အခန္း(၁၈)

Background color
Font
Font size
Line height
စကားမပြောနိုင်။ပြီးမှ

"သူ့အအကြောင်း မင်းက ဘယ်လောက် သိလို့လဲ "

ထင်မင်းသွင် ဆီမှ အဖြေမလာ ခပ်ရွဲ့ရွဲ့ အပြုံးတစ်ခုသာ ပြန်ရသည်။အဓိပ္ပါယ်ပါသည်။ နက်နဲလွန်း၍ ညီက ခေါင်းခဲ စဉ်းစားမနေ။
ထင်မင်းသွင်က မေးခွန်းပြန်စသည်။

"မင်းသူ့ကို ချစ်နေတာတော့ သိတယ်။
ပြီးတော့ သူကလည်း မင်းကို စိတ်ဝင်တစား ရှိတယ်ဆိုတာလည်း ငါမှန်းရင် မမှားဘူး ညီတေဇ။"

"မှန်းတယ် ဆိုကတည်းက မှားချင်ရင်မှားမယ်၊ မှန်ချင်ရင်မှန်မယ် မရေရာမသေချာတာချည်းပဲ။
သောက်ပိုလုပ်ပြီး မမှားဘူးတွေ၊ မှန်တယ်တွေ လာလုပ်မနေနဲ့"

"အင်းပေါ့ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် အချိန်တန်ရင် အရေးပေါ်အရာထင်လာမှာပေါ့"

ထင်မင်းသွင် ဟန်ဆောင်ရယ်၍ ပြောရင်း စကားစ ပြတ်သွားသည်။ မွေးနေ့ပွဲသို့ ထွက်လာသည့်လမ်း ရောက်မှ စကားပြန်စမိကြသည်။

"မွေးနေ့ရှင်က ဘယ်သူလဲ"

"ဟိုရောက်မှ သိရမှာ မေမေနဲ့ပဲ သိတာ"

"အေး မိုက်နေရောပဲ "

နှစ်ယောက်သား ရယ်ဖြစ်ကြသည်။ ဒီအချိန်ဆို ညီ့ရဲ့ စိတ်ကလေးက တတ်ကြွတဲ့ကြက်ဖ ဖြစ်နေသည်။ ညနေခင်း အိမ်မှာလုပ်တဲ့ မွေးနေ့ပွဲလေးမို့ လူရွယ်တွေက ပျားအုံနား ဝဲနေတဲ့ ပျားကလေးတွေလို တဖွဲဖွဲ ဝင်ရောက်နေကြသည်။ ခြံရှေ့မှာ ကားပါကင်ထိုးပြီး ဆင်းလာတဲ့လမ်းမှာ လင်းတာရာက ညီ့လက်ကို တွဲခိုလိုက်လာတော့

"ဟဲ့ အမ်းကုန်းလည်း လာတယ်"

ညီ့နားထဲ အချိုးမပြေစွာ ကန့်လန့်ကြီး ဝင်လာတဲ့စကားလုံးကြောင့် လှည့်ကြည့်မိတော့ ကောင်မလေးတွေ ရုပ်ရည်သန့်သန့်တွေ ဖြစ်သည်။ ဒီစကားမျိုး ပြောထွက်တာ တအံ့တဩမိလျက်။

"ငါတော့ အဲ့ဒါတွေ ရိုးနေပြီ။ငါ့မေမေ မုဆိုးမ ကားသစ်ပြောင်းစီးတာတို့၊ တိုက်ပြင်ဆောက်တာတို့၊ ငါဘာလုပ်လုပ် အရပ်ရှစ်မျက်နှာက အပြောရှစ်ကုဋေလောက် ကြားရပြီးသား၊ ကောင်းတာရော မကောင်းတာရော"

"ရှစ်ကုဋေဆိုရအောင် မင်းက လိုက်ရေထားလို့လား၊ ေ-ာက်ပိုလေးက ထည့်လိုက်ရမှ လက်ကို လွှတ်ကွာ ၊ နေရတာ ကျဉ်းကြပ်တယ်"

ထင်မင်းသွင် လက်ကို ခါချ၍ ဝိုင်ခွက်သွားယူ လိုက်ပြီး ပွဲထဲလျှောက်လာမိသည်။ဂီတသံ အေးအေးလေးက လွင့်ပျံလျက်။ ရောင်စုံမီးလုံးလေး တွေကြား ကူးလူဖြတ်လျှောက်နေကြပုံမှာ ရောင်စုံပန်းခင်းထဲ လိပ်ပြာကလေးများနှယ်။ ညနေခင်းပါတီဝတ်စုံ ဂါဝန်ရှည် မော်ဒယ်စိမ်းရောင်လေးနှင့် မွေးနေ့ရှင်ကို ညီတွေ့လိုက်ရသည်။

"Damn....."

