အခန်း ၁၁၁: အနက်ရောင် ပတ်တီး

Background color
Font
Font size
Line height

အခန်း ၁၁၁: အနက်ရောင် ပတ်တီး

ထိုစကားသည် ထိတ်လန့်တုန်လှုပ်စရာကောင်းသည်။

ယိုဟော့သည် ထိုနေရာတွင် အချိန်အတော်ကြာမြင့်သည်အထိ မှင်သက်ကာ ထိုင်နေခဲ့သည်။

ထို့နောက် သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

ထိုခံစားချက်သည် သူ မကြာခဏ ခံစားရသည့်အရာဖြစ်သည်။ တစ်ခါတလေ သူသည် ရုတ်တရက် မျက်နှာကြက်သို့ မော့ကြည့်၍ဖြစ်စေ အခန်းထောင့်တစ်ခုသို့ လှမ်းမျှော်ကြည့်၍ဖြစ်စေ လာရာအရင်းအမြစ်ကို ရှာဖွေတတ်သည်။

စနစ်သည် တစ်နေရာရာတွင် ပုန်းကွယ်၍ ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို တိတ်တဆိတ်စောင့်ကြည့်နေသည်ဟု အမြဲလိုလို သူခံစားနေခဲ့ရသော်လည်း စနစ်၏ နေရာအတိအကျကို ထုတ်ပြောနိုင်ခြင်းမရှိခဲ့ပေ။

သို့ရာတွင် ယခုအခါ သူ ရုတ်တရက် သိလိုက်ရသည်....

သူရနေသော ထိုခံစားချက်သည် ထိုအချိန်က ဖြစ်ပျက်ခဲ့သောအရာတစ်ခု မဟုတ်ဘဲ သူ၏ မသိစိတ်တွင် ကျန်နေခဲ့သည် အကြွင်းအကျန်များသာဖြစ်နိုင်သည်။

စနစ်သည် နေရာတကာတွင်ရှိပြီး တစ်နေရာထဲတွင် ကျောက်ချနေခြင်းမဟုတ်ဟု ချင်ကျိုးက ပြောခဲ့ဖူးသည်။

ထိုသို့ဆိုလျှင် ဤကဲ့သို့ စောင့်ကြည့်ခံနေရသည့် ခံစားချက်သည် တကယ်တမ်းတွင် သူ့ကိုယ်အတွင်းမှ ခံစားနေရသောအရာသာဖြစ်လိမ့်မည်။

ဤခံစားချက်သည် သူ့နောက်သို့ နှစ်ပေါင်းကြာရှည်အောင် လိုက်လာခဲ့ပြီး သူ့မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီးသည့်နောက်တွင်ပင် သူ့အပေါ်အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်သည်။

ချင်ကျိုးသည် သူ့စိတ်ခံစားချက်တို့ကို အသေအချာ ခံစားသိလိုက်ပြီး သူ့လက်ကို ကိုင်ဆုပ်လိုက်သည်။

"သူက နင့်ဆီက တကယ် သင်ယူခဲ့တာတော့ မဟုတ်ဘူး" ချူယွဲ့က သူ့မျက်လုံးထဲမှ စပ်ဆုပ်ရွံရှာမှုနှင့် ကိုယ့်ကိုယ်ကိုယ်မနှစ်မြို့သည့် အရိပ်တို့ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ထပ်ဖြည့်ပြောလာသည်။ "သူသာ တကယ် နင့်ဆီက သင်ယူခဲ့တယ်ဆိုရင် ဒီလိုဟာမျိုး ဖြစ်လာမှာမဟုတ်ဘူး။ သူက နင့်ကို အတုခိုးရုံတင်မဟုတ်ဘူး။ နင်ကြုံတွေ့သမျှကို ထပ်တူထပ်မျှ ကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာ ပရိုဂရမ်ရေးတဲ့သူတွေက နင့်အတွေးတွေနဲ့ စိတ်ခံစားမှုတွေကို ကူးယူပြီး အဲဒါတွေကို ပြောင်းလဲလိုက်ပြီးမှ စနစ်ကို ထပ်ပြီး တိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ တကယ်တမ်း စနစ်က သူတို့တွေးထားတာထက်ကို ပိုပြီး အမှီအခိုကင်းသွားခဲ့တာပဲ"

"သူ့မှာ စည်းမျဉ်းစည်းကမ်းတွေအမျိုးမျိုးကနေ ထုတ်ယူထားတဲ့ ကိုယ်ပိုင်ဆင်ခြင်တွေးခေါ်တဲ့ပုံစံမျိုး ပိုင်ဆိုင်ထားပြီး သာမန်လူသားသဘာဝနဲ့ အရမ်းကွာခြားတဲ့အရာတစ်ခု ဖြစ်လာခဲ့တယ်။ အဲဒါကြောင့် သူက တူညီတဲ့မျက်လုံးတစ်စုံကို အသုံးပြုပြီး တူညီတဲ့အရာကို မြင်ခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့ အကဲဖြတ်သုံးသပ်တဲ့ပုံက သူကူးယူခဲ့တဲ့သူနဲ့ မကြာခဏ ဆန့်ကျင်ဘက်ဖြစ်နေတာပဲ....."

ချူယွဲ့က တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး တဒင်္ဂခန့် အတွေးနွံနစ်သွားခဲ့သည်။

"အဲဒီတော့ နင်က ကလေးတစ်ယောက်အနေနဲ့ မပျော်ရွှင်ခဲ့ရတာဖြစ်နိုင်တယ်။ ငါ ဒီအကြောင်းတွေ နင့်ကို တကယ်မပြောချင်ပါဘူး၊ ဒါပေမဲ့ နင်အဲဒီအချိန်က ကိစ္စအချို့ကို ပြန်သတိရပြီး နားမလည်ခဲ့ရင် စိတ်ရှုပ်ထွေးနေမှာ စိုးရိမ်သွားလို့ပါ...."

