အခန်း ၆၄: အတိတ်

Background color
Font
Font size
Line height

အခန်း ၆၄: အတိတ်

"မစ္စတာ 001 ရှင်က အဆင့်အရ မြင့်တယ်ဆိုတာရယ်၊ ကျွန်မရဲ့အရင်းဆုံးအထက်လူကြီး ဖြစ်ခါနီးအထိ ဖြစ်ခဲ့တယ်ဆိုပေမဲ့လည်း၊ မဖြစ်စလောက်လေးကွာရုံနဲ့ဆိုပေမဲ့ပေါ့လေ" 021 က တစ်ဖက်လှည့်ပြီး ခက်ထန်စွာနဲ့ ဆက်ပြောလာသည်: " ကျွန်မသတိပေးလိုက်ပါရစေ၊ ရှင်က အခုလက်ရှိ ပြစ်ဒဏ်ကာလနော်"

သူမက အထူးသဖြင့် နောက်ဆုံးနှစ်လုံးကို ဖိ၍ ပြောလိုက်သည်။ (*တရုတ်လိုကသာ နှစ်လုံးတည်းပါ)

သူပြောပြီးသောအခါ ယိုဟော့ဘက်ကိုလှည့်၍ ပြောလိုက်ပြန်သည်: "ရှင်လည်း အတူတူပဲ"

ချင်ကျိုးက ခေါင်းညိတ်လိုက်သည်: "ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါမှတ်မိတာ မမှားဘူးဆိုရင်၊ အပြစ်ပေးခံထားရတဲ့ စာမေးပွဲခန်းစောင့်တွေက ပြစ်ဒဏ်ကာလကြားမှာ အိမ်ပြန်လို့မရဘူးဆိုတဲ့ စည်းမျဉ်းမျိုး မရှိဘူးထင်တယ်"

သူပြောပြီးသွားတဲ့နောက်မှာ 922 နှင့် 154 ကိုတောင် မေးလိုက်သေးသည်: "ရှိလို့လား"

922 သည် "သူ့ဘော့စ်က စာမေးပွဲခန်းစောင့် A ကို အိမ်လည်ဖိတ်ခဲ့တယ်" ဆိုတဲ့ ထိတ်လန့်မှုကနေ ပြန်သက်သာလာကာစဖြစ်၍ သူ့စိတ်မှာ လွတ်နေလေသည်။

154 ကဆိုသည်: "မရှိဘူး"

154 သည် အမြဲလိုလို သူ့ဘော့စ်ဘက်ကလူ ဖြစ်သည်။ သူ့အဖြေက မလုံလောက်သေးဟုပင် တွေးမိသောကြောင့် သူက 021 ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သေးသည်: "တကယ် တစ်ခုမှမရှိဘူး"

"............"

021 သည် သူ့ကို စိုက်ကြည့်လိုက်သည်။

ဟုတ်တာပေါ့၊ အဲဒီလိုသောက်ရေးမပါတဲ့ စည်းမျဉ်းမျိုး ဘယ်ရှိပါ့မလဲ။ ရှင့်ဘော့စ်လိုမျိုး စာမေးပွဲခန်းစောင့်မျိုး အရင်က ရှိမှမရှိခဲ့ပဲ။ ရှင်လည်း ဒါကို သိထားသင့်တယ်လေ၊ ဟုတ်တယ်မလား။

သူမက ပြန်ချေပရန် စိတ်အားထက်သန်နေသည်။ မည်သို့ပင်ဖြစ်စေ သူမ 001 ကို သဘောမကျသည်ကို လူတိုင်း သိထားပြီးဖြစ်သည်ပင်။

သို့ရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ အနှီ အတိတ်မေ့နေသော စာမေးပွဲခန်းစောင့် A သည် သူနှင့် ဆက်ဆံရေးကောင်းနေခြင်းဖြစ်သည်။ အကယ်၍ သူမသဘောထားက ဆိုးဝါးနေခဲ့ပါလျှင် သူမအပေါ်အမြင်ကို သက်ရောက်နိုင်သည်။

ထို့ကြောင့် သူမက စိတ်ကိုသာထိန်းလျက် စကားပြောင်းပြောလိုက်သည်: "ဖြေဆိုသူတွေက အကြောင်းပြချက်မရှိဘဲ စာမေးပွဲခန်းစောင့်တွေရဲ့အိမ်ရာကို ဝင်ရောက်ခွင့်မရှိဘူး။ ဒါကို စည်းမျဉ်းထဲမှာ သေချာရေးသားထားတယ်။ ဒီအကြောင်း မေ့သွားပြီနဲ့ တူတယ်"

ချင်ကျိုး အမှန်တကယ်ပင် ထိုအကြောင်းကို မေ့နေခဲ့သည်။

သူက "အိုး" ဟုအသံပြုကာ စိမ်ပြေနပြေ ပြန်ပြောလိုက်သည်: "တကယ်လို့ အကြောင်းပြချက်ရှိရင်တော့ အိုကေတာပဲ"

