အခန်း ၁၄၆: ပြန်လည်တွေ့ဆုံခြင်း

Background color
Font
Font size
Line height

အခန်း ၁၄၆: ပြန်လည်တွေ့ဆုံခြင်း

စနစ်ကို ကိုင်တွယ်ရန်နှင့် ပတ်သက်ပြီး စာမေးပွဲခန်းစောင့်A တွင် အစီအစဉ်တစ်ခုရှိသည်။ အစီအစဉ်ရှိကြောင်းကိုလည်း ချင်ကျိုးသိထားသည်။

စာမေးပွဲခန်းစောင့်Aက သူ့ကိုလည်း သဘာဝကျကျ အစီအစဉ်ထဲသို့ ဆွဲသွင်းလိမ့်မည်ဟု အမြဲလိုလို ထင်ထားခဲ့သော်လည်း သူယုံကြည်ထားသည်နှင့်ဆန့်ကျင်စွာ စာမေးပွဲခန်းစောင့်Aသည် ထိုသို့မလုပ်ခဲ့ပေ။

အချိန်အတော်ကြာသည်အထိ စာမေးပွဲခန်းစောင့်A သည် သူ့အစီအစဉ်အကြောင်း လုံးဝ မပြောခဲ့ပေ။ သူ့အနေဖြင့် ချင်ကျိုးသည် သူနှင့်ပန်းတိုင်တူညီပြီး ဆန့်ကျင်ဘက်အခြမ်းတွင်ရပ်တည်နေခြင်း မဟုတ်သည်ကို အသေအချာသိထားရုံမျှနှင့် သူ့အတွက်လုံလောက်နေသည့်အလား။

သူတို့တွင် အရင်းနှီးဆုံးသောဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားပြီး အတွင်းအကျဆုံးသောကိစ္စရပ်များကို အတူတကွလုပ်ဆောင်ခဲ့ကြ၏။ တူညီသောပန်းတိုင်ကို လက်ကိုင်ထားပြီး အချင်းချင်းကူညီပေးနေကြသော်ငြား နှစ်ဦးသည် မတူညီသောလမ်းကြောင်းကို လျှောက်နေကြဆဲဖြစ်လေသည်။

ယင်းမှာ သင်းကွဲဝံပုလွေတစ်ကောင်၏ သသာဝဖြစ်သည်။ ထိုအကြောင်းကို ချင်ကျိုးသည် မည်သူ့ထက်မဆို ပိုနားလည်ထား၏။

သူကိုယ်တိုင်သည် သင်းကွဲဝံပုလွေတစ်ကောင်၏ ထိပ်သီးစံပြနမူနာဖြစ်သည်ဟု ထင်ထားခဲ့သော်လည်း သူ့ထက်ပင် သင်းကွဲဝံပုလွေဆန်သော တခြားသူတစ်ဦးရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ__ စာမေးပွဲခန်းစောင့်Aသည် တသီးတသန့်ဆန်ခြင်းသက်သက်ပင်မဟုတ် တခြားအရာတစ်ခုလည်း ရောနှောနေသေးသည်....

အစက ချင်ကျိုးသည် ထိုအရာ မည်သည်ဖြစ်ကြောင်း မသိခဲ့ပေ။ ယင်းမှာ သူ စနစ်နှင့်စာမေးပွဲခန်းစောင့်A ၏ ဇစ်မြစ်အစစ်အမှန်အကြောင်း ရှာမတွေ့ခင်အချိန်အထိပင်။

သူ စနစ် တစ်ကြိမ်တစ်ခါက အသုံးပြုခဲ့ဖူးသော အဆိုပါမျက်ဝန်းလှလှတို့ကို နောက်တစ်ခါတွေ့လိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားလေသည်။ ထိုအရာမှာ အချိန်နှင့်အမျှ ထိုသူကျင့်ကြံအားထုတ်လာခဲ့သော အမူအကျင့်တစ်ခုဖြစ်သကဲ့သို့ သူ့ကိုယ်သူ ပြင်ပနှင့်လုံးဝ သီးသန့်ခွဲခြားလိုက်သည့် အထူးနည်းလမ်းတစ်ခုပင်ဖြစ်လေသည်။

အခြားသူများအနေဖြင့် သူတို့ကိုယ်ကိုယ် သီးခြားကန့်သတ်လိုက်ခြင်းမှာ မိမိကိုယ်ကိုယ် ကာကွယ်သည့်နည်းတစ်မျိုး ဖြစ်သော်ငြား စာမေးပွဲခန်းစောင့်Aကမူ ထိုသို့မဟုတ်။ သူက အခြားသူတို့ကို ကာကွယ်နေခြင်းဖြစ်သည်။