"စနစ်ရဲ့ တည်ရှိမှုက ကူးယူခံရတဲ့သူကို မူမမှန်တဲ့ပုံ ပေါက်နေစေလိမ့်မယ်။ ဘယ်လိုပြောရမလဲ.... ခန္ဓာကိုယ်ထဲမှာ နင့်ကိုယ်ပိုင်စိတ်ဝိညာဉ်နဲ့ လုံးလုံးကွာခြားတဲ့ နောက်စိတ်ဝိညာဉ်တစ်ခု ပုန်းနေသလိုမျိုးပဲ"

အမှန်စင်စစ် "မပျော်ရွှင်ခဲ့ရဘူး" ဆိုသည်မှာ လျှော့ပေါ့ပြောထားခြင်းသာဖြစ်သည်။

အကယ်၍ ကလေးတစ်ယောက်က ကိုယ့်ကိုကြည့်လိုက်ပြီး ကိုယ့်နောက်မှာ အခြားတစ်ယောက်ယောက် ပုန်းနေသည်ကို ခံစားနေရမည်ဆိုလျှင် ဧကန်မုချ ကြောက်ရွံ့သွားလိမ့်မည်သာ။

ကလေးတို့သည် သူ့ကိုကြောက်ပြီး ခပ်တန်းတန်းသာ နေကြလိမ့်မည်....

အကယ်၍ ထိုသူက ချစ်ခင်ရသောသူဖြစ်ခဲ့လျှင်တောင်၊ အကယ်၍ ထိုကလေးသည် သူကိုယ်တိုင်ပင် မသိဘဲ အပြစ်ကင်းစင်ခဲ့လျှင်တောင်..

အကယ်၍ သူနှင့်နီးစပ်သင့်သောသူများအားလုံး သူ့ကို ဖယ်ကြဉ်သွားကြမည်ဆိုလျှင် ၎င်းသည် "မပျော်ရွှင်စရာ" ကိစ္စတစ်ခုသက်သက် မဟုတ်တော့ပေ...

ချူယွဲ့ ထိုသို့ပြောနေစဉ်တွင် ယိုဟော့သည် မျက်လုံးတို့ကို အနည်းငယ် မှေးစင်းထား၏။ သူ့ပုံမှာ ဂရုတစိုက်နားထောင်နေပုံရသော်လည်း တစ်ချိန်တည်းမှာပင် အမှုမထားသည့်ပုံလည်း ပေါက်နေသည်။

ချင်ကျိုးသည် သူ့ကို ကြည့်နေရင်း သူသည် အမြဲတမ်း ဤပုံစံအတိုင်းဖြစ်နေခဲ့သည်ကို သတိထားမိသွားသည်။

အချိန်အများစုတွင် ယိုဟော့သည် အောက်သို့ငုံ့နေတတ်သည်။ တခြားသူများ စကားပြောနေသည်ကို နားထောင်နေသည့်အချိန်၊ တခြားသူများ သူတို့ကိစ္စလုပ်နေသည်ကို စောင့်ဆိုင်းနေသည့်အချိန်တွင်ဖြစ်စေစိတ်မရှည်မှု၊ စိတ်ရှည်မှု၊ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ခံစားရသည့်အချိန်တွင်ဖြစ်စေ... အမြဲတမ်း သူက ဒီပုံစံအတိုင်းပင်... အိပ်ချင်နေပြီး ပျင်းလွန်း၍ ဘာကိုမှမလုပ်ချင်သကဲ့သို့ပင်။

သူနှင့်မရင်းနှီးသေးခင်က ချင်ကျိုးသည် သူက နဂိုကပင် မောက်မာသည့်သဘောရှိသည်ဟု ထင်ခဲ့သည်။

သူက အမှန်ပင် အနည်းငယ် ဤကဲ့သို့ပင်။

သို့သော် အကယ်၍ သူသာ ဤကဲ့သို့ ငယ်ရွယ်စဉ်ကတည်းက တစ်ပါးသူတို့၏ ကြောက်လန့်ပြီး ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရပါက၊ အကယ်၍ သူ့မျက်လုံးများသည် အမြဲလိုလို တခြားသူများကို စိတ်မသက်မသာဖြစ်ပြီး ကြောက်ရွံ့စေခဲ့ပါလျှင် အချိန်ကုန်လာသည်နှင့်အမျှ သူသည် အလိုလို တခြားသူတစ်ယောက်ကို သေသေချာချာ ကြည့်လိုစိတ်ရှိတော့မည်မဟုတ်။

ချင်ကျိုးသည် ရုတ်တရက် ချူယွဲ့ကို မေးချင်ခဲ့သည်: ဘယ်တုန်းက ယိုဟော့ ဒီအကြောင်းကို သိသွားခဲ့တာလဲ။

သူငယ်ငယ်တုန်းကလား၊ ဆယ်ကျော်သက်အရွယ်ကလား၊ ဒါမှမဟုတ် စာမေးပွဲခန်းစောင့် ဖြစ်ပြီးနောက်မှလား။

သူမသိခင်က နှစ်ပေါင်းဘယ်လောက်ကြာအောင် ရှုပ်ထွေးနေခဲ့မလဲ၊ ဒီရှင်းပြလို့မရနိုင်တဲ့ ဖယ်ကြဉ်ခံရမှုတို့ကို သူ့ကိုယ်သူ ဘယ်လို ရှင်းပြခဲ့သလဲ။ နောက်ပြီး သိသွားပြီးတဲ့နောက်မှာရော အတိတ်အကြောင်းကို ရံဖန်ရံခါ စဉ်းစားသေးလား။

သူ၏ စာမေးပွဲခန်းစောင့်ကြီးသည် အပြင်ဘက်တွင်သာ အေးစက်ပြီး အမှုမထားသည့်ပုံပေါက်နေခြင်းဖြစ်ပြီး အတွင်းစိတ်တွင် နှလုံးသားသည် တကယ်တမ်း အတော်လေး နူးညံ့သူဖြစ်၏။