ရှင့်ဦးလေးတဲ့မှပဲ အကြောင်းပြချက်ရှိနေလိုက်။

021 သည် သူမ၏အေးစက်သောအမူအရာကို ဆက်လက် ထိန်းမထားနိုင်တော့မတတ်ဖြစ်နေသည်: "အပြစ်ပေးခံရတဲ့ ဖြေဆိုသူတွေအတွက် နောက်သုံးရက်တာ နေရမဲ့အဆောက်အဦးကို စီစဉ်ပြီးသွားပြီ။ တကယ်လို့ တစ်ခုခုပြဿနာရှိရင် စနစ်ကို သွားပြောလိုက်။ အပြစ်ဒဏ်ပြီးသွားရင်တော့ ရှင်အိမ်ပြန်ချင်တယ်ဆို ရှင့်အကြောင်းဖြစ်သွားပြီ။ ကျွန်မမှာ အဲဒါအပေါ်စွက်ဖက်ခွင့်မရှိဘူး"

သူမက ပြောပြီးသွားသည်နှင့် ဒေါက်မြင့်ဖိနပ်သံ တတောက်တောက်သံပေး၍ အဆောက်အအုံအတွင်းသို့ ဝင်သွားလေသည်။

***

အမြွှာမျှော်စင်များသည် သာမန်ကုန်သွယ်အဆောက်အအုံများနှင့် တူသည်။ ပထမထပ်တွင် ဓာတ်လှေကားတံခါး သုံးချပ်ရှိသည်။

တံခါးတစ်ချပ်စီတွင် မတူညီသော အညွှန်းပြမီးတစ်ခုစီရှိသည်။ အနီ၊ အဖြူနှင့် အပြာဟူ၍။

စိတ်လွတ်နေသေးသော 922 သည် မသိလိုက်မသိဘာသာဖြင့် အနီရောင်မီးနှင့် ဓာတ်လှေကားရှေ့တွင် ရပ်လိုက်မိလေရာ 021 ၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရ၏။

"မှားနေတယ်" 154 သည် သူ့ကို အပြာရောင်မီးနှင့် ဓာတ်လှေကားရှေ့တွင် ရပ်ရန်ဆွဲခေါ်လိုက်ပြီး သတိပေးလိုက်သည်။ "ဘော့စ်က လူနေရပ်ကွက်က စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာမဟုတ်ဘူး။ သူ့ကို ဒီအလှည့်အချို့အတွက် ဖြေဆိုသူလို့ပဲ ယူဆထားတယ်လေ"

ယိုဟော့သည် ထိုစကားကိုကြားသော် စိတ်ထဲတွင် နားလည်လိုက်သည်———

ထိုဓာတ်လှေကားသုံးစင်းကို ဖြစ်သလို အသုံးပြု၍ မရပေ။ ယင်းတို့ကို လူတစ်ယောက်၏ အထောက်အထားအရ ခွဲခြားထားခြင်းဖြစ်လိမ့်မည်။

အပြာရောင်မီးနှင့်တစ်ခုသည် ဖြေဆိုသူများအတွက်ဖြစ်သည်။

အနီရောင်မီးနှင့်တစ်ခုသည် စာမေးပွဲခန်းစောင့်များအတွက်ဖြစ်သည်။

ထိုသို့ဆိုလျှင် အဖြူရောင်မီးနှင့်တစ်ခုသည်ကား အဘယ်နည်း။

NPC များအတွက်လား၊ နားနေဆောင်ပိုင်ရှင်များ၊ ကားမောင်းသမားများနှင့် အစားအသောက်တည်ခင်းသူတွေအတွက်လား။

ယိုဟော့သည် အနည်းငယ် စိတ်ဝင်စားလာသည်။

ခန်းမထဲတွင် "တင်း" ဟူသောအသံနှစ်သံသည် ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။

သူတို့အရှေ့မှ အပြာရောင်မီးနှင့်ဓာတ်လှေကားတံခါးသည် ပွင့်လာ၍ ယင်းနံဘေးမှ အနီရောင်မီးနှင့်ဓာတ်လှေကားသည်လည်း တံခါးပွင့်လာလေသည်။

လူနှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် ထွက်လာကြ၏။

ရှေ့မှတစ်ယောက်သည် လူရွယ်ဖြစ်သည်။ သူသည် အသေးစိတ်ကျကျ ဝတ်ဆင်ထားကာ၊ 154 နှင့်ပင် ယှဉ်နိုင်လောက်သည်။

ခန်းမထဲတွင် အခြားသူများလည်း ရှိနေတာကိုတွေ့သော် ခဏရပ်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်: "ကောင်းသောညနေခင်းပါ"

ချင်ကျိုး ရှိနေသောကြောင့် ဖြစ်လိမ့်မည်။ သူသည် လေးစားမှုကို ပြသရန် ပို၍ကြီးမားလေးနက်သောပုံစံနှင့် ခေါင်းညိတ်ပြလိုက်သည်။

သူပြန်မော့လာချိန်တွင် မသိမသာ 021 ထံသို့ ခိုးကြည့်လိုက်သည်။ သူ့အမူအရာမှာ လေးနက်နေသော်လည်း နားရွက်များမှာ အနည်းငယ် နီရောင်သန်းနေသည်ကိုပင် တွေ့နိုင်သည်။

သူ့အနောက်တွင်မူ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

သူ့ဆံပင်များမှာ သေချာဂရုမစိုက်ထားဘဲ ငှက်သိုက်တစ်ခုအလား ရှုပ်ပွနေသည်။ မေးစေ့ထက်တွင် မုတ်ဆိတ်ငုတ်စိများထွက်နေသည်။ ရက်နှင့်ချီ၍ မရိတ်မသင်ထားသည့်ပုံရသည်။