သူသည် အမြဲလိုလို အန္တရာယ်များသည့်ဇုန်များပတ်ဝန်းကျင်တွင် စက်ဝိုင်းတစ်ခုဆွဲထားလိမ့်မည်၊ ထို့နောက် ထိုစက်ဝိုင်းအလယ်တွင် အကျင့်ပါနေသကဲ့သို့ ထိုင်နေလိမ့်မည်ဖြစ်ပြီး အခြားသူများအားလုံးကို ထိုစက်ဝိုင်း၏ အပြင်ဘက်သို့ အတင်းအဓမ္မ တွန်းထုတ်ပေလိမ့်မည်။ ချင်ကျိုးကို စာမေးပွဲအောင်သည်နှင့် စနစ်ကနေထွက်ခွာသွားပြီး လုံးဝပြန်မလာရန် ဖျောင်းဖျဖို့ ကြိုးစားသည့်ပုံနည်းတူပင် ဖြစ်သည်။

ထိုသို့သီးခြားကန့်သတ်ရန် စာမေးပွဲခန်းစောင့်A သည် ရည်ရွယ်ချက်ရှိရှိ အလွန်ရက်စက်ကြမ်းကြုတ်သောစကားလုံးများကို ပြောခဲ့ရပြီး ချင်ကျိုးသည်လည်းပဲ ညစ်ညမ်းသောစကားများ အများအပြား ပြောခဲ့သည်။

ချင်ကျိုးသည် သူတို့၏ အတွင်းကျကျအရင်းနှီးဆုံးသောအချိန်များတွင်ပင် (ကာမကိစ္စလုပ်ဆောင်နေစဉ်) တစ်ဖက်လူ သတိချပ်မနေစေရန် ကြိုးစားပြီးချော့မော့တတ်သည်။

သူသည် သူ့နဖူးကို တစ်ဖက်လူ၏လက်ဖမိုးတို့တွင် အပ်ထားလျက် နောက်ကျောမှ တစ်ဖက်လူ၏ ပခုံးသား၊ လည်တိုင်နှင့် ရင်ဘတ်တို့ ရှက်သွေးဖြာ နီရောင်သန်းနေသည်ကို ကြည့်နေရင်း တစ်ဖက်လူ စကားမပြောလို၍ အတင်းငြင်းဆန်နေသောအခိုက်အတန့်များ၌ ငါကတကယ့် လူယုတ်မာတစ်ဦးပဲဟု စိတ်ထဲမှ တစ်ကိုယ်တည်းရေရွတ်မိတတ်သည်။

တစ်ခါတလေ စာမေးပွဲခန်းစောင့်Aသည် မျက်လုံးမပွင့်တပွင့်ဖြင့် အသက်ကိုပြင်းရှစွာရှိုက်နေရင်း သူ့ကို စိတ်မရှည်စွာဖြင့် ကြည့်တတ်သည်။

အကယ်၍ ထိုအခိုက် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်တို့သည်သာ တွယ်ယှက်ငြိတွယ်မနေခဲ့ပါက ချင်ကျိုးသည် ထိုသူသည် ခဏနေလျှင် အေးတိအေးစက်ဖြင့် နှာမှုတ်(သရော်)လိုက်မည်ဟု ထင်မိလိမ့်မည်။ ကံမကောင်းစွာဖြင့် သူတို့၏အခြေအနေသည် ထိုသို့ဖြစ်လာနိုင်ချေကို အတော်အတန်လျှော့ချလိုက်သည်။

ထို့ကြောင့် ထိုသူသည် မကြာခဏဆိုသလို ချင်ကျိုးကို အတန်ကြာအောင် စိုက်ကြည့်နေတတ်ပြီး အက်ရှနေသောအသံဖြင့် ပြောတတ်သည်။ "မင်း အခု သူလျှိုအေးဂျင့်တစ်ယောက်လို လုပ်နေတာပဲ" (T/N သူ့ကို အစ်အောက်နေတာကိုပြောတာပါ)

"အဲဒါဆိုလည်း ကိုယ်ဒီတစ်ခေါက် အောင်မြင်နိုင်လား၊ စာမေးပွဲခန်းစောင့်ကြီး" ချင်ကျိုးသည် သူ့ကို အမြဲတမ်း ပြန်စနောက်တတ်သည်။

ထိုအခါမျိုးတွင် သူက "မရဘူး" ဟု ပြောလိမ့်မည်။

ထိုငြင်းပယ်သည့်အဖြေသည် အတော်ကြာသည်အထိ ဆက်လက်ရှိနေခဲ့၏။ အမှန်စင်စစ် ထိုမျှလည်း ကြာမြင့်ခဲ့ခြင်းမဟုတ်သော်လည်း ချင်ကျိုးအတွက်မူ အချိန်အတော်ကြာကြာ ကုန်လွန်ခဲ့ပြီးသကဲ့သို့ ခံစားခဲ့ရသည်။ နောက်ပိုင်း သူပြန်စဉ်းစားလိုက်လျှင် သူထိုသို့ထင်ခဲ့ရသည့်အကြောင်းအရင်းမှာ သူတို့နှစ်ဦးအဖို့ နှစ်ယောက်တည်းရှိရသည့် အခွင့်အရေးမှာ အလွန်အင်မတန်နည်းပါးခဲ့သောကြောင့်ဖြစ်သည်ဟု သတိထားမိလိုက်သည်။