နဖူးကို လက်ဖနောင့်နှင့်သာ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။ ပိုင်ရှင် တကူးတက ခေါ်တာကို ငြင်း၍ ထင်မင်းသွင်နဲ့ လိုက်ခဲ့မိလေခြင်း။ ပိုးအနောက်မှ သူ့ရိုးရာ ဝတ်စုံအတိုင်း အကျႌအဖြူ လက်ရှည်ကို စတိုင်ဘောင်းဘီရှည်အနက်နှင့် တွဲဖက် ဝတ်ဆင်ထားသည့် ပိုင်ရှင့်ကိုပါ တွေ့လိုက်ရသည်။

"ဒီကို ဘာလာလုပ်တာလဲ ညီတေဇ"

"သမီးရေ ဒါ ထင်မင်းသွင်တဲ့ ဖေဖေ့မိတ်ဆွေရဲ့သား"

အန်ကယ်ဝင်မိတ်ဆက်ပေးမှ ညီ အသက်ရှူချောင်သည်။ ပိုးမျက်နှာ ဝင်းဝင်းပပလေးက ကျောက်ကျောပြင်လို တင်းမာလျက်။ ထင်မင်းသွင်ကိုတော့ ပြုံးပြဖော်ရွေ ရှာသည်။

"ညီ ငါနဲ့လာလည်း ဒီပွဲပါပဲကွာ"

ညီ့ဆီက ဖြေရှင်းချက်ကို မစောင့်။ ညိုမဲသွားတဲ့ တိမ်လိပ်ရောင်တွေက ပိုင်ရှင့်မျက်နှာကို ထင်ဟပ်လိုက်သည့်အလား။အားမရှိ ဖျော့လျော့စွာ ညီ့ဘေးမှ တစ်လှမ်းချင်း လှမ်းထွက်သွားသည်။
လူအုပ်ထဲ ရောက်သွားတဲ့ ပိုင်ရှင်ကို ရှာမနေတော့ဘဲ သောက်စရာရှိတဲ့ဘက် သွား၍ မီးကုန်ယမ်းကုန် စိတ်လွတ်ကိုယ်လွတ် သောက်နေမိသည်။ ပိုင်ရှင့် စကားလေး တစ်ခွန်းကြောင့် မီးနှင့်တွေ့သည့်ဖယောင်းလို အရည်ပျော်သွားသော မိမိစိတ်ကို အလိုမကျမှု များစွာဖြင့်။

_______________________________

"ညီတေဇကို တစ်ချက်လာတွဲပေးပါလား သူသောက်တာ လစ်မစ် ကျော်သွားလို့"

ထင်မင်းသွင် လာကပ်ပြောသည့် စကားကြောင့် ပိုင်ရှင် သောက်လက်စ အအေးခွက်ကို အသာချပြီး လိုက်သွားလိုက်သည်။

"ထင်မင်းသွင် မင်းပြန်လိုက်တော့ ငါ ညီ့ကို ခေါ်သွားလိုက်မယ်၊ ညီနဲ့ ဝေးဝေးနေပါလို့ ငါတောင်းဆိုထားတာကိုကွာ"

"ဘာလို့ ညီတေဇအတွက်ဆို အမြဲအသဲအသန် ဖြစ်နေတာလဲ "

"ဘာ......"

ညကိုးနာရီ ထိုးခါနီးပြီဖြစ်၍ အိမ်ပြန်သူများ တစ်စဲစဲ ထွက်ခွာနေပြီဖြစ်သည်။ ဇတ်ကျိုးနေသူက ခုံပေါ်မှာ မှောက်ချအိပ်နေပြီး နှစ်ယောက်သား ရပ်လျက် စကားပြောနေသည်ကို ကွက်ကြည့် သွားသူကမနည်း။ ထင်မင်းသွင်နဲ့ဆို အရင်တည်းက ဒီလို အာရုံစိုက်ခံရမြဲ။ ဒါကို ပိုင်ရှင် မနှစ်မြို့တာ ဖြစ်သည်။