ထိုလူကို မြင်လိုက်သည်နှင့် 021 သည် အေးခဲသွားတော့သည်။

ပြောရမည်ဆိုလျှင် ထိုသူသည် အစောဆုံးစာမေးပွဲခန်းစောင့်အုပ်စုမှ တစ်ဦးဖြစ်သည်။ သူသည်လည်း စာမေးပွဲခန်းစောင့် A ကိုသိသည်။

သူသည် တစ်ချိန်က အလွန်အားကောင်း၍ အသက်အရွယ်သည် သူ့အပေါ်သက်ရောက်မှုလုံးဝရှိဟန်မတူဟု ဆိုကြသည်။ သို့ရာတွင် သူသည် နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရခဲ့သည်၊ ထိုအချိန်မှစ၍ သူ၏ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းများသည် အောက်သို့စောက်ထိုးကျလာသည်မှာ ယခုအချိန်တွင် 1006 အဆင့်ထိ သတ်မှတ်ခံခဲ့ရသည်။

ယင်းမှာ အစောပိုင်းနှစ်များဆီမှ သူ၏ စွမ်းဆောင်မှုကိုပါ ထည့်သွင်းစဉ်းစား၍ သတ်မှတ်ပေးထားခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ လွန်ခဲ့သောနှစ်နှစ်ကိုသာ စဉ်းစားမည်ဆိုပါက ဘိတ်ချေးအဆင့်တွင် ဖြစ်နိုင်သည်။

021 သည် ပုံမှန်အတိုင်းဆိုလျှင် သာမန်နေ့များတွင် ထိပ်တိုက်တွေ့ရန်ခက်ခဲလှသော လူများသည် ယနေ့ အဘယ့်ကြောင့် ဆက်တိုက်ပေါ်လာနေရသနည်းဟု စိတ်ထဲတွင် တွေးနေမိသည်။ ယင်းမှာ အမှန်တကယ်ပင် သူမကို အခက်တွေ့စေသည်။

ကံကောင်းသွားသည်မှာ 1006 သည် ငှက်အိုတစ်ကောင်ဖြစ်သည်။

မပွင့်တပွင့်မျက်လုံးများနှင့် ဝေ့ဝဲကြည့်လိုက်ပြီးနောက် လက်မြှောက်ကာ 'ဟေး' ဟူ၍ ရေရွတ်လာသည်။ သူတို့ကို အသေအချာပင် မြင်ပုံမရပေ။

ထို့နောက် တစ်ဖက်လှည့်ကာ ထွက်သွားတော့သည်။

021 သည် စိတ်သက်သာရာရသလို သက်ပြင်းမှုတ်ထုတ်လိုက်သည်။

သူမက တံခါးကို ထိန်းဖွင့်ထား၍ သူတို့ကို အထဲသို့နေရာချနေသည်: "မြန်မြန်ဝင်"

ထိုသို့ပြောနေစဉ်မှာပင် 078 သည် ပြန်ရောက်လာသည်။ သူသည် ဓာတ်လှေကားအတွင်းသို့ အချိန်မီလေး ဝင်လိုက်နိုင်သွားသည်။

ဓာတ်လှေကားအတွင်းတွင် အထပ်ရွေးချယ်ရန် ခလုတ်မရှိပေ။ ယင်းမှာ သူ့အလိုလို အပေါ်တက်သွား၏။

ယိုဟော့သည် လှည့်ပတ်ကြည့်လိုက်သည်။

ချင်ကျိုးသည် ရှင်းပြလာသည်: "သူရပ်တဲ့အထပ်က ကြုံရာကျပန်းပဲ"

ယိုဟော့: "ဘာကွာလဲ"

သူက ချင်ကျိုးသည် "ခက်ခဲမှု" သို့မဟုတ် ထိုသို့အလားတူစကားမျိုး ပြောလာမည်ထင်ခဲ့သော်ငြား တစ်ဖက်လူကမူ "ကံကောင်းတာရယ်၊ ကံဆိုးတာရယ်နဲ့ ကွာတယ်"

ယိုဟော့သည် သူ့ကို ထပ်ပြီး အရေးကိုစိုက်မနေတော့ပေ။

ခဏလောက်ကြာသော သူရုတ်တရက် တစ်ခုခုကို သတိရသွားသည်: "စောစောကလူကလည်း စာမေးပွဲခန်းစောင့်ပဲလား"

သူ ထိုသို့သော စာမေးပွဲခန်းစောင့်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

021 သည် တကယ်ကို ယိုဟော့ကို ဝင်ဖြေလိုက်ချင်သော်လည်း အေးစက်စက်နှင့် ခပ်တန်းတန်းနေသည့်ဟန် ဆက်လက်ဟန်ဆောင်ရန် အကောင်းဆုံးကြိုးစားနေရသေးသည်။

သို့ရာတွင် ခဏနေသော် မည်သို့မျှ မပြောလိုက်ရခြင်းကို နောင်တရသွားလေသည်။

အဘယ့်ကြောင့်ဆိုသော် အဖြေပေးလိုက်သူမှာ ချင်ကျိုးဖြစ်နေပြန်သောကြောင့်ပင်။

"အခုလေးတင် အပြစ်ဒဏ်ခံပြီးသွားတဲ့ စာမေးပွဲခန်းစောင့်" ဟု ချင်ကျိုးက ပြောလာသည်။

"ဘာ၊ ဘယ်သူလဲ" 078 သည် အမီမလိုက်နိုင်ဖြစ်နေသည်။

154: "အခုလေးတင် 1006 နဲ့ တိုးလာတာ"

