အခန်း ၅၃: ဗီဒီယို

Background color
Font
Font size
Line height

အခန်း ၅၃: ဗီဒီယို

သည်က အမှောင်ထုကို အလင်းရောင်ဖြင့် မထိုးဖောက်နိုင်သော်ငြား ဖောက်ခွဲပစ္စည်းများဖြင့်ဆို ဖြစ်နိုင်သည်။

ခေတ္တခဏခန့် အလင်းရောင်သည် အနည်းငယ် တဖျပ်ဖျပ်တောက်ပနေသည်။ ၎င်းသည် ကောင်းကင်ယံတစ်ဝက်ကို အလင်းပေးလိုက်သည့်အတွက် အမှောင်ထုအောက်တွင် ဖုံးကွယ်နေသော အပျက်အစီးများတစ်လျှောက် ထိုးခွဲလင်းလက်သွားသည်။

ယိုဟော့ သူ့မျက်လုံးမှ အမြင်အာရုံ ပြန်လည်ရရှိသောနေ့ကို ရုတ်တရက် ပြန်လည်အမှတ်ရသွားသည်။ သူ့မျက်လုံးများထက်မှ ပိတ်ကျဲစကို လုံးလုံးလျားလျား မဖယ်ရှားရသေးသော်လည်း အချိန်ကြာရှည်စွာ မမြင်တွေ့ခဲ့ရသော အလင်းရောင်သည် ထိုပိတ်ကျဲစများမှတဆင့် ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအဖြစ်သည် သူ့ကို ပျော်ရွှင်စေသည်ဟု ဆိုလို့မရသော်လည်း သူ့ကို အားဖျော့ကာ စိတ်ပြေလျော့သွားစေခဲ့သည်။

..........

"ရယ်လိုက်တာလား" ချင်ကျိုးသည် ယိုဟော့ထံ ငဲ့စောင်းကြည့်လိုက်သည်။ သူက ဖောက်ခွဲပစ္စည်း နောက်တစ်ခုကို ကောက်လိုက်ကာ ကျွမ်းကျင်စွာ ကျည်ထိုးလိုက်သည်။

မျက်လုံးများကို ကျုံ့ကာ ကောင်းကင်ထက်သို့ နောက်တစ်လုံး ပစ်လွှတ်လိုက်ပြန်သည်။

ပစ်လွှတ်ခြင်းမှ နောက်ပြန်ကန်လာသည့်အရှိန်သည် သူ့ပတ်လည်မှ ဖုန်မှုန့်များကို ပြန့်ကျဲသွားစေသည်။

ဘေးကင်းသောနေရာတွင် မတ်တပ်ရပ်နေရင်းတောင် ဖောက်ခွဲပစ္စည်းများမှ အပူကို သူခံစားလို့ရနေသေးသည်။

ယိုဟော့က ချင်ကျိုးပခုံးကို ပုတ်လိုက်သည်။

တစ်ဖက်လူသည် နှုတ်ခမ်းတွင် နက်ရှိုင်းသောအပြုံးတစ်ခုနှင့်အတူ ခေါင်းလှည့်ကြည့်လာသည်။ ထိုသူ၏ အထက်စီးဆန်မှုကို သူ့အဝတ်အစားများအောက်တွင် ပါးနပ်စွာ လွှမ်းခြုံဖုံးကွယ်ထား၏။ သူ့တွင် ထူးခြားသော ရူးသွပ်မှုတစ်မျိုး ပိုင်ဆိုင်ထားပုံရသည်။

"ဘာလို့လဲ။ မင်းလည်း ဒါနဲ့ကစားချင်လို့လား" သူက မေးသည်။

"ငါစမ်းကြည့်မယ်" ယိုဟော့သည် လက်လှမ်းလိုက်သည်။

ချင်ကျိုးသည် နောက်နောက်ပြောင်ပြောင်ဖြင့် ၎င်းကို အဝေးသို့ရွှေ့လိုက်သည်။ "ငါတို့ရဲ့ ထိပ်တန်းကျောင်းသားက အလွန်စွမ်းရည်ပြည့်ဝတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက မင်းဆော့ကစားရမဲ့အရာတော့ မဟုတ်ဘူး"

ပါးလွှာသောလေထုကိုသာ ဖမ်းဆုပ်မိသွားသော ယိုဟော့: "........."