တစ်ခေါက်ပြီး တစ်ခေါက် သူ စာမေးပွဲကို ထပ်မံ ပြန်လည်ဖြေဆိုခဲ့သည်။

အရေအတွက်များ တိုးပွားလာသည်နှင့်အမျှ တစ်ခါတလေ စာမေးပွဲခန်းစောင့်A သည် သတိကိုလျှော့ချလိုက်ခြင်းမျိုး၊ သူ၏စိတ်အတွင်းပိုင်းမှ ခံစားချက်တို့ကို ထုတ်ဖော်ပြသတတ်လာသည်ဟု ချင်ကျိုး ခံစားရလာ၏။ ယင်းမှာ ဝန်လေးနေခြင်းနှင့် ပျော့ပျောင်းလာခြင်းတို့ကို ဖော်ပြနေခြင်းဖြစ်သော်လည်း သူသည်ခဏကြာလျှင် ပြန်၍ အေးစက်ကာ တည်ကြည်သောသူ ပြန်ဖြစ်သွားပြန်သည်။

သို့သော် အဆုံးတွင်တော့ ချင်ကျိုး အောင်မြင်သွား၏။

စာမေးပွဲခန်းစောင့်A၏ အစီအစဉ်ကို ထုတ်ပြောလာသည့်အချိန်က စာမေးပွဲခန်းစောင့်Z ချူယွဲ့သည်လည်း နေရာတွင်ရှိနေသည်။

အချိန်အတော်များများတွင် ချူယွဲ့ကစကားပြောနေပြီး ကျန်လူနှစ်ယောက်က နားထောင်သူဖြစ်သည်။ တစ်ခုခုကို ထပ်ဖြည့်ပြောလိုသည့်အခါ A စကားထပြောလိုက်သည့်အခါမျိုး၌ သူ(မ)သည် ချင်ကျိုးကို သိလိုစိတ်များစွာဖြင့် ကြည့်နေတတ်သည်။ ထိုသူကို အပေါ်အောက်စုန်ဆန် ကြည့်နေရင်း သူ့အကြည့်များမှာ အနည်းငယ် စိတ်အားတက်ကြွလွန်နေသောပုံပင် ပေါက်နေတတ်၏။

တစ်နေ့တွင် သူ(မ)က ချင်ကျိုးကို ထိုသို့ကြည့်မိခြင်းမှာ မယဉ်ကျေးရာရောက်နေလိမ့်မည်ဆိုသော်လည်း တကယ် အံ့ဩ၍ သိချင်စိတ်ပြင်းပြသောကြောင့်သာဖြစ်သည်ဟု ချင်ကျိုးကို ပြောပြလာသည်။ ထိုမတိုင်ခင်က A သည် သူတို့နှစ်ယောက်အကြောင်း အကုန်အစင်နားလည်ပေးရန် တစ်စုံတစ်ယောက်ကို ခေါ်လာမည့်နေ့ ရှိလာလိမ့်မည်ဟု သူတစ်ခါမျှ မတွေးဖူးချေ။

သူက ဆိုသည်: သူနှင့်ထိုသူ့(A)အတွက် ၎င်းမှာ အဆုံးစွန်ထိပိတ်ပင်တားမြစ်ထားရမည့် နယ်နိမိတ်ဖြစ်သည်ဟူ၍။

***

စာမေးပွဲခန်းစောင့်ချုပ်နှစ်ဦးသည် ဤကို စီစဉ်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရမည့် အကောင်းဆုံးအချိန်မှာ__ ပါဝင်ပတ်သတ်နေသောလူ အရေအတွက် အနည်းဆုံးသောအချိန်ဖြစ်ရပေမည်။ သို့မှသာ သေကြေပျက်စီးမည့်အတိုင်းအတာကို အနည်းဆုံးအထိ ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

"ဒီအစီအစဉ်မှာ တကယ်တော့ အရာတစ်ခုပါနေတယ်၊ အဲဒါကတော့ ပင်မထိန်းချုပ်ရေးအာဏာပဲ" ချူယွဲ့က ထိုအချိန်က ရှင်းပြလာသည်။ "ပင်မထိန်းချုပ်ရေးအာဏာဆိုတာက အခြေခံအားဖြင့် စနစ်တစ်ခုလုံးကို ကျွန်မနဲ့ A က လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးပိုင်ထားကြတယ်လို့ ဆိုကြပေမဲ့ အဲဒါက အချို့နေရာတွေမှာပဲ အကျုံးဝင်တယ်။ တကယ်တမ်း ပင်မထိန်းချုပ်ရေးအာဏာကို ပိုင်ဆိုင်တဲ့သူကသာ အမြင့်ဆုံးအာဏာကို စင်စစ်ပိုင်ဆိုင်တဲ့သူဖြစ်လိမ့်မယ်၊ တိုတိုပြောရရင် ရှင့်မှာ အဲဒါရှိရင် စနစ်တစ်ခုလုံးကို ချုပ်ကိုင်နိုင်မယ်.. ဒါပေမဲ့လည်း ရှင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီလို့တော့ မဆိုလိုဘူး"

