၃၆

Background color
Font
Font size
Line height


အပိုင်း ၃၆

ရွှယ်ယွမ်က သူ၏နားအနားကပ်ကာပြောနေသံက ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ အသံလိုလို သို့မဟုတ် ခွေးရူးတစ်ကောင်၏အသံလိုလိုထင်ရသည်။

အန္တရာယ်များပြီးထောင်းတက်နေသည့် သွေးညှီရနံ့က သူ၏ခေါင်းထံဆောင့်တိုး ပြေးဝင်လာသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ရွှယ်ယွမ်၏လက်မှ ဒဏ်ရာပေါင်းများစွာကို မြင်လိုက်ရသည်။ သာမန်လူများအတွက် ထိုသို့ မြင်းဖြင့် ဒရွတ်တိုက်အဆွဲခံရပြီး အချိန်ကြာလျှင်သေနိုင်သည်။ ရွှယ်ယွမ်က အလွန်သန်မာပြီး ကျန်းမာ၏။ သူက မြင်းဇာက်ကြိုးကို ကိုင်ထိန်းထားသောအားက ကြောက်စရာပင် ကောင်းသေးသည်။ သွေးညှီရနံ့နှင့် ထိုဒဏ်ရာများမှအပ မည်သည့်အနေအထားကမှ ခြားနားသွားပုံမပေါ်ချေ။

ကုယွမ့်ပိုင်မျက်နှာက ခံစားချက်မဲ့လျက် တည်ငြိမ်နေသည်။

ယခုလေးတင် သူက ရွှယ်ယွမ်ကို အမှန်တကယ်သတ်ပစ်ချင်ခဲ့သည်။ သူ့ကိုရန်စပြီး အနာဂါတ်တွင် သူ၏အာဏာကိုယူသွားမည့် ထိုလူကိုသတ်ချင်နေခဲ့၏။ သူက ရွှယ်ယွမ်ကို အနောက်တွင် ဒရွတ်တိုက်ဆွဲချင်ခဲ့သည်။ ကုယွမ့်ပိုင်က ထိုတစ်ခဏတွင်ပင် ကျေနပ်မှုကို ခံစားလိုက်ရသည်။

ရွှယ်ယွမ်သေသွားရင် ဘယ်လောက်ကောင်းမလဲ၊ အနာဂါတ်ရဲ့ဘုရင်ခံကို သတ်ပြီးသားဖြစ်သွားမယ်။

သို့သော် သူက အသိပြန်ဝင်သောအခါ ထိုသို့သတ်၍မဖြစ်ကြောင်း သိလိုက်သည်။ ပုံမှန်နည်းလမ်းများလောက်က သူ့ကိုသတ်ရန် မလုံလောက်ချေ။

ရွှယ်ယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေသည်။ သူက ငယ်ရွယ်သောဧကရာဇ်ကို လက်မောင်းသားအတွင်း ပွေ့ဖက်ထားသည်။ သူ၏ဒေါသများက အလွန်နက်ရှိုင်းနေ၏။ သွေးရနံ့ကလည်းထောင်းတက်နေသည်။ နာကျင်မှုက သူ့ကိုဒေါသထွက်စေသည်။ သူ၏ခန္ဓာကိုယ်အတွင်း အနက်ရှိုင်းဆုံး အပိုင်းတွင် မြှုပ်နှံထားသော ရူးသွပ်မှုက တစ်ဖန်ပြန်ပေါ်လာသည်။ သူ၏အမူအရာက ဆိုးရွားလာသည်။ သို့သော် သူက ဧကရာဇ်ကိုနာကျင်အောင် မလုပ်ခဲ့ချေ။

သူက မဲမှောင်သောမျက်နှာနှင့် လှောင်လိုက်သည်။

“ကျွန်တော်မျိုး မှန်တယ်မဟုတ်ပါလား”

“မင်းကလား”

ကုယွမ့်ပိုင်က တည်ငြိမ်ဟန်ဖြင့် ခေါင်းလှည့်ပြီး ရွှယ်ယွမ်ကို တစ်ချက်ကြည့်ကာ ပေါ့ပါးစွာပြုံးသည်။

“လက်စသတ်တော့ အစောင့်ရွှယ်က မြင်းကို နာကျင်အောင်လုပ်ခဲ့တာပဲ”

သူက တစ်ဖက်သူအား ခပ်အေးအေးဝေဖန်သည်။

“မင်းက ကျန်းရဲ့မြင်းကောင်းတွေထဲက တစ်ကောင်ကို ဖျက်ဆီးလိုက်တယ်၊ ကျန်းရဲ့စောင်ကောင်းအချို့ကိုလည်း ပျက်စီးစေခဲ့တယ်၊ ကျန်းက ဒီကိစ္စကို မကိုင်တွယ်ရင်တောင်မှ ကျန်းမှာ မင်းကို အပြစ်ပေးပိုင်ခွင့်ရှိသေးတယ်၊ အစောင့်ရွှယ်ရဲ့ သုံးလစာလခက ဥပမာအနေနဲ့ အပြစ်ဒဏ်အပေးခံရမယ်”

ရွှယ်ယွမ်က နှာခေါင်းရှုံ့လိုက်သည်။ သူက ကြာပွတ်ကိုင်ထားသောလက်ကို မြှောက်လိုက်ပြီး မြင်းကို လေးကြိုးမှ လွတ်ထွက်သွားသောမြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားစေသည်။

“အရှင်”

အနောက်မှအစောင့်များက တအံ့တဩအော်ကြသည်။ သူတို့က ဒေါသတကြီး လှမ်းအော်၏။

“ရွှယ်ယွမ် ရပ်စမ်း”

