသည်။ ထိုသို့ဖြင့် မျက်စိရှေ့က ခွေးခြေပုလေးကို သတိမမူပဲ ခလုတ်တိုက်မိချိန်မှာတော့ ရှေ့ကိုမှောက်ယက်လဲကျတော့မလိုဖြစ်သွားတာကြောင့် အလန့်တကြားထအော်မိလေသည်။
'' သတိထား! ''
လုချန် အလင်းအလျင်ဖြင့်ပြေးဝင်လာကာ ကြမ်းပြင်နဲ့မိတ်ဆက်တော့မည့် ထန်းယီးယွမ်ကို ရင်ခွင်ထဲ အမြန်ထည့်ဖမ်းလိုက်သည်။ လက်တစ်ဖက်က ထန်းယီးယွမ်ရဲ့ ခါးကိုကျစ်ကျစ်ပါအောင်ဖက်ထားပြီး နောက်တစ်ဖက်က နောက်စေ့လေးကို အသာကိုင်ရင်း ကြောက်စိတ်အဟုန်ဖြင့် ဖွဖွလေးပုတ်ပေးနေမိသည်။
ထန်းယီးယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးများပင့်တက်သွားကာ လုချန်ရဲ့ရင်ခွင်ကျယ်ကြီးကိုမှီရင်း ခုနလေးတင်ကမှ ခံစားလိုက်ရသည့် စိတ်ပျက်အားငယ်မှုများလည်း တမဟုတ်ချင်း လွင့်ပျယ်သွားလေသည်။
လုချန်ရဲ့ ထိတ်လန့်စိတ်များ တဖြည်းဖြည်းချင်းအနည်ကျသွားတာနဲ့ သူဘာလုပ်နေမိမှန်း အသိပြန်ဝင်လာသဖြင့် ထန်းယီးယွမ်အား အဝေးကိုခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်သည်။
ထန်းယီးယွမ်ကတော့ တစ်စက်ကလေးတောင် စိတ်မဆိုးသွားပါ။ သီချင်းလေးတညည်းညည်းဖြင့် ဆံပင်ကို dryerမှုတ်ဖို့ လျှောက်သွားလေသည်။
ထန်းယီးယွမ် ခပ်ဝေးဝေး လျှောက်သွားတာကိုမြင်မှ လုချန် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
သူ့ရဲ့အချစ်ပြိုင်ဘက်က ဇွဲမလျှော့တမ်း အထပ်ထပ်အခါခါ မြှူဆွယ်နေပေမဲ့လည်း သူဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့ အယ်လ်ဖာက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဒီတစ်ခေါက်လည်း ဆန္ဒကိုသိက္ခာနဲ့ ထိန်းလိုက်နိုင်ပြန်ပြီကွ!
ထန်းယီးယွမ်ဆံပင်က ခဏလေးနဲ့အခြောက်လွယ်တဲ့အတွက် အိပ်ယာဆီပြန်လျှောက်လာသည်။ ခန္ဓာကိုယ်လေးကမွှေးကြိုင်ပြီး တစ်ပင်နှစ်ပင်ထောင်ထွက်နေသည့် ဆံနွယ်အချို့မှလွဲ ကျန်ဆံပင်လေးများက နဖူးထက် ပျော့ပျော့အိအိဝဲကြနေတဲ့အတွက် လုချန်ကို အခုပဲပြေးပွတ်ချင်လာအောင် ဆွဲဆောင်နေပြန်သည်။
ညအခါလသာသာမှာ အခုလေးတင်မှရေချိုးထားသည့် အိုမီဂါနှင့် အယ်လ်ဖာတစ်ယောက် တစ်ခန်းထဲအတူတူရှိနေကြတယ်ဆိုသည့် ဖြစ်စဥ်က ....... အတော်လေးကိုမှ ရင်တုန်ပန်းတုန်နိုင်လိုက်တာနော်။
လုချန် ချောင်းဟန့်လိုက်ကာ အိပ်ယာအလယ်မှာ မျက်နှာငယ်နေရသည့် စောင်တန်းလေးကို လက်ညှိုးထိုးပြရင်း
'' မင်း အိပ်တော့မယ်ဆို ဒီစည်းကို ဖြတ်...ဖြတ်ခွင့်မပြုဘူး ''
လုချန်တစ်ယောက် ထိုသို့ပြောနေရင်းနဲ့လည်း ထန်းယီးယွမ်ဆီ အကြည့်တွေက မသိမသာ သိသိသာသာ ရောက်ရောက်သွားကာ မျက်လုံးများက ထန်းယီးယွမ်၏ နူးညံ့သည့် ညှပ်ရိုးလေးများပေါ် သောင်တင်နေရင်း...... လှလိုက်တာကွာ!