"မင်းက ကလေးဆန်နေတာမဟုတ်ဘူးလား"

"ငါကအဆင်ပြေပါတယ်၊ ခြုံကြည့်လိုက်ရင် အတော်လေး ရင့်ကျက်နေပါပြီ" ချင်ကျိုးက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြသည်။ "လက်တွေ့ကျွမ်းကျင်မှုသင်တန်းမရှိရင် ဒါနဲ့ဆော့ကစားရင်းက အလွယ်တကူသေနိုင်တယ်ဆိုတာ သိစေချင်ရုံလေးပါ"

ယိုဟော့သည် အမြောက်ပြောင်း၏ဘေးဘက်မှ အမှတ်အသားကို လှမ်းကြည့်လိုက်သည်။

၎င်းသည် AT4CSRS ၏ ဈေးသက်သာ၍ ရိုးရှင်းသောဗားရှင်းဖြစ်၍ မူရင်းပစ္စည်းနှင့် ယှဉ်လျှင် အနည်းငယ် ပို၍ လေးသည်။ သက်ရောက်မှု ၃၀၀ မီတာခန့်ထိရှိပြီး ကျည်ပြန်ထိုးနိုင်ကာ အလုံပိတ်နေရာမျိုးတွင် အသုံးပြုနိုင်သည့် အားသာချက်ရှိသည်။ သို့ရာတွင် ၎င်း၏နောက်တွင် အတားအဆီးတစ်ခုခုရှိနေခဲ့ပါလျှင် နောက်ပြန်ကန်မှုကြောင့် အသုံးပြုသူကို ထိခိုက်နိုင်ချေများသည်။

၎င်းသည် အမှန်ပင် မှားယွင်းအသုံးပြုမိပါက သေဆုံးခြင်းနှင့် အဆုံးသတ်သွားနိုင်သည့်အရာဖြစ်သည်။

ချင်ကျိုးသည် သာမန်ကာလျှံကာ ပစ်လွှတ်လိုက်ပုံပေါက်နေနိုင်သော်လည်း သူဘယ်အရာကိုမှ ကျော်သွားခြင်းမရှိ။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက အတွေ့အကြုံပြည့်ဝသူမှန်း ပြောနိုင်သည်။

ဤအရာသည် လူတစ်ယောက်၏ အရည်အချင်းကို ကောင်းကောင်းအသုံးချခြင်း၏ အကောင်းဆုံးဥပမာတစ်ခုဖြစ်သည်။

"မင်းက စစ်တပ်ထဲဝင်ဖူးတာလား" ယိုဟော့က မေးသည်။

"စစ်တက္ကသိုလ်မှာ လေးနှစ်၊ စစ်တပ်မှာ သုံးနှစ်" ချင်ကျိုးကဆိုသည်: "အဲဒီနောက် ဒီကိုလာခဲ့တာပဲ"

"ငါစစ်တပ်မှာနေခဲ့တဲ့ကာလက မင်းထက်နည်းရင်နည်းလိမ့်မယ်၊ ဒါပေမဲ့ ငါက စစ်တက္ကသိုလ်မှာ မင်းထက်ကြာကြာနေခဲ့တယ်။ ငါကအတန်းတွေကျော်ခဲ့လို့ မင်းထက်လည်း အသက်ငယ်တယ်"

ယိုဟော့သည် သူ့ကိုစောင်းငဲ့ကြည့်လိုက်ကာ လောင်ချာကို သူ၏ ပခုံးထက်သို့တင်လိုက်သည်။ ထို့နောက် ချင်ကျိုးကို ဘေးဖယ်ရန် ညွှန်ပြသည့်အနေဖြင့် အကြိမ်အနည်းငယ် ကန်ထုတ်လိုက်သည်။

"ဒီတော့ မင်းတောင် ဒါကြောင့်မသေဘူးဆိုရင် ငါလည်းမသေဘူး"

သူက ဘယ်ဘက်မျက်လုံးကို တစ်ဝက်မှိတ်ကာ အမြောက်တစ်လုံးကို တစ်ချက်တည်းပစ်လိုက်သည်။

ချင်ကျိုးသည် မျက်ခုံးပင့်လိုက်၏။ သူ့မျက်လုံးများသည် ယိုဟော့၏ နားကပ်ထံသို့ တစ်ချက်ရောက်သွားပြီးနောက် နောက်ဆုံးတွင် သူ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းထောင့်စွန်းများထံတွင် အကြည့်ဆုံးသွားသည်။