သူတို့၏ကျောပြင်မှမြင်ကွင်းက လျင်မြန်စွာပျောက်ကွယ်သွားသည်။ မြင်းကလည်း ရိုင်းစိုင်းသွားသလို အသားကုန်ပြေး၏။ ကုယွမ့်ပိုင်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး မြင်းဇာက်ကြိုးကို ဆွဲချင်သည်။ သို့သော် ရွှယ်ယွမ်ကမူ ခေါင်းမာစွာဖြင့်ကိုင်ထားသည်။ ကုယွမ့်ပိုင်ကလည်း လုမယူနိုင်ချေ။

သေလိုက်စမ်း။

ကုယွမ့်ပိုင်၏တစ်ကိုယ်လုံးက မသက်မသာဖြစ်လာသည်။ သူက ဒေါသတကြီး အော်သည်။

“ရွှယ်ယွမ်”

ရွှယ်ယွမ်ကလည်း ပြန်အော်သည်။

“အရှင် အရှင်က အရှိန်နှုန်းမြှင့်ရတာကို ဒီလောက်ကြိုက်မှန်းမြင်ရတော့ ဒီအရာရှိကလည်း အရှင်က မြင်းဒုန်းစိုင်းစီးချင်တယ်လို့ ထင်သွားမိတာပါ၊ မဟုတ်ပါဘူးလား”

ကုယွမ့်ပိုင် “ကျန်း မင်းကို ရပ်ဖို့အမိန့်ပေးတယ်”

ရွှယ်ယွမ်က မြင်းဇာက်ကြိုးကို ခပ်ကြမ်းကြမ်းဆွဲသည်။ မြင်း၏ရှေ့ခြေထောက်က မြေပြင်မှလွတ်ထွက်သွားပြီး ဟီသည်။ ကုယွမ့်ပိုင်၏ကျောကလည်း ရွှယ်ယွမ်၏လက်မောင်းထဲသို့ ထိုးကျသွားသည်။ ရွှယ်ယွမ်၏ရင်ဘတ်နှင့်ဝမ်းဗိုက်က မာကြောသည်။ ဆောင့်မိသွားပြီးနောက် သူ၏ကျောပြင်တစ်ခုလုံးက နာကျင်သွားရ သည်။

သူ၏ကျောပြင်နှင့်သူ၏ခြေထောက်အောက်ပိုင်းက ပို၍ပင်နာကျင်သည်။ ထိုတစ်ခဏတွင် ကုယွမ့်ပိုင်က အေးစက်စွာရယ်သည်။

“အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်”

ခွေးရူးတစ်ကောင်ကို နာကျင်အောင်လုပ်ဖို့မလွယ်တာ ရှင်းနေတာပဲ။

သူ၏ဒေါသနှင့်စိတ်ဆန္ဒက သူ့ကို အကြမ်းပတမ်းအုပ်စိုးလိုစိတ် ပြင်းထန်လာစေ သည်။ ကုယွမ့်ပိုင်က စူးစမ်းရှာဖွေလိုသော စိတ်ဓါတ်ရှိသည်။ သို့သော် သူ၏ကိုယ်ကမူ သူ့အား ကိစ္စများကို ရင်းနှီးရန်အထိ လုံလောက်အောင် ကောင်းမွန်သော အခြေအနေမျိုးတွင် မရှိချေ။ သို့ရာတွင် ရွှယ်ယွမ်ကို ယဉ်ပါးအောင်လုပ်သောဖြစ်စဉ်ကမူ သူ့အား ဖျော်ဖြေပေးမည့် အခြားသောအတွေ့အကြုံဖြစ်နိုင်သည်။

သတ်ရတာက လုံလောက်အောင် စိတ်လှုပ်ရှားစေမှာမဟုတ်ဘူး၊ လုံလောက်အောင်လည်း ပျော်မွေ့စေမှာမဟုတ်ဘူး။

အစစ်အမှန်အောင်မြင်ပျော်မွေ့စေမယ့်အရာက ဒီခွေးရူးကောင်ကို နာခံအောင် လုပ်တာပဲ၊ ဧကရာဇ်ရဲ့ခြေရင်းမှာ နာခံစွာနဲ့ ဝပ်ဆင်းအောင်လုပ်ရမယ်။

သူက ဒေါသထွက်နေကြောင်းမြင်သောအခါ ရွှယ်ယွမ်က ပြုံးသည်။ သူက လက်တစ်ဖက်ကို ပြောင်းလိုက်ပြီး ငယ်ရွယ်သောဧကရာဇ်၏ခါးကို သိုင်းဖက်လိုက်ကာ သူ၏လက်မောင်းအတွင်း သက်တောင့်သက်သာလှဲစေသည်။ သူက ဧကရာဇ်၏ ကျောမှီခုံထိုင်အတိုင်းပြုမူ၏။ မြင်းက အရှိန်နှုန်းနှေးကျသွားသောအခါ ခပ်အေးအေး လမ်းလျှောက်သလိုသာ ရွေ့တော့သည်။

“အရှင်မင်းကြီး”

ရွှယ်ယွမ်က ပြောသည်။

“ဒီနေ့ အရှင်မင်းကြီးက မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်ကို အဖော်ပြုပြီး ဂူဘုရားကျောင်းဆီ သွားရောက်လည်ပတ်မှာမဟုတ်လား၊ မြင်းစီးတာကတော့ အမှန်တကယ် မသင့်တော်ပါဘူး၊ အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က နူးညံ့လွန်းတယ်၊ အရေပြားတွေပွန်းပဲ့သွားရင် မကောင်းမွန်လှပါဘူး”

ကုယွမ့်ပိုင် “ဟမ်”

“ဒါပေါ့ ဒီအရာရှိကလည်း အရှင်မင်းကြီးအတွက် သေချာပေါက ်စဉ်းစားဆင်ခြင်ပေးမှာပါ”