078 သည် ချက်ချင်း နားလည်သွားသည်: "အိုး ငါလည်း သူ့ကိုမြင်လိုက်တယ်ထင်တယ်၊ အရမ်းမြန်မြန်ပြေးလာခဲ့တော့ သူ့ကိုနှုတ်တောင်မဆက်လိုက်ရဘူး။ ထပ်အပြစ်ပေးခံရပြန်တာလား"

154: "ဟုတ်တယ်"

078: "ဒါဆို သူ့ပုံက သိပ်ကြည့်ကောင်းမှာမဟုတ်ဘူး"

154: "ဟုတ်တယ် အတော်လေး မျက်တွင်းတွေကျနေတယ်"

078 သည် ယိုဟော့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ သူက တမင်တကာ ခြောက်လှန့်ရန် ကြိုးစားလိုက်သည်: "ပြောရမယ်ဆိုရင် ပြစ်ဒဏ်တိုင်းက လူကိုအရမ်းပင်ပန်းစေတာပဲလေ"

သူက ပါးစပ်ကို အကြိမ်အနည်းငယ် ရိုက်လိုက်ပြီး ယိုဟော့ထံသို့ စောင်းငဲ့ကြည့်လိုက်ပြန်သည်။

တစ်ဖက်လူကမူ ဂရုပင်မစိုက်။

".............."

078 သည် သူ့သရုပ်ဆောင်စွမ်းရည်ကြောင့် သူ့ကိုယ်သူ ကန်းသွားအောင်လုပ်မိသလို ခံစားလိုက်ရသည်။

***

ဓာတ်လှေကားသည် မကြာမီ ရပ်တန့်သွားလေသည်။

သံတံခါးများပွင့်လာကြသော်လည်း စာမေးပွဲခန်းစောင့်လေးဦးမှာ မလှုပ်ရှားကြချေ။

"ရောက်ပြီ၊ မင်းတို့ဆင်းလို့ရပြီ။ ဒီတစ်ခေါက်ပြစ်ဒဏ်က စာမေးပွဲစင်တာကို ရှင်းလင်းဖို့ပဲ" 078 သည် ဖုန်းထုတ်ကာ အချိန်ကို တစ်ချက်ကြည့်လိုက်သည်: "အခု ည ကိုးနာရီခွဲပြီ၊ နည်းနည်းနောက်ကျနေပြီဆိုပေမဲ့ မင်းတို့ တစ်ညတည်းနဲ့ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့ပြီးသွားရင် ငါတို့လာတွေ့မယ်"

သူပြောပြီးသွားသောအခါ ဓာတ်လှေကားတံခါးသည် တဖန်ပြန်ပိတ်သွားကာ စာမေးပွဲခန်းစောင့်လေးဦးကို အောက်သို့ ပြန်ခေါ်သွားသည်။

"စာမေးပွဲစင်တာကို ရှင်းလင်းတယ်ဆိုတာ ဘာဆိုလိုတာလဲ" ယိုဟော့သည် သူ့အကြည့်ကို ပိတ်နေသောဓာတ်လှေကားတံခါးများထက်မှ ပြန်ရုတ်သိမ်းလိုက်၏။

"စာမေးပွဲတစ်ခုပြီးသွားတာနဲ့ တချို့စာမေးပွဲစင်တာတွေက အရမ်းရုပ်ဆိုးပြီး သန့်ရှင်းရေးနည်းနည်း လုပ်ပေးဖို့လိုတယ်" ချင်ကျိုးကဆိုသည်: "စနစ်က ဒါကို ပြစ်ဒဏ်အနေနဲ့ သတ်မှတ်လိုက်တာက ရှင်းလင်းနေရင်းနဲ့ မင်းကြုံရမဲ့ ဒုက္ခက စာမေးပွဲတစ်ခုထက် မလျော့လို့ပဲ"

သူပြောပြီးနောက် ရပ်တန့်လိုက်ကာ ထပ်ဖြည့်ပြောလိုက်သည်: "ဖျက်ဆီးခံလိုက်ရတဲ့ စာမေးပွဲစင်တာကလွဲရင်ပေါ့"

ယိုဟော့ ခေါင်းညိတ်လိုက်သည်။

သူတို့ရောက်နေသောအထပ်မှာ ကျယ်ပြန့်သောအထပ်လွတ်တစ်ခုဖြစ်သည်။

ဓာတ်လှေကား၏ မျက်နှာချင်းဆိုင်တည့်တည့်တွင် ကြီးမားသော ပြင်သစ်ပြတင်းပေါက်တစ်ချပ် ရှိသည်။ နံဘေးတွင် ခေါင်းငိုက်စိုက်ကျကာ အိပ်နေသော မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦး ထိုင်နေသည်။

အခုလေးတင် ပြောနေသောစကားသံများနှင့် ရုတ်ရုတ်သဲသဲသံများမှာ သူ့ကို မနှိုးလိုက်နိုင်ပေ။

"သူ့ကိုရှာရမှာလား" ယိုဟော့သည် အဘိုးအိုကို မေးဖြင့်ညွှန်ပြလိုက်သည်။

ချင်ကျိုးက လှည့်ပတ်ကြည့်လိုက်ကာ: "ထင်ရတာပဲ။ ဒီမှာတခြားသက်ရှိလူ နောက်တစ်ယောက်မတွေ့မိဘူး"

ထင်ရတာပဲက ဘာကိုဆိုလိုတာလဲ.....