ထိုအကြည့်တို့ကို ရှောင်ဖယ်သည့်အပြုအမူသည် သူ့ထဲတွင် နစ်မြှုပ်နေခဲ့သော အကျင့်တစ်ခုဖြစ်လာပြီး ၎င်းသည် အကာအကွယ်ပေးလိုသော အဓိပ္ပါယ်လည်း သက်ရောက်နေနိုင်သည် - သူနှင့်ရင်းနှီးအောင် ကြိုးစားသူတို့ကို ထိုခိုးကြောင်ခိုးဝှက်မျက်လုံးတို့ကို မခံစားရစေရန် ကာကွယ်ဖို့ဖြစ်သည်။

ချင်ကျိုး၏ မျက်နှာအမူအရာမှာ တော်တော်လေး မကောင်းတော့ပေ။

၎င်းသည် ဘာပဲဖြစ်ပါစေ သူ့ကိုပူပင်သောကရောက်စေသည်။

ယိုဟော့သည် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့၏။ သူဘာတွေးနေသည်ကို မည်သူမျှ မသိပေ၊ သို့မဟုတ် သူက မည်သည်ကိုမျှ တွေးမနေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

အတန်ကြာသော် သူက သူ့မျက်လုံးကို ညွှန်ပြလိုက်ပြီးနောက် ချူယွဲ့ကို မေးလိုက်သည်။ "ငါ့ကို နှင်မထုတ်လိုက်ခင်အထိ ဒီဝေမျှသုံးနေတဲ့အဖြစ်က ဆက်ရှိနေခဲ့တာလား"

အကယ်၍သာ ထိုသို့သာဆိုလျှင် ...

သူက ချင်ကျိုးကို ရုတ်တရက် လှမ်းကြည့်လာ၏။

ချူယွဲ့သည် လက်ကို အလျှင်အမြန် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး။ အဲဒါက စနစ်ကို တရားဝင်စမသုံးခင်အထိ ဆက်ရှိနေခဲ့တာ။ ဆိုတော့ ငါတို့ သင်တန်းနည်းပြ ဖြစ်သွားတဲ့အချိန်အထိ_____ အစတုန်းက ငါတို့ကို သင်တန်းနည်းပြတွေလို့ ခေါ်ခဲ့တာ။ စနစ်ထဲကို သင်တန်းနည်းပြအနေနဲ့ ဝင်လာပြီးနောက်မှာတော့ မျက်လုံးကို မျှသုံးတဲ့အဖြစ်မရှိတော့ဘူး။ စနစ်က သင်ယူမှုပြီးမြောက်သွားပြီဆိုတော့ အဲဒါကို မလိုအပ်တော့ဘူး။ မျက်လုံးကို မျှသုံးတာကို တားမြစ်ဖို့ စီမံချက်တွေလည်း ချမှတ်ခဲ့တယ်"

"သေချာရဲ့လား" ယိုဟော့သည် သံသယဝင်နေ၏။

ချူယွဲ့ကဆိုသည်။ "စဉ်းစားကြည့်လိုက်၊ ဒီစာမေးပွဲစနစ်ရဲ့ အခြေခံတည်ဆောက်ပုံက စနစ်ဟာ နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲရှိနေရမယ်ဆိုတာပဲ။ အထူးတလည် အခြေအနေအချို့ကလွဲရင် ငါတို့ကြုံတွေ့နေရသမျှကို စနစ်မသိတာမရှိဘူးဆိုတော့ ဘာလို့ တခြားသူတစ်ယောက်ရဲ့မျက်လုံးကို ငှားသုံးနေစရာ လိုတော့မှာလဲ။ နောက်ပြီး အပြန်အလှန်အနေနဲ့ အဲဒီလိုလုပ်ရင် ကန့်သတ်ရာလည်း ရောက်သွားလိမ့်မယ်။ နင့်မျက်လုံးကိုပဲသုံးနေရင် အရာရာကို နင့်ရဲ့ရှုထောင့်ကနေပဲ မြင်ရလိမ့်မယ်ဆိုတော့ အကန့်အသတ်နဲ့ဖြစ်နေပြီး တခြား ဘာကိုမှ မြင်ရတော့မှာမဟုတ်ဘူးလေ"

သူက ဒီကိစ္စနှင့်ပတ်သက်ပြီး အလွန်သေချာနေသည်။ "သူ့ရဲ့ ထိန်းချုပ်ချင်တဲ့ ပြင်းပြတဲ့အာသီသရယ် သူက ဘယ်အခြင်းအရာမှာပဲဖြစ်ဖြစ် လူသားတွေရဲ့ အထက်မှာရှိတယ်လို့ ယုံကြည်နေတဲ့အချက်ရယ်ကိုကြည့်ရင် သူ ဒီလိုအရာမျိုးကို လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့....."

"ဒါပေမဲ့ ဘာဖြစ်လဲ" ယိုဟော့က မေးသည်။

"သူ ဒီလိုမလုပ်လောက်ဘူးလို့ ငါတို့လည်း သိထားပြီး အဲဒီလိုလုပ်တာကို ကာကွယ်ဖို့ စည်းကမ်းဘောင်တွေ ချထားပေမဲ့လည်း တစ်ခါတလေမှာတော့ လုံးဝစိတ်ကို လျှော့လိုက်နိုင်မှာမဟုတ်ဘဲ မသက်မသာ ဖြစ်နေလိမ့်မယ်" ချူယွဲ့က ဆိုသည်။ "ကိုယ့်မျက်လုံးကို ပြန်ပြီး ထိန်းချုပ်ခံရမှာတို့၊ တခြားလူတွေကို ဒုက္ခရောက်အောင် လုပ်မိမလားဆိုပြီး စိတ်ပူနေရတာမျိုး... စိတ်ပိုင်းဆိုင်ရာပေါ့။ ဒါက အဆင်ပြေသွားပြီဆိုတာ သိနေပေမဲ့ စိတ်ပူပန်နေမိတာကတော့ ပုံမှန်ပါပဲ"