"ဒါဆို အဲဒီအာဏာက ဘယ်သူ့မှာရှိတာလဲ" ချင်ကျိုးက ဆိုသည်။ "စနစ်ကိုယ်တိုင်မှာပဲလို့တော့ မပြောနဲ့နော်၊ တခြားအရာတစ်ခုခုဖြစ်ရမှာပေါ့"

"အရမ်းကောင်းတယ်" ချူယွဲ့က သူ့ကို လက်မထောင်ပြလိုက်သည်။

"ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဒီပင်မထိန်းချုပ်ရေးအာဏာကို စနစ်ကိုယ်တိုင်က ပိုင်ဆိုင်တယ်၊ ဒါကတော့ ငြင်းပယ်လို့မရတဲ့ဟာပဲ၊ ဒါပေမဲ့ ဖန်တီးသူရဲ့ မူလရည်ရွယ်ချက်က မလိုတမာစိတ်တွေနဲ့ ပြည့်မနေဘူးဆိုရင် အရေးပေါ်ကိစ္စဖြစ်ပေါ်လာနိုင်ချေအတွက် အစီအစဉ်တစ်ခု စီစဉ်ထားခဲ့သင့်တယ်၊ ကျွန်မတို့နှစ်ယောက် အဲဒီလိုတွေးမိလို့ ဒီလမ်းကြောင်းအတိုင်း စုံစမ်းစစ်ဆေးနေခဲ့တာပဲ"

စနစ် အထိန်းအကွပ်မဲ့သွားပြီးနောက်တွင် ထိုအရာနှင့်ပတ်သက်သော အချက်အလက်တို့ကို 'ပါးပါးနပ်နပ်' ဖုံးကွယ်ထားခဲ့သော်လည်း စည်းစနစ်ဘောင်အတွင်းတွင်ရှိနေသရွေ့ ထိုအရာကို ရှာဖွေဖော်ထုတ်နိုင်မည့်နည်းလမ်းတစ်ခုတော့ ရှိမည်သာ။

"အရေးပေါ်အစီအစဉ် ဘယ်နှစ်ခုရှာတွေ့လဲ" ချင်ကျိုးက မေးလိုက်သည်။

"နှစ်ခု" A က ဖြေသည်။ "တစ်ခုက အရေးပေါ်အသွင်၊ နောက်တစ်ခုက ရပ်ဆိုင်းအသွင်၊ နှစ်ခုက ဒီပုံစံအတိုင်း အစဉ်လိုက်ဖြစ်လိမ့်မယ်"

အကယ်၍ စနစ်၏ ဗဟိုထိန်းချုပ်စင်တာတွင် အစိတ်အပိုင်းများ၏ 70% အလုပ်မလုပ်သည့် အခြေအနေကို ရောက်သွားခဲ့ပါက အရေးပေါ်အသွင်သို့ ပြောင်းသွားလိမ့်မည်။ ဤအသွင်တွင် စနစ်သည် ကိုယ့်ကိုယ်ကိုယ် ကုသသည့်အမြင့်ဆုံးအဆင့်ကို ကျင့်သုံးလိမ့်မည်ဖြစ်ပြီး ပင်မထိန်းချုပ်ရေးအာဏာကို 'အရေးပေါ်ထိန်းချုပ်ယူနစ်' ထံသို့ လွှဲပြောင်းအပ်နှံလိမ့်မည်။

အကယ်၍ 'အရေးပေါ်ထိန်းချုပ်ယူနစ်'သာ ယိုယွင်းမှုကို ရပ်တန့်ပေးရန် ကျရှုံးပြီး စနစ်၏ ဗဟိုထိန်းချုပ်စင်တာသည် ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေပါက နောက်ဆုံးအခြေအနေတွင် 100% အလုပ်လုံးဝမလုပ်တော့သည့်အခြေအနေကို ရောက်သွားမည်။ ထို့နောက် စနစ်သည် 'ရပ်ဆိုင်းအသွင်' သို့ဝင်သွားမည်ဖြစ်ပြီး ပင်မထိန်းချုပ်ရေးအာဏာကို စာမေးပွဲခန်းစောင့်ချုပ်ထံသို့ လွှဲပြောင်းအပ်နှံလိမ့်မည်။

ယင်းမှာ အလိုအလျောက်ထိန်းချုပ်စနစ်မှ တစ်ဝက်တစ်ပျက်-အလိုအလျောက်ထိန်းချုပ်အသွင်သို့ ကူးပြောင်းခြင်းနှင့် အလားသဏ္ဍာန်တူပြီး အကယ်၍ ၎င်းသည်လည်း အသုံးမဝင်ခဲ့ပါလျှင် လူထိန်းချုပ်သည့်အသွင်သို့ ကူးပြောင်းသွားပေလိမ့်မည်။

