အခန်း ၁၈: အကြားစွမ်းရည် စာမေးပွဲ

Background color
Font
Font size
Line height

အခန်း ၁၈: အကြားစွမ်းရည် စာမေးပွဲ

မေးခွန်းအသံဖွင့်ပြလာသည်ကို စောင့်ဆိုင်းရသည်မှာ သူတို့ကို စိတ်ဖိစီးစေမှာ အမှန်ပင်ဖြစ်သည်။

သို့သော် အသံမပေး ဘာမပေးထွက်ပေါ်လာသော စနစ်သတိပေးချက်များကြောင့် ယင်းတင်းမာမှုများအားလုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ဖြေဆိုသူအားလုံးသည် ကြောင်အသွားကြသော်လည်း တစ်ယောက်မျှ စကားမပြောရဲကြပါချေ။

ယွီဝမ်က မူလအစက သူတို့နောက်သို့ လိုက်သွားကြည့်ချင်ခဲ့သော်လည်း လေထဲတွင် ခြေထောက်တစ်ဖက်လှမ်းလျက် မတ်တပ်ရပ်လျက်သား ရှိနေခဲ့သည်။ သူက အထဲတွင်လည်း မဟုတ်သလို အပြင်တွင်လည်း မဟုတ်ခဲ့ပေ။

အကြောင်းရင်းမှာ အခန်းအတွင်းရှိ ဆရာကြီးနှစ်ယောက်၏ ပတ်ဝန်းကျင်မှ လေထုသည် အနည်းငယ် ကြောက်စရာကောင်းနေခဲ့သောကြောင့်ပင် ဖြစ်သည်...

ယိုဟော့က ချင်ကျိုးသို့ဖျတ်ခနဲကြည့်လိုက်ပြီးနောက် မျက်နှာသေဖြင့် အကြည့်လွှဲသွားသည်။

အသုဘအခမ်းအနားသို့ ရောက်နေသည့်ဟန်ပေါက်နေသော မျက်နှာအမူအရာမျိုးနှင့် သူက အခန်းပတ်လည်ကို ကြည့်လိုက်ပြီးနောက် အဆုံး၌ အသံလာရာရင်းမြစ်ကို ရှာတွေ့သွား၏။

ယင်းမှာ ကြေးဘောင်တစ်ခုပေါ်တွင် တောင့်တင်းစွာ နားနေသော ကျီးအနမူနာရုပ်တစ်ရုပ်သာဖြစ်သည်။ ထိုအရာသည် အတောင်များ ပြန့်ကားလျက်ရှိပြီး နှုတ်သီးမှာ ပွင့်အာလျက်ရှိသည်။

သူတို့ တံခါးမှ စတင်ဖြတ်ဝင်လာခဲ့သော လွန်ခဲ့သော ဆယ်စက္ကန့်ကပင် နှုတ်သီးမှာ ပိတ်လျက်ရှိနေခဲ့သေးသည်။

ယိုဟော့က မတုန်လှုပ်ဘဲ မျက်လုံးများ မှေးကျဉ်းကာ ကျီးကန်းသို့ ကြည့်လာသည်: "ဒီစာမေးပွဲစနစ်ကို ဘယ်သူကိုင်တွယ်နေတာလဲ၊ ဒီလိုငတုံးစကားတွေကို ဘယ်သူထွင်ထားတာလဲ၊ တိုင်ကြားစာတင်လို့ရတဲ့ နေရာရှိလား"

ကျီးကန်း: "........"