ကောင်းကင်ထက်တွင် အလင်းတစ်ချက်ပေါက်ကွဲထွက်ကာ ထွန်းလင်းသွားတော့သည်။

ယိုဟော့သည် လက်များချလိုက်၏။ လောင်ချာသည် မြေပေါ်သို့ ဆောင့်ကျသွားသည်။

"သင်္ဘောပြိုကျသွားနိုင်လား" သူက မေးသည်။

"ပြောရတာတော့ခက်တယ်" ချင်ကျိုးသည် လိမ်လိုက်ပြီး အမှန်ပြောနေဟန်ဖမ်းလိုက်သည်: "ပင်လယ်ရေတော့ နောက်ကျရင် ဝင်လာနိုင်တယ်။ မင်းက ရေကူးတော်လား။ မတော်ဘူးဆိုလည်း မင်းကို လက်တစ်ဖက်လောက်တော့ ငှားပေးလို့ရပါတယ်"

ယိုဟော့: "........"

ထိုအေးစက်စက်မျက်လုံးများဖြင့် စက္ကန့်အချို့ စိုက်ကြည့်ခံရပြီးနောက် စာမေးပွဲခန်းစောင့် 001 သည် စကားပြောင်းပြောလိုက်သည်: "လက်ရှိအကျဉ်းခန်းကို စာမေးပွဲစောင့်သင်္ဘောနဲ့ ချိတ်ဆက်ထားတဲ့ သီးသန့်စာမေးပွဲစင်တာတစ်ခုလို့ ယူဆလို့ရတယ်။ ငါတို့လုပ်လိုက်တဲ့ ဗရုတ်သုတ်ခပွဲက သင်္ဘောကိုမပြိုစေပါဘူး။ အလွန်ဆုံး တုန်ခါမှုအသေးစားလောက်ပဲ ခံစားရမှာပါ"

***

"တုန်ခါမှုအသေးစား" သုံးခေါက်ဆက်တိုက် ကျော်လွန်သွားပြီးနောက် ပန်းကန်နှစ်ချပ်ကွဲသွားကာ ကော်ဖီသုံးခွက်မှောက်ကျသွားသည်။ ရေနံဆီမီးအိမ်တစ်လုံးလဲကျကာ စာမေးပွဲခန်းစောင့်သင်္ဘော ဒုတိယထပ်တွင် အစိတ်စိတ်ကွဲသွား၏။

စာမေးပွဲခန်းစောင့် လေးယောက်သည် ငလျင်လာရာအရင်းအမြစ်ကို နေရာတကာတွင် လိုက်ရှာခဲ့သည်။

ပင်လယ်ရေသည် ယခင်အတိုင်း ရေခဲပြင်ဖြစ်နေဆဲ။ သံသယဖြစ်ဖွယ်မည်သည့်အရာမှ ပတ်ဝန်းကျင်တွင် မျောပါနေခြင်းမရှိ။

သင်္ဘောအောက်တွင် သေလမ်းရှာနေသော ပင်လယ်သတ္တဝါကြီးများလည်း တစ်ကောင်မှမရှိပေ။

အချိန်အတန်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင်... မယုံနိုင်စွာပင်...သူတို့ကိုယ်သူတို့ ဒုတိယအကျဉ်းခန်းတံခါးရှေ့တွင် ရပ်နေမိသည်ကို တွေ့လိုက်ရသည်။

"တကယ်ပဲ ဒီနေရာလား" 078 သည်အခုထိ မယုံကြည်နိုင်သေးပေ: "အကျဉ်းခန်းတစ်ခုက ဒါကိုဖြစ်စေနိုင်လို့လား။ ဘာဖြစ်လို့ ဒါမျိုးအရင်က တစ်ခါမှမတွေ့ဖူးရတာလဲ"

922: "ငါလည်း မတွေ့ဖူး--"

သူစကားတောင် မဆုံးသေးခင် နောက်တစ်ခေါက် ဆူညံသံထွက်လာသည်။

စာမေးပွဲခန်းစောင့်များ အမူအရာများမှာ အားလုံးအိုသွားကြသည်။

922: "........အခုတော့ မြင်ဖူးသွားပြီ"

154 သည် တည်ငြိမ်စွာဆိုလိုက်သည်: "တံခါးသွားဖွင့်လိုက်"

922 သည် မကျေမနပ်ဖြစ်နေသည်: "ဘာဖြစ်လို့ငါလဲ"

154: "မင်းက တက်ကြွတယ်လေ"

922: "............"