ချူယွဲ့ကဆိုသည်။ "စာမေးပွဲခန်းစောင့်ချုပ်ဆိုတာက လတ်တလောတော့ ကျွန်မနဲ့ Aနဲ့ကို ဆိုလိုတာ၊ ဆိုတော့ လူနည်းနည်းလေးပဲ ပါဝင်ပတ်သက်နေတယ်၊ ကျွန်မတို့သရုပ် ပေါ်မသွားအောင်ပဲ ကြိုးစားဖို့လိုတယ်"

ချင်ကျိုးကမေးလာသည်။ "အဲဒါဆို မင်းတို့နှစ်ယောက်လက်လွှဲမယူခင်မှာ ရှိတဲ့ 'အရေးပေါ်ထိန်းချုပ်ယူနစ်'ဆိုတဲ့ဟာက ဘာလဲ"

"အဲဒါကို ကျွန်မတို့လည်း မသိဘူး၊ အရင်က တစ်ခါမှ မဖြစ်ဖူးဘူး" ချူယွဲ့ကဆိုသည်။ "စည်းကမ်းထဲမှာဆိုရင် အဲဒီဟာကို S အဖွဲ့လို့ သုံးနှုန်းတယ်၊ ပုံစံကတော့ အရေးပေါ်ကိစ္စတွေအတွက်ဖွဲ့ထားတဲ့ အဖွဲ့နဲ့တူတယ်ဆိုပေမဲ့ လူတွေက ဘယ်ကလာမလဲ၊ ကျွန်မတို့ ဒါနဲ့ပတ်သက်ပြီး အရင်က အခေါက်ခေါက်အခါခါ ဆွေးနွေးဖူးတယ်၊ ထင်တာကတော့ ဒီ S အဖွဲ့ဆိုတာက အရေးပေါ်လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စနစ် ဖန်တီးလိုက်တဲ့အရာတစ်ခုခုကို ဆိုလိုချင်တာဖြစ်လိမ့်မယ်"

ချင်ကျိုးသည် တွေးကြည့်လိုက်ပြီးနောက် ယင်းမှာ အကျိုးအကြောင်းသင့်လျော်သည်ဟု ခံစားလိုက်ရ၏။

ထိုအစဉ်လိုက်ကို အခြေခံကြည့်မည်ဆိုလျှင် S အဖွဲ့သည် သီအိုရီအရ စာမေးပွဲခန်းစောင့်A နှင့်Z ကိုကျော်လွန်သော အခွင့်အာဏာကို ပိုင်ဆိုင်ထားမည်ဖြစ်သော်လည်း သူတို့သည် စာမေးပွဲခန်းစောင့်များထဲတွင် အမြင့်ဆုံးဖြစ်လေရာ သူတို့ကိုသာလွန်သောအခွင့်အာဏာ ပိုင်ဆိုင်မည်ဆိုပါက စနစ်ကိုယ်၌ပင် ဖြစ်ပေလိမ့်မည်။

"ဒါဆို ကျွန်မတို့အစီအစဉ်က တကယ်တမ်း အရမ်းရိုးရှင်းပါတယ်၊ စနစ်ရဲ့ ဗဟိုချက်တစ်ခုလုံး အတိုဆုံးအချိန်အတွင်း အလုပ်မလုပ်အောင်လုပ်ဖို့ အသင့်တော်ဆုံးအချိန်ကို စောင့်မယ်၊ ပင်မထိန်းချုပ်ရေးအာဏာကို လက်ဝယ်ယူပြီး၊ လူတိုင်းကို စနစ်ကနေ အပြင်ထွက်ခွင့်ပေးဖို့ ညွှန်ကြားပြီး ထာဝရ ပိတ်သိမ်းလိုက်ဖို့ အမိန့်ပေးရမယ်"

ချင်ကျိုးက မေးသည်။ "ဘယ်အချိန်ကို သင့်တော်တဲ့အချိန်လို့ ယူဆရမလဲ"

စာမေးပွဲခန်းစောင့်A ကဆိုသည်။ "စနစ်ရဲ့ သတိလျော့ကျနေတဲ့အချိန် Plan B လည်း ပြည့်စုံသွားတဲ့အချိန်"

ချူယွဲ့က ရယ်၍ ပြောသည်။ "သတိဆိုပြီး ပြောရင်တော့ ရှင့်ကို အကြီးမားဆုံးအကျိုးပြုသူအနေနဲ့ ယူဆလို့ရတယ်"

ချင်ကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ "အဲဒီလိုလား"