ယိုဟော့: "မင်းက ဒီကိုတစ်ခါမှမရောက်ဖူးဘူးလား"

"မင်းက နည်းနည်းအထင်မှားနေတယ်ထင်တယ်၊ ပုံမှန်အားဖြင့် ငါက စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းမွန်မွန် လိုက်နာပါတယ်" ချင်ကျိုးက ဆိုသည်။

သူသည် အဘိုးအိုထံသို့ လျှောက်သွားကာ သူ့ရှေ့တွင် အကြိမ်အနည်းငယ်ခန့် လက်ဖျောက်တီးလိုက်သည်။

သူပြီးသွားသော် တစ်ဖက်လှည့်ကာ ယိုဟော့ကို ပြောသည်: "ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ"

အဘိုးအိုသည် လန့်ဖျပ်နိုးလာသည်။

သူက မော့ကြည့်လိုက်ပြီးနောက် ချင်ကျိုးကို တွေ့လိုက်သည်နှင့် ချက်ချင်းပြောလိုက်သည်: "မင်းက ဘယ်လိုဖြစ်လို့ ဒီရောက်လာပြန်ရတာလဲ"

ချင်ကျိုး: ".......ဘယ်သူလဲ"

အဘိုးအို: "မင်းလေ"

ချင်ကျိုးက အကဲဆတ်နေဟန်ဖြင့် ပြောလိုက်သည်: "အဘိုး လူမှားနေပြီထင်တယ်"

အဘိုးအိုသည် အနည်းငယ် စိတ်ရှုပ်သွားဟန်ရသည်။

သူ၏ အိုမင်းနေသောမျက်လုံးများဖြင့် ချင်ကျိုးကို အချိန်ခဏခန့် စိုက်ကြည့်ပြီးနောက် တီးတိုးပြောလိုက်သည်: "လူမှားတာလား၊ အာ... ဟုတ်လောက်ပါတယ်။ ငါ့မှတ်ဉာဏ်က အခုတလော သိပ်မကောင်းလှဘူး"

အဘိုးအိုသည် အတွေးလွန်နေဟန်ဖြင့် ခေါင်းငိုက်လိုက်ကာ ဆံပင်များကို လက်ချောင်းများဖြင့် ထိုးဖွလိုက်သည်။ "ထားလိုက်တော့၊ ဂရုစိုက်မနေနဲ့၊ ဒီမှာ———–"

သူက အရှေ့မှ သတ္တုအကန့်တစ်ခုကို ညွှန်ပြလိုက်သည်: "လက်ဝါးကို ဒီမှာဖိလိုက်၊ မင်းတို့ စည်းမျဉ်းချိုးဖောက်တဲ့ အချက်အလက်တွေ စာရင်းသွင်းရမယ်"

ချင်ကျိုးလည်း ခိုင်းသည့်အတိုင်း လုပ်လိုက်သည်။

လက်ဝါးကို ထိုအရာပေါ် ဖိနှိပ်လိုက်သည်နှင့် စခရင်ပေါ်တွင် စာကြောင်းအချို့ပေါ်လာသည်။

အမည်: ချင်ကျိုး

စာမေးပွဲလက်မှတ်နံပါတ်: 86010-06141729-Gi

ဆက်စပ်စာမေးပွဲလက်မှတ်နံပါတ်: 86010-06141729-82

အတိတ်မှတ်တမ်း: ၁၂ ကြိမ်

အဘိုးအိုသည် ချက်ချင်း အားများပြန်ပြည့်လာသည်: "၁၂ ကြိမ်၊ ငါလူမမှားဘူးဆိုတာ သိတာပေါ့။ မင်းပဲ"

ချင်ကျိုးကိုယ်တိုင်သည်ပင် ကြက်သေသေနေလေသည်။

သူက ယိုဟော့ထံသို့ လှည့်ကြည့်လိုက်သည်။

ယိုဟော့: "မင်းကို ဟာသတစ်ခုပြောပြရမလား၊ ဒါ ငါ့အတွက်ပထမအကြိမ်ပဲ"

ချင်ကျိုး: ".............."

"နံပါတ်တစ်လုံးများ လွဲနေသလား"

ချင်ကျိုးသည် အချက်အလက်ကို စိုက်ကြည့်နေပြီးနောက် လည်ပင်းကို ပွတ်သပ်လိုက်သည်: "ဒါက စာမေးပွဲလက်မှတ်နံပါတ်ဟောင်းနဲ့ ချိတ်ဆက်ထားတယ်။ ကြည့်ရတာ ငါ ဖြေဆိုသူဘဝတုန်းကဟာ ဖြစ်လောက်တယ်"

ဒါပေမဲ့ ၁၂ ကြိမ်တဲ့လား....