***

အချိန်ခဏလောက် တိတ်ဆိတ်နေပြီးနောက် 922 သည် တံခါးကို ဖွင့်လိုက်သည်။

သူက သတိအပြည့်ဖြင့် ခေါင်းဝင်ကြည့်လိုက်ရာ သူ့ကိုယ်သူ မည်းမှောင်နေသောနံရံတစ်ခုဘေးတွင် ရပ်နေမိသည်ကို တွေ့လိုက်ရသည်။ သူ့နှာခေါင်းထဲတွင် ထူထဲသောမီးခိုးနံ့ဖြင့် မွှန်နေသည်။

"ဘော့စ်.... သောက်ကျိုးနည်း ဘာကြီးကိုင်ထားတာလဲ"

ချင်ကျိုး: "........"

တံခါးမပွင့်ခင်အချိန်လေးမှာပဲ တစ်စုံတစ်ယောက်သည် လေးခုမြောက်ဖောက်ခွဲပစ္စည်းကို ပစ်လွှတ်ပြီးသွားလို့ နောက်ဆုံးဖောက်ခွဲပစ္စည်းနှစ်ခုကို သူ့တာဝန်ပေးရန် ကြိုးစားသည့်အနေဖြင့် သူ့လက်ထဲသို့ လောင်ချာကို ထိုးထည့်လိုက်ခြင်းဖြစ်သည်။

လူတစ်ယောက်က ကစားလို့ဝသွားလို့ ကျောပေးလိုက်သည့် အကောင်းဆုံးအကွက်တစ်ကွက်ပင်။ (*လုပ်ချင်တာလုပ်ပြီး မသိတော့ဘူးဆိုတဲ့အကွက်)

ချင်ကျိုးသည် နှာမှုတ်လိုက်သည်။ လောင်ချာကို ကိုင်လျက် ရှေ့လှမ်းလာကာ 922 သို့ပြောလိုက်သည်: "မင်းလာတာ အချိန်ကိုက်ပဲ။ ငါမင်းကို တစ်ခုခုခိုင်းဖို့လိုနေတာ"

922 သည်လောင်ချာကြောင့် အံ့အားသင့်နေရာမှ: "ဘာဖြစ်လို့လဲ အကျဉ်းခန်း တစ်ခုခုပြဿနာဖြစ်လို့လား"

"မဟုတ်ဘူး.........."

"ဒါဆို နောက်တစ်ခါ စနစ်ချို့ယွင်းမှုဖြစ်တာများလား" 922 က ပို၍ပင် စိုးရိမ်သွားသည်။

"ဘာ! စနစ်ချို့ယွင်းမှုဟုတ်လား" အပြင်ဘက်မှ 154 သည်လည်း ခေါင်းပြူကြည့်လာသည်: "ဘော့စ် အဆင်ပြေရဲ့လား။ တစ်ယောက်ယောက်များ ထိခိုက်သွားသေးလား"

078 နှင့် 021 သည်လည်း လန့်ဖျပ်သွားသည်။ သူတို့အားလုံး တံခါးကိုကိုင်ကာ အထဲသို့ ကမန်းကတန်းဝင်လာကြသည်။

ပထမဆုံးအနေဖြင့် ယိုဟော့သည် စာမေးပွဲခန်းစောင့်များ၏ မျက်နှာအမူအရာများ တစ်ခုပြီးတစ်ခုပြောင်းသွားသည်ကို မြင်လိုက်ရသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့မျက်နှာများမှာ အလန့်တကြားဖြင့် ဖြူဖျော့နေကြ၏။

ချင်ကျိုးကမူ ပြောလိုက်သည်: "မလန့်ကြပါနဲ့ စနစ်က အဆင်ပြေပါတယ်။ bug လည်းမရှိဘူး။ တံခါးကိုကိုင်ထားတဲ့သူတွေ လွှတ်လိုက်လို့ရပြီ"

"တကယ်ပဲ အဆင်ပြေလို့လား"

"တကယ်ပြောတာ"