ယိုဟော့က ချင်ကျိုးရှိရာသို့ လှည့်ကြည့်လာသည်။

ချင်ကျိုး၏ လက်ကောက်ဝတ်မှ "တီ" သံပေးလာပြီး အနီရောင်အလင်းကို တွေ့ရသည်။

သူက လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး ယိုဟော့ကို မျက်စိမှိတ်ပြသည် "မမေးသင့်တဲ့အရာတွေ မမေးဖို့ စေတနာနဲ့ သတိပေးတာပါ၊ ပထမအကြိမ်က ငါ့ကို ဘယ်လိုအချက်အလက်မျိုးကိုမှ မပြောမိအောင် သတိပေးတာပဲ၊ မင်းထပ်မေးရင် ဒီစာမေးပွဲကနေ ကန်ထုတ်ခံရလိမ့်မယ်"

ယိုဟော့က ကျီးကန်း၏ ခေါင်းကို ပုတ်လိုက်သည်။

ကျီးကန်း: ".........."

ချင်ကျိုး၏ မျက်ဝန်းများမှာ နက်မှောင်နေသည်။ ယိုဟော့ထံတွင် ခေတ္တခဏ အကြည့်ရပ်သွားပြီးနောက် ကျီးကန်းသို့ လှည့်ကြည့်လာသည်။

"အိုကေ အခန်းလဲကြတာပေါ့၊ ဒါဆို ငါက ဟိုကပြားဖြေဆိုသူနဲ့ နေမယ်" သူက ကျီးကန်းသို့ စိုက်ကြည့်ပြီးနောက် ဤသို့ဆို၏။

သည်အခေါက်တွင် ကျီးကန်းသည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။

အားလုံးက ပြဿနာကို ဖြေရှင်းပြီးပြီဟု တွေးနေခိုက်မှာပင် ယင်းက ရုတ်တရက် စကားထပြောကာ အစောပိုင်းက စကားများကို ထပ်ပြောလာသည်။

(ဖြေဆိုသူနှင့် စာမေးပွဲခန်းစောင့်များကို မသင့်လျော်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ခြင်းမှ တားမြစ်ထားပါတယ်၊ ကျေးဇူးပြုပြီး အခန်းနေရာ ပြန်ခွဲကြပါ။)

မိုက် နားလည်စေရန်အလို့ငှာ ယင်းက အင်္ဂလိပ်လိုပင် ထပ်မံရွတ်ပြလာသည်။

မိုက်: "..........."

"ဒါဆို ဒီလူနဲ့ဆိုရင်ရော" ချင်ကျိုးက သာမန်ကာလျှံကာ ယွီဝမ်ကို လက်ညှိုးထိုးပြလိုက်သည်။

(ဖြေဆိုသူနှင့် စာမေးပွဲခန်းစောင့်များကို မသင့်လျော်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ခြင်းမှ တားမြစ်ထားပါတယ်၊ ကျေးဇူးပြုပြီး အခန်းနေရာ ပြန်ခွဲကြပါ။)

"..........."

သတိပေးချက် နောက်တစ်ဖန် ထပ်ကြေငြာသည့်အခါတွင်မတော့ အားလုံးက နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ ထိုအခြေအနေမှာ ချင်ကျိုးနှင့် ယိုဟော့ကိုသာ ရည်ရွယ်လိုခြင်းမဖြစ်နိုင်ပေ။ အားလုံးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။

ယွီဝမ်က သူ့အဖေကို တိတ်တိတ်လေး တွန်းလိုက်သည်: "ဒီစနစ်ကို တစ်ခုခုကများ စိတ်ဆွပေးလိုက်တာများလား၊ ဘာဖြစ်လို့ ဒီလောက်တောင် ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ... တကယ်လို့ တစ်ခန်းထဲပေါင်းနေတာကိုတောင် မသင့်လျော်ဘူးလို့ပြောရင် အိပ်ရာတစ်ခုတည်းမှာ အိပ်ရုံနဲ့ ကလေးရသွားမယ်လို့့ ဆိုလိုချင်တာလား"

လောင်ယွီ: "စကားကို မစဉ်းမစား မပြောစမ်းနဲ့"

ယွီဝမ်: "???"