ချူယွဲ့က စာမေးပွဲခန်းစောင့်A ကို ညွှန်ပြလိုက်သည်။ "သူနဲ့ ကျွန်မမှာ ပိုပြီး ကန့်သတ်ချက်တွေအများကြီး ရှိနေလိမ့်မယ်၊ ဘာလို့လဲဆိုတော့ စနစ် 'ရပ်ဆိုင်းအသွင်'ကို ရောက်သွားတဲ့အခါ ပင်မထိန်းချုပ်ရေးအာဏာကို လက်လွှဲယူဖို့ဆိုရင် စနစ်က ကျွန်မတို့ရဲ့အာဏာတွေကို ပြန်မသိမ်းသွားအောင် စနစ်ဘက်မှာ ရှိနေတဲ့ပုံဖမ်းထားမှရမယ်လေ၊ ဒီလိုလုပ်ဖို့ဆိုရင် ကျွန်မတို့တွေ အနေအထိုင်သင့်တင့်လျောက်ပတ်အောင်နေပြီး စနစ်ကို စိတ်တိုအောင်မလုပ်မိဖို့ သတိထားရမယ်၊ အခြေခံအားဖြင့်ကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရမယ်၊ အဲဒါကြောင့်ပဲ ဒီလုပ်ငန်းစဉ်တစ်ခုလုံးက နှေးနေရတာပဲ"

"ဒါပေမဲ့ ရှင်ကတော့ မတူဘူး၊ ရှင်စနစ်ထဲကို ဝင်လာပြီးနောက် ထိခိုက်မှုကိုပြင်ဆင်ချက် ဘယ်နှစ်ခုတောင်လုပ်ခဲ့ရလဲ သိလား" ချူယွဲ့က နှစ်ထောင်းအားရစွာ ပြောလာသည်။ "ဪ ရှင်သိမှာမဟုတ်ဘူးပဲ၊ ဗဟိုထိန်းချုပ်စင်တာကို ဝင်ခွင့်ရတဲ့အခါ အဲဒါကို ရှာကြည့်သင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို မြင်နေရတာနဲ့တင် ကျွန်မကို စိတ်ကျေနပ်သွားအောင်လုပ်နိုင်တယ်၊ ပြင်ဆင်ချက်တွေ အများကြီးရှိပြီး အားလုံးက မလွှဲမရှောင်သာ အလျင်စလိုလုပ်လိုက်ရတာဖြစ်တဲ့အတွက် စနစ်ရဲ့အခြေခံစနစ်နဲ့ သွေဖယ်ချက်တွေရှိလာပြီး အပေါ်ယံမှာရော အတွင်းပိုင်းမမြင်ရတဲ့နေရာမှာပါ Bugs တွေပိုပိုများလာလိမ့်မယ်။ အဲဒီ Bugs တွေက စနစ်ရဲ့သတိကို လျှော့ချပေးလိမ့်မယ်၊ တကယ်လို့ ပျက်စီးယိုယွင်းမှုက 70% အောက်လျော့ရင် စနစ်က သူ့ကိုယ်သူ ပြုပြင်ဖို့ ကြိုးစားလိမ့်မယ်၊ ကျွန်မတို့တွေ ယိုယွင်းမှု 75% အောက်ထိ ကျသွားတဲ့အထိ စောင့်မယ်ဆိုရင် ပုန်ကန်မှုအောင်မြင်နိုင်ချေက ပိုပြီးမြင့်လာလိမ့်မယ်၊ Plan B အတွက်ကတော့__"

အကယ်၍ ဤအစီအစဉ်တွင် ပြဿနာတစ်ခုခုရှိပြီး သေချာမကိုင်တွယ်နိုင်ခဲ့ပါက အသေအပျောက်ရှိလာလိမ့်မည်။ အသေအပျောက်အတိုင်းအတာသည် ကြီးမားပါက ဒုက္ခကြီးစွာရောက်စေမည့်နောက်ဆက်တွဲအန္တရာယ်နှင့်ကြုံရလိမ့်မည်။ သူတို့သည် လူအများကြီး၏ အသက်အန္တရာယ်ကို အလောင်းအစားပြု၍မဖြစ်နိုင်သောကြောင့် Plan B ကို စဉ်းစားခဲ့ကြသည်။

စာမေးပွဲခန်းစောင့်A ကဆိုသည်။ "ငါ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ပြုပြင်ရေးပရိုဂရမ် တစ်ခုလုပ်ဖို့ ကြိုးစားနေတာ၊ အချိန်နည်းနည်းတော့ ယူလိမ့်မယ်"

"ဒီအချိန်အတွင်းမှာ ငါဆက်ပြီး စနစ်ရဲ့သတိလျော့သွားအောင် ကူညီပေးမယ်" ချင်ကျိုးက ဆိုခဲ့သည်။

သို့သော် ဤအစီအစဉ်သည် တစ်ဝက်တစ်ပျက်တွင် ပျက်စီးသွားသည်။

စာမေးပွဲခန်းစောင့်A သည် စာမေးပွဲဖြေဆိုသူ ချင်ကျိုးနှင့် အလွန်အကျူးရင်းနှီးသောဆက်ဆံရေးမျိုးရှိသည်ဟု စနစ်ထံမှ အနီရောင်သတိပေးချက်တစ်ခု ရုတ်တရက် လက်ခံရလိုက်သည်။