ရွှယ်ယွမ်က သူ၏အင်္ကျီလက်ကိုဆွဲလိုက်ပြီး ကုယွမ့်ပိုင်အား မီတာ ၁၀ ကျော်အထိ ဒရွတ်တိုက်အဆွဲခံရသောကြောင့် ပြဲထွက်သွားသည့် အင်္ကျီလက်မှအနားစများကို ပြန်မြင်လိုက်ရစေသည်။ သူ၏လက်မောင်းတစ်ဖက်လုံးတွင် အရေပြားနှင့်အသားများ ပွန်းပဲ့မှုများနှင့်အတူ သွေးများပင်စိမ့်ထွက်နေသည်မှာ ရှင်းလင်းစွာ နာကျင်နေမည့်ပုံ ပေါ်သည်။

“ကြည့်ပါအုံး ဒီအရာရှိရဲ့ခန္ဓာကိုယ်မှာ ဒီလိုဒဏ်ရာတွေတောင်ရှိပါတယ်၊ ဒီအရာရှိရဲ့ကျောပြင်က သွေးတွေကလည်း အဝတ်ကိုတောင်ကပ်နေပါပြီ၊ နာကျင်လွန်းလို့ ပတ်တီးလဲရင်တောင် သေတော့မတတ်ခံစားရမှာပါ၊ အရှင်မင်းကြီး အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒီလိုဆက်ဆံပြီးတဲ့နောက်မှာ ကျွန်တော်မျိုးက အရှင်မင်းကြီးကို တစ်ခဏလောက်ပဲ မြင်းစီးစေချင်ခဲ့တာပါ၊ ကျွန်တော်မျိုးက ကောင်းကောင်းစဉ်းစားဆင်ခြင်ပြီး တွေးတောပေးတတ်တာ မဟုတ်ပါလား”

ဧကရာဇ်၏နှုတ်ခမ်းများက ကော့တက်သွားသည်။ သူက ဖြည်းဖြည်းချင်းပြော၏။

“ကျန်းက တစ်ကြိမ်အပြစ်ပေးတယ်၊ ဒါကို မင်းက မှတ်ထားပြီး ပြန်လည်ကလဲ့စားချေတယ်၊ မင်းက တကယ်တော်တဲ့အစောင့်ကောင်းပဲ”

“အရှင်မင်းကြီး နောက်နေပြန်ပါပြီ”

ရွှယ်ယွမ်က ခပ်ဖြေးဖြေးချင်းပြောသည်။

“အခုလေးတင် ဒီအရာရှိက အရှင်မင်းကြီး ဒီအရာရှိကိုသတ်တော့မယ်လို့ တွေးထင်ခဲ့တာ၊ ဘာကိုကလဲ့စားချေတာပါလဲ၊ အရှင်မင်းကြီး မှားယွင်းနေပါပြီ၊ အရှင်မင်းကြီးက ကောင်းကင်ဘုံရဲ့သားတော်ဖြစ်သလို မဟာထန်ရဲ့ဧကရာဇ်လည်း ဖြစ်ပါသေးတယ်၊ ဒီအရာရှိက ဘယ်လိုများလုပ်ရဲမှာပါလဲ”

သူတို့၏အနီးအနားတွင် မြက်ခင်းများပေါ်တွင် ပျံသန်းနေသော လိပ်ပြာဖြူလေးများ၏ သေးငယ်သောခန္ဓာကိုယ်လေးများရှိသည်။ နွေဦးရာသီတွင် အမြင်ရဆုံးက အဖြူရောင်လိပ်ပြာဖြစ်သည်။ ကုယွမ့်ပိုင်က သူတို့ကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။

“မင်းက ဘယ်သူမှမကြည့်နေတာကြောင့် လိပ်ပြာတစ်ကောင်ကို ခြေမွပစ်ခဲ့တယ်၊ ဒါပေါ့၊ မင်း ပြောချင်တာကိုလည်းပြောနိုင်တာပဲ”

ဘယ်မှကြည့်မနေတာကြောင့်နဲ့ မင်းက ငါ့ကို ဒီလိုကလဲ့စားချေတယ်၊ မင်းရဲ့ပါးစပ်ကတော့သစ္စာရှိမှု၊ ဖြောင့်မတ်မှုတွေ ပြည့်နေပြန်ပြီ၊ ငါ တကယ်ရယ်ချင် တယ်။

ကုယွမ့်ပိုင်ကလည်း ရွှယ်ယွမ်ကို သတ်ရန်ကြိုးစားမိသည့်အတွက် နောင်တမရချေ။ ရွှယ်ယွမ်၏စိတ်နေသဘောထားကြောင့် သူက ဒေါသထွက်ခဲ့ရသည်။ သူက ဧကရာဇ်ကို ခေါင်းမာစွာဆက်ဆံရဲပြီး ထိုသို့မိုက်ရူးရဲဆန်စွာပြုမူရဲ၏။ သူဟာ ပေါ်တင်လုပ်ရဲသလို ရိုးသားတတ်ပြသေးပြန်သည်။

သူ မလုပ်ရဲတာ ဘာရှိအုံးမှာလဲ။

နောက်မှအစောင့်များက အမီလိုက်လာကြသည်။ ကုယွမ့်ပိုင်က အဆင်ပြေကြောင်း မြင်ရမှသာ သူတို့က စိတ်အေးသွားကြ၏။ အစောင့်ခေါင်းဆောင်က ရွှယ်ယွမ်ကို တစ်ခဏခန့်စူးစိုက်ကြည့်ပြီး ခပ်ကြမ်းကြမ်းပြောသည်။

“မင်း မြင်းတောင်မစီးတတ်ရင် ဒီလိုမရမ်းကားမိစေနဲ့”