ယိုဟော့: "မင်းက စာမေးပွဲပြီးသွားတာနဲ့ စည်းကမ်းချိုးဖောက်တယ်ဆိုတော့ စာမေးပွဲ ၁၂ ခုမှာ စည်းကမ်းချိုးဖောက်ခဲ့တာလား"

"......ထင်တာပဲ"

"အခုက ငါးဘာသာ စာမေးပွဲဆိုတော့၊ မင်းတို့အချိန်တုန်းက ဘာသာဘယ်နှစ်ခုရှိတာလဲ။ ၁၅ ခုလား"

ချင်ကျိုး မဖြေရသေးခင် အဘိုးအိုက စကားဖြတ်ပြောလိုက်သည်: "ဘယ်ကသာ ၁၅ ခုလဲ၊ အလွန်ဆုံးမှ ၉ ခုပဲ"

ချင်ကျိုးက မျက်ခုံးပင့်လိုက်သည်။

အဘိုးအိုက ဆိုသည်: "အဲဒီမျက်ခုံးကို အောက်ပြန်ချလိုက်၊ ငါမင်းကို သေချာပေါက် မှတ်မိတယ်။ ငါ့မှတ်ဉာဏ်တွေက ဆိုးလာပြီး ခန္ဓာကိုယ်က အိုမင်းလာပြီဆိုပေမဲ့ ငါမင်းကို မှတ်မိသေးတယ်။ မင်းက တကယ်ကို နက်ရှိုင်းတဲ့အမြင်တစ်ခု ချန်ခဲ့တယ်....."

တကယ့်ကို နက်ရှိုင်းတဲ့ အမြင်တစ်ခုပဲ။

သူ့ အသက်အိုမင်းလာသည်နှင့်အမျှ သူ့စိတ်နှင့်ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းချင်း ပိုလေးလံထိုင်းမှိုင်းလာလေသည်။

ယခင်က သူဘာလုပ်ခဲ့သည်၊ အဘယ့်ကြောင့် သည်ကိုလာခဲ့သည်၊ ဘယ်အချိန်မှစ၍ သည်နေရာကို စောင့်ကြည့်နေခဲ့သည်.... ထိုအရာများအားလုံးကို အဘိုးအိုသည် မမှတ်မိတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူခံစားချက်ရှိနေသေးသောအရာမှာ သည်နေရာကို စောင့်ကြည့်လာခဲ့သည့် ဤနှစ်များအတောအတွင်း သူကြုံခဲ့ရသော ဖြေဆိုသူများသာ ဖြစ်သည်။

ချင်ကျိုးသည် သူ့ကိုသာ၍ မှတ်မိနေစေသူတစ်ဦးဖြစ်သည်။

သူသည် အသေးအမွှားလေးများမှအစ မှတ်မိနိုင်သေးသည်။

ထိုသို့သောအရာမျိုးမှာ သူ့အတွက် အမှန်တကယ်ပင် မလွယ်ကူလှပေ။

***

ထိုနေ့က မိုးရွာသောနေ့တစ်နေ့ဖြစ်သည်။ ပြတင်းပေါက်အပြင်မှ မြင်ကွင်းသည် လုံးဝ မှောင်မိုက်နေသည်။ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ဟိန်းနေလေ၏။

တရေးအိပ်နေသော အဘိုးအိုသည် မိုးခြိမ်းသံကြောင့် အိပ်နေရာမှနိုးလာကာ ပြန်အိပ်စက်မရတော့ပေ။

သူသည် ပြတင်းအပြင်ဘက်သို့ တွေဝေမိန်းမောစွာ ငေးကြည့်နေစဉ်တွင် ဓာတ်လှေကားသည် ရုတ်ခြည်း အသံမြည်လာသည်။

သူ တစ်ဖက်လှည့်ကာ လှမ်းမျှော်ကြည့်လိုက်သည်။

ပွင့်နေသော ဓာတ်လှေကားအတွင်းတွင် လူနှစ်ဦးရပ်နေသည်။

တစ်ဦးသည် ချင်ကျိုးဖြစ်သည်။ နောက်တစ်ဦးသည် ဓာတ်လှေကားထောင့်တွင် ရပ်နေသော်လည်း ရှုထောင့်ကြောင့် အမြဲလိုလို သူ့မျက်နှာကို မမြင်ဖူးပေ။

သူမြင်ရသမျှမှာ လက်ရန်းကိုကိုင်ထားသော လက်၊ ဖြူဖွေး၍ သန့်စင်နေသော ရှက်အင်္ကျီလက်အနားခေါက်များနှင့် နက်မှောင်သော စစ်ဘွတ်ဖိနပ်များဖြစ်သည်။

ချင်ကျိုးသည် လက်မြှောက်ကာ အဘိုးအိုကို နှုတ်ဆက်လိုက်သည်: "ကောင်းသောနေ့လယ်ခင်းပါ"

အဘိုးအိုက ဆိုသည်: "ဘာဖြစ်လို့ မင်းပဲလဲ"

ချင်ကျိုးက ပြုံးသည်: "ဟုတ်တကယ် ကျွန်တော် ထပ်ရောက်လာပြန်ပြီ"

ဒီဖြေဆိုသူရဲ့ ပျင်းတွဲသော ပြောဆိုပြုမူပုံမှာ တစ်ဖက်သားကို ဖင်ပိတ်ကန်ချင်စိတ်ဖြစ်ပေါ်စေသည်။

အဘိုးအိုသည်သာ ထိုသို့တွေးသည်မဟုတ်၊ ဓာတ်လှေကားအတွင်းမှလူသည်လည်း ထိုသို့ပင် ထင်သည်။

အဘိုးအိုသည် စစ်ဘွတ်ဖိနပ်များ လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်။ ထိုသူက ချင်ကျိုးကို ပြောသည်: "ဓာတ်လှေကားကနေထွက်ပြီး စကားပြောစမ်းပါ၊ တံခါးကို ကိုင်မထားနဲ့။ ငါအလုပ်များတယ်"

"ဘာဖြစ်လို့ အလုပ်များတာလဲ" ချင်ကျိုးက ပြန်မေးသည်။

".......အစည်းအဝေးတွေလေ၊ မင်းနဲ့ဘာဆိုင်လို့လဲ"