·

ချင်ကျိုးသည်လည်းပဲ ကျီးကန်းရှိရာသို့ လျှောက်လာလေသည်။ သူက ဆိုသည် "ဒါဆို အချိန်ပြည့် နေရာမှာစောင့်ကြပ်ဖို့ကို မေ့လိုက်ပြီးတော့ ဒီဖြေဆိုသူကို သူကြိုက်သလို လုပ်ခိုင်းလိုက်လို့ရတာပေါ့"

တီ-----------

စည်းမျဉ်းချိုးဖောက်မှု သတိပေးချက်။

စာမေးပွဲခန်းစောင့် Mr. 001 က ပျက်ရယ်ပြုလိုက်သည်။

တစ်ခန်းတည်းမှာလည်း နေလို့မရဘူး၊ အချိန်ပြည့်လည်း နေရာမှာစောင့်ကြပ်ရဦးမယ်။

နည်းနည်းပါးပါး အဓိပ္ပာယ်ရှိအောင် ပြောလို့မရဘူးလား။

·

ချင်ကျိုးက သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ကျီးကန်းကို ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ အားလုံးက အခန်းအတွင်းရှိ လေထု တင်းမာလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

သူက တစ်ခုခုလုပ်တော့မည့်ပုံပေါက်နေသော်လည်း ခဏကြာသော် ဖြည်းညှင်းစွာ စကားပြောရုံသာဖြစ်သည်: "ဒီလိုဆို ဘယ်လိုလဲ၊ ဖြေဆိုသူတွေက အိပ်ခန်းထဲမှာပဲ နေလိုက်၊ ငါကတော့ ခဏသည်းခံပြီး ဆိုဖာမှာပဲ နေလိုက်မယ်"

သည်တစ်ခေါက်တွင်မူ ကျီးကန်းက မည်သို့မျှ ဆိုမလာပါချေ။ ထိုညှိနှိုင်းမှုကို တိတ်တဆိတ် လက်ခံလိုက်သည့်ပုံရသည်။

ဘေးမှကြည့်နေသူများမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။

ယိုဟော့သည် ချင်ကျိုးကို ထူးထူးဆန်းဆန်း ကြည့်နေသည်။

သူက သည်စာမေးပွဲခန်းစောင့်နှင့် မတည့်သော်ငြား ချင်ကျိုးတွင် ထူးကဲသောပင်ကိုစရိုက်ရှိသည့်အချက်ကိုမူ ဝန်ခံရပေမည်။ ထိုသံကြိုးခွေစည်းမျဉ်းများက သူ့ကို ဖိနှိပ်ချည်နှောင်မထားနိုင်သည့်ပမာပင်။

စာမေးပွဲခန်းစောင့် 001 က စာမေးပွဲစနစ်နှင့် ပေါ့ပေါ့ပါးပါး ညှိနှိုင်းနေရင်း ပြုံးပြုံးလေး မတ်တပ်ရပ်နေသည့်တိုင်အောင် လူအများကိုမူကား...ထိုသူက မည်သည့်အချိန်မဆို ထ၍ စည်းကမ်းချိုးဖောက်လိမ့်မည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

သူ၏ အလျှော့ပေးချက်များနှင့် ညှိနှိုင်းချက်များမှာ ခြင်္သေ့တစ်ကောင် ပျင်းရိလေးတွဲစွာ ခေတ္တအနားယူနေသည့်အလားပင်ဖြစ်သည်။ စိတ်တိုပူလောင်မှု အရိပ်အမြွက်ကိုလည်း မြင်နေရပြန်သည်။

အိပ်ချင်နေသောခြင်္သေ့တစ်ကောင်က အနမ်းပေးပါရစေဟု တောင်းဆိုနေသည်နှင့် တူသည်။ မည်သူက ၎င်းကို နမ်းရှုံ့ခွင့်ပေးရဲပါအံ့နည်း။