ယိုဟော့က သူ့ကိုကြည့်ပြီး ရုတ်တရက်မေးလိုက်သည်။ "မင်းက ဘာလို့ ဒီလောက်အများကြီး သိနေတာလဲ"

ချူယွဲ့က ခဏ တန့်သွား၏။ သူက ခါးသက်သောအပြုံးတစ်ခုနှင့်အတူ ပြောလာသည်။ "စနစ်က တကယ်တော့ ကျား၊မလိင်သတ်မှတ်မှု မရှိဘူး။ နောက်ပြီး ပရိုဂရမ်ရေးဆွဲတဲ့သူတွေက သူ့ကို ယောက်ျားတစ်ယောက်အနေနဲ့ ဖန်တီးရင်ပိုအဆင်ပြေမလား ဒါမှမဟုတ် မိန်းမတစ်ယောက်နေနဲ့ ဖန်တီးရင် ပိုအဆင်ပြေမလားဆိုတာ မသိဘူး။ ဒါကြောင့် စနစ်တုပဖို့အတွက် အသုံးချခံ နှစ်ယောက်ရှိခဲ့တယ်. ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်။ ငါက ကံမကောင်းတဲ့ နောက်တစ်ယောက်ပဲ။ ငါတို့ရဲ့ မူလဇစ်မြစ်က ဟိုးကလေးဘဝကနေစတယ်။ နင်ကြုံခဲ့သမျှအရာအားလုံး ငါလည်း ကြုံခဲ့ရတယ်။ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ်ပြီး သူငယ်ချင်းဖြစ်လာမှာလဲ"

ယိုဟော့က နားလည်သကဲ့သို့ ခေါင်းညိတ်ပြသည်။

သူ ချူယွဲ့ကို အလွန်ယုံကြည်နေတာ အံ့ဩစရာမရှိတော့ပေ။ နောက်ပြီး သူတို့ကို စာမေးပွဲခန်းစောင့်ဖြစ်လာပြီးနောက်ပိုင်း အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာကို အပေးခံခဲ့ရတာအတွက်လည်း သံသယမရှိတော့ပေ။

"တစ်နည်းပြောရရင် စနစ်က ငါတို့နဲ့အတူ ကြီးပြင်းလာခဲ့တာပဲ။ ငါတို့အတွက်တော့ ကြီးပြင်းလာတယ်လို့ခေါ်ပေမဲ့ သူ့အတွက်တော့ သင်ယူလေ့လာခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းပဲ။ သူက... ငါတို့ကို သူ့အစ်ကိုနဲ့ အစ်မအဖြစ်တောင် သတ်မှတ်ရင်သတ်မှတ်နေနိုင်တယ်၊ အဲဒါကြောင့်လည်း ငါတို့ကို နည်းနည်းပိုပြီး ယုံကြည်တဲ့အပြင် နည်းနည်း ပိုပြီး သက်ညှာပေးတယ်"

စနစ်သည် အစပိုင်းက ပုံမှန်ဖြစ်ပြီး တချို့ကိစ္စများတွင် လူသားဆန်သည့် အမူအကျင့်မျိုးကို ပြခဲ့သည်ဟု ချူယွဲ့က ပြောခဲ့သည်____ ချူယွဲ့၏ တဲ့တိုးဆန်သော သဘောသဘာဝနှင့် ယိုဟော့၏ တည်ငြိမ်မှုတို့ ရောနှောနေသည်။

သေချာပေါက် အဲဒါက အလွန်အနည်းအကျဉ်းမျှသာဖြစ်ပြီး သိပ်ပြီး ဆင်တူတာတော့လည်း မဟုတ်ပေ။

နောက်ပိုင်းတွင် စနစ်သည် ပို၍ အားကောင်းလာပြီး အမှီအခိုကင်းလာတဲ့အတွက် သူ၏ ဒီအပိုင်းသည် တိမ်မြုပ်သွားပြီး နောက်ထပ် ပေါ်မလာတော့ပေ။

ချူယွဲ့၏ စကားအရဆိုလျှင်___ သူ့တွင် ခေါင်းမာခြင်းနှင့် စဉ်းလဲခြင်းတို့သာ ကျန်နေခဲ့သည်။

ယိုဟော့နှင့်ချူယွဲ့ သည် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့်အတွက် စနစ်ကို တခြားသူထက်ပိုပြီး နှံ့နှံ့စပ်စပ် နားလည်ထားသည်။ သူတို့တွင် တခြားစာမေးပွဲခန်းစောင့်များတွင် မရှိသော အထူးအခွင့်အရေးတို့ကို ပိုင်ဆိုင်ထားသော်လည်း တစ်ချိန်တည်းတွင် ပို၍ ရှင်းရှင်းလင်းလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကန့်သတ်ချက်များနှင့်လည်း တွေ့ရသည်။

ထို့ကြောင့် စနစ် လမ်းမှားကို စတင်ဦးတည်သွားပြီးနောက် သူတို့နှစ်ယောက်သည် အမြဲလိုလို "ညင်သာသောအဖွဲ့" တွင်သာ မြဲမြံစွာ နေခဲ့ကြသည်။

မူလက သူတို့သည် စနစ်ကို ဖျက်ဆီးရန် အချိန်အများကြီး ပိုယူရန် လိုခဲ့သော်လည်း သူတို့၏ ကြိုးပမ်းအားထုတ်မှုတို့အလယ်တွင် မမျှော်လင့်ထားသောသူတစ်ယောက် ပေါ်လာခဲ့သည်။

ဤလူသည် စည်းကမ်းများစွာကို ချိုးဖောက်ပြီး စနစ်ကို အပေါက်များဖာရန် သူ့နောက်မှ တောက်လျှောက် လိုက်နေစေခဲ့၏။