ချင်ကျိုးက ခပ်ပြတ်ပြတ်အသံပြုကာ သူ့မေးခွန်းကို မဖြေဘဲ ပြောလိုက်သည်: "အရမ်းကောင်းတယ်၊ မင်းတိုးတက်လာပြီပဲ"

"ဘာကိုတိုးတက်တာလဲ"

ချင်ကျိုး: "အခုဆို မေးခွန်းတွေဖြေလာပြီ၊ ပြီးခဲ့တဲ့အခေါက်နဲ့စာရင် နည်းနည်းပိုပြီး တက်ကြွလာတယ်။ ပြီးခဲ့တဲ့၊ ပြီးခဲ့တဲ့အခေါက်တွေနဲ့ ယှဉ်ရင် သေချာပေါက် ပြောင်းလဲမှုကြီးပဲ"

"..............."

ဒါကိုကြားလိုက်ရသူ အဘိုးအိုသည်လည်း ခြေထောက်များယားလာသလို ခံစားလိုက်ရသည်။

သူသာ ဘွတ်ဖိနပ်များ ဝတ်ဆင်ထားခဲ့လျှင် သူ့ကို ကန်ပြီးသွားလိမ့်မည်။

ထင်သည့်အတိုင်းပင် စစ်ဘွတ်ဖိနပ်တစ်ဖက် မြောက်တက်လာသည်ကို တွေ့လိုက်ရသည်။

ချင်ကျိုးသည် ရယ်သွေးသွမ်းလိုက်ကာ ဘေးသို့တိမ်းပြီး ဓာတ်လှေကားအပြင်ကို ထွက်လိုက်သည်။

သူက စာမေးပွဲခန်းစောင့်အတွက် အောက်သို့ဆင်းသည့်ခလုတ်ကို နှိပ်ပေးခဲ့ပြီး ဓာတ်လှေကား တဖြည်းဖြည်းချင်း ပိတ်သွားသောအခါ အတွင်းမှလူကို လက်ယမ်းပြလိုက်သည်: "နောက်တစ်ခါ ပိုကြိုးစားလိုက်ပါဦး စာမေးပွဲခန်းစောင့်ကြီး"

ဓာတ်လှေကားသည် အောက်သို့ဆင်းသွားသည်။

ချင်ကျိုးသည် တစ်ဖက်လှည့်ကာ အဘိုးအိုဆီသို့ လျှောက်သွားလေ၏။ အရာအားလုံး အလုပ်လုပ်ပုံနှင့် ရင်းနှီးနေသည့်အတွက် သူ့လက်ဝါးကို အကန့်ပေါ်သို့ ဖိလိုက်သည်။

အသံတစ်သံပေးကာ စခရင်ပေါ်တွင် မျဉ်းကြောင်းအချို့ ပေါ်လာလေသည်။

အမည်: ချင်ကျိုး

စာမေးပွဲလက်မှတ်နံပါတ်: 86010-06141729-82

အတိတ်မှတ်တမ်း: ၅ ကြိမ်

အဘိုးအိုသည် မနေနိုင်တော့ဘဲ မေးလာသည်: "ဘာသာရပ်ဘယ်နှစ်ခု ဖြေခဲ့တာလဲ"

"ငါးခု"

အဘိုးအို၏ အမူအရာမှာ နားလည်ရခက်ဟန် ပြောင်းလဲသွားသည်: "မင်း ဒီကိုစာမေးပွဲ တစ်ခုပြီးတိုင်းမှာ လာနေတာလား"

"အတိအကျကြီးတော့မဟုတ်ဘူး။ ကျွန်တော် စာမေးပွဲကို နှစ်ကြိမ်ပြန်ဖြေခဲ့ရသေးတော့ ကြည့်ရတာ စာမေးပွဲ ခုနစ်ခုထဲမှာ ၅ ကြိမ်လာခဲ့တယ်"

"မင်းက အဲဒါကို ဂုဏ်ယူနေတာလား"

ချင်ကျိုးက ထပ်ပြုံးလိုက်သည်။

သည်ဖြေဆိုသူသည် မကြာခဏဆိုသလို ပြုံးနေတတ်သည်။ သူစကားပြောလျှင် ပြုံးနေလိမ့်မည်။ စကားပြောရန် အလွန်ပျင်းနေလျှင်လည်း ပြုံးနေလိမ့်မည်။

သို့ရာတွင် သူ၏ ထိုသို့သောအပြုံးများသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုများ 80%-90% ခန့်ထိ ပြည့်နေလိမ့်မည်။

သူသည် အတွင်းရောအပြင်ပါ ရည်မွန်သူတစ်ဦး မဟုတ်ခဲ့လောက်။

တိုတိုတုတ်တုတ်ပြောရလျှင် ထိုအဖြစ်က လူတစ်ယောက်ကို အံကြိတ်စေသည်။

အဘိုးအိုကဆိုသည်: "အခု ဒါကမင်းရဲ့ နောက်ဆုံးဘာသာရပ်ဖြစ်မှာပေါ့၊ ဒီပြစ်ဒဏ်ပြီးရင် ထွက်သွားတော့မှာလား"

"မဟုတ်ပါဘူး"

အဘိုးအိုသည် ရေပင်သီးသွားသည်: "ဒါက ငါးဘာသာစာမေးပွဲမဟုတ်ဘူးလား"

ချင်ကျိုးသည် သူ့အိတ်ကပ်မှ ကတ်တစ်ကတ်ကို ထုတ်လိုက်သည်: "တစ်ဘာသာကျန်သေးတယ်"

အဘိုးအိုသည် အနားကပ်၍ ကြည့်လိုက်သည်။ ကတ်ပေါ်တွင် စကားလုံးနှစ်လုံးကို ထင်းနေအောင်ရေးထားသည်: ပြန်ဖြေရန်။

"................."