ထန်းယီးယွမ် ကုတင်ပေါ်မှာ တောင့်တောင့်ဖြောင့်ဖြောင့်ကြီးနေရာယူထားသည့် စောင်တန်းကိုတစ်ချက်လှမ်းရှိုးလိုက်ပြီးနောက် လုချန်ကို မျက်ဆံလည်ပြလိုက်သည်။ သိပ်မကြာ အခုချိန်အထိ သူ့အလှမှာနစ်မြောနေသေးသော လုချန်ကို ကုတင်ပေါ်ရောက်အောင် ကန်ချပစ်လိုက်ပြီး သူကိုယ်တိုင်လည်း ကုတင်ပေါ် ကျွမ်းကျွမ်းကျင်ကျင်တက်သွားကာ အခုထိကြောင်အနေသေးသော လုချန်ရင်ခွင်ထဲ လှိမ့်ဝင်လိုက်သည်။ ထို့နောက် အရင်က ညပေါင်းများစွာ မရေမတွက်နိုင်အောင်လုပ်ခဲ့ဖူးသလိုမျိုး ကို့ရို့ကားယားဖြစ်နေသော လုချန်လက်ကိုဆွဲဖမ်းကာ သူ့ကိုဖက်ထားစေပြီး သူကိုယ်တိုင်လည်း လုချန်ရင်ခွင်ထဲ သက်တောင့်သက်သာနေရာယူရင်း တစ်ညတာအိပ်စက်အနားယူဖို့ပြင်လိုက်တော့သည်။
မီးပိတ်၊ အိပ်။
လုချန်က အရပ်ရှည်ပြီး ခန္ဓာကိုယ်ကလည်းတောင့်တင်းတဲ့အတွက် ထန်းယီးယွမ်ဆိုတဲ့ အိုမီဂါသေးသေးလေးက သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျ ဖြစ်နေသည်။
ထန်းယီးယွမ်ပုခုံးနုနုလေးပေါ်အတင်ခံထားရသည့် လုချန်လက်ကြီးမှာလည်း အကျိုးနည်းတောင့်တင်းနေကာ လက်ဖဝါးတွေကလည်း ပူပြင်းပြီး ချွေးစေးတွေပြန်နေသည်။ သူ့ရင်ခွင်ထဲထည့်ဖက်ထားသည့်အရာလေးမှာ အထိအခိုက်မခံသည့်ရတနာလေးလိုမျိုး ကြမ်းကြမ်းတမ်းတမ်းကြီးလည်း မထိရဲမကိုင်ရဲ၊ ဒါပေမဲ့ မရွှေ့ပစ်လို့ကလည်းမဖြစ်နှင့် လုချန်တစ်ယောက် တိုင်ပတ်နေလေသည်။
လုချန်အမှောင်ထုကြီးကို ကြောင်ကြောင်ကျားကျားကြီးလှမ်းကြည့်နေကာ တုန်ယင်နေသည့်နှုတ်ခမ်းတစ်စုံကနေ အတင်းဖြစ်ညှစ်ထုတ်ထားရသည့် စကားတစ်ခွန်း ခပ်တိုးတိုးထွက်လာသည်။
'' စည်း....စည်းကျော်လို့ မဖြစ်ဘူးလို့ ''
လုချန် နေ့တစ်ဝက်လောက်စောင့်နေပေမဲ့လည်း ထန်းယီးယွမ်ဆီက အဖြေပြန်မလာပါ။
(T/N: အကြာကြီးစောင့်လိုက်ရတာကို နေ့တစ်ဝက်လောက်စောင့်လိုက်ရတယ်လို့ တင်စားပြောတာပါ)
သူငုံ့ကြည့်လိုက်တော့ ထန်းယီးယွမ်က အိပ်တောင်ပျော်နေပြီဖြစ်သည်။ အိပ်ပျော်နေတဲ့အိုမီဂါလေးမှာ အလွန်ကိုမှတိတ်ဆိတ်ငြိမ်သက်လှကာ အကာအကွယ်ကင်းမဲ့ပြီး အနံ့မွှေးမွှေးလေးကလည်း အနီးအနားတစ်ဝိုက်လွှမ်းခြုံနေသည်။ ထန်းယီးယွမ်ရဲ့ အသက်ရှုနှုန်းဖျော့ဖျော့လေးက သူ့ရင်ဘတ်အနား ထိခတ်ပုတ်ခတ်ဖြင့်..... တကယ့်ကိုမှ ယားကျိကျိဖြစ်လိုက်တာနော်။
....... အချစ်ပြိုင်ဘက်က ဘာလို့ဒီလောက်ရှူလို့ကောင်းပြီး..... ဘာလို့ဒီလောက်ဖက်လို့ကောင်းနေရတာလဲ.... မွှေးကြိုင်လိုက်တာမှ.... ပျော့အိလိုက်တာမှ......