စကားပုံတစ်ခုရှိသည် - စကားများများပြောလေ၊ အလုပ်များများလုပ်လေ အမှားများလေလေ။

အပေါက်ဖာလိုက် စည်းကမ်းသတ်မှတ်လိုက်၊ အပေါက်ဖာလိုက် စည်းကမ်းသတ်မှတ်လိုက်နှင့် အများအပြား ပြင်ဆင်ခဲ့သည့်အတွက် ဝိရောဓိများနှင့် bug များမှာ ရှောင်လွှဲ၍ မရတော့ပေ။

ဤမမျှော်လင့်ထားသောသူမှာ ချင်ကျိုးဖြစ်သည်။

သူ့အသွင်အပြင်နှင့် လုပ်ရပ်များသည် ယိုဟော့နှင့်ချူယွဲ့၏အစီအစဉ်တွေကို ရှေ့သို့တွန်းပို့ပေးသော ထိုးဖောက်စစ်ဆင်ရေးတစ်ခု ဖန်တီးပေးခဲ့သည်။

ကံမကောင်းစွာဖြင့် ထိုအချိန်က ချင်ကျိုးသည် ဖြေဆိုသူတစ်ဦးအနေနှင့် အလွန် အမြင်ဖမ်းစားနိုင်စွမ်းရှိသည်။

တချို့သော အကြောင်းရင်းတို့ကြောင့် သူက သူ့ကိုယ်သူ ဓားထိပ်ဖျားတွင် ထားခဲ့ပြီး (ကိုယ့်ကိုယ်ကိုယ် ခက်ခဲတဲ့အခြေအနေတွင်ရောက်စေသည်) တခြားသူများထက်ပို၍ စနစ်၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် သူတို့နှစ်ယောက်စတွဲသည်နှင့်တစ်ပြိုင်နက် စနစ်သည် တစ်ခုခုကို သတိထားမိခဲ့သည်။

အမှန်စင်စစ် စနစ်တွင် သက်သေပြစရာတစ်ခုမျှမရှိခဲ့သော်လည်း ချင်ကျိုးနှင့်ပတ်သက်ပြီး အထူးသတိထားနေခဲ့၏။

ဤမျှအန္တရာယ်များသောအရာကို စနစ်အတွင်း တစ်နေရာရာတွင် နေရာချထားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မှသာ သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေနိုင်မည်။ စာမေးပွဲခန်းစောင့်တစ်ဦးဖြစ်လာခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့၏။

ထို့ကြောင့် ချင်ကျိုး စာမေးပွဲကို အောင်မြင်ပြီးနောက် များမကြာမီတွင် စာမေးပွဲခန်းစောင့်ဟူသော သရုပ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင် ချူယွဲ့ဘက်မှ ကြိုးအချို့ကို ဆွဲထားခဲ့ခြင်းကြောင့်ဖြစ်ပြီး (ချူယွဲ့၏ အကြံအစည်တချို့ကြောင့်) အခြားတစ်ဖက်တွင် စနစ်၏ ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။

ဒုတိယအကြိမ် သူတို့ပြန်တွဲကြရန် အချိန်နည်းနည်းကြာမြင့်ခဲ့သည်။

ပထမအချက်က ချင်ကျိုး၏ မှတ်ဉာဏ်ကို စနစ်သည် ဝင်နှောင့်ယှက်ထားပြီး အစက ယိုဟော့နှင့်ဆန့်ကျင်ဘက်အဖွဲ့တွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယအချက်က သူတို့နှစ်ယောက်ကြားမှ ရေခဲထုကို အရည်ဖျော်ချပြီးနောက် အတူတူဘေးချင်းယှဉ် ပြန်ရပ်လာနိုင်ပြီးနောက်တွင် အနည်းဆုံး စနစ်တစ်ခုခု သိသွားမည့်ရန်ကို ကာကွယ်ရန် အရင်ထက်ပိုပြီး သတိထားနေခဲ့ရသည်။

"အဲဒီတုန်းက ငါတို့ အောင်မြင်ဖို့ တကယ် အရမ်းနီးစပ်နေပြီ" ချူယွဲ့သည် စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ "ငါတို့တွေ ဗဟိုချက်ကို ရောက်ပြီး ဗဟိုချက်ရဲ့ အပိုင်းတော်တော်များများကို ဖျက်ဆီးပြီးနေမှပဲ အဆုံးမှာ လွဲချော်မှုတစ်ခုဖြစ်သွားလို့ စစ်ဆင်ရေး ကျရှုံးသွားတာ"

"ဘယ်လို လွဲချော်မှုလဲ"

"အဲဒါတော့ ငါမသိဘူး။ ဗဟိုချက်ကို ဝင်တဲ့သူက နင်တို့နှစ်ယောက်၊ ငါက နောက်ကနေ စောင့်ကြပ်ပေးရတဲ့သူ။ အဆုံးသတ်မှာ ငါရလိုက်တဲ့သတင်းကတော့ သတင်းကောင်းမဟုတ်ခဲ့ဘူး" ချူယွဲ့ကဆိုသည်။ "ဘာလို့ စစ်ဆင်ရေး ကျရှုံးရတာလဲကတော့ နင်တို့နှစ်ယောက်ပဲ သိလိမ့်မယ်။ သေချာတာကတော့ ပူးပေါင်းမှုပြိုကွဲသွားတာတို့ဆိုတာက အားလုံး သောက်ရေးမပါတာတွေပဲ! နင်က သူ့ကိုသစ္စာဖောက်တာတို့၊ သူက နင့်ကိုသစ္စာဖောက်တာတို့ဆိုတဲ့ဟာတွေ အဲဒီလို အရေးမပါတဲ့ဟာတွေကို ယုံနေစရာမလိုဘူး။ အကုန်လုံးက သူများတွေကြားအောင် လုပ်ကြံပြောထားတာချည်းပဲ"

"အစကတည်းက အဲဒါကို မယုံခဲ့ပါဘူး" ယိုဟော့က ဆိုသည်။

ချင်ကျိုးက မေးစေ့ကို ပွတ်လိုက်ပြီး ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။