ရွှယ်ယွမ်က စိတ်အခြေအနေမကောင်းချေ။ ထိုစကားများကိုကြားသောအခါ သူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။ သူက ပြုံးသည်။

“ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်ပါ”

အစောင့်ခေါင်းဆောင်က ဒေါသထွက်ပြီး မျက်နှာက နီရဲသွားသည်။

“မင်း …”

“လုံလောက်ပြီ”

ကုယွမ့်ပိုင်ကပြောသည်။

“ကျန်း မင်းတို့အားလုံးကို ပါးစပ်ပိတ်ဖို့အမိန့်ပေးတယ်”

ဘယ်သူကမှ စကားမပြောရဲတော့ချေ။ ကုယွမ့်ပိုင်က ခံစားချက်မဲ့စွာဖြင့် ကျောကို ဖြောင့်မတ်လိုက်သည်။ လေထုအခြေအနေက ဖိအားများနေလေပြီး ထူးဆန်းလာသည်။ ထိုအခြေအနေက မြို့တော်၏အပြင်ဘက်ခြမ်းရောက်သည်အထိ ဆက်လက်ဖြစ်ပွား နေခဲ့၏။

မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်ကလည်း ဒီလိုနေ့ကိုမျှော်လင့်နေခဲ့သဖြင့် ရာသီဥတုကလည်း ကောင်းမွန်သည်။ အသက်အရွယ်ကြီးသောအမျိုးသမီးအနေဖြင့် အလွန်တက်ကြွနေလေ၏။

ကုယွမ့်ပိုင်က မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်ကို အဖော်ပြုပြီး ဂူဘုရားကျောင်းသို့ တဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။

တော်ဝင်ဂူဘုရားကျောင်းကို ချန်းပေါင်ဂူဘုရားကျောင်းဟုခေါ်သည်။ ထိုနေရာက အလွန်ကျယ်လေပြီး မီတာ ၁၀ ကျော်ခန့်အထိ မြင့်သည့်စေတီလေးတစ်ဆူလည်းရှိသည်။ လေထန်လန်းက သီးသန့်တည်ရှိနေလေပြီး ဂူဘုရားကျောင်းက ချုံနွယ်ပိတ်ပေါင်းများ အနောက်တွင်ရှိနေလေရာ ထူးခြားသည့်ငြိမ်းချမ်းမှုမျိုးကို ပေးစွမ်းနေပြန်သည်။

“အရှင်မင်းကြီး”

တစ်ခဏခန့်ကြာပြီးနောက် မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်က စကားဆက် မပြောနိုင်တော့ချေ။ သူမက လမ်းဘေးနားတွင်ရှိသော ကျောင်းဆောင်လေးတစ်ခုတွင် ဝင်ထိုင်ရင်း ကုယွမ့်ပိုင်ကိုပြုံးလျက်ကြည့်သည်။

“ကျွန်တော်မျိုးမ တကယ်ပဲ  လမ်းဆက်မလျှောက်နိုင်တော့ပါဘူး၊ အရှင်မင်းကြီးပဲ ရှေ့ဆက်သွားလိုက်ပါ၊ ကျွန်တော်မျိုးမအတွက် အမွှေးနံ့သာတစ်တိုင်အပို ထွန်းပေးခဲ့ပါ”

ကုယွမ့်ပိုင်ကပြုံးသည်။

“ဒါဆိုရင် ကျန်း အရင်သွားတော့မယ်”

မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်က စိတ်အေးသလိုခေါင်းငြိမ့်သည်။ သူမက ပြုံးပြီး သူမ၏နဖူးမှချွေးများကို သုတ်လိုက်ရင်း ပျောက်ကွယ်သွားသည့် ဧကရာဇ်၏ကျောပြင်ကိုကြည့်သည်။

အပိုင်း ၃၇
ချန်းပေါင်ဂူဘုရားကျောင်းက တောင်ဘေးတွင်ရှိသည်။ အားပေါ့နှင့်အခြားသော ဘုန်းတော်ကြီးပေါင်းများစွာကလည်း ဧကရာဇ်နှင့်မဟာတော်ဝင်ကိုယ်လုပ်တော်ဝမ်တို့ ရောက်လာမည့်သတင်းကို ကြားထားပြီးသားဖြစ်သည်။ ကုယွမ့်ပိုင်က နောက်ဆုံးတွင် ဂူဘုရားကျောင်းသို့ရောက်လာသောအခါ ကတုံးပြောင်နှင့်ဘုန်းကြီးများ ပြည့်နှက်နေကြောင်း မြင်လိုက်ရသည်။

ထိုဘုန်းကြီးများအားလုံးက ဘုန်းကြီးဝတ်စုံကို တူညီစွာဝတ်ဆင်ထားကြသည်။ ကုယွမ့်ပိုင်ကိုလည်း အားပေါ့က ဦးဆောင်လျက်ဂါရဝပြုကြ၏။ ကုယွမ့်ပိုင်က နွေးထွေးသောအသံနှင့် သူတို့ကိုထရပ်စေသည်။ သူက ဘုရားကျောင်း၏ ဘုန်းတော်ကြီးများကို ကြည့်လိုက်သည်။ သူ၏ခန့်မှန်းခြေအရ လူတစ်ထောင်ခန့ ်ရှိနိုင်သည်။ ကုယွမ့်ပိုင်မျက်လုံးက မှေးကျဉ်းသွားသည်။ သို့သော် မည်သည့်စကားမျှ မဆိုဘဲ အားပေါ့ကိုသာဦးဆောင်စေလျက် ဂူဘုရားကျောင်းဝန်းကျင်အနှံ့ လိုက်လံကြည့်ရှုသည်။