"မင်း လူတစ်ယောက်ဘဝကို ဒီလို စွက်ဖက်တာ ဒါပထမဆုံး မြင်ဖူးတာပဲ မာစတာ"

"အရာရာက ပြောင်းလဲတတ်တယ် မင်းသွင်၊
ကြက်သွန်မှာ ရှမ်းပြည်ထွက်ရင် အရည်ရွှမ်းအလုံးကြီးပြီ၊ အညာထွက်ဆိုရင် အလုံးသေးတယ်၊အပင်တွေတောင် ရေမြေသဘာဝလိုက်ပြီး ပြောင်းလဲတတ်တာ၊
လူတစ်ယောက်က အကြောင်းပြချက် အမျိုးမျိုးကြောင့် အမူအကျင့်တွေ ပြောင်းလဲနိုင်တာပဲ"

"အဲ့ဒီ အမူအကျင့်က ငါ့အတွက်ကျတော့ မဖြစ်ဘူးလား၊ ငါနဲ့ရော မထိုက်တန်ဘူးလား၊
မင်းက သူ့တစ်ယောက်တည်း အတွက်ပဲ ပြောင်းလဲသွားတာလား"

"မင်းမူးနေပြီ မင်းသွင်"

ငယ်ငယ်က ခေါ်ခဲ့ဖူးသည့်နာမည်လေး ပြန်ခေါ် လိုက်မိတော့ ငယ်ရိပ်ကို ပြန်တွေးမိသည်။  အကျႌအပွ ဝတ်လာပါလျက် စိတ်ထဲ ကြပ်သလို ဖြစ်သွားသည်။တရုတ်စာကပ်သရဲကားအထဲက အတိုင်း ပြောရမယ်ဆို ဝိဉာဉ်ဆိုး ပိတ်ထားတဲ့အိုးကို ညီက ဖွင့်မိလိုက်၍ သရဲနှင်ဆရာ ပိုင်ရှင် အကြပ်ရိုက်နေရသည့် အဖြစ်မျိုး။

"မင်းချစ်နေတာ သူ့အစ်မ မဟုတ်ဘဲ သူဖြစ်နေတာလား မာစတာ"

"ငါတောင်းပန်ပါတယ်"

ထင်မင်းသွင် အပေါ်တောင်းပန်ရုံကလွဲ တတ်နိုင်တာ မရှိတော့ပြီမို့ ညီ့ကို တွဲပြီး ထွက်လာခဲ့သည်။ ကားပေါ်ရောက်တော့ အနောက်တံခါးဖွင့်ကာ ဝင်ထိုင်လိုက်သူကြောင့် စိတ်ရှုပ်သွားတာအမှန်။ နောက်ကြည့်မှန်က လှမ်းကြည့်တော့

"ငါလည်း မူးနေတာ ကားမမောင်းနိုင်ဘူး"

ကားမှန်အကုန်ချ၍ လေအေးအေး အရသာကို ခံစားလိုက်သည်။

"ငါမင်းကို သိပ်ချစ်ခဲ့တာပဲ မာစတာ၊ မင်းနဲ့ငါ အချိန်တွေ အစောကြီးတွေ့တာပဲလေ၊ မင်းအတွက်နဲ့ ငါအပြောအဆိုလည်း ခံခဲ့တာပဲ၊
အများကြီး  မမျှော်လင့်ပါဘူး၊ ချစ်တယ် ဆိုရုံလေးပဲလေ ၊ ငါ့ကို ဘာလို့ မချစ်ရတာလဲ"

"အချစ်က ဆေးရုံဘိုကင်လို အစောဆုံးရောက်လို့၊ အရင်ဆုံး ရောဂါကုနိုင်တာမျိုး မဟုတ်ဘူး မင်းသွင်၊ မင်းဖြစ်လို့ မချစ်တာလည်း မဟုတ်ဘူး၊
ငါချစ်မိတဲ့သူက ညီ ဖြစ်သွားတာ"

"အခု ငါ့အဖြစ်ကလေ မဲပေါက်ချင်လို့ ဆက်တိုက် ဝယ်စားနေပေမယ့် ငါ့ကျတော့ မပေါက်ဘဲ၊ ဘေးကတစ်ယောက် တစ်ထုပ်တည်း စားလိုက်တာ ကားကံစမ်းမဲ ပေါက်သွားတာကို ထိုင်ကြည့်နေရ သလိုပဲ။ ငါအတွက် ကံမပါတဲ့မဲက နောက်တစ်ကြိမ် ကြိုးစားပါဦးဆိုတိုင်း ေ-ာက်ရူးလို ဖြစ်ခဲ့ရတာ"