ချင်ကျိုးကမူ စာမေးပွဲပြန်လည်ဖြေဆိုနိုင်သည့် အရေအတွက် အကန့်အသတ်ကိုရောက်နေပြီဟုဆိုကာ စနစ်၏ အပြင်ဘက်သို့ တန်း၍ ကန်ထုတ်ခံခဲ့ရသည်။

ဤသို့သောရလဒ်မှာ ချင်ကျိုး မမျှော်လင့်ထားသောအရာတော့ မဟုတ်ပေ။ ဤအဖြစ်မတိုင်ခင်က သူသည် စာမေးပွဲခန်းစောင့်Z ချူယွဲ့ကို တိတ်တဆိတ်ချဉ်းကပ်၍ သူ့အတွက် အကူအညီတစ်ခုလုပ်ပေးရန် တောင်းဆိုခဲ့၏ — အကယ်၍ သူသာ စနစ်ပြင်ပသို့ ကန်ထုတ်ခံခဲ့ရပါက သူ့အတွက် စာမေးပွဲခန်းစောင့်ရာထူးတစ်ခု ချန်လှပ်ထားပေးရန်ဖြစ်သည်။

သူ သေချာပေါက် ပြန်လာမည်ဖြစ်သည်။

သူ စနစ်ပြင်ပသို့ ကန်ထုတ်ခံလိုက်ရသည့်အခိုက် ချင်ကျိုးသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်__

အကယ်၍ စနစ်ကို နောက်ဆုံးတွင် ဖျက်သိမ်းလိုက်နိုင်ပြီး သူတို့ ဘေးကင်းစွာ သာမန်ဘဝသို့ ပြန်လာနိုင်ခဲ့လျှင် စာမေးပွဲခန်းစောင့်A၏ မျက်လုံးကို သေချာစစ်ဆေးပေးရန် ဆရာဝန်ကောင်းကောင်းတစ်ဦး ရှာပေးရမည်။

ယင်းမှာ တစ်ခုခုရှာတွေ့လိုသည့်ဆန္ဒကြောင့် မဟုတ်ဘဲ ရလဒ်အဖြေတစ်ခုထွက်လာရန်သက်သက်သာ။

ထိုစစ်ဆေးချက်အဖြေထွက်လာလျှင် သူ၏စာမေးပွဲခန်းစောင့်ကြီးသည် လုံးလုံးလျားလျား စိတ်သက်သာရာရသွားနိုင်မည်ဖြစ်ကာ ဘယ်သောအခါမျှ မျက်လုံးကို အောက်ချထားစရာလိုတော့မည်မဟုတ်ပေ။

..........

သူ စနစ်မှ ထွက်ခွာလာချိန်မှာ နွေရာသီပြီးဆုံးကာစ ဆောင်းဦးရာသီအစတွင်ဖြစ်သည်။

ပထမရက်အနည်းငယ်တွင် သူသည် ကိုမာဝင်နေသည့်အခြေအနေဖြစ်ခဲ့ပြီး သူနိုးလာသည့်အခါ သူ့ကိုယ်သူ ဆေးရုံတစ်ခုတွင်ရောက်နေသည်ကို သိလိုက်ရသည်။

၎င်းသည် စစ်တပ်နှင့်ချိတ်ဆက်ထားသော ဆေးရုံတစ်ခုဖြစ်ပြီး အခန်းကို ဆေးအဖြူရောင်သုတ်ထားပြီး အချို့နေရာများတွင် စစ်စိမ်းရောင်ကွက်ကြားသုတ်ထားလေသည်။ သူသည် အဖြူနှင့် စစ်စိမ်းရောင်ကြားရှိ အနားသတ်နေရာကို အချိန်အကြာကြီး ငေးမောကြည့်နေခဲ့ချိန်တွင် သူနာပြုတစ်ယောက်ရောက်လာပြီး မေးသည်။ "ဘာကို ကြည့်နေတာလဲ"

သူက မျက်လုံးတို့ကို မှေးကျဉ်းလိုက်ပြီးနောက် အတန်ကြာအောင် တိတ်ဆိတ်သွား၏။ ထို့နောက် ဆိုသည်။ "ဘာမှမဟုတ်ပါဘူး"

ထိုအရောင်နှစ်ရောင်ကို အတူယှဉ်လျက်တွေ့လိုက်ရ၍ မနေနိုင်ဘဲ ထိုနေရာသို့ ဆွဲဆောင်ခံလိုက်ရခြင်းသာ။

သူက တွေဝေမိန်းမောနေလျက် သူနာပြုကို မေးလိုက်သည်။ "ဒီက မျက်စိကုသတဲ့ဆရာဝန်က---"

သူက ရုတ်တရက် ဆွံ့အသွားပြန်သည်။ စကားပြောနေလျက် တစ်ဝက်တွင် ရုတ်တရက် သူဘာကို မေးချင်နေမှန်း သတိမရတော့ပေ။