အားပေါ့က သက်ပြင်းချသည်။

“အရင်ဧကရာဇ် ဒီနေရာမှာရှိနေတဲ့အချိန်က အရှင့်သားကို ဗုဒ္ဓကိုဖူးမြှော်ဖို့ ခေါ်ဆောင်လာခဲ့ဖူးပါသေးတယ်၊ ဒါပေမယ့် အရှင့်သားက အဲ့ဒီအချိန်တုန်းက တအားကို ငယ်ရွယ်နေသေးလို့ မမှတ်မိတာဖြစ်ပါလိမ့်မယ်”

ကုယွမ့်ပိုင်က ပြုံးပြီးသဘောတကျပြောသည်။

“အားပေါ့ မင်းက လှပတဲ့တောင်အနီးအနားဝန်းကျင်ရဲ့ ရှုခင်းတွေကြားမှာ နေထိုင်ရသလို တစ်နှစ်ပတ်လုံး လှပတဲ့ရှုခင်းတွေကို ခံစားနေရလိမ့်မယ်၊ ဒီတောရိုင်းတောင်တောအုပ်တွေက လောကရဲ့ဆူညံသံတွေနဲ့ ဝေးကွာလွန်းတယ်၊ မင်းရဲ့ရှု့ထောင့်ကကြည့်ရင် အချိန်တွေက မနေ့တစ်နေ့ကလိုဖြစ်နေမှာပေါ့”

အားပေါ့က ရယ်သည်။

“အရှင့်သားပြောတာမှန်ပါတယ်၊ အခု အရှင့်သားကိုပြန်မြင်ရတော့ အရှင့်သားရဲ့ခန္ဓာကိုယ်ကို အစစ်အမှန်နဂါးက ကာကွယ်နေတယ်လို့ခံစားရပါတယ်၊ ဒီဘုန်းတော်ကြီးက ဘုရားကျောင်းက အပြင်ထွက်ခဲပေမယ့်လည်း အရှင့်သားအုပ်ချုပ်တဲ့ နယ်မြေတွေက ကြီးပွားသာယာဝပြောနေကြောင်း ကြားမိပါသေးတယ်”

ထိုသို့စကားပြောနေချိန်တွင် သူတို့တစ်အုပ်က တောင်ဘေးဘက်ရှိ မြင့်မားသောကျောင်းဆောင်နားသို့ ရောက်သွားသည်။ တောင်တွင် တိုက်ခတ်သော ကြမ်းတမ်းသောလေက ဧကရာဇ်၏ဝတ်စုံကို ဖောင်းနေစေသည်။ အားပေါ့က အံ့အားသင့်ဖွယ်စကားများကို ဆက်ပြောနေပြီး ဗုဒ္ဓ၏စာပေများအကြောင်းအရာနှင့် နက်နဲသောသဘောတရားများပါဝင်လာသည်။

သူက စကားပြောနေချိန်တွင် ဧကရာဇ်က ပြုံးလျက်သားနားထောင်နေသည်။ တစ်ခဏခန့်ပြောပြီးနောက် အားပေါ့၏ပါးစပ်ကခြောက်လာသည်။ သူက ဧကရာဇ်၏အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ တောင်အောက်သို့ ရောက်သွား၏။ သူကမေးသည်။

“အရှင်မင်းကြီးက ဘာကိုကြည့်နေတာပါလဲ”

“ကျန်းက ဒီလှပတဲ့ရတနာဂူဘုရားကျောင်းကို ကြည့်နေတာ”

ဧကရာဇ်က မိန့်သည်။ အားပေါ့ကပြုံးသည်။

“အရှင်မင်းကြီးက ဒီနယ်မြေကိုကြည့်ချင်တယ်ဆိုရင်ဖြင့် အရှေ့ဖျားမှာရှိတဲ့ ကြည့်စင်စင်မြင့်ဆီ သွားရောက်သင့်ပါတယ်၊ အဲ့ဒီနေရာက ရှုခင်းတွေက ပိုပြီးလှပပြီး လူတွေရဲ့စိတ်ကို ယစ်မူးအောင်ဆွဲဆောင်နိုင်ပါတယ်”

“ကျန်းက ရှုခင်းကိုကြည့်နေတာမဟုတ်ဘူး”

တစ်ခဏခန့်ပြောပြီးနောက် ထူးဆန်းသည်ဟုမထင်ရသော်လည်း အစောင့်များကမူ လိုက်လံကြည့်ရှုကြသည်။

ရွှယ်ယွမ်ကအဖွဲ့၏နောက်ဆုံးပိုင်းတွင်ဖြစ်သည်။ သူ၏ဝတ်စုံမှပေကျံနေသည့် နောက်ဆုံးသော ရွှံ့နွံများကို ရှင်းလင်းလိုက်နိုင်သည့်အချိန်တွင် ထိုစကားကို ကြားလိုက်ရသောအခါ မော့ကာကြည့်လိုက်သည်။ ထိုအခါ ဧကရာဇ်၏အပြုံးမျက်နှာ ခပ်ရေးရေးကိုမြင်လိုက်ရသည်။

အပြာရောင်ပိုးသားဝတ်စုံက လေတွင်လွင့်နေသည်။ မကြာခဏဆိုသလို အဝတ်စအနည်းငယ်က သူ၏မျက်နှာနားအထိ လေနှင့်အတူပျံတက်လာတတ်၏။ ရွှယ်ယွမ်က တစ်ခဏခန့် ငေးကြည့်နေမိပြီး အကြည့်လွှဲလိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် သူက ထပ်ကြည့်မိပြန်သည်။ သူ၏မျက်ဝန်းက အဝေးသို့မရွှေ့ချင်ချေ။ သူက ဧကရာဇ်ကို ပေါ်တင်စိုက်ကြည့်ချင်နေသည်။