·

နေရာထိုင်ခင်းပြဿနာမှာ နောက်ဆုံးတွင် ပြေလည်သွားလေသည်။

စက်ဝိုင်းကြီးတစ်ခုလို ကွေ့ပတ်သွားနေရာမှ နောက်ဆုံးအခန်းနေရာချထားသည့်ပုံစံမှာ မူလအစက နေရာချထားချက်နှင့် မကွာခြားတော့ပါချေ။

ပိုလာသည့် တစ်ခုတည်းသောအရာမှာ စိတ်အနှောင့်အယှက်ပင်ဖြစ်သည်။

အိမ်များအားလုံးကို အလွန်ဆင်တူစွာ တန်ဆာဆင်ထားပြီး တူညီသောကျီးကန်းနမူနာကောင်မှာ အခန်းအားလုံးထဲရှိ စင်တစ်စင်ပေါ်တွင် နားခိုနေသည်။

ယင်းတို့မှာ စနစ်၏အသံချဲ့စက်ဖြစ်ပြီး အချက်အလက်ကို တဆင့်ပြောပြသည့်နေရာတွင် သုံးခြင်းဖြစ်သည်။ ထိုကျီးကန်းခေါင်းကို ထိတွေ့ခဲ့သော ယိုဟော့နှင့် ချင်ကျိုးမှလွဲ၍ မည်သူကမျှ ယင်းကို မထိရဲကြပါချေ။

·

မကြာခင်မှာပင် ၇ နာရီခွဲသွားသည်။

အားလုံးက ပင်မအိမ်အတွင်းမှ တကျွီကျွီမြည်သံများကို ကြားလိုက်ရသည်။

တံခါးပွင့်သွားချေပြီ။ ကဝေမုဆိုးမသည် နောက်ဆုံးတွင်တော့ အိပ်ရာမှနိုးထလာပြီဖြစ်သည်။

ကျီးကန်းက အသံပြုလာသည်:

(ယခု အကြားစွမ်းရည် စာမေးပွဲ တရားဝင်စတင်ပါပြီ။ ဖြေဆိုသူများအားလုံး ကျေးဇူးပြုပြီး စာမေးပွဲခန်းမသို့ အမြန်သွားပေးကြပါ။ စာပိုဒ်တစ်ခုကို နှစ်ကြိမ်သာ ဖွင့်ပြမှာဖြစ်ပါတယ်)

ကဝေမုဆိုးမ နိုးလာသည်နှင့် တစ်ပြိုင်နက် ရွာသူကြီးသည်လည်း ကြောင်လက်မှ ထွက်ပြေးနေသော ကြွက်တစ်ကောင်ကဲ့သို့ အမြန်ပြေးတော့သည်။

သူထွက်မပြေးခင်မှာ ပြောသွားသည်: "ကဝေမုဆိုးမမှာ ထုံးစံတစ်ခုရှိတယ်၊ အထဲမဝင်ခင် ကတ်တစ်ကတ်ရွေးရလိမ့်မယ်"

ကတ်ရွေးရဦးမှာလား။

ယိုဟော့၏ မျက်နှာအမူအရာမှာ ရုတ်ခြည်းဆိုသလို မှုန်မှိုင်းသွားသည်။

"ဘာကတ်လဲ၊ ဖဲကစားတဲ့ကတ်လား ဒါမှမဟုတ် မိန်းကလေးတွေ ကစားတဲ့ တားရော့ကတ်လား" ယွီဝမ်က အံ့ဩစရာပင် ကျောင်းတက်တုန်းက လုံးလုံးအလဟဿ အချိန်ဖြုန်းနေခဲ့သည်တော့လည်း မဟုတ်ပေ။ သူက တကယ်တော့ ထိုအကြောင်း အနည်းငယ်သိသည် "သူက ကတ်ဆွဲပြီးရင် ကံကြမ္မာဖတ်ပေးမှာလား"

"သူဖတ်ပေးရင်ရော မင်းကနားလည်မှာလား" လောင်ယွီက စိတ်အနှောင့်အယှက်ဖြစ်လျက် ကြားဖြတ်ပြောလာသည်။