***

ထိုအချိန်က အဖြစ်အပျက်များသည် အမှန်စင်စစ် အရာအားလုံးထက် ဝေဝါးနေခဲ့သည်။

ချင်ကျိုးသည် နောက်ပိုင်းတွင် သူ အမှန်တကယ်ပင် လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့ခြင်းလား သို့မဟုတ် စနစ်အတွင်းရှိ ထောင့်တစ်နေရာရာတွင် ပိတ်လျက်ရှိနေဆဲလားကိုပင် တွေးတောမိလေသည်။

သူက ထိုပတ်ဝန်းကျင်တွင် ကြာကြာမနေခဲ့ပေ။

တစ်နေ့သောမနက်ခင်းတွင် သူ့ကို စနစ်အတွင်းသို့ ထပ်မံဆွဲသွင်းခံလိုက်ရ၏။ သည်တစ်ခေါက်တွင် စာမေးပွဲခန်းစောင့်အမည်ဖြင့်ဖြစ်သည်။

သူသည် လုပ်ဖော်ကိုင်ဖက်များထံမှ A နှင့် Z သည် လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးရှိသူများဖြစ်သည်ဟု ကြားခဲ့ရပြီး သူတို့ကို စာမေးပွဲခန်းစောင့်ချုပ်များဟု ခေါ်သည်။ တခြားသူများကို ပိုင်ဆိုင်ထားသော အားသာချက်များအရ အဆင့်သတ်မှတ်ထားပြီး တစ်လုံးတည်းသော အင်္ဂလိပ်အက္ခရာများကို အကုန်အသုံးပြုပြီးသွားသောကြောင့် ကျန်ရှိသောသူများသည် အက္ခရာများတွဲစပ်၍ သတ်မှတ်ထားရသည်။ သူ၏ ကုတ်နာမည်မှာ Gin ဖြစ်သည်။

ထိုနေ့လယ်ခင်း၌ စာမေးပွဲခန်းစောင့်ဟောင်းများနှင့် အသစ်များကို အတူတူ အစည်းအဝေးထိုင်ရန် စုဝေးလိုက်ကြသည်။

သူသည် လုပ်ဖော်ကိုင်ဖက်များ ပြောနေကြသော စာမေးပွဲခန်းစောင့်A နှင့် အစည်းအဝေးခန်းမအပြင်ဘက်တွင် ပက်ပင်းတိုးလေသည်။

ထိုသူသည် အဖြူရောင်ရှပ်အင်္ကျီကို စစ်စိမ်းရောင်ဘောင်းဘီများနှင့် တွဲဖက်ဝတ်ဆင်ထားလျက် နံဘေးရှိ စာမေးပွဲခန်းစောင့်Z နှင့် စကားပြောနေခဲ့၏။ အများစုမှာ စာမေးပွဲခန်းစောင့်Z သာ ပြောနေခြင်းဖြစ်ပြီး သူက စကားပြောခဲလှပြီး ရံဖန်ရံခါမှသာ ခေါင်းညိတ်ပြတတ်သည်။

တစ်ဖက်လူစကားပြောနေသည်ကို နားထောင်နေစဉ်တွင် ထိုသူသည် အမြဲတစေ မျက်လုံးကို အနည်းငယ် အောက်သို့စိုက်ထားလေ့ရှိသည်။

ဆောင်းဦးကာလ နေရောင်သည် မှန်မှတဆင့်ဖြာကျနေပြီး သူ့မျက်နှာပေါ်တွင် အလင်းအမှောင်သဲကွဲစွာမီးမောင်းထိုးပြနေ၏။

ထိုမျက်ဝန်းအစုံမှာ အမှောင်ထဲတွင် အသေအချာ ပုန်းကွယ်နေပါသော်လည်း ချင်ကျိုးသည် ထိုအခိုက်အတန့်တွင် အရိပ်ကိုဖြတ်ကျော်၍ သူ့မျက်ဝန်းများထဲမှ ကြည်လင်မှုကို ခံစားလိုက်ရ၏။

စာမေးပွဲခန်းစောင့်A သည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်သွားပြီးနောက် သူရှိရာအရပ်သို့ မော့ကြည့်လာ၏။

ချင်ကျိုးသည် အကြောင်းအရင်းမသိလိုက်ရပါဘဲ မေးလိုက်မိသည်။ "ငါမင်းကို အရင်က တွေ့ဖူးလား"

စာမေးပွဲခန်းစောင့် A က စကားမဆိုခဲ့ပေ။

ထူးထူးဆန်းဆန်းပင် သူ့ပုံသည် အလွန်တည်ငြိမ်နေဟန်ပေါက်သော်လည်း အကြောင်းအရင်းအချို့ကြောင့် အချိန်အခိုက်အတန့်လေးတစ်ခုတွင်တော့.....သူသည် အမှန်စင်စစ် အလွန်ဝမ်းနည်းနေသည်ဟုပင် မှားယွင်းခံစားမိသွားနိုင်လောက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် စာမေးပွဲခန်းစောင့်A သည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် "မတွေ့ဖူးဘူး" ဟု ဖြေလာခဲ့လေသည်။

...................xxx..................

Translated by Akira


You are reading the story above: TeenFic.Net