တစ်ဖက်သူက အပြုံးနှင့်ပြောနေသောအချိန်တွင် နှုတ်ခမ်းများက အသာကော့တက်နေတတ်သည်။ အသားအရေကလည်းအလွန်ကောင်း၏။ နှုတ်ခမ်းထောင့်စွန်းများကပင် အရောင်ဖျော့တော့လွန်းနေသည်။ သူ၏ရုပ်သွင်ကို မြင်ရသောအခါ တစ်ဖက်သူဟာ အမျိုးသမီးတစ်ယောက်၏ မျက်နှာချေနီကိုပင် လိမ်းထားပုံမရကြောင်း ခံစားမိပြန်သည်။

သူက ရက်စက်တဲ့လူ နောက်ပြီး သေသေသပ်သပ်နေတတ်တယ်၊ ဒါပေမယ့် သူ့ရဲ့အသားအရေကတော့ တအားကို ဖျော့တော့နူးညံ့လွန်းတယ်။

ပြောရန်ပင်မလိုလောက်အောင် ရွှယ်ယွမ်က ဧကရာဇ်ဟာ လူအများကို ကြောက်လန့်ရန်ကိစ္စများကို လုပ်တတ်ကြောင်း အလိုအလျောက်နားလည်နေသည်။

ကုယွမ့်ပိုင်က အလျင်လက်ဦးမှုယူကာ မေးမြန်းသည်။

“အားပေါ့ ကျန်း ဘာကိုကြည့်နေသလဲဆိုတာကို မင်းသိလား”

အားပေါ့က လေးစားစွာဖြေသည်။

“ကျေးဇူးပြုပြီး ဉာဏ်အလင်းဖွင့်ပေးတော်မူပါ အရှင်မင်းကြီး”

“မင်းလိုမဟုတ်ဘူး အားပေါ့၊ ကျန်းတို့က သာမန်လူသားတွေ ကျန်းရဲ့ အမြင်အာရုံက ရှုခင်းတွေဆီရောက်တာမဟုတ်ဘဲ ဒီတောင်ခြေအနောက်ဘက်က သိပ်သည်းတဲ့ကွင်းပြင်တွေပဲ”

အားပေါ့က ရုတ်တရက်သတိထားမိသွားသည်။

“ဒါက နွေဦးရိတ်သိမ်းတဲ့ရာသီဆိုတော့ ကျွန်တော်မျိုးတို့ရဲ့ ဂူဘုရားကျောင်းက လူတွေက အလုပ်များနေပါလိမ့်မယ်”

“တောင်ခြေက စိုက်ပျိုးမြေတွေအားလုံးက ချန်းပေါင်ဂူဘုရားကျောင်းရဲ့ ပိုင်နက်နယ်မြေအတွင်းမှာပဲ”

ကုယွမ့်ပိုင်ကပြုံးသည်။

“ဒီနေရာကကြည့်ကြည့်ပါအုံး၊ နယ်မြေဧကရာကျော်မယ်ထင်တယ်”

အားပေါ့က ပြုံးသည်။ သူ၏အမူအရာက ဂုဏ်ယူနေပုံလည်းပေါ်၏။

ကုယွမ့်ပိုင်က မည်သည့်စကားမျှမဆိုတော့ချေ။ ချန်းပေါင်ဂူဘုရားကျောင်းတွင် ဗုဒ္ဓအခမ်းအနားပွဲကို ပြီးဆုံးအောင်လုပ်ပြီးနောက် သူတို့က အရွက်ဟင်းများကိုသာ စားကြသည်။ ထို့နောက် အဖွဲ့လိုက်တောင်အောက်သို့ ခပ်အေးအေးဆင်းခဲ့လေသည်။

အားပေါ့က ဧကရာဇ်ကိုအဖော်ပြုပြီး ပြန်လည်လိုက်ပို့ပေးသည်။ ဧကရာဇ်တို့အဖွဲ့က ပျောက်ကွယ်သွားမှသာ သူက နောက်လှည့်သည်။ သူက ဘုန်းတော်ကြီးများကို ပြန်သွားခိုင်းတော့မည့်အချိန်တွင် ရုတ်တရက် သူ၏စိတ်အတွင်း အတွေးတစ်ခုကလက်လာ၏။ သူ၏တစ်ကိုယ်လုံးက တောင့်ခဲသွားသည်။ မျက်နှာအမူအရာကလည်း ပြောင်းလဲသွား၏။

မြောက်မြားလှသောဘုန်းတော်ကြီးများကို ကြည့်နေခဲ့သောအချိန်က ဧကရာဇ်၏အမူအရာနှင့် တောင်တန်းများကိုကြည့်ခဲ့ချိန်က ပြောခဲ့သော ဧကရာဇ်၏စကားများက သူ၏စိတ်အတွင်း ပေါ်ထွက်လာသည်။

“ကျန်း မြင်နေရတာက ရှုခင်းတွေမဟုတ်ဘူး၊ တောင်ခြေက သိပ်သည်းနေတဲ့ ကွင်းပြင်တွေပဲ”

“ဧကရာကျော်လောက်တယ်”

အားပေါ့၏နဖူးတွင် ချွေးစေးများကျလာသည်။ အားပေါ့၏အသက်ရှူသံက ပြင်းလာ၏။ သူက တအံ့တဩအော်သည်။

“မကောင်းတော့ဘူး”

ဂူဘုရားကျောင်းရှိစိုက်ပျိုးမြေများကို အခွန်ကောက်ခံခြင်းမရှိချေ။ ဂူဘုရားကျောင်းထဲမှ ဘုန်းတော်ကြီးများက ငွေကြေးကိုသုံးစွဲခြင်းမရှိချေ။ ဧကရာဇ်၏စကားများ၏ အဓိပ္ပါယ်ကမူ ထိုဘုန်းတော်ကြီးများဟာ အသုံးမကျကြောင်း ညွှန်းဆိုရာရောက်နေသည်။