ချင်ကျိုးသည် ထို့နောက် ပြောလိုက်သည်: "ဒါပေမဲ့ နှမြောစရာပဲ အခုဒါကို သုံးစရာမလိုတော့ဘူး"

အဘိုးအိုက သိချင်လှစွာ မေးလိုက်သ်ည: "ဘာဖြစ်လို့လဲ"

"ကတ်အနက်တစ်ကတ် ဆွဲလိုက်လို့၊ စာမေးပွဲ ပြန်လည်ပြုပြင်တာလေ" ချင်ကျိုးက ဆိုသည်: "အဆင့်အရစီလိုက်မယ်ဆိုရင် ကျွန်တော်က C မှာပဲ နေရုံပဲ"

အဘိုးအို: "........."

C မှာနေရုံပဲဆိုတာ ဘာဆိုလိုတာလဲ???

သည်ဖြေဆိုသူက စိတ်ဝေဒနာရှင်ဖြစ်ရမယ်ဟု သူနှစ်နှစ်ကာကာ ယုံကြည်လိုက်မိပြီ။

သူက ထိန်းချုပ်ခလုတ်ကို အကြမ်းပတမ်း ဖိချလိုက်သည်။

ချက်ချင်းဆိုသလို ပြင်သစ်ပြတင်းပေါက်သည် ပျောက်ကွယ်သွားသည်။ အပြင်ဘက်မှ မိုးကြိုးမုန်တိုင်းများ အလုံးလိုက်တိုးဝင်လာသည်။

အဘိုးအိုထိုင်နေသောနေရာမှာ စက်ကွင်းလွတ်ရုံလေးတွင် ဖြစ်သည်။

ထိုနေရာမှာ ပြစ်ဒဏ်နယ်မြေဖြစ်သည်။ ပြစ်ဒဏ်တွင် စာမေးပွဲစင်တာကို ရှင်းလင်းရန် ပါဝင်နေသည်။ စာမေးပွဲစင်တာကိုမူ ကျပန်းရွေးချယ်ခြင်းဖြစ်သည်။

ဖြေဆိုသူသည် ပြင်သစ်ပြတင်းကို ဖွင့်လိုက်ရာမှ ဖြစ်လာသည့် အပေါက်မှ အောက်သို့ တွယ်ဆင်းလိုက်ကာ မြေပေါ်ရောက်လျှင် သူတို့ရောက်ရှိနေသည့် စာမေးပွဲစင်တာသည် သူတို့ရှင်းလင်းရမည့် စင်တာဖြစ်သည်။

အဘိုးအိုသည် အဆင်းလုပ်ငန်းစဉ်သည် ပြစ်ဒဏ်၏ အဆိုးဝါးဆုံးအပိုင်းဖြစ်လောက်သည်ဟု အမြဲလိုလို ထင်ခဲ့သည်။

ဤမျှမြင့်မားသော အဆောက်အအုံပေါ်မှ ဆင်းဖို့ကို မပြောနှင့် အစွန်းတွင်ရပ်ကာ အောက်သို့ငုံ့ကြည့်ရုံနှင့် ခြေထောက်များကို ပျော့ခွေသွားအောင် လုပ်နိုင်သည်။

သူသည် ငိုကြွေးလျက် ဆင်းသွားသောသူများ အများအပြားတွေ့ဖူးသည်။

တစ်ခုတည်းသော ခြွှင်းချက်မှာ ချင်ကျိုးဖြစ်သည်။

ထိုသူသည် စစ်တပ်ထဲတွင် အချိန်အတန်ကြာအောင် လေ့ကျင့်လာခဲ့သူဖြစ်သည့်အလျောက် မည်သည်ကိုမျှ မကြောက်ရွံ့ပါချေ။

သူပြတင်းဆီသို့ လျှောက်သွားသည်ကို ကြည့်နေရင်း အဘိုးအိုသည် မနေနိုင်တော့ဘဲ မေးလိုက်သည်: "ဘာဖြစ်လို့ တစ်ချိန်လုံး စာမေးပွဲကို ပြန်ဖြေနေရတာလဲ။ အမှတ်ပိုရအောင်လို့လား"

ချင်ကျိုးသည် အစွန်းတွင် ရပ်လိုက်သည်။ မိုးစက်မိုးပေါက်များသည် သူ၏ ချောမောကာ ပန်းပုထုဆစ်ထားသည့်အသွင် မျက်နှာထက်သို့ သက်ဆင်းကျလာသည်။

သူက ပြုံးရွှင်ကာ ပြန်ဖြေလာသည်: "မှန်းကြည့်လေ"

ထို့နောက် တစ်ဖက်သို့လှည့်ကာ ခုန်ချသွားတော့သည်။

..................xxx..................

Translated by Akira ❣️

Akira has something to say:

ချင်ကျိုးရဲ့ မိမိုက်နေမှုကြီး (⁄ ⁄>⁄ ▽ ⁄<⁄ ⁄)


You are reading the story above: TeenFic.Net