ယိုဟော့သည် ပြန်သုံးသပ်ရန် အချိန်ခဏယူပြီး တိတ်ဆိတ်နေပြီးနောက် ချူယွဲ့ကို မေးလိုက်သည်။ "ငါ့အတွက်ငါ မက်ဆေ့တစ်ခုချန်ဖို့ တစ်ယောက်ယောက်ကို မှာထားခဲ့တယ်။ နားနေစခန်းမှာ အရာတစ်ခုနဲ့ လူတစ်ယောက်ကို ရှာဖို့။ ငါရှာရမဲ့သူက သေချာပေါက် မင်းပဲ၊ ဒါပေမဲ့ ပစ္စည်းက ဘာလဲ မင်းသိလား"

"ငါသိတယ်" ချူယွဲ့က ဆိုသည်။

ယိုဟော့သည် ၎င်းကိုကြားသော် စိတ်အေးသွား၏။

သို့သော် ချူယွဲ့က ထပ်ဖြည့်ပြောလာသည်။ "ငါသိရင်တောင်မှ အသုံးမဝင်ဘူး"

ယိုဟော့: "?"

"အဲဒီဟာက တော်တော်လေး ထူးခြားတယ်၊ နားနေဆောင်မှာ မရှိတော့ဘူး" ချူယွဲ့က ဆိုသည်။

"ဘာဆိုလိုတာလဲ"

"နင်တို့နှစ်ယောက်က အဲဒီတုန်းက တစ်ခုခုမှားခဲ့ရင်ဆိုပြီး အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့တယ်။ အဲဒါက စနစ်ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်သုံးသပ်ပြီး လိုအပ်လာရင် ပြင်ဆင်ပြီးချိန်ညှိပေးမဲ့ စနစ်ရဲ့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်ပဲ။ တချို့သော အခြေအနေတွေမှာဆို ကိုယ့်ကိုယ်ကိုယ်တောင် ဖျက်ဆီးနိုင်လိမ့်မယ်"

ချူယွဲ့က ရုတ်တရက် စကားပြော ရပ်သွား၏။ သူက ယိုဟော့နှင့်ချင်ကျိုး၏ မျက်နှာအမူအရာကို ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ဆက်ပြောလာ၏။ "ဒါပေမဲ့.... စနစ်က အရမ်းကောက်ကျစ်တယ်။ မတော်တဆမှုပြီးတဲ့နောက်မှာ အဲဒီကိုယ့်ကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်လည်း ပျောက်သွားခဲ့တယ်။ ငါအဲဒါကို လိုက်ရှာနေတာ တော်တော်ကြာပြီ ရှာမတွေ့သေးဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ အခု ငါတို့အားလုံး အတူတူပြန်တွေ့ရပြီဆိုတော့ အားလုံးထက် ဒါကပိုပြီး ငါတို့အတွက်အကျိုးထူးပါတယ်"

ဒါကို နှစ်သိမ့်မှုတစ်ခုအဖြစ်လည်း ယူဆ၍ရနိုင်သည်။

ယိုဟော့နှင့်ချင်ကျိုး နှစ်ယောက်လုံး မည်သူကမျှ ကိစ္စတွေကို တဝဲတလည်လည် ပြန်တွေးတော အချိန်ဖြုန်းရတာ ကြိုက်သူများမဟုတ်ကြပေ။ သူတို့က အလွန်မြန်ဆန်စွာ စနစ်၏ဗဟိုချက်ကိုသာ အာရုံစိုက်လိုက်ကြ၏။

သို့သော် ချူယွဲ့ကဆိုသည်။ "စနစ်ဗဟိုချက်ကို စနစ်က ဖွက်ထားပြီး သာမန်စာမေးပွဲခန်းစောင့်တွေ ဝင်ခွင့်မရဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါနင်တို့ကို ပထမတစ်ခေါက် ပို့နိုင်ခဲ့ရင် ဒုတိယတစ်ခေါက်လည်း ပို့နိုင်မှာပါ။ ဗဟိုချက်နဲ့ယှဉ်ရင် အခုအရေးအကြီးဆုံးအရာက နင်တို့မှတ်ဉာဏ်တွေကို ပြန်ယူနိုင်ဖို့ပဲ။ ပြီးခဲ့တဲ့အခေါက်က ဘာလို့ရှုံးနိမ့်သွားရတဲ့ အကြောင်းရင်းကို မသိဘူးဆိုရင် စနစ်ဗဟိုချက်ကို မျက်ကန်းလိုမျိုးသွားနေရလိမ့်မယ်"

အခု နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာပြန်သည်....

သူတို့မှတ်ဉာဏ်တွေကို ဘယ်လို ပြန်ဖော်ကြမလဲ???

ယိုဟော့သည် ချူယွဲ့ နည်းလမ်းတစ်ခုတော့ သိထားမည်ဟု ထင်ခဲ့သော်လည်း သူက လက်ချောင်းတစ်ချောင်းကို ထောင်လိုက်ပြီး အကြာကြီး တွေးတောနေပြီးနောက်မှ ပြောလာ၏။ "ငါသိသလောက် ပထမနည်းလမ်းက နင်တို့မကြာခဏသွားတတ်တဲ့နေရာတွေကို သွားဖို့ပဲ၊ အထူးသဖြင့် နက်ရှိုင်းတဲ့အမြင်မျိုး ချန်ထားခဲ့တဲ့နေရာ၊ ဒါမှမဟုတ် ထူးခြားတဲ့အရေးပါတဲ့နေရာမျိုးကိုပြောတာ။ ဒုတိယက အတိတ်က မြင်ကွင်းတွေကို ပြန်ဖန်တီးဖို့ပဲ။ နင်တို့စိတ်ကို လှုံ့ဆော်ခြင်းအားဖြင့် တစ်ခုခုများ ပြန်မှတ်မိလာမလားပဲ။ အဲဒါအပြင် ငါတစ်ခု သတိထားမိတယ်...."