922 ၏ လည်ပင်းသည် နောက်တစ်လက်မခန့် ရှည်လာပုံရသည်။ သူက လည်ပင်းကိုဆန့်ကာ ဟိုဟိုသည်သည် ကြည့်လာသည်။

ထူးထူးဆန်းဆန်း ဘာမှဖြစ်ပုံမရတာကိုတွေ့မှ သက်ပြင်းမောချလိုက်သည်။

ချင်ကျိုးသည် သူတို့၏ အထိတ်တလန့်အပြုအမူကိုတွေ့၍ မနေနိုင်တော့ဘဲ မေးလိုက်သည်: "bug ရှိတယ်ပဲထားပါဦး ဒီလောက်ကြီး ထိတ်ပျာနေစရာလိုလို့လား"

"သေချာတာပေါ့..." 922 ကဆိုသည်: "ဘော့စ်တောင်မှ bug ကိုမကိုင်တွယ်နိုင်ဘဲ ICU ထဲမှာ နှစ်နှစ်လောက် ပြန်ကောင်းလာအောင် အချိန်ယူခဲ့ရတာကို ကျွန်တော်တို့က ဘယ်လိုလုပ် မလန့်ဘဲနေနိုင်မှာလဲ"

154 သည် သူ့လက်ကို ကမန်းကတန်း လှမ်းဆွဲလိုက်သော်ငြား ကံမကောင်းစွာဖြင့် အနည်းငယ် နောက်ကျသွားသည်။ ထိုတုံးအသောလုပ်ဖော်ကိုင်ဖက်သည် ပြောလို့ပြီးသွားပြီ။

ချင်ကျိုးသည် 922 ကိုစောင်းငဲ့ကြည့်ကာ 154 ထံသို့ မေးလာသည်: "922 က ဒီကိုနောက်ကျမှ ဝင်လာတာလေ၊ သူက ဘယ်လိုလုပ် ဒီအကြောင်းသိနေတာလဲ။ မင်းပြောပြထားတာလား"

154 သည် သူ့မျက်နှာကို တိတ်တဆိတ် ဖုံးကာလိုက်သည်။ ထို့နောက် အပြစ်ရှိစိတ်နှင့် ပြောလာသည်: "ကျွန်တော်တို့ တစ်ခါကစကားပြောရင်းနဲ့ အဲဒီအကြောင်း ပြောမိသွားတယ်"

ဒီငတုံး 078 သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလာသည်: "ဒီအကြောင်းသိတာ ပုံမှန်ပဲမဟုတ်ဘူးလား။ ကျွန်တော် အဖွဲ့ထဲဝင်လိုက်ကတည်းက ဒီအကြောင်း ကြားဖူးတာပဲ။ အဲဒါက အရမ်းကြောက်စရာကောင်းပြီး အန္တရာယ်များတယ်တဲ့၊ မင်းတောင်မှ ခဏခဏ သေပြီလို့တောင် သတ်မှတ်ခံခဲ့ရတာလို့ ကြားဖူးတယ်။ နေရာတိုင်းမှာ သွေးတွေအနှံ့ ရှိနေပြီး သံပြားတချို့တောင်မှပဲ...."

သူ့ကိုယ်သူ ချင်ကျိုး၏ အေးစက်ကာ ဂရုမစိုက်ဟန် အကြည့်များနှင့် ဆုံသွားသည်ကို သတိပြုမိလိုက်သည်။ ထို့နောက်မှ သူ့ကိုယ်သူ ပြန်ထိန်းကာ ရပ်လိုက်ရသည်: "အာ... အဲဒီလိုမျိုးပါပဲ"

"တီထွင်ကြံဆဉာဏ်နဲ့ ကွန့်ညွန့်ထားတာက မဆိုးပါဘူး။ အဲဒါက စနစ်ချို့ယွင်းမှုတစ်ခုရဲ့ အန္တရာယ်ကို ချဲ့ကားပြောထားတာပဲ" ချင်ကျိုးက တည်ငြိမ်စွာ ထပ်ဖြည့်လိုက်သည်။

078 ကဆိုသည်: "အဲဒါက တကယ်ကြီး နည်းနည်း... စနစ်ချို့ယွင်းမှုကလည်း အကြောင်းတစ်ခုဆိုပေမဲ့ နာမည်ကျော်စာမေးပွဲခန်းစောင့် A ကလည်း အခန်းကဏ္ဍတစ်ခုမှာတော့ ပါဝင်နေတယ်။ အဲဒီလိုမှမဟုတ်ရင် မင်းဒီလောက်ဆိုးဆိုးရွားရွား ထိခိုက်သွားမှာမဟုတ်——–အား——–"