အားပေါ့၏ခေါင်းထိပ်မှသိပ်သည်းသော ချွေးစေးများက အထပ်ထပ်ထွက်ပေါ် လာသည်။ သူက ချက်ချင်းဆိုသလိုပင် ဝူ၏ကပ်ဘေးသုံးခုကိုပင် တွေးမိသွားသည်။

ဂူဘုရားကျောင်းအတွင်း ဘုန်းတော်ကြီးပေါင်းမြောက်မြားစွာရှိနေသည်။ အခွန်အခပေးဆောင်ရန် မလိုအပ်သည့်လယ်မြေပေါင်းများစွာလည်းရှိနေ၏။ ယခင်ဧကရာဇ်ကမူ သည်ကိစ္စကို မျက်ကန်းပြုထားပေးခဲ့သည်။ အကြောင်းမူကား သူက ဗုဒ္ဓကို ကိုးကွယ်သောကြောင့်ဖြစ်သည်။ ယခုလက်ရှိဧကရာဇ်ကမူ ယခင်ဧကရာဇ်နှင့် မတူညီချေ။ သူ၏စကားလုံးများက သိသာထင်ရှားလွန်းသည်။ အားပေါ့ကလည်း ယခုမှသာ တုန့်ပြန်နိုင်သည့်အတွက် မုန်းမိလေသည်။

မဟုတ်ဘူး၊ ချန်းပေါင်ဂူဘုရားကျောင်းက အခြားသူတွေကို သတိပေးဖို့ နမူနာပြဖြစ်ပေးရတဲ့နေရာတစ်ခု ဖြစ်သွားလို့မရဘူး။

“မြန်မြန် ”

အားပေါ့က တစ်စုံတစ်ယောက်ကိုလှမ်းခေါ်သည်။ သူက တုန်ယင်နေသော်လည်း အလျင်အမြန်ပြောလိုက်၏။

“မြန်မြန်တောင်ခြေက စိုက်ခင်းတွေရဲ့အရေအတွက်ကို သွားစစ်ကြည့်စမ်း၊ နောက်ပြီး ဒါကို အစိုးရကိုပြန်လှူရမယ်သွား”

မြန်မြန်လုပ်ရမယ် မြန်မြန် ဧကရာဇ်က ငါတို့ရဲ့ရိုးသားမှုကို မြင်နိုင်ဖို့မျှော်လင့်တယ်။

ဧကရာဇ်၏လက်သီးက အောက်သို့ဆင်းလာသောအခါ မည်သူကမျှ ထိုလက်သီးကို အပေါ်ပြန်ရောက်အောင် တွန်းတင်နိုင်လိမ့်မည်မဟုတ်ချေ။

အားယားနေသောဘုန်းတော်ကြီးတွေ … ဗုဒ္ဓအယူဝါဒကိုနှိပ်စက်မှု …

အားပေါ့က တုန်ယင်သွားသည်။ သူ တွေးမိသည့်အတိုင်းသာဖြစ်လာမည်ဆိုလျှင် ဘုန်းတော်ကြီးများအတွက် ဆိုးရွားသောဝမ်းနည်းဖွယ်အခြေအနေတစ်ခု ဖြစ်လာနိုင် သည်။ ဧကရာဇ်၏ယခုအချက်ပြသွားသောကိစ္စများက ချန်းပေါင်ဂူဘုရားကျောင်း၏ ဂုဏ်သရေနှင့် သက်ဆိုင်နေလေသည်။

အင်ပါယာဂူဘုရားကျောင်းအတွင်း ဘုန်းတော်ကြီးနှစ်ထောင်ကျော်ရှိနေသည်။ မဟာဟန်ဝန်းကျင်တွင် အကြီးအသေးဂူဘုရားကျောင်းရာကျော်ရှိသေးသည်။

အားလုံးပေါင်းလိုက်ရင် ဘုန်းတော်ကြီးတွေ အရေအတွက်က ဘယ်လောက်များ နေလောက်မလဲ။

တောင်အောက်သို့ဆင်းသွားသော ကုယွမ့်ပိုင်ကလည်း ထိုမေးခွန်းကို တွေးနေသည်။ သို့သော် သူက ကြာကြာမတွေးခဲ့ရချေ။ သိပ်မဝေးသောနေရာမှ ရေကျသံကိုကြားလိုက်ရသည်။

“တစ်ချက်သွားကြည့်ရအောင်”

ကုယွမ့်ပိုင်က သူ၏တာဝန်ကို ဘေးဖယ်ပြီး ပြုံးလျက်ပြောလိုက်သည်။

“တောင်တန်းတွေဆီရောက်ဖို့ခက်တယ်၊ ကျန်းတို့ ဘာလို့ နယ်မြေတွေဆီ တစ်ချက်သွားပြီး မရှုစားရမှာလဲ”

သူတို့ တစ်အုပ်လုံးက ရေသံကြားရာဘက်သို့ လျှောက်လာခဲ့ကြသည်။ သူတို့က ရေအရင်းအမြစ်နားသို့ နီးကပ်လာသောအခါ ဖျော့တော့သောအသံကိုကြားရ၏။ သူက သိချင်သွားပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ လျှောက်သွားလိုက်သည်။ ရုတ်တရက် သူ၏မျက်ဝန်းကတောက်ပသွားသည်။