"ဘာလဲ"

"စနစ်ရဲ့ နှောင့်ယှက်မှုနည်းပါးတဲ့နေရာတွေမှာ အတိတ်ကို ပြန်လည်အောက်မေ့ဖို့ ပိုလွယ်ကူတယ်။ အဲဒါရဲ့အကြောင်းပြချက်ကတော့ ပကတိအတိုင်းရှင်းနေတာပဲလေ။ စနစ်ရဲ့အနှောင့်အယှက်နည်းပါးတယ်ဆိုမှတော့ စာမေးပွဲခန်းစောင့်တွေအတွက်လည်း အလုပ်ဖြစ်မှာပဲ"

သူသတိပေးလိုက်သည့်အခါမှ ချင်ကျိုးလည်း အဲဒါ အမှန်ပဲဆိုတာ သတိထားမိသွား၏။

သူ၏ စာမေးပွဲခန်းစောင့် A နှင့်ပတ်သက်သော အကန့်အသတ်နှင့်မှတ်ဉာဏ်များသည့် အားလုံးနီးပါး သူအကျဉ်းခန်းအတွင်းရှိနေစဉ်က မှတ်မိသောအရာများသာဖြစ်သည်။

သို့သော် သူ အကျဉ်းခန်းတစ်ခန်းကို ဝင်ရသည့်အခါတိုင်း သူမြင်ရသမျှသည် အပျက်အစီးပြင်ကြီးဖြစ်သောကြောင့် သူမှတ်မိသမျှ မှတ်ဉာဏ်အပိုင်းအစလေးများမှာ များသောအားဖြင့် ထိုနေရာနှင့် သက်ဆိုင်နေ၏။

သူတို့မှတ်ဉာဏ်များ ပြန်ရရှိရေးသည် အဓိကပြဿနာဖြစ်နေ၏။

ချူယွဲ့နှင့်ယိုဟော့သည် စကားအချို့ဆက်ပြောလိုက်ပြီးနောက် အချို့အရာများကို ဆက်ဆွေးနွေးနေကြသည်။

သူတို့ ဒီအဆောက်အအုံကြီးသည် အဓိကနေရာဖြစ်နေသည့်အကြောင်း ပြောနေရင်း ချင်ကျိုးက ရုတ်တရက် ဖြတ်ပြောလာသည်။ "တကယ်တော့ ငါတို့မှတ်ဉာဏ်ကို ပြန်ယူဖို့ နောက်နည်းလမ်းတစ်ခု ရှိသေးတယ်"

"ငါသိသလောက် စနစ်ထဲမှာ အမိန့်တွေကို ပြန်ရုပ်သိမ်းလို့ရတဲ့နေရာတစ်ခုရှိတယ်_____"

ချင်ကျိုး ပြီးအောင်မပြောရသေးခင် ချူယွဲ့က ကြားဖြတ်ပြောလိုက်သည်။ "အဲဒီအကြောင်း စဉ်းကိုမစဉ်းစားနဲ့! ရှင်သေချင်နေရင်တောင် ဒီနည်းလမ်းနဲ့တော့ မသေသင့်ဘူး!"

"အမိန့်ကို ပြန်ရုပ်သိမ်းတာလား" ယိုဟော့သည် အလွန်စိတ်ဝင်စားသွား၏။

ချူယွဲ့သည် ထိုအကြောင်း ဆက်ပြောချင်စိတ်မရှိတော့သည့်အတွက် ထိုနှစ်ယောက်ကို မြေအောက်ခန်းသို့ တွန်းပို့လိုက်ပြီး အောက်ထပ်ရှိအခန်းကို ညွှန်ပြလိုက်သည်။ "သွား၊ သွား၊ သွားကြ! နင်တို့ အဲဒီအကြောင်း စဉ်းစားဖို့ အချိန်ရှိရင် အကျဉ်းခန်းထဲမှာသာ ကိုယ့်ကိုယ်ကိုယ် ပြန်လှုံ့ဆော်နေကြ! ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဆောက်အအုံက နင်တို့မှတ်ဉာဏ်တွေကို ပြန်နှိုးဆော်နိုင်မဲ့ အဓိကနေရာလို့ထင်တယ်။ ဒါပေမဲ့ အခန်းတွေရဲ့ဖွဲ့စည်းပုံက ပြောင်းသွားပြီး အရင်ကပုံနဲ့ မတူတော့ဘူး။ ဒီမှာ မပြောင်းတဲ့နေရာဆိုလို့ အကျဉ်းခန်းပဲရှိတယ်"

ချင်ကျိုးပြောသောနည်းလမ်းသည် သေချာပေါက် အန္တရာယ်များသောနည်းလမ်းဖြစ်သည်။ ချူယွဲ့သည် အဲဒီအကြောင်းပြောရန် အလွန်တရာ တွန့်ဆုတ်နေ၏။

"ငါသူတို့ကို ငါ့ကိုအရင်ထုတ်ပေးဖို့ ပြောလို့ရမလားကြည့်လိုက်မယ်။ ဗိုက်ဆာနေပြီ အပေါ်ထပ်ကအစာတွေကလည်း ဒီမှာပါမလာဘူး။ နင်တို့နှစ်ယောက် သွားပျော်ကြ။ အခုလက်တလောတော့ ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ ရှောင်ဝူက သူ့မှာပြောစရာရှိတယ်လို့ ပြောတယ်မလား။ သူ့ကို နောက်မှ လှမ်းခေါ်လိုက်လို့ရတယ်"

ချူယွဲ့သည် ထိုသို့ပြောပြီးနောက် လက်ကိုခါယမ်းပြီး အပြင်ဘက်မှလူတွေကို လှမ်းခေါ်ရန် လှုပ်ရှားလိုက်သည်။

သို့သော် သူ မှန်သို့ရောက်သော် အံ့ဩတကြီး ပြောလိုက်သည်။ "ဟမ် သူတို့က ဘယ်မှာလဲ"

ယိုဟော့သည် တစ်ဖက်လှည့်ကာ ကြည့်လိုက်သည်။

လက်တွေ့တွင် မှန်ရှည်သည် ဧည့်ခန်းကို ထင်ဟပ်ပြနေသော်လည်း မူလက လူများဖြင့်ပြည့်နေသည့် ဆိုဖာသည် ယခု လစ်ဟာနေ၏။