"အမှန်ပဲ၊ အဲဒါဆို ကတ်ဆွဲတာက ဘာအကျိုးထူးမှာလဲ"

ရွာသူကြီးက ပါးစပ်ဖွင့်ဟလိုက်သော်လည်း သူ့ကိုယ်သူ ပြန်ရပ်တန့်လိုက်ပြန်သည်။ နောက်ဆုံးတွင်တော့ ပြောလာသည်မှာ "အဲဒီကတ်က မင်းတို့ဒီည အေးအေးချမ်းချမ်း အိပ်နိုင်မလားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"

သူတို့ မည်သို့ပြန်ပြောလာမည်ကို မှန်းဆမိသည့်အလား သူက အမြန်ထပ်ဖြည့်ပြောလိုက်သည် "ရှောင်ပြေးဖို့ မစဉ်းစားနဲ့၊ မင်းတို့ ကတ်တစ်ကတ်ဆွဲကိုဆွဲရမှာပဲ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်က ပိုပြီးတော့တောင် ဆိုးဝါးသွားလိမ့်မယ်"

ရွာသူကြီးက တစ်ခုခုကို ပြန်သတိရလာပုံရပြီး ထပ်မံ တုန်ယင်လာပြန်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုဒေါသထွက်အောင် မလုပ်မိအောင် သတိထား"

ထိုစကားကို ချန်ထားခဲ့ပြီးနောက် အလျင်အမြန် ထွက်ပြေးသွားလေသည်။

သူ့ကိုယ်ကို စစ်ကုတ်အကျႌဖြင့် ပတ်ထားလျက် ရေခဲမြစ်ကို အလျင်စလိုဖြတ်သန်းသွားပြီးနောက် တစ်ဖက်ခြမ်းရှိ အိမ်တစ်အိမ်အတွင်းသို့ ပုန်းခိုနေတော့သည်။

အချိန်ခဏလေးအတွင်း ရွာတစ်ရွာလုံးက ထပ်မံတိတ်ဆိတ်သွားလေ၏။ မြစ်၏အခြားတစ်ဖက်ခြမ်းနှင့် သူတို့မတ်တပ်ရပ်နေသည့်ဘက်သည် မတူညီသောကမ္ဘာနှစ်ခုနှင့်ပင် တူနေလေသည်။

·

ပြီးခဲ့သော စာမေးပွဲမှ အတွေ့အကြုံအရ မည်သူမျှ အချိန်ထပ်ဆွဲရန် မဝင့်ရဲကြပါချေ။ သူတို့က ကဝေမုဆိုးမအိမ်သို့ အမြန်ကူးလာကြသည်။

ခပ်သေးသေးပိန်ပိန် လင်းတငှက်သဏ္ဌာန် အဘွားအိုတစ်ယောက်မှာ တံခါးဝတွင် စောင့်နေသည်။ သူမ၏ မျက်နှာမှာ သစ်ပင်အိုတစ်ပင်၏ အခေါက်နှင့် ဆင်တူနေပြီး မျက်ခုံးများကို နက်နက်နဲနဲတွန့်ချိုးထားသည်။ သို့သော် သူမမျက်လုံးများမှာမူ ကလေးတစ်ယောက်၏ မျက်ဝန်းများကဲ့သို့ တောက်ပနေလေသည်။

ထိုဆန့်ကျင်ဘက်အရာနှစ်ခုက လူအများကို ထူးဆန်းသော စိတ်မသက်မသာမှုကို ပေးစွမ်းနေတော့သည်။

သူမ၏ ဦးခေါင်းကို ရှုပ်ယှက်ခတ်နေသောအဆင်များပါသော ခေါင်းစည်းဖြင့် ထုပ်ထားပြီး လက်မောင်းနှစ်ဖက်မှာမူ ဂလောင်ဂလင်ရိုက်ခတ်နေသော လက်ကောက်များအောက်တွင် မြုပ်နေသည်။