ရေက စီးနေသည်။ တစ်ဖက်ခြမ်းတွင် ချုံပုတ်ပေါင်းများစွာရှိ၏။ သို့သော် ထိုအတွင်းမှ လူအများ၏နားကိုနွေးစေသည့် နွေးထွေးသောညီးညူသံသဲ့သဲ့က ထွက်နေသည်။ အစောင့်များ၏မျက်နှာက နီသွားကြသည်။ ထို့နောက် မဲမှောင်သွား၏။

ဧကရာဇ်က ဒီနေရာမှာရှိနေတာ အရှင်မင်းကြီးကို ဒီလိုညစ်နွမ်းတဲ့အသံတွေ ကြားခွင့်ပြုလို့ဖြစ်ပါ့မလား။

အစောင့်ခေါင်းဆောင်က ရှေ့သို့ခြေလှမ်းတက်သည်။ သူက မဲမှောင်သောမျက်နှာနှင့်ပြော၏။

“အရှင်မင်းကြီး ဒါက အင်ပါယာဂူဘုရားကျောင်းရဲ့တည်နေရာပါ၊ ဒီလူတွေက ဒီလိုနေရာမျိုးမှာ ရိုင်းပျတဲ့အရာမျိုးကို လာလုပ်ရဲတယ်၊ ဒီအရာရှိက အခုချက်ချင်း သူတို့ကို သွားဖမ်းလိုက်မယ်”

တစ်ဖက်ခြမ်းမှလူများကလည်း ဆူညံသံများကိုကြားပုံရသည်။ အပေါ်ပိုင်းဗလာနှင့်အမျိုးသားက ခေါင်းမော့လာပြီး အစောင့်များရှိရာဘက်သို့ သတိလက်လွတ် ကြည့်လာ၏။

သူ၏ခါးပတ်ပတ်လည်တွင် အနီရောင်အဝတ်ကိုပတ်ထားသည်။ ကုယွမ့်ပိုင်က ထိုဘက်သို့မကြည့်တော့ဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ ခေါင်းလှည့်လိုက်သည်။

သူ၏ခါးမှကျောက်စိမ်းတံဆိပ်ပြားက သစ်ကိုင်းကြားတွင်ညှိနေပြီး အရွက်များကလည်း လမ်းတွင်ပိတ်နေလေသည်။ ကုယွမ့်ပိုင်က သတိမထားမိချေ။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျောက်စိမ်းတံဆိပ်ပြားက ပြုတ်ကျသွားသည်။

ဘေးဘက်တွင်ရပ်နေသော ရွှယ်ယွမ်က ငုံ့ကိုင်းကာဖမ်းသည်။ နူးညံ့ကာ ချောမွေ့နေသော ကျောက်စိမ်းတံဆိပ်ပြားက သူ၏လက်ထဲသို့ကျလာ၏။ သူက ကောင်းမွန်လွန်းသော ပိုးအဝတ်စအသားကို ကိုင်ရသည်ထက်ပင် ကိုင်၍ကောင်းကြောင်း ခံစားလိုက်ရသည်။

ရွှယ်ယွမ်က ထိုကျောက်စိမ်းတံဆိပ်ကို ဆော့ကစားနေပြီး  ဖိညှစ်နေလိုက်သည်။ ကျောက်စိမ်းတံဆိပ်ပြားက ဧကရာဇ်၏ခြေဖဝါးလောက်ပင် မနူးညံ့ကြောင်း တွေးမိသောအခါ ပြောလိုက်သည်။

“အရှင်မင်းကြီး အရှင့်ရဲ့ကျောက်စိမ်းတံဆိပ်ပြား ကျလာပြီ”

ကုယွမ့်ပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး လက်ဆန့်ထုတ်ကာ ပေးသည်။

အဓိပ္ပါယ်ကမူ ရှင်းလင်းသည်။ ထိုလက်ထဲသို့ ကျောက်စိမ်းတံဆိပ်ပြားကို ထည့်ပေးရန်ဖြစ်သည်။ သို့သော် ရွှယ်ယွမ်ကမူ သတိမထားမိသလိုမျိုးနှင့် ငယ်ရွယ်သောဧကရာဇ်၏လက်ကိုသာ လှမ်းကိုင်လိုက်သည်။ သူက အသာဖျစ်ညှစ်လိုက်ပြီး တစ်ဖက်ကလည်း ကျောက်စိမ်းတံဆိပ်ပြားကို ဆော့ကစား နေသေး၏။

“အရှင်မင်းကြီး အေးလို့လား၊ ဒီအရာရှိက အရှင်မင်းကြီးရဲ့လက်ကို နွေးထွေးအောင် လုပ်ပေးရမလား”

ဘယ်ဘက်လက်ကမူ ငယ်ရွယ်သော ဧကရာဇ်၏ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ထား၏။  ညာဘက်လက်ကမူ ဧကရာဇ်၏အေးစက်သောလက်ကို ကိုင်ထားသည်။ ရွှယ်ယွမ်ကတွေးနေ၏။

ကျောက်စိမ်းတံဆိပ်ပြားကတောင် ငယ်ရွယ်တဲ့ဧကရာဇ်လက်ကို ကိုင်ရတာ လောက် ကိုင်လို့မကောင်းဘူး။

အေးစက်တယ်၊ ထူးဆန်းတယ်။

ရွှယ်ယွမ်က ဖိညှစ်နေသောကြောင့် ကုယွမ့်ပိုင်၏လက်မှ အရေပြားတစ်ဝက်ခန့်က နီရဲသွားသည်။ သူက လက်ကို တိတ်တဆိတ်ရုတ်လိုက်သည်။

“ကျန်းက မင်းကိုတံဆိပ်ပြားပေးစေချင်တာ”

ဒီရွှယ်ကျို့ယောင်က စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိနေတာလား။

အပိုင်း ၃၆







You are reading the story above: TeenFic.Net

#bl #yaoi