ကော်ဖီစားပွဲပေါ်တွင် တစ်ရှူးတစ်စ ကျန်နေခဲ့သည်။ အလျင်စလို ချန်ထားခဲ့ခြင်းဖြစ်သည်မှာ သိသာနေ၏။

ဂဏန်း 9 ကို မာကာဖြင့် ရေးထား၏။

ချူယွဲ့သည် နားမလည်ပေ။ "9? ဘာဆိုလိုတာလဲ။ သူတို့မေးခွန်းကို ကြုံရာဖြေလိုက်တာလား"

"မဟုတ်ဘူး" ယိုဟော့သည် နံရံပေါ်မှ နာရီကို ညွှန်ပြလိုက်သည်။ "အခု ၉ နာရီခွဲပြီ"

သေလမ်းမှ ကပ်သီးလေးလွတ်မြောက်လာပြီး သီးသန့်စကားပြောရန် အလျင်လိုနေသောကြောင့် အားလုံး အချိန်ကို မေ့သွားကြသည်။

အချိန်စာရင်းတွင် ၉ နာရီသည် အိပ်ချိန်ဟု ပြောထားသည်။

သူတို့ အိပ်သွားတာ ဖြစ်နိုင်သည်။

စာမေးပွဲစင်တာမှ အိပ်ချင်စိတ်သည် အလွန်လျင်မြန်စွာ လာလေ့ရှိသည်။ မည်သူမှ တောင့်မခံနိုင်ကြပေ။

သူတို့အတွက် ထိုမက်ဆေ့ကို ချန်ခဲ့ရန် လွယ်ကူမည်မဟုတ်။

သူတို့မှန်အတွင်းသို့ ဝင်သွားခဲ့သောကြောင့် သီအိုရိအရ စည်းမျဉ်းများသည် သူတို့အပေါ် သက်ရောက်မှုမရှိပေ။

သို့သော် မှန်ကိုယ်၌သည်လည်း အနားယူနေသည့်ပုံရသည်။ သူက ဆယ်လီနှင့်ရှာလီ၏ အခြေအနေအတိုင်း ဖြစ်နေသည့်ပုံရပြီး ယင်းသည် မှန်အတွင်းမှလူများကိုလည်း အလားတူ သက်ရောက်မှုရှိသည်။

အိပ်ချင်စိတ်သည် ပြောထားသည့်အတိုင်း ရောက်လာခဲ့၏။

ချူယွဲ့သည် သူ့ပါးစပ်ကိုအုပ်ကာ သုံးကြိမ်ဆက်တိုက် သမ်းဝေလိုက်၏။

သူက လက်ကိုယမ်းလိုက်ပြီးနောက် ပြောသည်။ "သူတို့နိုးလာရင် အရုဏ်တက်ချိန်ရောက်နေလိမ့်မယ်၊ ငါမခံနိုင်တော့ဘူး၊ စာကြည့်ခန်းမှာ သွားအိပ်တော့မယ်"

"စားပွဲပေါ်မှာ ၁၀ နာရီလောက်အိပ်ဖို့ စဉ်းစားနေတာလား" ချင်ကျိုးက ဆိုသည်။ "ဧည့်သည်ခန်းကို သုံးလိုက်၊ ငါတို့ ဆိုဖာနှစ်လုံးပေါ်မှာ အဆင်ပြေသလိုနေလိုက်မယ်"

ချူယွဲ့သည် မငြင်းခဲ့ပေ။ သူက ဧည့်သည်ခန်းသို့ တန်းဝင်သွားပြီးနောက် မကြာမီ အခန်းသည် တိတ်ဆိတ်သွား၏။

ယိုဟော့နှင့်ချင်ကျိုးသည်လည်း အမှန်စင်စစ် ရုတ်တရက် အိပ်ချင်စိတ် ဝင်လာသည်။ သူတို့ အရမ်းမအိပ်ချင်ခင် ယိုဟော့သည် ပထမထပ်မှ ရေချိုးခန်းတွင် ရေသွက်သွက်ချိုးလိုက်၏။

သူက ဆံပင်အခြောက်ခံနေရင်း အစက ဆိုဖာပေါ်တွင် အိပ်ရန် ရည်ရွယ်ထားသော်လည်း ထိုင်ချလိုက်သည်နှင့် စိတ်ပြောင်းသွားကာ ဧည့်ခန်းမှ မြေအောက်ခန်းသို့ ရွှေ့သွား၏။

ချူယွဲ့၏ပြောစကားကြောင့် သူ အကျဉ်းခန်းကို နောက်တစ်ခေါက် စစ်ဆေးကြည့်ချင်သွားသည်။

သူ၏ မှတ်ဉာဏ်အကြွင်းအကျန် အတော်များများသည် ဤနေရာနှင့် ဆက်စပ်နေပြီး အချို့သောထူးခြားသည့်အကြောင်းပြချက်ကြောင့် ဤနေရာသည် သူ့ကို နက်ရှိုင်းသောအမြင်ပေးနေသော နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် တကယ်ပင် မှတ်ဉာဏ်ပြန်လည်ရယူရန် အကူအညီပေးသော အဓိကနေရာဖြစ်၏။ သူ တစ်ခုခု မှတ်မိလာမလားကို စမ်းသပ်ကြည့်ချင်နေသည်။

မြေအောက်ခန်းသည် အလွန်တိတ်ဆိတ်နေ၏။ သူက လှေကားတစ်ထပ်သာ အောက်နိမ့်သော်လည်း ချင်ကျိုးရေချိုးနေသောအသံသည် ဝေးကွာနေပြီး ခပ်အုပ်အုပ်ဖြစ်နေသည်မှာ ကရားတစ်ခုအတွင်း လှောင်ပိတ်ထားသကဲ့သို့ပင်။

You are reading the story above: TeenFic.Net