အနှီသဲအိတ်သည် ရုတ်တရက် နာကျင်စွာအော်မြည်လာသည်။ သူ့ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်သောအခါ 021 ၏ ဒေါက်မြင့်ဖိနပ်မှ ဒေါက်သည် သူ့ခြေချောင်းလေးများအပေါ်သို့ ဖိနင်းထားသည်ကို တွေ့လိုက်ရသည်။

"မင်း......." 078 သည် တံခါးဘောင်ကို လှမ်းကိုင်လိုက်သည်။

021 သည် ရပ်လိုက်ကာ "အာ" ဆို၍ အသံခပ်တိုးတိုးပြုလိုက်သည်: "ဆောရီး အထဲဝင်ဖို့လုပ်ရင်း နည်းနည်းစိတ်လောသွားလို့"

078 သည် တံခါးဘောင်တစ်လျှောက် အောက်သို့နိမ့်ဆင်းသွားကာ သူ့ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။ သူက တိတ်တဆိတ် ပြောလိုက်သည်: "အဆင်ပြေပါတယ်...."

"မင်းရဲ့အဖွဲ့က မထင်မှတ်အောင် ငါ့အတွက် အတော်လေးစိတ်ပူပန်ပေးကြတာပဲ။ ငါတောင်နည်းနည်း မြောက်သွားပြီ" ချင်ကျိုးသည် 078 ကို ထူမလိုက်ကာ "ငါ့အကြောင်း ဘာတွေပြောခဲ့သေးလဲ။ ပြောပါဦး"

သူ့အပြုအမူသည် အတော်လေးကောင်းနေပြီး စကားများထဲတွင် စနောက်ဟန်အရိပ်အယောင်များပင် တွေ့နေရသည်။

078 သည် အကြိမ်အနည်းငယ် ခုန်လိုက်ပြီးမှ နောက်ဆုံးတွင် နာကျင်မှုမှ ပြန်သက်သာသွားသည်: "အဲဒါပါပဲ။ တကယ်တော့ ကျွန်တော်အဖွဲ့ကို စဝင်တော့ အဲဒီအကြောင်း တစ်ခေါက်နှစ်ခေါက်လောက်ပဲ ပြောတာပါ။ ပြောရမယ်ဆိုရင် ကျွန်တော်က အသစ်လေ... ဒီတော့ အရာအားလုံးကို သိချင်ခဲ့တယ်။ bug က ဘယ်လိုမျိုးဖြစ်မလဲဆိုတာ၊ အဲဒါကို မင်းဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတာရယ်၊ စာမေးပွဲခန်းစောင့် A ဘယ်ရောက်သွားတာလဲဆိုတာကို မှန်းကြည့်ကြတယ်။ ဖြစ်နိုင်ခြေတွေအားလုံးပြောကြည့်ကြပြီး ခန့်မှန်းစရာတစ်ခုမှ မရှိတော့တဲ့အခါမှ ပြောတာရပ်သွားကြတာပဲ"

ထိုစကားများကိုကြားသောအခါ ချင်ကျိုးသည် ရုတ်တရက်ကြီး ရယ်စရာကောင်းသည်ဟု ထင်သွားသည်။

ပါဝင်ပတ်သက်နေသောသူ တစ်ယောက်အနေဖြင့် သူသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရံဖန်ရံခါ ထိုမတော်တဆမှုအကြောင်း သတိရမိသည်။ ထိုမဆိုင်သောသူများအတွက်လည်း အတူတူပဲဖြစ်ပုံရသည်——–

သူတို့သည်လည်း ထိုနည်းတူ ထိုနေ့က ဘာဖြစ်ခဲ့တာ ဖြစ်နိုင်လဲ၊ ကိစ္စအားလုံး ဘယ်လိုမျိုး ဖြေရှင်းလိုက်လဲနှင့် စာမေးပွဲခန်းစောင့် A ဘာဖြစ်သွားသည်ကို ခန့်မှန်းရန် ကြိုးစားခဲ့ကြသည်ပင်။

ပထမနှစ်ခုနှင့် ပတ်သက်၍ သူ့မှတ်ဉာဏ်တွင် ဘာမှမကျန်ခဲ့ဘဲ၊ စနစ်တွင်လည်း သူဝင်ကြည့်၍ရသော အချက်အလက်တစ်ခုမှ မရှိတော့ပေ။ ထင်ကြေးပေးရုံသက်သက်ဖြင့် မလုံလောက်ပေ။

နောက်ဆုံးတစ်ခုအတွက်မူကား....