"ငါမင်းကို မျှော်လင့်ချက် မပေးခဲ့ပါဘူး"ဟု ပြောရင်း ကားကို တရကြမ်း မောင်းလိုက်သည်။ လေကြမ်းကြမ်းတွေက မင်းသွင်နဲ့ ပိုင်ရှင့်ကြားက လွဲမှားနေတဲ့ အချစ်လမ်းကြောင်း ကို ဖြောင့်သွားအောင် တည့်မတ်ပေးနိုင်ရင် ကောင်းမည်။ ညီ့ကို အိမ်မှာ ဝင်ချပေးပြီး အန်တီတို့နှင့် စကားမပြောနိုင်တော့ဘဲ အပြေး ပြန်ထွက်ခဲ့ရသည်။

____________________________________________________________________________

လပြည့်နီးသည်ရက်မို့ ပြည့်တော့မည့် လဝန်းကြီးက ကြယ်ဂြိုလ်အပေါင်း ခြံရံလျက် တိမ်ဖြူတွေကြား ဝင့်ကြွားနေသည်။ အိပ်ပျော်နေသော သစ်ရွက်ကလေးများကို လေပြေက မထိတထိ သွားစ၍ ခဏမျှ လွန့်လူးသွားသည့်အလား ဝှေ့ခနဲ လေအေးတစ်ချက် တိုက်ခက်လိုက်သည်။

ဦးနွေ စောင့်နေတော့မှာ သိပေမယ့် မင်းသွင်နှင့် စကားပြောရန် လမ်းထိပ်က အုတ်ခုံမှာ ထိုင်ဖြစ်ကြသည်။

"ညီ ပိန်လာတယ်"

"မင်းညီက ငါ့ကို သိပ်ချစ်တာလေ၊ ငါကဒါဆို သူလည်းဒါပဲ"

စီးကရက်ကို ဖွာထုတ်ရင်း ပြောနေသူကို ကြည့်ရင်း ညီ သိပ်ချစ်တတ်သွားပြီလားဟု စိုးထိတ်နေမိသည်။

"အန်တီ့မျက်နှာကိုထောက်ပြီး မင်းလည်း အဲ့ဒါတွေ မလုပ်သင့်တော့ဘူး၊ ညီ့ကိုလည်း မင်းဖျက်ဆီးနေတာ ရပ်သင့်ပြီ။ မင်း တစ်ကယ် မချစ်ရင် မချစ်တဲ့အကြောင်း ပြောလိုက်"

"တစ်ကယ်မချစ်ဘူးပဲ ပြောတာလေ။ လုံးဝမချစ်ဘူးလို့ ပြောတာမှ မဟုတ်တာ"

"မင်း.  သွင်......."

"ငါသွားတော့မယ်။မင်းစိတ်ပူမနေနဲ့ ပိုင်ရှင်။ နဖူးစာဆိုတာ နဖူးမှာမပါပေမယ့် ကံမကုန်သ၍ ပြန်ဆုံနိုင်ပါသေးတယ်။အခုလောလောဆယ် ငါနဲ့ညီတေဇ သိပ်ပျော်နေကြတယ်။ ဒါပဲ...."

"မင်းအမြဲ လမ်းမှားကို ရွေးတယ်နော် မင်းသွင်"

"မင်းကြောင့် မှားတာပဲ ပျော်ပျော်ကြီး မှားတာပေါ့"

ပခုံးကို နှစ်ချက်သုံးချက် ပုတ်ပြီး ထွက်သွားသူရဲ့ ကျောပြင်ကို ခဏငေးကြည့်ပြီးမှ ကားပေါ်တက် ထိုင်လိုက်သည်။ သက်ပြင်းရှည်ကြီး အားပါးတရ ရှိုက်ထုတ်ပြီးမှ

"ညီ ငါလည်းမင်းကို သိပ်ချစ်တယ်"

___________________________________________________________________________
______________________________________

AN/ updateကြာလို့ စိတ်ကောက်နေကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောသွားကြပါလား။
တီတီတာတာ ပြန်ချော့ချင်လို့.....:3
FAဆိုတော့လည်း ကြံဖန်ရိုချင်တာပေါ့။

You are reading the story above: TeenFic.Net