အဆိုပါလက်ကောက်များမှာ အင်မတန်လေးပင်ပုံရပြီး သူမလက်ကို မြှောက်ရန်ပင်လျှင် ခက်ခဲနေလေသည်။

ကဝေမုဆိုးမက လူအုပ်ထဲသို့ စက္ကန့်အနည်းငယ်ခန့် စူးစိုက်ကြည့်လာသည်။ ထို့နောက် သူမ၏ ချွန်ထက်နေသော သွားစွယ်များကို ပြသလျက် ရုတ်တရက် ထရယ်လိုက်သည်။ မြင်လိုက်ရသူအပေါင်းကို တုန်ယင်သွားစေသည်။

သူမက တစ်ခုခုကို ရေရွတ်လိုက်ပြီးနောက် လူအုပ်ရှေ့တွင် ကတ်တစ်ထပ်ကို ဖြန့်ပြလိုက်သည်။ သူမက အရှေ့ဆုံးတွင်ရပ်နေသော လောင်ယွီကို ပါးစပ်ဖြင့် ညွှန်ပြလိုက်သည်။

"ငါ ငါရွေးရမှာလား" လောင်ယွီခမျာ ကြောက်စိတ်ကြောင့် ချောက်ချားသွားတော့သည်။

ကဝေမုဆိုးမက နောက်တစ်ဖန် ကတ်များကို သူ့အနားသို့ တိုးပေးလာသည်။

လောင်ယွီက လူအုပ်ကို တစ်ချက်လှည့်ကြည့်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် ကတ်တစ်ကတ်ကို ရွေးလိုက်သည်။

ကဝေမုဆိုးမက ကတ်တစ်ဖက်ကို လှန်လိုက်၏။ အခြားသူများမှာ ကတ်ကိုတွေ့သောအခါ အားလုံးပင့်သက်ရှိုက်မိသွားသည်။

ကတ်ပေါ်မှ စကားလုံးများမှာ နားမလည်နိုင်သော်ငြား ကျောက်တိုင်တစ်တိုင်ထက်တွင် ကောက်ရိတ်ဓားရှည် ကိုင်လျက်ရပ်နေသည့် ပုဂ္ဂိုလ်သဏ္ဌာန်မှာမူ သူတို့အားလုံးရင်းနှီးနေသာအရာဖြစ်သည်။

ယွီဝမ်က တိုးတိုးလေးပြောသည် "သေစမ်း...အဲဒါ သေမင်းတမန်မလား၊ အဲဒီမှာ ဘယ်လိုကတ်မျိုးတွေပါလဲဆိုတာ မမှတ်မိပေမဲ့ သေမင်းတမန်ကတ်ရှိတယ်လို့တော့ ထင်တယ်..."

ရှိနေသောလူအားလုံး၏ နောက်ကျောတွင် အေးစက်နေသောချွေးသီးများဖြင့် ရွှဲသွားတော့သည်။

ကဝေမုဆိုးမက နောက်တစ်ခါ ရယ်လိုက်ပြန်သည်။ သူမ၏ရယ်သံမှာ မိန်းမပျိုငယ်တစ်ယောက်ကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့နေသည်။

ထိုအချိန်၌ သူမကိုင်ထားသော တံခါးမှ ကုတ်ခြစ်သံများ စတင်ထွက်ပေါ်လာသည်။

တံခါးအပေါ်တွင် လက်သည်းဖြင့် ကုတ်ခြစ်နေသည့် အသံအလား...