သူမမှတ်မိနိုင်၍ ဆက်စပ်နေသောအချက်အလက် ရှာမတွေ့ဘူးဆိုသော်လည်း စနစ်၏ ပုံမှန်လုပ်ဆောင်ချက်များကို အခြေခံ၍ အတိုင်းအတာတစ်ခုအထိ အဖြေကို ယူဆ၍ ရသည်။

အနှီစာမေးပွဲခန်းစောင့် A သည် သေသွားခြင်းဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် ဖျက်သိမ်းခံလိုက်ရတာဖြစ်နိုင်သည်။ သူ့ကို စနစ်မှ ထုတ်ပယ်လိုက်သောကြောင့် သူ့မှတ်ဉာဏ်သည်လည်း ဖျက်ဆီးခံလိုက်ရပြီးဖြစ်နိုင်သည်။

လွန်ခဲ့သော အချိန်များဆီက 154 သည် မဆင်မခြင်ဖြင့် သူ့ကို ထိုအဖြစ်အပျက်အကြောင်း မေးဖူးသည်။

"ဘော့စ် တကယ်လို့များ.... ကျွန်တော်က တကယ်လို့များ ဆိုပြီးမေးတာနော်။ တကယ်လို့များ အဲဒီစာမေးပွဲခန်းစောင့်က မသေသေးဘဲ တစ်နေ့မှာ သူ့ကို ပြန်တွေ့ရရင် ဘယ်လိုနေမလဲ"

ထိုအချိန်က ချင်ကျိုးပြောခဲ့သည်: "သူ့ကိုတွေ့တာလား. သူက ငါ့ကိုမမှတ်မိ၊ ငါကလည်း သူ့ကိုမမှတ်မိ။ ဒီလိုမျိုးကို တွေ့ဆုံတယ်လို့ ခေါ်လို့ရလား။ အဲဒါက သူစိမ်းနှစ်ယောက် တူညီတဲ့လမ်းကို မျှသုံးတာပဲ"

154: "ဒါဆို တကယ်လို့ ဘော့စ်က သူ့ကိုမှတ်မိရင်ကော"

"သူ့ကို အရေးကြီးတဲ့ သတ်မှတ်ချက်တွေ သတိပေးမိမလား" ချင်ကျိုးက သာမန်ကာလျှံကာ ဖြေလိုက်သည်။ ခဏလောက်နေမှ သူက ပျင်းရိစွာထည့်ဖြည့်ပြောလိုက်သည်: ".......သူ့ကို ဝေးဝေးမှာနေဖို့ ပြောမိမယ်ထင်တယ်။ ငါတို့ တည့်သည်ဖြစ်စေ၊ မတည့်ဘူးဖြစ်စေ၊ ငါတို့နှစ်ယောက် အတူရှိနေလို့ ဘာကောင်းကျိုးမှဖြစ်လာမဲ့ပုံမရဘူး"

.

ချင်ကျိုးသည် အသိစိတ်ပြန်မဝင်ခင် အကြိမ်ရေအနည်းငယ် မျက်တောင်ခတ်လိုက်သည်။ ထို့နောက် 078 နှင့် အခြားသူများထံသို့ ပြောလိုက်သည်: "ကောင်းပြီ အခု အခြားသူတွေက ပြန်သွားပြီးနားလို့ရပြီ။ ငါ 922 ကိုပဲ တစ်ခုခုကြောင့် လိုတာ။ ဒီမှာ ဒီလောက်ပရိသတ်အများကြီး မလိုအပ်ဘူး"

ထိုနေရာမှ စာမေးပွဲခန်းစောင့်များအားလုံးသည် စိတ်ထဲမှ ပြောနေကြသည်: စောစောက ခင်ဗျားရဲ့အပြုအမူတွေက သေချာပေါက် အဲဒီလိုဆိုလိုတာ မဟုတ်ဘူးလေ!