လုချန်တစ်ကိုယ်လုံး အပူတွေ တရိပ်ရိပ်တက်လာသည်။ သူတစ်စက်ကလေးတောင် အိပ်လို့မရတော့တဲ့အတွက် ထန်းယီးယွမ်ကိုသာ ငေးစိုက်ကြည့်နေမိသည်။ သို့သော် သူ တစ်လက်မလေးတောင် နေရာမရွှေ့ရဲပါ။ ရင်ခွင်ထဲအိပ်မောကျနေသည့် အိုမီဂါလေးရဲ့ အိမ်မက်လှလှလေးကို နှောက်ယှက်မိမှာစိုးသောကြောင့်ပင်။
လုချန် အမှောင်ထုကြီးကိုကြည့်ရင်း တောင်ရောက်မြောက်ရောက်တွေးတောနေပြန်သည်။
// အချစ်ပြိုင်ဘက်ကတော့ အချစ်ပြိုင်ဘက်လို့ ခေါ်ထိုက်ပါပေတယ် သူ့ကို ညှင်းပန်းနှိပ်စက်ဖို့သုံးတဲ့နည်းလမ်းတွေများ တစ်ခေါက်တစ်မျိုး ဆန်းကြယ်လိုက်တာမှ //
လေထုက ထန်းယီးယွမ်ရဲ့ဖယ်ရိုမုန်းအနံ့လေးများဖြင့် ခပ်ပါးပါးလွှမ်းခြုံထားသည်။ ထိုမွှေးမွှေးအီအီအနံ့လေးများက သူ့ကိုယ်ပိုင်ဖယ်ရိုမုန်းအနံ့များဖြင့် အချိတ်အဆက်မိမိ ရောစပ်သွားပုံထောက်လျှင် ကြည့်ရတာတော့ သူ ဟိုးအရင်ကတည်းက ထန်းယီးယွမ်ကို ထာဝရအမှတ်အသားပေးပြီးသွားပုံပင်။
လုချန် နှာခေါင်းတရှုံ့ရှုံ့ဖြင့် လေထုထဲက ရနံ့တွေကို ရှူကြည့်လိုက်ချိန် ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထန်းယီးယွမ်ကိုယ်ပေါ်မှာရှိနေသည့် သူ့ကိုယ်ပိုင်ရနံ့များက အရမ်းကို မှိန်ဖျော့နေသောကြောင့်ပင်။
သူ ခေါင်းငုံ့ကြည့်လိုက်ကာ ထန်းယီးယွမ် တကယ်ကြီးအိပ်ပျော်နေပြီဆိုတာသေချာမှ သူ့ကိုယ်ပိုင်ဖယ်ရိုမုန်းအနံ့တွေကို တိုးတိုးတိတ်တိတ်ကလေး လွှတ်ထုတ်လိုက်သဖြင့် ရနံ့လေးများက အခန်းတွင်းလေထုထဲ တဖြည်းဖြည်းပျံ့နှံ့သွားသည်။ သူ့ကိုယ်ပိုင်ရနံ့တွေက ထန်းယီးယွမ်အနီးအနားတစ်ဝိုက်ဝေ့ဝဲနေကာ အိုမီဂါလေးရဲ့ဖယ်ရိုမုန်းအနံ့လေးတွေနဲ့ ရောစပ်သွားပြီး ကိုယ်ပေါ်မှာ စွဲထင်ကျန်ရစ်နေလေသည်။
အိုမီဂါတစ်ယောက် ထာဝရအမှတ်အသားအပေးခံရပြီးသောအခါ သူ့ကိုယ်ပိုင်အယ်လ်ဖာရဲ့ဖယ်ရိုမုန်းက သူ့ကို စိတ်အေးချမ်းသာမှုရစေသလို အရင်ကထက်ပိုပြီးလည်း မှီခိုအားကိုးလာသည်။ လုချန်ရင်ခွင်ထဲ အိပ်ပျော်နေသည့် ထန်းယီးယွမ်က လုချန်ထုတ်လွှတ်လိုက်တဲ့ ဖယ်ရိုမုန်းတွေကြောင့် အနည်းငယ်တွန့်ချိုးနေတဲ့မျက်ခုံးတန်းလေးလည်း ပြေလျော့သွားပြီး ရင်ခွင်ထဲ ပိုပြီးသက်တောင့်သက်သာရှိစေမည့်ပုံစံပြောင်းရင်း လုချန်ကိုပြန်ဖက်ထား၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။
သိပ်မကြာလိုက်၊ လုချန်တစ်ယောက် သူ့ရဲ့ရနံ့တွေ ထန်းယီးယွမ်တစ်ကိုယ်လုံးကိုရော၊ ဖယ်ရိုမုန်းအနံ့တွေနဲ့ပါ သိပ်သိပ်သည်းသည်း ရောနှောစွဲထင်သွားပြီဆိုတာသေချာမှ ကျေကျေနပ်နပ်ကြီးပြုံးရင်း စိတ်အေးချမ်းသာစွာဖြင့် အိပ်ဖို့ပြင်လိုက်တော့သည်။
________________________________
ဪ ရန်လိုနေတဲ့အမောင်gongတို့များ
Zawgyi
You are reading the story above: TeenFic.Net