စာမေးပွဲတစ်ခုကို ဖြေဆိုဖူးသောသူများမှာ ယင်းအသံနှင့် ရင်းနှီးကျွမ်းဝင်နေသည်မှာ အသေအချာပင်ဖြစ်သည်။

ထင်သည့်အတိုင်းပင် မျက်စိတစ်မှိတ်အတွင်း စာမေးပွဲမေးခွန်းမှာ တံခါးထက်တွင် ပေါ်လာသည်။

အကြားစွမ်းရည်မေးခွန်း : ကျေးဇူးပြု၍ အောက်ပါ အသံတစ်ပိုင်းတစ်စကို နားထောင်ပြီး အောက်ပါမေးခွန်းများကို ဖြေဆိုပါ။

(၁) ကဝေမုဆိုးမရဲ့နာမည်က ဘယ်သူလဲ။

(၂) ကဝေမုဆိုးမရဲ့မိသားစုက ဘယ်မှာလဲ။ ကျေးဇူးပြု၍ သူတို့ကို ရှာဖွေပါ။

(၃) ကဝေမုဆိုးမရဲ့အိမ်မှာ လူဘယ်နှစ်ယောက်ရှိသလဲ။

စာမေးပွဲလိုအပ်ချက်: အဖြေများကို မနက်တိုင်း မနက် ၇:၃၀ အချိန်မှာ ကောက်ယူမှာဖြစ်ပါတယ်။ အမှတ်တစ်မှတ်မှ မရခဲ့လျှင် ဖြေဆိုသူတစ်ဦးကို ကျပန်းရွေးချယ်ပြီး အခေါင်းတလားထဲသို့ ပို့ခံရမှာဖြစ်ပါတယ်။

အခေါင်းတလား...

ဘာအခေါင်းတလားလဲ???

မေးခွန်းပေါ်လာသည်နှင့် ကဝေမုဆိုးမက သူမ၏ ချွန်ထက်သောသွားများကို ပြသလျက် ပါးစပ်ကိုဖွင့်လိုက်ကာ...

ထို့နောက် သူမက ဗလုံးဗထွေးဖြင့် code အရှည်ကြီးကို ရေရွတ်လာသည်။

".............."

လူရှစ်ယောက်၏ စိတ်ရှုပ်ထွေးနေသော မျက်နှာ ၈ မျက်နှာ။

တံခါးထက်တွင် ကုတ်ခြစ်သံများ ထပ်မံပေါ်ထွက်လာပြန်သည်။

မေးခွန်းအောက်တွင် နောက်စာတန်းတစ်ကြောင်းပေါ်လာသည်: အသံကို တစ်ကြိမ်ဖွင့်ပြပြီး ဖြစ်ပါတယ်။ အခု နောက်တစ်ကြိမ်ထပ်မံ ဖွင့်ပြမှာ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဂရုတစိုက် နားထောင်ပါ။

ကဝေမုဆိုးမက သူမပါးစပ်ကို ထပ်မံဖွင့်ဟလာသည်။ ရုတ်တရက် လက်တစ်ဖက်က ဆန့်တန်းလာပြီး သူမပါးစပ်ထဲသို့ အဝတ်စုတ်တစ်ထည်ကို ထိုးထည့်လိုက်သည်။

ချက်ချင်းဆိုသလို မုဆိုးမ၏ပါးစပ်မှာ ပိတ်ဆို့ခံလိုက်ရသည်။

ယိုဟော့အသံကို ကြားလိုက်ရသည်: "စိတ်မကောင်းပါဘူး၊ ခဏလောက်စောင့်ပေးပါ"

အားလုံး: ".........."

အသစ်ရောက်လာသော ချန်ပင်းနှင့် လျန်ယွမ်ဟောက်တို့နှစ်ဦးသားမှာ ကြက်သေသေနေလျက်....

တကယ်ကြီး အဲဒီလိုမျိုး လုပ်လို့ရတယ်လားဟ။

...............................xxx...............................

Translated by Akira ❣️

Akira has something to say:

ယိုဟော့အသည်းလေးကိုတော့ ကြွေနေပါပြီ၊ အကြောက်အလန့်မရှိ ဘယ်သူမှမထင်ထားတာတွေ ထထလုပ်တယ် XD XD 


You are reading the story above: TeenFic.Net