922 က မေးသည်: "ကျွန်တော့်ကို ဘာအတွက်လိုတာလဲ"

ချင်ကျိုးသည် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ "အိတ်ဆောင်အားသွင်းစက်များ ယူလာလား၊ ငါ့ကိုငှားစမ်းပါ"

922: "......."

922: ".................."

922: "......................................."

ထိုအခိုက်အတန့်တွင် 078 သည် သူတို့နှစ်ယောက်အတူတူ အကျဉ်းချခြင်းသည် ဆိုးရွားသည့်အိုင်ဒီယာဖြစ်ကြောင်း နောက်ဆုံးတွင် အသိဝင်သွားသည်။

အချိန်ဖြုန်းနေခြင်းကို ရှောင်ရှားရန် သူက မျက်နှာပြောင်ပြောင်ဖြင့် ဆရာကြီးနှစ်ယောက်ကို ခွဲလိုက်သည်။ ယိုဟော့ကို ပထမအကျဉ်းခန်းသို့ ပြန်ပို့လိုက်ကာ ချင်ကျိုးကမူ ဒုတိယအကျဉ်းခန်းတွင် ဆက်လက် ကျန်နေခဲ့သည်။

နောက်လှည့်ကာ ဘေးဘက်အခန်းကို မသွားမီ ယိုဟော့သည် ချင်ကျိုးကို လှမ်းဆွဲကာ တစ်ခုခုပြောရန် ကြိုးစားလိုက်သည်။

ထို့နောက်သူသည် စောစောက 078 ၏ စကားများကို သတိရသွားသည်။ သေဆုံးကြောင်းသတိပေးချက်များအားလုံးနှင့် သံပြားများအကြောင်း အပါအဝင်ဖြစ်၏။ ချင်ကျိုးကို သူက စာမေးပွဲခန်းစောင့် A ဖြစ်ကြောင်း ဒီလိုအချိန်မျိုးမှာ ပြောပြရန် မသင့်တော်သလို ခံစားလိုက်ရသည်.....

ထူးထူးဆန်းဆန်း တစ်ခါလောက် သူတို့နှစ်ယောက်ကြားမှ လေထုသည် သိပ်မဆိုးလှပေ။ ဘာကိစ္စ ထိုအရာကို ဖျက်ဆီးရမည်နည်း။

ထို့အပြင် သူက တစ်ချိန်က စာမေးပွဲခန်းစောင့် A ဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားလည်း မရှိသေးပေ။

သူထိုကိစ္စကို မရှင်းလင်းရသေးခင် အဘယ့်ကြောင့် အခြားသူတစ်ယောက်ကို ဆွဲထည့်ရမည်နည်း။

.

ဒီတစ်ခေါက်အကျဉ်းခန်း၏ ဒုတိယအချိန်တစ်ဝက်သည် သာမန်ထက်ပို၍ ရှည်ကြာလှသည်။

အနည်းဆုံးပြောရလျှင် ချင်ကျိုးအတွက် အချိန်သည် အထူးသဖြင့် ရှည်ကြာလွန်းပုံရသည်။ သူက ဖုန်းအသက်ပြန်ဝင်လာအောင် စောင့်ဆိုင်းနေရသည့်အတွက်ဖြစ်သည်.... ရာစုနှစ်တစ်ခုလောက်တောင် ခံစားနေရသည်။

ဖုန်းသည် တမင်တကာ သူ့ကို ဆော့ကစားနေသည့်နှယ်။

ဖုန်းသည် 922 တံခါးကို ပြန်ဖွင့်ရန် ပြန်မလာခင်လေးတင် ရုတ်တရက် ပွင့်လာရန် ရွေးချယ်လိုက်သည်။

ချင်ကျိုးသည် သည်တစ်ခေါက်တွင် အချိန်မဖြုန်းတော့ဘဲ အလျင်အမြန် ထိုဗီဒီယိုကို နှိပ်လိုက်သည်။

Play ခလုတ်ကို နှိပ်လိုက်သည်နှင့် ဗီဒီယိုထဲမှ လမ်းသည် အသက်ဝင်လာခဲ့သည်။

................xxx..................

Akira has something to say:

ဗီဒီယိုတော့ ပွင့်လာပြီ ချင်ကောလည်း ယိုဟော့က A ဆိုတာ သိတော့မယ်ထင်တယ် !_! 


You are reading the story above: TeenFic.Net